Wednesday, August 11, 2010

ကြယ်နီ အပိုင်း (၃ဝ)

စိုးလှပါတယ်
(၁)

မယ်စိန်သည် အိမ်ပေါက်ဝတွင် ထိုင်ကာ မစောညိမ်း ဆေးလိပ်အတိုကလေးကို သောက်ရှူဖွာရှိုက် နေသည်။ အိမ်ရှေ့ရှိ မြေကွက်လပ်တွင်မူ သူမ၏ ရင်သွေးငယ်များသည် ဆူညံစွာ ပြေးလွှားဆော့ ကစား နေကြသည်။ သူမသည် အနက်မထင်သော မျက်လုံးများဖြင့် ပြေးလွှား ဆော့ကစားနေကြ သော ရင်သွေးငယ် များကို စူးစိုက်ကြည့်ရှူလျက် ရှိသော်လည်း ထိုကလေးငယ်များ၏ ပြေးလွှားလှုပ်ရှားခြင်း၌ စိတ်ဝင် စားပုံမရ။ သူမ၏ စိတ်အာရုံမှာ မမြင်နိုင်သော အရပ်တစ်ပါးသို့ ပျံ့လွင့်ရောက်ရှိနေဟန်တူပါ၏။

အချိန်မှာ ညဥ့် ၆ နာရီ အချိန်ခန့် ရှိပြီဖြစ်၍ အမှောင်ရိပ်ပင် သမ်းလာချေပြီ။ အိမ်၌မွေးမြူထားသော ကြက် များပင် အိပ်တန်းတက်ကုန်ကြပေပြီ။ ဘုန်းကြီးကျောင်းမှ ညဘက် ဘုရားဝတ်တက်သော အထိမ်းအမှတ်ဖြင့် တီးခေါက် လိုက်သော အုန်းမောင်းသံပင် ဆူညံစွာ ထွက်ပေါ်လာပေပြီ။

များမကြာမီ အချိန်ကလေးမှ ကိုဒေါင်းစိန်သည် ပိုက်ချဆင်းရန် ပိုက်များကို ယူဆောင်၍ သူမအား နှုတ်ဆက် ထွက်ခွာသွားသည်။ ခါတိုင်း ခါတိုင်းဆိုလျှင် ကိုဒေါင်းစိန် အလုပ်ဆင်းရန် ဖင့်နှေးနေပါက သူမကပင် မရမနေ တိုက်တွန်းလောဆော်ကာ အလုပ်ကို ဆင်းဖြစ်အောင် ဆင်းစေသည်။ သို့သော် သည်တစ်ကြိမ် ကိုဒေါင်းစိန် အလုပ်ဆင်းမည်ပြုသောအခါတွင် သူမ၏ စိတ်ထဲတွင် လေးတေးတေး ထင့်တင့်တင့်ဖြစ်နေ၍ ကိုဒေါင်းစိန် အား မသွားစေချင်ပေ။ မျက်ခမ်းများမှာ တဆတ်ဆတ် လှုပ်နေ ကြသည်ဖြစ်သောကြောင့်လည်း ညကြီး သန်းခေါင် အလုပ်ဆင်းရမည့် ကိုဒေါင်းစိန်အတွက် စိတ် မချအောင် ဖြစ်နေမိသည်။ သို့သော် အဖော် ကလည်း ကောင်း၊ ကိုဒေါင်းစိန် ကိုယ်တိုင်ကလည်း သူမ တားဆီးသည်ကို နားမ၀င်ဘဲ အလုပ်ဆင်းရန်သာ စိတ်ထက်သန်နေသဖြင့် သူမမှာ ဆက်လက် မတားသာဘဲ ကြည့်နေလိုက်ရတော့သည်။

ပြီးတော့ ယခုအချိန်မှာ ကွင်းကို အင်းသားကြီးများပိုင်သော ရက်ဖြစ်၍ အင်းသားကြီးများနှင့် နောက် တော်ပါ လူမိုက် များသည် သူတို့ပိုင်နက်ဖြစ်သောကွင်းကို မအိပ်မနေ ကာကွယ်စောင့်ရှောက်နေမည်မှာ သေချာ လှပေသည်။ ကိုဒေါင်းစိန်တို့ ပိုက်သွားချရမည့် နေရာမှာ ဤအင်းသားကြီးများ ပိုင်နက်ဖြစ်သော ကွင်းတွင် တိတ်တတ်ပုန်း ၀င်ရောက် ပိုက်ချရမည်ဖြစ်သည်။ ကိုဒေါင်းစိန်တို့ ယခု သွားရောက်ရမည့် ကွင်းကို ပိုင်ဆိုင် သော အင်းသားကြီးတွင် လိုင်စင်ယူထားသော နှစ်လုံးပြူး သေနတ်ကြီးကလည်း ရှိနေသည်။ အောင်မယ် လေး ...  မိသွားလို့ ဒီသေနတ်ကြီးနဲ့များ ပစ်ထည့်လိုက်မှဖြင့် ။
သူမ ၏ အတွေးမှာ ဤနေရာသို့ ရောက်လာသောအခါတွင် ငြိမ်သက်လျက်ရှိသော သူမကိုယ်လုံးမှာ ဆတ်ဆတ်ခါ အောင် တုန်လှုပ်သွားသည်။ သူမ၏ အသည်းနှလု့းမှာလည်း မခံမရပ်နိုင်အောင် နာကျင် သွားသည်။ ကိုဒေါင်းစိန်တို့ မသွားမီအခါက မရမနေ တားဆီး မထားလိုက်မိသည်ကိုပင် နောင်တ တရရ ဖြစ်နေ ရှာသည်။

သူမသည် ယခင်တုန်းကလို ပေါ့ပေါ့ပါးပါး မဟုတ်တော့။ ၀မ်းတွင်း၌ လေးလံသော ကိုယ်ဝန်ကို ဆောင်ယူ ထားရှိ နေရပြီဖြစ်သော ကိုယ်ဝန်ဆောင် မိန်းမတစ်ဦးအဖြစ်သို့ ရောက်ရှိနေရပြန်ပေပြီ။ ကိုယ်ဝန်ဆောင် ဖြစ်လာ မှ စိတ်အားမှာ ငယ်တတ်လာသည်။ လန့်တတ် ဖျပ်တတ်သည်။ လင်သည် ကိုလည်း အပါးမှ မခွာ စေချင်ပေ။ ဖြစ်နိုင်လျှင် သည်လို ကိုယ်ဝန်အရင့်အမာကို ဆောင်ယူထားရစဉ် အခါမျိုး၌ လင်သည်ကို အနီးမှာ ထားတာ ဒီလင်၊ ဒီသမီးတွေကို ကြည့်ပြီး ကြည်နူး အားတက်နေချင်သည်။ သို့သော် နေချင်သလို မဖြစ် သော ဘ၀ပါတကား။ လင်သည်မှာ မနေသာ၍ သူမကို ထားခဲ့ကာ ဘေးအန္တရာယ်များ အကြားတွင် အရှာ အဖွေ သွားရပေပြီ။

ကိုဒေါင်းစိန်ကလည်း သွားခါနီးမှာ သူမကို ပြောကြားသွားသေးသည်။ စိတ်မကောင်းရှိပါနဲ့ မယ်စိန် ရယ်၊ ငါ မသွားမဖြစ် လို့ သွားရတာပါ၊ မင်းမီးဖွားတဲ့အခါ မီးနေစရိတ်တော့ ကုန်ဦးမယ် မဟုတ်လား။ အဲဒီ မီးနေ စရိတ် ကလေး ကာမိသွားရင်ပဲ မနည်းဘူးဆို ငါ ပိုက်ချဆင်းရတာပါဟာ ' ဟု ပြောသွား ခဲ့၏။ သူ ပြောတာလည်း မှန်နေတော့ အတားရ အခက်သားပါကလား။

သူမသည် သက်မကို ခပ်လေးလေးပင် ချလိုက်၍ မီးထွန်းညှိရန် မီးခွက်စမ်းသပ်ရှာဖွေနေ၏။ တွေ့လျှင် မီးခွက်ကို ထွန်းညှိလိုက်ပြီးနောက် လမ်းမ၌ ပြေးလွှားကစားနေကြဆဲပင် ရှိနေသေးသော သူမ၏ ရင်သွေး ကလေးများ ကို လှမ်းခေါ်ကာ ကြက်များပင် အိပ်တန်းတက်ကုန်ပြီ ဖြစ်၍ သူတို့လည်း အိပ်တန်းတက်ဖို့ တော်ပြီဖြစ်ကြောင်း သတိပေးပြောဆိုလိုက်၏။ ဤတွင် ကလေးများသည် အိမ်ပေါ်သို့ တစုတရုံးတည်း တက်လာကြကာ သူမ နှင့် မနီးမဝေး နေရာ၌ ထိုင်၍ ဆော့နေကြ၏။

မယ်စိန်သည် တစ်နေရာတွင် ထိုင်၍ ဆေးပေါ့လိပ်တိုကို မီးတရဲရဲဖြင့် ဖွာရှိုက်နေရာမှ မျက်ခမ်းမှာ တဆတ်ဆတ် လှုပ်လာပြန်တော့သဖြင့် ' ဖွဟဲ့ လွဲစေ၊ ဖယ်စေ 'ဟု ထိတ်လန့်တကြား ရေရွတ်ကာ သူမ၏ ခြေဖ၀ါး တွင် ကပ်နေသော မြေမှုန့်ကလေးများကို သူမ၏ လက်ချောင်းကလေးများဖြင့် တို့ယူကာ လှုပ်နေ သော မျက်ခမ်းကို ပွတ်သပ်ပေးလိုက်၏။

သူမ၏ စိတ်မှာ ခဲဆွဲထားသလို ပို၍သာ လေးလာ၏။ စိတ်မှာ ဂနာမငြိမ်သောကြောင့် ကိုယ်ကာယ မှာလည်း တည်ငြိမ်ခြင်း မရှိတော့ဘဲ အဓိပ္ပာယ်မရှိသော လှုပ်ရှားခြင်းမျုးဖြင့် တလှုပလှုပ် တရွရွ ဖြစ်နေ၏။ ကလေးပီပီ ဆူညံစွာ ဆော့နေကြသော ကလေးများကိုလည်း ကြည့်၍မရအောင် ဖြစ်နေ၏။ ' ဒင်းတို့မဆီမဆိုင်ဘဲ ကလေးများ ကို မဲကာ ' ဟဲ့ ကာလနာလေးတွေ၊ ငြိမ်ငြိမ်နေကြစမ်း 'ဟု လှမ်းဟောက်လိုက်သဖြင့် မီး ရေနှင့် သတ်လိုက် သလို ကလေးများမှာ ငြိမ်သက်တိတ်ဆိတ် သွားတော့၏။

သည်လိုဆိုတော့လည်း ကလေးတွေကို သနားမိပြန်ကာ မာန်မဲဆဲဆို မိသည့်အတွက် စိတ်မကောင်း ဖြစ်ရပြန်၏။ ထိုအတွင်း အိပ်တန်းမှ ကြက်ဖကြီး တစ်ကောင် တောင်ပံကို တဖျတ်ဖျတ် ရိုက်ကာ ညံစာစာ တွန်ကျူးလိုက်သည်။ အိပ်တန်းတက်ပြီးနောက် ပထမဆုံး တွန်ကျူးခြင်းဖြစ်၍ ' သူငယ်အိပ်ဆိတ် ' ကြက်တွန်သံ ဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။ ယခုအချိန်တွင် ကလေးသူငယ်များ အိပ်ချိန်ဟု သူမ က ဆုံးဖြတ်ကာ ' ကိုင်း ကိုင်း မင်းတို့ အိပ်ရာထဲဝင်ပြီး အိပ်ကြပေတော့၊ ကောင်းကောင်းအိပ်ကြနော် ' ဟု မပြောစဖူး နူးညံ့သော လေသံဖြင့် ပြောဆိုလိုက်ရာ ကလေးသူငယ်များလည်း တ၀ုန်းဝုန်းဖြင့် အိပ်ရာထဲသို့ စုပြုံ ၀င်ရောက် သွားကြသည်။ ထို ၀င်ရောက်သွားကြသော ကလေးသူငယ်များကို စိုက်ကြည့်လျက်ရှိသော မယ်စိန် ၏ မျက်လုံးအစုံတွင်ကား နူးညံ့သိမ်မွေ့သော မေတ္တာ ကရုဏာ အခိုးငွေ့များ ယှက်သန်း ကွန့်မြူး နေပါတကား။

(၂)

' သူငယ်အိပ်ဆိတ်' ကြက်တွန်သံပင် ထွက်ပေါ်လာပြီဖြစ်၍ ပြေးလွှားဆော့ကစားနေကြသော ကလေး သူငယ် တို့ အသံကား ဆိတ်လေပြီ။ ယခုအချိန်တွင် ကလေးငယ်များသည် အိပ်ရာထက်တွင် ခြေပစ် လက်ပစ် နှင့် အိပ်မောကျနေရှာကြပေတော့မည်။

သူငယ်တို့ ၏ အသံများ ဆိတ်ပြီးသည်၏ အခြားမဲ့၌ သက်ကြီးများ၏ အသံများက လျှံထွက်လာကြ ပြန်သည်။ ချောင်းဟန့်သံ၊ ဘုရားရှိခိုးသံ၊ မေတ္တာပို့ အမျှဝေသံ စသော သက်ကြီးများကို ကိုယ်စားပြု သော အသံ ပေါင်းစုံ တို့သည် သာယာနာပျော်ဖွယ်ဖြစ်သော တဝေေ၀ ကြေးစည်သံကလေးများနှင့်အတူ လျှံထွက် လာကြ ပြန်ပေပြီ။

မယ်စိန် သည် အိပ်ချင်စိတ် မရှိသဖြင့် အိမ်ရှေ့ခန်းတွင် တုံးလုံးလျောင်းကာ သက်ကြီးများ၏ ဘုရားရှိခိုးသံကို နားစိုက် နေမိသည်။ သူမတို့အိမ်နှင့် မျက်စောင်းထိုးအိမ်ရှိ ဦးဘိုးဂေါင်၏ ဘုရားရှိခိုးသံမှာ သူမအား ဆွဲငင်နိုင်စွမ်းရှိလှသည်။ ဦးဘိုးေ၈ါင်သည် ဘုရားရှိခိုးရာတွင် ပြီးစလွယ် မဟုတ်ဘဲ အဆွဲအငင် အပင့်အရှိုက် ကလေးတွေနှင့် ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရှိခိုးတတ်သည် ဖြစ်ရ ကြားရသူများ၏ နားသောတ အာရုံ ကို ဆွဲငင်ညှို့ယူနိုင်စွမ်းရှိပေသည်။

သာယာနာပျော်ဖွယ်သော ဘုရားရှိခိုးသံနှင့် တဝေေ၀ ကြေးစ်သံကလေးများကို နှောင့်ယှက်ဖျက်ဆီး လိုက် သော အသံဆိုးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာ၏။ အခြားမဟုတ်။ ' တစ်တီတူး -တစ်တီတူး ' စူးစူးဝါးဝါး အော်မြည်ရင်း ပျံသန်းသွားသော တစ်တီတူး ငှက်တစ်ကောင်၏ အော်သံပင်ဖြစ်သည်။

မယ်စိန်သည် ဘုရားရှိခိုးသံကို ညွတ်နူးသော စိတ်နှလုံးဖြင့် နားအာရုံစိုက်နေရာမှ တစ်တီတူးငှက် အော်သံကို ရုတ်တရက် ကြားလိုက်ရသောအခါတွင် ထိတ်လန့်တကြား ဖြစ်သွားမိ၏။ ကိုယ်လုံးကို လည်း တုပ်ကွ ပျပ်ဝပ်သေ အနေအထားမျိုးသို့ ရောက်အောင် ကျုံ့နိုင်သမျှ ကျုံ့ထားမိ၏။ ကြောက် နေသည်ကိုမှ ဖြဲခြောက်သော အလား တစ်တီတူငှက်ငယ်သည် နောက်တစ်ကြိမ် ပြန်လှည့်လာပြန် ကာ ' တစ်တီတူး-တစ်တီတူး' ဟု စူးစူးဝါးဝါး အော်မြည်လိုက်ရုံမျှမက 'ဂစ်' ခနဲ မြည်သော၊ ဆိုးဝါး၍ နားမခံသာသော အသံကို ပြုလိုက်ရင်း မယ်စိန်တို့၏ အိမ်ခေါင်ကိုပင် ထိုးဆိတ် သွားလိုက်သေး၏။
မယ်စိန် ကား ကြောက်လွန်းလှ၍ ပုန်းကွယ်ရာ နေရာကိုမျှ ရှာမတွေ့နိုင်တော့ပြီ။

သတိလစ်လု မတတ် ပင်ဖြစ်သွား၏။ ဤ တစ်တီတူးငှက်ကို ငှက်ဆိုးဟု သူတို့ အသိအမှတ်ပြုထားကြသည်။ ညဥ့် အချိန် သူအော်သံကြားလျှင် မကောင်းသော နိမိတ်ဟုပင် ယူမှတ်ကြသည်။ ထိုထက် 'ဂစ်'ခနဲ မြည် သော အ မင်္ဂလာ အသံဆိုးဖြင့် အိမ်ခေါင်ကို ထိုးဆိတ်သွားပါက ပို၍ ဆိုးဝါးသောဘေးအန္တရာယ်နှင့် တွေ့ကြုံ ရမည့် နိမိတ်ပင်ဟုလည်း အသည်းစွဲမှတ်သားထားကြသေးသည်။

မှန်သည်။ မပဋာသည် ဤတစ်တီတူးငှက်ငယ်၏ ရှေးပြေးနိမိတ်အော်မြည်သံကို ကြားရပြီးသည့် နောက် သားသေ၊ လင်ဆုံးဖြင့် ယူကျုံးမရ အပူလုံးကြွကာ ရူးသွပ်ခြင်း အဖြစ်သို့ပင် ရောက်ခဲ့ရ သည် မဟုတ်ပါလား။ တကယ့် မပဋာ အစစ်ကတော့ မပြောတတ်။ ဇာတ်ပွဲထဲက မပဋာကတော့ ငိုချင်းကလေးကိုတောင်ဆိုပြီး ငိုလိုက်သေးတယ်လေ။ ဘာတဲ့ ... သူ့ငိုချင်းက ' အတိတ်ရယ် ဆောင်ပါတယ် ... နိမိတ်ကောင် တစ်တီတူး တွေက ... ဟစ်မြည်ကျူးကာ ညံစာစာနဲ့ ... မခံသာအောင် ထိုး ... ' တဲ့။ ဟုတ်ပါတယ်၊ ဒီတစ်တီတူးဟာ နိမိတ်ကောင် ဖြစ်မှာပါပဲ။

မပဋာ သည် နိမိတ်ကောင် တစ်တီတူး၏ အော်မြည်သံကို ကြားရပြီးသည့်နောက် သားတစ်ယောက် ရေနစ်၍ သားတစ်ကောင် မှာ စွန်ချီခံရသည်။ ကိုဒါသခင်ပွန်းသည် ခမျာမှာလည်း မပဋာမီးနေဖို့ ထင်းသွားအချိုင် ပိုးထိပြီး သေဆုံးခဲ့ရသည်။ ယခု တစ်တီတူးအော်သံသာ သူမတို့အတွက် ပုဗ္ဗနိမိတ် ဖြစ်ခဲ့လျှင် လုံခြုံရာ ဌာနတွင် ရှိနေသော သူမနှင့် သူမတု့ ရင်သွေးငယ်များအဖို့တော့ မဟုတ်နိုင်။ မီးနေစရိတ် ကလေး ကာမိအောင် ညကြီးသန်းခေါင် ပိုက်ချဆင်းတဲ့ ပေါလှသည်။

လက်မ ခြေမ ခန့်ရှိ အကောင်ငယ်လည်း ညဘက် မျောင်ကြီးမည်းမည်းတွင် ပိုက်ချဆင်းရသော ကိုတံငါများမှာ မကြာခဏ ပိုးထိပြီး သေဆုံးခဲ့ကြရသည်။ မီးနေထင်းသွားချိုင်ရင်း ပိုးထိပြီး သေဆုံး ခဲ့ရသော ကိုဒါသလို မီးနေစရိတ်အတွက် ညကြီးသန်းခေါင် ပိုက်ချဆင်းသွားသော ကိုဒေါင်းစိန် လည်း ပိုးထိမှဖြင့် ..... ။

မတွေးဝံ့ပါ။ ရှေ့ဆက်၍ မတွေးဝံ့ပါ။ တစ်ကိုယ်လုံး သိမ့်သိမ့်ခါသွားအောင်သာ တုန်လှုပ်မိပါ၏။ ကြံရာ မရတော့ နှုတ်က တမိတရာ တလိုက်ရှာသည်။ ရှင်ကြီး ဂေါတမ ကယ်တော်မူပါ။
' သဗ္ဗေသတ္တာ၊ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီအတ္တာနံ ပရိဟရန္တု၊ ဒုက္ခာ မုဇ္ဇန္တု၊ ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု၊ ကမ္မဿကာ။
' သဗ္ဗေ - ခပ်သိမ်းကုန်သော၊ သတ္တာ - သတ္တ၀ါအပေါင်းတို့သည်၊ အဝေရာ ရန်မရှိကြကုန်သည်၊ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။ အဗျာပဇ္ဇာ-စိုးရိမ်ကြောင့်ကြခြင်းမရှိကြကုန်သည်၊ ဟောန္တု-ဖြစ် ကြပါစေ ကုန်သတည်း'

ဦးဘိုးဂေါင်ကား ဘုရားရှိခိုးပြီးပြီဖြစ်၍ မေတ္တာပင် ပို့နေလေပြီ။ ခပ်သိမ်းကုန်သော သတ္တ၀ါတို့သည် ရန်မရှိကြပါစေ နဲ့တဲ့၊ စိုးရိမ်ကြောင့်ကြခြင်းလည်း မရှိကြပါစေနဲ့တဲ့၊ မေတ္တာပို့နေရှာသည်။ ဤပတ် ၀န်းကျင်၌ ကြီးပြင်းခဲ့ရ၍ ဤပတ်ဝန်းကျင်မှာပင် အိုမင်းခဲ့ရသော ဦးဘိုးဂေါင်သည် ဤပတ်ဝန်းကျင်မှ လူများ၏ ဘေးရန် များခြင်း အဖြစ်ကို နက်နက်နဲနဲ သိနားလည်သည်။ တစိုးရိမ် ရိမ်တကြောင့်ကြကြ နေထိုင်ရသော အဖြစ် ကိုလည်း သိနားလည်သည်။ ထို့ကြောင့် ဤသူများအတွက် သူ တတ်နိုင်သော နည်းဖြင့် ညစဉ်ညတိုင်း ဆုတောင်းမေတ္တာပို့သပေးရှာပေ သည်။ အမင်္ဂလာအသံကိုကြား၍ ထိတ်လန့်ခဲ့ရသလောက် မင်္ဂလာရှိသော အသံကို ကြားရပြန်တော့ ထိတ်လန့်ခြင်း ပြေပျောက်ကာ ရွှင်လန်းအားတက်မိပြန်၏။ ထိုအချိန်တွင်ပင် အိပ်တန်းမှ ကြက်ဖသည် တောင်ပံကို တဖျတ်ဖျတ်ရိုက်၍ ဒုတိယအကြိမ်မြောက် တွန်ကျူး လိုက် ပြန်ပေပြီ။

' အောက် အီး အီး အွတ် '
သက်ကြီးခေါင်းချ ကြက်တွန်သံပါ တကား။

အခန်း (၃) ဆက်ရန်
.

1 comment:

မေဓာဝီ said...

မယ်စိန်သနားပါတယ်။ ကိုယ်ဝန်ဆောင်မိန်းမတယောက်ရဲ့ ယောက်ယက်ခတ်တဲ့အတွေးကို ရိုးရိုးလေးပုံဖော်သွားတာ ဖတ်လို့ကောင်းပါဘိတော့။

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တယ်ဆိုပေမဲ့ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်း ဆိုတဲ့စကားအတိုင်း အတိတ်တွေနိမိတ်တွေကို မယုံချင်လို့လဲ သိပ်တော့မရဘူးနော်။ အပိုင်း ၃ မျှော်နေမယ် အမရေ ... ။