Saturday, August 14, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၀)

အခန်း(၁၀)

နောက်တစ်နေ့ နံနက်စောစောတွင် ဆယ်လီနှင့် ခရိတ်တို့သည် ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ သီးသန့်နေအိမ်သို့ သွားကြလေသည်။ အခန်သို့ ခေါ်သွားလေသည်။ ထိုအခန်းမှာ (မျက်နှာဖြူလူမျိုး ရှိစဉ်က) ဘိလိယက်ထိုး ကစားသည့် အခန်းကြီး ဖြစ်လေသည်။

အခန်း၏နံရံတစ်ခုတွင် ကြီးမားသော မြေပုံကြီး ချိတ်ဆွဲထားသည်။ စစ်ရုံးများမှ မြေပုံဖြစ်ပြီး နေရာအချို့တွင် အမှတ်အသား အဖြစ် ရောင်စုံအလံငယ်များ စိုက်ထားလေသည်။
ပြတင်းပေါက် အနီးတွင် စာရေးစားပွဲရှည်ကြီး တစ်ခုရှိပြီး စားပွဲပေါ်တွင် စာရွက်စာတမ်းများ၊ ပါလီမန် လွှတ်တော် အစီရင်ခံစာ မှတ်တမ်းများ ပါရှိလေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ကျွန်သား စားပွဲငယ်တစ်ခုတွင် ထိုင်နေရာမှ ခရိတ်တို့ကိုမြင်လျှင် နှုတ်ဆက်ရန် ထိုင်ရာမှ ထလိုက်သည်။ သူ၏အိမ်တွင်းရုံးခန်း၌ တစ်ယောက်တည်းထိုင် အလုပ်လုပ်ခြင်း ဖြစ်သောကြောင့် သူသည် ဖိနပ်လည်း စီးမထား၊ အ၀တ်အစားလည်း ၀တ်မထားဘဲ ခါးတွင် အဖြူရောင်ပိတ်စ(နံငယ်ပိုင်း) တစ်ခု သာ ပတ်ထားလေသည်။

သူ၏ခန္ဓာကိုယ်မှာ အလွန်တောင့်တင်း သန်မာပြီး ခွန်အားဗလ အထူးပြည့်စုံသူ တစ်ယောက်၏ အသွင် ဆောင် နေသည်။
"ကဲလာကြပါ။ ကျူပ်က အ၀တ်အစား ၀တ်မထားတာကိုတော့ ခွင့်လွှတ်ပါ။ ကျုပ်က အခုလို အာဖရိက တိုက်သား ပီပီ နေရမှ လွတ်လပ်ပြီး နေသာထိုင်သာ ရှိတယ်ဗျ"
ဖွန်ဂါဘီရာ က ပြုံး၍ပြောရင်း ခရိတ်နှင့်ဆယ်လီတို့အား အခန်းတွင်းရှိ ခွေးခြေများတွင် ထိုင်ရန် ညွှန်ပြ လိုက်သည်။

"ဒီမှက ဧည့်သည်များများ လာလေ့မရှိလို့ ခွေးခြေပဲ ရှိတယ်။ ခင်းဗျားတို့ ထိုင်ချင်ရင် ကုလားထိုင် ယူခိုင်း လိုက်ပါ့မယ်"
"မလိုပါဘူးရှင့်၊ ဒီလိုပဲ ထိုင်ပါ့မယ်"
ဆယ်လီ က ပြောပြောဆိုဆို ခွေးချေတစ်လုံးတွင် ၀င်ထိုင်လိုက်သည်။
"ခင်ဗျားတို့ကို တွေ့ရတာ ၀မ်းသာပါတယ်။ ဒါပေမဲ့ ကျုပ်က ဆယ်နာရီတိတိမှာ ပါလီမန်လွှတ်တော် ကို သွားစရာ ရှိနေတယ်"
ဖွန်ဂါဘီရာ က ခရိတ်တို့အား ပြောစရာရှိလျှင် မြန်မြန်ပြောစေရန် အကြောင်းပြလိုက်သည်။

"ကျွန်မတို့ကလည်း အချိန်ဖြုန်းပြီး ဝေ့လည်ကြောင်ပတ် မပြောပါဘူး။ ဒိလိုပါ တောရိုင်းတိရစ္ဆာန် တွေကို မတရား ခိုးသတ်နေတဲ့ မှောင်ခိုဂိုဏ်းကြီးရဲ့ အဓိက ခေါင်းဆောင်ဟာ ဘယ်သူဆိုတာ ကျွန်မတို့ ရိပ်မိပြီ ရှင့်" ဆယ်လီ က လိုရင်းအချက်ကို တိုက်ရိုက်ပင် ပြောချလိုက်ရာ ဗိုလ်ချုပ်ဖွန်ဂါဘီရာ ထိုင်မည်ပြု နေရာမှ မထိုင်ဘဲ ရှေ့သို့တိုးလာပြီး အံ့အားသင့်ဟန်ဖြင့် လှမ်းကြည်လိုက်သည်။
"ဒါဖြင့် ကျုပ်ကို ပြောပြစမ်းပါ"

ဤသို့ပြောသဖြင့် ဆယ်လီလည်း မည်သို့မည်ပုံ ကောက်ချက်ချ၍ မှောင်ခိုဂိုဏ်းခေါင်းဆောင် မည်သူ မည်ဝါ ဖြစ်ကြောင်း တွက်ချက်သိရပုံကို ပြောပြလိုက်လေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ဘာမှ ၀င်မပြောဘဲ မျက်မှောင်ကြုတ်လျက် သေချာစွား နားစိုက်ထောင် နေလေသည်။ ဆယ်လီက ၀န်ကြီးအဖွဲ့ နာမည်စာရင်းမှ ခြောက်ဦးရွေးချယ် စဉ်းစားပုံ၊ နောက်ဆုံး တစ်ဦးတည်း ၏ နာမည်သာ ကျန်သဖြင့် ထိုသူပင် ဖြစ်ရမည်ဟု ကောက်ချက်ချယူပုံ စသည်တို့ကို ပြော၍ အဆုံး သတ် လိုက်လေသည်။

"လက်စသတ်တော့ ကျုပ်တို့ရဲ့ ရဲဘော်ဝန်ကြီး တွန်ဂါတာ ဖြစ်နေတာကိုး"
ဖွန်ဂါဘီရာက ပါးစပ်မှ ရေရွတ်လိုက်ပြီးနောက် နံရံတွင် ချိတ်ဆွဲထားသော ဇင်ဘာဘွေ နို်င်ငံ၏ မြေပုံကြီးကို လှမ်းကြည့်လေသည်။
ခဏ မျှကြာလျှင် ဆယ်လီက "ဘယ်လို သဘောရလဲ ဗိုလ်ချုပ်" ဟုမေးလိုက်သည်။
"အခုခင်ဗျားတို့ပြောတာ ကြားလိုက်ရတော့ ကျုပ်အနေနဲ့ မီးသွေးခဲရဲရဲကို လက်နဲ့ ကိုင်ရမလို ဖြစ်သွားတယ်။ ဒီမယ် ဆယ်လီ၊ အခု ကောက်ချက်ချယူတာဟာ ၀န်ကြီးတွန်ဂါတာ က ခရိတ်ကို မချေမငံ ဆက်ဆံ လိုက်ပုံ ကြောင့် ဆက်စပ်ပြီး ကောက်ချက်ချယူတာများ ဖြစ်နေမလား"

"မဟုတ်ပါဘူးရှင့်"
ဆယ်လီက ပြောလိုက်ပြီးနောက် ဖွန်ဂါဘီရာသည် ခရိတ်ဘက်သို့ လှည့်၍
"ခင်ဗျား ကကော ဘယ်လို ထင်သလဲ" ဟုမေးလိုက်ပြန်သည်။
"သူကကျုပ်ရဲ့ မိတ်ဆွေလည်းဖြစ်တယ်။ ကျုပ်ကိုလည်း အများကြီး ကူညီခဲ့ဖူးတယ်"
"ဒါက တစ်ချိန် က ဖြစ်ခဲ့တာပါ။ အခုသူက ခင်ဗျားကို ရန်သူလို ဆက်ဆံတယ် မဟုတ်လား"
"ဒါပေမဲ့ ကျုပ်က အခုအထိ သူ့ကို ခင်မင်လေးစားစိတ် ရှိတုန်းပဲ"
"ဒါက ဟုတ်ပါပြီ၊ အခုတော့ ခင်ဗျား လေးစားတဲ့လူက"

"ဟုတ်ပါတယ်၊ဒီလူက အခုတော့ ဆယ်လီက ကောက်ချက်ချတဲ့အတိုင်း မှန်နေပုံရပါတယ်။"
ခရိတ်က စိတ်မကောင်းစွာနှင့်ပင် ၀န်ခံလိုက်ရသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် နံရံကပ် မြေပုံကြီး အနီးသို့ လျှောက်သွားပြီး မြေပုံပေါ်၌ ရောင်စုံ အလံ ကလေး များကို စိုက်ထားသည်ကို ကြည့်ရင်း ပြောလေသည်။
"ကျုပ်တို့ဇင်ဘာဘွေ နိုင်ငံကေ ပေါက်ကွဲတော့ မယ့်ဆဲဆဲ ယမ်းဘီးလူး(မိုင်းဗုံး) ကြီးတစ်ခုလို ဖြစ်နေတယ်။ မာတာဘယ်လီ လူမျိုးတွေက ကျုပ်တို့အစိုးရကို ဗြောင်တော်လှန်တော့မလို့ ပြင်ဆင်နေကြပြီ။ ဟောဒီ နေရာတွေကို ကြည့်"

(ဤနေရာတွင် ဖွန်ဂါဘီရာသည် မြေပုံမှ နေရာတချို့ကိုထောက်ပြရင်း ပြောသည်။)
"အဲဒီနေရာက တောတွေထဲမှာ မာတာဘယ်လီ တိုင်းရင်းသားတွေ လူစုရုံးနေကြပြီ။ ဒါကြောင့် ကျုပ်တို့လည်း ကြိုတင်ကာကွယ်တဲ့ အနေနဲ့သူတို့ရဲ့ ခေါင်းဆောင်တွေကို အချိန်မီ အရေးယူ နေရတယ်။ မာတာဘယ်လီ လူမျိုးတို့ရဲ့ ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်နိုကိုမိုဆိုရင် လုံးဝနိုင်ငံရေး လှုပ်ရှားမှု အလုပ် ရအောင် အတင်းအကျုပ် အနားယူခိုင်းထားရတယ်။ ၀န်ကြီးအဖွဲ့ထဲက မာတာဘယ်လီ ၀န်ကြီးနှစ်ဦး ကိုလည်း နိုင်ငံနော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီးအရေး.ယူထားရတယ်။ အခုဆိုရင် ၀န်ကြီးအဖွဲ့ထဲမှာ  မာတာဘယ်လီ တိုင်းရင်းသားဆိုလို့ တွန်ဂါတာ တစ်ဦးတည်းပဲ ကျန်တယ်။

ဒီလူတကယ်လည်း သြဇာရှိတယ်။ သူ့ကို မာတာဘယ်လီ လူမျိုးတွေ သာမက တခြားတိုင်းရင်းသားများက လေးစားကြည်ညိုကြတယ်။ မာတာဘယ်လီ တိုင်းရင်းသားတွေ ကတော့မပြောရဲတော့ တွန်ဂါတာ ကို သူတို့ ရဲ့ တစ်ဦးတည်း ကျန်တဲ့ ခေါင်းဆောင်ကြီးလို့ ယူဆကြတယ်။ ဒါကြောင့် ကျုပ်တို့က သူ့ကို သွားထိ ရမယ်ဆိုရင်"
ဤတွင် ဆယ်လီက ကြားဖြတ်လျက် ၀င်ပြောလေသည်။

"ဘာလဲ၊ ဗိုလ်ချုပ်တို့က သူ့ကို ဘာမှမလုပ်ဘဲ လွှတ်ထားမှာလား။ ဒီလိုဆိုရင် ရှင်တို့ရဲ့ နိုင်ငံတော်ကြီးက ဘယ်လိုဖြစ်သွားမလဲ။ တရားဥပဒေကလည်း သာမန်လူတွေ အတွက်သာဖြစ်ပြီး ထိပ်သီး ပုဂ္ဂိုလ် တွေကျတော့"
ဆယ်လီပြော၍ မဆုံးသေးမီ ဖွန်ဂါဘီရာသည် စိတ်တိုလာဟန်ဖြင့်
"မင်း တိတ်တိတ်နေစမ်းပါ " ဟုခပ်ထန်ထန် ပြောလိုက်သည်။
ဆယ်လီ သည် ဆက်မပြောတော့ဘဲ အသာငြိမ်နေလိုက်သည်။

သည်တော့မှ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သူ၏စားပွဲသို့ ပြန်လျှောက်သွားပြီး ထိုင်၍ စကား ပြောလေသည်။
ကျုပ်ပြောနေတာက ဒီကစ္စမှာ ရှေ့လောတကြီး အရေးယူလိုက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ဂယက်ရှိက်မှု အကျိုး သက်ရောက်မှု တွေကို ရှင်းပြနေတာပါ။ ၀န်ကြီးတွန်ဂါတာကို အရေးယူ ဖမ်းဆီးလိုက်တာနဲ့ ဇင်ဘာဘွေ နိုင်ငံ မှာ အကြီးအကျယ် ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပြီး တစ်နိုင်ငံလုံး မီးဟုန်းဟုန်း တောက်သွားနိုင်တယ်။ ဒီလို ပြောလိုက်တာနဲ့ ကျုပ်က ဘာမှအရေးမယူဘဲ ထိုင်ကြည့်နေမယ်လို့ မထင်လိုက်ပါနဲ့ ဒီလိုဆိုလိုတာ မဟုတ်ဘူး။ ဒါပေမဲ့ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲ ကျုပ်က ဘာမှမလုပ်နိုင်ဘူးလို့ ဆိုလိုတယ်။ ပြီးတော့ ဘယ်ဘက် မှ မလိုက်တဲ့ ကြားနေပုဂ္ဂိုလ်တွေရဲ့ ထွက်ဆိုချက် သက်သေခံချက်တွေလည်း လိုအပ်တယ်"

ဤသို့ပြောစဉ် သူသည် အခန်းနံရံရှိ မြေပုံကြီးကို ကြည့်မြဲကြည်နေသည်။
"အခု တောင်မှ ကမ္ဘာက ကျုပ်တို့ဟာ လူနည်းစု မာတာဘယ်လီ တိုင်းရင်းသားလူမျိုးတွေအပေါ် မတရား ဖိနှိပ် နေတယ်လို့ စွပ်စွဲနေကြတယ်။ တကယ်တော့ ကျုပ်တို့က တိုင်းပြည်ငြိမ်ဝပ်ပိပြား ရေးနှင့်တရားဥပဒေ စိုးမိုးရေး အတွက် ကြိုးစားနေတာသာ ဖြစ်တယ်။ စစ်တိုက်ဝါသနာပါတဲ့ မာတာဘယ်လီ လူမျိုးတွေနဲ့ နားလည်မှု ရအောင် စေ့စပ်ညှိနှိုင်းရေးအတွက် အထောက်အကူ ပြုနိုင်မယ့် လူဆိုလို့ တွန်ဂါတာ တစ်ဦးတည်းပဲရှိတယ်။ ဒါကြောင့် ကျုပ်တို့အနေနဲ့ သူ့တို့အကြောင်း မခိုင်လုံဘဲ ပေါ့ပေါ့တန်တန် သဘော ထားပြီး ချေမှုန်းပစ်တာမျိုး မလုပ်နိုင်ဘူး"
ဖွန်ဂါဘီရာ က စကားကို ခေတ္တဖြတ်ထားလိုက်စဉ် ဆယ်လီက ၀င်ပြောလေသည်။

"ဗိုလ်ချုပ်ရှင့်၊ ကျွန်မပြောမပြရသေးတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒါကိုကျွန်မနဲ့ ခရိတ်တို့က ဆွေးနွေးပြီး ကြပါပြီ၊ "ဗိုလ်ချုပ်ရှင့်၊ ကျွန်မပြောမပြရသေးတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒါကိုကျွန်မနဲ့ ခရိတ်တို့က ဆွေးနွေးပြီး ကြပါပြီ၊ တကယ်လို့ တွန်ဂါတာဟာ မှောင်ခိုတိစ္ဆာန် သတ်ဖြတ်ရေး ဂိုဏ်းရဲ့ ထိပ်သီး ခေါင်းဆောင် ဖြစ်ရိုးမှန်ရင် သူဟာ အဲဒီကရတာတဲ့ ငွေတွေကို တခြားတစ်နေရာမှာ လျှိ့ဝှက် အသုံးချ နေရတာ ဖြစ်ရမယ်။ အမြင်အားဖြင့်တော့ သူဟာငွေကို ရေလိုသုံးဖြုန်းနေတာ မဟုတ်ပါဘူး၊ သို့သော်လည်း သူဟာ မာတာဘယ်လီ တိုင်းရင်းသား ပြောက်ကျားတွေနဲ့ အဆက်အသွယ်ရှိတာတော့ ကျွန်မတို့ သိထားတယ်။

ဤတွင် ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် သိသိသာသာ မျက်နှာထား တင်းမာလာသည်။
"ဗိုလ်ချုပ်ရှင့်၊ ကျွန်မပြောမပြရသေးတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒါကိုကျွန်မနဲ့ ခရိတ်တို့က ဆွေးနွေးပြီး ကြပါပြီ၊

"တွန်ဂါတာဟာ တကယ်ပဲ မှောင်ခိုဂိုဏ်းရဲ့ ခေါင်းဆောင်အမှန် ဖြစ်နေရင် ကျုပ်ကလုံးဝ မညုာမတာဘဲ အရေးယူမယ်။ ဒါပေမဲ့ အဲဒီလို အရေးယူတဲ့အခါ ကျုပ်အနနဲ့ အလွန်ခိုင်လုံတဲ့ အထောက်အထားတွေ လိုတယ်။ ဒါမှ အဲဒီအထောက်အထားတွေကို ကမ္ဘာကသိအောင် ပြနိုင်ပြီး သူလည်း ကျုပ်လက်တွင်းက လွတ်မြောက် မှာ မဟုတ်ဘူး"
"ဒီလိုဆိုရင် ဗိုလ်ချုပ်အနေနဲ့ အချိန်ဆွဲမနေဘဲ အမြန်ဆုံးလှုပ်ရှားမှ ဖြစ်လိမ့်မယ်" ဆယ်လီက အကြံပေး သလို ပြောလိုက်သည်။

ခရိတ်၏ ကိုယ်ပိုင်သင်္ဘော ဘာဝူကို ထုခွဲရောင်းချရန် စီစဉ်သောအခါ ပွဲစားလုပ်သူက သင်္ဘောရှိရာ သို့ ကိုယ်တိုင်လာကြည့်ရင်း ၀မ်းသာစရာ သတင်းကောင်း ပြောလေသည်။
"ခင်ဗျားက ကံကောင်းတယ်လို့ ဆိုရမယ်။ ခင်ဗျားရောင်းဖို့ စိတ်ကူးတဲ့အချိန်က ဈေးတွေတက်နေတဲ့ အချိန် ဖြစ်တယ်။ အခုတလော လူတွေက ဒီသင်္ဘောမျိုးတွေက်ု တော်တော် အ၀ယ်များနေကြတယ်"

အပိုင်း (၁ဝ) ဆက်ရန်
.

1 comment:

ဇော်သိင်္ခ said...

ဆရာမရေ... ဒီအပိုင်းလေးလည်း ဖတ်သွားပါပြီခင်ဗျ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ