အခန်း(၉)
ခရိတ်သည် ပြန်လည်ထူထောင်ရေးစခန်းသို့ သွားရောက်ကြည့်ရှု့ လေ့လာခဲ့ရပုံကို အစီရင်ခံစာ တစ်စောင် ရေး၍ ကမ္ဘာဘဏ်ဒုဥက္ကဋ္ဌ ဟင်နရီထံသို့ ပို့ပေးရန်အတွက် အမေရိကန် သံရုံးသို့ သွား ပို့ရာ ယဉ်ကျေးမှု အရာရှိ မော်ဂင်က လက်ခံယူပြီးနောက် ကော်ဖီဖြင့် ဧည့်ခံလေသည်။
"ကျူပ်အနေနဲ့ ဒီမြို့မှာ မူလက ရည်မှန်းထားတာထက် ပိုကြာကြာနေဖြစ်လိမ့်မယ် ထင်တယ်။ ခက်တာက ကျူပ်က ဟိုတယ်အခန်ထဲမှာနေပြီး အလုပ်လုပ်ရတာ အလွန်စိတ်ကဉ်းကျပ် တယ်"
ခရိတ် က သူ့အတွက် အိမ်ခန်းတစ်ခန်း ရလိုသည့်သဘောဖြင့် ပြောလိုက်ရာ မော်ဂင်က ခေတ္တစဉ်း စားနေ ပြီးနောက်
"ဒီမြို့မှာ အိမ်ခန်းရဖို့က တော်တော်ခဲယဉ်းတယ်ဗျ။ ဒါပေမဲ့ ကြိုးစားပြီး ကြံဖန်ကြည့်ပါဦးမယ်"ဟု ပြန်ပြော လေသည်။
နောက်တစ်နေ့တွင်ပင် ခရိတ်ထံသို့ သံရုံးမှ မော်ဂင်က တယ်လီဖုန်း ဆက်လေသည်။
"ကျူပ်တို့ သံရုံးက ၀န်ထမ်း မိန်းကလေးတစ်ဦးက ခွင့်တစ်လယူပြီး အမေရိကန်ကို ခဏပြန်လိမ့် မယ်။ သူရဲ့တိုက်ခန်း ကို အဲဒီကာလအတွင်းမှာ ဒေါ်လာခြောက်ရာနဲ့ ငှားမယ်လို့ ပြောတယ်။ မိန်ကလေးက နက်ဖြန် ပဲ ထွက်သွားလိမ့်မယ်"
ခရိတ် သည် ထိုတိုက်ခန်းကိုပင် ဒေါ်လာခြောက်ရာပေး၍ ငှားနေရန်ဆုံးဖြတ် လိုက်လေသည်။
တိုက်ခန်းမှာ သပ်သပ်ရပ်ရပ်နှင့် သားနားပြီး အေးဆေးစွာ စားရေးရန် သင့်တော်သဖြင့် သဘော ကျမိလေသည်။
ချက်ချင်းပင် သူသည်စာရေးရန် စားပွဲကြီးတစ်လုံးကို နေရာတကျ ထားလိုက်ပြီးနောက် စာရေးစက္ကူများ၊ အောက်စဖို့ အဘိဓာန် စာအုပ်တစ်အုပ်နှင့်တကွ အခြားလိုအပ်သည်တို့ကို အသင့်ပြန်ဆင်ကာ ရောက်သည့် နေ့မှာပင် စတင်စာရေးလေသည်။
စိတ်ပါလက်ပါ ရေးခြင်းဖြစ်၍ သူသည်စာမူများကို အလွန်သွက်လက်လျင်မြန်စွာ ရေးသားနိုင်သည့် ပြင်ရေး နေသည့် စာမူထဲအထူးစိတ်ဝင် စားနေသဖြင့် အချိန်တွေ ကုန်သွားသည်ကိုပင် သတိမပြုမိ တော့ချေ။
ထိုအတောအတွင်း အမေရိကန် သံရုံးမှမော်ဂင်က ခရိတ်အား နှစ်ကြိမ်တိုင်တိုင် တယ်လီဖုန်းဆက် လေသည်။ ဆက်သည့်အကြောင်းက သံတမန်ဧည့်ခံပွဲများသို့ တက်ရန်ဖိတ်ကြားခြင်းပင် ဖြစ် သည်။
သို့သော် နှစ်ကြိမ်စလုံးပင် ခရိတ်က မတက်ရောက်လိုကြောင်း ငြင်းပယ်ခဲ့သည်။ နောက်ထပ် အလားတူ တယ်လီဖုန်း တွေ လာနေပါက စာရေးရာတွင် အနှောင့်အယှက် ဖြစ်ချေတော့မည်ဟု တွေးမိသဖြင့် သူ၏ အခန်းမှ တယ်လီဖုန်းပလပ်ကို အသာထုတ်ထားလိုက် သည်။
လေးရက်မြောက်သောနေ့တွင် ခရိတ်သည် တယ်လီဖုန်းပလပ်ကို ပြန်တပ်လိုက်ရာ ချက်ချင်းပင် တယ်လီဖုန်းလာလေသည်။
တက်ဖက် မှ ပြောသည့်အသံမှ အာဖရိကတိုင်းရင်းသာတစ်ဦး၏ အသံဖြစ်သည်။
"မစ္စတာခရိတ် ခင်ဗျား၊ ကျွန်တော်တို့က ခင်ဗျားကို လိုက်ရှာက်ဆက်သွယ်နေတာ အတော်ကြာ ပါပြီ၊ ဘယ်နေရာ မှာမှ ရှာမရဘူးဖြစ်နေပါတယ်။ အခုတစ်ဆိတ်လောက် တယ်လီဖုန်းကို ခဏကိုင် ထားပါ။ ဗိုလ်ချူပ်ဖွန်ဂါဘီရာက ခင်ဗျားနဲ့ စကားပြောချင်လို့ပါ"
ခရိတ်လည်း ဘာမှမပြောဘဲ တယ်လီဖုန်းစကားပြောခွက်ကို ကိုင်၍စောင့်နေစဉ် တက်ဖက်မှ ဖွန်ဂါဘီရာ၏ ကြည်ခင်ပီသသောအသံကို ကြားရလေသည်။
"ဟဲလို ခရိတ်၊ ခင်ဗျားနဲ့ကျူပ် ဒီနေ့တွေ့ကြရအောင်။ မွန်းလွဲသုံးနာရီလောက် တွေ့ချင်တယ်။ ကျူပ်က ခင်ဗျား ကို မော်တော်ကားတစ်စီးနဲ့ အခေါ်လွှတ်လိုက်မယ်"
ခရိတ် လည်း သုံးနာရီအချိန်တွင် စောင့်နေပါမည်ဟု ပြန်ပြောလိုက်ရလေသည်။
သွားရသည့်နေရာကား ဖွန်ဂါဘီရာ၏ သီးသန့်နေအိမ်ဖြစ်ပြီး မြို့ပြင်ဘက် ဆယ့်ငါးမိုင်ခန့်အကွာ မာစီပိန်း ရေအိုင်ကြီး အနီးတွင် တည်ရှိလေသည်။
ထိုအိမ် ကို မူလတည်ဆောင်ခဲ့သူမှာ အင်္ဂလိပ်လူမျိုး လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်၏ သားဖြစ်ပြီး ကိုလိုနီခေတ် ဗြိတိသျှလူမျိုးတို့ ၀ါသနာအတိုင်း အထူးခမ်းနားသပ်ရပ်စွာ ဆောက်လုပ် ထားလေသည်။
အိမ်၏ ပတ်ပတ်လည်တွင် ကျယ်ဝန်းသော ၀ရန်တာများရှိပြီး ဧရိယာအားဖြင့် ငါးဧကနီးပါး ကျယ် ၀န်းသော ၀င်းခြံကြီး အတွင်း ပန်းဥယျဉ်များ မြက်ခင်းပြင်များ ပြုလုပ်ဖန်တီးထားလေသည်။
ဝင်းဝရှိ ဗဟိုတံခါးတွင် နာမည်ကြီး ဇင်ဘာဘွေ တတိယတပ်မဟာမှ ကိုယ်ရံတော်တယ်ဖွဲ့က ခရိတ် နှင့် တကွ မော်တော်ကား မောင်းသူ တို့အား သေချာစွာ စစ်ဆေးပြီးမှ အတွင်းသို့ဆက် မောင်းခွင့် ပြုလေ သည်။
အိမ်ကြီးက ခပ်မြင့်မြင့်ဖြစ်ပြီး ဧည့်ခန်းတံခါးဝဆီသို့ ရောက်အောင်လှေကားထစ်များဖြင့် တက်ရ လေသည်။
ခရိတ် သည် မော်တော်ကားဆိုက်ဆိုက်ချင်း ဆင်း၍လှေကားထစ်များ အတိုင်းလျှောက်တက်သွား ရာ လှေကားထပ် တွင် ဖွန်ဂါဘီရာက အသင့်ရပ်စောင့်နေသည်ကို တွေ့ရလေသည်။
သူသည် အဖြူရောက် ချည်ဘောင်းဘီအဖြူနှင့် ကြက်သွေးရောင် ပိုးရှပ်လက်တိုတို့ ၀တ်ဆင်ထား ရာ အလွန် သပ်ရပ် တင်တယ်နေသည်ဟု ထင်ရပေသည်။
ဗိုချုပ် ဖွန်ဂါဘီရာသည် ခရိတ်အား ရင်းနှီးစွာ ပခုံးဖက်လျက် ၀ရန်တာတစ်နေရာ၌ ရှိနေသော လူတစ်စုဆီသို့ ခေါ်သွားလေသည်။ ထို့နောက် ဖွန်ဂါဘီရာသည် ခရိတ်အား လူများနှင့် မိတ်ဆက် ပေးလေသည်။
"ကိုင်း မစ္စတာခရိတ်၊ မိတ်ဆက်ပေးရဦးမယ်။ ဟောဒါက ဇင်ဘာဘွေနိုင်ငံ မြေယာဘဏ်ရဲ့ အုပ်ချုပ်ရေးမှူး မစ္စတာ မူရှာရီဝါ ဖြစ်ပါတယ်။ ဟောဟိုဘက်က ပုဂ္ဂိုလ်က သူရဲ့လက်ထောက် အရာရှိ မစ္စတာကာပွေပွေဖြစ် ပါတယ်။ ဟောဒီဘက်က လူကတော့ ကျုပ်ရဲ့ရှေ့နေကြီး မစ္စတာကို ဟင်ပါပဲ"
ဤသို့ပြောပြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ထိုလူသုံးဦးဘက်သို့ လှည့်၍ "မိတ်ဆွေများခင်ဗျား၊ အခု ရောက်လာတဲ့ ပုဂ္ဂိုလ်က နာမည်ကျော် စာရေးဆရာကြီး မစ္စတာခရိတ် ဖြစ်ပါတယ်ခင်ဗျား"ဟု မိတ်ဆက် ပေးလိုက်သည်။ ထိုလူ သုံးဦးစလုံးက ခရိတ်အား လက်ဆွဲနှုတ်ဆက်ကြလေသည်။
"မစ္စတာခရိတ် ခင်ဗျား၊ ကျုပ်တို့နဲ့အတူ ယမကာတစ်ခွက်သောက်ပါဦး"
တစ်ယောက် က ပြောလိုက်ချိန်တွင် ဗြိတိသျှကိုလိုနီခေတ်က တိုင်းရင်းသားအမှုထမ်းများ အိမ်စေများ ၀တ်လေ့ ရှိသည့် ကာဇာခေါ် အဖြူရောင် ယူနီဖောင်းဝတ်စုံဝတ် စားပွဲထိုးတစ်ဦးက ခရိတ်အား ယမကာ ဖန်ခွက် တစ်ခွက် လာပေးလေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာ သည် စကားကို သွယ်ဝိုက်မပြောတော့ဘဲ လိုရင်းအချက်ကို တိုက်ရိုက်ပြော လေသည်။
"ကဲ- မစ္စတာခရိတ်၊ ခင်ဗျားလိုနေတဲ့ ဒေါ်လာငွေသိန်းငါးဆယ်ကို ကမ္ဘာ့ဘဏ်က ချေးယူရရှိဖို့ အတွက် ကျူပ်တို့ရဲ့ ဇင်ဘာဘွေ မြေယာဘဏ်အနေနဲ့ ခင်ဗျားဘက်က အာမခံပေးပြီး ထောက်ခံ ဖို့အဆင်သင့် ရှိပါ တယ်"
ခရိတ်က အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေစဉ် ဖွန်ဂါဘီရာက ဆက်ပြော လေသည်။
"ဒီလိုပါခင်ဗျာ။ ခင်ဗျားဟာ ကမ္ဘာ့ဘဏ်အဖွဲ့ အစည်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ အထူး လျှို့ဝှက်ချက် တစ်ခု မဟုတ်လေတော့ ကျူပ်တို့လည်း သိနေတယ် ဆိုပါတော့။ မစ္စတာ ဟင်နရီ ဆိုတာကလည်း ဒီနိုင်ငံ က လူတွေ အတော်များများသိနေသူ ဖြစ်ပါတယ်"
ဤတွင် ဖွန်ဂါဘီရာသည် ပြုံးလိုက်ပြီးမှ ဆက်ပြောလေသည်။
"အခု ခင်ဗျားလိုတဲ့ ဒေါ်လာငွေ သိန်းငါးဆယ်ကို ချေးယူရရှိဖို့အတွက် ကျူပ်တို့က ၀င်ကူညီမယ် ဆိုတာ စည်းကမ်းချက် ကန့်သတ်ချက် တချို့တော့ ရှိရလိမ့်မယ်။ ဒါပေမဲ့ အဲဒီစည်းကမ်း ချက်တွေ ကလည်း ခက်ခက် ခဲခဲ မဟုတ်ဘူး"
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သူ၏ရှေ့နေကြီး (မျက်နှာဖြူလူမျိုး) ကိုဟင်ဆိုသူဘက်သို့ လှည့်၍-
"စာချုပ်စာတမ်းတွေ အားလုံးပါခဲ့တယ် မဟုတ်လား။ ဟုတ်ပြီ။ ဒါဖြင့် မစ္စတာခရိတ်ကို စာချူပ် မိတ္တု တစ်စောင် ပေးဖတ်လိုက်ပါ။ ပြီးတော့ ကျူပ်တို့အားလုံး နားထောင်ရအောင် ခင်ဗျားကိုယ် တိုင်ကလည်း ဖတ်ပြပါ" ဟု ပြောလိုက်သည်။
ရှေ့နေကိုဟင်သည် သူ၏စာကြည့်မျက်မှန်ကို တပ်လိုက်ပြီးတောက် သူ၏ရှေ့ရှိစားပွဲပေါ်မှ စာရွက် စာတမ်းများကို ကောက်ယူပြီး စတင်ဖတ်ပြလေသည်။
"ဒါဟာ မြေယာဝယ်ယူရေးနဲ့ ပတ်သတ်တဲ့ သဘောတူခွင့်ပြုချက်ပဲ ဖြစ်ပါတယ်။ ဗြိတိသျှနိုင်ငံ သား တစ်ဦး ဖြစ်သူ မစ္စတာခရိတ်သည် ဇင်ဘာဘွေ နိုင်ငံသားတစ်ဦးလည်း ဖြစ်သည့်အလျောက် မြေယာ ၀ယ်ယူခွင့်ကို သဘောတူခွင့်ပြုလိုက်သည်။ ၀ယ်ယူမည့် မြေယာသည် ရိုခင်ကုမ္ပဏီပိုင် မြေယာများဝင်ဖြစ်သည်။ ဤသဘောတူ ခွင့်ပြုမိန့်ကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထားပြီး လယ်ယာစိုက်ပျိုးရေး ၀န်ကြီး က ထပ်ဆင့် လက်မှတ်ရေးထိုး ထားသည်။"
ခရိတ်သည် ၀န်ကြီးတွန်ဂါတာက ယင်းမြေ၀ယ်ယူရေး ခွင့်ပြုချက် မရရှိအောင် လုပ်မည်ဟု ခြိမ်း ခြောက်ခဲ့သည်ကို သတိရမိနေသည်။ သို့သော် ယခုတော့ ယင်းခွင့်ပြုချက် ရရှိခြင်းမှာ ၀န်ကြီးဗိုလ် ချုပ်ဖွန်ဂါဘီရာ က လယ်ယာစိုက်ပျိုးရေး ၀န်ကြီးနှင့် ယောက်ဖတော်နေ၍ ရရှိလာခြင်း ဖြစ်နိုင်သည် ဟု လည်း စဉ်းစားမိသည်။
စဉ်စားရာက ခရိတ်သည် ဖွန်ဂါဘီရာအား လှမ်းကြည့်ရာ ရှေ့နေကြီးဖတ်ပြနေသည့် စာချုပ်ပါ အချက် များ ကိုသာ အာရုံစိုက်နားထောင် နေသည်ကို တွေ့ရလေသည်။
ရှေ့နေကြီး ကိုဟင်သည် စာပွဲပေါ်ရှိ စာရွက်စာတမ်းများကို တစ်ခုပြီးတစ်ခု ကောက်ယူ၍ သေချာ စွာဖတ်သွား လေသည်။ နားထောင်နေသူများက မရှင်းလင်း၍ မေးမြန်းနိုင်ရန်အတွက်လည်း စာပိုဒ် တစ်ပိုဒ် ပြီးလျှင် ခေတ္တရပ်နားပြီး မေးစရာမရှိတော့မှ ဆက်လက်၍ ဖတ်သွားလေသည်။
ခရိတ်သည် သူလိုနေသော ဒေါ်လာငွေသိန်းငါးဆယ် ချေးယူရရှိရန် မမျှော်လင့်တော့ဘဲ နေရာမှ ယခုတော့ နည်းလမ်းပေါ်လာသဖြင့် စိတ်လှုပ်ရှားကာ ကုလားထိုင်တွင် ငြိမ်ငြိမ်ထိုင်နေရန်ပင် ခက် သလို ဖြစ်နေ လေသည်။
အလွန်မြတ်နိုးတွယ်ထာသော ကင်းလင်းမြေကွက် အပါအ၀င် ရိုလင်ကုမ္ပဏီပိုင် မြေယာများကို ရရှိပြီး သူ ရည်မှန်း သည့် ဇမ်ဘေဇီမြစ်နေရေများ စီမံကိန်း အကောင်းအထည်ပေါ်ချေ တော့မည်ဟု ၀မ်းမြောက် ၀မ်းသာ စိတ်လှုပ်ရှားမိခြင်း ဖြစ်လေသည်။
သို့ရာတွင် ရှေ့နေကြီး ဖတ်ပြသွားသော စာချုပ်ပါစည်းကမ်းချက်တစ်ခုကို ခရိတ်က ဘ၀င်မကျမိ သဖြင့်-
"နေပါဦးဗျ၊ အခုဖတ်သွားတဲ့စာပိုဒ်ထဲက အကယ်၍ နိုင်ငံတော်နှင့် ပြည်သူတို့၏ ရန်သူဖြစ်ခဲ့ သော် ဆိုတာ က ဘာအဓိပ္ပာယ်လဲဗျ"ဟု မေးလိုက်သည်။
ထိုအခါ ရှေ့နေကြီး မစ္စတာ ကိုဟင်က ရှင်းပြလေသည်။
"ဒါကတော့ ဒီနိုင်ငံက စာချုပ်စာတမ်းတွေမှာ ထည့်ရိုးထည့်စဉ် စာပိုဒ်ပဲ ဖြစ်ပါတယ်။ နိုင်ငံကိုချစ် တဲ့ စိတ်(မျိုးချစ်စိတ်) ထက်သန်တဲ့ သဘောကို ဖော်ပြတဲ့ စာပိုဒ်ပဲ"
"ဒါဟာ တရားဥပဒေ စည်းကမ်းဘောင်နဲ့ ကိုက်ညီရဲ့လားဗျ"
ခရိတ် က သံသယဖြစ်ဟန်နှင့် မေးလိုက်ရာ ရှေ့နေကြီးက ဥပဒေနှင့် အံဝင်ကိုက်ညီကြောင်း ပြောပြ လေသည်။
"ဒီစာပိုဒ်ကို ငွေထုတ်ချေးရမယ့် ဘဏ်တိုက်က လက်ခံပါ့မလား"
ခရိတ်က ထပ်မေးလိုက်လျှင် ဇင်ဘာဘွေ မြေယာအုပ်ချုပ်ရေးမှူးက
"တခြား စာချုပ်တွေမှာလည်း ဒီစာပိုဒ်ပါတာပဲ။ အဲဒီစာချုပ်တွေကို သက်ဆိုရာဘဏ်တွေက လက်ခံကြတာချည်းပဲ။ အမှန်တော့ ဒီစာပိုဒ်ဟာ ရှေ့နေကြီး ရှင်းပြသလို ဘာရယ်လို့ မဟုတ်ပါဘူး။ ထည့်ရိုးထည့်စဉ် စာပိုဒ်တစ်ခုသာ ဖြစ်ပါတယ်"ဟု ပြောလေသည်။
ထိုအခါ ဗိုလ်ချုပ် ဖွန်ဂါဘီရာကလည်း ခရိတ်အား ပြုံးလျက်-
"ခင်ဗျားကလည်း ဒီစာပိုဒ်အတွက် စိတ်အနှောင့်အယှက် ဖြစ်မနေစမ်းပါနဲ့။ တကယ်တော့ ခင်ဗျားက ကျူပ်တို့အစိုးရကို လက်နက်ကိုင် တော်လှန်မဲ့သူမှမဟုတ်တာ"ဟု ပြောလိုက်သည်။
ခရိတ်လည်း မတတ်သာဘဲ ပြန်၍ ပြုံးလိုက်သည်။
"ဒါဖြင့်လည်း ကောင်းပြီလေ၊ ငွေထုတ်ချေးမယ့် ဘဏ်တိုက်ကသာ လက်ခံမယ်ဆိုရင် ကျူပ်အနေ နဲ့ဘာမှ ပြောစရာ မရှိပါဘူး"
စာရွက်စာတမ်း စာချုပ်များကို ရှေ့နေကြီးကဖတ်ပြရာ အချိန်တစ်နာရီပါး ကြာသွားပြီးနောက် ဘဏ်အုပ်ချူပ်ရေးမှူး မူရှာရီဝါက လက်မှတ်ရေးထိုးလေသည်။
ထို့နောက် ခရိတ်က လက်မှတ်ရေးထိုးပြီး အသိသက်သေနှစ်ဦးက လက်မှတ်ထိုးကြသည်။ နောက်ဆုံးတွင် ရှေ့နေကြီး ကိုဟင်က စာချုပ်စာတမ်း တရားဝင်ဖြစ်စေရန် သူ၏တံဆိပ် ရိုက်နှိပ် ကာ လက်မှတ်ထိုး လေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ကျေနပ် သဘောကျဟန်ဖြင့်
"မြေယာဘဏ်ရဲ့ လက်ထောက်အကြီးအကဲ မစ္စတာကာပွေပွေ ကိုယ်တိုင် ကမ္ဘာ့ဘဏ် ဒုက္ကဋ္ဌ ဟင်နရီကို မနေ့ကပဲ တယ်လီဖုန်းဖက်ပြော ပြီးပြီး။ ဒီကအာမခံပေးတဲ့ စာချုပ်တွေ သူ့ဆီရောက် သွားတာနဲ့ ခင်ဗျားလိုတဲ့ငွေဟာ ခင်ဗျားလက်ထဲကို ချက်ချင်းရောက်လာပါမယ်"ဟု ရယ်ကာ မောကာဖြင့် ပြောပြီးနောက် အစေခံတစ်ဦးအား ရှက်ပိန်အရက် ယူလာရန် အမိန့်ပေးလိုက်သည်။
ထို့နောက် အနောက်တိုင်း ယဉ်ကျေးမှုထုံးစံအတိုင်း ကိစ္စတစ်ခု အောင်မြင်လျက် ၀မ်းမြောက်ဝမ်း သာဂရှက်ပိန်အရက် သောက်ကြသလို လူအားလုံး ဖန်ခွက်ကိုယ်စီကိုင် မြှောက်ပြီး ရှက်ပိန်အရက် သောက် ကာ ဆက်လက်တိုးတက် အောင်မြင်ပါစေဟု ဆုတောင်းကြလေသည်။
မြေယာဘဏ်မှ ပုဂ္ဂိုလ်များ ပြန်သွားကြသောအခါ ဗိုလ်ချုပ် ဖွန်ဂါဘီရာက-
"ကဲ အားလုံး ကိစ္စပြီးပြီးဆိုရင် ကျူပ်က ကူညီစီစဉ်ပေးတဲ့အတွက် ပွဲခ(ကော်မရှင်) သဘောရသင့် တဲ့ ဝေစုအကြောင်း ဆက်လက်ဆွေးနွေးရအောင်၊ ကျူပ်လိုချင်တဲ့ စည်းကမ်းချက်တွေ မစ္စတာကိုဟင် ဆီမှာ ရှိပါတယ်။ ခင်ဗျားဖတ်ကြည့်ပါဦး"ဟု ပြောလေသည်။
ခရိတ်လည်း လက်နှိပ်စက်ရိုက်ထားသော စာရွက်ကို ယူပြီးဖတ်ကြည့်လိုက်ရာ ဖွန်ဂါဘီရာ အတွက် ဝေစုမှာ ရှိလင်ကုမ္ပဏီ ၏ ပိုင်ဆိုင်ခွင် အစုရှယ်ယာများမှ ဆယ်ရာခိုင်နှုန်းဖြစ်ပြီးကြောင်း တွေ့ရသ ဖြင့် အံ့အား သင့်ကာ-
"ဟာရိုလင် ကုမ္ပဏီရဲ့ ရှယ်ယာတစ်ဆယ် ရာခိုင်နှုန်းတောင် ပါလား"ဟု ရေရွတ်လိုက်မိလေသည်။
အခန်း (၉) ဆက်ရန်
.

1 comment:
ဆရာမရေ.. ဒီအပိုင်းလေး ကိုလည်း ဖတ်သွားပါပြီ ခင်ဗျ..
ကျေးဇူးအများကြီး တင်ပါတယ်..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment