Friday, August 20, 2010

ကြယ်နီ အပိုင်း (၃၉)

' သူ့စာ အဆိုက မျက်စိဟာ ဇင်ရွေးအရောင်လို ရဲရဲနီနေတဲ့ ကြက်များသာ ရဲရင်လည်း ပြိုင်ဘက်မရှိ ပြေးမိရင်လည်း ဖမ်းလို့တောင် မမိဘူးလို့ ဆိုလိုတာပေါ့ကွာ။ ဒါတွေက တစ်ထစ်ချ သဘောတရားတွေ မဟုတ်ပါဘူး၊ တချို့ကလည်း '

 မဂိုမဂဲ၊ အိမ်က မယားက ဆဲ' တဲ့၊ အဓိပ္ပာယ်ကတော့ မဂိုရေင် မဂဲရောင်ကြက်များဟာ တိုက်တိုင်းရှုံးလို့ အိမ်ကမယားကတောင် ဆဲတယ်လို့ ဆိုလိုတာပေါ့ကွာ။ ပြီးတော့ ' တောင်စွန်ဖြူမြီး ပုန်းကြား၊ တိုက်ပါလေ မောင့်ဘုရား၊ ရှုံးတာကများ' တဲ့၊ အတောင်ပံတွေထဲမှာ အဖြူရောင်ကွက်ကြားပါပြီး အမြီးတွေထဲမှာလည်း အဖြူရောင် ကြိုးကြားပါရှိရင် ဒီကြက်ဟာ ရှုံးတာက များမယ်လို့ ဆိုလိုတာပေါ့ကွာ၊ အမှန်ကတော့ ဒီလိုလည်း တစ်ထစ်ချ မဆိုနိုင်ပါဘူး။ ရှေး လူကြီးပုံခိုင်းဖူးတယ်၊ ' ကြက်ကောင်းမှန် ရာဇာမရှိ' တဲ့ ၊ ကြက်ကောင်းဆိုတာ ဗိုလ်မရှိဘူး ပေါ့လကွာ၊ ငါ့ကြက်ဟာ ဗိုလ်ဆိုပေမဲ့ နိုင်တဲကြက်ကတော့ ပေါ်လာသေးတာပါပဲ။ အရေးကြီး တာကတော့ ပေါ်လာသေးတာပါပဲ။ အရေးကြီးတာကတော့ စောစောက ငါပြောတဲ့ ကြက်ကောင်း လက္ခဏာ တွေပဲ၊ အဲဒီ လက္ခဏာတွေနဲ့ ညီရင် ၀ိုင်းဝင်ပြီး တိုက်ထိုက်ပါတယ်ကွာ၊ ရှုံးတာ နိုင်တာကတော့ ကံပေါ့ '

အားလုံးပင် ကိုသန်းမောင်၏ စကားကို စိတ်ဝင်စားစွာ နားထောင်နေ၏။ သူကား ငယ်စဉ်ကစ၍ ကြက်တိုက် ၀ါသနာကြီးသူဖြစ်ကာ ကြက်နှင့် ပတ်သက်သော စာဆိုများကို အားလုံးလိုလို နားလည်ထားသူဖြစ်၍၊ သူ နားလည်ထားသလောက်လည်း တစ်ဖက်သား သဘောပေါက်အောင် ရှင်းလင်းပြောကြားနိုင်သူဖြစ်၏။ အားလုံး တိတ်ဆိတ်လျက် ရှိစဉ်အတွင်း ဟစ်တလားသည် ကြက်မ တစ်ကောင်အား လိုက်ရစ်နေသည်ကို ကိုသန်းမောင် မြင်လိုက်သဖြင့် စကားလက်စကို ဖြတ်၍ ဟစ်တလားကို သွားဖမ်းနေရာ ပရိသတ်လည်း အသီးသီး ထ ပြန်ကုန်တော့၏။

(၂)

တစ်နေ့သော နံနက်စောစော အချိန်ဖြစ်သည်။
ကိုသန်းမောင်သည် အိပ်ရာမှ စောစီးစွာ နိုးလျက်ရှိ၍ စောစောပင် ထ လာကာ မျက်နှာမသစ်အားဘဲ ကြက်အိပ်တန်းရှိရာ မီးဖိုထဲသို့ တန်းဝင်ခဲ့၏။ ကြက်အိပ်တန်းမှာ ၀ါးလုံးချော ချောတစ်ချောင်းကို မနိမ့်မမြင့် အနေတော် တန်းရိုက်ထားခြင်းဖြစ်၍ ကြက်အတောင် ခတ်လျှင် လွတ်အောင် နံရံနှင့် ခပ်ခွာခွာ ပြုလုပ် ထားသည်။

သူသည် ကြက်တန်းပေါ်မှ ဟစ်တလားအား အတန်ကြာအောင်ပင် စူးစိုက်ကြည့်နေ၏။ အမှန်ကတော့ သူ့ကြက်သည် ကျန်းမာ၍ ရျွှင်ရွှင်လန်းလန်းရှိမရှိ စူးစမ်းကြည့်ရှုနေခြင်းဖြစ်သည်။ ဟစ်တလားကား ကျန်းကျန်း မာမာပင်ရှိသလို လတ်ဆတ်ရွှင်လန်းသော အမူအရာနှင့် ကိုသန်းမောင်ကို ကြည့်ကာ ' ကော့ ... ကော့ .... ကော့ ' ဟု အော်မြည်နေ၏။

ကိုသန်းမောင်သည် အိပ်တန်းထက်မှ ဟစ်တလားအား ညင်သာစွာ ပွေ့ယူလိုက်ကာ ' စလုတ် 'ဟု ခေါ်သော အစာအိမ်သို့ စမ်းသပ်ကြည့်၏။ အစာအိမ်အတွင်း၌ကား မည်သည့်အစာမှ မရှိဘဲ ပြားချပ် နေကာ ညက စားထားသော အစာများောကညက်သွားပြီဖြစ်ကြောင်း ဖော်ပြနေသည်။ ဤကား ကြက်သည် ကျန်းကျန်းမာမာရှိကြောင်း ဖော်ပြသော သက်သေသာဓကပင် ဖြစ်သည်။ အကယ်၍ ညက စားထားသော အစာများ ကြေညက်ခြင်းမရှိဘဲ အစာအိမ် တောင့်မာနေလျှင် ကြက်သည် ကျန်းမာရွှင်လန်းခြင်းမရှိဟု သိရှိနိုင် ၍ ချက်ချင်းပင်အရေးယူကုသရပေမည်။

သို့တိုင်အောင် ကိုသန်းမောင်သည် လုံးဝ ကျေနပ်ဟန် မတူသေးဘဲ ကြက်အိပ်တန်းအောက်ရှိ ကြက်ပါချထားသော ကြက်ချေးတုံးကလေးများကို ကောက်ယူကြည့်ရှုနေပြန်၏။ ကြက်ချေးတုံးများ ကား ကျောက်ခဲ ကဲ့သို့ မာကျောလှ၍ ကိုင်တွယ် စမ်းသပ်နေသော သူ့လက်ကိုပင် မပေမကျံပါ။ ဤသည်လည်း ကြက်သည် ရာခိုင်နှုန်းအပြည့် ကျန်းမာလျက်ရှိကြောင်း ထောက်ခံသော အထောက်အထားပင်ဖြစ်သည်။ အကယ်၍ ကြက်ချေးသည် ပျော့ညက်၍ စေးထန်းထန်းနှင့် နံစော် ပါက ကြက်သည် ကျန်းမာခြင်းမရှိဟု သိ သိနိုင်သည်။

သူသည် ကျေနပ်နှစ်ခြိုက်စွာ ပြုံးလိုက်ကာ ကြက်ကို ပိုက်၍ အပြင်သို့ ထွက်ခဲ့၏။ နောက် ကမ်းနားရေဆိပ်သို့ ဆင်းကာ ကြက်ကို ရေ အ၀တိုက်နေ၏။ ပြီးလျှင် ကြက်ကို ရေထဲ၌ ဒူးထိအောင် စိမ်ပြီး အတောင်ကို ရေမစို ရအောင် သတိပြု၍ ရင်အုပ်နှင့် ပေါင်တံကို ရေဆွတ်ကာ ဆုပ်နယ်ပေးနေ၏။ ဒါကို ရေပေးသည်ဟု ခေါ်၏။ ကြက်ရေပေးခြင်း ကိစ္စအ၀၀ ပြီးစီးသွားမှ သူ မျက်နှာသစ်၏။
မျက်နှာသစ်ပြီး၍ ဟစ်တလားကို ပိုက်ပြီး ကုန်းပေါ်သို့ ပြန်တက်ခဲ့သောအခါ သူ့ဇနီး မအေးတင် သည် အိပ်ရာ မှ ထလာပြီဖြစ်၍ သူ့ကို မကျေနပ်သော မျက်နှာထားဖြင့် ကြည့်ရှုနေသည်ကို သူ တွေ့မြင်ရ၏။ သို့သော် သူသည် မသိမမြင်ဟန်ပြု၍ မြေကြီးပေါ်၌ ငုတ်တိုင်ကလေး တစ်တိုင်ကို စိုက်ကာ ဟစ်တလား၏ ခြေထာက် ၌ ချည်ထားသော ကြိုး၏ အခြားတစ်ဖက်အစကို ထိုငုတ်တိုင်၌ ချည်နှောင်ထားလိုက်၏။ ဟုတ်တယ်လေ ... ' ကြက်ကောင်း ကြိုးမကွာ ' လို့ စာဆိုရှိတယ် မဟုတ်လား။

' တော့်ကြောင့်လည်း ခက်တာပါပဲ၊ တစ်နေ့တစ်နေ့ ဒီကြက်နဲ့ချည်း အချိန်ကုန်နေတာပဲ၊ အလုပ် အကိုင်တော့ ဘာမှ မလုပ်ချင်ဘူး၊ ကျုပ်တစ်ယောက်တည်း ဈေးတောင်း ခေါင်းပေါ်ရွက်ပြီး ရှာဖွေ ခဲ့ရတာကို အေးအေး ကလေး ထိုင်စားတော်မူရုံနဲ့ အားမရသေးလို့ ကြက်ပွဲမှာ ကုန်အောင် လျှောက်ဖြုန်း လိုက်သေး တယ် '

မအေးတင်ကတော့ မကျေမနပ်သံဖြင့် တဖျစ်တောက်တောက် ပြောဆိုနေ၏။ သူကတေ့ မကြား ဟန်ပြု၍သာ ကြက်ကျွေးရန် အစာခွက်နှင့် ရေခွက်ကို အခြေမပျက်ယူ၍ ဟစ်တလားအနီး၌ ချထား လိုက်၏။ တကယ်ဆိုတော့လည်း မအေးတင်ပြောတာ ဟုတ်လှသည်။ သူမက မနက်မိုးလင်းသည် နှင့် တစ်ပြိုင်နက် ဈေးတောင်းကို ခေါင်းပေါ်ရွက်၍ ရွာတကာ့ ရွာအနှံ့ တပင်တပန်း သွားလာရောင်း ၀ယ်နေစဉ်၊ သူကတော့ အိမ်၌ အေးအေးကလေးထိုင်ကာ ကြက်တစ်ကောင်နှင့်သာ အချိန်ကုန်နေ၏။

သို့နှင့်ပင် မပြီးသေးဘဲ သူမ ပင်ပန်းကြီးစွာ ရှာဖွေထားရသော ငွေစကလေးများကို အနုနှင့်မရ အကြမ်းဖက်ကာ တောင်းယူ၍ ကြက်ပွဲ၌ ဖြုန်းတီးပစ်လိုက်တတ်သေး၏။ ဒါကို မအေးတင်က တစ်ခါတစ်ရံ စိတ်မရှည် နိုင်တော့သလို တဖျစ် တောက်တောက် ပြောဆိုလာသည့် အခါ၌ သူက ချော့မော့ ယုယ လိုက်လျှင် မအေးတင်ခမျာ ကျေနပ်သွားရရှာ၏။ ချော့၍မရဘဲ ကဲတက်လာသည့်အခါ၌ကား သူသည် မအေးတင် ၏ နားရင်းကို ပိတ်အုပ်လိုက်တတ်သည်ဖြစ်၍ သနားစရာကောင်းလှသော မအေးတင်ခမျာ ချော့ရုံ နှင့်သာ ကျေနပ် နေရရှာ၏။

သို့စေကာ သူ့၌ မအေးတင်အပေါ် ကရုဏာတရားကင်း၍တော့ မဟုတ်ပါ။ ပြင်းပြထက်သန်လှသော ၀ါသနာကို မစွန့်လွှတ်နိုင်၍သာ သူ့ဇနီးအား အနိုင်ကျင့်လိုသော စိတ်ထား မရှိပါဘဲနှင့် ရွတ်တိရွတ်ထိုး ပြုလုပ်ရခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ မအေးတင်အား သနားလှ၍ ဤ၀ါသနာဆိုးကို စွန့်လွှတ် ပါတော့မည်ဟု ကြံရွယ်ဖူးသော်လည်း တကယ့် လက်တွေ့ အားဖြင့်မူ ငယ်ရွယ်စဉ်က စွဲမြဲလာသော ၀ါသနာ ကို စွန့်လွှတ်ရန် မလွယ်ကူကြောင်းသိရသည့် အတွက် မအေးတင်ကို သနားလျက်နှင့်ပင် ၀ါသနာကို မစွန့်နိုင် ဘဲ ရှိနေရသည်။

သို့သော် မအေးတင် အဖို့ဆိုလျှင်လည်း သူ့ခင်ပွန်းသည် ကြက်ဝါသနာမှအပ အခြားလောင်းကစား မှုများ၌ ၀ါသနာမပါ၊ အသောက်အစားကလလည်း ကင်းသောကြောင့် တော်သေးသည်ဟုသာ စိတ်ကို ဖြေနိုင်ပါသေးသည်။ ပြီးတော့ ဤကြက်နှင့် ပတ်သက်သော ကိစ္စမှအပ အခြားကိစ္စရပ်များတွင်မူ သူမ အလိုအတိုင်းသာ လိုက်လျော့၍ သူမ သဘောအတိုင်း ဖြစ်စေကာ သူမ ခိုင်းသလိုသာ ဆောင်ရွက် ပေးတတ်သောကြောင့်၊ တစ်နည်းအားဖြင့် သူ့၌ရှိသော ဤ၀ါသနာဆိုးအတွက် အပေးအယူ သဘောမျိုးဖြင့် ပြန်၍ လိုက်လျောခြင်းဖြစ်သည်ဟု ထင်မြင်မိ၍ သူ့ချစ်လင်အပေါ် အချစ်တော် မပြယ်နိုင်ဘဲရှိခဲ့ရသည်။

ကိုသန်းမောင်သည် ဟစ်တလားကို ကျကျနန နေရာချပြီးသည်နှင့် တစ်ပြိုင်န် အိမ်ပေါ်သို့ လှမ်းတက်ခဲ့ကာ မအေးတင်၏ ဈေးတောင်းကို ပြင်ဆင်ပေးနေ၏။ ငရုတ်သီး၊ ကြက်သွန်၊ ကွမ်းသီး၊ လက်ဖက်ခြောက်၊ ဆေး စသော တောက်တိုမည်ရ စားကုန်သောက်ကုန်ကလေးများကို တောင်းထဲ၌ သူ့နေရာသူ သပ်သပ်ရပ်ရပ် စီစဉ် ခင်းကျင်းနေ၏။ ချိန်ခွင်နှင့် အလေးများကိုလည်း ဟိုမှ သည်မှ လိုက်လံရှာဖွေ ထည့်သွင်းနေ၏။

စောစောက မကျေမနပ်ဖြစ်လျက်ရှိသော မအေးတင်သည် ခုတော့ ကိုသန်းမောင်၏ လုပ်ပုံ ကိုင်ပုံများကို ကြည့်ရင်း စိတ်တွင်း၌ ကျေနပ်လျက် ရှိ၏။ သည်လို အလိုက်သိတတ်တာကလေးတွေကြောင့်ပင် သူမ ပင်ပန်းကြီးစွာ ရှာဖွေရသော ငွေစကလေးများကို တစ်ခါတစ်ရံ ကြက်ပွဲ၌ ဖြုန်းတီးပစ်လိုက်စေကာမူ သူမမှာ စိတ်မဆိုး သာဘဲ ရှိနေရသည် မဟုတ်လား။
' အေးတင်ရေ ... ဈေးရောင်းမထွက်ခင် ရေဆင်းချိုးလိုက်ပါဦးလား၊ ဒါမှ လူတစ်ကိုယ်လုံး လန်းလန်း ဆန်းဆန်း ဖြစ်သွားမယ် '

အင်း ... ဒီလိုဆိုတော့လည်း သူ့ကြက်ကို ဂရုစိုက်သလို ငါ့ကို သူ ဂရုစိုက်ဖော် ရသားပါကလား။ သူမကား သူ့ချစ်လင်၏ လိုအင်ဆန္ဒကို ကြည်နူးစွာ လိုက်လျောသောအားဖြင့် ရေဆင်းချိုးနေလိုက်၏။ သူမ ရေချိုးပြီး ၍ တက်လာသည့်အခါ၌ကား ကိုသန်းမောင်သည် ထမင်းအိုး တည်ရန် ဆန်ဆေးနေသည်ကို သူမ မြင်ရ၏။

' အေးတင်ရေ ... ဘာဟင်းနဲ့ စားချင်တယ်ဆိုတာ မှာပစ်ခဲ့ဟေ့။ နင် ဈေးရောင်းကအပြန် ကောင်း ကောင်းမွန်မွန် စားရအောင် ငါ ကျကျနန ချက်ထားလိုက်မယ် '
ဤမျှလောက်အထိ မအသေးသော မအေးတင်သည် ကိုသန်းမောင်၏ လောကွတ်များကို သံသယ ဖြစ်စ ပြုလာ၏။ ခါတိုင်း ခါတိုင်းတွင်လည်း ကိုသန်းမောင်သည် သူမ ပင်ပန်းတကြီး ဈေးထွက်ရောင်းနေရသည်ကို ထောက်ညှာ သောအားဖြင့် မိန်းကလေးအလုပ်ဖြစ်သော အိမ်တွင်းမှု ဗာဟီရများ၌ ၀င်ရောက် လုပ်ကိုင် ပေးတတ် သည်မှာ မှန်ပါ၏။ သို့သော် ယနေ့တွင်ကား ခါတိုင်းထက် ပိုမိုထူးခြားကာ သူမအား ဂရုတစိုက် ရှိလှ သဖြင့် ကိုသန်းမောင်၏ လောကွတ်သည် ဘာကို လို၍ ဖြစ်ကြောင်း သူမ နားလည်နေပါပြီ။

' အမယ် ... တော်က ဒီကနေ့မှ စေတနာတွေ ရေစီးကမ်းပြို လိုက်နေပါကလား .... ကျုပ် သိပါတယ်တော်၊ ကျုပ်ကို ချော့ပြီး ကြက်တိုက်ပွဲအတွက် ငွေတောင်းဦးမလို့ မဟုတ်လား '
' ဟော ... အေးတင်ကတော့ ငါ့ကို ဘယ်တော့မှ အကောင်းမထင်ဘူး။ ကြက်တိုက်ပွဲက ချိန်းရက် မစေ့ သေးပါဘူး။ ချိန်းရက် ရောက်တဲ့အခါ ငွေ ငါးဆယ်လောက် တောင်းမယ်လို့ ကြံထားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အခုဟာက နင့်ဈေးရောင်းက ပင်ပင်ပန်းပန်း ပြန်လာတဲ့အခါမှာ ကောင်းကောင်း မွန်မွန်ကလေး စားပါစေတော့ လို့ တကယ့်စေတနာနဲ့ ငါ ပြောတာပါဟ'

' တော်ပါရှင် ... ကြက်ပွဲနဲ့ ပတ်သက်ပြီးထားတဲ့ တော့စေတနာကို ကျုပ် ဘယ်တော့မှ အကောင်း မထင်နိုင်ပါဘူး။ ကျုပ်ကို တကယ် သနားတယ်ဆိုရင် ကျုပ် ပင်ပင်ပန်းပန်း ရှာဖွေနေတဲ့ ငွေကို ကြက်ပွဲမှာ ဖြုန်းပစ် ဖို့ စိတ်မကူးဘဲ ကြက်ကို ဖြတ်ပစ်လိုက်မှပေါ့။ အခုတော့ တစ်ဖက်က ကျုပ်ကို သနားချင် ယောင်ဆောင်ပြီး တစ်ဖက်က ကျုပ်ကို ညှဉ်းဆဲနေတယ်။ တောင်းမယ့်ငွေ ငါးဆယ်ကို မပေးရင်လည်း တော် ကျုပ်ကို အကြမ်းဖက်ပြီး နှိပ်စက်ဦးမှာမို့ ချိန်းရက်စေ့တော့ တော်လိုချင်တဲ့ ငွေကို ရပါစေ့မယ်။ အဲဒီငွေကို နုတ်လိုက် ရင် ငွေရင်းကလေးတော့ ပြုတ်လုပြုတ်ခင် ဖြစ်သွားမှာပဲ '
ကိုသန်းမောင်ကား အတော်ကလေးပင် စိတ်မကောင်း ဖြစ်သွား၏။ သူ့ဇနီးအပေါ် သူ ထားရှိသော စေတနာသည် ဘယ်လေက်ပင် မွန်မြတ်သန့်ရှင်းစေကာမူ ကြက်ဝါသနာကိုသာ မစွန့်လွှတ်နိုင်သမျှ အလဟဿ သာ ဖြစ်နေရပေမည်။ သို့ဖြင့် ငယ်စဉ်ထဲက အစွဲအမြဲ ကြီးလာခဲ့သော ကြက်ဝါသနာကိုလည်း မစွန့်လွှတ်နိုင်၊ သူ့ဇနီး၏ တကယ့် စေတနာမရှိဟူသော စွပ်စွဲချက်ကိုလည်း မခံချင်ဖြင့် အကျပ်ကျပြီး ငိုင်တွေ၍သာ နေလိုက်မိ၏။

' ကဲ .... ဒီမှာ တောင်းကလေးကို တစ်ဆိတ်လေမာက် လာပင့်ပေးပါဦး ဆရာကြီးရဲ့၊ လိုတဲ့ငွေကို ရပါစေ့မယ်လို့ ပြောထားမှဖြင့် မျက်စိမျက်နှာ ပျက်မနေပါနဲ့တော့ '
သူသည် သူ့ဇနီးဘက်သို့ လှည့်ကြည့်လိုက်၍ အတော်ကလေးကြာအောင် စိုက်ကြည့်နေ၏။ နောက် တစ်လှမ်းချင်း လျှောက်သွားကာ အနီးကပ် ကြည့်နေပြန်၏။ နေပူခံအတွက် သနပ်ခါးထူထူ လိမ်းထားသော မျက်နှာကလေးနှင့် ဖျင်ကြမ်းအင်္ကျီ၊ သရက်ထည်ပွင့်ရိုက် လုံချည်ကလေးများနှင့် တန်ဆာဆင်ထားသော သူ့ဇနီး၏ ရုပ်ရည်ကား ခါတိုင်းရုပ်ရည်မျိုးပင် ဖြစ်ပါသည်။ စိုပြည်တောင့် တင်းသော အသားအရေနှင့် ကိုယ်လုံး ကိုယ်ပေါက်မှာလည်း ယခင်ကအတိုင်းပင် ဖြစ်ပါသည်။ သို့ပါလျက် ဘာ့ကြောင့် အထူးအဆန်း လုပ်ပြီး စိုက်ကြည့်နေမိသည် ဆိုတာကိုတော့ သူ့ဟာသူပင် သတိမထားမိပါ။

' ငါ တကယ်ပြောနေတပါ အေးတင်ရာ ... နင် စားချင်တဲ့ ဟင်းကို ပြောသွားစမ်းပါ '
အတော်ကလေးကြာမှ သူ့နှုတ်မှ စကားလုံးများသည် တစ်လုံးချင်း ထွက်ပေါ်လာ၏။ မအေးတင်ကလည်း သူ့ချစ်လင်ကို တအံ့တသြ ပြန်ကြည့်နေ၏။ ယနေ့ ကိုသန်းမောင်ကား အပြောအဆိုရော၊ အမူအရာပါ ခါတိုင်း နှင့်မတူ တစ်မူထူးနေ၏။ သူမသည် အလုပ်ကို ကြိုးကြိုးပမ်းပမ်း ပြုလုပ်သလောက် အစားအသောက် တွင်မူကား မက်မက်မောမောနှင့် တောင့်တောင့်တတ မရှိလှဘဲ ဖြစ်သလိုနှင့်သာ စားသောက်တတ် သည်ကို သိပါလျက် အထူးအဆန်း လုပ်ပြီး မေးနေ၏။ သို့သော် သူ့ကြက်ပွဲ လောင်းဖို့ ငွေရအောင် တမင် လုပ်နေသည်ဟု ထင်မှတ်၍ ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။

' အို တော် ... ချက်ချင်ရာ ချက်ပေါ။ ကျုပ် အစားအသောက် ဇီဇာကြောင်တဲ့ မိန်းမဟုတ်ဘူးဆိုတာ တော် သိသားနဲ့ '
' မဟုတ်ဘူး အေးတင်၊ နင်စားတဲ့ ဟင်းကို မပြောဘဲနဲ့ ငါ တောင်းပင့်မပေးဘူး၊ နင်လည်း ဈေးရောင်း မထွက်ရဘူး '
' ကဲ ... ကဲ ... ဒါဖြင့် ငါးခူငါးပိကောင်ကို ငရုတ်သီးများများနဲ့ ကြော်ထားလိုက်ပေတော့ '
သူမသည် ဈေးရောင်းနေမြင့်နေမည်ကို စိုးရိမ်မိ၍ ပြီးစလွယ်ပင် ပြောကြားလိုက်၏။ သို့နှင့်လည်း မပြီးသေးဘဲ -
' ဒါပဲလားဟာ၊ ကောင်းကောင်းမွန်မွန် စားစေချင်လို့ ပြောခါမှ ငါးပိကောင် ကြော်ထားလိုက်ဆိုတော့ နင့်ဟာ မနိမ့် သေးပါဘူး '

' အို တော် ... ကရိကထ ခံပြီး တခြားဟာတွေ လျှောက်ချက်မနေပါနဲ့၊ နောက်ပြီး ကျုပ် ဘာစားချင် တယ်ဆိုတာ ကျုပ်ဟာကျုပ်လည်း မပြောတတ်ဘူး၊ ကဲ...တောင်းကို ပင့်ပါတော့ဘုရား၊ နေမြင့်လှပြီ '
' ဒါဖြင့် နင်ပြောတဲ့ ငါးပိကောင်ကြော်အပြင် တခြား ငါ စိတ်ကူးရတာကိုပါ ချက်ထားလိုက်မယ်နော် '
' သဘော ... သဘော ... '

သူမက မြန်မြန်ပြီးပါစေ ဟူသော သဘောဖြင့် သူ့အလိုသို့ လိုက်လျောလိုက်မှ ကျေနပ်သွားသလို တောင်း ကို ပင့်ပေးလိုက်သဖြင့် သူမလည်း ဈေးရောင်းထွက်ခဲ့ရတော့၏။ ကိုသန်းမောင်သည် ဈေးရောင်း ထွက်သွား သော သူမ၏ နောက်ပိုင်းကို ပျောက်ကွယ်သွားသည့်တိုင် စူးစိုက်ကြည့်ရှု၍ သက်ပြင်း တစ်ချက် ချလိုက်သည် ကို မအေးတင်ကတော့ မသိရှာ...။

ဆက်ရန်
.

No comments: