Saturday, August 14, 2010

ကြယ်နီ အပိုင်း (၃၃)

(၄)

ဗြူလိုကလက်တွေ၊ ပါတီတွေကိုလည်း ကပ်တတ်မယ်၊ ငွေရှင်ကြေးရှင် ကုန်သည်ပွဲစားတွေနဲ့လည်း အလွမ်းသင့်အောင် ပေါင်းတတ်မယ်ဆိုရင် အင်းကိုလည်း ရအောင် ဆွဲနိုင်မယ်၊ အင်းစရိတ်အတွက် လိုတဲ့ငွေလည်း ပူစရာ မလိုတော့ဘူးဆိုတော့ ကိစ္စအားလုံး ပြီးငြိမ်းပြီလို့ ထင်ရင် တက်တက် စင်အောင် မှားတော့ မပေါ့ဗျာ။ လုပ်ငန်းတိုင်းမှာ မပါရင် မပြီးတဲ့ ကိုယ့်လုပ်ငန်းကို ကိုယ် နိုင်နင်း ကျွမ်းကျင်မှုဆိုတဲ့ အရည်အ ချင်းတစ်ရပ် လိုလာပြန်ရောဗျ၊ အဲဒီ အရည်အချင်းမျိုးလည်း ရှိထားမှ ထိုက်သင့်တဲ့ အကျိုး အမြတ် ရဖို့က သေချာတာကလားဗျာ။

ဟဲ ဟဲ အဲဒီအရည်အချင်းမျိုးဆိုရင်လည်း ကျုပ်မှာ ရှိသင့်တာထက်တောင် ပိုနေသေးတယ်ဗျ၊ ဒီနယ် တစ်ဝိုက် မှာ ကျုပ်ကို ရေသရဲလို့ ဘွဲ့ထူး ပေးထားရတာကိုပဲ ချင့်ကြည့်တော့လေ။ တချို့ မနာလို့တဲ့ လူတွေကတော့ ကျုပ်ကို မသေခင်က "တစ်ပွဲစား"နေတဲ့ လူလို့ ကျုပ်နောက်ကွယ်မှာ တီးတိုး ပြောနေကြ သေးတယ်၊ မသေခင်ကတည်းက "တစ်ပွဲစား" နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကျုပ်ဟာ လူစင်စစ်က နတ်စိမ်းသရဲဘ၀ကို ကူးပြောင်းနေသူမို့ "ဘိုးမင်းကျာ်"တို့ "မင်းလေး"တို့လို ပွဲတစ်ပွဲ အမြဲပေးထားရတယ်လို့ ဆိုလိုတာပေါ့ဗျာ။

တချို့ကတော့လည်း ကျုပ်ဟာ အင်းလုပ်ငန်းကို ဒါလောက် မက်မောနေတယ်ဆိုရင် တစ်ခါတုန်းက ပုံပြင် လိုလို ဒဏ္ဍာရီလိုလို ကြားလိုက်ရဖူးတဲ့ အင်းရဲကြီး အင်းသားကြီး တစ်ဦးလို ရန်ကုန်တက်ပြီး ဘုရားသွား ဖူးတာ ရွှေတိဂုံစေတီကြီးကို ရှေ့ တွင်ထားပြီး မမြင်နိုင်ဘဲ ကြောင်တောင်တောင် ကွယ်နေတဲ့ အဖြစ်မျိုး ကျုပ်လည်း တစ်နေ့မှာ ရောက်သွားမှာပဲတဲ့။ ဟား ဟား ရယ်ချင်သေးတော့ဗျာ၊ ကျုပ်မျက်စိက ရေအောက် မှာ ကူးနေတဲ့ ငါးတွေကို ရေပေါ်က လှေလှော်သွားရင်း အလိုလို မြင်နေရတဲ့အထိ စူးရှတဲ့ မျက်စိဗျ။ ဒီမျက်စိ မျိုးကလား ဗျ၊ ရွှေတိဂုံစေတီကြီး တစ်ခုလုံးကို မဖူးမြင်နိုင်ဘဲ ရှိရမှာ။

ကျုပ်ကို ရေသရဲလို့ ဘွဲ့ထူး ပေးတာ တကယ်တော့လည်း မမှားဘူးဗျ၊ ကျုပ် အလုပ်ကို ၀ါသနာလည်း ပါ၊ စိတ်လည်း အဟုတ် တကယ် ၀င်စားတာမို့ အမှတ်သညာ များတာပေါ့ဗျာ။ လေမတိုက်ဘဲနဲ့ ရေမျက်နှာ လှိုင်းဂယက် လေးများ ထ သွားရင် ဒါဟာ ရေအောက်မှာ ငါးအုပ်ဖြတ်ကျော် ကူးသန်းသွားလို့ပဲဆိုတာ မသိနိုင် ဘူးလားဗျာ။ အဲ ကျုပ်မှာ သူများထက် ပိုထားတာက အဲဒီ လှိုင်းဂယက်ကလေးတွေရဲ့ လှုပ်ရှားပုကို ကြည့်လိုက် ရုံနဲ့ ရေအောက်က ငါးအုပ်ဟာ ဘာငါးအုပ်ဆိုတာ အမျိုးအမည်နဲ့တကွ တိတိကျကျ ခွဲခြား ပြောဆို နိုင်ခြင်းပါပဲ၊ အဲဒဲ မှော်ပေါက်လို့ သိတာ မဟုတ်ဘူး၊ လူစင်စစ်က နတ်စိမ်းသရဲ ဖြစ် နေလို့ သိတာ လည်း မဟုတ်ဘူး၊ သတိထားပြီး ကြည့်ရှုတတ်ခြင်းနဲ့ အမှတ်သညာများခြင်းဆိုတဲ့ အချက်နှစ်ချက် ကြောင့်ပဲ ဆိုတာ ရှင်းမနေဘူးလာဗျာ။

ကျုပ်အင်း တည်ရှိနေတဲ့ ကွင်းမှာဆိုရင် အင်းလေးအင်း ရှိနေတယ်လေ၊ အဲဒီကွင်းကိုလည်း ဒီလေးအင်းက ပိုင်တယ်၊ အဲဒီ တစ်ကွင်းထဲက ငါးကို အဲဒီလေးအင်းက အပြိုင်ဖမ်းတယ်၊ ဥာဏ်ရည်သာပြီး အကွက်မြင်တဲ့ လူက ငါးပိုမိတယ်။ ဒီတော့ နေရာတကာမှာ ဥာဏ်ရည်သာပြီး လျင်နေတဲ့ ကျုပ်က ကျန်တဲ့သုံးအင်းက အင်းသားကြီး တွေအပေါ်မှာ အမြဲတမ်း အပေါ်စီးက ရနေတာပေါ့ဗျာ။

မိုးတွင်းဘက် ရေတွေ ကြီးနေတုန်းဆိုရင် အင်းနယ်နိမိတ်ကို သတ်မှတ်ခြင်း မပြုနိုင်သေးလို့ ကွင်း ထဲက ငါးတွေ ကို ဘယ်အင်းပိုင်ငါးလို့ တိတိကျကျ ခွဲခြား မပြောနိုင်ကြသေးဘူးဗျ၊ လေးအင်းလုံး ပိုင်တဲ့ ဘုံပိုင် ပါးပဲ ဖြစ်တယ်။ အဲ သီတင်းကျွတ်၊ တန်ဆောင်မုန်းရောက်လို့ ကွင်းထဲမှာ ရေနည်း သွားတဲ့အခါမှ အင်း နယ်နိမိတ် ကို သတ်မှတ်ဖို့ အချိန်နီးလာတဲ့အခါ ကျုပ် ဘာလုပ်တယ် မှတ်သလဲ၊ ဟဲ ဟဲ ထုတ်ပြောရမှာတော့ ရှက်စရာ ပါပဲဗျာ၊ ကျုပ် လက်သပ်မွေးထားတဲ့ ပိုက်သမားတွေကို ညသန်းခေါင် လူခြေတိတ်မှာ အင်းနယ်နိမိတ် သတ်မှတ်တဲ့အခါ သူတို့ သုံးအင်းပိုင်ရမယ့် ပိုက်နက် တွေထဲမှာ သွားပြီး တိတ်တဆိတ် ပိုက်ချ ခိုင်း လိုက်တယ်။ ငါးဆိုတဲ့ သတ္တ၀ါတွေကလည်း အသိ ဥာဏ် မရှိဘူးလို့သာ ဆိုရတယ်၊ သူတို့ရဲ့ ဘေးအန္တရာယ် ကိုတော့ သိမြင်ပြီး ရှောင်တိမ်းတတ်သား ဗျ။

အဲဒီလို ဟိုဘက် အင်းပိုင်နက်တွေမှာ ပိုက်သမားတွေ မွှေလိုက်တာနဲ့ တစ်ချက်တည်း အဲဒါ ငါးတွေဟာ ဟိုဘက် အင်းပိုက်နက်တွေထဲမှာ မနေတော့ဘဲ ဘေးကင်းတဲ့ ကျုပ် အင်း ပိုက်နက်ထဲ ကို ကူးပြောင်း ၀င်ရောက်ပြီး ခိုလှုံလာတော့တာပဲဗျာ၊ အဲဒီ ကူးပြောင်းဝင်ရောက်လာတဲ့ ငါးတွေက ကျုပ်အင်း ပိုက်နက် ထဲက ဘယ်ကိုမှ မထွက်ဘဲ ကျုပ်အင်းပိုင်နက်ထဲမှာပဲ ပျော်မွေ့နေအောင် ကျုပ်က အထူးဂရုတစိုက် လက်ခံပြီး ပြုစုစောင့်ရှောက်ထားပါတယ်ဗျာ။

ပိုက်သမား၊ ငါးမျှားတံ သမားတွေ ကျုပ်အင်းပိုင်နက်ထဲကို မ၀င်နိုင်အောင် အထူးစောင့်ကြပ် ကာကွယ် ပေးတယ်၊ ပြီးတော့ အဲဒီငါးတွေကြိုက်တဲ့ ဖွဲနုမှုန့်နဲ့ ငါးခေါင်းပြုတ်ရည် အစရှိတဲ့ အစာအာဟာရတွေကို စေတနာ ကြီးစွာ နဲ့ ကျွေးမွေးထားတော့ ဒီငါးတွေဟာ ကျုပ်အင်းပိုင်နက်ထဲမှာပဲ ပျော်မွေ့နေတာပေါ့ဗျာ။ အင်း နယ်နိမိတ်ကို သတ်မှတ်ကြစို့ဟေ့လို့ အင်းသားကြီးအချင်းချင်း သဘောတူ ညှိနှိုင်းပြီး သတ်မှတ် ပိတ်ဆို့ လို့လည်း ပြီးရော ကျုပ်အင်းပိုင်နက်ထဲမှာ ငါးတွေ စုပြုံနေပြီး သူတို့ အင်းပိုက်နက်ထဲမှာ တော့ ငါး သိပ်မရှိတော့ဘူးလေ။ ဟဲ ဟဲ အဲဒါ ဖေကြံတာဗျ၊ ဖေကြံတာ။ အဲဒီလို အစစ အရာရာမှာ ကျွမ်းကျင်ပြီး ဥာဏ်ရည် သာရုံတင် မဟုတ်သေးဘူးဗျို့၊ ကျုပ်က ကျုပ်အလုပ်ကို တကယ်လည်း စိတ်ဝင်စားတာ်၊ ဘယ်လောက် အထိ စိတ်ဝင်စားတယ်ဆိုတာ နမူနာကလေးတစ်ခုတော့ ထုတ်ပြော လိုက်ရသေးတာပေါ့ဗျာ။

အဲဒီလို အင်းနယ်နိမိတ်ကို သတ်မှတ်ပိတ်ဆို့လို့လည်း ပြီးရော၊ ငါးတွေဟာ ထွက်ပေါက်မရဘဲ အင်းပိုင်နက် တွေထဲမှာသာ တ၀ဲလည်လည်နဲ့ ပိတ်မိနေကြရောဗျ။ ဒီတော့ ငါးတွေက သူတို့ကို ပိတ် မိနေပြီဆိုတာ ရိပ်မိ သွားပြီး ထွက်ပေါက်ကိုသာ တ၀ဲလည်လည်နဲ့ မရမနေ ကူးသန်းရှာဖွေကြတာ ပေါ့။ ဟဲ ဟဲ ဒီတော့မှ ကျုပ်လည်း ထွက်ပေါက်ရှာနေတဲ့ ငါးတွေဟာ ထွက်ပေါက်ကိုမရဘဲ ပိုပြီး ကျဉ်းကျပ်တဲ့ နေရာကို စုပြုံ ရောက်ရှိလာအောင် သွေးဆောင် သိမ်းသွင်းရတာပေါ့ဗျာ။ ဘယ်လိုလဲ ဆိုတော့ ကျုပ်က ကျုပ်အင်းပိုင်နက် တစ်ခုလုံးနဲ့ ထွက်ပေါက်ဖြစ်တဲ့ ချောင်းဝကနေပြီး ယင်းများနဲ့ ဆည်တားထားတာကိုးဗျ၊ ဆည်ကို တစ်တန်းတည်းထားတာ မဟုတ်ဘူး၊ အထက်ဆည် အောက် ဆည်ဆိုပြီး ဆည်နှစ်တန်း ထားရတယ်၊

အဲဒီ ဆည်နှစ်တန်းရဲ့ အတွင်းရိုးကို "ကတစ်"လို့ ခေါ်တယ်၊ အခုန ထွက်ပေါက်ရှာနေတဲ့ ငါးတွေဟာ အဲဒီ ကတစ်ထဲရောက်လာအောင် သွေးဆောင် သိမ်းသွင်းရမှာကိုးဗျ၊ အဲဒီ ကတစ်ထဲကို ဒီငါးတွေ စုပြုံ ရောက်ရှိလာမှသာ ကျုပ်အဖို့ ဖမ်းရတာ လည်း ဆည်နှစ်တန်းရှိတဲ့ အနက် အောက်ဆည်ကနေပြီး ဒီ ငါးတွေ ကို "ကတစ်" ထဲရောက်အောင် သွင်းယူတယ်၊ ကတစ်ထဲ ရောက်နေတဲ့ ငါးတွေကိုမှ တစ်ဖန် အထက်ဆည်မှာ ထွက်ပေါက်ပေးပြီး အဲဒီ ထွက်ပေါက်ဝက "ဗုံလုံ"များ တပ်ဆင်ထားပြီး လက်စသတ် ဖမ်းယူတယ်။ အဲ အခု ကျုပ်ဟာ ကျုပ်အလုပ်ကို ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတာ ပြောတော့မယ်နော်၊ ကျုပ်ဟာ ကျုပ်အင်း ပိုင်နက်ထဲက ငါးတွေကို အောက်ဆည်ကနေပြီး ကတစ်ထဲကို သွင်းတဲ့ အခါမှာပေါ့၊

အဲဒီအခါမှာ ဆိုရင် ကျုပ်ဟာ ထမင်းမှန်း ဟင်းမှန်း မသိအောင် ထမင်းမေ့ ဟင်းမေ့ပေါ့၊ အောက်ဆည်မှာ ငါးသွင်းတဲ့အခါ အသုံးပြုဖို့ ငါးဝင်ပေါက် ထားရှိတယ်လေ၊ ငါးသွင်းတဲ့အခါ လူစောင့်ပြီး သွင်းနိုင် အောင် အဲဒီ ငါးဝင်ပေါက်ရဲ့ အပေါ်မှာ အမိုးနဲ့ အကာနဲ့ လူနေဖို့ စင်ကလေးနဲ့ သပ်သပ်ရပ်ရပ် ဆောက်လုပ်တယ်။ အဲဒါကို "ခရယ်အိမ်" လို့ ခေါ်တယ်၊ ယီးတီးယားတားတော့ သွားလုပ်မယ် မကြံနဲ့၊ အဲဒီ "ခရယ်အိမ်"ဟာ နတ်ကြီးတယ်ဗျ၊ ငှက်ပျောပဲ အုန်းပွဲ အမြဲပေးထားရတဲ့ နေရောပေါ့၊ အဲဒီနေရာကို အထွတ်အမြတ်ထားတာမို့ မိန်းမတွေကို တက်ခွင့်မပေးဘူးဗျ၊ နှယ်နှယ်ရရ မမှတ် လိုက်ပါနဲ့။

ငါးသွင်းတို့ နေ့ဆိုရင် ကျုပ်ဟာ တစ်နေ့လုံးလိုလို "ခရယ်အိမ်" ထဲမှာ ရောက်နေတာပဲ၊ ငါး ၀င်ပေါက်နေရာမှာ "ရှော" သဘောမျိုး တပ်ဆင်ထားတာကိုး၊ ငါးသွင်းတော့မယ် ဆိုရင် အဲဒီရှောကို နင်းမြှုပ်ပြီး ၀ါးလုံးနဲ့ ထောက်ထားလိုက်ရင် ရှောဟာ မြုပ်နေလိမ့်မယ်၊ ငါးတွေဟာ အဲဒီမြုပ်နေတဲ့ "ရှော"ပေါ်က ကျော်ဖြတ်ပြီး ကတစ်ထဲကို ၀င်ကြတာပေါ့ဗျာ။ ငါးအ၀င် တန့်သွားတဲ့အခါမှာ ထောက်ထားတဲ့ ၀ါးလုံး ကို ဖြတ်လိုက်ရင် ရှောဟာ ပြန်ပေါ်လာပြီး အတွင်း ငါးတွေလည်း အပြင်ကို ဘယ်နည်းနဲ့မှ မထွက်နိုင် ကြတော့ဘူးဗျ။

ရေတွေကလည်း ၀င်တော့မယ်ဟေ့ ဆိုရင် အဆီးအတားမရှိ ဒလဟော ပစ်ဝင်တော့တာပဲဗျာ၊ အို အဲဒီလို ငါးသွင်းနေတုန်း အချိန်မှာဆိုရင် ကျုပ်လေ အသံလည်း မပြုဘူး၊ လှုပ်လည်း မလှုပ်ဘူး၊ လှုပ်ရှားလိုက်ရင် ငါးလန့်ပြီး အ၀င်တန့်သွားမှာ စိုးရသေးကိုးဗျ၊ ပြီးတော့ ကျုပ်ကိုယ်တိုင်ကလည်း လှုပ်ရှားဖို့ သတိမရ လောက်အောင် တသဲသဲ တဖွဲဖွဲ  ၀င်နေတဲ့ ငါးတွေကိုကြည့်ပြီး ပီတိ ဖြစ်နေတာ ကိုးဗျ။ အဲဒီအခါမှာဆိုရင် ကျုပ်ရဲ့ စိတ်အာရုံဟာ ဘယ်ကိုမှ မပျံ့မလွင့်ဘဲ တဖွဲဖွဲ ၀င်နေတဲ့ ငါးတွေ အပေါ်မှာသာ ကျရောက်စူးစိုက်ပြီး ပီတိတွေ ပွားများနေမိတယ်၊ ကျုပ်ရဲ့ ဘေးပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျုပ်လုံးလုံး မသိတော့ဘူး၊ ကျုပ်မိန်းမ မျောက်မွေးနေတယ်ဆိုတာ တောင် ကျုပ် လှည့်ကြည့်မိမယ် မဟုတ်ဘူး။ အဟုတ် ကိုပါပဲဗျာ၊ ပြောမယုံ ကြုံဖူးမှ သိကြပါလိမ့် မယ်။ ကျုပ် စဉ်းစားမိတယ်ဗျ၊ သည်လို သမထ ၀ိပဿနာဆိုတဲ့ တရားတွေကိုသာ အဲဒီလို ပီတိ တွေ တဖွားဖွားနဲ့ စိတ်စူးစိုက် စွဲမြဲနေအောင် ပွားများနိုင်မယ်ဆိုရင် ကျုပ်တို့ တစ်တွေဟာ နိဗ္ဗာန်မဂ် ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ကုန်ကြမှာပဲလို့။

(၅)

အဲဒီလို ဗြူလိုကလက်တွေ၊ ပါတီတွေကိုလည်း ကပ်တတ်တယ်၊ ငွေရှင်ကြေးရှင် ကုန်သည်ပွဲစား တွေနဲ့လည်း အလွမ်း သင့်အောင် ပေါင်းတတ်တယ်၊ ကိုယ့်လုပ်ငန်းကိုလည်း နိုင်နင်းကျွမ်းကျင် တယ်ဆိုတော့ ကျုပ်ဟာ သူကြွယ် တစ်ဦး လောက် ကြွယ်ဝနေမှာပဲလို့ ခင်ဗျားတို့က အလော သုံးဆယ် မှတ်ချက် မချလိုက်ပါနဲ့ဦးဗျာ။ အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျုပ်ဟာ ကြွေးလည်ပင်းခိုက်အောင် မွဲနေပါပြီဗျာ၊ ရုတ်တရက် ဆိုတော့ ခင်ဗျားတို့က အံ့သြသွားမှာပဲနော်၊ မအံ့သြနဲ့ဗျို့၊ မနှစ်က မြန်မာပြည်အရပ်ရပ်မှာ ရေလွှမ်းမိုးခြင်း ခံရတယ် ဆိုတဲ့ သတင်းကို ခင်ဗျား တို့လည်း ကြားမိမှာပေါ့၊ အဲဒီရေဟာ လယ်သမားတွေရဲ့ လယ်ယာ ကိုသာ ဖျက်ဆီးပစ်တာ မဟုတ် ဘူး၊ ကျုပ်တို့ရဲ့ အင်းတွေကိုပါ ဖျက်ဆီးပစ်လိုက်တယ်လေ။

ကျုပ်အင်းဆိုရင် ယင်းတွေနဲ့ ဆည်တားပြီးလို့ အင်း စပိတ်တဲ့နေ့မှာပဲ လေရော မိုးရော ဆင်းပြီး ရွာချ လိုက်တယ်ဗျာ၊ ဆည်တား ထားတဲ့ ယင်းတွေဟာ တစ်ခါတည်း ပွင့်ထွက်ကုန်တာပေါ့။ ရေကလည်း တစ်ဟုန်ထိုး တက်လာ တော့ ဆည်တိုင်တွေ မြုပ်ကုန်အောင် ရေလွှမ်းမိုးသွားတာပေါ့ဗျာ။ ဒီတော့ ကျုပ်အင်း ပိုင်နက် ထဲက ငါးတွေလည်း ချောင်းမကြီးထဲကို အကုန်ထွက်ကုန်တာပေါ့ဗျာ။ အဲဒီရေတွေ ပြန်အကျမှာ တစ်ခါ ပြန်ချသေးတာပေါ့လို့ ကျုပ် အားခဲထားပေမဲ့ တယ်တော့ အားမရှိလှပါဘူးဗျာ။

ကျုပ် နားလည်ပါ တယ်ဗျာ၊ ပထမရေမှာ ဒီလို အဖြစ်ခံလိုက်ရပြီးမှ နောက်ရေမှာ ပြန်ချလို့လည်း အကြောင်းထူးမှာ မဟုတ်ဘူးဆိုတာ ကျုပ် နားလည်ပါတယ်ဗျာ။ ဒါပေမဲ့ လူ့ဓမ္မတာအတိုင်း တစ်ဖက် ကလည်း မျှော်လင့်ချက်ကို လက်မလွှတ်ချင်သေးတော့ နောက်ထပ် စရိတ်အကုန်ခံ၊ ယင်း၊ ၀ါး၊ တန်ဆာ ပလာ အသစ်ထူထောင်ပြီး ရေပြန်အကျမှာ ပြန်ပြီးပိတ်လိုက်ပါတယ်။ ကျုပ် ထင်တဲ့အတိုင်းပါပဲဗျာ။ စရိတ်ထပ်ကုန်တာသာ အဖတ်တင်တယ်။ အိမ်စားဖို့ ငါးပိကလေး အနည်းအကျဉ်း ရလိုက်တာက လွဲပြီး တခြားဘာငါးမှ မတက်တော့ဘူးဗျာ။ ဟိုနှစ် ဟိုနှစ်တွေက မြက်ထားလို့ စုမိဆောင်းမိတာ ကလေးတွေလည်း ဒီတစ်နှစ် တည်း ရှုံးတာနဲ့ ချောရောပေါ့ဗျာ။ ကြွေးရှင်တွေ ဆိုတာလည်း ကျုပ် ပတ်လည်မှာ ၀ိုင်းလို့ပေါ့။  ပေါင်ထားတဲ့ ရွှေကလေးတွေလည်း ပြန်မရွေးနိုင်တော့ဘဲ အဆုံးခံလိုက် ရမှာ သေချာနေလို့ ကျုပ်မိန်းမဖြင့် တရှုပ်ရှုပ်နဲ့ချည်း ငိုနေတာပေါ့ဗျာ။

ကျုပ်တော့ စိတ်ညစ်ညစ်ရှိ တာနဲ့ အရက်ဆိုင်သွားပြီး အရက်ကိုချည်း မလင်းအောင် သောက်နေမိတယ်ဗျို့။
အင်းလေး၊ ကျုပ်က ဘယ်လောက်ပဲတော်တော် သဘာဝဓမ္မတာ ဖျက်ဆီးတော့လည်း မခံနိုင်ဘူး ပေါ့ဗျာ။ တချို့ကတော့လည်း သဘာဝဓမ္မတာ ဖျက်ဆီးလို့ ပျက်စီးရတာကိုပဲ ကံမကောင်း အကြောင်းမလှလို့ဆိုပြီး တလွဲပြောနေကြသေးတယ်၊ ကျုပ်တို့သာ သဘာဝကို အရှုံးပေးနေရတာပါ ဗျာ။ ဟို တရုတ်တို့၊ ရွတ်ရှား တို့မှာတော့ သဘာဝကို လူက နိုင်ပြီး လူရဲ့ အကျိုးစီးပွားအတွက် သဘာဝကို နဖားကြိုးတပ်ပြီး ခိုင်းနေကြတယ် ဆိုပါကလားဗျ။ ကျုပ် သတင်းစာထဲမှာ တွေ့လိုက် မိပါတယ်၊ တရုတ်ပြည်မှာဆိုရင် ရေလွှမ်းမိုး တဲ့ဘေးကို တညီတညာတည်း တည်ဆောက်နေကြပါ တယ်။ ဒါပေမဲ့ နေရာတကာမှာ ကံထရိုက် စနစ်ကြီး နဲ့ချည်း လုပ်နေတော့ တိုင်းပြည်ငွေတွေ သောက်သောက်လဲ ကုန်သလောက် အရာလည်း မရောက်ဘူးပေါ့ဗျာ။ အကပ်ကောင်းတဲ့ မျက်နှာ ကြီး ကံထရိုက်တာကြီးတွေ စားပေါက်ကို ဖန်တီးပေးနေသလို ဖြစ်နေတယ်။ လူထုရဲ့ တက်ကြွတဲ့ အကူအညီကိုလည်း မရဘူးပေါ့ဗျာ။ ဒီတော့ ကျုပ်တို့ တစ်တွေလည်း သဘာဝရဲ့ ညှဉ်းဆဲနှိပ်ဆက်မှု ဒဏ်ချက်တွေကို မလူးသာ မလွန့်သာအောင် ဇက်စင်းပြီး ခံနေရ တာပေါ့ဗျာ။

ဒီနှစ်လည်း ကျုပ် ဒီအင်းကိုပဲ ဖြစ်သလို ကြံဖန်ပြီး ဆွဲထားလိုက်ပြန်ပြီဗျို့။ ဒီနှစ်အဖို့ ရေဘေးနဲ့ လွတ်မယ် ဆိုရင် မျှော်လင့်ချက်ကလေးတော့ ရှိပါသေးတယ်ဗျာ။ ဒါကြောင့်မို့ ရေဘေးနဲ့ လွတ်ကင်း အောင် နတ်ဒေ၀ါ ကူညီ ၀ိုင်းလို့ မှိုင်းမတော်မူပါရန် ကန်တော့ပွဲအမျိုးမျိုး၊ နတ်ဆိုင်းတခြိမ့်ခြိမ့်နဲ့ တင်မြှောက်ပသပြီး ဆုတောင်း နေရ တာပဲဗျို့။ ကျုပ်တို့မှာ တခြား အားကိုးစရာ မရှိတော့ နတ်ဒေ၀ါ တွေကိုပဲ အားကိုးနေရတာပေါ့ဗျာ။

ပြီးပါပြီ
.

1 comment:

မေဓာဝီ said...

မနေ့ကတည်းက ပထမပိုင်းဖတ်ပြီးပေမဲ့ ကွန်မန့်မရေးဖြစ်ဘူး။
ဒီတပုဒ်ကတော့ ဖတ်ရတာ ခါတိုင်းနဲ့ မတူတဲ့ ရသတမျိုးပေါ့။
အဆုံးသတ်မှာ တရုတ်တို့ ရွတ်ရှားတို့ သဘာဝကို နဖားကြိုးတပ် ခိုင်းနေကြတယ်ဆိုပေမဲ့ ခုတော့ လူတွေရဲ့ လောဘ ဒေါသ မောဟတွေ များသထက် များများလာလို့ ပိုပိုဆိုးဝါးလာတဲ့ သဘာဝဘေးဒဏ်ကို တရုတ် ရွတ်ရှားလဲ အလူးအလဲ ခံနေကြရပြီနော်။