(၃)
"သက်ကြီးခေါင်းချ" ကြက်တွန်သံပင် ထွက်ပေါ်လာပြီဖြစ်၍ ချောင်းဟန့်သံ၊ ဘုရားရှိခိုးသံ၊ မေတ္တာ ပို့ အမျှဝေသံ၊ တဝေေ၀ ကြေးစည်သံ စသော သက်ကြီးများကို ကိုယ်စားပြုသော အသံများအား လုံးဆိတ်သုဉ်း လေပြီ။ ယခုအချိန်တွင် သက်ကြီးများသည် အိပ်ရာထက်တွင် လဲလျောင်းရင်း သူတို့ ကူးပြောင်း ရတော့မည် ဖြစ်သော နောင်တမလွန်ဘ၀ကို အိပ်မက်ပင် မက်နေရှာပေတော့မည်။
သက်ကြီး များ၏ အသံများ တိတ်ဆိတ်ပြီဖြစ်၍ လုလင်များ၏ အသံများတစ်စခန်း ထလိုက်ပြန်၏။
ပလွေသံ၊ တေးဆိုသံ၊ အိမ်ကြီးရှင် အပျိုချောတို့ကို မကြားတကြား စောင်းချိတ်ပြောဆိုသံ၊ အချင်းချင်း နောက်ပြောင် ရယ်မော သံစသောလုလင်များကို ကိုယ်စားပြုသော အသံများကား တစ်စခန်း ထလာပြန် ပေပြီ။ မယ်စိန်သည် ယခုအချိန်တိုင်အောင်ပင် အိပ်ချင်စိတ် မရှိသေးသဖြင့် လျှောက်ပြန်သံပေး နည်းဖြင့် ဖိုသံပေး နေကြသော လုလင်များ၏ အသံကို နားစိုက်နေမိပြန်၏။ မယ်စိန်တို့အိမ်နှင့်မနီးမဝေးတွင် ဟိန်း နေအောင် ဆောက်ထားသော အိမ်ကြီးရခိုင် တစ်ဆောင် သည် မားမားမတ်မတ် တည်ရှိနေသည်။
ထိုအိမ်ကြီးတွင် သမီးချောများ ပေါများလှသော အင်းသားကြီး မောင်နှံ နေထိုင်သြည်။ ရပ်ရွာရှိ လုလင်များ သည် ညဥ့်အချိန်တွင် အိမ်ကြီးအနီး၌ ရစ်သီရစ်သီလုပ်ကာ ဖိုသံပေးတတ်ကြသည်။ သို့သော် အိမ်ကြီးရှင် အပျိုချော များကား ဓနဂုဏ်၊ အလှဂုဏ်မောက်ကာ တော်ရုံတန်ရုံ လုလင်များကို လူမထင်အောင် မာန မိုးမွှန်နေကြသည်။ ရွားနီး ချုပ်စပ် ကြေးရတတ်သားများကိုသာ မျှော်မှန်းကြသည်။ ထိုအိမ်တွင်း သို့ ကြေးရတတ် သားများ သာ ၀င်ထွက်သွားလာ၍ ရင်းနှီးစွာ ကူးလူးဆက်ဆံခွင့် ရကြသည်။ ရွပ်ရွာရှိ ဓနဥစ္စာ ချိုးတဲ့သော လုလင်များမှာမူ ထဲဝင်ပြင်ထွက်ဖြင့် ရင်းနှီးစွာ ဆက်ဆံ ပိုးပန်းခွင့် မရကြသောကြောင့်၊ ညဥ့်အချိန် ၌သာ အိမ်ကြီးအနီးတွင် ရစ်သီရစ်သီ လုပ်ရင်း လျှောက်ပြန် သံပေးနည်းဖြင့် ပိုးပန်းကြရသည်။
မယ်စိန်သည် ထိုအိမ်ကြီးအနီးတွင် လျှောက်ပြန်သံပေး၊ လုပ်နေကြသော လုလင်များအသံကို နားထောင်ရင်း သူမနှင့် ကိုဒေါင်းစိန်တို့ ငယ်ရွယ်စဉ် အပျိုလူပျိုဘ၀ကို ပြန်လည်မြင်ယောင် လာ၏။ သူတို့၏ သမီးရည်းစား ဘ၀မှာ အဆင့်အတန်း တူညီကြသဖြင့် ခက်ခဲခြင်း မရှိ။ နှစ်ဦး စလုံး လက်လုပ် လက်စား သာမန်ဆင်းရဲသား သားသမီးချင်းဖြစ်၍ အနှောင့်အယှက် အဖျက်အဆီးနှင့် မတွေ့ကြုံရဘဲ၊ သမီး ရည်းစား ဘ၀မှ လင်မယားဘ၀သို့ အလွယ်တကူပင် ကူးပြောင်းရောက်ရှိ ခဲ့ကြ၏။
ကိုဒေါင်းစိန် သူမအား ပထမဆုံးအကြိမ် လူပျိုစကား ပြောသော အတိတ်ကို ပြန်လည် တွေးတော မိပြန်တော့ ဣနြေ္ဒမဆည်နိုင်အောင် ပြုံးလိုက်မိ၏။ သည်တုန်းက မယ်စိန်မှာ ကက်ကက်လန် ဆတ်ဆတ်ကြဲ မိန်းကလေး ဖြစ်၍ တော်ရုံတန်ရုံ ကာလသားများ အနားမကပ်ဝံ့ချေ။ ကိုဒေါင်းစိန်မှာ လည်း လူရိုးလူအေး ဖြစ်၍ ဘယ်မိန်းကလေးကိုမှ ပိုးတတ်ပန်းတတ်ခြင်း မရှိ။ ဒီနှစ်ယောက် လာတွေ့ရပုံမှာ တကယ်တော့ ဆန်း သည်။
တစ်နေ့ မယ်စိန်သည် လယ်ကွင်းထဲတွင် တစ်ယောက်တည်း ကောက်သင်း ကောက်နေစဉ် ကိုဒေါင်းစိန် ပြုံးဖြဲဖြဲ မျက်နှာပေးဖြင့် ရောက်လာကာ "မယ်စိန်၊ နင်တို့အိမ် ခွေးဘယ်နှစ် ကောင်ရှိသလဲ" လာမေး၏။ "ကျုပ်တို့ အိမ် ခွေးနှစ်ကောင် ရှိတာပေါ့တော်၊ အဲဒါတော်က ဘာလုပ်မလို့တုံး"ဟု သူမက ပြန်အမေးတ်ွင် "ငါပါနဲ့ ဆို သုံးကောင်ပေါ့"ဟု ခပ်တည်တည် ပြောကာ သူမ၏ အပါးမှ လျင်မြန်သော အဟုန်ဖြင့် ထွက်ခွာ ပျောက်ကွယ်သွား၏။
သည်တော့မှ မယ်စိန်သည် ကိုဒေါင်းစိန် သူမအား လူပျိုစကားပြောသွားမှန်း သိလိုက်ရ၏။ သို့သော် ကိုဒေါင်းစိန် ပြောသော လူပျိုစကားမှ ဇာတ်ထဲမှ လူပြက်က ပရိတ်သတ် ရယ်မောရ အောင်ပြက်လုံး ထုတ်သော လူပျိုစကား ကိုပင် အဟုတ်ကြီးထင်ကာ တိုက်ရိုက် ပုံတူကူးချပြီး လာပြောခြင်းဖြစ်ကြောင်း သဘောပေါက် သွားသည်နှင့် တစ်ပြိုင်နက် ဣနြေ္ဒမှ မဆည်နိုင်ဘဲ ခွက်ထိုးခွက်လန် ရယ်မိတော့၏။ လူပျို စကား ကိုမှ ကာရန်ဝါကျ ညီအောင် မပြောတတ်သည့် ကိုဒေါင်းစိန်က စိတ်မဆိုးမိသည့်ပြင် သနား ကရုဏာ ပင် ဖြစ်မိသေး၏။
နောက်တစ်ကြိမ် လူချင်းအဆုံးတွင်လည်း "နင်တို့အိမ် ဆန်ဘယ်နှလုံး ချက်သလဲ"ဟု ကိုဒေါင်းစိန် က မ၀ံ့မရဲ အမေးတွင် "တော်ပါနဲ့ဆိုရင် ငါးလုံးပေါ့"ဟု မယ်စိန်က ရှက်ကြောက်တွန့်ဆုတ်ခြင်း မရှိ ဘဲ ကိုဒေါင်းစိန် ပြောမည့်စကားကို ကြိုတင်၍ ပြောချလိုက်သဖြင့်၊ ကိုဒေါင်းစိန်မှာ 'ဟာ'ဟုဆိုတာ တစ်ခါတည်း လစ်ပြေး တော့၏။
တစ်ခါတည်း ညဘက်လ သာသာတွင် မယ်စိန်တစ်ယောက်တည်း ငါးကျည်းကျပ်တိုက်နေရာ ကျပ်စင်သို့ ကိုဒေါင်းစိန် ရောက်လာကာ 'လကလေးသာလိုက်တာနော်'ဟု လုပ်လာပြန်၏။ မယ်စိန်က ကိုဒေါင်းစိန် ပြောမည့် စကားကို ကြိုတင်၍သိထားသော်လည်း သိထားသလို ထုတ်ဖော် ပြောလိုက်က တစ်ခါတုန်းကလို လစ်ပြေးမည် စိုးသည့်အတွက် 'လသာတော့ ဘာဖြစ်သလဲ'ဟု စကားလမ်းပင် ခင်းပေးလိုက်၏။ ဒီတော့ ကိုဒေါင်းစိန် က 'လသာတော့ .......အင်း............အင်း'ဟု ဆက်ရမည့် စကားကိုပင် မဆက်ရဲတော့သလို အူကြောင်ကြောင် လုပ်ကာ ထွက်ခွာခဲ့ရာတွင် မယ်စိန်က 'သေချင်းဆိုးကြီး'ဟု ဆိုကာလှမ်း၍ မျက်စောင်းချိတ် လိုက်၏။
သို့သော် မယ်စိန်၏ သေချင်းဆိုးကြီး ဆိုသည်မှာ "ရှင့်ကိုလဲ ကျွန်မက ချစ်ပါတယ်။ ဒါကြောင့် ရှင့် အချစ် ကိုလည်း လက်ခံပါပြီ"ဟု ဆိုလိုခြင်း ဖြစ်ကြောင်း ကိုဒေါင်းစိန် နောက်မှ တအ့တသြ သိရှိရ ၏။ ကိုဒေါင်းစိန်က ထူးဆန်းသော စကားဖြင့် ချစ်ခွင့်ပန်သလို မယ်စိန်ကလည်း ထူးဆန်းသော စကားဖြင့်ပင် ကိုဒေါင်းစိန်၏ အချစ်ကို တုံ့ပြန်လက်ခံခဲ့၏။ သူတို့နှစ်ဦးမှာ ချစ်ကြိုတ်ပြီး လင်မယား ဘ၀သို့တိုင် ရောက်ခဲ့ကြရသည်။
ငယ်ရွယ်စဉ် အပျိုလူပျိုဘ၀၊ သမီးရည်းစားဘ၀သို့ ပြန်၍တွေးလိုက်တော့ မယ်စိန်၏ မျက်နှာမှာ ပြုံးယောင် သမ်းလာပြီး နုနယ်ပျိုမျစ်သော အသွေးအရောင် ကလေးများမှာလည်း သူမ၏ မျက်နှာတွင် ၀င်းလက် လာသည်။ အလုပ်ဆင်းသော ကိုဒေါင်းစိန်အတွက် စိုးရိမ်ကြောင့်ကြသော စိတ်မှာလည်း အခိုက်အတန့်မျှ ပျောက်လွင့် နေကြ၏။
'နှစ်ဆောင်ပြိုင် အိမ်ကြီးနဲ့......သမီးက ခြောက်ကောင်း၊ ရည်းစားပေါင်း သောင်းခြောက်ထောင် ငယ်၊ အို............ရည်းစားပေါင်း သောင်းခြောက်ထောင်ငယ်......... တစ်ကောင်လျှင် နှစ်ပြား...... ယောက္ခမကြီး ကလက်ပုံရယ်......ဪ........ယောက္ခမကြီး ကလက်ပုံရယ်.....သမက်ကုန်ကူး တော့မှာလား......... ..အား.......... အား' လျှောက်ပြန်သံပေး လုပ်နေကြသော လုလင်များကား သူတို့ ရင်းနှီးစွာ ၀င်ထွက် ပိုးပန်းခွင့် မရသော အိမ်ကြီးရှင်များသို့ ရည်ညွှန်း၍ စောင်းချိတ်နေကြ ၏။ အချို့က ပါးစပ်ဆိုင်းဖြင့် လိုက် ပေးကာ အော်ဟစ်ဆူညံ နေကြ၏။ ထိုအချိန်တွင် အိပ်တန်းမှ ကြက်ဖကြီးသည် တောင်ပံကို တဖျတ်ဖျတ် ရိုက်ကာ တတိယ အကြိမ်မြောက် တွန်ကျူးလိုက်ပြန် ၏။
'အောက် အီး အီး အွတ်'
"လုလင်" ပြန်လေ။
(၄)
လုလင်ပြန် ကြက်တွန်းသံပင် ထွက်ပေါ်လာပြီဖြစ်၍ လုလင်များကား ပြန်ကုန်ကြလေပြီ။ ထို့ကြောင့် ပလွေသံ၊ တေးဆိုသံ၊ နောက်ပြောင်ရယ်မောသံ စသော လုလင်များကို ကိုယ်စားပြု သောအသံများအားလုံး ဆိတ်သုဉ်း လေပြီ။ ယခုအချိန်တွင် လုလင်များသည် အိပ်ရာထက်တွင် မှေးစက်မျဉ်းစွေ့ရင်း ချစ်သူ လုံမငယ် နှင့် တူနှစ်ကိုယ် ဆုံတွေ့ကာ ချစ်ဗျူဟာကျင်းသည့် အိမ်မက် ကောင်းကိုပင် မက်နေကြ ပေတော့မည်။
သူငယ်များသည် အိပ်ကြလေပြီ။ သက်ကြီးများလည်း ခေါင်းချကြလေပြီ။ လုလင်များလည်း ပြန်ကြ လေပြီ။ လူသံများ အားလုံးတိတ်ပြီးဖြစ်၍ တိရစ္ဆာန်များ၏ အသံသာလျှင် လွှမ်းမိုး ကျန်ရစ်သည်။ ခွေးဟောင်သံ၊ ပုရစ် အော်သံ၊ ခွေးအူသံ၊ ညဥ့်ငှက်များ၏ အော်မြည်သံများက တစ်ခါတစ်ရံ ပျံလွင့် လာတတ်သည်။
လူသံသူသံဟူ၍ မကြားရတော့။ မယ်စိန်မှ ပို၍သာ အားငယ်သလို ရှိလာမိ၏။ ဦးဘိုးဂေါင် အား တစ်ညလုံး ဘုရားရှိခိုးသံများ ကို ထိုင်၍ ရွတ်ဆိုနေစေချင်သည်။ လုလင်များအားလည်း တစ်ညလုံး လမ်းသလားကာ လျှောက်ပြန်သံပေး လုပ်နေစေချင်သည်။ ဒါမှ သူမသည် ဤအသံများကို ကြားနာစူးစိုက်ရင်း စိုးရိမ် ကြောင့်ကြသော စိတ်များကို မေ့ပျောက်ထားနိုင်ပေမည်။
ယခုတော့ လူသံသူသံဟူ၍ မကြားရဘဲ တစ်ကိုယ်တည်းမို့ စိုးရိမ်ကြောင့်ကြ စရာများကိုသာ တွေးခေါ်ရင်း ထိတ်လန့်အားငယ် နေမိသည်။ မျက်ခမ်းတွေမှာ တဆတ်ဆတ် လှုပ်ခဲ့သည်။ နိမိတ် ကောင် တစ်တီတူး ကလည်း ညံစာစာ ဟစ်မြည် ကျူးရုံမျှမက အိမ်ခေါင်တိုင်ကိုပင် ထိုးဆိတ်သွား လိုက်သေးသည်။ မကောင်း သော နိမိတ်တို့သည် မကောင်းသော ကြမ္မာဆိုးတို့ကို ဆောင်ယူလာ တတ်သည် သက်ဝင်ယုံကြည်သည်မို့ ကြမ္မာဆိုးကိုသာ မျှော်ခေါ်နေမိသည်။ အလို ဘုရား........ သေနတ် သံပါကလား။
မှန်သည်။ 'ဒိုင်း'ဟူ၍ ကျယ်လောင် တုန်ဟည်းသော သေနတ်သံသည် ညဥ့်သံကို ဖောက်ထွင်း၍ ထွက်ပေါ် လာသည်။ သစ်ပင်များပေါ်တွင် တစုတရုံးတည်း အိပ်တန်းတတ်နေကြသော ကျီးအုပ်သည် လန့်၍ပြိုကာ တအားအား အော်မြည်ရင်း ပျံသန်းနေကြသည်။ ခွေးတွေကလည်း စိတ်ချောက်ချားစရာ ကောင်းလောက် အောင် ပင် လေဆက်မပြတ် အူနေကြ၏။
မယ်စိန်သည် ငယ်ထိပ်ကို မြွေကိုက်လိုက်သလို မွှန်ထူသွားတော့၏။ ကြားရသော သေနတ်သံ သည် ကိုဒေါင်းစိန် တို့ ပိုက်သွားချသော ကွင်းဘက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ထင်မိ၏။ ဤကွင်းကို ပိုင်သော အင်းသားကြီးတွင် လိုင်စင်ယူထားသော နှစ်လုံးပြူး သေနတ်ကြီး ရှိနေသည်။ ဤအင်းသားကြီးမှာ ရက်စက်ရာ တွင် နှစ်ယောက်မရှိဟု ကျော်ကြား၏။ သူ့အင်းပိုင်နက်ထဲတွင် တိတ်တိတ်ပုန်း ၀င်ရောက် ပိုက်ချ သူများကို မိလျှင်သက်ညှာလေ့မရှိ၊ ချမ်းသာပေးလေ့မရှိ။
တစ်ခါတုန်းကပေါ့။ ရွာလယ်က ပိုက်သများ စိန်အေးကို အသေသတ်ပစ် လိုက်ကြတာလေ။ သူ့အင်း ပိုက်နက် ထဲ အပေါင်းအဖော်တွေနဲ့ ပိုင်ဝင်ချလို့တဲ့။ အခြားအဖော်တွေကတော့ ပိုက်ကို အဆုံးခံထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးကြတဲ့ အတွတ်လွတ်လာကြတယ်။ စိန်အေးကတော့ သူပိုက် ကလေးကို တွယ်တာလွန်း၊ မက်မောလွန်း လို့ ပိုက်တွေကို မဲပြီး ရုန်းသိမ်းနေတုန်းမှ လက်ပူးလက် ကြပ်မိသွားပြီး ရက်ရက်စက်စက် သတ်ပစ် ကြသတဲ့။
ခုလိုပဲ ညဥ့်အချိန်ကြီးမှာပေါ့၊ သန်းခေါင်းလောက်မှ စိန်အေးကို သတ်ပစ်ကြတယ်။ နာရီပြန်တစ် ချက်မှာ ထွက်ပြေး လာတဲ့ ပိုက်သမားတွေဆီက စိန်အေးကို သတ်ပစ်ပြီးဆိုတာ ကြားသိကြရတယ်။ အိုစိန်အေးရဲ့ အမေကြီး ဆိုတာ ပဋာမြေလူးရူးလုမတတ်ပေါ့။ ညကြီးသန်းခေါင် အော်ဟစ်ပြီး ငိုလိုက်တာ တစ်ရွာလုံး အကြား ပေါ့။ သနားစဖွယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောလိုက်ငိုက်လိုက်နဲ့။ ငိုပုံကိုလေ ကိုအခုတောင်မှ ကြားယောင် မိသေး။
"အို.........လူကလေးရဲ့၊ မင်းကို အမေ အတန်တန် ထားပါလျက်နဲ့ သွားလိုက်တာ ဘေးတွေ့ရပြီ မဟုတ်လား ကွယ့် လူကလေးရယ်။ သားရယ်.......မသွားပါနဲ့ကွယ်၊ အမေ စိတ်လေးလွန်း လို့ ပါလို့ အတန်တန် တားပါသေးတယ်။ ဒါပေမဲ့ သားလိမ္မာကြီးက မထားပါနဲက အမေရယ်တဲ့။ ကျူပ်တို့ ဒီလိုမှ ရှာဖွေ မစားရင် လည်း ငတ်ကြမှာပဲတဲ့။ ကျုပ်အတွက်က အရေးမကြီးပါဘူး၊ အမေတို့အတွက် သာပါ ဆိုပြီး ဇွတ် ထွက်သွား တယ်။ အမေကို လုပ်ကျွေးချင်တဲ့ သားလိမ္မာကြီးရယ်၊ အခုတော့ မင်းအမေကို လုပ်ကျွေး နိုင်သေး ရဲ့လား၊ အမေတော့ ပါဏုပေတံ အသက်ထက်ဆုံး ယူကျုံးမရ ဖြစ်သွားရတော့မှာပါကလား လူလေးရယ်" လို့ ဆိုပြီး ငိုလိုက်တာ။
ဘ၀တူချင်းမို့ ခံစားမှုချင်း တူညီတဲ့ မယ်စိန်တို့တောင်မှ မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရသေးတယ်လေ။
ဟော ယခုလည်း ကိုဒေါင်းစိတ်တို့ ပိုက်သွားချသော ကွင်းဘက်ဆီမှ သေနတ်သံ ကြားရပြန်ပေ ပြီ။ စိန်အေး လို ကံကြမ္မာမျိုးနဲ့ ကိုဒေါင်းစိန်တို့ ၀င်တိုးနေပြီလားမသိ။ အထူးသဖြင့် ကိုဒေါင်းစိန်မှာ တစ်ခါတုန်းက အသတ် ခံရသော စိန်အေးကဲ့သို့ပင် သူ့ပိုက်ကလေးတွေကို တွယ်တာလွန်း၊ မက်မောလွန်တတ်၍ ကိုဒေါင်းစိန် အတွက် စိတ်မအေးနိုင်အောင် ဖြစ်နေရသည်။
ဤသို့ ကြံစည်စေ့စေ့ တစိမ့်စိမ့် အောက်မေ့၍ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ် ဗွေ၊ လှိုင်းဘောင်ဘင် ဝေသောကြောင့်၊ မနေနိုင် မထိုင်နိုင်၊ လိုက်၍ပင် မေးရမယောင်၊ ထိုင်၍ပင် စောင့် နေရမယောင် နှင့် အယောင်ယောင် အမှားမှား ဖြစ်နေရှာ၏။
သို့သော် ရပ်ရွာရှိသူများအဖို့ သေနတ်သံကို မထူးဆန်းဟု မှတ်ယူသလားမသိ။ မည်သူမျှ တုတ် တုတ်မလှုပ်။ ငြိမ်ချက်သား ကောင်းလှသည်။ သို့မဟုတ် ကြောက်ရွံ့၍ ငြိမ်သက်နေကြခြင်းလည်း ဖြစ်နိုင်သည်။ သူသည် ဤသို့ တပူပူ တပင်ပင်နှင့် နေရသည့် အခြေမှလွတ်ကင်းအောင် မြန်မြန်ပင် မိုးလင်း ဖို့ရာ ဆုတောင်းနေမိရှာ၏။ အချိန်ကို ခန့်မှန်းသိရှိနိုင်ရန် ကောင်းကင်သို့ မော်ကြည့်လိုက်ရာတွင် ခုနစ်စဉ် ကြယ်ပြောင် မှာ အမြီးပင် ထောင်နေပေပြီ။
'အောက် အီး အီး အွတ်'
အိပ်တန်းမှ ကြက်ဖကြီးက စတုတ္တအကြိမ်မြောက် တွန်ကျူးလိုက်ပြန်ပါပကော။
သန်ခေါင်းကြက်။
(၅)
သန်ခေါင်းကြက် တွန်သံပင် ထွက်ပေါ်လာပြီဖြစ်၍ ညဥ့်နက်နေပြီဖြစ်ကြောင်း မယ်စိန်သတိ ပြုမိသည်။ သို့သော် အိပ်ချင်စိတ်ကား မရှိသေး။ အိပ်ချင်စိတ်ပင် မရှိသော်လည်း တစိုးရိမ်ရိမ် တကြောင့်ကြကြဖြင့် စိတ်အလုပ် များခဲ့ရသောကြေင့် လူမှာနွမ်းနယ်လာကာ အိပ်ရာထဲတွင်သာ ခွေလှဲနေချင်သည်။ ထို့ကြောင် သူမ သည် အိပ်ရာထက်ရှိ ကလေးများ အကြားတွင် ထိုးလှဲချလိုက် ပြီးနောက် ငြိမ်သက်နေမိသည်။
လူမှာ ငြိမိသက်နေသော်လည်း စိတ်တို့ကား မငြိမ်။ မိုးအလင်းတွင်း ကိုဒေါင်းစိန်နှင့် ပတ်သက် သော သတင်း ကို မည်သို့မည်ပုံ ကြားရပါမည်လဲ ဟုသာ တွေးတော စိုးရိမ်နေမိ၏။ ထို့ကြောင့် အိပ်ရာထက် တွင် သာ လူးကာလှိမ့်ကာ နှင့် အိပ်မပျော်ဘဲ ရှိနေရှာသည်။
ကြောင်နှစ်ကောင် မိတ်လိုက်ရာမှ ထွက်ပေါ်လာသော မာန်ဖီသံသည် မယ်စိန်၏ စိတ်ကို ပို၍သာ ချောက်ချား စေပြန်သည်။ မယ်စိန်တို့ အိမ်ခေါင်းရင်းရှိ ကုက္ကိုပင်အိုကြီးမှ တောက်တဲ့ကြီးကလည်း 'တောက်တဲ့ တောက်တဲ့'ဟု ဆိုးဝါးနက်ကျော်သော အသံကြီးဖြင့် မယ်စိန်အတွက် မကောင်းသော နိမိတ်ကို ဖတ်ကြား နေသလို ရေရွတ် မြည်တမ်းနေ၏။
မယ်စိန်သည် ထိတ်လန့်မိရာကပင် တောက်တဲ့၏။ အော်မြည်သံကို ရေတွက်နေမိ၏။ ခုနှစ်ကြိမ် မြောက် အော် မြည်ပြီးသောအခါ တောက်တဲ့ကြီးသည် 'တောက်...တောက်....တောက်၊ တောက်....... တောက်.... တောက်' ဟူသော အသံဆိုးကြီးဖြင့် နဂုံးချုပ်လိုက်ရင်း ရပ်ဆိုင်းသွားတော့ ၏။ သူ၏အသံ ပျောက်ကွယ် သွားသော် လည်း ကြောက်မက်ဖွယ်ကောင်းသော သူ၏အသံပျောက် ကွယ်သွားသော်လည်း ကြောက်မယ်ဖွယ် ကောင်းသော သူ၏အသံဆိုးကြီးမှာ ဟိန်းကာ ပဲ့တင် ထပ်ကာကျန်ရစ်နေ သေးသည်ဟု မယ်စိန် က ထင်မှတ်နေသည်။
တောက်တဲ့၏ အော်မြည်သံကို ရေတွက်ကြည့်ခြင်းမှာ အော်မြည်သော အကြေိမ်ပေါင်း သည် "စုံ" ဖြစ်လျှင် ကြားရသူ အတွက် ကောင်းကျိုးချမ်းသာနှင့် တွေ့ကြုံရမည့် နိမိတ်ဖြစ်၍၊ "မ" ဖြစ်လျှင် ဘေးအန္တရာယ်နှင့် တွေ့ကြုံ ရမည် နိမိတ်ပင် ဟု အယူရှိသောကြောင့် ရေတွက်ကြည့်ခြင်း ဖြစ်သည်။ ယခုအော်မြည်သော အကြိမ် မှာ ခုနစ်ကြိမ်ဖြစ်၍ "စုံ"မဟုတ်ဘဲ "မ"ကျနေသည်။ ထို့ကြောင့် တောက်တဲ့ကြီးကလည်း သူမတို့ တွေ့ကြုံရ မည့် ဘေးအန္တရာယ် အတွက် ကြိုတင်၍ နိမိတ်ဖတ် ကြားလိုက်ခြင်း ဖြစ်သည်ဟု ယူဆကာ ပို၍သာ အားငယ် ထိတ်လန့်နေမိသည်။
အားငယ်ရလွန်း၊ စိုးရိမ်ရလွန်းတော့ လူတစ်ကိုယ်လုံး မလှုပ်ချင် မရှားချင် လောက်အောင်ပင် နွမ်း နယ်လာမိ ၏။ မျက်တောင်များမှာ စင်းကျလာကြ၍ မျက်လုံးများမှာလည်း မှေးလာကြ၏။ မှောင်ကြီး မည်းမည်းတွင် ပိုက်ချ နေသော ကိုဒေါင်းစိန်၏ ရုပ်ပုံလွှာမှာ မှေးနေသော မျက်စိအာရုံတွင် ပေါ်ပေါက်လာသည်။ အင်းသားကြီး က နှစ်လုံးပြူး သေနတ်ကြီးနှင့် ပစ်လိုက်၍ ခွေခွေကလေး လဲနေသော ကိုဒေါင်းစိန်၏ ရုပ်ပုံ မျိုးလည်း တစ်ခါတစ်ရံ ၀ဲပျံလာတတ်သည်။ သည်လိုနှင့်ပင် အိပ်မပျော်သလိုလို၊ ပျော်သလိုလို အိပ်တစ်ဝက် နိုးတစ်ဝက် နှင့် မျောက်မျဉ်း အိပ်ပျော်သော အခြေအနေသို့ ရောက်လာ၏။
ရုတ်ခြည်းပင် ရုပ်လက္ခဏာ ခက်ထန်ကြမ်းကြုတ်သော ယောင်္ကျားကြီး တစ်ယောက်သည် သူမ၏ မျက်မှောက် တွင် ပေါ်ပေါက်လာသည်။ အင်္ကျီမပါဘဲကျော ပြောင်ကြီးနှင့် ဖြစ်၍ခါးတောင်း ကိုလည်း မြှောင် လှအောင် ကျိုက်ထားလိုက်သေးသည်။ တစ်ကိုယ်လုံး မည်းနက်၍ တုတ်ခိုင်သန်စွမ်းလှပုံမှာ ကျွဲရိုင်းကြီး တစ်ကောင်လားဟုပင် ထင်မှားလောက်သည်။ နဖူးမှာ မောက်၍ နှာယောင်ကောက်၏။ အံကို တအားကြိတ် ထားရာ ပါးရိုးများမှာ ထောင်ထ နေကြသည်။ ယာလက်တွင် ပြိုးပြက်၍ ထက်မြက်လှသော ဆောင်ဓားကြီး တစ်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ မယ်စိန်ကို စားတော့ ၀ါးတော့မတတ် ပြူးကျယ်၍ ခြင်းခြင်းနီ သော မျက်လုံးအစုံဖြင့် စိန်းစိန်းကြီး ကြည့်နေ၏။
မယ်စိန်သည် ကြောက်လွန်းလှ၍ အော်ဟစ်ရန်ကိုမျှပင် သတိမရ။ သတိရ၍ အော်ဟစ်ရန် ကြိုးစား ပါသော်လည်း အသံက မထွက်။ ထွက်ပြေးရန် ကိုယ်ကိုအားယူ၍ လှုပ်ရှားပါသော်လည်း အသေ ကောင်ကြီးလို တစ်ကိုယ်လုံး လှုပ်ရှား၍မရဘဲ ရှိနေ၏။ ထိုအချိန်တွင် ဝေဒနာကားဆိုးဝါးလှဘိ၏။
ခက်ထန်ကြမ်းကြုတ်သေ ယောကျာ်းကြီးသည် ဆောင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်၍ မယ်စိန်၏ အနီးသို့ တစ်လှမ်းချင်း တိုးကပ်လာသည်။ ညှို့ဓာတ်မိနေသူကဲ့သို့သာ မယ်စိန်မှာ အော်လည်း မအော်နိုင်၊ လှုပ်လည်း မလှုပ်နိုင် ဘဲ ယောကျာ်းကြီးကိုသာ အငေးသား ကြည့်နေမိ၏။ မယ်စိန်အနီး သို့ရောက်သောအခါ ယောကျာ်းကြီးသည် ဆောင်ဓားကို တအားလွှဲမြောက် ချိန်ရွယ်၍ မယ်စိန်၏ ညာလက်ရုံး ကို တိခနဲ ခုတ်ဖြတ်လိုက်တော့၏။ သည်တော့မှ မယ်စိနသည် သူမတွင် ရှိသမျှ ကိုယ်အင်အား၊ စိတ်အင်အား တို့ကို ကြိုးစားစုရုံးကာ အသံကုန်အော်ဟစ်လိုက်တော့သည်။
'အား...မယ်လေး'
စူးရှသောအသံဖြင့် ငယ်သံပါအောင်ဟစ်လိုက်ပြီးနောက် အိပ်ရာထက်မှ ခုန်ထလိုက်၏။ သူမ၏ရင်မှာ ပုစွန်ဆိတ်ခုန် သလို တဆတ်ဆတ်ခုန်နေ၏။ သူမ၏ ညာလက်ရုံးကို အရေးတကြီး စမ်းသပ်ကြည့် ပြန်တော့လည်းအကောင်းပကတိပင် ရှိနေ၏။ သူမ၏ အော်သံကြောင့် ဒီလုံးမှာ နိုးလာကာ 'အစ်မ ဘာဖြစ် တာလဲ' ဟု စိုးရိမ်မကင်းသော လေသံဖြင့် မေးနေ၏။ ဟုတ်တယ်၊ ငါဘာဖြစ်တာလဲ။
ခေါင်းအေးအေးထားပြီး တွေးကြည့်တော့မှ အဖြေသည် ပေါ်လာ၏။ သူမသည် မေ့ခနဲ အိပ်ပျော်သွာစဉ် အိပ်မက်ဆိုး ကို မြင်မက်ခဲ့သည်။ ရိုင်းစိုင်းသောယောကျာ်းကြီးတစ်ဦးက သူက၏ ညာလက်ရုံးကို ဓားထက် ထက်ဖြင့် တိခနဲခုတ်ဖြတ်သွားသည်ဟု မြင်မက်ခဲ့သည်။ သူမ၏ ညာလက်ရုံးဆိုတော့ ကိုဒေါင်းစိန်အပြင် ဘယ်သူ ရှိနိုင်ဦးမည်နည်း။
'ဟမယ်လေး...ဒီလုံးရေ၊ မင်းအဖေ ကိုဒေါင်းစိန်တော့ ဒုက္ခတွေ့ပြီထင်တယ်ကွယ့်...ဟီး...ဟီး'
သူမ သည် ရေရွတ်မြည်တမ်းရင်း ငိုချလိုက်သည်။ ဒီလုံးကမူမယ်စိန်၏အမူအရာကို နားမလည်နိုင်သလို ငေးစိုက်ကြည့်နေရာမှ'ဟာဗျာ...ခင်ဗျားကြီး ကလည်း ညကြီးသန်းခေါင် လူကြားမကောင်း သူကြားမကောင်း ငိုမနေ စမ်းပါနဲကဗျာ' ဟု အိပ်ချင်မူးထူး အသံဖြင့် ဆိုလိုက်၏။
'မင်း မသိဘူးနော်...မင်း ဘာမှမသိဘူး'ဟု ဆိုကာ မယ်စိန်က ကြားနာခဲ့ရသော နိမိတ်ဆိုးများနှင့် မြင်မက်ခဲ့ရသော အိပ်မက်ဆိုးကို ထုတ်ဖော်ပြောပြပြီးနောက်၊ ဘေးအန္တရာယ်များ အကြားတွင် အရှာအဖွေ သွားရသော ကိုဒေါင်းစိန်နှင့် ထိုနိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ဆက်စပ် ရှင်းပြလိုက်တော့မှ ဒီလုံး မှာလည်း တွေဝေ ငေးစိုက် သွားတော့၏။
ထိုအချိန် တွင်ပင် အိပ်တန်းမှ ကြက်ဖကြီးက တောင်ပံကို တဖျတ်ဖျတ်ရိုက်ကာ ပဉ္စမအကြိမ်မြောက် တွန်ကျူး လိုက်ပြန်၏။
အောက်...အီး...အီး...အွတ်
သြော်...ကြက်ဦးတောင် တွန်နေပါပကော။
(၆)
ကြက်ဦးပင် တွန်ကျူးပြီးဖြစ်၍ ညဥ့်မှာ တစ်စထက်တစ်စ ဟောင်းအိုလာကာ လင်းအရုဏ်က မသိမသာ ပွင့်သစ်စ ပြုလာသည်။ ညဥ့်သည် ချုပ်ငြိမ်းလု နီးပေပြီ။ လင်းအရုဏ်သည် ပွင့်သစ်လု နီးပေပြီ။ သို့သော် ကိုဒေါင်းစိန်တို့ ပိုက်သမားများကား ပြန်ရောက်ခြင်း မရှိကြသေးပါ တကား။
မယ်စိန်သည် ပြန်အိပ်၍လည်း ရတော့မည် မဟုတ်သဖြင့် ဒီလုံးကို အဖော်ပြုကာ ကိုဒေါင်းစိန်တို့ ပြန်မည့် လမ်း ကို မျှော်မှန်း၍ နေမိ၏။ ယခင်ကဆိုလျှင်သည်လို ကြက်ဦးတွန်အချိန်ကို နောက်ဆုံးထားကာ ပြန်ရောက် လာတတ်ကြသည်။ သူတို့သည် အင်းသားကြီးများ ပိုင်သော အင်းနယ်နိမိတ်တွင် တိတ်တိတ် ပုန်း ၀င်ရောက် ပိုက်ချကြရသည့်အတွက် လူမြင်မခံဝံ့သောကြောင့် အရုဏ်မလာမီပြန်ကြရမြဲ ဖြစ်သည်။
ယခုအထိ ပြန်မရောက်ကြသေးသည်ကို ထောက်လိုက်လျှင် နိမိတ်ပြသည့်အတိုင်း ဘေးအန္တရာယ် တစ်စုံတစ်ခုနှင့်များ တွေ့နေကြရော့လား။ အိပ်မက်ကိုပြန်တွေးမိတော့ ယခုပင် ကြက်သီးထမိသေး၏။ သည်မျှလောက် ကြောက်မက်ဖွယ် ကောင်းလှအောင် ကြမ်းကြုတ်သော အိပ်မက်ထဲမှ ယောကျာ်းကြီးမျိုးကို သူမ တစ်သက်တွင် တစ်ခါမှ အတွေ့ဖူးခဲ့။ မပြားကြီးတို့ ခဏခဏ ပြောနေကြတဲ့ ငရဲသားဆိုတာ အဲဒီလို ရုပ်ကြီးမျိုး များ ဖြစ်နေမည်လားမသိ။
ဘုန်းကြီးကျောင်းမှ အရုဏ်တက် ၀တ်တက်သော အထိမ်းအမှတ်ဖြင့် တီးခေါက် လိုက်သော အုန်းမောင်းခေါက်သံပင် ထွက်ပေါ်၍ လာပေပြီ။ နောက်ဆက်တွဲအဖြစ် ရွာတွင်းရှိ သက်ကြီးများ၏ ဘုရား ရှိခိုးသံ များပင် မဆိတ်မညံ လျှံထွက်လာကြ ပြန်ပေပြီ။ အမှောင်ထုသည် ပြိုကွဲပျက်ပြယ်၍လင်းအရုဏ်သည် အလျင် အမြန် ပင် ထိုးဖောက်ဝင် ရောက်လာနေသည်။ သို့သော် ကိုဒေါင်းစိန်တို့ကား ပြန်မရောက်ကြသေး ပါ တကား။ ပြန်ခဲ့ပါတော့ ဒေါင်းစိန်ရယ်၊ မြန်မြန်ကြီးပြန်ခဲ့ပါတော့။
'ကွက် ကွက် ကွက်'
လင်းဝက် ငှက်များသည် စူးရှသော အသံဖြင့် အော်မြည်ရင်း ထက်ကောင်းကင်မှ ပျံသွားကြသည်။ သူတို့ကား ညဥ့်ငှက်များဖြစ်ကြ၍ ညဥ့်အချိန်တွင်သာ အစာရှာ ထွက်တတ်ကြပြီး မိုးသောက်ချိန် နီးသည့် အခါတွင် အနားယူအိပ်တန်းတက်ရန် စံမြန်းရာ သိုက်မြုံနန်းသို့ ပျံသန်းရောက်ရှိ လာတတ်ကြသည်။သြော် လင်းဝက်ငှက် တွေတောင် အစာဝလို့ ဌာနပြန်ခဲ့ကြကုန်ပေါ့၊ ပြန်ခဲ့ပါတော့ ဒေါင်းစိန်ရယ်...မြန်မြန်ကြီး ပြန်ခဲ့ ပါတော့။
ငေးကာ ငိုင်ကာ နှင့် ပူမီးတွေ ဝေဖြာလျက် ရှိစဉ်မှာပင် လေသံလှိုင်းတစ်ခုသည် လေဟုန်ကိုစီးကာသူမ၏ နားတွင်း သို့ဖောက်ထွင်းဝင်ရောက်လာသည်။ သူမ၏ ရင်ထဲ၌ ဒိတ်ခနဲနေအောင် ဖိုလှိုက်သွား၏။ ၀မ်းသာ လွန်း ၍လော၊ ထိတ်လန့် အံ့အားသင့်လွန်း၍လော ဟူသည်ကိုတော့ မခွဲခြားတတ်။ သူမ၏ နားတွင်း သို့ ၀င်ရောက်လာသော အသံလှိုင်းမှာ ကိုဒေါင်းစိန်၏အသံပင် ဖြစ်သည်။
'မယ်စိန် ရေ၊ ငါးထည့်ဖို့ခြင်းတောင်း ယူခဲ့ဟေ့'
သူမသည် ခြင်းတောင်းကိုပင် မယူမိဘဲ အိမ်ထက်မှ ရုတ်ခြည်းခုန်ချလိုက်ကာ ကမ်းနားရေဆိပ်သို့အရောက တောက်လျှောက်ပြေးလေတော့သည်။ ကိုဒေါင်းစိန်သည် လှေပေါ်၌ ခပ်ကြွားကြွားရပ်ကာ မယ်စိန်ကို ကြိုလင့်နေသည်။ ကိုဒေါင်းစိန်ကို တွေ့မြင်လိုက်ရသည်မှာ သေရွာမှ ပြန်ကာသူကို တွေ့မြင် လိုက်ရသလိုရင်ထဲမှာ အေးချမ်းသွား၏။ မယ်စိန်သည် စကားတစ်ခွန်းမှ မဆိုနိုင်ဘဲကိုဒေါင်းစိန်မှ ဟုတ်ပါရဲ့လား ဟူသော သံသယဖြင့် ဝေခွဲမရ ဖြစ်နေသလို အငေးသားရပ်ကြည့်နေ၏။
' ဟ မယ်စိန်ရဲ့၊ ငါ့ကိုများ ကြည့်နေလိုက်တာ မမြင်ဖူးတဲ့လူ ကျနေတာပဲ၊ ငါးထည့်ဖို့ ခြင်းတောင်း ယူခဲ့ပါ ဆိုတာလည်း ယူမလာဘူး၊ မင်းဘာဖြစ်နေတာလဲဟင်'
ကိုဒေါင်းစိန် က မယ်စိန၏ အမူအရာကိ နားမလည်နိုင်သလို လှမ်းမေးလိုက်၏။ သည်တော့မှ မယ်စိန်တွင် အသက် ၀င်သလို ဖြစ်လာကာ 'အို...တော်တကယ်ပဲ ပြန်လာပြီနော်၊ တော် ဘာမှ မဖြစ်ခဲ့ဘူးနော်' ဟု အိပ်မက် မက်ပြီးယောင်ယမ်းပြောနေသူသကဲ့သို့ ပြောဆိုလိုက်၏။
သည်တော့မှ ကိုဒေါင်းစိန်သည် မယ်စိန် သူ့အတွက် တော်ပင်စိုးရိမ်မကင်းဖြစ်နေကြောင်း ရိပ်စား မိလိုက်ရ၏။ ထိုစိုးရိမ်စိတ်ကလေး လုံးဝ ပပျောက်သွားအောင်လည်း မည်သို့မှ အရေးမကြီးသလို ခပ်ဟဲဟဲ လေသံဖြင့်-
'အို...ငါ ဘာဖြစ်ရမှာလဲကွ၊ ဘာမှ မဖြစ်ပါဘူး တို့က အရမ်းမဲ့သွားတာမှ မဟုတ်ဘဲ၊ သတင်းကို စနည်းနာပြီးမှသွားတာကွ။ ဒီည အင်းသားကြီးဟာ သူ့အင်အားတဲမှာ မရှိဘဲ နောက်တော်ပါများနဲ့အတူ မယားငယ် အိမ်ကို ဆောင်တော် ကူးပြီး အပျော်ကြူးမယ့်ညဆိုတာ ဒိဋ္ဌသိထားရလို့ တို့ပိုက်ချ ဆင်းတာ ပါဟ။ သူနဲ့သူ့လူတွေ မရှိလို့ တို့တော့ သူ့ပိုင်နက်ထဲမှာ လွတ်လွတ်လပ်လပ်နဲ့ ထင်သလို ပိုက်ချ နိုင်ခဲ့တယ်လေ၊ ဒါကြောင့်မို့ ငါးအတော်များမျာရလာကြတာပေါ့ကွ။ မင့် အင်းသားကြီးဖြင့် အပျော်လွန် နေလို့ လား မသိဘူး၊ ခုထက်ထိ သူ့အင်းထဲ ပြန်ရောက်တာ မတွေ့ခဲ့ရသေးဘူး'
သည်တော့မှ မယ်စိန် စိတ်အေးသွားကာ အသက်ရှူ ဖြောင့်သွား၏။ ထိုနောက် သူမ တွေ့ကြုံကြား သိခဲ့ရသော နိမိတ်ဆိုးနှင့် မြင်မက်ခဲ့ရသော အိပ်မက်ဆိုးတို့ကိုလည်း ကိုဒေါင်းစိန်အား ပြန်လှန် ပြောပြကာ၊ ဤအတွက် သူမတွင်မည်မျှလောက် စိုးရိမ်ပူပန်ခြင်းဖြစ်နေပုံတို့ကိုပါ မချွင်းမချန် ဇာတ်စုံလင်း နေရာ၊ ကိုဒေါင်းစိန် က သဘောကျသလို ပြုံးပြုံးကြီး နားထောင်နေ၏။
အကျိုးအကြောင် အဆိုးအကောင်းကို အပြန်အလှန် ရှင်းလင်းပြောဆိုပြီးပြီဖြစ်၍ မယ်စိန်သည် ကိုဒေါင်းစိန် ရမိလာသော ငါးများကို သယ်တင်ရန်လှေပေါ်သို့ တက်လိုက်ပြီးနောက် လှေကပ်ကို ဖွင့်ကြည့်လိုက်၏။ လှေကပ် အောက်တွင်ကား ငါးမြစ်ချင်းခေါ် ငါးမျက်ဆန်နီခေါ် ခေါင်းဖြတ်ငါးများဖြင့် ပြည့်သိပ်နေသည်။ ငွေရောင် ဖွေး၍ မက်မောဖွယ် ကောင်လှသော ထိုငါးများကို စူးစိုက်ကြည့်ရင်း မယ်စိန်သည် မိန်းမတွက်ဖြင့် စိတ်တွက် တွက်ကြည့်နေသည်။
'အားလုံးပေါင်းခွက်နှစ်ဆယ်ထက်တော့ မနည်းဘူး၊ ခွက်တစ်ဆယ်ကို ခုနှစ်ကျပ်ခွဲ ဈေးပဲထား၊ ခွက်နှစ်ဆယ် ကို တစ်ဆယ့်ငါးကျပ် ရမယ်။ အမယ်' တယ်ဟန်ပါလား၊ ဆယ်ရက်လောက် ပိုက်ဆက်ချလို့ရရင် ငွေတစ်ရာ ငါးဆယ် တော့ တန်းနေတာ ပေါ့
မယ်စိန်၏ မျက်နှာတွင် အပြုံးသည် ဖူးဖွင့်လေပြီ။ စောစောက စိုးရိမ်ကြောင့်ကြသော စိတ်များကို လည်း ယခုအချိန်တွင် လုံးဝပင် မေ့ပျောက်လေပြီ။ စိုးရိမ်လွန်းအားကြီး၍ ကိုဒေါင်းစိန်အား နောက် ထပ်ပိုက် ဆင်း ချရန် ခွင့်မပြုတော့ဟူသော သူမ၏ ဆုံးဖြတ်ချက်မှာလည်း ယခုအချိန်တွင် အရည်ပျော်ကျလေပြီ တကား။
ထိုအချိန်တွင် ကြက်ဖကြီးသည် အိပ်တန်းမှ ဆင်းလာကာ အိမ်ရှေ့မြေပြင်သို့ ခုန်ချလိုက်ပြီးနောက် တောင်ပံကို တဖျတ်ဖျတ်ရိုက်၍ ကြွားဝင့်စွာ တွန်ကျူးလိုက်၏။
'အောက် အီး အီး အွတ်'
လင်းကြက်ဆော်၍ မိုးသောက်ချိန်သို့ ရောက်ပြီလား။
ပြီးပါပြီ

.
1 comment:
ဟင်းးး
ကိုဒေါင်းစိန်ပြန်လာမှပဲ သက်ပြင်းချနိုင်တော့တယ်။
သူငယ်တိတ်ဆိတ်၊ သက်ကြီးခေါင်းချ၊ လုလင်ပြန်၊ သန်းခေါင်ယံ ကနေ ကြက်ဦးတွန်တဲ့အထိ ညဥ့်ယံတိုင်းမှာ အပူတွေဖိစီးပြီး ကောင်းကောင်း အိပ်မပျော်တဲ့ မယ်စိန်ကို ကရုဏာသက်မိတယ်။ ကိုယ်ဝန်သည် ဆိုတော့လဲ ဟိုဟိုဒီဒီအတွေးပွါးပြီး အားငယ်ရှာမှာနော်။
အဲဒီလောက် အသက်နဲ့ရင်းပြီး ငါးရှာရတာ ရလာတော့လဲ ဆယ့်ငါးကျပ်ဖိုးထဲပါလား။ ငွေတွင်းက နက်ပါဘိတော့။
Post a Comment