''ဟာ ဌာနာအုပ်မင်း''
ဦးဘမှန် ရှေ့တိုးလာသည်။
''မောင်မင်းဦးဘမှန် အသာနေပါ။ ဘယ်မလဲ ဆေးရိုး''
ပုလိပ်များသည် မင်္ဂလာပွဲနေပွဲထိုင်လာ ပရိသတ်များကို ကြည့်သည်။
သတို့သား ဆေးရိုးမရှိပါ။
''ဆေးရိုးဘယ်မှာလဲ ရှာကြစမ်း''
ပုလိမ်တွေ အိမ်ပေါ်တက်လာသည်။ ဧည့်ကောင်းစောင်ကောင်း များအတွက် ခင်းထားသော အနားကွပ်ပါသည့် သင်ဖြူးများပေါ်သို့ ဖိနပ်စီးလျက် တက်လာသည်။
''ဟဲ့ဟဲ့ သင်ဖြူးပေါ်ကို ဖိနပ်နဲ့ မနင်းရဘူးဟဲ့''
ပုလိပ်ကို ကြောက်စရာသတ္တ၀ါဟု မသိသော အဘွားအိုတစ်ဦးက ငေါက်ငမ်းသည်။ သို့သော် သင်ဖြူးကို တက်နင်းသော ဖိနပ်များက ကော်ဇောများကိုပါ တက်နင်းသောအခါ အဘွားအို မော့ကြည့်သည်။
''နင်တို့ လူမှ ဟုတ်ကြသေးရဲ့လား''
''အမေကြီး မပြောနဲ့၊ သူတို့က ပုလိပ်။ အဘွားကို ဖမ်းသွားလိမ့်မယ်။ မကြောက်ဘူးလား''
မြေးမနှင့် အတူသူက ကပ်ပြောသည်။
''အလိုတော်၊ ဘာပြုလို့ကြောက်ရမှာတုံး''
အရေးထဲတွင် အရာပေါ်သော အဘွား၏စကားကြောင့် ကြားရသူများမှာ မပြုံးသာပြုံးသာ ပြုံးရယ်ကြသည်။
''ဆေးရိုး မရှိဘူး ဆယ်''
ပုလိပ်တစ်ယောက်က ဆလံပေးပြီး ဌနာအုပ်အား ပြောသည်။ သို့အတွက် ဦးဘရီက ''ကျွန်တော်မျိုးအိမ်ကို ကြွှပြီး အေးအေးဆေးဆေး နားနေပါဦး ဌာနအုပ်မင်း'' ဟုမရဲတရဲပြောသည်။
''အဲဒါကောင်းပါတယ် ဌာနာအုပ်မင်း၊ အဲဒီမှာနေပြီး စုံစမ်းလိုက်ရင် ဆေးရိုး ဘယ်ကိုပြေးသလဲ သတင်းရနိုင်ပါတယ်''
ဤသို့ဖြင့် ဌာနာအုပ်မင်းနှင့် ပုလိပ်တော်မင်းများသည် ရွာခေါင်းဦးဘရီ၏ အိမ်သို့လာကြသည်။ သို့သော် လမ်းကြုံသဖြင့် အခင်းဖြစ်ပွားရာ မယ်ငြိမ်းစည်၏အိမ်ကို ၀င်ကြည့်ကြသည်။ အိမ်တွင်မယ်ငြိမ်းစည် မရှိပါ။ အိပ်ရာ၊အ၀တ်အစားနှင့် စားအိုးစားခွက်များလည်း မရှိတော့ပါ။
''မယ်ငြိမ်းစည် ဘယ်မှာလဲ''
မယ်ငြိမ်းစည် မရှိတော့ကြောင်းကို ရွာခေါင်းဦးဘရီပင်လျှင် ယခုမှသိတော့သည်။
''မယ်ငြိမ်းစည် ဘယ်မှာပုန်းနေသလဲ ရှာကြစမ်း''
ပုလိပ်များနှင့် ဦးဘရီတို့ ဌာနာအုပ်ဘေးမှ ကွားသွားကြခိုက်ဝယ် ဦးဘမှန်က တီးတိုးပြော၏။
''သည်အမှုမှာ ဆာဂျင်ကျော်အေးက လင်ရှိမယားကို ကြာခိုတာပါ''
''ကြာခိုးတယ် ဟုတ်လား။ ကြဆိုတာပန်းပဲ။ ပန်းကိုကျော်အေးက ဘာပြုလို့ခိုးရသလဲ။ ပန်းပန်တာ မိန်းမတွေရဲ့ အလုပ်ပဲ''
ဦးဘမှန်မှာ မြန်မာမဟုတ်၊ ဂေါ်ရာမဟုတ်သော 'ကကတစ်' ဌာနာအုပ်အား စိတ်ညစ်ရသည်။ သို့ရာတွင် မာန်ချပြီး ရှင်းပြသည်။
''ကြာခိုးတာ မဟုတ်ဘူး၊ ကြာခိုတာ ဌာနအုပ်မင်းရဲ့။ လင်ရှိမယားနဲ့ တိတ်တဆိတ် ပေါင်းသင်းတာ''
''အိုး ယက်စ် အိုင်စီး''
''ကျွန်တော်တို့ရွာမှာ ဒါမျိုးမရှိပါဘူး။ ရှိရင် ၀ိုင်းပြီးခဲနဲ့ဖြိုပြီးရွာက နှင်ထုတ်ပါတယ်။ ဒါကြောင့် အမြင်မတော်တဲ့လူတစ်ယောင်က ဓားနဲ့ တက်ခုတ်တာ ဖြစ်နိုင်ပါတယ်။ ဆေးရိုးရဲ့အစ်ကို ငထွန်းကားဆိုတာ မသေချာသလို ဆေးရိုးမဟုတ်တာကတော့ သေချာပါတယ်''
ဌာနာအုပ် ခေါင်းတညိတ်ညိတ်ဖြင့် စိတ်ကောင်းကလေးခဏတစ်ဖြုတ် ၀င်နေခိုက်တွင် ဦးဘမှန်သည် ဌာနာအုပ်အား သူပအိမ်သို့ ခေါ်မှန်းမသိ ခေါ်လာခဲ့၏။ ဦးဘမှန်၏အိမ်တွင် ဦးဘမှန်၏ ဇနီးနှင့် သားသမီးများသည် သပ်သပ်ရပ်ရပ် ၀တ်စားလျက် သနပ်ခါးနံ့ တသင်းသင်း ပန်းရနံ့ တကြိုင်ကြိုင်ဖြင့် ကြိုဆိုနေကြသည်။ အမျိုးသမီးတွေကို မြင်ရသဖြင့် ဌာနာအုပ် ဒေါသလျော့သွား၏။ အိမ်ပေါ်တွင် ကော်ဇောခင်းကာ စားပွဲဝိုင်းကြီးဖြင့် ကြက်ဥကြော်များ၊ ကြက်ဥပြုတ်များပါဝင်သော ခဲဖွယ်ဘောဇဉ်များ အသင့်ပြင်ထားသည်ကို မြင်ရပြန်သောအခါ ဌာနာအုပ်မှာ ဒေါသပြေသွားပြီ။
ဦးဘမှန်သည် ငှက်ခါးတောင်ထနေသော ပင်ကျရည်အိုးနှင့် ချောက်မြို့မှ ၀ယ်လာသော 'ထုံဖန်း' အရက်ပုလင်းကို ဌာနာအုပ်ရှေ့တွင် ချ၏။ မည်သည့်ပစ္စည်းပေါ်တွင် ဌာနာအုပ် မျက်စိရောက်နေ သနည်း အကဲခတ်ပြီး မှ အရက်ပုလင်းကိုဖွင့်ကာ ဖန်ခွက်ထဲသို့ ထည့်၏။
''တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူများဟာ ကြီးတဲ့အမှုကို ငယ်အောာင်၊ ငယ်တဲ့အမှုကို ပပျောက်အောင် ဆောင်ရွက်လေ့ရှိကြပါတယ် ဌာနာအုပ်မင်း''
''ငါ့လူကျော်အေး ဓားခုတ်ခံရတာကို ငါကအမှုဖျောက်ပစ် ထားရမလား မောင်ဘမှန်ရဲ့''
''သည်လိုလဲ မဟုတ်သေးပါဘူး ဌာနာအုပ်မင်းရယ်''
ပုလိပ်များနှင့် ဦးဘရီတို့ ရောက်လာကြသဖြင့် စကားစပြတ်သွားသည်။
''မငြိမ်းစည်ကို မတွေ့ဘူး ဆပ်''
ပုလိပ်များ၏ နောက်တွင် ကုပ်ကုပ်ကလေးရပ်နေသော ဦးဘရီကလည်း ''ယာတွေထဲ၊ ဥယျာဉ်တွေထဲမှာပါ ရှာပါတယ်ခင်ဗျာ၊ မငြိမ်းစည်ကို မတွေ့ပါဘူး ဌာနာအုပ်မင်း'' ဟုပြောသည်။
ဌာနာအုပ်သည် စားပွဲကို ဒေါသတကြီး ပုတ်၏။
''အရေးကြီးတဲ့သက်သေ ပျောက်သွားတဲ့အတွက် မောင်မင်းတို့မှာ တာဝန်ရှိတယ်၊ ရွာလုံးကျွတ် ဒဏ်ရိုက် ရမယ်''
ဦးဘရီဆတ်ခနဲတုန်သွား၏။ မျက်လုံးပြူးသွား၏။ တစ်အိမ်တစ်ပဲ ဒဏ်ရိုက်ဦးတော့ ဆောင်နိုင်သူ နည်းပါး သည့် ရွာဖြစ်၏။ သို့သော် သူသည်မပြောရဲ။ ဦးဘမှန်ကိုသာ လှမ်းကြည့်ရ၏။
''ဦးဘရီ ဟိုဘက်မှာ တစ်ဝိုင်းလုပ်ပါ''
ဦးဘမှန်သည် ဌာနာအုပ်အတွက် နောက်တစ်ခွက် ငှဲ့ပေးရာက လှမ်းပြောပြီးနောက် ''ဌာနာအုပ်မင်း၊ သုံးဆောင်ပါဦး။ စိတ်အေးလက်အေးပေါ့ ဌာနာအုပ်မင်းရယ်'' ဟုပြောသည်။ ဆီထဲတွင် အမဲခြောက်ဖုတ် အား ပေါလောမျောနေသည့် ပန်းကန်ကို ကိုင်မြှောက်ထား၏။
''ဒါထက် စကားမစပ်ပြောရဦးမယ် ဌာနာအုပ်မင်းရေ့။ တလောတုန်းက ကျွန်တော့အိမ်တိုက်တဲ့ ဓားပြမှုမှာ ကျွန်တော်လည်း သုံးခါပဲ ရှုံးမင်းရှေ့မှာ အစစ်ခံရပါကလား။ အဲသည်အမှု ပြီးသွားပြီလား''
''ပြီးပြီ'' ဟုဌာနာအုပ် ဖြေသော်ငြား ကွက်ခနဲ မျက်နှာပျက်သွားသည်။
''ဦးဘမှန် သည် သတိထားမိသဖြင့် ပိုပြီးပြုံး၏။ ပြုံးလျက်စကား ဆက်၏။
''အမှုပြီးသွားရင် သက်သေခံပစ္စည်းတွေကို ကျွန်တော်ပြန်ပြီးရတော့ရပါရဲ့။ လက်စွပ်နှစ်ကွင်း၊ ကြံဆစ်လက်ကောက် သုံးရန်လိုနေလို့ ကျွန်တော်လည်း ဟိုမေးသည်စမ်းပေါ့ ဌာနာအုပ်မင်းရယ်''
ဌာနာအုပ်မင်းသည် သောက်ဆဲ ဖန်ခွက်ကို ချလိုက်သည်။
''ငါအရေးယူပေးမယ်၊ မောင်မင်း လျှောက်မပြောနဲ့''
''မပြောပါဘူး ဌာနာအုပ်မင်းရယ်၊ အခုတောင်နှစ်ကိုယ်ကြားမို့ ပြောတာပါ။ စောပါသေးတယ် ဌာနာအုပ်မင်း ရဲ့၊ သုံးဆောင်ပါဦး''
ဌာနာအုပ် သိသိသာသာ မျက်နှာပျက်နေသော်ငြား ဦးဘမှန်က မသိဟန်ဖြင့် ပျာပျာသလဲ ပြောခြင်းဖြစ်၏။
''တော်ပြီ မောင်မင်း၊ ကျေးဇူးတင်တယ်''
ဌာနာအုပ် ထရပ်သဖြင့် ဦးဘမှန်လည်း ထရပ်သည်။
''မောင်မင်း တို့ရွာ နာမည်ကောင်း ရအောင် ငါလုပ်ပေးမယ်''
''၀မ်းသာပါတယ် ဌာနာအုပ်မင်း''
ပုလိပ်များမှာ ယခုမှ အရှိန်ရစေဖြစ်ငြား မကျေမနပ်ဖြင့် ၀ိုင်းသိမ်းလိုက်ကြရလေ၏။
ဦးဘမှန် သိပါသည်။ ကာလတန်ဖိုးအားဖြင့် နှစ်ရာဖိုးမျှသာ ရှိသော သူ့ပစ္စည်းတွေ ရေစုန်မျောပြီဟု သိလိုက် ပါသည်။ သို့ရာတွင် သူ့အိမ်ဓားပြတိုက်ခံရစဉ်က အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သော မောင်ဆေးရိုး နှင့် သူ့တို့ရွာကို ပုလိပ်မနှိပ်စက်လျှင် ကျေနပ်ပြီ။ ပစ္စည်းတွေ ဆုံးပါစေ။
လယ်ပြင်ကြီးသည် သံသရာလည်နေ၏။ နှမ်းခင်းတွေ၊ ပြောင်းခင်းတွေ ဝေစည်နေရာက ရေပြောင်ပြောင်ဖြင့် တမန်းပြင်ကြီး ဖြစ်သွား၏။ ကြည့်လေရာရာတွင် စပါးပင်တွေချည်းရှိနေရာမှ ရိုးပြတ်တော ဖြစ်သွားပြန်ပြီ။ ယခုတစ်ကြော့ ပြန်လာပြန်ပြီ။ သီးရှည်တွေ တဝေေ၀နှင့် နှမ်းခင်းများသည် ချိုးကူသံ နှင့် အပြိုင် မြူးနေ၏။
မောင်ဆေးရိုးသည် ကျောဘက်သို့ မျှော်ကြည့်၏။ မိကျီးဒန်သည် မြက်ထုံးရွက်လျက် တလှုပ်လှုပ်လာနေဆဲ။ နွားလှည်းများအပြိုင် မောင်းလာသံကြားရသည်။ မောင်ဆေးရိုးသည် တာလမ်းပေါ်သို့ ပြေးတက်လာပြီး မြို့ဘက်သို့ မျှော်ဆန့်ကြည့်သည်။ သာဒွန်းနှင့် ပိတ်စ၊ ငမှေးတို့၏ လှည်းတွေဖြစ်သည်။ သူတို့သည် သင်္ဘောဆိပ်သို့ ကုန်စည်အပို့သွားရာမှ ပြန်လာကြဟန်တူသည်။ နွားတွေမှာ အိမ်အပြန်မို့ ခြေသွက်နေသည်တွင် နှင်တံတမြှောက်မြှောက် ငေါင်ငမ်းလိုက်သောအခါ ပြေးတော့သည်။ တစ်စီးပြေးသည်ကို မြင်သောအခါ ကျန်လှည်းများမှ နွားတွေကလည်း အားကျမခံ ပြေးတော့သည်။ သို့သော် လှည်းယဉ်မဟုတ်။ ပြိုင်နွားမဟုတ်သောဘ ကြောင့်ကြည့်၍ မလှ။
''ဟေ့ကောင်တွေ''
မောင်ဆေးရိုးက ငန်းပြားဖြင့် ထိုးမည့်ဟန် ပြုသဖြင့် လှည်းတွေရပ်တန့်သွားသည်။ သာဒွန်းပြူးတူး ပြဲတဲဖြင့် ပြေးဆင်းလာသည်။
''ဟေ့ကောင်၊ဟေ့ကောင်''
အရေးတကြီး ပြောစရာရှိသည်ဟု မောင်ဆေးရိုး နားလည်သောကြောင့် ငန်းပြားကို မြေတွင် ထောက်ထားသည်။
''မင့်မရီးကို ရွာထဲမှာသာ မတွေ့တာ၊ အခုချစ်တီးတိုက်က ဆိုင်းဘုတ်ကို မော့ကြည့်နေတာ မြင်ခဲ့သမောင့်''
''ဟေ ဟုတ်လား၊ ရော့ကွာ ယူသွားကြစမ်း''
အရေးတကြီး ပြောစရာရှိသည်ဟု မောင်ဆေးရိုး နားလည်သောကြောင့် ငန်းပြားကို မြေတွင် ထောက် ထားသည်။
''မင်းမရီးကို ရွာထဲမှာသာ မတွေ့တာ၊ အခု ချစ်တီးတိုက်က ဆိုင်းဘုတ်ကို မော့ကြည့်နေတာ မြင်ခဲ့သမောင့်''
''ဟေ ဟုတ်လား၊ ရော့ကွာ ယူသွားကြစမ်း''
မောင်ဆေးရိုး သည် ငန်းပြားနှင့် ဓား၊ရေဘူးတို့ကို လှည်းတစ်စီးပေါ်သို့ တင်ပေးသည်။ ထို့နောက် ကျီးဒန်ထံ သို့ ပြေးသွားသည်။
''အရေးကြီး လို့ဟေ့၊ ငါ ချက်ချင်းပြန်ခဲ့မယ်''
ပြောပြောဆိုဆိုပင် တာလမ်းပေါ်သို့ ပြန်တက်ပြီး၊ မောင်ဆေးရိုးပြေးသည်။ တံလျှပ်မျှင်တွေ အပြိုင်းပြိုင်းတက်နေငြား မောင်ဆေးရိုးအတွက် သည်နေသည် မပူပါ။ သည်နေထက် ဆွေသံယောဇဉ် မျိုးသံယောဇဉ်မီး က ပိုပြီးပူသည်။ မိမိတို့ သားအမိသားအဖတစ်တွေ ယခုကဲ့သို့ တင့်တောင်းတင့်တယ် ဖြစ်လာကြခြင်းမှာ အစ်ကိုငထွန်းကား ''ကျွန်ကြီးငနွား'' လုပ်ခဲ့သောကြောင့် ဖြစ်၏။ ထိုအစ်ကိုသည် မည်သည့် အရပ်သို့ ရောက်နေသနည်း။ ဆာဂျင်ကျော်အေးကို ဓားဖြင့်ခုတ်သူ ဟုတ်သလော။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ကိုယ်အစ်ကိုအား ရိုင်းပင်းရလိမ့်မည်။ အစ်ကို မည်သို့နေသနည်း၊ မည်သို့စားသနည်း။ မရီးမူသိတန်ရာ၏။ မောင်ဆေးရိုး ပြေးလာခြင်းမှာ ဤသည်လည်း တစ်ဝ။ နောက်တစ်ချက် မှာ မလည်မ၀ယ် တောသူမက ချက်တီးတိုက်ရှေ့ သို့ရောက်နေ သည် ဆိုသည့် အတွက်ဖြစ်သည်။ ရပ်ဓလေ့ ရွာဓလေ့ ဆိုရိုးစကားတစ်ခု ရှိခဲ့သည်။ ''ချစ်တီးကို ပရောပရီမလုပ်နှင့်၊ လုပ်မိသော် ဖွတ်သည် ပိတ်ဖြူဝတ်ပြီး အိမ်ပေါ်သို့ တက်လာသည်နှင့် မခြားပေ'' ဟူ၍ဖြစ်သည်။
ယောက်ျားကြီးခြေဖြင့် နာရီဝတ်မျှသာ လျှောက်ရသောခရီးကို လယ်သမားခြေဖြင့် ပြေးလာသောအခါ မောင်ဆေးရိုးသည် နာရီတစ်မတ်အတွင်း၌ ချစ်တီးတိုက်ရှေ့သို့ ရောက်လာခဲ့၏။ အခန့်သင့်ပင် ကလေးကိုခါးထစ်ခွလျက် ချစ်တီးတိုက်ထဲမှ ဆင်းလာသော မယ်ငြိမ်းစည်ကို မြင်ရ၏။ မယ်ငြိမ်းစည်သည် မတ်တော်မောင်ကို မမြင်ဟန်ပြုလျက် မျက်နှာလွှဲငြား မောင်ဆေးရိုးမှာ ရှေ့တည့်တည့်မှာ လာရောက် ပိတ်ဆို့ ထားပြီ။
''မရီး အခုဘယ်မှာနေတုံး''
''လျှောက်သွားနေတပေါ့ မောင်လေးရယ်''
''စားတော့ကော မရီး''
''ယာကြိုယာကြားက သခွားသီး၊ လယ်ထဲက ကဆစ်သီး၊ တစ်ခါတလေလည်း ဘုန်းကြီးကျောင်းပေါ့''
''အိပ်တော့ကော''
''သန်းခေါင်ကျော်မှ တိတ်တိတ်ကလေး ပြန်လာပြီး အိမ်မှာအိပ်တာပေါ့''
ဆင်းရဲလေခြင်းဟု သက်ပြင်းချလိုက်ပြီးမှ မောင်ဆေးရိုးမှာ အစ်ကို့သတင်းကို စုံစမ်းဖြစ်သည်။
''အစ်ကိုကော လာသလား မရီး''
''ပုလိပ်ကို ဓားနဲ့ခုတ်တာ သူပေါ့''
''ဗျာ'' ခနဲအော်ကာ မောင်ဆေးရိုးမှာ မယ်ငြိမ်းစည်အား မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေမိလေ၏။
''အမှန်က အစ်မကို ခုတ်တာ မောင်လေးရဲ့။ ပခြုပ်မသေပေတော့'' ဆိုပြီးဓားနဲ့ခုတ်မှာ ပုလိပ်က ခုန်ထလို့ ပုလိပ် အခုတ်ခံရတာ။ ဒါပေမဲ့မောင်လေးရယ်၊ ငယ်လင်ငယ်မယား မဟုတ်လား၊ ကိုယ့်လင်ကို ပုလိပ်နှိပ်စက်မှာစိုးလို့ အစ်မထွက်ပြေးချင်ယောင် ဆောင်နေတာ''
''အစ်မအိမ် မှာဆက်နေရင် ပုလိပ်က ခေါ်စစ်မယ်၊ ဘယ်လောက်ပဲ ဘူးကွယ်ပေမဲ့ ဟိုလှည့်မေး၊ သည်လို လှည့်မေးနဲ့လုပ်ရင် တစ်နေ့မဟုတ် တစ်နေ့တော့ ပေါ်မှာစိုးလို့''
''အခုချစ်တီးတိုက်ကို အစ်မဘာလာလုပ်တာတုံး''
မယ်ငြိမ်းစည် ဆွံအသွားသည်။ မျက်စိပျက် မျက်နှာပျက်ဖြင့် ခေါးငုံ့နေချေသည်။
''အစ်မဟာ ကျုပ်အစ်ကိုရဲ့ ဇနီး၊ ကျုပ်ရဲ့မရီးပဲ၊ ကျုပ်ကိုမပြောလို့ ဘယ်သူ့ကို သွားပြောမတုံးအစ်မ၊ ချစ်တီးဆိုတာ အရောဝင်ရတဲ့ မကောင်းဆိုးရွားစားရင်းထဲမှာ ပါနေလို့မေးတာ''
''ပြောရမှာ အားနာလို့ပါ မောင်လေးရာ''
အသံခြောက်ကပ်ကပ်ဖြင့် မယ်ငြိမ်းစည့်စကား။
''အားနာစရာလည်း ဖြေရမှာပဲ၊ အားနာစရာမဟုတ်လည်း ပြောရမှာပဲ အစ်မ။ ပြောပါ။
''ငါရမ်းဘိုကုန်းမှာ ဆက်နေလို့ မကောင်းတော့ဘူး မောင်လေး''
''ဒါတော့အမသိသားပဲ။ ဘယ်သူမပြု မိမိမှုမဟုတ်လား''
''အစ်မတစ်နေရာကိုပြောင်းဖို့ အတွက် စရိတ်လိုနေလို့ လယ်ပွဲသုံးဧကကို ချက်တီးဆီမှာ လာပြီးပေါင်တာ''
မောင်ဆေးရိုးသည် ရင်ဘတ်ကို ပုတ်၏။ ''မိုက်ပါ့ အစ်မရာ၊ တစ်နှစ်အတွင်း အတိုးတက်ပြီး လယ်ဆုံးရုံမကဘူး၊ လူပါ အသိမ်းခံရမှာ'' ဟုပြောပြီးမှ အရေးကြီးသည်ကို မေး၏။
''အခုဘယ်လောက်နဲ့ပေါင်ခဲ့လဲ''
''ဘယ်နားက လယ်လဲတဲ့၊ ပြေစာပြပါတဲ့၊ ဂရန်လည်း ပါရမယ်တဲ့၊ အဲဒါတွေ မပါလို့ မပေါင်ခဲ့ရပါဘူး''
''ဟုတ်တာပေါ့၊ မြေခွန်ကို ကျုပ်တို့ဆောင်နေတော့ ပြေစာကအစ်မတို့မှာ ဘယ်ရှိမတုံး၊ နေပါဦး၊ စရိတ်စကရှာရအောင် အစ်မပြောင်းမယ့်နေရာက ဘယ်လောက်ဝေးလို့တုံး''
''မြင်းရထား နှစ်တန်စီးရမှာ မောင်လေးရဲ့''
''ဆွေမျိုးသားချင်းတွေရှိလို့ပေါ့၊ ဟုတ်လား အစ်မ''
''အစ်မမှာ ကိုယ့်မိုက်ပြစ်နဲ့ကိုယ်မို့ ဘယ်ဆွေဘယ်မျိုးဆီမှ မသွားနိုင်ပါဘူး။ သူငယ်ချင်းတွေဆီ သွားမှားပါ''
မယ်ငြိမ်းစည် မျက်ရည်သုတ်သည်။ ခါးထစ်ပေါ်ရှိ ကလးကအကျီင်္ကို ဆွဲလှန်သဖြင့် ကုက္ကိုပင်ခြေ ကပ်ထိုင်ကာ နို့တိုက်သည်။
''ပြောပါဦး၊ အစ်မပြောင်းမယ့်ရွာ''
''မန်းကျီးပင် စုနဲ့ လက်မဲ တစ်ခုခုပေါ့ မောင်လေးရယ်။ တစ်ရွာက လူမတွေ့ရင် နောက်တစ်ရွာပေါ့''
''အစ်မ သူငယ်ချင်းတွေ နှစ်ရွားလုံးမှာ မရှိကြတော့ဘူး၊ ပြောင်းသွားပြီဆိုရင်ကော''
မယ်ငြိမ်းစည် တွေငေးသည်။ အတန်ကြာ ငေးမောနေပြီးမှ သေမထူးနေမထူးအသံဖြင့် ဖြေ၏။
''မရှိလဲ ရမ်းဘိုကုန်းကိုတော့ မပြန်ဘူး မောင်လေး။ ဖြစ်သလို လုပ်ကိုင်စားသောက် တော့မယ်။''
''အစ်ကိုကကော''
''မင်းပဲပြောလိုက်ပေါ့'' အဲသည်နှစ်ရွာကို မေးစမ်းပြီး သူလိုက်လာခဲ့ရမှာပေါ့''
မောင်ဆေးရိုးလည်း ညောင်းညာလာသဖြင့် ဆောင့်ကြောင့်ထိုင်သည်။ ထို့နောက် ဖိနပ်ကို ဖင်ခုပြီး ထိုင်သည်။
''အစ်မသွားချင်တဲ့နေရာကို ကျုပ်လှည်းနဲ့ လိုက်ပို့မယ်၊ ငွေးကြေးလည်း အမေတို့တတ်နိုင် သလောက် တောင်းပေးမယ်''
''မဖြစ်ပါဘူးဟယ်''
''ဘာကြောင့်မဖြစ်ရမှာတုံး။ ခင်ဗျားဟာ ကျုပ်အစ်ကိုရဲ့ ဇနီး၊ ကျုပ်မှာ မကူညီရင် ဘယ်သူကူညီမှာတုံး''
''မင့်ကို ပုလိပ်တွေ မြင်သွားမှားစိုးလို့ပါ မောင်လေးရယ်''
''မမြင်ပါဘူးဗျာ၊ တုံးကြီးခေါက်လောက်မှာ ထသွားရင် မွန်းတည့်လောက် ရောက်မှာပဲ။ တစ်ခါနေမအေးခင် ပြန်ထွက်လာရင် ရွာကိုသက်ကြီးခေါင်းချလောက်မှာ ပြန်ရောက်မယ်''
မယ်ငြိမ်းစည်မှာ မတတ်သာ၍ ခေါင်းညိတ်ရ၏။ ခေါင်းညိတ်ရစေကာမူ အဆင်ပြေမည်ဟု မမျှော်လင့်ပေ။ မမျှော်လင့်ခြင်းမှာ ယောက္ခက(မိန်းမသူ) မယ်ကြွယ်စိုးသည် စောစီးစွာပင် သူ့အားမျက်နှာကြော မတည့်ခဲ့သောကြောင့် ဖြစ်၏။
''အစ်မ ပစ္စည်းပစ္စယတွေကော''
မောင်ဆေးရိုးက ထရပ်ရင်း မေးသည်။
''ဟိုရွာနည်းနည်း သည်ရွာနည်းနည်း ခွဲထားတာပေါ့။ ကစ္စမရှိဘူး မောင်လေး၊ အစ်မလင်းပင်စုရွာထိပ် 'ဇရပ်ဦးပြဲ' ကစောင့်မယ်''
''တုံးကြီးခေါက်ချိန်နော် အစ်မ''
မောင်ဆေးရိုး စိတ်လက်ပေါ့ပါးစွားဖြင့် နောက်ကြောင်းသို့ပြန်လာသည်။ မမျှော်လင့်သော ကျီးဒန်ကို သရက်တော့ဇရပ်တွင် ငုတ်တုတ်ကြီး တွေ့ရသောအခါ မောင်ဆေးရိုး ပက်လက်လန်လေ၏။
''ဖြစ်ရလေ ကျီးဒန်ရာ၊ အိပ်ရောက်မှာ မျှော်ပါတော့လား''
''မသိတော့လား၊ တော့်ဟာက ခမောက်မပါဘာမပါနဲ့ ဆိုတော့ စိတ်ပူတာပေါ့ တော်ရဲ့''
မောင်ဆေးရိုး ပက်လက်လန်အောင် ရယ်မော၏။
''ညည့်မြက်ထုံးပေါ်က ခမောက်ကို မေ့သွားတယ်၊ ငါမေ့ရင်လည်းညည်းက ပြောပါာလား''
''ပြောပါ့တော် သူ့ဘာသာသူ မကြားတာ၊ ကြားအောင် အော်ပြောရင်လည်း ပိတ်စတို့က သရော်ဦးမှာ''
မောင်ဆေးရိုး ရယ်မော်ရပြန်ပြီ။
''ထမင်းမဆာသေးဘူးလား''
''ဆာတာပေါ့''
''ဒါနဲ့များ ကျီးဒန်ရာ၊ ပြန်နှင့်ရောပေါ့၊ စားနှင့်ရောပေါ့''
''တော်မှ ပြန်မရောက်သေးတာကိုးလို့''
ဤသို့ဖြင့် မောင်ဆေးရိုးမှာ ကျီးဒန်၏ မြက်ထုံးသေးသေးလေးကို ရွက်လျက် ပြန်လာခဲရလေ၏။ အိမ်သို့မရောက်မီကတည်းက လည်ပင်းအရှည်သားဖြင့် အိမ်ရှေ့သို့ ထွက်ရပ်နေသော အမေ့ကို မြင်ရ၏။
''မိုးချုပ်နေပါပြီကော၊ ဘယ်သွားပြီး ဘာတွေလုပ်နေကြလို့ အခုမှပြန်ရောက်ကြတာတုံး''
''သည်လိုအမေရေ့''
''ငါ့မှာတော့ ငန်းပြားတွေ၊ ဓားတွေ၊ ရေဘူးတွေကို လှည်းပေါ်တင်ပေးလိုက်တော့ နောက်မှ ပါလာပြီထင်တာ''
အမေသည် မပြီးနိုင် မစီးနိုင် ပြောနေသဖြင့် မောင်ဆေးရိုးမှာ အဖေ့ရှေ့ရှိ နေနွေးကြမ်း အအေးကို ငှဲ့သောက်လျက် အမေ့ပါးစပ်အပိတ်ကို စောင့်နေရ၏။
''လယ်ပြင်က ပြန်လာတာ စောပါတယ်၊ ပိတ်စတို့ လှည်းတွေ 'လှည်းတိုက်' ရာက အပြန်မှာ မယ်ငြိမ်းစည်ကို မြင်ခဲ့ရတယ်ဆိုလို့ ပြေးသွားတာ အမေရေ့''
သူသည် မရီးနှင့် ပြောခဲ့ဆိုခဲ့ ဆွေးနွေးခဲ့သည်များကို အဖေနှင့်အမေ မျက်နှာစုံညီရှေ့တွင် ပြောပြ၏။ အမေသည် မဲ့လိုက်ရွဲ့လိုက် ရင်ဘတ်ပုတ်လိုက်ဖြစ်နေငြား ဦးကျန်ကြီးမူ ခေါင်းညိတ်ညိတ်ဖြင့် စိတ်ဝင်စားစွာ နားထောင်နေ၏။
''အေးပေါ့၊ ကိုယ်မှီတင်းနေထိုင်တဲ့ ကိုယ့်ရပ်ကိုယ့်ရွာ ပျက်စီးရာပျက်စီးကြောင်း လုပ်သူဟာ ကိုယ်တရား က ကိုယ်ကိုပြန်ပြီး စီရင်ချက်ချတော့ အခုလိုပဲ 'ခွေး' အဖေခါ် စရာမရှိ ဖြစ်ရတော့တာပေါ့''
''သူ့အမှား ကို သူသိတယ်အဖေ''
''တော်သေးတာပေါ့ကွာ၊ ကိုယ့်အမှားကို ကိုယ်သိရင် ပညာရှိတဲ့ကွ။ မှားလည်း မှားပြီး ကိုယ့်အမှားကို မှားမှန်းမသိတာကမှ သူယုတ်မာကွ''
''နက်ဖြန်မနက် တုံးကြီးခေါက်ချိန်မှာ ထွက်မယ်အဖေ၊ ငွေကြေးကလေး ပေးလိုက်ဖို့''
ပေးလိုက်ဖို့ မကောင်းဘူးလားဟု မောင်ဆေးရိုး ပြောလိုသော်ငြား ''ပေးလိုက်နိုင်ပေါင် တော်'' ဟုဒေါ်ကြွယ်စိုး ၀င်ပြောသဖြင့် မောင်ဆေးရိုးမှာ ဆုံးအောင် မပြောလိုက်ရပေ။
''အမေ အဲသည်လို မပြောနဲ့လေ၊ အခုပေးရမှာက အမေ့သားရဲ့ မယား၊ အမေ့မြေးရဲ့ အမေ''
''နေပါစေ မပေးဘူး''
''အမေမပေးရင် ကျုပ်ပေးရလိမ့်မယ် အမေ။ ကျုပ်တို့မိသားစုကို ကျွဲကြီးတစ်ကောင်လို လုပ်ကိုင်ကျွေးမွေးသွားတဲ့ အစ်ကို့ကို ကျုပ်ကျေးဇူးမကန်းနိုင်ဘူး''
ထိုအခါ မယ်ကြွယ်စိုးသည် မောင်ဆေးရိုး၏ သျှောင်ကိုဆွဲပြီး ပါးကိုလက်ဝါးဖြင့် ရွယ်၏။
''ငါက ကျေးဇူးကန်းတယ်ပေါ့''
သို့သော် ဦးကျန်ကြီး၏ အသံပေါ်လာသဖြင့် ဒေါ်ကြွယ်စိုးမှာ သားကို လက်ဝါးစာ မကျွေးလိုက်ရပေ။
''လူလေးပြောတာ ဟုတ်ပါတယ်။ သူမကောင်းတာက တခြား၊ အဖေတို့မှာ တာဝန်အရ စောင့်ရှောက်ရမှာက တခြားမဟုတ်လား''
''ဟုတ်ကဲ့ အဖေ''
''ဒါပေမဲ့ ပိုက်ဆံမရှိဘူး လူကလေး၊ နှမ်းပေါ်မှ ရမှာ''
''ဘယ်လောက်ရှိသတုံး အဖေ''
အရေးထဲတွင် သျှောင်ထုံးက ပြေကျလာသဖြင့် ခေါင်းပေါင်းတဘက်ကို ကုပ်ပေါ်တွင် ခွတင်သည်။ ဆံပင်ကို ထုံးရင်း အဖေ့ကို ခိုးကြည့်ရာ အဖေက မေးငေါ့ပြသည်။ အမေက လက်ဆယ်ချောင်း ထောင်ပြသည်။ မောင်ဆေးရိုးကား သျှောင်ထုံး ထုံးဟန်၊ တဘက်ပေါင်းဟန်ဖြင့် မမြင်ဟန်ဆောင် နေလိုက်သည်။
''အေးလေ စားစရာ မရှိ၊ လျော်စရာတော့ ရှိရမှာပေါ့''
အဖေ့အသံပေါ်လာသည်။
''မယ်ကြွယ်စိုးရေ ဘာပဲဖြစ်ဖြစ် ငါးကျပ်တော့ ပေးလိုက်ပါ''
''မနည်းဘူလား အဖေရာ''
''မနည်းပါဘူးကွာ၊ သည်ငါးကျပ်ပေးနိုင်အောင် အဖေတို့ တစ်နှစ် စုဆောင်းရတယ် လူကလေး''
''ကျုပ်မလဲ ကျီးဒန်စုထားတဲ့ 'ဆာပါဂျုံ' ကိုးပြား ရှိတယ်အဖေ။ ငါးကျပ်ဖဲ့ပေးလိုက်မယ်''
မယ်ကြွယ်စိုးသည် ''ဟဲ့'' ဆိုကာ မောင်ဆေးရိုး၏ကျောကို စိုးရိပ်တကြီး ပုတ်သည်။
''ဈေးသုံးမလွယ်နဲ့၊ ရှေးထုံးမပယ်နဲ့ ဆိုတဲ့စကားဟာ နင်တို့လို လက်လွယ်တဲ့သူ တွေအတွက် ထားခဲ့တာ။ ကိုယ့်မှာမရှိရင် တိုင်းပြည်တစ်ပြည်လုံးမှာ မရှိတာနဲ့ အတူတူပဲ။ အရေးကြောင်းတဲ့ဆိုရင် ခက်တယ်ငါ့သား''
''ဟုတ်ကဲ့ပါ အမေ၊ ဒါဟာနောက်ဆုံး ကူညီခြင်းဖြစ်နိုင်လို့ 'အောင့်အောင့်အက်အက်' ပေးတာပါ အမေရာ'' သို့သော် ငထွန်းကားတို့ မိသားစုအား မောင်ဆေးရိုး၏ ထောက်ပံ့ခြင်းသည် နောက်ဆုံးမဖြစ်ပေ။ အကြောင်းသော်ကား နောက်တစ်လမကြာမီ ငထွန်းကားအား ထောက်ပံ့ လိုက်ရပြန်သော ကြောင့်ပေတည်း။
ဆာဂျင်ကျော်အေး အခုတ်ခံရမှုတွင် အရေးကြီးသော သက်သေဖြစ်သည့် မယ်ငြိမ်းစည် ပျောက်သွား၏။ သို့အတွက် ရွာလုံးကျွတ် ဒဏ်တပ်မည်ဟု ဌာနာအုပ်က ခြိမ်းခြောက်၏။ ထိုအခါ ဦးဘမှန်က တည့်တည့်မပြောဘဲ သွယ်ဝိုက်ကာ တုံ့ပြန်ခြိမ်းခြောက်လိုပ်ပုံမှာ 'သက်သေခံ ပစ္စည်းအဖိုးတန်းများ အစုံ အစေ့ ပြန်မရပါ' ဟူ၏။
ဤသို့ဖြင့် မယ်ငြိမ်းစည်ပျောက်ဆုံးမှု ပြီးပျောက်သွားသော်ငြား ပုလိပ်သည် ရွာထဲသို့ သုံးရက်တစ်ကြိမ်၊ လေးရက်တစ်ကြိမ် ရောက်လာတတ်သေးသည်။ ''ငထွန်းကားလာရင် ဂတ်ကိုပို့ပေးပါ'' ဟုပြောသည်။ ''ကောင်းပါပြီ'' ပြောသော်ငြား ပုလိပ်သည် တောင်ကြည့် မြောက်ကြည့်လုပ်နေသေး၏။ သည်အိမ်တွင် အပျိုဖျန်းကလေး တစ်ယောက်နှင့် အရွယ်ကောင်းတစ်ယောက်တို့ ရှိနေကြ၏။ မယ်ကြွယ်စိုးသည် အိမ်ဝိုင်းထဲသို့ ပုလိပ်ဝင်လာသည်ကိုမြင်သည့် အခါတိုင်း ဓားကိုဖင်ဖုပြီး ထိုင်ထားလေ့ရှိ၏။ သမီးနှင့် ချွေးမအား အိမ်အပြင်ထွက်မလာရန် အသံပေးနေရ၏။ ပုလိပ်ကိုလည်း အလွတ်မပေးဝံ့။ ဘိန်းပစ်ပြီး အမှုရှာတတ်သည်ဟု ကြားဖူးသောကြောင့် ဖြစ်ပေ၏။ မယ်မျှင်မှာ အပျိုဖော် ၀င်စဖြစ်သော်ငြား စုတ်ချွန်းချွန်းမှ မတက်။ ကျီးဒန်မှာသော်ကား အိမ်ထောင်ကျပြီးခါမှ ပို၍ပို၍ အလှတိုးလာသည်။ မယ်ကြွယ်စိုးမှာ ချွေးမကိုကြည့်ကာ တစ်နေ့တခြား စိုးရိမ်လာတော့သည်။
ဆက်ရန်
.

3 comments:
ဦးဘမှန် သိပ်ဥာဏ်ကောင်းတယ်...
စိတ်သဘောထားကောင်းကြတဲ့၊ညဏ်ကောင်းကြတဲ့
ရှေးမြန်မာတွေ....။
ခေတ်အဆက်ဆက် ပုလိပ်ဆို ဒီတိုင်းချည်းထင်ပါရဲ့နော် ...
Post a Comment