Tuesday, August 3, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၇) အပိုင်း (၂)

၁၀ နှစ် 
ဂျာနယ်ကျော် မမလေး
(၅)

တိုက်ပျက်ပြီး မှ ဂျာနယ်ကျော်သည် အသက် မရှည်နိုင်တော့ချေ။ နောက်ဆုံး တိုက်ပိတ်ရသည့် အခြေသို့ ဆိုက်ရောက် သွား၏။ တိုက်ပျက်ကြီးကို ပိတ်လျက် အခန်းတွေကို သော့ခတ်ထားလိုက် သည်။ ကန်ဘဲ့မှ အဒေါ်က ကျွန်မ စိန်ဘယက်ကို ဗိုလ်လက်ျာအား ရောင်းခိုင်းလျက် ဘောက်ထော် ၌ တိုက်တစ်လုံး ၀ယ်ထား လိုက်သည်။

ကျွန်မ အဖို့ တိုက်ပျက်၊ တိုက်ပိတ်လိုက်ပြီးနောက် လုပ်ငန်းနှင့် ပတ်သက်၍ ကျန်ခဲ့သော အကျိုး ကား တရုတ် သူဌေးငွေ ၃၀၀၀၀ကျပ်နှင့် အစိုးရ အမတော်ကြေးငွေ ၆၀၀၀ကျပ်၊ ပေါင်းသုံးသောင်း ခြောက်ထောင် ပေးဆပ်ရန် အကြွင်းထွက်သည်။

ဘောက်ထော်တိုက်၌ ဘာအလုပ်မှ မလုပ်ဘဲ နောက်နောက်က အမောဆို့ခဲ့သမျှ ပတ်လက်ကုလား ထိုင် တစ်လုံး ပေါ်၌ ထိုင်ကာ အမောဖြေနေလေသည်။ တင့်တယ်ရေးအတွက် ကျွန်မနှင့် အတူတူ နေသော ဦးကြီး နှင့် အဒေါ်တို့သည် တိုက်မပျက်ခင် ရေနံချောင်း သွားကြ၏။ ဖျာပုံနှင့် အစ်ကိုနှင့် အစ်မ အိမ်ထောင် မိသားစု က ကျွန်မကို လာ၍ စောင့်ရှောက်နေကြသည်။ ကလေးများမှာ ကျောင်း တွင် ဘော်ဒါနေလျက်ပင်။

ကျွန်မ၌ အလုပ်အကိုင် မရှိ၊ ၀င်ငွေ မရှိချေ။ တရုတ်သူဌေးလင်မယားက ၀ယ်ယူရန် ငြင်းပယ်လိုက် သော လက်ဝတ် လက်စား များကို ဘဏ်တွင် တစ်ခုပြီး တစ်ခု ပေါင်ခြင်းဖြင့် ငွေဝင်နေသည်။
လဆန်း လျှင် ကျောင်းအိပ်ကျောင်းစား ကျောင်းလခများ သွားပေးသည်။ သွားလေသူအတွက် အလှူငွေ ၁၀၀ကျပ် သွားကန်တော့သည်။ မိခင်အတွက် ငွေ ၁၀၀ကျပ် အမြဲပို့သည်။ အစ်ကိုကြီး၏ သမီးမှာ နွေကျောင်း ပိတ်၍ အပြန် ယောက်ျားနောက် လိုက်ပြေး၍ ကျောင်းစရိတ် လျော့သွားသည်။ လစဉ် ငွေထောက် ခဲ့ရသော အစ်ကိုကြီးသည် ပုံနှိပ်တိုက်ကြီးကို ပျက်သွားမှ သူ့တာဝန်သူထမ်းကာ ကျွန်မထံမှ ငွေ မယူ တော့ချေ။ ငွေသုံးသောင်းကြွေးမှ အတိုးနှင့် အစိုးရ အမတော်ကြေးမှ လစဉ် အရစ်ကျ သွင်းရမည့် ငွေများ လည်း လစဉ်မပျက် ဆပ်နေရလေ၏။

ကျွန်မတွင် အလုပ်အကိုင် ၀င်ငွေ မရှိဘဲ ကုန်စရာတွေမှာ ၀ိုင်းဝိုင်းလည် ရှိနေခြင်းကို မြင်ကာ၊ ကျွန်မနှင့် အတူတူ နေသူ အစ်ကို အစ်မ မိသားတစ်စုက အလုပ်အကိုင် မရှိဘဲ အတူတူနေရန် အားနာကြသည်။ ခွဲသွား ရမှာ ကလည်း တစ်ယောက်တည်း ထားခဲ့ရမည်မို့ သနားကြသည်။ အတူတူ နေရမှာလည်း တာဝန်ကြီး နေမှန်းသိ၍ မနေချင်သော အခက်အခဲများဖြင့် စိတ်လက် မချမ်းမသာ ဖြစ်နေကြသည်။ နောက်ဆုံး ကျွန်မ ကို ငဲ့လျက် တာဝန် မကြီးစေရန် တားမရ ဆီးမရ ဇွတ်ခွဲဆင်းသွားကြလေသည်။ ကျွန်မမှာ ဘောက်ထော် တိုက် တွင် တိုက်တစ်လုံးနှင့် တစ်ယောက် တည်း ကျန်ရစ်လေ၏။

"မုဆိုးမ အသက်ငယ်ငယ်နှင့် တစ်ယောက်တည်း မနေနဲ့၊ လူမြင်မကောင်းဘူးကွယ့်" ဟု ဆိုကြ သော အဝေး မှ အစ်ကို၊ အစ်မများအား တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသော ကျွန်မဘ၀ကို ခေါ်ပြ ချင်လှလေသည်။

တစ်ယောက်တည်း ကျန်ခဲ့၍ အိမ်အောက်ထပ် သံတံခါးတွေကို ပိတ်ခဲ့ကာ အိမ်ပေါ်သို့ တက်ခဲ့ သည်။ အိမ်ပေါ်၌ စင်္ကြံသာ တွင်တွင်လျှောက်လေသည်။ လျှောက်လွန်း၍ ညောင်းလာလျှင် ပက်လက် ကုလားထိုင် ၌ သွားထိုင်ကာ၊ အညောင်းပြေလျှင် ထ လျှောက်ပြန်လေသည်။

ကျွန်မသည် လျှောက်လိုက်၊ ထိုင်လိုက် လုပ်နေသည့် တစ်ချိန်လုံး ရှေ့လျှောက် ဘယ်လို အလုပ် အကိုင်နှင့် ဘယ်ပုံ စခန်းသွားရန် တစ်စုံတစ်ရာမျှ မစဉ်းစားချေ။ တိုက်ကြီးတစ်လုံးနှင့် တစ်ယောက် တည်းပါကလားဟု တစိုးတစိ မျှ အားမငယ်ချေ။

ကျွန်မနှင့် လက်ငင်း အံကိုက် ဆီလျော် သက်ဆိုင်နေသော လောကဓံတရား ရှစ်ပါးကို အဖော်ပြု ကာ၊ နှလုံး သွင်းကာ၊ ထင်မြင်ကာ ပျက်လိုက် ဖြစ်လိုက် မတည်မမြဲသော အဖြစ်သနစ်တို့ကို သံဝေဂ အကြီးအကျယ် ရနေခြင်း မှ ၀မ်းနည်းဖွယ်ရာ ကောင်းလှသော ဘ၀ကို သည်းခံနိုင်သေစိတ် ၀င်စားလာလေ၏။

နောက်တစ်နေ့ မနက် ဗိုလ်လက်ျာနှင့် ကိုလှဘော် ပေါက်လာကြသည်။
"ဘယ်သွား ကြသလဲ ... တိတ်လို့" ဟု သူတို့က မေးသည်။
"ကိုကိုတို့၊ မမကြီးတို့ မနေ့က ပြောင်းသွားကြပြီ"ဟု ကျွန်မက ဖြေသည်။
ဗိုလ်လက်ျာသည် မျက်လုံးမျက်ဆန် ပြူးသွားကာ "တစ်ယောက်တည်းလား" ဟု အလန့်တကြား မေးလေ၏။
ကျွန်မ က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဟာ ... ဘယ်ဖြစ်မလဲ၊ ဘယ်ကို ပြောင်းသွားကြတာလဲ၊ နေရာပြောပါ၊ ကျွန်တော် လိုက်ခေါ်မယ်"
ဗိုလ်လက်ျာ အား တားဆီး၍ မရချေ။ ပြောင်းသည့်နေရာ မေးပြီးလျှင် ကားပေါ် ပြန်တက်ကာ မောင်းထွက် သွားကြလေ၏။ မမကြီးနှင့် တူမလေးများမှာ ဗိုလ်လက်ျာကို အားနာစရာ ကောင်း သဖြင့် ခေတ္တ ခဏ ပြန်လာနေကြလေ၏။

ဗိုလ်လက်ျာမှာ ကျွန်မကို ယောက်ျားပေးစားချင်သည်။ တစ်ယောက်တည်း မနေဘဲ အိမ်ထောင်ပြုရန် ခဏခဏ လာနားချသည်။ သူ့စိတ်ထဲတွင် သဘောတူနေသော သူများကို တစ်ဦး မဟုတ် တစ်ဦး လာဆွယ် ပြောလေသည်။ သူ့စကား နားထောင်ရန်၊ အိမ်ထောင်ပြုလိုက်ရန် တိုက် တွန်းသည်။ ကျွန်မမှာ အိမ်ထောင်ပြုလိုက်ရန် အတော် ၀န်လေးမိသည်။

ကျွန်မ နှင့် အကြောင်းဆက်မည့်သူသည် တစ်ကိုယ်တည်း၊ တစ်ယောက်တည်း မဟုတ်သော ကျွန်မ နှင့် အကြောင်း မဆက်ဘဲ၊ လွတ်လွတ်လပ်လပ်သူနှင့် အကြောင်းဆက်စေချင်သည်။ လောက ဇာတ်ခုံကြီးတွင် သူ့ဟာသူ တစ်ဇာတ်ထွက်စေချင်သည်။ သူ သွားရမည့် အိမ်ထောင်လမ်းကြောင်း တွင် ၀မ်းနည်းခြင်းကိစ္စ၊ ၀မ်းသာခြင်းကိစ္စ စသည့် တွေ့ကြုံသွားရမည့် လောကဓံ၏ ကောင်းမွေ ဆိုးမွေတို့ကို သူတို့အချင်းချင်း ကျေကျေ နပ်နပ် အညီအမျှ ခံသွား၊ စံသွားစေချင်သည်။ ကျွန်မ၏ သားသမီး ဒုက္ခတွေ၊ ကျွန်မနှင့် ပတ်သက် သမျှ တာဝန်ဒုက္ခတွေ၊ ၀င်၍ ခံရန်၊ ၀င်၍ ထမ်းရန် စိတ်ကူး ထဲမှ မထည့်ရက်ချေ။ သူတို့ဟာ သူတို့ လွတ်လပ် သူချင်း တစ်ဇာတ် ထောင်ကြကာ တစ်စင် ကစေသချင်သဖြင့် ကျွန်မအား စပ်ဟပ် ပြောဆိုလာတိုင်း ခေါင်းခါ ငြင်းဆန်လိုက်သည်။ ဗိုလ်လက်ျာမှာ နားချမရသဖြင့် လက်လျှော့ထားလေသည်။

အလုပ်မရှိ၊ ၀င်ငွေမရှိ ဖြစ်နေခိုက် ကလေးများ ကျောင်းစရိတ်ကို သူ့လခထဲမှ ထောက်ပံ့ချင်၍ လက်ခံရန် ပြောလေ သည်။ ကျွန်မသည် ဗိုလ်လက်ျာ၏ အကူအညီကို လက်မခံဘဲ ငြင်းဆန်လိုက် သည်။
ပိတ်ထားသော လမ်း၄၀ပုံနှိပ်တိုက်သို့ မသွားဘဲ နေသည်။ ကိုဘိုးလူသည် စက်ကျိုးများကို သုံးနိုင် အောင် ပြန်ပြင် သည်။ ကိုဘိုးလူအား ကောင်းသည့်စက်နှင့် ဖြစ်သလို လုပ်စားရန်၊ ရသည့်ငွေများ ကျွန်မ မယူလိုဟု ပြောကာ အလုပ်တိုက်သော့ကို သူ့လက်ထဲ အပ်လိုက်သည်။ သူသည် ချောက်ချီးချော်ချက် ရိုက်ခရသည့် ၀င်ငွေဖြင့် တိုက်ပျက်ကြီးနှင့် မခွဲဘဲ တိုက်စောင့်ကြီး လုပ်နေ လေ၏။
ကျွန်မ မှာ အလုပ်မရှိ ဖြစ်နေခိုက်တွင် ငွေသုံးသောင်း ကြွေးရှင်းက မပူပြင်းဘဲ၊ အစိုးရ အမတော် ကြေး ကြွေး က အပူတပြင်း တောင်းနေလေ၏။ လစဉ် မဆပ်နိုင်ဘဲ ပျက်ကွက်နေခြင်းကြောင့် ကျွန်မအား ပြန်ကြားရေး ရုံး သို့ ဆင့်ခေါ်ကာ အာဏာပြ တောင်းလေတော့သည်။

"ကျွန်မ ကြိုးစားပြီး ဆပ်လာတာ သုံးထောင်လောက် ရှိပါပြီရှင်၊ အလုပ်အကိုင် မရှိသေးလို့ ပျက်ကွက် နေတာပါ။ ရှေ့ကို တတ်နိုင်သမျှ ကြိုးစားပြီး လစဉ်မှန်မှန် ဆပ်ပါမယ်"
ဆိုင်ရာ အရာရှိမင်းကို အောက်ကျို့၍ တိုးလျှိုး တောင်းပန် ပြောရလေသည်။
"ခင်ဗျား ဘောက်ထော်မှာနေတဲ့ တိုက်ဟာ ကိုယ်ပိုင်တိုက်လား"ဟု အရာရှိမင်းက စစ်၏။

"ဟုတ်ပါတယ်၊ ကိုယ်ပိုင်တိုက်ပါ"
"လစဉ် ဆပ်ဖို့ငွေကို မပျက်ကွက်ပါနဲ့၊ အစိုးရက ဒီလို ကြည့်နေမှာ မဟုတ်ဘူး။ ခင်ဗျား မှန်မှန် မဆပ်ရင် ခင်ဗျားတိုက် ကို လေလံပစ်ရလိမ့်မယ်"
"ကျွန်မ တိုက်ကို အချိန်မရွေး လေလံပစ်ယူနိုင်ပါတယ်ရှင်၊ ပျက်ကွက်ရတာက မတတ်နိုင်သေးလို့ ပါ"

ကျွန်မ စိတ်ထဲ၌ မည်သို့မျှ မတုန်လှုပ်တော့ချေ။ အစိုးရက သူ့ငွေ လစဉ် လာမသွင်း၍ အိမ်လေလံ လာ ပစ် လျှင် အိမ်ပေါ်က ဆင်းပေးရန် အဆင်သင့် ပြင်ထားလိုက်သည်။
ကျွန်မ အခြေအနေသည် တစ်နေ့တစ်ခြား ဆိုးဝါး၍သာ လာသည်။ အိမ်ပေါ်က ဆင်းပေးရမည့် အခြေအနေ ပင် ဆိုက်နေ၏။ ထိုအခြေအနေမျိုး ဆိုက်လျက် ကျွန်မ ခေါင်းမှာ ထူး၍ မပူတော့။ ကျွန်မ စိတ်မှာ ထူး၍ မညစ်တော့။ အထက်ရောက်ရောက်၊ အောက်ကျကျ၊ ၀မ်းသာစရာ တွေ့တွေ့၊ ၀မ်းနည်းစရာတွေ့တွေ့၊ သည်းခံ နိုင်သော သဘောရှိအောင် ကိုယ့်စိတ်ကို လေ့ကျင့် ထားလျက် ပူပင်သောက တရားများနှင့် ခွာနိုင် သမျှလည်း ခွာစမ်းကြည့်သည်။

ဝင်ငွေရရန် ဟူ၍ ဆောင်းပါး၊ ၀တ္ထု ရေးချင်သည့် စိတ်လည်း မရှိ။ အချိန်အား ရနေခိုက် ဓာတ်ပညာ သာ လေ့လာ လိုက်စားနေလေ၏။ ဖောက်ပြန်တတ်သော ဓာတ်သဘောကို လေ့လာ စမ်းသပ်ကာ ဓာတ်ပညာ ဖြင့် အချိန်ဖြုန်း နေလေ၏။ အချိန်ကျ၍ ဈေးဖိုး မလွယ်လျှင် သတင်းစာ စက္ကူပုံများကို ကုလားချိန်ခွင်ပေါ်၌ တင်ရောင်း လိုက်ခြင်းဖြင့် ကိစ္စပြီးသည်။ ကျွန်မအတွက် လဆန်းမှ အရေးကြီး သည်။ လဆန်းတွင် လက်ထဲ ငွေကုန် နေက တာဝန်ဝတ္တရားများအတွက် လက်ဝတ်လက်စားများကို အလီလီဘဏ်သို့ ပို့လိုက်ခြင်းဖြင့် လိုရာ ကိစ္စ ပြီးလေသည်။

အခြေအနေအရ ကျွန်မမှာ ဗုဒ္ဓဘာသာ စစ်သထက် စစ်လာလေသည်။ အရာရာတို့သည် ကိုယ် ကြံစည်တိုင်း မဖြစ်၊ ကံ စီမံရဂာ ဖြစ်သည်ဟု စွဲမြဲ ယုံကြည်သည်။ အသက်ထွက်လုမတတ် ပင်ပန်း ခံလျက် မနေမနား ၀ီရိယ ကြီးကြီးထား၍ ကြိုးစား လုပ်ကိုင်ခဲ့လင့်ကစား ပျက်ချိန်ကျလျှင် ကံတရား ကို တား၍ဆီး၍ မရ၊ ပုဆိန် နှင့် ပေါက် အဖျက်ခံခဲ့ရသည့်အတိုင်း ဖြစ်ချိန်ကိုလည်း ကံသာလျှင် စီမံ ပေးအံ့။။ ကျွန်မအိမ်သို့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဦးတင်နှင့် ဇနီးတို့ လာလည်ကြလေသည်။ ပုံနှိပ်တိုက် ပျက်ပြီး အလုပ်အကိုင် မရှိ ဖြစ်နေသော ကျွန်မအတွက် နေရေးထိုင်ရေး ပူပန်ကြကာ ကုမ္ပဏီထောင် ရန် အကြံပေးလေသည်။ ကျွန်မက စာပုံနှိပ်တိုက်သာ လုပ်ချင်လျက်၊ လုပ်တတ် လျက် ကုမ္ပဏီလုပ်ငန်းကို နားမလည် စိတ်မပါဘဲ ရှိသည်။ ကုမ္ပဏီလုပ်ငန်းကို အလျင် လုပ်ပြီးမှ တဖြည်းဖြည်း ပုံနှိပ်တိုက် ပြန်ထောင်ရန် အကြံပေး သွား လေ၏။

ဝန်ကြီး ဦးတင် ၏ မစ ကြည့်ရှုခြင်းငြဖ့် ကျွန်မှာ နေ့ချင်း ညချင်း ကုမ္ပဏီပိုင်ရှင်ကြီး ဖြစ်သွားလေ၏။ ကျေးဇူးရှင် ချစ်မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် ငွေငါးသောင်းသည် ချာတာဘဏ်တိုက်သို့ ကျွန်မ အမည် နှင့် ရောက်သွားသည်။ ရွှေဘုံသာလမ်း ဘဏ်တိုက်အပေါ်ထပ် အလုပ်ခန်းမကြီးတွင် တင်လှိုင် ကုမ္ပဏီ ဖွင့်ပွဲကြီး ကျင်းပလေသတည်း။ ကျွန်မ မှာ ပြုံးမိလေသည်။

အလုပ်အကိုင် ရှိလာ၍ ၀မ်းမြောက်ဝမ်းသာ ပြုံးသည် မဟုတ်။ မမျှော်လင့်ဘဲ ဖြစ်လာသော ကုန်သည်ဘ၀ ကံကြမ္မာ ကို ပြုံးရခြင်း ဖြစ်သည်။
ကုမ္ပဏီဖွင့်ပြီး လေးငါးရက်အတွင်း ဗိုလ်လက်ျာသည် သူ့မိတ်ဆွေ စီးသော အော်စတင် ဆလွန်း ကားကြီးကို ကိုးထောင် နှင့် တန်ဖိုးသင့်ကာ၊ တတ်နိုင်သလောက် ပြေလည်အောင် ပေးဆပ်သွားရန် မှာကြား၍ အပို့ လွှတ်လိုက်ပြန်ရာ မမျှော်လင့်ဘဲ အိမ်ဝင်းထဲသို့ ကားရောက်လာပြန်၏။

အလုပ်အကိုင်အသစ်တွင် ငွေ ၉၀၀ကျပ် စ၍ ကြွေးတင်လေသတည်း။
ကျွန်မ ၌ အလုပ်အကိုင် ရှိလာချိန်တွင် လူမြင်လျှင် တင့်တယ်ရေးအတွက် ကျွန်မအိမ်တွင် ဆွေမျိုး သားချင်း မရှိတော့ချေ။ ကျွန်မမှာ အိမ်ဖော်မိန်းကလေးတစ်ယောက်နှင့် နေလေသည်။ ခြံဝင်းထဲ တွင် မာလီကုလား နှင့် ကားဒရိုင်ဘာတို့ နေကြသည်။ နံနက် ရှစ်နာရီ၌ အလုပ်တိုက်သို့ ထွက်သွားကာ ညနေမှ အိမ်ပြန်သည်။
တစ်ကိုယ်တည်း ဖြစ်နေသော ကျွန်မ ဘ၀မှာ မိန်းမနှင့် မတူလေဘဲ၊ ကြာလေ ယောက်ျားနှင့်သာ တူနေ လေသည်။ ကျွန်မ ကားမောင်းသော ဒရိုင်ဘာသည် ကျွန်မကို ကွယ်ရာ၌ "ကျွန်တော့ဆရာ" ဟု သုံးနှုန်း ပြောဆို လေသည်။ "ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်" ဟူ၍လည်း ပြောတတ် သေး၏။

အိမ်ဖော်မိန်းကလေး ရွာပြန်သွားသည့်အခါ၌ ဒါရိုင်ဘာ ကိုအောင်တိုးသည် နံနက် လက်ဖက်ရည် စားပွဲကို လှလှပပ ပြင်ထားသည်။ လက်ဖက်ရည် စားပွဲပြင်ပြီး ဈေးခြင်းဆွဲ၍ ဈေးထွက်သွားကာ ပြန်လာလျှင် မီးဖိုထဲ၌ လေတချွန်ချွန် နှင့် ထမင်းချက်နေလေ၏။ ကျွန်မက အိမ် လူမရှိ၍ စားပွဲပြင် ရန်၊ ထမင်းချက်ရန် စေခိုင်း သည် မဟုတ်ဘဲနှင့် သူ့စိတ်နှင့်သူ ဆရာသမားတစ်ယောက် အနေနှင့် တရိုတသေ လုပ်ကိုင် ချက်ပြုတ် နေသည်။

ကျွန်မသည် အလုပ် မသွားခင် အိမ်ထဲ၌ တံမြက်စည်းလှည်း၊ ကြမ်းတိုက်တတ်သည်။ အိမ်အလုပ် လုပ်နေသည်ကို မြင်လျှင် မာလီကုလားသည် ခြံထဲမှ သူ့အလုပ်ကို ချလျက် အိမ်ပေါ်သို့ ပြေးတက် လာလေ သည်။ ကျွန်မ မလုပ်ရန်၊ သူ လုပ်ပါမည်ဟု တောင်းပန်ကာ ကျွန်မ စိတ်တိုင်းကျဖြစ်အောင် အိမ်အလုပ်ကို ကောင်းကောင်း လုပ်ပေးလေ၏။ ယောက်ျားတစ်ယောက် အိမ်တံမြက်စည်းလှည်း၊ ကြမ်းတိုက်နေလျှင် မျက်စိ ထဲ ကိုးရိုးကားရား ဖြစ်သလားဟြု ထင်မိည်။ အလုပ်တိုက် ထွက်သွား လျှင် အိမ်သော့ကို မာလီ ကုလား လက်၌ အပ်ခဲ့သည်။

ညနေ အိမ်ပြန်လာလျှင် အိမ်မှာ သန့်ရှင်း ပြောင်လက်နေသည်။ အိပ်ခန်းထဲ၌ ခုတင်ပေါ်တွင် နံနက် က ကျွန်မ ဖုံးအုပ်သွားသော အိပ်ရာဖုံးကို သပ်သပ် ရပ်ရပ် ခေါက်လျက် နေရာတကျထားကာ ခြင် ထောင်ကို ချလျက် သပ်သပ်ရပ်ရပ် ညှပ်ချပ်ထားတတ်လေသည်။ မာလီကုလားသည် အိမ်ထဲ အလုပ်မှန်သမျှ ကျွန်မ လုပ်သလို လိုက်အတုခိုး လုပ်ထားနှင့်သည်။ ကျွန်မအိမ်မှာ မိန်းမ မရှိသော အရာရှိကြီး တစ်ဦးတစ်ယောက်၊ တပည့်ဘဏ္ဍာစိုး များနှင့် နေသော အိမ်နှင့် တူနေလေသည်။ သူတို့သည် ကျွန်မအား အထူးသဖြင့် မိန်းမလို မဆက်ဆံခြင်း ကို သတိပြုမိလေသည်။
အလုပ် အကိုင်သစ် ကုန်သည်ဘ၀၌ ငွေကြေး ပုံစံရာထးသည်။

ကုမ္ပဏီလုပ်ငန်းမှ မြတ်သမျှ စွန်းသမျှကို ပုံနှိပ်တိုက်ကြွေး ဆပ်ရန်၊ မော်တော်ကားကြွေး ဆပ်ရန်၊ အစိုးရ အမတော်ကြေး ဆပ်ရန်၊ လက်ဝတ်လက်စားများ ရွေးရန်၊ တစ်ဖက်မှ ထိုကြွေးများကို ပြေလည်ကန်ုအောင် ကြိုးစား ဆပ်သွားရင်း ကလေးကျောင်းစရိတ်၊ လစဉ် ကုန်ရမည့် ငွေကိုလည်း နုတ်ရမည်။ ကြွေးမြေကျေ၍ ပိုလျှံ လာလျှင် ငွေစုကာ တဖြည်းဖြည်း ပုံနှိပ်တိုက်ကြီး ပြန်တည်ရန် အစီအစဉ်များ လျာထားလျက် စိတ်ပိုင်း ထားသည်။
ကုသည်ဖြစ်စေ ကုန်သည်လုပ်ငန်းမှာ ငွေဝင်လမ်း ဖြောင့်လေ၏။ အလုံးအရင်းနှင့် ၀င်လာကြသော ငွေ တို့သည် သမင်မွေးရင်း ကျားစားရင်းပင်တည်း။ အသုံးစရိတ် ဖယ်ကာ တင်နေသော ကြွေးများ ကို ပို သလောက် ဖဲ့ဆပ်ပစ်လေ၏။

စိန်ဂျွန်းကျောင်း၌ ကျောင်းအိပ်ကျောင်းစားနေသော သားနှစ်ယောက်မှာ မိန်းကလေးကျောင်း၌ ကြာရှည် ဆက်လက်နေခွင့် မရသဖြင့် ကျောင်းပြောင်းထားရမည်ဖြစ်ရာ ဒါဂျီလင်ကျောင်း ပြောင်း ပေးရန် ပူဆာ ကြလေ၏။ ဒါဂျီလင်ကျောင်း စရိတ်ကား ကြီးလှသည်။ စရိတ်ကြီး၍ မပို့ဘူး ငြင်းလိုက် ရာ၊ ငိုကြီး ချက်မဖြင့် ပူဆာကြလေသည်။
ကျွန်မသည် သူတို့ကို ခွင့်ပြုလိုက်ာ ဒါဂျီလင်ကျောင်းသို့ ပို့လိုက်သည်။ ဒါဂျီလင်ကျောင်းစရိတ်မှာ တစ်နှစ် အတွက် ငွေကိုးထောင်ကျော် စရိတ်ကုန်ကျလေ၏။

ဘောက်ထော်အိမ် ၌ ဦးချစ်မောင် ကွယ်လွန်သည့် ငါးနှစ်မြောက် အထိမ်းအမှတ်ပွဲ လုပ်လေသည်။ သံဃာတော် တို့အား ဆွမ်းကပ်လျက် မိတ်ဆွေသင်္ဂဟအပေါင်း ဖိတ်ကာ နံနက်စာ  ကျွေးသည်။
ကျွန်မမှာ ငါးနှစ်မြောက်နေ့၌ ကုန်ဆုံးခဲ့သော ငါးနှစ်ကိုလည်း ပြန်လှည့်ကြည့်လေ၏။ ရှေ့လာမည့် အနာဂတ် ကိုလည်း မျှော်ကြည့်မိသည်။ ငါးနှစ်အတွင်း ချာလပတ်လည်နေသော ဒုက္ခ သုက္ခတို့ကို ငါးနှစ် အတွင်း ခေါင်းနှင့် ရွက်ထမ်းခဲ့သော တာဝန်တွေဖြင့် ဖြေဖျောက် နှစ်သိမ့်ရကာ၊ ရှေ့လျှောက် ဆက်လက်၍ ထမ်းသွားရဦးမည့် ခရီးစဉ်တွင် လောကဓံအား သည်းခံနိုင်သော စိတ်ဓာတ် ဆထတိုး လျက် အားပေး မွေးမြူ ထားလိုက်သည်။

ကျွန်မမှာ ဘယ်အရာမျှ မတည်မြဲချေဟု အသည်းတွင် စွဲနေသော အခံရှိထားသည်။ ၀မ်းသာစရာ တွေ့တွေ့၊ ၀မ်းနည်းစရာ တွေ့တွေ့၊ ဒေါသဖြစ်စရာတွေ့တွေ့ သည်းခံတတ်လာလေ၏။
ငါးနှစ် မြောက်ပြီးနောက် သူ့အတွက် လဆန်း ၂ရက်နေ့တိုင်း လစဉ် လှူလာခဲ့သော န၀ကမ္မ၀တ္ထုငွေ ၁၀၀ကျပ် ကို ဆရာတော်က များလှသည်ဟု ကန့်ကွက်ကာ လစဉ် ၀တ္ထုငါးဆယ်သာလျှင် အလှူခံ တော့၏။ လစဉ် ၁၀၀ကျပ် ကန်တော့နေသော မိခင်ကြီးမှာ ကွယ်လွန်၍ သွားခဲ့ချေပြီ။

ကျွန်မမှာ ကုန်သည်လုပ်ငန်း၌ မပျော်ပိုက်ချေ။ မလွှဲသာလွန်း၍သာ လုပ်နေကာ ကိုယ် ၀ါသနာပါ သော အလုပ်ကို မစွန့်နိုင်ဘဲ "စိတ်" ၀တ္ထုစာအုပ်တစ်အုပ် ရေးသား ထုတ်ဝေခြင်းဖြင့် စာပေဖြန့်ချိ ရေးအလုပ်ပါ တွဲလုပ်လာသည်။

ကုန်သည်လုပ်ငန်း စခဲ့စဉ်က ကိုယ်ပိုင် ငွေရင်းငွေနှီးဖြင့် မလုပ်နိုင်ခြင်းကြောင့်  အရင်းအနှီး ထုတ် ပေးကာ စပ်တူလုပ်ဖက် ငွေ့ရှင်ကြေးရှင်တို့ကို ကျေးဇူးမျှ ရသည်။ လိုင်စင်ကျလာလျှင် ငွေရှင်က ငွေစိုက်လျက် ကုန်မှာလိုက်ကြကာ၊ ငွေ တစ်ကျပ်မြတ်လျှင် တစ်ဝက်အမြတ် ငါးမူး ခွဲပေးရသည်။ ကိုယ့်အတွက် ကျန်သည့်တစ်ဝက် ငါးမူးတွင် အကြွေးတစ်မတ် ဖဲ့ဆပ်လျက် ကျန်တစ်မတ်သာ ကိုယ့်အသုံး ဖြစ်သည်။

စိန့်ဂျွန်းကွန်ဗင့် စရိတ်၊ ဒါဂျီလင် စရိတ်၊ သွားလေသူအတွက် အလှူစရိတ်၊ အိမ်စရိတ်၊ ကားစရိတ်၊ ကုမ္ပဏီ အလုပ်တိုက်စရိတ်တို့ဖြင့် လည်နေကာ ငွေပိုငွေလျှံ တစ်ကျပ်တစ်ပြာုးမှ မစုဆောင်းနိုင်ခဲ့ ချေ။
ကျွန်မမှာ ထောက်ပံ့ ကြည့်ရှုရမည့် ဆွေမျိုးသားချင်း အရင်းအဖျားများကို မုဆိုးမဟူ၍ တစ်ခါမျှ ခေါင်းမရှောင်ခဲ့၊ လက်မနှေးခဲ့ချေ။ အဆွေအမျိုးတို့အား တတ်နိုင်သလောက် ဟူ၍ မဟုတ်ချေ။ အကြောင်း ကိစ္စ ဖြစ်လာလျှင် ဦးမလေးဘဲ သူတို့ဝန်ကို ငွေအားဖြင့် ၀င်၍ ထမ်းလေ၏။ ဆွေမျိုး သားချင်းအုပ်က ကျွန်မအိမ်ကို "ဘူတာရုံ"ကြီးဟု နာမည်ပေးထားကြ၏။ အကြောင်းကိစ္စ ရှိလျှင် သည် ဘူတာ လာဆိုက်ကြလေသည်။

"လူတကာ့ အပူတွေ ရွက်နေတာ၊ ကိုယ့်ကိုယ်ကိုယ် မုဆိုးမဆိုတာများ စဉ်းစားမိရဲ့လား ... ဟင် ... ကိုယ့် အလုပ်လား၊ ပြောစမ်းပါဦး"
ကျွန်မညီမ အငယ်ဆုံးသည် သူမသေမီ အိပ်ရာထဲမှ နောက်ဆုံး ရေးပို့လိုက်သော စာထဲတွင် ကျွန်မအား စိတ်ပေါက်ပေါက်နှင့် ရေးသွားသည်။
ကုန်သည်ဖြစ်ပြီး လေးနှစ်ထဲတွင် သတင်းစာ ထုတ်ရန် ၀ယ်ခဲ့သည့် စက်ဖိုး အကြွေးသုံးသောင်း သည် အတိုး အရင်း ကျေသွားသည်။ မော်တော်ကား ကြွေးလည်း ကျေပြီ။ အစိုးရ အမတော်ကြေးမှ ကျန်ငွေ သုံးထောင် ဆပ်ရန် ကို လျှော်လိုက်သည်။ ဘဏ်မှ လက်ဝတ်လက်စားများ အချို့ ရွေးကာ၊ အချို့ကျန်သေးသည်။

ကြွေးမြေးရှင်းပြီး၍ အသက်ရှူပေါက်ကလေး ချောင်တော့မည်ရှိစဉ် အိုဂျီအလ် ဖွင့်လိုက်လေ၏။ ကုန်သည် လုပ်ငန်း၊ လိုင်စင်လုပ်ငန်းများသည် တစ်ရှိန်ထိုး ကျဆင်းသွားလေ၏။
ကုန်တင်သွင်းသမျှ နိုင်ငံခြား၌ မှာယူထားသော ကုန်တို့၏ အရှုံးသည် ကျွန်မ ခေါင်းပေါ်သို့ ပြုံတင် ကျလာလေ၏။ ပုစွန်ခြောက်ကုန်နှင့် အထည်အလိပ်ကုန်တွင် ငွေသုံးသောင်းနှစ်ထောင် ရှုံး၍ အကြွေးတင် လေ၏။

ကျွန်မကဲ့သို့ လိုင်စင်ခေတ် ကုန်သည်လုပ်နေကြသော အခြားကုန်သည်များအဖို့ အခိုက်အတန့် ကျွန်မ နည်းတူ အရှုံးကြီး ရှုံးကြသည့်တိုင် စောစောက စုမိဆောင်းမိ အထုပ်နှင့် ထေကာ ခုကာ အရှုံးခံ သာသော်လည်း၊ ခံနိုင်သော်လည်း ကျွန်မအဖို့မူ စာပုံနှိပ်တိုက်ကြွေးဟောင်း သုံးသောင်း ဆပ်လိုက် ရခြင်းကြောင့် နောက်ထပ် ကုန်သည်ဘ၀ သုံးသောင်း အကြွေးသစ် ပြန်တင်ခြင်းကို မခံ နိုင်ဘဲ လူးသွား လေသည်။

ကုမ္ပဏီအလုပ်မှ အရှုံးသည် တစ်နှစ်အတွင်း ရပ်တန့်၍ မသွားဘဲ ဆက်တိုက်သာ ဆက်လက် ရှုံးနေသည်။ ရှုံးသမျှ အကြွေးသည် စာရင်းတွင် တက်သထက် တက်လာချေ၏။ ကိုယ့်လက်ထဲ ပြန် ရောက်နေသော လက်ဝတ် လက်စား အချို့သည် ဘဏ်တိုက်သို့ ပြန်စု ရောက်သွားလေကုန်၏။
ဒါဂျီလင် မှ ကလေးများအတွက် ပို့ရန်ငွေကို အချိန်မီ မပို့နိုင်တော့သဖြင့် လမ်း၄၀မှ ပုံနှိပ်တိုက်မှ အကျိုးအပဲ့နှင့် ကျန်ရှိနေသော ပစ္စည်းများကို နေရာနှင့်တကွ ရှုမ၀ကို ရောင်းကာ ရသည့်ငွေဖြင့် ပို့ပေးလိုက် ရသည်။

ကျွန်မ၏ ဘ၀လမ်းကြောင်းသည် တည်ငြိမ်သွားရာက လေမုန်တိုင်းဆင်ကျလာပြန်ချေပြီ။ ကျွန်မမှာ တစ်ချီ ပြန်လှိမ့်လာပြန်သော လှိုင်းလုံးကြီးထဲတွင် နစ်မြုပ် မှောက်မသွားစေရန် စွမ်းအားရှိသ လောက် ထိန်းထားသည်။

ကျွန်မ သည် ရွှေဘုသာလမ်းမှ အလုပ်တိုက်ခန်းကြီးကို လက်ျာကုမ္ပဏီလက်ထဲသို့ အပ်ခဲ့ကာ အနော်ရထာ လမ်းတွင် အလုပ်ခန်းရှာလျက် ရွှေ့ပြောင်းသည့် လိုင်စင်ကို အရှုံးခံ မစွန့်စားရဲတော့ သဖြင့် လိုင်စင်ခန်သာ မပျက်မကွက် ရှာကြံပေးဆောင်ကာ မမှာဘဲ သိမ်းထားလိုက်ည်။

တစ်နေ့တွင် အစ်မအိမ်သို့ ရောက်သွားလေသည်။ ဘဏ်တွင် ပေါင်ထားသော ပစ္စည်းများကို အတိုးပင် ဆပ်ရန် ခဲယဉ်းလာ၍ စိတ်ညစ်ညစ်ဖြင့် ဘယ်လောက်ရရ ရောင်းသာပစ်လိုက်ချင်သည် ဟု ညည်းလိုက် မိလေ၏။ ကျွန်မ နှုတ်မှ ညည်းမိခြင်းသည် ကျားရှေ့၌ မှောက်လျက်လဲသည်နှင့် တူ လိုက်လေသည်။

ကျွန်မက ရောင်းပစ်ချင်သည်ဟု ညည်းမိသည်နှင့် အစ်မအိမ်တွင် လာရောက်နေထိုင်ကြသော လင်မယားနှစ်ယောက်သည် ပစ္စည်းများကို ကျွန်မပင် အသိ လာမပေးဘဲ ဘဏ်က သွားထုတ်ကြ လေသည်။ "ရောင်းချင်တယပြောသွားလို့ ရောင်းချလာခဲ့ပြီ" ဆိုကာ ငွေနှစ်ထောင် ပေးလာမှ ကျွန်မမှာ အံ့အားကြီး သင့် နေသည်။
"ဘယ်သူ့ ရောင်းခဲ့သလဲ" ဟု မေးလိုက်ရာ "မပြောနိုင်ဘူး" ဟု ဘူးခံလျက် ရက်ရက်စက်စက် ပြောင်ပြောင်ကြီး ငြင်းကြလေ၏။
ဒေါ်ဆင်ဘဏ်တွင် မန်နေဂျင်းဒါရိုက်တာ လုပ်နေသော ကျွန်မအစ်ကိုကြီးမှ သူ့အိမ်လာနေသော ရင်းနှီးသူ များလည်း ဖြစ်သည့်အတိုင်း ကျွန်မက သူတို့ကို လွှတ်လိုက်ကာ ရွေးခိုင်းသည်၊ ရောင်း ခိုင်းသည် ထင်မှတ် ယုံကြည်ကာ ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။

မခံနိုင်သော ဆွေမျိုးများက ဂါတ်တိုင်ရန် တိုက်တွန်းကြ၏။ မခံနိုင်သော မိတ်ဆွေများက ပစ္စည်း တွေ ပြန်လိုက်သိမ်းရန် ငွေထုတ်ပေးကြသည်။
ကျွန်မ မှာ ပျက်စီးဆုံးရှုံးခဲ့လေသမျှ သည်တစ်ချီတွင် တရားအရဆုံးဖြစ်သည်။ ကျွန်မသည် ပစ္စည်းများကို ပြန်လိုက် သိမ်းဖို့ရန် ရောင်းသည့်နေရာပြောဖို့ရာ အမျိုးမျိုး အဖုံဖုံ တောင်းပန်လေ၏။ ရောင်းခဲ့သည့် ဈေး ထက် နှစ်ဆပိုပေးပါမည်ဟုလည်း ပြောကြည့် တောင်းပန်၏။ မတရားမှုကို အသနား တောင်းပန်နေပါလျက် ဘူးခံ နေသော ထိုလင်မယား၏ မျက်နှာကို စေ့စေ့ကြည့်လိုက်ကာ ဥပေက္ခာပြုလိုက်သည်။ ဘဏ်တွင် ပိတ် ဆို့လျက် ပေါင်ထားသော ပစ္စည်းများပင် ဖြစ်လင့်စေကာမူ ကုန်ချင်တော့ အနိုင်ကျင့်သူပေါ်ကာ ကြံဖန် အပေါက်ရှာ ထွက်သွားသော ကံကြမ္မာကို ကျွန်မတစ်သက်၌ သံဝေဂအရဆုံးဖြစ်သည်။

တရုတ်သူဌေး လင်မယားက မ၀ယ်ရက်သဖြင့် အထုပ်အထည် ကျန်နေသည့် စိန်တစ်ဆင်စာ ပစ္စည်းထုပ် သည် နှုတ်မှ ညည်းမိရုံဖြင့် ခြေလက်ပေါက်ကာ ခုန်ထွက်သွားလေ၏။ ယနေ့ထက်ထိ ကျွန်မပစ္စည်းတွေ မည်သူ့လက်ထဲသို့ ရောက်သွားမှန်းပင် မသိရတော့ချေ။ စိန်ထည်ပစ္စည်းများအနက် မြငါးလုံး၊ စိန်အလုံး ငါးဆယ်ဖြင့် ညောင်ရွက်သဏ္ဌာန်လုပ်ထားသော စိန်ကြယ်စေ့သည် စိန်တန်ဖိုး၊ မြတန်ဖိုးတို့ထက် အဖိုး ထားသော သားစဉ်မြေးဆက် ရာဇ၀င်ကြောင်းရှိသဖြင့် ကျွန်မမှာ ကြယ်စေ့ကို စွဲလမ်းမြင်ယောင်နေလေ ကာ၊ တစ်နေ့နေ့ ကျွန်မ၏ သမီးကလေး လက်ဝယ်သို့ ပြန်ရောက်ပါစေရန် အမြဲမပြတ် ယောင်ယမ်း တမ်းတ နေမိလေ၏။

ဒါဂျီလင် မှ ကလေးများမှာ ဒါဂျီလင်သို့ ပြန်မပို့နိုင်တော့သဖြင့် စိန့်ပေါကျောင်းတွင် ကျောင်းအိပ်ကျောင်း စား ရောက်နေကြသည်။
ကျွန်မသည် ကုမ္ပဏီလုပ်ငန်း ဟန်မကျသဖြင့် ဘောက်ထော်တိုက်ကို ပေါင်ရကာ ခဲစာလုံး စာခုံများဝယ်၍ ဂန္တ၀င် ဂျာနယ်ကို စပ်တူထုတ်လေ၏။
စာပုံနှိပ်စက် မရှိသဖြင့် စပ်တူလုပ်ငန်းဖြစ်သော ဂျာနယ်ကို ဆက်မထွက်နိုင်ဘဲ ရပ်ထားရပြန်သည်။ ကျွန်မ သည် ကုမ္ပဏီကြွေးများ ဆပ်နိုင်ရေး၊ ပုံနှိပ်စက်ဝယ်နိုင်ရေးသာ လုံးပန်းရှေးရှုလျက်ရှိနေကာ တစ်နေ့မျှ စိတ် မလျှော့ချေ။ လောကကြီးသည် ဖြစ်သည်၊ ပျက်သည်၊ ဖြစ်လည်း ၀မ်းသာစရာ မဟုတ်၊ ပျက်လည်း ၀မ်းနည်း စရာ မဟုတ်ဟု ကြံ့ကြံ့ခံထားသည်။
ဘောက်ထော်တိုက် ကို ရောင်းလိုက်ရလေ၏။

ဘဏ်တွင် စိန်ထည်ပစ္စည်းတွေ ရှိနေချေက ကျွန်မတွင် အခြေပျက်သွားစရာမရှိ။ တိုက်ကို ရောင်းစရာ မလို။ စိန်ဈေးမှာ တစ်ရက်သုံးထောင်၊ လေးထောင် အဆမတန် တက်နေလေ၏။ တိုက်ရောင်းပြီး စာချုပ် လက်မှတ် ထိုးကာ ရုံးမှအပြန်လမ်းတွင် ပြုံးမိသည်။ ရယ်ချင်စရာကောင်းသော ကံကြမ္မာဘ၀အထွေထွေကို တွေးကာ ပြုံးလာမိလေသည်။
တိုက်ရောင်းပြီး အနော်ရထာလမ်း အလုပ်တိုက်နှင့် မျက်နှာချင်းဆိုင်တွင် အခန်းတစ်ခန်း ၀ယ်ယူနေထိုင် ကာ ပုံနှိပ်စက်ကလေး တစ်လုံး ၀ယ်လျက် ပုံနှိပ်လုပ်ငန်းလုပ်လေ၏။

ပုံနှိပ်တိုက်ကြီး ရိုက်ချိုးဖျက်ဆီးခံရ၍ ပျက်စီးသွားပြီးနောက် ပြန်တည်ထောင်ရန် အားခဲကြိုးစားလာခဲ့ရာ ပုံနှိပ်တိုက် တစ်တိုက်ပြန်ဖြစ်လာသည်။ တိုက်ရောင်းပြီး မြေနှင့်အိမ် ပြန်ဖြစ်အောင် ကြိုးစားပြန်သည်။ ကမာရွတ် လှည်းတန်းရပ်ကွက်တွင် မြေကွက်ကလေးတစ်ကွက် မဖြစ်ဖြစ်အောင် ၀ယ်ကာ သွပ်မိုး၊ ပျဉ် ထောင် အိမ်သစ် ကလေးတစ်လုံး မဖြစ်ဖြစ်အောင် ပြန်ဆောက်သည်။ (ယခု မီးလောင် ပြာကျသွားလေ၏)

ပစ္စည်းတွေ ရှေ့က ဆုံးပြီးနောက် သူ ကွယ်လွန်သွားပြီးမှ ဘ၀သစ်ကို ထူထောင်ရာတွင် ဘ၀၏ အခက်အခဲ အဖြစ် နှင့် အပျက်တို့ကို ယှဉ်ပြိုင်စစ်ဆေးကြည့်သည်။ အဖြစ်ဘက်မှ ဘ၀သစ်ကို ပြန်ထူထောင်စ အဘက် ဘက် အဆင်သင့် ထူထောင် ပြီးစီးသွားမှ အဖျက်ဘက်တွင် ဂေဇက်က စက်တွေ လာဖြုတ်သွားပုံ၊ ငွေချေး လျက် စက်ကြီးနှစ်လုံး ပြန်ဝယ်ဖြည့်ပုံ၊ အိမ်ရာသစ် ထူထောင်ပြီးမှ ဧည့်ခန်းမီးလောင်ပုံ၊ ဧည့်ခန်းအစားပြန် ဖြည့်ပုံ၊ သတင်းစာနှင့် ဂျာနယ်ကျော် စောင်ရေထိုးကျသွားပုံ၊ စောင်ရေထိုးကျသွားမှ တိုက်ကို နာလန်မထူ နိုင်အောင် ရိုက်ချိုးဖျက်ဆီးပစ်ကြပုံ၊ လူသေမလောက် ခံရကာ မသာရုပ် ပေါက်နေပုံ၊ လူ မမှတ်မိအောင် ကျန်းမာ ၀ဖြိုးလာပုံ၊ ဘောက်ထော်တိုက် ၀ယ်ပုံ။

ကျွန်မ သည် သူ သေပြီး ရှေ့ပိုင်း ငါးနှစ်အတွင်း အဖြစ်နှင့်အပျက်ကို ယှဉ်ကြည့်မိသည်။ အပျက် လည်း ရှိ၊ အဖြစ် လည်း ရှိသဖြင့် ပျက်လည်း ၀မ်းမနည်းဖြစ်လည်း ၀မ်းမသာသော စိတ်ဓာတ် တစ်စစ ခိုင်မာ လာလေ၏။

ဘောက်ထော်တိုက် ၀ယ်ပြီး အလုပ်မရှိပုံ၊ ကုမ္ပဏီထောင်ပုံ၊ ကြွေးမြေဆပ်ခဲ့ပုံ၊ ကြွေးမြေဆပ်ပြီးမှ ကြွေးမြေ အသစ် တင်လာပုံ၊ လက်ဝတ်လက်စားများ ဘဏ်တိုက် မီးခံသေတ္တာထဲက ဘယ်သူ့ လက်ထဲ ရောက် သွားမှန်း မသိ ဆုံးခဲ့ရပုံ၊ တိုက်ရောင်းရပုံ၊ ဆေးဆရာဖြစ်ပုံ၊ စာပေနယ်တွင် ရောက် သွားပြန်လျက် ၀တ္ထု ဆောင်းပါး ရေးကာ စာရေးဆရာ လုပ်နေပုံ၊ ပုံနှိပ်တိုက် ပြန်ဖြစ်ကာ လှည်းတန်း၌ အိမ်နှင့်မြေ ၀ယ်ပုံ။

နောက်ပိုင်း ငါးနှစ်တွင် ရှေ့ပိုင်းကဲ့သို့ပင် အဖြစ်နှင့်အပျက်သည် ယှဉ်ပြိုင် ရှိနေလေသည်။ ကျွန်မ မှာ ဘယ်လို ပျက်ပျက်၊ ဘယ်လိုကျကျ မလဲဘဲ ပြန်ထောင်သော ပစ်တိုင်းထောင် အရုပ်နှင့် တူနေ လေ၏။
အကျော်အမော် ဗေဒင်ပညာရှိ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်များက ကျွန်မအား ဤသို့ တစ်သံ တည်း ဟောကြ လေ၏။

"မူလဇာတာ ခိုင်လွန်း ကောင်းလွန်းလို့နော်၊ ဒီပြင် မုဆိုးမသာ ဆိုရင် လိမ့်ထွက်သွားတယ်။ ယောက်ျားဆုံးတဲ့ အသက် ၂၈နှစ်က ရာဟုထဲ စ၀င်လာတာ။ ရာဟုသက်က ၁၂နှစ် ရှိတယ်။ အသက်၄၀ကျော်ရင် ရာဟုက လွတ်ပြီး သိုက်ထဲ ၀င်လိမ့်မယ်။ ချမ်းသာလိုက်မယ့်ဖြစ်ခြင်၊ ပိုက်ဆံ တွေ ထည့်ဖို့ သံသေတ္တာ အကြီးကြီး ရှာထား။ အသက်ကြီးလို့ သေသည်အထိ စီးပွားရေးမှာ အဖြစ် ကြီး တွေ့သွားမယ်၊ အပျက်ကို မရှိဘူး"

ကျွန်မသည် ဘာသာတရားကို သဘောပေါက်ကာ ကြည်ညိုလာသည့် လူလားမြောက်သော အရွယ်လောက်ကပင် ဆုတောင်းတစ်ခု ရှိလေ၏။ ထိုဆုတောင်းမှာ အသက်ကြီး၍ ပစ္စည်းဥစ္စာများ ပြည့်စုံ ချမ်းသာ ပေါများ ကြွယ်ဝနေပါချေက ထိုပစ္စည်းတွေကို ခင်တွယ် တပ်မက်နေသည့်ကိုယ် မဖြစ်ဘဲ ထိုပုစ္စည်း တွေကို ကိုယ်က ပြန်စွန့်နိုင်ပါစေ၊ လူတွေနှင့် ဝေးရာ ကျောင်းကန်ဇရပ်၌ နေကာ သံသရာ မနစ်သည့် တရား ကို ရှာနိုင် ကျင့်နိုင်ပါစေသားဟု အမြဲ စိတ်၌ တောင့်တလေ့၊ ဆိုတောင်း လေ့ ရှိသည်။

အသက်အရွယ်ကြီး၍ ပစ္စည်းတွေက မစွန့်လျှင် ကျွန်မက ပစ္စည်းတွေကို စွန့်ပစ်နိုင်စေရန် တောင့်တ ကြံစည် ကြိုတင် ရည်ရွယ်ထားချက်သည် ဗေဒင်ဟောကိန်းနှင့် တစ်ဖက်တစ်လမ်းပင် တည်း။
ရန်ကုန်သတင်း စာတိုက်ရှင် ဆရာမြို့မမောင်က ကျွန်မ၏ ဘ၀ကို ဝေဖန်လေသည်။

"ခင်ဗျားဘ၀ကို ကျုပ် ဝေဖန်ချင်တယ်။ အခက်အခဲ အကျပ်အတည်းဘ၀ကြီးကို လူးလဲ လိမ့်မသွား အောင် ခင်ဗျား ထိန်းနိုင်တဲ့သတ္တိ ရှီတယ်။ တော်တော့ သတ္တိ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားမှာ လိုနေတာက ဘ၀မှာ တစ်လှည့်တစ်ကွေ့ ကျွမ်းပြန်ရင် မတ်တည်ပေးရတယ်။ ကျုပ်ကို ကြည့်လေ ဗျာ။ ကျုပ် မိန်းမ ဆုံးသွားတယ်။ ကျုပ်ဘ၀ဟာ ပျက်သွားတယ် ဆိုရမယ်။ ဒီအပျက်အတိုင်း ကျုပ် မထားဘူး။ လောက သံသရာမှာ နေသေး တဲ့ အခိုက် အပျက်အတိုင်း ကျုပ် မနေဘူး။ ပျက်သွားတဲ့ ကျုပ်ဘ၀ကို အိမ်ထောင်အသစ် ပြန်ထူတယ်။ မိန်းမ ယူတယ်။ ဟော ပြန်ထောင်ပြီးပြီ။ အားလုံး အတည်တကျ ဖြစ်သွားပြီ။ ခင်ဗျား ယောက်ျားယူစမ်းပါ။ အိမ်ထောင် ပျက်နေတဲ့ ခင်ဗျား ဘ၀ကို အိမ်ထောင်ပြန်ထူလိုက်စမ်းပါ။ အိမ်ထောင်ပြုလိုက်ရင် ခင်ဗျားဟာ ထိပ်တန်း ဖြစ်မယ်။ ကျုပ်ပြော တာကို စဉ်းစားစမ်းပါဗျာ။ ဘယ့်နှယ်လဲ့"

ကျွန်မမှာ ဘယ်တော့မျှ အိမ်ထောင် မပြုဘူးဟု သန္နိဋ္ဌာန်ချထားသူလည်း မဟုတ်ချေ။ သို့သော် လည်း အိမ်ထောင်ပြုဖို့ရာ လက်မလွတ်သေးသည့် သားသမီးသုံးယောက်ရှိသော၊ သူများ ၀န်ကြီး ၀င်ထမ်းမည့် တစ်ဖက်သား အတွက် စိတ်အနှောင့်အယှက်၊ စိတ်မပျော်မရွှင် ဖြစ်မှာကို စိုးရိမ်စိတ် ဖြင့် ၀န်လေးခြင်း ဖြစ်သည်။
ကျွန်မမှာ သူပြောတာကို မစဉ်းစားချေ။ အကြောင်းရေစက်ကံကိုလည်း ကိုယ် မသိမမြင်နိုင်သဖြင့် မည်သို့မျှ အဖြေ မပေးဘဲ ဆိတ်ဆိတ်ပင် ပြုံးနေလိုက်သည်။

ကျွန်မသည် ဆယ်နှစ်ခရီးကို ဇာတ်လှန်ကာ စားမြုံ့ပြန်လျက် ဝေဖန်သုံးသပ် လူးလွန့်နေရာက အိပ်မော ကျနေကြသော သားသမီးများကို လှမ်းကြည့်လိုက်လေသည်။ ဆယ်နှစ်ပတ်လုံး သူတို့ အတွက် ရွက်လာ ခဲ့သည့် တာဝန်ကြီးကား ကြီးလေးလှ၏။ သူတို့သည် မုဆိုးမ သားသမီးဟူ၍ မျက်နှာညှိုးငယ်ရခြင်း မရှိကြ။ လူအောက်သူအောက် မကျဘဲ လူတစ်လုံးသူတစ်လုံး ဖြစ်စေကြရန် ရည်မှန်းလျက် ကြိုးစား ခဲ့လေ သမျှ မှန်းခြေ အတိုင်း ရောက်ကာ ကြိုးစားရကျိုးမှ နပ်ပါလေမလား။

သူတို့၏ ရှေ့ရေးကို မျှော်ကြည့်ရင်း အရွယ်မရောက် လူလားမမြောက်ကြသေးသည့်အတွက် ကျွန်မ၏ ဘ၀သည် ခရီးပန်းတိုင်သို့ မရောက်ချေသေးဘဲ၊ ယခုမှ လမ်းခုလတ် ရောက်လာချေ သေးသည်ဟု စဉ်းစားရင်း ဟင်းခနဲ သက်ပြင်းချမိသည်။
စတုဒိသာဇရပ်နှင့် အောင်မင်္ဂလာဇရပ် ကြားရှိ ပေတစ်ရာလမ်းကား ကျွန်မအတွက် ဖြောင့်ဖြူး တိုတောင်း သော လမ်းမဟုတ်ချေ။ တောင်ကြီးနှစ်လုံးကြားတွင် သွယ်တန်းထားသော ကြိုးတန်း ကလေးနှင့် တူလှ ချေ၏။ ကျွန်မမှာ ကြိုးတန်းလျှောက်သူနှင့် မခြား အောက်သို့ တလိမ့်ခေါက်ကွေး ကျလုလု ကျလုလု ဖြစ်ကာ၊ ခြေလှမ်း မတိမ်းအောင် သတိနှင့် ထိန်းလျက် ရင်တဖိုဖိုဖြင့် စွန့်စွန့် စားစား ကုတ်ကတ် လျှောက်ခဲ့နိုင်၍သာ အောင်မင်္ဂလာ ဇရပ်သို့ ရောက်လာခဲ့လျက် တစ်ထောင့် တစ်အောင့် နားခွင့်ရသည်။

အောင်မင်္ဂလာ ဇရပ်ကြီးသည် ဆယ်နှစ်ခရီး၏ မှတ်တိုင်ကြီး တစ်တိုင် ဖြစ်သည်။ ဤမှတ်တိုင်ကြီးမှ ရှေ့သို့ ...။
အောင်မင်္ဂလာဇရပ်ကွက်တွင် လူးလွန့်နေသော သဏ္ဍာန်ကလေးသည် တရေးရေးပျောက်ကွယ် သွားလေသည်။ ကျွန်မ လက်ထဲတွင် ကိုင်ထားသော ကော်ပီစာအုပ်မှ ဆယ်နှစ်ဟူသော ခေါင်းစဉ် စာလုံးမှ မျက်လုံး ခွာလိုက်ကာ သေတ္တာထဲ၌ ရှုပ်ပွနေသော အထည်ပုံကို ကြည့်သည်။ နှုတ်ခမ်းကို ကိုက်ကာ အံကြိတ် လိုက်မိသည်။

တရုတ်ပြည်သို့ ကျွန်မ သွားနေသည့်အခိုက် သားအလတ် မောင်သိန်းတန်သည် သော့ပိတ်ထား ခဲ့သော သေတ္တာ ကို ချိုးဖွင့်လျက် သေတ္တာထဲမှ မခင်လေးမြင့် လက်ဝတ်လက်စားများကိုယူကာ ရောင်းသုံး ပစ်လိုက်၏။ သေတ္တာထဲတွင် အဖိုးထိုကအဖိုးတန် အထည်များလည်း မရှိတော့ချေ။

သူတို့ဖခင် သေပြီး ဆယ်နှစ်မြောက်သော နှစ်၌ မောင်သိန်းတန်နှင့်  မိုးဟိန်းတို့ ခုနစ်တန်းအောင် ကြသည်။ ခုနစ်တန်းအောင်ပြီး မောင်သိန်းတန်သည် ဗထူးမြို့ရှိ စစ်တက္ကသိုလ်ကျောင်းကို ပို့ရန် အတန်တန် ပူဆာသည်။ ခုနစ်တန်းတွင် ကျောင်းတတ်နေရင်းပင် ခုနစ်တန်းအောင်လျှင်  စစ်ကျောင်း သွားမည်ဟု ပြောချည်းနေသည်။ ကျွန်မက ဆယ်တန်းအောင်မှသွားရန် ချော့ပြော သည်။  ကလေးသုံးယောက် အနက် မောင်သိန်းတန်သည် အစွဲအလမ်းကြီးသူ ဖြစ်၏။

သူ့ကြောင်း သိ၍ ကျွန်မက သွားလိုက်လည်း သွားစေတော့ဟု ခွင်ပြုလိုက်သည်။ စစ်သက္ကသိုလ် ကျောင်းမှ ဗိုလ်ကြီး ဘသောင်းနှင့် တွေ့ဆုံရန် စစ်ရုံးသို့ ခေါ်သွားသည်။ ဗိုလ်ကြီးဘသောင်းမှာ ၀မ်းမြောက် ၀မ်းသာ ဖြင့် စာမေးပွဲဖြေရန် စာရင်းပုံစံ သွင်းရမည့် စာရွက်ကို သူလာပို့မည့်ဟု ချိန်းလိုက်၏။
သူသည် စစ်ရုံး မှ အိမ်သို့အပြန်-
စစ်ကျောင်း သွားရပြီကွဟု သံကုန်ဟစ်ကြွေးလျက် လှေကားကို သုံးလေးထစ်ကျော် ခုန်းပြေး တက်လာ လေ၏။

ထိုနေ့ ညနေ၌  ၀မ်းမြောက်ဝမ်းသာ ဆွေ့ဆွေ့ခုန်နေလျက် ပျော်မြူးနေလေသည်။ စစ်ကျောင်း သွားတော့ မည့် အကြောင်း ကို နားငြီးစရာကောင်းအောင်ပင် ဆူညံပြောဆိုနေသည်။ ကျွန်မက နား ငြီး လာကာ သည်လောက် ဖြစ်ရသလားဟု ကြိမ်းမောင်းရသည်။
ဝမ်းသာလွန်း လို့ပါ မေမေရာဟုဆိုကာ စစ်သားဟန်ပန် စစ်ရေးပြလျက် မျက်စီနောက်လောက် အောင် အူမြူး နေလေသည်။
သူသည် ခုနစ်တန်း၌ ကျောင်းတတ်နေစဉ် သူ့သယ်ငယ်ချင်းအိမ် သွားရင်ဗထူးမြို့မှ စစ်ဗိုလ်တစ်ဦး နှင့်သိကျွမ်း လေ၏။ မင်းအင်္ဂလိပ်စကားပြောသိပ်ကောင်းတယ်။ စစ်ကျောင်း လာပါလားကွာ။ စစ်ကျောင်း ဆင်းရင် မင်းကို နိုင်ငံခြား စစ်ပညာသင် ရွေးမှာ အမှန်ပဲ။ စစ်ကျောင်းသာလာခဲ့ဟု ဆွဲလေ၏။

နိုင်ငံခြားသို့ စစ်ပညာသင်  သွားရမည့်ဟု စစ်ဗိုလ်က ပြောလိုက်ကတည်းက သွားချင်လွန်း၍ ရူးနေသည်။ မိခင်က သွားရန်ခွင့်ပြုသည်နှင့် ကလေးစိတ်ဖြင့် မိုးမမြင် လေမမြင် မွှန်နေလေသည်။
ကျွန်မသည် နေးရှင်းသတင်းစာတွင် ဗထူးမြို့ စစ်ကျောင်းဝင်ရန် ကျောင်းသားများခေါ်သော ကြောင့် လှန်ကြည့်လိုက်ကာ စိတ်ထဲထင့်သွားလေ၏။

ကြော်ငြာထဲ၌ မောင်သိန်းတန် အောင်သောနှစ်က ကျောင်းသားများကိုခေါ်ခြင်း မဟုတ်ဘဲ၊ တစ်နှစ် စော၍ အောင်ထားသော ကျောင်းသားများသာ သွားနိုင်ခွင့် ရှိနေသည်။
ကျွန်မသည် ယခုနှစ် စစ်ကျောင်း မသွားနိုင်သေးကြောင်း၊ ကျောင်းဆက်နေရန် ပြောပြကာ နေရှင်းသတင်းစာ ကို ပြလိုက်သည်။ သူသည် သတင်းစာဖတ်ပြီး စိတ်အပျက်ကြီး ပျက်သွားလေ၏။
ကျွန်မ က ရှစ်တန်း၌ ကျောင်းဆက်ထား၏။ စစ်ကျောင်းမသွားရသဖြင့် ကျောင်းစာကို စိတ်မပါတော့ ချေ။ စစ်ကျောင်း မသွားရ၍ မကြည်မသာ မကျေမချမ်း ဖြစ်နေလေ၏။ ကျောင်းနေချိစိတ် ပျောက်ကာ ကျောင်းပြေး များနှင့် ပေါင်းမိသွားသည်။ ကျောင်းတတ်ဟန် သွားလျက် ကျောင်းပြေး နေလေတော့သည်။

ကျောင်းပြေး စိတ်လေနေသည့်အခိုက် တစ်နေ့တွင်  သူ့ဖခင်၏ မိတ်ဆွေရုပ်ရှင်ဒါရိုက်တာ တစ်ဦး နှင့် ဆုံမိကြသည်။
မင်းကြီးရင် ဘာလုပ်မလဲဟု  ကားအတူ စီးသွားရင်း လှမ်းမေးသည်။
ကျွန်တော် စာရေးဆရာ လုပ်ချင်တယ်၊ ရုပ်ရှင်မင်းသားလည်း လုပ်ချင်တယ်။

မင်းအဖေ ဟာ လောကအကြောင်းကို  ဘာမှ သိသွားတဲ့လူ မဟုတ်ဘူးကွ၊ လူရိုးလူအကြီး၊ မင်းလုပ်ချင်း တာတွေ အကုန်လျှောက်လုပ်စမ်း။ လောကအကြောင်းကို အကုန်သိအောင် လုပ်စမ်း။ အိမ်က ထွက် ပြေးချင်လည်း ပြေးကွ။ ငါဟာ ငယ်ငယ်က အိမ်က ထွက်ပြေးသွားတဲ့ကောင်ကွ။ လုပ်ချင်ရာ လုပ်စမ်း
သူ့အဖေ မိတ်ဆွေ ပြုံးစိပြုံးစိဖြင့် ပြောပြသွားခြင်းကို အဟုတ်ကြီးမှတ်ကာ သွေးကြွသွားလေ၏။ များမကြာမီ ကျွန်မ အလစ်တွင် ရွှေလက်ကောက် တစ်ဖက် နှင့် နာရီကို ယူကာ အိမ်မှ ပြေးလေ၏။

ကျွန်မမှာ ဒေါင်းတောက်အောင် လိုက်ရှာရသည်။  သူ့သတင်းစနည်းနာရင်း လိုက်ရှာရာ မော်တော် ပီကယ် ပုလိပ်တန်းလျား တွင် ပုလိပ်အိမ်ခန်းထဲ၌ သူ့ကို သွားတွေ့သည်။    
အိမ်မှထွက်ပြေးသွားသော အချိန်အတွင်း အံ့သြလောက်အောင် ပြောင်းလဲသွားကာ ပျက်စီးသွားလေသည်။ သူသည် အရက်သောက်ကြည့်သည်။ ဖဲဝိုင်းတကာ ရောက်သည်။ ရှပ်ရှင်၊ ပြဇာတ်၊ တီးဝိုင်းမျိုးစုံမှ လူတကာနှင့် ကျွမ်းသည်။  ရန်ကုန်တစ်မြို့လုံးနေရာအနှံ ရောက်ဖူး၏။
 စစ်ကျောင်းသွားရန် စိတ်ပျောက်သွားကာ လောကကြီး  အကြောင်းကိုအစုံအကုန် သိချင် စမ်းချင်း နေတော့ လေ၏။
ကျွန်မမှာ သူ့ကို ကျောင်းပြန်လွှတ်မရ၍ စိတ်လေမသွားရန် မျက်စိအလစ်မပေးပဲ သွားလေရာ ခေါ်သွား သည်။ တစ်နေ့တွင် ထောင်မှ လွတ်လာသော ဗန်းမော်တင်အောင်ကို သွားတွေ့ရာ လင်းယုန်တိုက် သို့ သူပါလာသည်။

သူသည် နောက်တစ်နေ့ လင်းယုန်တိုက်သို့ ထွက်သွားကာ ဦးလေက သူ့ဆီးကို ခဏ ခဏလာရမည် ခေါ်ကြောင်း ပြောလာ၏။ ကျွန်မမှာ တခြားသွားနေမည့်အစား လင်းယုန်တိုက်တွင် ရှိနေစေဟု ကိုတင်အောင်ကို သွားအပ်ကာ ကြိုးရှည်နှင့်  လှန်းထားလိုက်သည်။  ထောင်မှလွတ် လာသော သူ့ဦးလေး ဗန်းမော်တင်အောင်ကို အားကျလာလေသည်။ ထောင်အကြောင်းကို စွဲလမ်းနေ၏။ ထောင်တိုက်သို့ မလွှတ်ဘဲ တားမြစ်ထားလိုက်သည်။

ကျွန်မမှ စီးပွားရေထက် သူ့အတွက်က အတော်ကြီး စိတ်သောက ရောက်ရပြန်ချေသည်။ စီးပွားရေး တစ်ဖက်၊ အိမ်တစ်ဖက်၊ အလုပ်တစ်ဖက်၊ သားသမီးရေး၊တစ်ဖက်ဖြင့် အပူတွေ ၀ိုင်းနေ သော ဘ၀ ကို ကြာလေ စက်ဆုပ်လာလေသည်။ အရွယ် မရောက်တရောက် ယောက်ယက်ခတ်နေ သော သူ့အတွက် ကြောင့် ခုမှ သာခက်လာချေပြီဟု စိတ်ညစ်ညူးနေ၏။
ကျွန်မသည် သေတ္တာထဲမှ ပစ္စည်းများကို  ဘာရှိ၍ ဘာကျန်မှန်း မသိချင်း၊ မကြည့်ချင်ဘဲ ဆောင့်ပိတ် ပစ်လိုက်ကာ ဆယ်နှစ်ဟု ရေးထားသော ကော်ပီစာအုပ်သာ ဆွဲထုတ်ယူလိုက်သည်။
တရုတ်ပြည် မှ ပြန်လာပြီး ၁၅ရက်ခန့် စိတ်အိုက်လျက် ရှိ၏။ အလုပ်ကိုလည်း စိတ်မ၀င်းစားချေ။ စာလည်း မရ။ ပြဿနာအရပ်ရပ် အဖြေရှာကာ အချိန်ကုန်နေစဉ် အင်္ဂပူမြို့ အင်္ဂပူကျောင်းတိုက် ဆရာတော်ထံမှ စာရောက် လာသည်။

တမ္မံသတ္တ ၀ိဘဇ္ဇတိ၊ ကမ္မံ-ကုသိုလ် အကုသိုလ်ကံသည်  သတ္တ၀ါတို့ကို  စီမံ ဖန်းဆင်း၏။ ဤဘုရား စကားတော်အရ၊ သေဆိုတာ ကံစီမံတာပဲ။ ပဋိသန္ဓေနေရတာလည်း ကံစီမံတာပဲ။ အိုခြင်း၊ နာခြင်း၊ ကွေကွင်းခြင်း၊ ဘေးရန်နှင့်တွေ့ခြင်း၊ ဘေးရန်မှလွတ်ခြင်း၊ ဥပဒ္ဒဝေါနှင့် တွေ့ခြင်း၊ အခြံအရံ မရှိခြင်း၊ လာဘ် ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံရှိခြင်း၊  အခြံအရံ၊ ပညာရှိ မိဘနှင့် ကြုံရခြင်း၊ ပညာမဲ့ မိဘနှင့် ကြုံရခြင်း၊ သားသမီးမိုက် နှင့်ကြုံရခြင်း၊ လိမ္မာသော သားသမီးနှင့် ကြုံရခြင်း၊ မိတ်ဆွေဆိုးနှင့် ကြုံရခြင်း၊ မိတ်ဆွေကောင်း နှင့် ကြုံရခြင်း၊ ၀ဋ်ဆင်းရဲ၌ တပြောင်းပြန် ပြန် ကျင်လည်ခြင်း၊ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း စသည့်တို့၏ ကောင်းဆိုးနှစ်တန် ကံစီမံတာ ချည်းပဲ တပည့်။

ဥာဏ်ကို ထက်အောင်သွေး၊ ကံကို နက်အောင်ထေး၊ ဥာဏ်ကို မသွေးကလိုရာမရောက်၊ ကံကို မထေးက ယိုကာ ပျောက်။  ငါတပည့်နှိုင်းထောက်ချင့်မြော်၊ အခွင့်တော်ခိုက်၊ သင့်လျော်စိတ်ကူး၊ ကံကို နက်အောင် ထေး၊ ဥာဏ်ကိုလည်း ထက်မှစူး၊  သို့မှ နောင်ခါ အကျိုးထူး၍ သံသရာ ကြာကြာ မနစ်ဘူး။
ပဉ္စက္ခန္ဓာ-ခန္ဓာငါးပါးကိုလည်း၊ နိရတ္တကာ-အနည်းငယ်မျှ၊ ၀ိပါကမျိုး အကျိုးမရှိကုန်။
                            ဓမ္မသုခ-ဆရာတော်
ကျွန်မသည် ဆရာတော်စာကို ခေါက်ခေါက် ဖတ်ရင်းမှ ပြဿနာအရပ်ရပ်အတွက် အဖြေရှာရသွား လေသည်။ ကျွန်မအဖြေသည် ဆယ်နှစ်မြောက်အထိမ်းအမှတ်အတွက် ရေးထားခဲ့သော စာရွက်မှ ခေါင်းစဉ် ဆယ်နှစ် ပင်ဖြစ်လေသတည်း။

ကျွန်မသည် သားသမီးသုံးယောက်ကို မျက်နှာစုံညီခေါ်ကာ စိတ်ထဲရှိတာ သိကြအောင် ဖွင့်ပြောပြ လိုက် သည်။
မင်းတို့ အတွက် မေမေဘယ်လောက် ဒုက္ခရောက်ရတယ်၊ ပင်ပန်းရတယ်ဆိုတာ မင်းတို့ကို ပြော ပြဖို့ မလိုဘူး။ မင်းတို့ကိုယ်တိုင် သိတတ်တဲ့အရွယ်ရောက်ကြပြီ။ အရင်တုန်းက မေမေ့စိတ်ထဲမှ မင်းတို့ကို  မင်းတို့ အဖေလို လူတစ်လုံးသူတစ်လုံးကြီး ဖြစ်စေချင်ပြီး သူများသားသမီးနဲ့ မတူ အောင်ငွေကုန်ကြေးကျ ခံခဲ့ လေသမျှဟာ မေမေ့ဒုက္ခ မေမေရှာခဲ့တာပဲ။ ဖအေတော်တိုင်းသားသမီး တော်ရမယ် မှတ်နေလို့ မဖြစ်ဘူး ကွ။ သူ့ကံနဲ့သူ ဖြစ်ကြတာ။ မင်းတို့ မေမေ အခုစိတ်ပြောင်းသွား ပြီးလို့ မှတ်လိုက်ပေတော့။ မင်းတို့ အတွက် နေရေးထိုင်ရေး၊ ၀တ်ရေးစားရေး၊ ကျောင်းစရိတ်၊ ဒီဘက်ကလည်း မေမေပူ၇တယ်။ မင်းတို့ စိတ် မင်းတို့ အကျင်တွေ အတွက်လည်း မေမေက ပူရမယ်ဆိုရင် မေမေ့ အသည်းနှလုံးဟာ ကျွမ်းသွား တော့မှပဲ။

ရှေ့လျှောက် မင်းတို့ကို ကျောင်းမထားနိုင်မှာသာ ပူတော့မယ်။ မင်းတို့ နေရေးထိုင်ရေး မပြည့်စုံ မှာ၊ လူတန်း မစေ့မှာသာ ပူတော့မယ်။
မေမေက ကျောင်းထားလျက်နဲ့  မင်းတို့က ပညာမသင်လို့ ပညာမတတ်ရင် မတတ်နိုင်ဘူး။  ပူလိမ့်မယ် မဟုတ်ဘူး၊ မပူတော့ဘူး။ မေမေက လိမ္မာအောင်ဆုံးမ သွန်သင်လျက်နဲ့ ထူးချွန်ပြီး မိုက်ကြရင်လည်း မတတ် နိုင်ဘူး။ လူလိမ့်မယ် မဟုတ်ဘူး။ မပူတော့ဘူး။ မနေ့က စပြီးမှတ်ထား ကြတော့။ မေမေတော့ မင်းတို့ တာဝန်ကြီးကို ထမ်းမှာ ရှေ့ဆက်နှစ်ပဲ။ ရှေ့ဆယ်နှစ်ဆိုရင် မင်းတို့ သုံးယောက်စလုံး လူလား မြောက် တဲ့ အရွယ် ရောက်နေကြပြီ။  လူလားမြောက်ပြီး အရွယ်ရောက် တာသာလိုရင်းပဲ။ အဲဒီအချိန် မှာ ပညာ တတ်တာ။ စီးပွားဥစ္စာနဲ့ ပြည့်စုံနေတာ မင်းတို့ကံနဲ့မင်းတို့ ပဲ။ ဆယ်နှစ်ပြည့်တာနဲ့ တစ်ချက်တည်း မေမေ အေးရာအေးကြောင့် သွားချင်တယ်ကွာ
သူတို့သုံးယောက်အနက် မိုးဟိန်းသည် စိုက်နားထောင်နေရာက မျက်လုံးမျက်ဆန်ကြီး ပြူးသွား လျက် မေမေ က ဘယ်သွားချင်းတာလဲဟု အလန့်တကြား မေးလိုက်သည်။
"ဇရပ်ကွယ်....ဇရပ်"

(ရှုမ၀၊ စက်တင်ဘာ ၁၉၅၇)
.

5 comments:

Rita said...

တကယ်တော့ သားသမီးတွေကို မိဘနဲ့ ကပ်ပြီး ထားနိုင်တာ အကောင်းဆုံးပဲ ထင်တယ်။ ကပ်ထားတိုင်းလည်း ကောင်းမယ်၊ ကွာထားတိုင်းလည်း ဆိုးမယ် မဆိုနိုင်ပေမယ့် ကပ်ထားနိုင်တဲ့နည်းကသာ အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်တယ်။

နွေဆူးလင်္ကာ said...

ဒေါ်ရွှေစင်ဦးကြီး .. ကျနော့်ဆီမှာ update မဖြစ်ပါဘူးထင်နေတာ .. ခင်ဗျားကြီးက ဝယ်လိုက်တာကိုး .....

Anonymous said...

ဆယ်ကျော်သက်အရွယ်ဆိုတာ သိပ်ကိုအထိမခံတာနော်။
သူ့သားကြီးကိုပြောလိုက်တဲ့ လူကို သတ်ပစ်ချင်တယ်။
ကလေး သူ့ဟာလေးနဲ့ သူနေတာကို။

အမှန်က အမေလုပ်သူနဲ့ ကလေးတွေအမြဲအတူနေမှ အမေပင်ပန်းပုံတွေကို သိမှာ..အခုတော့ တခြားစီနေတော့ ကလေးတွေက ငွေတန်ဖိုးလည်းမသိ မိဘဘယ်လိုရှာတာလဲမသိ
ကလေးတွေနဲ့ အနီးကပ်မနေနိုင်တော့... ကလေးတွေလည်းစည်းလွတ်သွားတာဖြစ်မယ်။

ဘာပဲဖြစ်ဖြစ် ဂျာနယ်ကျော်မမလေးလဲ သူအားလုံးကိုတော့ ဘယ်တတ်နိုင်ပါ့မလဲ..သူကြုံခဲ့တာတွေကလည်း ဟုတ်တယ်နော် တော်ရုံလူဆို...တော်တော်နဲ့ ပြန်ထနိုင်မှာမဟုတ်ဘူး။. တော်တော် ထက်ပေလို့ပဲ.

Myatnoe

Anonymous said...

မြှောက်ပေးတဲ့လူကြီး မသေခင် သူ့လုပ်ရပ်သူ နောင်တမှ ရသွားရဲ့လားမသိဘူး။

သူမြှောက်ပေးလိုက်တဲ့သူလဲ အသိုင်းအဝိုင်းကောင်းမှာ လူဖြစ်လာပါရက်နဲ့ ဘာမှ မဖြစ်ထွန်းပဲ အလဟဿ ဖြစ်သွား။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းလဲ ဒုက္ခရောက်။

မောင်သိန်းနိုင်လဲ ပါပမိတ္တနဲ့ တွေ့ပြီး ပျက်စီးဖို့ ဝဋ်ကြွေးပါလာပုံရတယ်။

Anonymous said...

ထိုဆုတောင်းမှာ အသက်ကြီး၍ ပစ္စည်းဥစ္စာများ ပြည့်စုံ ချမ်းသာ ပေါများ ကြွယ်ဝနေပါချေက ထိုပစ္စည်းတွေကို ခင်တွယ် တပ်မက်နေသည့်ကိုယ် မဖြစ်ဘဲ ထိုပုစ္စည်း တွေကို ကိုယ်က ပြန်စွန့်နိုင်ပါစေ၊ လူတွေနှင့် ဝေးရာ ကျောင်းကန်ဇရပ်၌ နေကာ သံသရာ မနစ်သည့် တရား ကို ရှာနိုင် ကျင့်နိုင်ပါစေသားဟု အမြဲ စိတ်၌ တောင့်တလေ့၊ ဆိုတောင်း လေ့ ရှိသည်။

I like this very much.

Ray