Monday, August 9, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၁၂)

ဘွား, မေ
 သိမ်းစိုး (သီဟရတနာ ) 

   ကျွန်တော်သည် စာရေးဆရာ မျိုးရိုး မှ သက်ဆင်း လာသည် မှန်သော်လည်း စာရေးခြင်းအမှု၌ ကား ... ဆရာတစ်ဦး မဟုတ်ပါချေ။ ထိုစာရေးအမှု ၌ ကျွမ်းကျင်သူ ဆရာ တို့က ခံစားဖန်တီး လိုက်သည့် အနုရသ များ ကိုသာ တစ်ဆင့်ပြန်လည် စီစဉ်ပုံနှိပ်ဖော်ပြသည့် ထုတ်ဝေသူ (Publisher) အသေးစား တစ်ဦး သာလျှင် ဖြစ်ပါသည်။

   စာပေလောက အတွင်း ၌ ပင် ကျင်လည်နေသော ကျွန်တော့်အားအသိမိတ်ဆွေများက ခင်ဗျားကော စာမရေး ဘူးလား.... စာရေးဖို့ကောင်းတယ်.....မိဘဘိုးဘွား တွေ အကြောင်း ဖြစ်ဖြစ် ရေးသင့်တယ်... ကိုယ် ဟာ ကိုယ် ရော ရေးပြီးထုတ်ဖို့ မကြိုးစား တော့ဘူးလား.... စသည်ဖြင့် အမျိုးမျိုး တိုက်တွန်း မေးမြန်း တတ်ကြ ပါ၏။ သို့သော်ကျွန်တော် စာမရေးဖြစ်ခဲ့မိ.... ရေးဖြစ်ရန် လည်း ကြိုးစား အားမထုတ်ခဲ့မိ။

  တစ်နေ့... မိတ်ဆွေအယ်ဒီတာတစ်ယောက်က... ခင်ဗျားအဘွား ဆရာမကြီး အကြောင်း ကျွန်တော် တို့ မဂ္ဂဇင်း မှာ ဆောင်းပါးတစ်ပုဒ် လောက် ထည့်ချင်တယ်။ အဲဒါ ခင်ဗျားက သူ နဲ့ အတူတူ နေခဲ့တော့ သူ့ အကြောင်း တစ်ခုခု ပြောနိုင်လိမ့်မယ် မျိုးဆက်သစ် တွေ အတွက် .. ဂျာနယ်ကျော်မမလေး... အကြောင်း ထည့်ချင်တယ်၊ ဖြစ်အောင် ဆက်ဆက် ရေးပေးဗျာ... ဟု ပြောပါသည်။

   သူကတော့ ကျွန်တော်အား စာပေမျိုးရိုးလည်းဖြစ်၊ စာပေလုပ်ငန်း လုပ်နေသူလည်းဖြစ်ပြီး သူနဲ့ အတူ စာပေလောက အကြောင်း လူ့လောက အကြောင်းတို့ ကို စာရေးရန် လွယ်လွယ်ကလေး ပြောသွား၏။ စာရေးခြင်း မရှိသော ကျွန်တော်မှာကား များစွာအခက်ကြုံ နေပါတော့သည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ထို မိတ်ဆွေ ပြောသောနေ့မှာ ဘွားအေကြီး တိမ်းပါးခဲ့သည့် (၁၉) နှစ်မြောက် မိသားစု အလှူလုပ်ရန် နှစ်ရက် အလို နေ့လည်း ဖြစ်နေပြန်သည်။ အထူးသဖြင့် သူပြောသွားသော စကားများထဲတွင် .. မျိုးဆက်သစ်တွေ အတွက် ဟူသော စကားလုံးနှင့် (၁၉)နှစ် မြောက် ဆိုသောအသိ မှာ ကျွန်တော့် ဦးနှောက်ထဲ တွင် အကြိမ်ကြိမ် ပဲ့တင် ထပ်နေ၏။ ကျွန်တော်အသို့လုပ်ရအံ့နည်း။
   
ကျွန်တော် ရေးရမည်သာတည်း။ဤလောကတွင် လူကားသေပြီး အမည်နာမ မသေသော သူများအနက် မှ တစ်ဦး အပါအဝင်ဖြစ်သော အဘွား(ဝါ)အမေ(ဝါ) ကျေးဇူးရှင်ကြီး အကြောင်း တစ်စေ့တစ်စောင်း ကို ဖြစ်ဖြစ် ကျွန်တော် တက်စွမ်းသမျှ ကြိုးစား ၍ ရေးရတော့မည်သာတည်း။ ကျွန်တော်ခြောက်နှစ်သားလောက်အရွယ် ဘောက်ထော် ပြည်သာယာခြံ တွင် နေ့စဉ်ကဖြစ်ပါသည်။ 

ခြံထဲတွင် အိမ်နှစ်လုံးရှိရာ တစ်လုံး မှာ ပျဉ်ထောင်အိမ် ဖြစ်ပြီး တစ်လုံး မှာ တိုက်ခံ ပျဉ်ထောင် နှစ်ထပ်အိမ် ဖြစ်ပါသည်။ နေ့လည်နေ့ခင်း လေဝင် လေထွက် ကောင်းပြီး ကျယ်လည်းကျယ်သဖြင့် တိုငက်ခံအိမ်၌သာ လူအနေများကြပြီး ပျဉ်ထောင်အိမ် တွင် လူသိပ် မရှိတတ်ကြ။ ညဘက် အိပ်သော အခါမှ သာလျှင်တက်၍ အိပ်တက်ကြသည်။ ကျွန်တော်ကို ထိန်းသော အဒေါ်ကြီး မှာ ကျွန်တော်ဂျီဂျောင်ကျသောအခါ များတွင်လည်းကောင်း၊ လူကြီးများ အလုပ် မသွား ၍ အိမ်၌ နားနေသောအချိန်များတွင် လည်းကောင်း ပျဉ်ထောင်အိမ်ကလေး ပေါ်သို့ ကျွန်တော်အား ခေါ်လာပြီး ဆော့ကစားနေစေတက်၏။ တစ်ခါတစ်ခါလည်း ထိုအိမ်ကလေးပေါ်၌ဆော့ရင်းကစားရင်းဖြင့်ပင် ကျွန်တော် အိပ်ပျော် သွားတတ်လေသည်။

တစ်နေ့... ကျွန်တော်ကျောင်းပိတ်ရက်လည်းဖြစ်၊ အဘွားတို့ ပုံနှိပ်တိုငက် ပိတ်ရက်လည်းဖြစ်၍ လူကြီးများ အေးဆေးစွာ နားရစေရန်ထင့်၊ွှဒေါ်ကြီးသည် ပျဉ်ထောင်အိမ်ပေါ်သို့ ကစားစရာအရုပ်များနှင့် အတူ ကျွန်တော် ကို တင်ပေးထားခဲ့ပြီးဘာကြောင့်မှန်းမသိအိမအောက်သို့ပြန်ဆင်းသွား၏။ ကျွန်တော်လည်း ပြိုင်ကား ကလေး များ တွန်းကစားနေရာမှာ အမှတ်မထင် ဖျာဘေးတွင် အဒေါ်ကြီးချသွားသော သူ ကိုင်နေကျ ဓာတ်မီးခြစ်ကလေး ကို တွေ့လိုက်ရာကားရုပ်များ မီးခြစ်ကို ကောက်ကိုင်လိုက်မိပါသည်။       

ထိုစဉ်က မီးနှင့်မီးခြစ်ကို ကျွန်တော်အလွန်စိတ်ဝင်စားနေ ချိန်လည်း ဖြစ်ပါသည်။ မီးခြစ်ဘီးကို ခြစ်ရသည်မှာ လက်မ ထိပ်ဖျား မတော်ကျိန်းလာပြီးမှ မီးတောက်လာသည်။ မီးစာမှာအတော်ရှည်နေသဖြင့် ချက်ချင်း ပူလာရာ လန့်ပြီး ကျွန်တော်လွှတ်ချလိုက်ရ၏။ မီးငြိမ်းသွား၍ မကျေနပ်သေးဘဲ ထပ်မံကြိုးစားခြစ်ရာ မီးပြန်တောက် လာ၏။ မီးတောက်ကိုကျွန်တော် ပြန်ကြည့်ပြီး ပူလာပြန်သဖြင့် လွှတ်မိ လွှတ်ရာ လွှတ်ချ လိုက်ရာ ဖျာထောင့်ရှိခေါင်းအုံးစွပ်ပေါက်နေပြီး မှို့အချို့ အပြင်ထွက်နေသည့်ခေါင်းအုံး တစ်လုံးပေါ်သို့ သွားကျ ၍ မှို့ကိုမီးချက်ချင်းစွဲသွားတော့သည်။ 

ထိုခဏ ဝါကျင်ကျင်ပြာလဲ့လဲ့ မီးရောင် သည် ကျွန်တော်အား အလွန် စိတ်ထက်သန်ခြင်း ကို ဖြစ်စေလျက် ယခုသာမီးနှင့်လွတ်လပ်စွာ နဖူးတွေ့ ဒူးတွေ့ တွေ့ရပြီ ဟု ရင်တွင်း မှ ကြုံးဝါးလျက် ဆက်လက် စူးစမ်းနိုင်ရန် အတွက် ကျန်ခေါင်းအုံးများကိုပါ မီးစွဲေ်နသောခေါင်းအုံးပေါ်သို့ ထပ်၍ ထပ်၍ တင်ပေးလိုက်သည်။ ခေါင်းအုံး လေးလုံးစလုံး တင်ပြီးသွားသော အခါ ကျွန်တော် မျက်နှာ နှင့် ကိုယ်မှာ မီးအရှိန်ဖြင့် တုန်ခါ ပူလာ သော်လည်း ကျွန်တော်မျက်လုံးအစုံ မှာ မီးတောက်ဆီ၌သာ အံ့ဩ ငေးမော ခြင်းဖြင့် မမှိတ်မသုန် ရှိနေ ခဲ့ပါ၏။

အချိန် မည်မျှကြာ သွားသည် မသိ...အော်သံ၊ ဟစ်သံ၊ အိမ်ပေါ်သို့ ပြေးတက်လာသံ၊ တစ်စုံတစ်ယောက်က ကျွန်တော် ကို ပြောပြာဆိုဆို ဆွဲချလိုက်သံ၊ စောင်နှင့်ဂုန်နီအိမ်များ ယူခိုင်းသံ၊ရေလောင်းချသံ၊ဟင်းချသံ စသည်ဖြင့် တစ်အိမ်လုံး ပွက်လောညံလျက်ရှိလေသည်။ ထို့နောက် တစ်ခဏမျှ အလုံးစုံတိတ်ဆိတ်သွားပြီး အဘွား သည် ကျွန်တော် ရှေ့တွင် ရပ်နေလျက် ရင်ဘက်ပေါ်သို့လက်ကလေးကပ်၍ ဖိထားပြီး အသက် ကို ပြင်းပြင်းရှူ နေရပုံပေါက်နေလေသည်။ကျန်လူအားလုံးက အဘွား ကျွန်တော်ကို မည်သို့ စီရင်ချက် ချမည်နည်း ဟု စောင့်စားနေကြ ဟန်လည်း အပြည့်ရှိ၏။ ဆေးလိပ်သောက် သဖြင့် အညိုရောင်ဘက် အတန် သမ်းနေပြီ ဖြစ်သော အဘွား၏ နှုတ်ခမ်းအစုံ သည် လှုပ်ရှားလာ၏။   

ဟဲ့...နင်တို့ ကလေးအနားမှာ မီးခြစ်ပစ်ပြီး ဘာလို့ တစ်ယောက်တည်း အကြာကြီးထားခဲ့ သလဲ"
    "ကလေးမှာ အပြစ်မရှိဘူး"
    "တကယ်က နင်တို့အပြစ်"
    "နင်တို့အပြစ်...."
    "သွား...သွား၊ အဲဒါတွေ အကုန်ယူပြီး နောက်ဖေးလမ်းကြားက အမှိုက်ပုံမှာ သွားပစ်လိုက်ကြ"
    "သား လာ၊ နောက်မီးခြစ်ကို မဆော့မဘူးနော်၊ ကြားလား"

ပြောပြောဆိုဆိုဖြင့် အဘွားသည် အဒေါ်ကြီးလက်ထဲမှ ကျွန်တော့အား ဆတ်ခနဲ လှမ်းချီလိုက် ရာ အဘွား၏ကျောပြင်ကို တင်းတင်းဖက်ရင်း သူနှင့်အတူ အိမ်အောက်သို့ကျွန်တော်ပါသွားပါ တော့သည်။

ထို့နေ့က အကယ်တန္တု တစ်ယောက်ယောက်မှ မမြင်ခဲ့လျှင် အသိမစောခဲ့လျှင် အိမ်လည်း ဘာဖြစ်မည် မသိ၊ ကျွန်တော်လည်း ဘာဖြစ်မည်ဟု အစိုးမရနိုင်သောအဖြစ်ကို ကျူးလွန်မိခဲ့ သော်လည်း ကလေးတွင် တာဝန် မရှိဟုသာ အဆုံးအဖြတ်ပေးခဲ့ပြီး အဘွားသည် ကျွန်တော့အား မည်သူ တစ်ဦးတစ်ယောက် ၏ လက်ဖျား ကလေး နှင့်ပင် အထိမခံစေခဲ့။
    ကျွန်တော် ကိုးနှစ်သားအရွယ် စတုတ္ထတန်းကျောင်းသား ဘ၀တွင်ဖြစ်ပါသည်။ တစ်ရက် ကျောင်းမှအပြန် ပုံနှိပ်တိုက် တွင်
    "အမေ"
    "ဟွန်း"
    "ကျွန်တော့် ရီပို့ကတ် ကို လက်မှတ်ထိုးပေးပါ"
    "ဘယ်မှာလဲ ပေး...၊ ဘယ်နှစ်ဘာသာတောင် ကျခဲ့သလဲ ကိုယ်တော်"
    အဘွား သည် ရီပို့ကတ်ကို လှမ်းမယူခင် စာငုံ့ရေးနေရာမှ ကျွန်တော့အားမေးပြီး မေးခွန်း အရင် ထုတ်လိုက်၏။ ကျွန်တော်က ဘာမှပြန် အဖြေမပေးဘဲ၊ ထုံးစံအတိုင်း မှင်နီအ၀ိုင်း များစွာဖြင့် ရဲရဲ တောက်တောက် နေသော ရီပို့ကတ် ကို အဘွားထံသို့ လှမ်းပေးလိုက်ရင်းအနားသို့ ကပ်သွားလိုက်၏။

    " ဟယ်... မင်းဟာက နှစ်ဘာသာပဲအောင်တယ်၊ ဒါလဲ ပွတ်ကာသီကာ နဲ့ အတန်းထဲမှာ လူက ခြေက်ဆယ်၊ မင်းက အဆင့် ငါးဆယ် မရှက်ဘူးလား၊ ဆော့တာတွေလျှော့တော့၊ စာမှန်မှန်ကျက်၊ ညံ့လိုက် တာကွာ ... လွန်ရော"

    ဟုပြောဆို၍ အုပ်ထိန်းသူအကွက်တွင် လက်မှတ်ထိုးရန် ဟန်ပြင်နေသော အဘွားကို...
    "ဟာ... အမေကလည်း ကျွန်တော်ဒီလောက်မညံ့ပါဘူး၊ ကျွန်တော့်အဆင့်က ငါးဆယ်ဆို တော့ ကျွန်တော့် အောက်မှာ ဆယ်ယောက် တောင်ရှိသေးတယ်"
    "ဘာကွ"
    "ကျွန်တော် အညံ့ဆုံး မဟုတ်ဘူးလို့ ပြောတာပါ အမေ"
    "မင်းက မင်းအောက်က ဆယ်ယောက်ကျတော့မြင်တတ်တယ်၊ မင်းအထက်ကို မမြင်တတ် ဘူး.. ဟုတ်လား"

    အဘွားအသံသည် ပုံနှိပ်တိုက်တစ်ခုလုံး ဟိန်း၍တုန်ခါသွားသည်ဟု ကျွန်တော်ထင်မိပါသည်။ နေ့လည်ဘက် စက်သမားကော ဧည့်သည်များပါ ရှင်းနေ၍ သူနှင့်ကျွန်တော်နှစ်ယောက်တည်းသာ ရှိနေချိန် ဖြစ်ရာ ထိုင်ရာမှ ဗြုန်းခနဲထလာပြီး နံရံတွင်ကပ်စည်ထားသော စက္ကူပုံများအကြားမှ ကြက်မွှေး တစ်ခုလုံး ဖွာလန်ကျဲ သွားအောင် တရစပ်ရိုက်ချ နေပါတော့သည်။

    "မင်းမှတ်ထား... လူဆိုတာ ရိုးရိုးကျင့် မြင့်မြင့်ကြံရတယ်ကွ၊ ကိုယ့်အထက်က  လူတွေ၊ ကိုယ့်အပေါ်က လူတွေ ကို ကြည့်သူတို့ရဲ့ နမူနာတွေကိုယူ၊ သူတို့လိုဖြစ်အောင်လုပ်၊နောက်သူတို့ ထက်သာအောင် ကောင်းအောင် အမြဲကြိုးစားနေရမယ်၊ ငါ့မှာလူနာတွေတစ်ဖက်၊ ပုံနှိပ်စက်နဲ့ စာရေးရတာ တစ်ဖက်၊ အိမ်မှုကိစ္စ တွေက တစ်ပုံနဲ့မို့ မင်းကို နီးနီးကပ်ကပ် မကြည့်နိုင်၊ ပုံမသွင်းနိုင်ခဲ့ဘူး၊ အခုတော့  မင်းက... အောက်က လူတွေပဲ ကြည့်တတ်တာတော့ ငါရင်နာတယ်"

    ကျွန်တော်သည် တုန်ယင်အံ့သြ၊ ၀မ်းနည်းနာကျင်ခြင်းများ စွာဖြင့်သာ အဘွားကိုမျက်ရည် အ၀ိုင်းသားနှင့် ငေးကြည့် နေမိပါသည်။
    မိဘနှစ်ပါးနှင့် အတူမနေခဲ့ရဘဲ ဘွားအေလက်ပေါ်တွင်ပင် ကြီးပြင်းလာခဲ့ရသော ကျွန်တော့်မှာ သည်ဘွားအေ ကြီးသာလျှင် အမိ၊ သည်ဘွားအေကြီးသာလျှင် အဖဖြစ်ခဲ့ရပါသည်။ အလွန်လည်း တွယ်တာ ချစ်ခင် မိခဲ့ရပါသည်။ ဤသည်မှာလည်း တစ်သက်လုံး လက်ဖျားနှင့်မျှ မတို့ခဲ့သော အဘွား(၀ါ) အမေ၏ အကြီးမားဆုံး နှင့် နောက်ဆုံး ကျွန်တော့်အား ဆုံးမခဲ့ခြင်းလည်းဖြစ်ပါသည်။ ထိုအချိန်က အဘွား(၀ါ) အမေ ဆုံးမ ခဲ့သော စကာလုံးများ အရေးထက် ကြက်မွှေးအရေး ကို ကြောက်ပြီး ကျွန်တော် စတုတ္ထတန်း အောင်ခဲ့ ပါသည်။

    ကျွန်တော် တက္ကသိုလ် ပထမနှစ်သို့ရောက်သောအခါ အမေသည် ကျွန်တော့်အား ကျောခိုင်း၍ လူ့လောက မှ စွန့်ခွာ သွားခဲ့ပါသည်။ အမေ ၏ ဆုံးမပဲ့ပြင်မှုများသည် အမေသေပြီ ဟူသော အသိတစ်ခု နှင့်  မြေစာတုံး မြေစာခဲများ၏ အောက်တွင်ပင် အမေနှင့်အတူ ကျွန်တော်ရော၍သဂြိုလ် ပစ်ခဲ့မိပါသည်။

    အောက်ကိုကြည့်၍ ကျေနပ်နှစ်သိမ့်နေတတ်ခဲ့သော ကျွန်တော်သည် အတန်းစာမေးပွဲများကို အောင်မြင် ခဲ့သော်လည်း အမေ မရှိသည့် နောက် ဘ၀စာမေးပွဲများကို ဒလိမ့်ခေါက်ကွေး ပြုတ်ကျခဲ့ပါ သည်။ ထိုစဉ်က လူတို့ကို ကြည့်နေခဲ့သော်လည်း ကျွန်တော်မပြင်မိခဲ့။ ဘ၀အမှန်ရှိပါသော်လည်း မသိမမြင်မိခဲ့။ လောက ရေစီးကြောင်း တွင်သာ သာသာထိုးထိုးနှင့် လူလိမ့်လွင့်မြောနေခဲ့မိပါသည်။ 

အချိန်၏ပြောင်းလဲခြင်း၊ လောကဓံ တရား တို့၏ အထုအထောင်းပုံးသွင်းမှုတို့ကို လုံလောက်စွာခံယူ ပြီးနောက် လောက အသားကျ စွာဖြင့် ရှိလာချိန်တွင် ကျွန်တော်၏ ပတ်ဝန်းကျင်၌ အမေ သည် မသေသေးကြောင်းကို သိမြင်စွမ်းရှိလာ၏  ဂူသင်္ချိုင်း မြေပုံစာတို့၏ အောက် မှ အမေ့ပဲ့ပြင် ဆုံးမသံတို့သည် ကျွန်တော့်အတွက် ရှင်သန် နေဆဲ ဖြစ်သလို (သူလိုလူ၊သူမ၊ရင်နင့်အောင် မွှေး၊ မုန်း၍မဟူ ၊ သွေး၊ မြက်ကလေးတစ်ပင်) စသည်  စသည်ဖြင့် အမေ့ စာရိပ် များသည်လည်း မျိုးဆက် သစ်တို့၏ အမျိုးသမီးထု တို့၏ နားတွင် ရှင်သန်၍နေမြဲဖြစ်ပါ၏။

    တချို့မှာ ၀ိုးတိုးဝါးတား၊ တချို့ကိုမူ ကျွန်တော်ကြည်လင်ပြတ်သားစွာ ပြန်လည်ကြား ယောင်နေဆဲ။
    "သား... အနေချောင်အောင် မနေရဘူး၊ အနေတတ်အောင်နေရတယ်၊အနေတတ်မှ အသေမြတ်မှာ"
    ထိုသို့ ဆိုခဲ့သော အမေသည် ကိစ္စများမြောင် လူတို့ဘောင်ဝယ် အနေချောင်အောင် မနေခဲ့ပါ၊ အနေတတ်ခဲ့သဖြင့် အသေမြတ် သွားသည် ဟု ကျွန်တော်ယုံကြည်မိပါသည်။
    ယနေ့မှာ အဘွား(၀ါ)အမေ (၀ါ) ရှေးဇူးရှင်ကြီး၏ (၁၉) နှစ်မြောက် တိမ်းပါးသွားသည့်နေ့ ဖြစ်ပါသည်။ သံဃာတော်များ ရှေ့မှောက်တွင် အမေ့အတွက် ရေစက်ချ အမျှဝေပေးရင်း၊ အမေ တစ်ယောက် ကြားသိ မြင်နိုင် မည် ဆိုငြား ဤ နေရာမှ ကျွန်တော် တစ်ခု လောက်တော့ ပြောချင် ပါသည်။

    "အမေ... ကျွန်တော် အောက် နဲ့ အထက် ကိုသာ မကဘဲ ကျွှန်တော့် ကို ကျွန်တော်လဲ ကောင်းကောင်း ကြီး ကြည့်မြင် တတ်လာပါပြီ  " အမေ" ဟူ၍....။

စာရေးသူ - သိမ်းစိုး (သီဟရတနာ)
ပိတောက်ပွင့်သစ် ဂျူလိုင် ၂ဝ၁ဝ

No comments: