Sunday, August 29, 2010

ကြယ်နီ အပိုင်း (၄၈)

ခဲဖိုး

(၁)
ချစ်သော စာဖတ်သူ၊ တောင်ပိုင်းက ကာလသားခေါင်းက ခဲဖိုးကိစ္စ ဆွေးနွေးရန်အတွက် ညဥ့် ၆ နာရီ အချိန်ခန့်တွင် သူ့ရဲ့ အိမ်ကို ကြွပါလို့ ကျွန်တော့်ကို ဖိတ်ကြားထားတယ်လေ။ ဒီရွာက အင်းသားကြီး သမီးနဲ့ ဟိုရွာက အင်းသားကြီးသားတို့ လူငယ်ချင်းကလည်း ချစ်ကြိုက်၊ လူကြီးချင်း ကလည်း သဘောတူကြတာနဲ့ ဒီရွာက သမီးရှင် အင်းသားကြီးနေအိမ်မှာ တခမ်းတနား မင်္ဂလာဆောင်ကြမယ်တဲ့။ အဲဒီ မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းရင်း အပေးအယူ မတည့်လို့ အဲဒီကိစ္စကို ဆွေးနွေးရန် အတွက် ကာလသားခေါင်းက ကာလသားလေးတွေကို လိုက်ပြီး ဖိတ်ကြား တာပေါ့ဗျာ။
အဲဒီ မင်္ဂလာဆောင်တော့မယ့် ဒီရွာက အင်းသားကြီး သမီးလေးဟာ အတော် ချောတဲ့ ဇယ်ကလေးပေါ့။

ဒါကြောင့်မို့ ဒီရွာက ကာလသားတွေရော ရွာနီးချုပ်စပ်က ကာလသားတွေပါ ၀ိုင်းပြီး ပိုးကြပန်းကြနဲ့။ အချို့များ ပိုးရင်း ပန်းရင်း ကာလသားအချင်းချင်း ရန်ပွဲကြီးတွေတောင် ဆင်ကြလို့ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရ တဲ့ ကာလသားတွေလည်း မနည်းတော့ဘူးဗျ။ ဒါပေမဲ့ မိန်းကလေးလည်း မာနခဲလေးမို့ ဘယ်သူမှ မစွံပါဘူးဗျာ။ အဲဒီကြားထဲမှာ ဟိုရွာက အင်းသားကြီးသားက လူရည်ကလည်း လယ်၊ အပေါင်းအသင်း က လည်းကောင်း၊ ဓနဂုဏ်ကလေးကလည်း ရှိဆိုတော့ မိန်းကလေးရဲ့ အချစ်ပန်းကို ဆွတ်လှမ်း နိုင်သွားတယ်လေ။ နောက် လူကြီးတွေကို ဖွင့်ပြီး အသိပေးတော့ လူကြီးတွေကလည်း သဘောတူတာနဲ့ သမီးရှင် အင်သားကြီးနေအိမ်မှာ လူကြီးစုံရာနဲ့ တခမ်းတနားမင်္ဂလာဆောင်ရအောင် စီမံကြတာပေါ့ဗျာ။

အဲဒီ မင်္ဂလာသတင်းကိုလည်း ကြားရော ဒီရွာက ကာလသားထုကြီး တစ်ရပ်လုံးဟာ တစ်ခဲနက် အုံကြွ တော့တာပါပဲ။ ဒီရွာက ကာလသားတွေကိုတော့ ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့မှ မအေက်မေ့ဘဲ ရွာလွန်ပြီး ရွက်တိုက် တဲ့ မိန်းကလေးနဲ့ သမီးရှင် မိဘများကို လက်စားချေမယ်လို့ ကြံကြတာပေါ့။ ပြီးတော့ ဒီရွာက ကာလသားနဲ့ ဟိုရွာက ကာလသားတွေဟာ တစ်ခါမှ မျက်နှာကြော မတည့်ဘဲ မြဲတမ်း ချိတ်းရိုက်နေကျ ရန်ဘက်တွေမို့၊ ဟိုရွာက ကာလသားကိုမှ လှမ်း ကြိုက်တဲ့ မိန်းကလေးနဲ့ သမီးရှင် မိဘများအပေါ်မှာ မစားရတဲ့အမဲ သဲနဲ့ပက်မယ်လို့ သဘောထားပြီး ခဲဖိုး နင်းကန် တောင်းတော့တာပေါ့။ ခဲဖိုး ငွေ တစ်ထောင် ပေးရမယ် တဲ့လေ။

များလွန်းအားကြီးတော့ တစ်ဖက်ကလည်း ဘယ်ပေးနိုင်ပါ့မလဲလေ။ ကာလသားတွေ သောက်ဖို့ စားဖို့အတွက် ငွေတစ်ရာဆိုရင် တော်လောက်ပါပြီလို့ စကားပြန်လိုက်တယ်။ ဒီဘက်ကလည်း ငွေတစ်ထောင်က တစ်ပြားမှ မလျှော့နိုင်ဘူး၊ မပေးရင် အိမ်ပြိုအောင် ခဲနဲ့ ၀ိုင်းပေါက်မယ်လို့ တင်းမာတဲ့ တစ်ချက်လွှတ် ရာဇသံကို ထုတ်ပြန်လိုက်ကြတယ်။ ဒီတော့ သမီးရှင် မိဘများဘက်က လည်း အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမယ်ဆိုပြီး တစ်ပြားမှ မပေးနိုင်ဘူးလို့ ခပ်တင်တင်းပဲ ပြန်ကြား လိုက်တယ်။ သူတို့ ကလည်း ဆွေမျိုးအင်အား တောင့်တင်းတဲံသူတွေဆိုတော့ ရွာက ကာလသားတွေကို ဂရုမစိုက်ဘူးပေါ့ဗျာ။ သူတို့ဆွေမျိုးထဲမှာလည်း လူသတ်ဖူး၊ ထောင်ကျဖူးတဲ့ မိုက်ခဲတွေ ရှိနေတာမို့ အဲဒီ မိုက်ခဲ တွေ အားကိုးနဲ့ ကာလသားတွေကို ခဲဖိုး တစ်ပြားမှ မပေးတော့။ အဲဒီနေ့မှာပဲ မင်္ဂလာဆောင် လိုက်ကြပြီလေ။ ညကျရင် ခဲပေါက်တဲ့ လူတွေကို လက်တုံ့ပြန်ရအောင် အဲဒီ မိုက်ခဲတွေကို ဓားလက်နက် ကိုယ်စီ နဲ့ သတို့သမီးရဲ့ အိမ် လေးဖက်လေးတန်မှာ ကင်းချစောင့်ခိုင်းထားမယ်ဆိုတဲ့ သတင်းလည်း ထွက်လာတယ်။

ဒါကြောင့် ကာလသားခေါင်းက ဒီကိစ္စကို ဘယ်လိုလုပ်ကြမယ်၊ လိုလားချက်ကို မရလို့ ရှေ့ကို ခြေတစ်လှမ်းတိုးမယ်၊ ဘယ်လို ခြေလှမ်းမျိုးလှမ်းကြမယ် ဆိုတာတွေ ဆွေးနွေးဆုံးဖြတ်ဖို့အတွက် ရပ်ရွာ ကာလသားတွေကို သူ့ရဲ့ အိမ်သို့ ကြွပါလို့ ဖိတ်ခေါ်တာပါပဲ။

အဲဒီလို ဖိတ်ခေါ်ခြင်းခံရတဲ့ အထဲမှာ ကျွန်တော်လည်း ပါနေတယ်လေ။ ကျွန်တော်က ခဲဖိုးတောင်းတဲ့ ကိစ္စမျိုးကို ၀ါသနာမပါပါဘူး။ မြန်မာ့ယဉ်ကျေးမှု လောကမှာ ခဲဖိုးတောင်းတဲ့ ကိစ္စဟာ အင်မတန် အရုပ်ဆိုး တဲ့ အမည်းကွက်ကြီးလို့ ကျွန်တော်က ယူဆတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အစည်းအဝေးကို ကျွန်တော် က စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူးဗျ။ ဒီလိုသာ ကျွန်တော်က ဘေးဖယ်နေမယ်ဆိုရင် ရပ်ရွာကာလသားထုကြီး တစ်ရပ်လုံးက ကျွန်တော့်ကို သစ္စာဖောက်လောက်ကောင်အဖြစ်နဲ့ ၀ိုင်းပယ် ကြရုံမျှမက ရန်ညိုးထားခြင်းကိုလည်း ခံရဦးမယ်။ ဒီတော့ ကျွန်တော့်ခမျာ စိတ်မပါသော်လည်း မနေသာ ဘူးပေါ့ဗျာ။

ကဲ ... ချစ်သော စာဖတ်သူရေ့၊ ကျွန်တော်တော့ မနေသာလို့ သွားရတော့မယ်။ ချစ်သော စာဖတ်သူကော ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလားဗျာ။ ဘာပြောတယ်၊ ဒီလို အဓိပ္ပာယ်မရှိတဲ့ အစည်းအဝေးမျိုး သွားလို့ ဘာအကျိုးရှိမှာလဲ၊ ဟုတ်လား။ အို ... ဒီလိုလည်း ဘယ်ဟုတ်မလဲဗျာ။ ကျွန်တော်တို့ဟာ ခဲဖိုး တောင်းတဲ့လူတစ်ဦးတစ်ယောက် အနေနဲ့ မဟုတ်ဘဲ၊ သူတို့ ပြောဆိုပြုမူ ပုံတွေကို လေ့လာတဲ့လူ အနေနဲ့ သွားကြတာပေါ့။ ခဲဖိုးတောင်းတဲ့ အစဉ်အလာရဲ့ အကောင်းအဆိုးကို ခံဖိုးတောင်းတဲ့နေရာမှာ ကိုယ်တိုင် သွားကြည့်မှ ကိုယ်တွေ့ သိရမယ် မဟုတ်လား။ ဗဟုသုတ တစ်မျိုးပေါ့ဗျာ။
ဒါပေမဲ့ စာဖတ်သူကို ကြိုတင်ပြီး သတိပေးထားပါရစေ။ အစည်းအဝေးဟာ ဆွေးနွေးဆုံးဖြတ်ဖို့ မဟုတ်ဘဲ ဆုံးဖြတ်တဲ့အတိုင်း တကယ်လုပ်ကြမှာမို့ သွေးထွက်သံယိုအထိ ဖြစ်ကြလိမ့်မယ်။ လူသတ်မှုအထိတောင် ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ စာဖတ်သူဟာ သတိမလစ်ဖို့၊ ပါးနပ်ဖို့၊ လျင်မြန်ဖို့ လိုတယ်။ သူတို့ အရိပ်အခြည်ကို ကြည့်ပြီး မဟန်တာနဲ့ တစ်ချက်တည်း လစ်ပြေးကြဖို့ပဲ။ ဟုတ်တယ်လေ၊ အဓိပ္ပာယ်မရှိတဲ့ နေရာမှာတော့ အသေမခံနိုင်ဘူးပေါ့။ ဒါကြောင့်မို့ စာဖတ်သူဟာ ကျွန်တော်နဲ့အတူ လိုက်တော့မယ်ဆိုရင် စာဖတ်သူရေ့ ... သတိ ... သတိ ... သတိ ....။

(၂)
ဟောဒါ ကာလသားခေါင်းရဲ့ အိမ်ပေါ့။ သုံးပင်နှစ်ခန်း၊ ပျဉ်ထောင် ပျဉ်ခင်း၊ သွပ်မိုး အိမ်ကလေးပေါ့။ အဲဒီအိမ်မှာ ကျွန်တော်တို့ ကာလသားခေါင်း လင်ကိုယ်မယား နှစ်ယောက်ထဲ အေးအေးချမ်းချမ်း နေထိုင်ကြတယ်။ ကျွန်တော်တို့ ကာလသားခေါင်းဟာ အသက်သုံးဆယ်ကျော်လောက်ရှိတဲ့ လူလတ်ပိုင်း ထဲက ပါပဲ။ ခေါင်းမှာ သျှောင်တစောင်းနဲ့ ယောက်ျားပီသတဲ့ မဟာနဖူးကြီးကလည်း ထင်းနေတာ၊ အင်မတန် ခံ့တဲ့လူပေါ့ဗျာ။ ကြယ်သီးတပ် စွပ်ကျယ်အင်္ကျီကို အမြတ်တနိုး ၀တ်တတ်ပြီး ပိုးလုံချည်ကို အမြဲ ဒုံးခံတယ်လေ။ ပိုးလုံချည်အတွင်းက ဒူးဆစ်အထိ ရောက်တဲ့ ပိတ်ဖြူ အတွင်းခံ ဘောင်းဘီတိုကလေးကိုလည်း အမြဲ ခံဝတ်လေ့ရှိတယ်။ သူ့သျှောင်ကို တစောင်းထုံးပြီး ကြယ်သီးတပ် စွပ်ကျယ် အင်္ကျီကလေးနဲ့ ပိုးလုံချည်ကို အတွင်းခံ ဘောင်းဘီပေါ်ရုံ ကလေးလောက် ခါးတောင်းကျိုက်ပြီး ခြင်းရိုင်ခတ်တဲ့အခါဆိုရင် အင်မတန် ကည့်ကောင်းပေါ့ဗျာ။

သူဟာ စကားနည်းပြီး အနေအေးသလောက် မဟုတ်မခံစိတ်ရှိတယ်။ လုပ်စရာရှိလျှင် နောက်မတွန့ဘဲ ရှေ့ကနေ ရွပ်ရွပ်ချွံချွံ လုပ်တတ်တယ်။ ဒါကြောင့်မို့လည်း သူဟာ ရပ်ရွာကာလသားတွေအပေါ်မှာ ကာလသား ခေါင်းတစ်ဦးအဖြစ်နဲ့ သြဇာညောင်းနိုင်တာပေါ့။ ရပ်ရွာ သာရေးနာရေးကစပြီး မလိုတဲ့ လူကို သတ်ရေး ဖြတ်ရေးများသာမက၊ ဟိုရွာနဲ့ ဒီရွာ ချိန်းရိုက်တဲ့ ရိုက်ပွဲတွေအထိ ရပ်ရွာကာလသားတွေကို သူက ရှေ့ဆောင်မှု ပေးတယ်။ သူ ရှေ့ဆောင်တဲ့အခါဆိုရင် ရပ်ရွာကာလသားတွေဟာ သူ့ကို ပုဂ္ဂိုလ်စွဲ ခင်မင် အားကိုးမှု တစ်ခုတည်းနဲ့ သူရဲ့ လုပ်ငန်းစဉ် အမှားအမှန်ကို မဝေဖန် မစစ်ကြောတော့ဘဲ မိုက်တိ မိုက်ကန်း လိုက်လုပ်ကြတာပါပဲဗျာ။

အမယ် သူ့အိမ်ထဲ ကာလသားတွေ အတော်များများတေင် ရောက်နေကြပါပကောလို့။ ကဲ... ကျွန်တော် တို့လည်း အိမ်ထဲကို ၀င်ကြပါစို့။ ရပ်ရွာ ကာလသားတွေဟာ ခင်းထားတဲ့ သင်ဖျာပေါ်မှာ သူ့အစုနဲ့ တစုတဝေးကြီး ၀ိုင်းဖွဲ့ထိုင်နေကြတယ်။ သူတု့ရဲ့ ၀ိုင်းတွေရဲ့ အလယ်မှာ လက်ဖက်ရည်ကရား တစ်လုံးစီနဲ့ လက်ဖက်ရည်ကြမ်းပန်းကန် ကိုယ်စီရှိတယ်။ ဟောဟို ခေါင်းရင်း ဘက်က ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေတာကတော့ အဘိဓမ္မာဆရာကြီး ဦးဖောင်လေ။ သူ့ရှေ့မှာ လက်ဖက်ရည်ကရား တစ်လုံးနဲ့ လက်ဖက် ရည်ကြမ်း ပန်းကန်တစ်လုံးရှိနေတယ်။ ကျွန်တော်တို့ရဲ့ ကာလသားခေါင်းဟာ လူလတ်ပိုင်း ထဲက ဖြစ်ပေမဲ့ ရှေးဆန်တဲ့ အယယူတွေကိုသာ သက်ဝင်ယုံကြည်သူတစ်ဦးမို့ ဘာကိုပဲ လုပ်လုပ် အဘိဓမ္မာ ဆရာကြီး ဦးဖောင်ကို ပင့်ခေါ်ပြီး ဦးဖောင်ရဲ့ သြ၀ါဒကိုသာ ခံယူလေ့ ရှိတယ်။ ဦးဖောင်ရဲ့ သြ၀ါဒ ကို ခံယူပြီးမှ ကာလသားတွေအပေါ် သူက တစ်ဆင့် ခေါင်းဆောင်မှု ပြန်ပေးတယ်။

ဦးဖောင်ဆိုတာကလည်း သာမည ပုဂ္ဂိုလ်ကြီးတစ်ဦး မဟုတ်ပေဘူးဗျ။  အဘိဓမ္မာ ရေးရာမှာပဲ ဖြစ်ဖြစ်၊ ဗေဒင် ကိန်းခန်း ဘက်ကပဲ စမ်းစမ်း၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ ဆိုတာတွေလည်း အရေကျို သောက်ထားတဲ့အပြင် အင်းအိုင် ခလှဲ့ လက်ဖွဲ့ မန္တရားအတတ်တွေပါ မကျန် တစ်ဖက်ကမ်း ခပ်အောင် တတ်မြောက် ထားလေတော့ ကြည်ညိုစရာ ပုဂ္ဂိုလ်ကြီးတစ်ဦးပေါ့ဗျာ။ လူကြီးပိုင်းကို သူရဲ့ အဘိဓမ္မာ တရားနဲ့ ဆွဲယူပြီး၊ မိန်းမပိုင်းကိုတော့ ဗေဒင်ကိန်းခန်း သိုက်တဘောင် စနည်းဘဝေါတွေနဲ့ သူ့ဘက် ကိုပါအောင် သိမ်းသွင်းနိုင်ရုံမျှမက၊ လူငယ်ပိုင်းဆိုရင် လည်း အင်းအိုင် ခလှဲ့ လက်ဖွဲ့ မန္တရားတွေပြပြီး သူ့သြဇာကို ခံယူစေတယ်။ ဟော ... အခု သူဟာ လက်ဖက်ရည်ကရားကို ဆွဲယူပြီး လက်ဖက်ရည်ကြမ်း ပန်းကန်ထဲကို ငှဲ့ထည့်နေတယ်လေ။ အလို လက်ဖက်ရည်ကြမ်း အရောင်က နီမနေဘဲ ဖြူလို့ပါလားဗျ။ လက်ဖက်ခြောက် မခတ်ရသေးလို့ ဖြူနေတာများလားလို့ စာဖတ်သူက တွေးချင်တွေးမယ်၊ ဘယ်ဟုတ် လိမ့်မတုံးဗျ။

လက်စသတ်တော့ သူတို့တွေဟာ လက်ဖက်ရည်ကရားထဲ အရက်ထည့်ပြီး လက်ဖက်ရည်ကြမ်း သောက် သလိုလို နဲ့ ဟန်မပျက် ကြိတ်နေကြတာကိုး။ လမ်းမက လူသွားလူလာတွေမြင်ရင် သူတို့ဟာ အရက်သောက် နေတာ မဟုတ်ဘဲ လက်ဖက်ရည်ကြမ်း ၀ိုင်းဖွဲ့နေတာလို့ ထင်အောင်လို့ပေါ့ဗျာ၊ အတော် လာတဲ့ လူတွေပဲ။ လူငယ်ကာလသားတွေ သောက်တာကတော့ ရှိပါစေတေ့၊ ခေါင်းရင်းဘက်က ဦးဖောင် လို ပညာရှိ က၀ိကြီးတစ်ဦးက ကိုယ့်ပညာ ကိုယ့်အသက်အရွယ်ကိုမှ အားမနာဘဲ သောက် နေတာ ကတော့ မတော်ပါဘူးလို့ စာဖတ်သူက ပြောချင်တယ် မဟုတ်လား။ သွားမပြောလေနဲ့ဗျို့၊ ဦးဖောင်က သူဟာ အရက်အမှတ်နဲ့ သေက်တာ မဟုတ်ဘဲ ဆေးမှတ် ၀ါးအမှတ်နဲ့သာ မှီဝဲနေတာပါ၊ အသက် အရွယ် ကလေး နည်းနည်းထောက်လာလို့ အရက်ကို ဆေးအမှတ်နဲ့ မမှီဝဲရ ရင်ခံနိုင်မှာ မဟုတ်ဘူးဆိုပြီး စာဖတ်သူ ရေပက်မ၀င်အောင် အကိုးအကားတွေနဲ့ ရှင်းပြလိုက်လိမ့် မယ်ဗျ။

ပြီးတော့ သူဟာ လူမိုက်လောက် သောက်တာမဟုတ်ဘဲ ပညာရှိသောက်သောက်တာပါဆိုပြီး ပညာရှိ က၀ိ တစ်ဦး ပီပီ စာဖတ်သူကို ပါဠိပါဌ်သားတွေကိုတောင် ရွတ်ပြလိုက်ဦးမယ်။ အဲဒီလို အခါမျုးမှာ သူ အမြဲ လက်ကိုင်ထားပြီး `၇ွတ်ပြတတ်တဲ့ ပါဠိကတော့ ' ဧကော ပညော ဒွိဝါစကော၊ တြိကေသရော၊ စတုဥမ္မတ္တကော' တဲ့လေ။ တကယ်လို့ စာဖတ်သူဟာ အဲဒီပါဠိရဲ့ အနက်အဓိပ္ပာယ် ကိုနားမလည်ခဲ့လို့ရှိရင် ' ဆရာရယ် ဆရာရဲ့ ပါဠိကို ကျွန်တော်တို့လို ဥာဏ်ပညာသေးသိမ်တဲ့ လူပါမွှားတွေအဖို့ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ ဒါကြောင့် ဆရာကိုယ်တိုင် အနက်အဓိပ္ပာယ်ကို ဖွင့်ပြမှ နားလည် ရမယ့် တပည့်များ ဖြစ်ပါတယ်' လို့ ရိုသေစွာ တောင်းပန်လိုက်ပါ။ အဲဒီလို အခါမှာဆိုရင် သူဟာ ပါးစပ်ကြီး ကိုဖြဲ၊ တဟဲဟဲရယ်ပြီး ဟန်တစ်လုံး ပန်တစ်လုံးနဲ့ ဟောဒီလို အနက်ဖွင့်ပြလိုက်လိမ့်မယ်။

' အေးကွ၊ 'ပါဠိတစ်ချက် အနက်ဆယ်ထွေ' ဆိုတဲ့ စကားအတိုင်း ပါဠိတစ်မျိုးကို အနက်ဆယ်မျိုး တောင် ထွက်နိုင်တာမို့ မင်းတို့လို လူ့ပါလွှားတွေ ဘယ်နားလည်နိုင်မှာလဲကွာ။ ငါက မင်းတို့ကို ရင်ဝယ်သားလို သနားတဲ့အတွက် အနက်အဓိပ္ပာယ်နဲ့ တကွ ရှင်းပြမယ်ကွ။ သေသေချာချာ မှတ် ထားကြနော်။ ဟော ... ဧကော - တစ်ခွက်သောက်မူ၊ ပညော - ငါ့လို ပညာရှိကြီးတစ်ဦး ဖြစ်နိုင်၏ တဲ့ကွ။ အင်း ... ဒွိ-နှစ်ခွက်သောက်မူ၊ ၀ါစကော - ငါ့လို စကားအရာမှာ အသားပါပါနဲ့ အပြောကေင်း အဟောကောင်း ဖြစ်နိုင်၏။ တဲ့ကွ။ အေး ... တြိ-သုံးခွက်ထိ သောက်ခဲ့ပါမူ၊ ကေသရော-ခြသေ့ကြီးကဲ့သို့ မျက်ထောင့်ကြီး နီလာပါရောတဲ့ ဗျာ။ အဲ ... စတု - လေးခွက်တိုင် ရောက်အောင် မိုက်မိုက်ကန်းကန်း သောက်ခဲ့ပါ လျှင်မူကား၊ ဥမ္မတ္တကော - အရူးကြီးစင်စစ် ဧကန် ဖြစ်ရလေတော့သတည်း...တဲ့။ ငါက ပညာရှိသောက် သောက်တာမို့ ဧကောပညောဆိုတဲ့ ပုဒ်အရ တစ်ခွက်ပဲ သောက်တယ်။ ဒါပေမဲ့ အခုလို အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ ဟောရပြောရမယ့် အခါမျိုးမှာ ဆိုရင် တော့ ဒွိဝါစကောဆိုတဲ့ ပုဒ်အရ နှစ်ခွက်ထိ သောက်ချ လိုက်တာပဲကွ။ ကျန်တဲ့ အပုဒ်တွေက လူမိုက်တွေအဖို့ ဆိုလိုတာမို့ ငါ့အဖို့တော့ အဲဒီ နှစ်ခွက် ထက် မပိုပါဘူး '

သောက်သူကို အဲဒီလို အနက်အဓိပ္ပာယ်နဲ့ တကွ ရှင်းပြလိုက်လိမ့်မယ်ဗျ။ ဒါတင်မကသေးဘဲ ' သုရာပါနော ... သက္ကော ... ဘ၀ိဿတိ ... ' အရက်သောက်ရင် သိကြားမင်းတောင် ဖြစ်နိုင်တယ်ဆိုပြီး ပုတိုပတ်စကလေးတွေနဲ့ ဆက်ပြီး ရှင်းပြလိုက်ဦးမယ်ဗျ။ သူတို့ အဘိဓမ္မာ ဆရာ ကြီးတွေဟာ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနိုင်သူတွေမို့ သွားမစမ်းလေနဲ့ စာဖတ်သူရေ့။ ကိုယ် မကြိုက်မနှစ်သက်တာရှိရင် ကိုယ့်ဝမ်း ထဲမှာ မျိုသိပ်ပြီး ထားလိုက်ပေတော့။

(၃)

အစ်ကို ကာလသားများနဲ့တကွ အဘိဓမ္မာဆရာကြီး ဦးဖောင်ပါ  အတော်ကလေးထွေလာကြပြီမို့ ခုဆိုရင် အစည်း အဝေးကို စ ကြတော့မယ်လေ။ ဟော အခု ကာလသားခေါင်းဟာ မိန့်ခွန်းပေးရအောင် မတ်တတ် ရပ်လိုက်ပါပြီ။

' သတို့သမီးများ မိဘဘက်က ကျုပ်တို့ ကာလသားတွေရဲ့ လိုအင်ဆန္ဒကို ဂရုမစိုက်ဘဲ သူတို့ ဆွေ မျိုးလူမိုက်တွေ အားကိုးနဲ့ မင်္ဂလာကိစ္စကို ဒီနေ့ နေ့လယ်မှာ အပြီး စီစဉ်လိုက်ကြပြီ။ ဒါဟာ ကျုပ်တို့ ရပ်ရွာ ကာလသား တွေကို ဂရုမစိုက်ဘူးဆိုပြီး စော်ကားလိုက်တဲ့ သဘောပါပဲ။ ဒါကို ကျုပ်တို့က ဘယ်လို လက်စားချေရမယ်ဆိုတာ ဆွေးနွေးဆုံးဖြတ်ပြီး ပြုလုပ်ကြဖို့ပါပဲ။ အဲဒီလို မဆွေးနွေး မဆုံးဖြတ်ခင် ပထမ ကျုပ် တို့ ဒီလို ခဲဖိုးတောင်းတာ တရားသလား မတရားဘူးလားဆိုတာ ဆရာကြီး ဦးဖောင်က ရာဇ၀င် အကိုးအကား နဲ့ ရှင်းပြပါလိမ့်မယ်။ မရှင်းလင်းတာများ ရှိရငလ်ညး ထ ပြီး မေးနိုင်ကြပါတယ် '
ကာလသား ခေါင်း ပြန်ထိုင်လိုက်တဲ့အခါမှာ ဦးဖောင်က ပက်လက်ကုလားထိုင်ပေါ်က ထ မနေတော့ဘဲ မိန့်ခွန်းပေးဖို့အတွက် ပြင်ဆင်သော အနေဖြင့် 'အဟမ်း' ဆိုပြီး ချောင်းဟန့် ချွဲရှင်းနေ ပြီလေ။ ခဲဖိုး ရာဇ၀င်ကို အကိုးအကားစုံလင်စွာနဲ့ ရှင်းလင်းတော့မှာမို့ ဗဟုသုတတစ်မျိုး အဖြစ်နဲ့ မှတ်သားရအောင် နားစိုက် ထားပေတော့ စာဖတ်သူရေ့။

' ခဲဖိုးတောင်းတာ တရားသလား၊ မတရားဘူးလားဆိုတဲ့ အမေးကို ဖြေရမယ်ဆိုရင် တရားတယ်လို့ ငါ ကတော့ တစ်ထစ်ချ ဖြေရမှာပဲကွ။ ဘာကြောင့်လဲ ဆိုရင် ခဲဖိုး ကိစ္စဟာ အခုမှ အသစ်အဆန်းရယ်လို့ ပေါ်လာတဲ့ ကိစ္စမဟုတ်ဘဲ၊ လူပေါ်စဦး ခေတ်အခါကစပြီး အစဉ်အလာတစ်ရပ်အနေနဲ့ ရှိလာလို့ပဲ။ အဲ ပိုပြီး ရှင်းလင်းအောင် ပြောရမယ်ဆိုရင်တော့ ဒီသတ္တ လောကကြီးမှာ လူရယ်လို့ စပြီး ဖြစ်လာတဲ့ အစဉ်အဆက် က အစချီပြီး ပြောရလိမ့်မယ်ကွ။ ဒီတော့ ' မဆွရှေးခါ၊ လူတို့မှာတိ၊ ကမ္ဘာဦးက၊ ဗြဟ္မကျ၍၊ ဗြဟ္မာ့ပမာ၊ ကိုယ်ရောင်ဝါနှင့်၊ အစာမစား၊ ပီတိ အားဖြင့်၊ တည်ငြားကြည်နူး၊ ပျံ့မြူးလေ့လာ၊ ကာလကြာသော်၊ ရသာမေဒနီ၊ မြေဆီထပ်လျက်၊ ရာဂ သက်၍၊ မက်မက်မောမော၊ လောဘဇောဖြင့်၊ လျက်သောခါက၊ စ၍ကိုယ်ဝယ်၊ အရောင် ကွယ်ရှင့်' တဲ့ကွ။ ' အဓိပ္ပာယ်က္ဂိုရှင်းပြပါဦး ဆရာရယ်' လို့ ဆိုခဲ့ရင် တပည်တို့ နေလ နက္ခတ်တာ ရာတို့ မဖြစ်ပေါ်လာမီ အတန်ကြာက အထက် ဗြဟ္မဘုံမှာ ဗြဟ္မသတ္တ၀ါတို့သည် စုတေ စိတ်ကျ၍ ဤလူ့ပြည် ကျွန်းမြေပေါ်မှာ ဥပပတ် ပဋိသန္ဓေအားဖြင့် လူရယ်လို့ ဖြစ်ပေါ်လာကြတယ်တဲ့။

အဲဒီ ကမ္ဘာဦးသူလူသတ္တ၀ါတွေဟာ နေ နက္ခတ် အရောင်အလင်းတို့ မရှိပါဘဲလျက် မိမိတို့ရဲ့ ကိုယ်ရောင် အလင်းတို့ဖြင့်သာလျှင် အမှောင်ကို ပယ်ဖျောက်ပြီး သွားလာလှည့်လည် နေကြရုံမျှမက အစော အဟာရ ကိုလည်း မှီဝဲခြင်း မရှိကြဘဲ အဘဿရ ဗြဟ္မာကြီးတွေလို ပီတိအက္ခဖြင့်သာလျှင် အတန်ကြာ ကာလကို လွန်မြောက်စေနိုင်ကြတယ်တဲ့။ ကာလ အတန်ကြာတဲ့အခါ အဆင်းအနံ့ အရသာနှင့် ပြည့်စုံတဲ့ မြေဆီ မြေလွှာ အပေါ်မှာ လောဘဇောတပ်ပြီး မက်မက် မောမော လျက်တဲ့ အခါကစပြီး ရုန့်ရင်းသောရုပ်တို့ ဖြစ်ပေါ် လာသဖြင့် ကိုယ်ရောင် အလင်းတို့ဟာလည်း ကွယ်ပ သွားပါသတဲ့ '
စကား များများ ပြောလိုက်ရ၍ အာခြောက်သွားရောထင့်၊ ကရားထဲမှ အဖြူရည်ကို တစ်ခွက်ငှဲ့ပြီး သောက်နေပြန်ပြီလေ။

တစ်ဖက်သူကတော့ ခဲဖိုး ရာဇ၀င်ကို ပြောမယ်ဆိုပြီး ဘာတွေ လျှောက်ပြော နေတာလဲလို့ ထင်ချင် ထင်မယ်။ ဒီလိုပဲဗျ၊ သူတို့ အဘိဓမ္မာဆရာကြီးတွေဟာ တစ်ခုခုကို ပြောချင်ရင် အရှည်ကြီး ချီပြီးမှ လိုရင်းကို ရောက်လာတတ်တယ်။ ဒါကြောင့်မို့ သည်းခံပြီး နားထောင်လိုက်ပါနော်။ လိုရင်းကိုတော့ ရောက်ပါ လိမ့်မယ်။ အလို ဟိုထောင့်က လူငယ် တစ်ယောက်က မတ်တတ်ရပ်လိုက်ပါကလား။ မရှင်းမလင်းတာရှိရင် ထပြီးမေးနိုင်တယ်ဆို လို့ မေးရအောင် ထ တာများလား။ သူကတော့ ဒီရွာက သူကြီးသားလေ၊ မြို့က အတန်းကျောင်းမှာ ကျွန်တော်တို့ တောသူတောင်သား ဝေါဟာရ အားဖြင့်ဆိုရင် လောကဓာတ် ကျောင်းမှာ ၁၀ တန်း အောင်ခဲ့သူပေါ့။ ဟော ... နးထောင်၊ သူ စပြီး ပြောနေပြီ။

' ဆရာကြီးရဲ့ အာဘော်အရဆိုရင် လူတွေဟာ ဗြဟ္မကြီးတွေက စပြီး ဖြစ်လာတယ်လို့ ဆိုထားပါ တယ်။ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့ရတဲ့ သူ့သမိုင်းမှာတော့ လူဟာ တိရစ္ဆာန်ဘ၀ကနေပြီး အဆင့်ဆင့်နည်းနဲ့ တိုးတက်ဖြစ်ပေါ်လာတယ်လို့ ဆိုထားပါတယ်။ ပထမ သမုဒ္ဒရာ ရေပြင်ပေါ်မှာ သက်ရှိကလာပ်စည်းကလေးများ ဖြစ်ပွားပေါ်ပေါက်လာပြီးနောက် ကုန်း၊ ရေ၊ လေ စတဲ့ နေရာများမှာ ခြေထောက်များ၊ အရေပြားများနဲ့ သွားလာ လှုပ်ရှားရင်း အမျိုးအမည်ပေါင်း အသင်္ချေ အနန္တ တိုးတက်ခဲ့တဲ့ တိရစ္ဆာန် သတ္တ၀ါပေါင်းများစွာအထိ တိုးတက်ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုတယ်။ အဲဒီ တိရစ္ဆာန်တွေ အမျိုးမျိုး အနက် အမွေးပေါက် ခြေလေးချောင်း သတ္တ၀ါတွေကမှ တစ်ဖန် အဆင့်ဆင့်နည်းနဲ့ လူဝံများကမှ တစ်ဖန် ရှေးလူရိုင်းများ၊ နောက် ယခုခေတ် လူတွေအထိ အဆင့်ဆင့် ကူးပြောင်းတိုးတက်လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီတော့ ဘယ်ဟာကို အမှန် ယူရမယ်လို့ မဆုံးဖြတ်တတ်အောင် ဖြစ်နေပါတယ် '

သြ... လက်စသတ်တော့ သူက ' လူသည် တိရစ္ဆာန်ဘ၀မှ အဆင့်ဆင့်နည်းနဲ့ တိုးတက်ဖြစ်ပေါ် လာခြင်းဖြစ်သည်' ဆိုတဲ့ သတ္တ၀ါဗေဒ သုတေသီကြီးဖြစ်တဲ့ ' ဒါဝင် 'ရဲ့ အယူအဆကို တင်ပြနေတာကိုး။ ဒါကို ဦးဖောင်က နားမှ လေသံ မကြားချင်တဲ့ ဟန်မျိုးနဲ့လက်ဝါးကာပြပြီး -
' ဟေ့ ... ရပ်လိုက်စမ်းကွာ၊ မင်းတို့ ကုလားဖြူ ကျောင်းတွေက မဟုတ်မဟတ် သင်ပေးလိုက်တဲ့ မိစ္ဆာ အယူတွေကို ပရိသတ် ဗိုလ်ပုံအလယ်မှာ လာပြောနေတာ နားခါးလွန်းလို့ ရပ်လိုက်စမ်းကွာ' လို့ ခါးခါးသီးသီး ပိတ်ပင်လိုက်တာနဲ့ သူ့ခမျာ မျက်နှာကလေး ငယ်ငယ်နဲ့ ထိုင်ချလိုက်ရပြီလေ။

ဒီလိုပဲဗျ၊ ဦးဖောင်တို့လို ရှေးဆန်တဲံ အဘိဓမ္မာဆရာကြီးများဟာ တစ်ခုခုကို လက်ခံထားမိရင် တစ်ခါတည်း လှေနံဓားထစ် တရားသေ စွဲမှတ်ထားတော့တာပဲ။ သူ လက်ခံထားတဲ့ အယူအဆနဲ့ ဆန့်ကျင် ကွဲလွဲတဲ့ အယူအဆဆိုရင် မိစ္ဆာ အယူလို့ တစ်ဖက်သတ် ကြေညာတော့တာပဲ။ အပေးအယူ သဘောမျိုး နဲ့ အပြန်အလှန် ဆွေးနွေးဖို့ မလိုလားတတ်ဘူး။ ကဲ ... ဒါလောက်တောင် ဖြစ်လှတာ ကျွန်တော် ကလည်း ဒီကမ္ဘာကြီးပေါ်မှာ အယူအဆ အမျိုးမျိုး၊ မူကွဲတွေ အမျိုးမျိုး ရှိနေ ပါတယ်ဆိုတာ ထင်ရှား သွားအောင် သူတို့ရဲ့ အယူအဆနဲ့ မတူတဲ့ မူကွဲတစ်ခုကို ထ ပြီး တင်ပြလိုက် ရသေးတာပေါ့ဗျာ။

' အယူအဆချင်းမတူတဲ့ အမျိုးမျိုးကို နှိုင်းယှဉ်ပြီး လေ့လာရတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်း ပါတယ်။ ဒါကြောင့် ကျွန်တော်ကလည်း ခုနကပြောသွားကြတဲ့ အယူအဆနှစ်မျိုးနဲ့ မတူတဲ့ မူကွဲ တစ်ခုကို ဖြည့်စွက်ပြီး တင်ပြလိုပါတယ်။ ဒါပေမဲ့ အခုတင်ပြမယ့် အယူအဆဟာ ကျွန်တော် လက်ခံ ယုံကြည် ထားတဲ့ အယူအဆ မဟုတ်ဘူးဆိုတာ ကြိုတင်ပြီး ၀န်ခံထားပါတယ်။ အကယ်၍ ကျွန်တော် သာ ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်ခဲ့ရင် (တကယ်တော့ မဟုတ်ဘူးဗျနော်) 'လူကို ထာဝရဘုရားသခင် ဖန်ဆင်းတော် မူသည်' လို့ ပြောရပါမယ်။ အဘယ့်ကြောင့် ဆိုရပါမူကား ... '
စာဖတ်သူရေ့၊ ကျွန်တော့်စကား အဲဒီနားလည်းရောက်ရော ကျွန်တော်ဟာ စကားကို ရုတ်တရက် ရပ်ထားလိုက်ပြီး တကယ့် တရားဟောဆရာတစ်ဦးရဲ့ ဟန်မျိုးနဲ့ လက်ဖ၀ါးနှစ်ဖက်က ကိုယ်ရှေ့မှာ တစ်ခုပေါ်တစ်ခုထပ်ပြီး မျက်နှာကြက်ဆီသို့ ခေါင်းကို မော့ထားလိုက်တယ်လေ။ ပြီးတော့မှ ကျွန်တော်ဟာ တကယ့် တရားဟောဆရာတစ်ဦးရဲ့ လေသံမျိုါ်နဲ့ ထာဝရဘုရား၏ သမ္မာကျမ်းပါ ဓမ္မ ကျမ်းဟောင်း ကျမ်း ၃၉ ကျမ်းတွင် ပါဝင်သော ကမ္ဘာဦးကျမ်းမှ အချက်အလက်အချို့ကို ဟောဒီလို ကောက်နုတ်ကိုးကား ရွတ်ဆိုပြလိုက်တယ်။

' တစ်ဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကို လည်းကောင်း၊ သားယဉ်တို့ ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို လည်းကောင်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ထိုသို့ ဘုရားသခင်သည် မိမိ ပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်း တော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမတို့ကို ဖန်ဆင်း ပြီးလျှင် အချင်းတို့ များပြားစွာ မွေးဖွးကြလော့၊ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါး တို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှား တတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလေ့ဟု မိန့်တော်မူ၍ သူတို့ကို ကောင်းချီးပေးတော်မူ၏' လို့ ကမ္ဘာဦးကျမ်းမှာ ပါဝင်တဲ့အတိုင်း ထာဝရ ဘုရားသခင်ဟာ အာဒံ အမည် ရှိတဲ့ လူယောက်ျားနဲ့ ဧ၀ အမည်ရှိတဲ့ လူမိန်းမကို ဖန်ဆင်းပြီး သူတို့ နှစ်ဦးကမှ တစ်ဖန် လူမျိုးဆက် ကို ပွားများစေတယ်လို့ ဆိုပါတယ် '

ကျွန်တော်လည်း ထိုင်ချလိုက်ရာ စာဖတ်သူရေ့၊ ဦးဖောင်ဟာ ကျွန်တော့်ကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တဲ့ပြီး ရွံရှာစက်ဆုပ်တဲ့ ဟန်မူရာမျိုးနဲ့ 'ထွီ' ခနဲ တံထွေးတစ်ချက် ပစ်ထွေးလိုက်တယ်လေ။ အဲဒီ အချိန်မှာပဲ ဟိုနားက လူငယ် တစ်ယောက်က မတ်တတ်ထရပ် နေပြန်ပါပကော။ သူကကော ဘာများ ပြောဦး မလို့လဲ၊ သူ့မျက်နှာကလည်း သရော်လိုတဲ့ သဘောနဲ့ ပြုံးစိစိနဲ့လေ။
' လူဟ ဘယ်ကနေ စပြီး ဖြစ်ပေါ်လာတယ်၊ လူရဲ့ အစမူလ ဗီဇဟာ ဘယ်ကနေ ဖြစ်ဖျားခံလာတယ်ဆိုတာနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုးကို ပြောသွားလိုက်ကြတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်ကလည်း ကျွန်တော် လေ့လာသိရှိထားတဲ့ လူရဲ့အစ မူလဗီဇကို အမြင် တစ်မျိုးနဲ့ တင်ပြလိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ကိုးကားစရာ ကျမ်းကြီးကျမ်းခိုင်ရယ်လို့ မရပါဘူး။ အင်မတန် သေးနုပ် သိမ်ဖျင်းတယ်လို့ ရှေးပညာရှိများ ယူဆထားတဲ့ SEX လို့ခေါ်တဲ့ လိင်ပညာ ကိုပဲ ကိုးကား ပြောဆိုရမှာပါပဲ။ လူရဲ့ အစမူလ ဗီဇဟာ ဘယ်ကနေ မြစ်ဖျားခံလာတယ်ဆိုတာ ကျွန်တော် လွယ်လွယ် ကလေးနဲ့ ရှင်းပြပါမယ်။ အဖသုတ်ရည်က သန္ဓေထီးနဲ့ အမိသုတ်ရည်က သန္ဓေမတို့ ပူးပေါင်း စပ်ယှက် မိရာကအစ သားသန္ဓေရယ်လို့ ဖြစ်ပေါ်လာပြီး လူရယ်လို့ ဖြစ်လာကြောင်း ကျွန်တော်က လိင်ပညာအမြင်နဲ့ တစ်မျိုး တင်ပြရပါတယ် ခင်ဗျား '

သူဟာ စကားဆုံးလို့ ထိုင်ချလိုက်တဲ့အထိ သူ့ မျက်နှာကတော့ ပြောင်ချော်ချော် ပြုံးစိစိပါပဲ။ လက်စသတ်တော့ သူက နောက်ပြောင်ပြီး ပြောတာကိုး။ သူကတော့ ရွာက စာကြည့်တိုက်မှူးလေ။ ကဲ စာဖတ်သူရေ၊ လူရဲ့ အစမူလကို ပြောရင်း ပြောရင်းနဲ့ မူအမျိုးမျိုး ကွဲကုန်ပါရောလား။ ဒါပေမဲ့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျွန်တော်တို့ ကာလသားခေါင်းဆုံးဖြတ်ရာ မူသာ အတည်ဖြစ်မှာ ပါပဲ။ ကျွန်တော်တို့ ကာလသားခေါင်းဟာ ရှေးဆန်သူတစ်ဦးမို့ ဦးဖောင်ရဲ့ အယူကိုသာ အမှန်လို့ အတည်ပြုမှာပါပဲ ဗျား။

(၄)

ကာလသား ခေါင်းဟာ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကြမ်းပြင်ကို သူ့ လက်ဖ၀ါးနဲ့ သုံးချက်လောက် ခပ်ပြင်းပြင်း ပုတ်လိုက်တယ်။ အဓိပ္ပာယ်ကတော့ အားလုံးငြိမ်ကြလို့ ဆိုလိုတဲ့ သဘောပါပဲ။ မီးရေနဲ့ သတ်လိုက်သလို အားလုံးပဲ တိတ်ဆိတ်သွားကြပြီလေ။ ဒီတော့မှ သူဟာ စကားပြောရအောင် မတ်တတ်ရပ်လိုက်တယ်။
' အချိန် သိပ်မရှိဘူး၊ ပြောစရာရှိတာ မြန်မြန်ပြော၊ ဆုံးဖြတ်စရာ ရှိတာ မြန်မြန်ဆုံးဖြတ်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်ကြရမှာမို့ မင်းတို့ လူငယ်ပိုင်းက တတ်ယောင်ကား လုပ်ပြီး စွာကျယ်ကျယ်နဲ့ ဆရာကြီး ဦးဖောင် ရဲ့ စကားကို ၀င်မစွက်ကြပါနဲ့။ ဆရာကြီးခင်ဗျား၊ ဒီလူငယ်တွေကို ဗွေမယူဘဲ ဆရာကြီးရဲ့ စကားကိုသာ ထပ်ဆက်ဖို့ တောင်းပန်ပါတယ်'

သူတို့ ဆရာတပည့် နှစ်ယောက်ကတော့ လိုက်ပါပေ့ဗျာ။ ကာလသားခေါင်းက တောင်းပန် လိုက်တယ်ဆိုရင်ပဲ အလိုမကျသလို သုန်မှုန်နေတဲ့ ဆရာကြီး ဦးဖောင်ရဲ့ မျက်နှာဟာ ကျေနပ်သွားသလို ပြုံးဖြီးဖြီး ပြန်ဖြစ်လာပြီး သူ့စကားကို ဆက်ဖို့ ဟန်ပြင်နေတယ်။ တကယ်ဆိုတော့လည်း သမိုင်းအဖြစ်နဲ့မှ ခဲဖိုးရာဇ၀င်ကို ဖော်ထုတ်နိုင်မှာကိုး။ ဟော ... အခု သူ ဆက်ပြီး ပြောနေပါပြီ။

' မြေဆီမြေလွှာအပေါ်မှာ တပ်မက်တဲ့ လောဘဇောနဲ့ လျက်တဲ့ အခါက စပြီး ကိုယ်ရောင်အလင်းတွေ ကွယ်ပသွားတဲ့အထိ ပြောခဲပြီးပြီနော်။ အဲဒီနောက် ဘာဖြစ်လာသလဲတဲ့။ 'ညဥ့်နှယ်မှောင်ကျ၊ ကြောက်လန့်ကြကြောင့်၊ ထိုမျှဤျမျှ၊ အလင်းတသော်၊ နေလပေါ်မြောက်၊ မြေဆီပျောက်၍ ထိုနောက် တစ်ခါ၊ တစ်စစတိ၊ လောဘထပ်တိုး၊ လွှမ်းမိုးပွားလာ၊ ထိုတဏှာကြောင့်၊ ထိုပဒါနွယ်၊ ကွယ်ခဲ့ပျောက်ပြန်၊ အဆနချည်းသီး၊ မီးနှိုက်မချက်၊ လိုလို ကျက်၍၊ နံ့သက်ကြိုင်မေး၊ သလေးဖြူဝင်း၊ ဆန်ထမင်းကို၊ စားလျင်းကုန်ကြ၊ ပွားရာဂနှင့် ဟာရမကျေ၊ စာရေရုန့်ရင်း၊ ကိုယ်တောင့်တင်းလျက်၊ ၀မ်းတွင်းနှိုက်ဝယ်၊ ကြင်ကြီးငယ်တို့၊ အကယ်တည်၍၊ တိုးဝှေ့ထိုးကျင့်၊ ဖြစ်သဖြင့်လျှင်၊ ထိုနှင့်လျှေ်စွာ၊ ထွက်ကြရာသား၊ ဓမ္မတာဟူဘိ၊ ရှေးဇာတိတိုင်း၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝတို့၊ ပေါ်ကြတုံငြား၊ ယောက်ျား မိန်းမ၊ ဖြစ်ထထိုစာ၊ တပ်မက်စွာလျှင်၊ ယှဉ်ကာ မောင်နှံ၊ ဒွယံ ဒွယံ၊ မေထုနဖြင့်၊ ရာဂတရား၊ ဆင့်ဆင့်ပွား၍၊ အများသူတော်၊ မြင်မလျော်ဟု၊ ဟစ်အော်သုန့်သုန့်၊ မြေမှုန့်ပြာစု၊ လွှင့်ပြုပစ်ကာ၊ ဝေးရာရုတ်ရုတ်၊ မောင်းနှင်ထုတ်၏' တဲ့ကွ '

မောသွားသလို တစ်ထောက် ရပ်နားလိုက်ပြန်ပြီလေ။ အဲဒီနောက် ထုံးစံအတိုင်း အမောပြေ အဖြူရည် ကလေးတစ်ခွက် ငှဲ့သောက်ရပြန်ပြီဗျ။ ဒါမှလည်း အာဝဇ္ဇန်းရွှင်ရွှင်နဲ့ သူ့စကားကို ထပ်ဆက် နိုင်မှာကိုး။ ချက်ချင်းပဲ သူ့စကားကို ပြန်ဆက်နေပါပြီ။

' လင်္ကာသွားကို နားမလည်လို့ စကားပြေနဲ့ ရှင်းပြပါဦး ဆရာရယ်လို့ ဆိုခဲ့ရင် ... တပည့်တို့၊ သူတို့၏ ကိုယ်မှ အလင်းရောင် ကွယ်ပသွားပြီး မှောင်အတိ ဖြစ်သွားသဖြင့် သူတို့ဟာ အလင်းရောင်ကို ပြင်းစွာ တောင့်တကြတော့ နေ၊ လ ရယ်လို့ ထွက်ပေါ်လာရပါသတဲ့။ သူတို့ရဲ့ လောဘကြောင့် မြေဆီများ ပျောက်ကွယ်သွားပြန်တဲ့အခါ မြေသင်းလွှာနဲ့ ပဒါလတာ မည်တဲ့ နွယ်ချိုနှစ်ပါးကို စားမျိုရင်း တစ်စတစ်စနဲ့ လောဘ ထပ်တိုးလာပြန်တဲ့အတွက် အဲဒီ တဏှာလောဘကြောင့် အဲဒီနွယ်ချိုဟာ ရှေးနည်းတူ ကွယ်ပျောက်ပြန်ပါသတဲ့။ အဲဒီ အခါကျမှ အခွံမဖုံး၊ ဖွဲလည်း မကပ်၊ အဆနချည်း သီးပြီး မီးမှာမချက်ရဘဲ အလိုလို ကျက်ရုံမျှမက အနံ့အသက် မွှေးကြိုင်တဲ့ သလေးဆန်ထမင်းကို စားသောက်ကြပြန်ပါရောတဲ့။

အဲဒီလို ရုန့်ရင်း ကြမ်းတမ်းတဲ့ သလေးဆန်ထမင်းကို စားသောက်တဲ့အခါမှာ အစာမကျေဘဲ ကျင်ကြီး ကျင်ငယ်တွေဖြစ်ပြီး ၀မ်းတွင်းမှာ ထွက်ပေါက်ကို တိုဝှေ့ကြတဲ့အတွက် ကျင်ကြီး ကျင်ငယ်ထွက်စရာ အမာဝပြွန်ပေါက်ပြွန်တံတို့ဟာလည်း ထွက်ပေါ်လာရသတဲ့။ မိန်းမ ဖြစ်ထိုက် သော သူအား မိန်းမ၊ ယောက်ျားဖြစ်ထိုက်သောသူအား ယောက်ျား အသွင်သဏ္ဍာန် အင်္ဂါကြီးငယ် ဘာဝရုပ်တို့ဟာလည်း ခြားနားဖြစ်ပေါ်လာတယ်တဲ့။ အဲဒီလို ယောက်ျား မိန်းမ ရယ်လို့ ခြားနားဖြစ်ပေါ်လာတဲ့ အခါမှာ ဆန့်ကျင်တဲ့ လိင်အချင်းချင်း တစ်ဦးရဲ့ အင်္ဂါကို တစ်ဦးက တပ်မက်စွာ ကြည့်ရှုဖန်များတဲ့အခါမှာ ကာမရဂစိတ် များအားကြီးစွာ ပေါ်လာတဲ့အတွက် မေထုန်အမှုကို ပြုကြပါရောတဲ့။

အဲဒီလို မေထုန်အမှုကိုပြုတဲ့ သူတွေကို မပြုတဲ့ ပညာရှိ သူတော်သူမြတ်များမြင်တော့ ' ဓီ... ၀သလာ၊ ဓီ...၀သလာ' ၀သလာ-သူယုတ်တို့၊ ဓီ-ထီရွံစရာ။ အဲသို့ကလို ကဲ့ရဲ့ ရေ`၇ွတ်ပြီး ခဲ တုတ် စသည်များဖြင့် ပစ်ခတ်ကာ ဝေးရာကို မောင်းနှင် ထုတ်လိုက်ကြတယ် တဲ့။ မင်္ဂလာဆောင်မှာ ခဲပေါက်တဲ့ အစဉ်အလာဟာ အဲဒီက စ လာတာပဲကွ။ အဲဒီလို ပစ်ခတ်ခြင်းဘေးမှ လွတ်ကင်းပြီး ချမ်းသာစွာ မေထုန်မှုကို ပြုရန်အတွက် ပုန်းကွယ်ရာ အိမ်တို့ကို ဆောက်လုပ်နေထိုင်ကြသတဲ့။ နေထုန်မှုကို မပြုတဲ့ သူတွေကတော့ အိမ်ဆောက်ဘဲ သစ်ပင်ရင်း လွင်တီးခေါင် စသည်တို့မှာသာ နေကြတယ်တဲ့။ အဲဒီအခါမှာ အိမ်ထောင်သားမွေးခြင်း အမှုကို ပြုတဲ့အာဂါရိယလူ၊ အိမ်ထောင်သားမွေးခြင်း အမှုကို မပြုတဲ့ အစဉ်အလာဟာ မျိုးရိုးအစဉ်အဆက်က ဆင်းသက်လာတဲ့ အစဉ်အလာတစ်ရပ်မို့ ခဲပေါက် မခံချင်ရင် ခဲဖိုးငွေ ပေးကြရတယ်ကွ။ အခု ခဲဖိုးငွေ မပေးဘဲ ဒီအစဉ်အလာကို ဆန့်ကျင်တဲ့ သတိုးသမီးများ အိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ရက် အပြစ်ရှိတယ်လို့ မဆိုနိုင်ပါဘူး'

ဦးဖောင် ရဲ့ စကားကတော့ဖြင့် ဆုံးပါပြီ။ လိုရင်းကိုလည်း ခုမှ ရောက်လာပါပြီ။ မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ၊ ခဲပေါက်တာဟာ ရှေးတုန်းထဲက ဆင်းသက်လာတဲ့ အစဉ်အလာမို့ တရားပါသတဲ့။ ကဲ ... ဒါဖြင့် ရှေးတုန်းက အိမ်ထောင်သားမွေးခြင်းကို ပြုတဲ့ အာဂါရိယလူတွေကို အိမ်ထောင် သားမွေးခြင်းအမှုကို မပြုတဲ့ သူတော်စင် အာဂါရိယ လူတွေက ခဲနဲ့ ပေါက်တာတော့ ထားပါတော့။ ဒါပေမဲ့ အခု အိမ်ထောင်သားမွေးခြင်း အမှုကို ပြုတဲ့ အာဂါရိယ သူအချင်းချင်း ခဲနဲ့ပေါက်တာတော့ ဘယ်လိုပြောမလဲ။ ဦးဖောင်ကိုယ်တိုင်လည်း အိမ်ထောင်သားမွေးခြင်း အမှုကို ပြုခဲ့တဲ့ အာဂါရိယ လူတစ်ဦး ပဲ မဟုတ်လားဗျာ။ ဘိန်းစားချင်း အတူတူ တစ်မူး ပိုရှူရာ ကျမနေဘူးလား။

ကာလသားခေါင်းလည်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီးနောက် ' ဆရာကြီး ဦးဖောင်ရဲ့ သြ၀ါဒ အတိုင်း သတို့သမီးအိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ကြမယ်၊ ကန့်ကွက်မယ့် လူများ ရှိနေသလား'လို့ မေးလိုက်တယ်။
' မရှိဘူး... မရှိဘူး ' ဟူသော အသံများ၊ ' သတို့သမီးအိမ်ကို ဘယ့်နှယ် ၀ိုင်းမယ် ... ဒီ့နှယ်ဝိုင်းမယ်... ဘာနဲ့ ပေါက်မယ်... အုတ်ခဲထက်ပိုင်းကျိုးနဲ့ ပေါက်မယ်... ညီစေနော် ...အေး။ အေး အပြင် အဲ မရကြဘူးလား လဟ ... ဟား ... ' ဆိုတဲ့ အသံများဟာလည်း ကာလသားထုကြီးထဲက တစ်ခဲနက် ထွက်ပေါ်လာတယ်။

စာဖတ်သူရေ၊ ဒီထဲမှာ သဘောမတူတဲ့ လူလေးငါးဆယ်ဦးလောက်တော့ ရှိပါရဲ့။ ဒါပေမဲ့ သူတို့ဟာ လူနည်းစုကလေးဖြစ်နေလို့ ဘယ့်နှယ်မှ မတတ်နိုင်ကြဘူးဗျ။ ဒီအဓိပ္ပာယ်မရှိတဲ့ လုပ်ငန်းစဉ်မှာ မပါဝင်လိုဘူး၊ ဒီအစည်းအဝေးကို သပိတ်မှောက်တယ်လို့ ရဲရဲတောက် ကြေညာပြီး ထွက်လာပြန် ရင်လည်း ကာလသား အများစုရဲ့ ရန်မူခြင်းကို ခံရမယ်ဗျ။ အင်း ... သူတို့ကလည်း အရက်ကလေး မူးမူးနဲ့ဆိုတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်ကြတော့မှာ ထင်ပါရဲ့ဗျာ။

(၅)

ကာလသားခေါင်းဟာ သူ့လူတွေကို ဓား၊ လှံ၊ မှိန်း စတဲ့ လက်နက်များကို တပ်ဆင်လိုက်တယ်။ ပြီးတော့မှ တန်းစီခိုင်းပြီး သူ့တပ်ကိုသူ စစ်ဆေးတယ်။ အဲဒီအခါမှာ သူ့မျက်နှာထား၊ သူ့ဟန်၊ သူ့အမူအရာကတော့ တကယ့်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ ဟန်မူရာမျိုးပါပဲ။

' အခု ကျုပ်တို့ ခဲပေါက်သွားကြမယ်။ ဒါပေမဲ့ ခါတိုင်း မင်္ဂလာဆောင်တွေမှာ ခဲပေါက်သွားသလို ပေါ့ပေါ့ဆဆ သွားလို့တော့ မဖြစ်ဘူး။ သတို့သမီးရဲ့ အိမ် လေးဖက်လေးတန်မှာ သူတို့ဆွေမျိုး လူမိုက်တွေကို ဓားလက်နက် ကိုယ်စီနဲ့ ကင်းချစောင့် ခိုင်းထားတာမို့ ကျုပ်တို့ကလည်း လက်နက်ကိုယ်စီ ကိုင်စွဲပြီး သတိဝီဂိယနဲ့ သွားကြရလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ အဖို့ ကြောက်စရာ မလိုပါဘူး၊ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကျုပ်တို့က ပိုပြီး လူအားကောင်းတယ်၊ ပြီးတော့ ကျုပ်တို့မှာ အင်မတန် အစွမ်းကောင်းတဲ့ ဆရာကြီး ဦးဖောင်ရဲ့ အဆောင်လက်ဖွဲ့တွေလည်း ရှိထားတယ်။ ဓားတို့ လှံတို့လောက်တော့ အပျော့လို့သာ မှတ်ထားလိုက်ကြကွ။ အဲ မင်းတို့ အဲဒီ အဆောင်လက်ဖွဲ့တွေကို တစ်ယောက်တစ်ခုစီ လာယူလှည့်ကြ'

ကာလသားတွေဟာ တစ်ယောက်ပြီးတစ်ယောက် ကာလသားခေါင်းထံမှ အဆောင်လက်ဖွဲ့ကို သွား ယူကြတယ်။ အဆောင်လက်ဖွဲ့ ဆိုတာကတော့ ချည်နီကြိုးတစ်ချောင်းပေါ်မှာ ငွေကို အပြား ခတ်ပြီး စီရရီ လက်ဖွဲ့ထိုးထားတဲ့ ဟာကလေးတွေပါပဲ။ အဲဒီ အဆောင် လက်ဖွဲ့ကြိုးများကို သူတို့ရဲ့ ဘယ်ဘက် လက်မောင်းမှာ ပတ်ချည်ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ မျက်နှာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချတဲ့ စိတ်ဓာတ်မှ ရောင်ပြန်ဟပ်လာတဲ့ အရိပ်အယောင်ကလေးများဟာ အထင်းသား ပေါ်ပေါက် လာတယ်။

တလောကလုံးကို ဂရုမစိုက်ဘူး ဆိုတဲ့ ဂိုက်ကိုလည်း ဖမ်းလာကြတယ်။
ကာလသားခေါင်းဟာ သူ့လူတွေကို အစုလေးစုခွဲပြီး တပ်စု လေးစုအဖြစ် ဖွဲ့စည်းလိုက်တယ်။ တပ်စု နှစ်စုကို ရေတပ်အဖြစ် သတ်မှတ်ပြီး တပ်စုနှစ်စုကိုတော့ ကြည်းတပ်အဖြစ် သတ်မှတ်ကြ တယ်။ ဘာပြုလို့လဲ ဆိုတော့ သတို့သမီးရဲ့ အိမ်တည်နေရာက အိမ်နောက်မှာ ချောင်းရေ၊ အိမ်ရှေ့မှာ တာလမ်းမနဲ့ ကွင်းပြင်ကြီး ရှိနေတာမို့ အိမ်တည်ရာကို အစွဲပြုပြီး ရေတပ်နဲ့ ကြည်းတပ်လို့ နှစ်တပ် ခွဲခြားလိုက်ရတာပဲ။ ဒါမှသာ သတို့သမီးရဲ့ အိမ်ကို လေးဖက်လေးတန်ကနေ ၀ိုင်းနိုင်မှာကိုး။ ရေတပ်အတွက် သတ်မှတ်ထားတဲ့ တပ်စုနှစ်စုအနက် တပ်စုတစ်စုလျှင် လှေသုံးစင်းစီ ပေးအပ် လိုက်တယ်။ လှေတစ်စင်းမှာ အုပ်ခဲများ အပြည့်တင်ဆောင်ပြီး လှော်သူနှစ် ယေက်နဲ့ ခဲပေါက်မယ့်သူ နှစ်ယောက် လိုက်ရပါမယ်။ ကျန်တဲ့ လှေနှစ်စင်းမှာတော့ လက်နက်ကိုင် တပ်သားများ လိုက်ပါပြီး အုတ်ခဲလှေနဲ့ ခဲပေါက်မယ့်လူများကို ရန်သူများ မနှောင့်ယှက်နိုင်အောင် ဘေးမှ ခြံရံပြီး အကာအကွယ် ပေးရမယ်လို့ သတ်မှတ်လိုက်တယ်။

ကျန်တဲ့ ရေတပ်မှ တပ်စုတစ်စုကိုလည်း လှေသုံးစင်းနဲ့ ထိုနည်းတူ ဖွဲ့စည်းထားတာပါပဲ။ ရေတပ်မှ တပ်စုနှစ်စုအနက် တပ်စုတစ်စုက သတို့သမီးရဲ့ အိမ်နောက်ရှိ ချောင်းရေ၏ မြောက်ဘက်တွင် တပ်စွဲထားရမယ်။ ကျန်တပ်စုတစ်စုက သတို့သမီးရဲ့ အိမ်နောက်ရှိ ချောင်းရေ၏ တောင်ဘက်တွင် တပ်စွဲထားပြီ၊ သတို့သမီးရဲ့ အိမ်နောက်ဘက်ကို ထောင့်နှစ်ထောင့်မှ ပတ်ဝိုင်းထားရမယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်။ ကြည်းတပ်မှ တပ်စုနှစ်စုကလည်း သတို့သမီးရဲ့ အိမ်ရှေ့ရှိ တာလမ်းမနဲ့ သစ်ပင်ကြီးများကို အကာအကွယ်ယူပြီး မြောက်ဘက်နှင့် တောင်ဘက်မှာ တပ်စု တစ်စုစီ တပ်စွဲထားခြင်းအားဖြင့် သတို့သမီးရဲ့ အိမ်ရှေ့ကို ထောင့်နှစ်ထောင့်မှ ပတ်ဝိုင်းထားရမယ် လို့လည်း အမိန့်ထုတ်လိုက်တယ်။ အဲဒီနည်းနဲ့ သတို့သမီးရဲ့ အိမ်ကို လေးဖက်လေးတန်က ပတ်ဝိုင်းမိမှ ခဲနဲ့ စပေါက်ရမယ်။ တပ်စုတစ်စုက အလျင်ရောက်နှင့်ပြီး အလျင်စလို ခဲနှင့် ပေါက်ခြင်း မပြုရ။ အိမ်လေးဖက်လေးတန်မှာ စုံညီစွာ တပ်စွဲ ပတ်ဝိုင်းမိမှ ပေါက်ရမယ်။ အိမ်ကို လေးဖက်လေး တန်က တပ်စွဲပတ်ဝိုင်းပြီး မပြီး သိရအောင် လက်ခေါက်မှုတ်ပြီး အချက်ပေးကြမယ်လို့လည်း သဘောတူ ညီထားကြတယ်။

စာဖတ်သူနဲ့ ကျွန်တော်တို့ နှစ်ယောက်တော့ ကြည်းတပ်ကနေပြီး လိုက်ကြမယ်နော်။ ရေတပ်က ဆိုရင် လှေနဲ့ သွားရမှာမို့ မဟန်လို့ လစ်ပြေးချင်တောင် ကျွန်တော်တို့ နှစ်ယောက်ထဲ သဘောနဲ့ မပြီးသေးဘူးဗျ။ ကျွန်တော်တို့နဲ့ တစ်လှေတည်းစီးတဲ့ သူတွေကပါ သဘေတူမှ ဖြစ်မှာ။ ကြည်းတပ် မှာဆိုတော့ ကိုယ်ပိုင်ခြေထောက်ကိုသာ အားကိုးရမှာမို့ မဟန်တာနဲ့ တစ်ချက်တည်း တိတ်တိတ် ကလေးလစ်ပြေးနိုင်တယ် ဟုတ်ဘူးလားဗျာ။

ဟော အခုကိုပဲ တပ်တွေဟာ စ တင်ပြီး ထွက်ခွာကြပါပြီ။ ရေတပ်မှ တပ်စုနှစ်စုဟာလည်း လှေ ၆ စင်းနဲ့ တပျော်တပါးကြီးထွက်ခွာသွားကြပါပြီ။ မရှေးမနှောင်းမှာပဲ ကျွန်တော်တို့ ကြည်းတပ်မှ တပ်စု ၂ စုလည်း ထွက်ခွာကြပါပြီ။ ကျွန်တော်ကတော့ သတို့သမီးရဲ့ အိမ်ထောင်ဘက်မှာ တပ်စွဲရမယ့် တပ်စုထဲမှာ ပါတယ်။ ကျွန်တော်တို့ရဲ့ တပ်စုကို ကျွန်တော်တို့ ကာလသားခေါင်းကိုယ်တိုင် အုပ်ချုပ် ကွပ်ကဲပြီး လိုက်ပါလာတာမို့ အားရှိစရာကြီးပေါ့ဗျာ။

ညဥ့်ကိုးနာရီ အချိန်လောက် ရှိနေပြီလေ။ လကွယ်ရက်မို့ လမထွက်တဲ့ အတွက် လရောင်တော့ မရှိဘူးဗျို့။ ကြယ်ေ၇ာင်ကလေးတွေကိုသာ အားကိုးပြီး မှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ ချီတက်နေရတယ်။ အို စာဖတ်သူကလည်း တယ်ခက်ပါကလားဗျာ၊ အတင့်ရဲပြီး တပ်ရှေ့ကနေ မလိုက်စမ်းပါနဲ့လို့ဆို။ ဟောဒီမှာ ကျွန်တော်နဲ့အတူ တပ်နောက်ကသာ မယောင်မလည်နဲ့ လိုက်ခဲ့ စမ်းပါ။ ကျွန်တော် တို့ဟာ တိုင်းပြည်အတွက်၊ အမျိုးအတွက်၊ ဒါမှတဟုတ် မွန်မြတ်တဲ့ ရည်ရွယ်ချက်ကြီး တစ်ခုအတွက် အသေခံပြီး တိုက်ပွဲဝင်ရအောင် ထွက်လာကြတာ မဟုတ်ဘူးဆိုတာ သတိထားစမ်းပါ။
ကျွန်တော်တို့ဟာ တာလမ်းမနဲ့ သစ်ပင်များရဲ့ အရိပ်ကိုခိုပြီး သတို့သမီးရဲ့ အိမ်ဘက်ကို တရွေ့ရွေ့ ချီတက်နေကြတယ်။ ကျွန်တော်တို့ ကြည်းတပ်မှ တပ်စုတစ်စုကတော့ သတို့သမီးရဲ့ အိမ်မြောက် ဘက်ထောင့်မှာ တပ်စွဲထားရအောင် လမ်းခွဲတစ်ခုကနေပြီး ချီတက်သွားကြပြီလေ။

သတို့သမီးရဲ့ ဆွေမျိုးလူမိုက်တွေ ဘယ်နေရာကင်းချ စောင့်ဆိုင်းနေတယ်ဆိုတာ ကျွန်တော်တို့ ကာလသားခေါင်းက စောစောကပဲ စုံစမ်းထောက်လှမ်းထားလို့ သိနေပြီလေ။ ဒါကြောင့်မို့ ဒီလူတွေ မရိပ်မိအောင် ဘယ်နေရာကနေပြီး ချီတက်ရမယ်။ ဒီလူတွေ မသိနိုင်အောင် ဘယ်နေရာမှာ တပ်စွဲ ထားရမယ်ဆိုတာ အကွက်ကျ စီစဉ်နိုင်တာပေါ့။

ဟော ... အခု ကျွန်တော်တု့ တပ်စုဟာ တစ်ဖက်ရန်သူများ လုံးဝ မရိပ်မိအောင် ကျွန်တော်တို့ တပ်စွဲထားဖို့ သတ်မှတ်ထားတဲ့ သတို့သမီးရဲ့ အိမ်တောင်ဘက်ကို အရောက် ချီတက်နိုင်ပြီး၊ အခိုင်အမာ တပ်စွဲထားမိပြီလေ။ ကျွန်တော်တို့ တပ်စွဲထားတဲ့ နေရာကတော့ ကုက္ကိုပင်ကြီးတစ်ပင်ရဲ့ အောက်မှာပေါ့ဗျာ။ အဲဒီ ကုက္ကိုပင်ကြီးရဲ့ ရှေ့မှာ တာလမ်းမ၊ တာလမ်းမရဲ့ တစ်ဖက်မှာတော့ သတို့သမီးရဲ့ လေးပင်သုံးခန်း ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုး အိပ်ကြီးပေါ့ဗျာ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တပ်စွဲထားတဲ့ နေရာက နေပြီး သတို့သမီးရဲ့ အိမ်ကို ခဲနဲ့ လှမ်းပေါက်မယ်ဆိုရင် အလှမ်းမီနိုင်ပါတယ်။
ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ရန်သူတော်တွေကတော့ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်တာလမ်းမရဲ့ တစ်ဖက်က ကုက္ကိုပင်ကြီးအောက်မှာ ရှိနေတယ်လေ။ ဒီလိုနဲ့ ကျွန်တော်တို့ တပ်စုနဲ့ ကျွန်တော်တို့ ရန်သူတော်များဟာ တာလမ်းမကို ဗဟိုထားပြီး တစ်ဖက်တစ်ချက်မှာ တပ်စွဲထားကြတယ်။

ကျွန်တော်တို့ ကာလသားခေါင်းဟာ ကျွန်တော်တို့ တပ်စုကို အစိတ်စိတ်ခွဲပြီး တပ်စိတ်ကလေးများအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်တယ်။ နောက် ကျွန်တော်တို့ တပ်စုကို လာရောက်တိုက်ခိုက်မယ်လို့ ထင်ရတဲ့ နေရာတွေမှာ အဲဒီ တပ်စိတ်ကလေးများကို ကင်းချစောင့်ခိုင်းထားလိုက်တယ်။

အစီအစဉ် အားလုံးလည်း ပြီးရော ကျွန်တော်တို့ ကာလသားခေါင်းက လက်ခေါက်မှုတ်ပြီး အချက်ပေးဖို့ အမိန့်ပေးလိုက်တယ်။ ကာလသားတစ်ဦးက 'ရွှီ'ခနဲ လက်ခေါက်မှုတ်ပြီး အချက်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ရဲ့ မြောက်ဘက်ထောင့်ကလည်း 'ရွှီ'ခနဲ လက်ခေါက်မှုတ်ပြီး ပြန်ကြားလိုက်တဲ့ အသံ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ သတို့သမီးရဲ့ အိမ်နောက်ရှိ ချောင်းရေနဲ့ တောင်ဘက်ထောင့်ကရော မြောက်ဘက်ထောင့်ကပါ 'ရွှီ' ခနဲ၊ 'ရွှီ' ခနဲ အချက်ပြန်ပေးသံကို ကြားရတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တပ်စု လေးစုဟာ သတို့သမီးရဲ့ အိမ်လေး ထောင့်ကို လေးဖက်လေးတန်ကနေပြီး ပတ်ဝိုင်းတပ်စွဲထားမိပြီဆိုတာ သေချာသွားတယ်။

ချက်ချင်းပဲ ကျွန်တော်တို့ ကာလသားခေါင်းက သတို့သမီးရဲ့ အိမ်ကို ခဲနဲ့ပေါက်ဖို့ အမိန့်ပေးလိုက် တယ်။ သူတို့ တအားလွှဲပြီး ပစ်ပေါက်လိုက်တဲ့ အုတ်ခဲထက်ပိုင်းကျိုးကြီးတွေဟာ သွပ်မိုးတဲ့ သတို့ သမီးရဲ့ အိမ်ခေါင်မိုးပေါ်ကို ကျပြီး တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ မြည်ဟည်းသွားတယ်။ ကျွန်တော်တို့ တင်မဟုတ်ဘဲ အိမ်လေးဖက်လေးတန်ကနေပြီး ၀ိုင်းပေါကကြတဲ့အတွက် တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေဟာ အဆက်မပြတ်ဘဲ ဆူညံနေတာပေါ့ဗျာ။ သတို့သမီးရဲ့ အိမ်ထဲက လူသံသူသံနဲ့ ကလေးငိုသံများဟာ ဆူညံစွာ ထွက်ပေါ်လာတယ်။

တိုက်ပွဲကတော့ စပြီဗျို့ စာဖတ်သူရေ၊ သတိရှိရှိနဲ့ လစ်ပြေးဖို့ အသင့်သာ ပြင်ထားပေတော့။ မကြာမီမှာပဲ ပြင်းထန်တဲ့ လက်နက်ကိုင်တိုက်ပွဲဟာ ဆိုက်ရောက်လာတော့မယ်။
မြေငလျင် တော်လဲသလို အုတ်အုတ်ကျက်ကျက် ညံညံစီစီ ဖြစ်နေတဲ့ အတွင်းမှာပဲ တစ်ဖက်ကုက္ကိုပင်ကြီးမှာ ရှိနေတဲ့ ရန်သူတော်များဟာ လက်နက်ကိုယ်စီ ကိုင်ဆွဲပြီး ကျွန်တော်တို့ ရှိရာကို ပြေးဝင်လာတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ ကာလသားခေါင်းဟာ သူ့ရဲ့ လက်စွဲတော် ငှက်ကြီးတောင်ဓားကြီးကို တအားဝင့်ပြီး ရန်သူများကို ပြေးကြိုတယ်။ ကင်းစောင့်နေတဲ့ ကာလသား များလည်း ကာလသားခေါင်းရဲ့ ပတ်ဝန်းကျင်မှာ စုရုံးပြီး အပြေးဝင်လာတဲ ရန်သူများကို ဆီးကြို ရင်ဆိုင်လိုက်ကြတယ်။ နှစ်ဖက်သားဟာ တာလမ်းမပေါ်မှာ ဆုံမိကြပြီး တစ်ဖက်နဲ့ တစ်ဖက် ထိုးကြ ရိုက်ကြ၊ ခုတ်ကြ ထစ်ကြနဲ့ ပွက်လော ရိုက်သွားတာပါပဲ။

' စွပ် 'ခနဲ အသံများ၊ 'အုန်း' ခနဲအသံများ၊ 'စွပ်'ခနဲအသံများ၊ 'ဗိုင်း'ခနဲ လူတစ်စုံတစ်ယောက် လဲကျ သွားတဲ့ အသံများဟာလည်း ကြောက်ခမန်းလိလိ ထွက်ပေါ်လာနေတယ်။ လရောင်မရှိတဲ့ အမှောင်ထဲမှာ သူတို့ဟာ လုံးထွေးပြီး ရှုပ်ယှက်ခတ်ဖြစ်နေတာမို့ သူ့လူကိုယ့်လူမှ ခွဲခြားနိုင်ကြရဲ့လား မသိပါဘူးဗျာ။ ကျွန်တေ့်စိတ်ထဲမှာဖြင့် 'ကမ္ဘာကြီး ပျက်စီးလုနီးပြီလော 'လို့ အတွေးပေါ်လာတယ်။ အဓိပ္ပာယ်မရှိတဲ့ ခဲဖိုးကိစ္စကလေးအတွက်နဲ့ တစ်ရွာလုံးနဲ့ချီပြီး လူသတ်ပွဲကြီး ဆင်နွှဲကြတာဟာ လူကြားလို့မှ မကောင်းအောင် ရိုင်းစိုင်းလွန်းရာ ရောက်နေပါတယ်။ မှားယွင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ၊ အကျိုး မရှိတဲ့ လုပ်ငန်းစဉ် တွေနဲ့သာ အချိန်ဖြုန်းပြီး ဘ၀တုံးကြရတဲ့ တောရွာ လူငယ်ကာလသားများအတွက် ကျွန်တော့် မှာ ရင်ထုမနာ ဖြစ်နေမိတယ်။

ကဲ ... စာဖတ်သူရေ၊ ဒီ စိတ်မချမ်းသာစရာ ကောင်းတဲ့ လူသတ်ပွဲနဲ့ ဝေးရာကို ပြေးကြပါစို့။ ဒီ လူသတ်ပွဲမှာ ဘယ်နှလောင်းသေပြီး ဘယ်နှယောက်ဒဏ်ရာ ရတယ်ဆိုတဲ့ သတင်းကိုတော့ အဝေးကပဲ နားထောင်ကြပါစို့ဗျာ။

ဟော ... သတင်းကတော့ဖြင့် ထွက်လာပြီ။ ကျွန်တော်တို့ ကာလသားများဘက်က ပွဲချင်းပြီး နှစ်လောင်းေ သပြီး၊ ခြောက်ယောက် ဒဏ်ရာရတယ်တဲ့။ သတို့သမီးများ ဆွေမျိုးဘက်က သုံးလောင်းသေပြီး၊ ရှစ်ယောက် ဒဏ်ရာရတယ်တဲ့။ ကောင်းနိုင် ကြသေးရဲ့လားဗျာ။ ဓားတို့၊ လှံတို့ လောက်တော့ အပျော့ ထားတယ်ကွလို့ ဆိုတဲ့ ဦးဖောင်ရဲ့ အဆောင်လက်ဖွဲ့များကို အားကိုးပြီး အတင့်ရဲမိတဲ့ ကာလသား တွေထဲက နှစ်လောင်းသေပြီး၊ ခြောက်ယောက်တောင် ဒဏ်ရာရခဲ့ပါပြီ။

နက်ဖြန်ဆိုရင် မြို့က ပုလိပ်တွေ ဆင်းလာပြီး ဖမ်းဟယ်ဆီးဟယ်နဲ့ ရှုပ်ယှက်ခတ် ဖြစ်ဦးမှာပါပဲဗျာ။ ဒါပေမဲ့ ဒီလို ဖမ်းဆီးမယ့် အထဲမှာ အဘိဓမ္မာဆရာကြီး ဦးဖောင် မပါဘူးဆိုတာတော့ သေချာပါတယ်။ ဘာပြုလို့လဲဆိုတော့ ဒီ မလိမ်မိုး မလိမ္မာ လူငယ် ကာလသားကလေးများကို မှန် ကန်ကောင်းမွန်တဲ့ လမ်းစဉ်ကို ပြပြီး ဆွဲဆောင်ရမယ့်အစား၊ လူသတ်ပွဲထဲကိုသာ တွန်းပို့လိုက်သူဟာ ဦးဖောင်သာ ဖြစ်လို့ သူသာလျှင် တစ်တရားခံ ဖြစ်ထိုက်တယ် ဆိုတာကိုတာ့ သူတို့မှ မသိကြဘဲကိုးဗျ။

ကိုင်း ... စာဖတ်သူဟာ ကျွန်တော်နဲ့အတူ ခဲဖိုးတောင်းတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး၊ မျက်မြင် ကိုယ်တွေ့ လေ့လာပြီးမို့ ခဲဖိုးတောင်းတဲ့ အစဉ်အလာရဲ့ အကောင်းအဆိုးကို ဆုံးဖြတ်နိုင် လောက်ပါပြီနော်။ ဒါဖြင့် ကျွန်တော်တို့ဟာ ဒါလောက် ရိုင်းစိုင်းတဲ့ ခဲဖိုးတောင်းတဲ့ အစဉ်အလာကို မြန်မာ့ ယဉ်ကျေးမှု လောကမှ အပြုတ်တိုက်ထုတ်ပစ်နိုင်အောင် ကြိုးစားကြပါစို့လားဗျာ...နော်။
------------------------
ပြီးပါပြီ
.

3 comments:

Anonymous said...

အများညီရင် ဤကို ကျွဲ ဖတ်ရမည် ဆိုတဲ့ ရပ်ရွာထုံးစံကလဲ ကြောက်စရာကြီးနော်။ ဒါ မလုပ်သင့်မှန်း သိတဲ့လူ အနည်းစုတောင် ဘာမှ မပြောရဲဘဲ ငြိမ်နေရတယ်ဆိုတော့။

ယု said...

ဖတ်လို့ကောင်းလိုက်တာ။ ကျေးဇူးပာ။

မေဓာဝီ said...

ဦးဖောင်ရဲ့ ဧကော ပညော ကိုတော့ သဘောကျသွားပြီ။ စတုဥမ္မတ္တကော ပြီးတော့ ပဉ္စ ဆဋ္ဌ တွေမဆက်တော့လို့ ကိုယ့်ဟာကိုယ် ဆက်လိုက်တယ်။ ပါဠိမတတ်လို့ မြန်မာလိုပဲ။ :P
၎ ခွက်ရူး၊ ၅ ခွက်မှောက်၊ ၆ ခွက် အသက်ပျောက် ...
ဟဲဟဲ
မရွှေစင်တို့လို ပုလင်းလိုက် သောက်တဲ့သူတွေကတော့ ကောင်းရုံလေးပဲ ထင်တယ်နော် :D

ခဲဖိုးအကြောင်းကို ရှင်ဇနကာဘိဝံသ စာအုပ်ထဲ ဖတ်ဖူးတယ်။ ခုခေတ်တော့ ခဲပေါက်တာမရှိတော့ဘူး မဟုတ်လား။ ခဲဖိုးကတော့ ပေးနေရတုန်းပဲ ထင်တယ်နော်။