Monday, August 9, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၈) အဆက် (၂)

စားသောက်ပြီး၍ ဆက်လက်ထွက်ာကရာတစ်နာရီခန့်ကြာသော် တူတီ ပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်သွားကြလေသည်။
စခန်းပြုလုပ်ထားရာ နေရာသည် တစ်ချိန်က (ဇင်ဘာဘွေတော်လှန်ရေးစစ်ပွဲအတွင်းက) မျက်နှာဖြူ ၀န်ကြီးချုပ်စမစ် ၏ အစိုးရခံတပ်စခန်းတစ်ခု ဖြစ်ခဲ့သည်။

ချုံနွယ်ပိတ်ပေါင်းအားလုံး ရှင်းလင်းထားသော ကွက်လပ်ကြီးတွင် ကျောက်တုံးကြီးများကိုစီ၍ ဆင့်ကာ ရှင်းလင်းထားသော ကွက်လပ်ကြီးတွင် ကျောက်သဖွယ် ဖန်တီးထားလေသည်။ စက်သေနတ်တပ်ဆင် ပြီး တိုင်းရင်းသား ပြောက်ကျားများအား ပစ်ခတ်တိုက်ခိုက်ရန် နေရာများလည်းရှိသည်။ မြေကွက်လပ်၏ ဘေးပတ်ဝန်းကျင်ပတ်လည်တွင် ရွှံ့စေးဖြင့် တည်ဆောက်၍ သက်ငယ်မိုးထားသော အိမ်ငယ်များ ရှိလေ သည်။

မျက်နှာဖြူ အစိုးရက ထိုဒေသရှိ လယ်သမားများအား ပြောက်ကျားတော်လှန်ရေးသမားများရန်မှ ကာကွယ်ပေးရန် တည်ဆောက်ထားခဲ့သော ခံတပ်စခန်းတစ်ခုပင်တည်း။
စခန်းပတ်လည်တွင် ကျုံးကဲ့သို့ မြောင်းကြီးဖော်လုပ်ထားပြီး မြောင်း၏ နှစ်ဖက်ကမ်းတွင် သံဆူးကြိုးများ ကာရံထားလေသည်။ သံဆူးကြိုးများကို ခပ်စိပ်စိပ်ကာထားပြီး အမြင့် ဆယ်ပေခန့်ရှိလေသည်။ ကျုံး သို့မဟုတ် မြောင်းကြီးအတွင်းဘက် အောက်ခြေတွင် သစ်သားဆူးငြောင့်ကြီးများ စိုက်ထူထားသည်။ စခန်း ၏ လေးထောင့်တွင်ကား လက်နက်ကိုင် အစောင့်များ နေ့ညမပြတ် စောင့်ရန် မျှော်စင်ကြီးများ တည်ဆောက် ထားလေသည်။

လင်းရိုဗာကားသည် စခန်း၏ဂိတ်ဝသို့ ချဉ်းကပ်မိသောအခါ ဂိတ်မှ တာဝန်ကျ အစောင့်များက ဗိုလ်ချုပ်ဖွန်ဂါဘီရာကို မြင်ပြီး အလေးပြုကြသည်။ စခန်းတစ်ခုလုံးတွင် ၀င်ထွက်သည့် တံခါးပေါက်ဆို၍ တစ်ခု တည်းသာရှိလေသည်။
ခရိတ်သည် စခန်းအတွင်းသို့ လှမ်းကြည့်လိုက်ရာ ကာကီဘောင်းဘီတိုသာလျှင် ၀တ်ဆင်ထားသူ တိုင်းရင်းသား လူမည်းလူငယ်သုံးရာခန့်တို့သည် နေပူကျဲကျဲတွင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်နေ ကြသည်ကို မြင်ရလေသည်။

သက်ငယ်မိုး ရွှံ့တဲများ၏ ပြင်ဘက်တွင် နောက်ထပ်လူငယ်အတော်များများသည် စည်းကမ်းတကျ တန်းစီ ထိုင်၍ ကြည့်နေကြလေသည်။
' စခန်းအတွင်း လှည့်လည် လေ့လာကြည့်တာကိုတော့ နောက်မှပဲ လုပ်ကြတာပေါ့။ လောလောဆယ် ခင်ဗျား တို့ နေသားတကျရှိအောင် နေရာချပေးဖို့လိုတယ် '
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ပြောပြီးနောက် ယာယီတည်းခိုရန် နေရာများကို စီစဉ်ပေးလေသည်။

ခရိတ် တည်းခိုနေထိုင်ရန်အတွက် ရွှံ့ဖြင့် တည်ဆောက်ထားသော သက်ငယ်မိုးတဲတစ်တဲ စီစဉ်ပေးလေ သည်။ တဲအတွင်း၌ ကြမ်းခင်းဆို၍ မြေကြီးသာ ဖြစ်နေသော်လည်း သန့်ရှင်းစွာ လှည်းကျင်းပြီး ရေများ ဖျန်း ထားလေသည်။ အိပ်ရာနေရာအဖြစ်ကား မြေကြီးပေါ်တွင် ကျူဖျာတစ်ချပ် ခင်းပေးထားသည်။ ဖျာပေါ်တွင် ဖယောင်းတိုင် တစ်ထုပ်နှင့် မီးခြစ်တစ်လုံး ချထားသည်ကို တွေ့ရ လေသည်။
ဤကား အရေးကြီးသော ပုဂ္ဂိုလ် အထူးဧည့်သည်တော်များအတွက် သီးသန့်စီစဉ်ပေးသည့် တည်းခိုခန်းပင် ဖြစ်တန်ရာ သည်ဟု ခရိတ်က အောက်မေ့ မိလေသည်။

ဆယ်လီ ကိုလည်း ခရိတ်၏ တဲနှင့် ခပ်လှမ်းလှမ်းရှိ တဲတစ်တဲတွင် နေရာချပေးလေရာ သူမသည် အလွန် ချို့တဲ့ သော တည်းခိုခန်းကို မည်သို့မှ စိတ်ပျက်ပုံ မရချေ။ ခရိတ်က သူမ၏ တဲဘက်သို့ လှမ်းကြည့် လိုက်သောအခါ ဆယ်လီသည် ကျူဖျာ ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် သူမ၏ ကင်မရာ မှ မှန်ဘီလူးကို စိတ်ရှည် လက်ရှည် ပွတ်တိုက်ပြီး ဖလင်လိပ်အသစ်များ ထည့်နေသည်ကို မြင်ရလေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာ သည် ခရိတ်နှင့် ဆယ်လီတို့အား နေ၇ာချထားပေးပြီးနောက် ခပ်လှမ်းလှမ်း ကုန်းမြင့်ပေါ် ရှိ စခန်း၏ ဦးစီးဌာနရုံးသို့ ထွက်သွားလေသည်။

နောက် မိနစ်အနည်းငယ်အတွင်း လျှပ်စစ်အင်ဂျင်စက်တစ်လုံး ခုတ်မောင်းသံကြားရပြီး ဖွန်ဂါဘီရာက ရေဒီယိုဖြင့် ဆက်သွယ် စကားပြောနေသံကြားရလေသည်။ သို့သော် ရှိုနာတိုင်းရင်းသား ဘာသာစကား ဖြင့် ပြောခြင်း ဖြစ်၍ ခရိတ်က ဘာတွေ ပြောသည်ကို နားမလည်ချေ။ နောက် နာရီအနည်းငယ်ခန့် ကြာသော် ဖွန်ဂါဘီရာ ပြန်ရောက် လာလေသည်။

' နောက် တစ်နာရီလောက် ကြာရင် မှောင်လာတော့မယ်။ ဒါကြောင့် ကျုပ်တို့ အခု စခန်းထဲကို သွားပြီး လူ တွေ ညနေစာ ကျွေးတာ ကို လေ့လာကြည့်ကြမယ် '
ပြန်လည်ထူထောင်ရေးစခန်းဟု နာမည်ပေးထားပြီးစခန်း၌ ထိန်းသိမ်းထားသူများကို သင်တန်းသားများ ဟု ခေါ်လင့် ကစား စခန်းရှိ လူငယ်များမှာ အကျဉ်းသားများသာ ဖြစ်ကြလေသည်။
ခရိတ် တို့သည် ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့်အတူ လိုက်သွားပြီး ကြည့်ချိန်တွင် သင်တန်းသား (သို့မဟုတ်) အကျဉ်းသား လူငယ်များ သည် လုံးဝစကားမပြောဘဲ တိတ်ဆိတ် ငြိမ်သက်စွာပင် တန်းစီလျက် ညနေစာ ကျွေးခြင်း ကို တစ်ယောက်ချင်း လက်ခံယူကြသည်ကို မြင်ရလေသည်။

သူတို့သည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ နှင့် တကွ အတူပါလာသော မျက်နှာဖြူဧည့်သည်နှစ်ဦးအား လုံးဝ စိတ်ဝင်စား ပုံလည်းမရ။ ဂရုစိုက်၍လည်း မကြည့်ကြချေ။
' အစားအစာ ကတော့ ရိုးရိုးပါပဲ။ ပြောင်းနဲ့ လုပ်ထားတဲ့ ပေါရစ် (စွပ်ပြုတ်)နဲ့ ဟင်းသီးဟင်းရွက် တွေ ကျွေးပါတယ် ' ဗိုလ်ချုပ် ဖွန်ဂါဘီရာက ရှင်းပြလေသည်။

အခန်း (၉) ဆက်ရန်
.

1 comment:

ဇော်သိင်္ခ said...

ဖတ်သွားပါပြီခင်ဗျ...
:)