"ဟိုဘက်အိမ်က မတင်ကလေးဟာ သနားပါတယ်နော် အမေ"
ညနေ ကျောင်းဆင်းလာပြီဖြစ်၍ စာအုပ်များထည့်ထားသော ကျောင်းလွယ်အိတ်ကို စာကြည့်စားပွဲအဖြစ် အသုံး ပြုသည့် လေးချောင်းထောက် ခုံငယ်ကလေးပေါ်သို့ တရိုတသေတင်ရင်း မောင်အောင်လွင်က ပြောလိုက် သည်။
"ဘာဖြစ်လို့လဲ သားရဲ့"
မီးဖိုထဲတွင် အလုပ်များနေသော ဒေါ်မြစီက အေးစပြုနေသော ဟင်းချိုအား မီးဖိုပေါ်ပြန်တင်ရင်း မေးလိုက် သည်။ အိမ်ကလေးမှာ မြေပြင်မှအထက် လေးပေမျှမြင့်ပြီး သားအမိ သားအဖ သုံးယောက် နေသာရုံမျှ ကျယ်သော တဲကလေးများသာ ဖြစ်သဖြင့် အိမ်တွင်းမှာ တစ်စုံတစ်ရာ ကြည့်လို ပြောလိုလျှင် တပင်တပန်း ထသွား ကြည့်ရှုရန် အော်ပြောရန်မလိုပေ။ သက်သက်သာသာဖြင့်ပင် လှမ်းပြီး ပြောနိုင် ကြည့်နိုင်သဖြင့် အိမ်ရှေ့ခန်းမှ သားနှင့် မီးဖိုထဲမှ မိခင်တို့ တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်ပြီး တိုးတိုး သက်သာပင် မေးမြန်း ပြောဆို နေကြသည်။
"ကျွန်တော်တို့ ဒီအိမ်ကလေး ပြောင်းလာကြတာ ခြောက်လလောက်ရှိပြီ၊ ကျောင်းသွားကျောင်းပြန် သူတို့ အိမ်ဝင်းရှေ့က ဖြတ်ဖြတ်သွားတိုင်း တစ်ခါမှ အလုပ်နဲ့လက်နဲ့ ပြတ်တာအတွေ့ရဘူး၊ မျက်နှာကလဲ ဘယ်တော့ မှ ရွှင်ရွှင်လန်းလန်းမရှိဘူး၊ အိမ်ရှင်တွေက နှိပ်စက်တယ်နဲ့တူပါတယ်"
မောင်အောင်လွင် က စကားလည်းမပြာရင်း လူကိုယ်တိုင်လည်းမီးဖိုတွင်းသို့ ၀င်ရောက်လာကာ ညနေစာ ထမင်းဟင်း ကို မိခင်အား ကူညီပြုလုပ်ပေးလေသည်။
"မပြောနဲ့သားရယ်၊ မင်းနားတစ်ထောင်တဲ့၊ ကားသွားလို့ အလကားသက်သက် အမုန်းခံနေရမယ်၊ မင်းအဖေ လဲ ခုထက်တိုင် မပြန်လာသေးပါကလား၊ ဒီကနေ့ နောက်ကျတယ်"
ဒေါ်မြစီ က စကားကို လွှဲပြောင်းလိုက်သောအခါ မောင်အောင်လွင်က ခပ်ပြုံးပြုံးမျက်နှာဖြင့် ပန်းကန်များကို ဆေးရင်း...
"ဒီနေ့ လဆန်းတစ်ရက်လေ အမေရဲ့၊ အဖေ လခထုတ်နေလို့နောက်ကျတာဖြစ်မှာပေါ့၊ ဒါထက် အမေက ဟိုဘက် အိမ်ကကြားသွားမှာကြောက်သလား၊ ကျွန်တော်က သူများနဲ့ပြောတာ မဟုတ်ပါဘူး၊ သားအမိချင်း ပြောတာပဲ"
"ကြောက်တယ်လို့တော့ မဟုတ်ဘူးပေါ့ သားရယ်၊ အထက်တန်းလွှာနဲ့ အောက်တန်းလွှာတွေ အခြေ အနေ က မိုးနဲ့မြေလို ကွနြေတော့ မတော်တဆ စကားပြောနေရရင် အမေတို့က ရှုံးဘက်ကကွဲ့သားရဲ့၊ ဒါကြောင့် အမေ က အဆိုင်တဲ့ကိစ္စ မပြောနဲ့လို့ သတိပေးတာ"
ဒေါ်မြစီ က ပြောရင်း လမ်းမသို့ မျှော်ကြည့်လိုက်သည်၊
"ဟော...ဟိုမှာ မင်းအဖေ ပြန်လာပြီ။ ဧည့်သည်တစ်ယောက်လဲပါလာတယ်၊ စကားပြောလာပုံထောက်တော့ သိဟောင်း ကျွမ်းဟောင်းနဲ့တူလေရဲ့"
မိခင်၏ စကားကြောင့် မောင်အောင်လွင်က လှမ်းကြည့်လိုက်၏။ ထိုအခိုက် ဒေါ်မြစီက ခင်ပွန်း ရုံးစေ လုလင်ကြီး ဦးဘထွန်းနှင့် ဧည့်သည်ယောကျာ်းကြီးတို့ အိမ်ကလေး၏ လှေကားရင်းရောက်လာသည်။
"မမြစီရေ... ဧည့်သည်ပါလာတယ်ဟေ့"
ဦးဘထွန်း က ဇနီးသည်အား လှမ်းအသံပြုရင်း-
"ကဲ...ကိုအုန်းဖေ အိမ်ပေါ်တက်လေဗျာ၊ ကျုပ်တို့တော့ ဘာမှအားနာစရာမရှိဘူး။ အိမ်ကတော့ ခင်ဗျား မျက်မြင်ပဲ" ဟု ဧည့်သည်အားဖော်ရွေစွာ ပြောလိုက်၏။
"လာပါရှင်...ထိုင်ပါ"
ဒေါ်မြစီက သဘောဖျာနွမ်းကလေးကိုခင်းရင်း ဧည့်သည်အားဖိတ်ကြားလိုက်၏။
"အဲဒါ ကျုပ်ဇနီး နဲ့ သားပဲ ကိုအုန်းဖေ၊ မမြစီရေ...ဒီ ကိုအုန်းဖေဆိုတာက ငါငယ့်သူငယ်ချင့်ပဲကွ၊ ကွဲနေတာ ကြာလှပေါ့။ ဒီကနေ့မှ သူနဲ့ ဈေးထဲမှာ ဆိုက်ဆိုက်မြိုက်မြိုက် မမျှော်လင့်ဘဲ သွားတွေ့တယ်၊ မင်းက ဘုရား မီးပူဇော် ဖို့ ဖယောင်းတိုင်ကုန်နေပြီဆိုတာ သတိရလို့ ဈေးဘက်လှည့်ပြီး ဖယောင်းတိုင် သွားဝယ်ရင်း တွေ့တာပဲ၊ ရော့-မမြစီ လွယ်အိတ်ထဲမှာဖယောင်းတိုင်ထုပ်နဲ့ လခထုတ်လာတဲ့ ငွေပါတယ်။ ဖယောင်းတိုင် က သုံးမတ် ဆိုတော့ ငွေကျန် ရှစ်ဆယ့်တစ်ကျပ် ပြားအစိတ်ပေါ့၊ ကဲ-ကျုပ်-အ၀တ်လဲလိုက်ဦးမယ်နော်"
ဦးဘထွန်းက ဧည့်သည်ရော ဇနီးပါ စကားဆက်တိုက်ပြောပြီးအိပ်ခန်းကလေးထဲ ၀င်သွားသည်။ ကိုယ်ပေါ်မှာ ၀တ်ထားသော အ၀တ်မှာ လဲလှယ်သင့်အောင် မတောက်ပြောင်သော်ငြားလည်း ဆင်းရဲသား တစ်ယောက် အဖို့ တရိုတသေ ထားရဦးမည့် အ၀တ်နွမ်းသာ ဖြစ်ချေသည်။ ဦးအုန်းဖေမှာ သူငယ်ချင်း၏ အခြေ အနေကို အကဲခတ်မိ၍ လိုက်လာမိသည်ကိုပင်ားနာလှသော်လည်း သူ့ဘသမှာလည်း ထူးမခြားနား ဆင်းရဲသား ပင် ဖြစ်ချေသည်။
"တူမောင်က ကျောင်းသားလား"
လေးတိုင်စင် ခုံငယ်ပေါ်မှ ကျောင်းစာအုပ်များကို မြင်သဖြင့် ဦးအုန်းဖေက မေးလိုက်သည်။
"ဟုတ်ကဲ့ ဦးလေး"
မှောင်စ ပြုနေပြီဖြစ်၍ ရေနီံ မှန်အိမ်ကလေးကိုထွန်းရင်းမောင်အောင်လွင်က ရိုရိုသေသေပင် ဖြေလိုက် သည်။
"သားက ဒီနှစ် ဆယ်တန်းရောက်နေပါပြီ၊ အသက်ကတော့ ဆယ့်ခြောက်နှစ်ပဲ ရှိပါသေးတယ်"
ဘုရားစင် မှာ ဖယောင်းတိုင် တစ်တိုင်ကို ပူဇော်ထွန်းညှိရင်း ဒေါ်မြစီက သားတွက် ဂုဏ်ယူသောအသံဖြင့် ဝင့်ကြွား စွာပြောလိုက၏။
"သြော်..အသက်နဲ့ အတန်းစာလိုက်ရင် သိပ်တော်တာပဲ၊ တူမောင် ဥာဏ်ပညာထက်ပါပေတယ်"
"သူက စာသိပ်ကြိုးစားတာရှင့်၊ ကျွန်မကုရားမီးကို ဖယောင်းတိုင်ကလေးနဲ့ ပူဇော်ရတာ မှိန်မှိန်မှေးမှေိးု့ စိတ်က မကျေနပ်ဘူးလို့ ညည်းမိတယ်ရှင့်၊ အဲဒါ သားက ကျွန်တော် အလုပ်ရရင် အမေ့ စိတ်တိုင်းကျ လျှပ်စစ်မီး နဲ့ ပူဇော်ရပါစေမယ်လို့ ကတိပေးပြီး စာကိုဖိကြိုးစားနေတာပဲ"
ဦးအုန်းဖေ အနားဝင်ထိုင်ရင်း ဇနီးသည်အား ပြောလိုက်၏။ ဒေါ်မြစီနှင့် မောင်အောင်လွင်တို့ မီးဖိုထဲဝင်သွားပြီး မကြာမီ ထမင်းစားခုံဝိုင်းကလေးကို သားအမိနှစ်ယောက် မပြီးထုတ်လာသည်။
"ဘာဟင်းချက် သလဲကွာ၊ ငါ့သူငယ်ချင်း လာတဲ့နေ့ကျမှ ဟင်းကလဲ မကောင်းဘူးထင်ပါရဲ့"
ဦးဘထွန်းက အားနာစွားပြောရင်း ထမင်းပွဲကို ကြည့်လိုက်သည်။ မောင်အောင်လွင် ကျောင်းအား သည့် နေ့ မှာ စိုက်ပျိုးပြုပြင်ထားသော ဆူးပုပ်ပင်၊ ဒန့်ဒလွန်ပင်၊ ပဲပင်များမှ အညွန့်အရွက်ကလေးများကို စုပေါင်း ချက်ထားသော ဟင်းချိုဟင်းတစ်ခွက်၊ အပင်မှသီးသော ပဲသီးခပ်များများကို တစ်လုံးတည်းသော ဘဲဥ ကလေးဖြင့် ခဲခဲယဉ်းယဉ်း နှံ့အောင်မွှေပြီးဆီပါလေဟန်ဖြင့် ကြော်ထားသော ပဲသီးကြော်တစ်ခွက်၊ ပုဇွန်ခြောက် ရှားပါးလွန်းလှ၍ ကြက်သွန်နီနှင့် ငရုတ်ထောင်းဖျော်ထားသော ငပိရေတစ်ခွက်ဖြင့် ဟင်းရွက်ပြုတ် တို့စရာတစ်ပန်းကန် ကိုမြင်ရသော ဦးဘထွန်းမှာ သူငယ်ချင်းအား များစွာ အားနာမိ လေသည်။
"လကုန်ခါနီး ရက်တွေမှာဆိုရင် ဒီလိုပဲ ဖြစ်သလိုစားရတယ် သူငယ်ချင်း၊ သားလေးက ငယ်ပေမယ့် အမြော် အမြင်ရှိတယ်၊ ဟင်းရွက်ဟင်းသီးဘိုး သက်သာရင် မနည်းကာမိတယ်အဖေရဲ့ဆိုပြီး ကျောင်းအားချိန်မှာ ကိုယ်တိုင် တပင်တပန်းစိုက်ထားလို့ စားနေရတာ၊ ဟိုတုန်းကမမြစီက တစ်ဘက်တစ်လမ်း ဈေးရောင်း နိုင်တော့ ဒါလောက် မကြပ်တည်းခဲ့ဘူးပေါ့၊ အခု မမြစီကလဲ ကောင်းကောင်းမမာတော့ ဘာမှ မလုပ်နိုင် တာ နဲ့ ကြပ်တည်းသွားတာပဲ၊ ကဲ-လာ သူငယ်ချင်း မနက်ကျမှ ဟင်းကောင်းကောင်းစာပေတော့"
ဟင်းမကောင်းသော်လည်း လေးယောက်သား စား၍မြိန်လိုက်သည်မှာ ထမင်းတစ်အိုးလုံး ပြောင် လေတော့ သည်။ ကျောင်းအားချိန်မှာပေါ့ပေါ့နေ ပေါ့ပေါ့စားဖြင့် သူငယ်ချင်းများနှင့် လည်ပတ် သွားလာမှု မရှိဘဲ စာကျက်ခြင်း၊ မိခင်အား ကူညီခြင်း၊ အိမ်ကလေးပတ်လည်မှာ ရှိသမျှမြေအပိုကလေးကို အအားမထားဘဲ ရာသီ လိုက် သီးနှံပင်ကလေးများ စိုက်ပျိုးလေံရှိသော သားလိမ္မာ မောင်အောင်လွင်ကလေးကြောင့် ချိုမြိန် လတ်ဆတ်သော အသီးအရွက် ဟင်းကလေးများ မပြတ် စားနေရပေသည် တကားဟု လူကြီး သုံးယောက် လုံးပင် မောင်အောင်လွင်က စာကျက်နေစဉ် လူကြီးသုံးယောက်က ရှေးဟောင်းနှောင်းဖြစ်များ ပြောဆို နေသည့် အခိုက်ဝယ် အိမ်ရှေ့အဖီကလေးအောက်၌ မို့တို့မဲတဲ လူရိပ်သဏ္ဍန်တစ်ခုသို့ တွေ့လိုက်ရ၏။
"ဘယ်သူ လဲဟေ့"
ဦးဘထွန်း က မေးလိုက်သဖြင့် အားလုံးပင် ထိုသဏ္ဍန်ကို လှည့်ကြည့်လိုက်ကြသည်။
"ကျွန်မ ပါ ဦးလေးကြီး"
ပျော်ရွှင်မှု ကင်းမဲ့သော ခြောက်သွေ့သွေ့လေသံနှင့်အတူ ဆယ့်ငါးနှစ်အရွယ် မိန်းမပျို ကလေး တစ်ယောက်သည် မှေးမှိန်သော မီးရောင်အောက်သို့ ၀င်ရောက်လာသည်။ ညနေစောင်းကပင် မောင်အောင်လွင် စိတ်ဝင်စား၍နေခဲ့သော တစ်ဘက်အိမ်ကြီးမှ အတင်ကလေးဖြစ်၏။
"ဟဲ့-အတင် ပါလား၊ အချိန်မတော်ကြီးမှာ ဘာကိစ္စလဲ"
ဒေါ်မြစီက မေးလိုက်၏။ အတင်သည် လှုပ်ရှားကြည်လင်ခြင်းကင်းမဲ့သော မျက်လုံးများဖြင့် ဦးဘထွန်းအား လှမ်းကြည့်ပြီး-
"မာမီက အမေးခိုင်းလိုက်လို့ပါ၊ အိမ်က မာလီကုလား ထွက်သွားလို့ မာလီတစ်ယောက် ရှာနိုင်ရင် ရှာပေး ပါတဲ့၊ ဦးလေးကြီးကို လက်ဖက်ရည်ဘိုး ပေးမယ်လို့ ပြောခိုင်းပါတယ်"
အတင်သည် မည်သူကိုမှ မကြည့်၊ သူ့မာမီက အတိအကျပြောခိုင်းသော ဦးဘထွန်း တစ်ယောက် ကိုသာ ကြည့်ပြီး တုံးတိတိပင်ပြောသည်။
"အေးအေး နက်ဖြန် စုံစမ်းမေးမြန်းပြီး လာပြောမယ်လို့ နင့်မာမီကိုပြော ကြားလား၊ ကဲ-ပြန်တော့ မိုးချုပ် လှပြီ၊ ဟာ-ပြန်တော့ဆိုလို့ မဖြစ်သေးပါဘူးလေ၊ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ဆိုပေမယ့် သူတို့ ခြံဝင်းကြီးက ကျယ်တော့ အတော်အလှမ်းသား၊ လမ်းမကြီးပေါ်က လှည့်သွားရာမှာ၊ မှောင်ကမှောင်နဲ့ ကဲ-လာ မမြစီ ဒီကလေးမလေး လိုက်ပို့ရအောင်၊ ဟဲ့-အတင် နေဦး"
ဦးဘထွန်း က ဗျစ်တောက်ဗျစ်တောက်ပြောရင်း ဇနီးသည်အားခေါ်ကာ အိမ်ကလေးပေါ်မှ ဆင်းလိုက်သည်။ မောင်အောင်လွင် သည် စာကျက်နေရာမှ အတင်၏ ပုံသဏ္ဍန် မှောင်ထဲမှာ ပျောက်သွားသည်တိုင်အောင် ကြည့်နေ မိ၏။
"မာမိလို့ခေါ်တာ သူ့သခင်မကြီးက အမိန့်ပေးတဲ့အတိုင်း ခေါ်ရတာထင်ပါရဲ့၊ ဟင်း- အနောက်တိုင်း ဆန်ချင် လိုက်ကြတဲ့ အထက်တန်းလွှာတွေ၊ မြန်မာလူမျိုးပဲ ကိုယ့်မိဘကို အဖေ အမေလို့ ခေါ်တာ လောက် လေးနက် မလား အရသာရှိမလား၊ မာမီ ဆိုတာက အနေက်လေသံမစစ်ဘဲ ကိုယ့်မြန်မာလေသံနဲ့ခေါ်တော့ အီဂျစ်ပြည် က ဆေးစိမ်ထားတဲ့ မသာလောင်းကြီးတွေကိုခေါ်သလို အသံထွက်နေတယ်၊ နောက်ပြီး အဖေကိုလဲ ဒက်ဒီလို့ ခေါ်ကြတဲ့လူတွေ ရှိသေးတယ်၊ အခေါ်ခံချင်တဲ့ ဖအေတွေကလဲဒုနဲ့ဒေး၊ ဒက်ဒီ ဆိုတဲ့စကားလုံးက ဒီကို ဖြုတ်လိုက် ဒက်ဆိုတဲ့အသံက ဘာနဲ့တူသလဲဆိုတော့ အင်္ဂလိပ်စကားလုံး dead ဆိုတဲ့ အသံထွက်နဲ့ဆင်တယ်၊ အဲဒီ Dead က သေပြီဆိုတဲ့ အဓိပယ်ရတယ်၊ ကိုယ့်အမေအဖေတွေ ဘာဖြစ်သွားလဲ၊ မသာလောင်းကြီးတွေ သေပြီးသားတွေ ဖြစ်ကုန်တော့တာပေါ့။ မြန်မာတွေ ကိုယ့်ရိုးရာ ဇာတိ အသုံးအနှုန်း အခေါ်အဝေါ်တွေ ပစ်ပယ်ပြီး လူမျိုးခြားဟာမှ အကောင်းထင်၊ ပါးစပ်ထဲ အရသာ တွေ့ နေ သမျှ ဘယ်တော့ မြန်မာလူမျိုး ကြီးပွားမှာ ညီညွတ်မှာလဲ.. "
မောင်အောင်လွင်သည် စာမကျက်နိုင်ဘဲ စိတ်ထဲတွင် အမျှင်မပြတ် တွေးနေမိရာမှ မကြာခဏ ရောင်စုံ မီးထိန်ထိန် ဖြင့် ပါတီပေးရင်ပွတ်သဘင်ပွဲ ဆင်နွှဲလေ့ရှိသော တစ်ဘက်အိမ်မှာ သူဌေး ကတော်ကြီး ဒေါ်ခင်အေး ၏ ကိုယ်လုံးမပေါ်ရုံတမယ် ၀တ်ဆင်လေ့ရှိသော သဏ္ဍန်ဟန်အမူအရာကို မျက်စိထဲမှာ ပေါ်လာ သည်။
ထိုအခိုက် ဦးဘထွန်းနှင့် ဒေါ်မြစီတို့ ပြန်ရောက်လာသည်။
"အိမ်ထဲအထိ ရောက်ခဲ့ကြသလား" ဦးအုန်းဖေက မေးလိုက်၏။
"သူတို့အိမ်ကြီးထဲ ၀င်ဝံ့ပါ့မလားဗျ၊ ၀င်းတံခါးဝအထိပဲ ပို့ခဲ့ရတာပေါ့"ဟု ဦးဘထွန်းက ဖြေရင်း ထိုင်လိုက်၏။
"လှ လိုက်တဲ့ အိမ်ကြီးနှယ်နော်၊ မီးရောင်အောက်မှာ မြင်ရတာကနေ့ခင်းထက် ပိုပြီး ကျက်သရေ ရှိတယ်၊ ဒါတောင် မှ -၀င်းဝကတင် ကြည့်ရသေးတာ၊ အိမ်ထဲများဝင်ကြည့်ရမယဆိုရင် ကျွန်ကဖြင့် ပြန်တောင် ထွက်နိုင်ပါတော့ မလားမသိဘူး"
ဒေါ်မြစီ က အဝေးက လှမ်းမြင်ခဲ့ရသော ရှုခင်းကို လေးလေးပင်ပင် ချီးကျူးလိုက်၏။
"အင်း.. ဘ၀ကံအကျိုးပေးကောင်းတော့ ဘုန်းနဲ့ကံနဲ့ ပြည့်စုံတဲ့ပုဂိုလ်တွေကိုး၊ စည်းစိမ်ကဖြင့် ကြီးကျယ်ပါပေတယ်"
ဦးဘထွန်းသည် အားကျစွာပြောရင်း ရေနံဆီမှန်အိမ် မှေးမှိန်မှိန်မျှသာ လင်းနေသော သူ့အိမ်ငယ် ကလေး ကို ၀မ်းနည်းသောမျက်လုံးများဖြင့် တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။
"ဒီလို အိမ်ကြီးမျိုးပေါ်မှာ စိတ်ရှိလက်ရှိ စည်းစိမ်ခံ နေရမယ်ဆိုရင် တစ်နေ့တစ်ရက်ပဲ နေရပါစေ၊ သေပျော် ပါပြီ"
ဒေါ်မြစီသည် စိတ်တွင်းရှိ ဆန္ဒကို မဖုံးကွယ်နိုင်တော့သည့်အလားမက်မောတောင့်တစွာ မရှက်မကြောက် ပြော လိုက်၏။ ဦးအုန်းဖေသည် သူငယ်ချင်း လင်မယား၏စကားကို ထောက်ခံအားပေး မေးမြန်းခြင်းမပြုဘဲ တစ်စုံ တစ်ရာကို စိတ်ထဲမတွေးပြီး ငေးကြည့်နေသည်။ စိတ်မကောင်းသည့်အသွင်သည် မျက်နှာမှာ မသိ မသာ ပေါ်နေ၏။ မောင်အောင်လွင်သည် စာကျက်နေရာမှ ကြားရေသော မိဘနှစ်ပါး၏ စကားများ သည်သူ့နားထဲတွင် ခါးသက်သက် ဖြစ်နေသည်။
"ကိုယ်ဖြစ်သမျှဘ၀ကို ရောင့်ရဲတင်းတိမ်ပြီး စိတ်ကောင်နှလုံးကောင်း ထားနေတာဟာ အချမ်းသာဆုံးပဲလို့ ဘုရားဟော ရှိသားပဲ၊ အဖေနဲ့ အမေက ဖြစ်နိုင်ဖို့ခဲယဉ်းတဲ့ စည်းစိမ်ကို မက်မောတောင့်တနေတာ ကိုယ့်စိတ် ကိုယ် ညှင်းဆဲသလို ဖြစ်နေတာပေါ့၊ ခုလို ဖွင့်ပြောနေတာ ရှက်စရာကောင်းပါတယ်ဗျာ"
ငယ်ငယ် ရွယ်ရွယ်နှင့် မှတ်လောက်သားလောက် စကားကို ချက်ကျကျ ပြောလိုက်သော မောင်အောင်လွင် အား သူ့အဖေနှင့် အမေက ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။ ဦးဘထွန်းက သားဖြစ်သူ အား ဒေါပွပွ နှင့် တစ်စုံတစ်ရာ ပြောမည်အပြုမှာ ဦးအုန်းဖေက ကြားဖြတ်ပြီးမေးခွန်းတစ်ခုကို ကောက်ကာ ငင်ကာ မေးလိုက်ရာ၏။
"ဒီလို အချိန်မတော်ကြီးမှာ အပြင်ဘက် ခိုင်းစရာလူ ဒီကလေးမကလေးကလွဲရင် မရှိတော့်ဘူးတဲ့လား"
ဦးဘထွန်းနှင့် ဒေါ်မြစီက မဖြေပေ။ မောင်အောင်လွင်ကသာဝင်ဖြေလိုက်သည်။
"အဲဒီ အိမ်ကြီး က သူဌေးသမီးက ကျွန်တော်တို့ကျောင်းမှာပဲနေတယ် ဦးလေးကြီး၊ ခိုင်းတဲ့လူတွေ သိပ် လူပါးဝတယ် ကြာကြာမနေဘူး..၊ အခုလဲ တစ်ယောက်မှ မရှိပြန်ဘူး၊ အတင့် ကိုခိုင်းရတာလဲ လက်မလည် ဘူးလို့ သူတို့ မိန်းကလေး သူငယ်ချင်းတွေ စုပြောနေသံ ကြားရတယ်"
"ဟေ့ အောင်လွင်.. မင်းအလုပ်က စကားပြောဖို့ မဟုတ်ဘူးစာကျက်ဖို့ကွ"
ဦးဘထွန်း က သားဖြစ်သူအား မကျေချမ်းသောအသံဖြင့် ဟန့်တားလိုက်သဖြင့် မောင်အောင်လွင်သည် သူစိမ်း ဧည့်သည်ရှေ့ တွင်ဖြစ်နေ၍ ဖခင်အား တစ်စုံတစ်ရာမှ ပြန်မပြောတော့ဘဲ သူကြည့်နေသော စာအုပ် ပေါ်သို့ မျက်နှာမူလိုက်၏။ သို့သော် နားနှစ်ဘက်ကမူ အတင်နှင့်ပတ်သက်ပြီး နောက်ထပ် မည်သို့ ကြားရ ဦးမည် နည်းဟု စွင့်ထားသည်။
"ဒီကောင်မလေး ကျွန်လုံးလုံး ဖြစ်နေပါပကော" ဦးအုန်းဖေက စိတ်မချမ်းမြေ့သံကြီးဖြင့် ပြောလိုက်၏။
"အစ ကတည်း က အစေခံပဲ သူငယ်ချင်းရယ်..မင်းကလဲ တအံ့တသြ ဖြစ်နေပြန်ပါပြီ" ဟု ဦးဘထွန်းက ခပ်ပေါ့ပေါ့ ပင် ပြောလိုက၏။ ဦးအုန်းဖေက ခေါင်းကို ဖြည်းလေးစွာ ရမ်းလိုက်သည်။
"မင်းတို့က ရုံးမှာ မင်းစေအလုပ်ကလေးရမှ ပဲခူးကို ပြောင်းလာပြီး ဒီဟင်္သာကုန်းရပ် ဒီအိမ်ကလေးမှာ လာနေတာ ဘယ်လောက်ကြာသေးလို့လဲ.. "
"ခြောက်လ လောက် ရှိပြီလေကွာ" ဦးအုန်းဖေ၏အမေးကို ဦးဘထွန်းက ဖြေလိုက်၏။
"ငါက မင်းတို့ ပဲခူးမြို့ မပြောင်းခင် ပဝေသဏီကတည်းက ဒီပဲခူးမှာ ဟောဒီဟင်္သာကုန်းရပ်မှာနေပြီး ရရာ အလုပ် လုပ်စားခဲ့တာကွ၊ ငါ့မိန်းမဆုံးပြီးမှ စိတ်မကောင်းလို့ ပဲခူးကထွက်ပြီး ဟိုရောက် ဒီရောက် နဲ့နေလာတာ သုံးနှစ်ကျော်ခဲ့ပြီးမှ အခုပြန်လာတာ၊ ဒီ ရွှေဟင်္သာ စံအိမ်ကြီးအကြောင်း ကောင်းကောင်း သိတာ ပေါ့"
"ဘယ်က ရွှေဟင်္သာအိမ်ကြီးလဲ ကိုအုန်းဖေ" ဟု ဒေါ်မြစီက သိလိုစိတ်ဖြင့် မေးလိုက်၏။
"အခု ခင်ဗျားတို့ တောင့်တမက်မောနေတဲ့ တစ်ဘက်က သူဌေးအိမ်ကြီးလေ" ဟု ဦးအုန်းဖေက ဖြေလိုက် သည်။
"တစ်ဘက်အိမ်ကြီးက ရွှေဟင်္သာ မဟုတ်ပါဘူး သူငယ်ချင်းရဲ့ ချစ်ရိပ်သာအိမ်ပါ၊ အိမ်ရှေ့ဝင်းတိုင်မှာ ကြေး စာလုံးကြီး မှ အကြီးကြီး" ဟု ဦးဘထွန်းကပြောလိုက်သည်။
"အဲဒါက အခု နေက်မယား ဒေါ်ခင်အေးက ပြင်လိုက်တာကွ၊ သူဌေးကြီး ဦးတိုးခိုင်ရဲ့ အရင်မယားကြီး ဒေါ်တင်မိ လက်ထက်က ရွှေဟင်္သာတဲ့ကွ"
"သြော်.. "ဦးဘထွန်းတို့ ဇနီးမောင်နှံ ပြိုင်တူပင်အော်လိုက်ကြသည်. မောင်အောင်လွင်သည် ဖခင်က ဟန့် ထားသဖြင့် မျက်နှာမလှည့်မိရန် ကြိုးစားထိန်းထားရင်းနားစွင့်နေသည်။
"အင်း.. ပြောစမ်းပါဦးကိုအုန်းဖေ"ဒေါ်မြစီက မိန်းမပီပီ သိလိုဇောပြင်းပြစွာဖြင့် လက်ဖက်ရည်ကြမ်းကရားနှင့် ပန်းကန်လုံး ကို ဦးအုန်းဖေရှေ့ တိုးပေးရင်း မေးလိုက်၏။
"ဦးတိုးခိုင်နဲ့ ဒေါ်တင်မိက ငယ်လင်ငယ်မယား၊ လက်ရေတပြင်စီးတက်ညီလက်ညီ စီးပွားရှာလာခဲ့ကြတာ၊ ဒေါ်တင်မိ လို မိန်းမမျိုးတော့ရှားပါးတယ်၊ မိဘလက်ထက်က အမွေအနှစ် ကလဲရှိ၊ တိုးပွားအောင်လဲ လုပ်တတ် တော့ ကျုပ်စိတ်ထင် သိန်းနှစ်ဆယ်ကျော်လောက်တော့ ချမ်းသာမယ်ထင်တာပဲ၊ ပစ္စည်း ချမ်းသာ သလောက် ရှားရှားပါးပါး သမီးတစ်ယောက်ရှိတယ်၊ နာမည်က တင်တင်ခိုင်တဲ့၊ အဲ- အခုနက ခင်ဗျား ဆီလာ တဲ့ ကျွန်မကလေး ဆိုတဲ့ ကလေးမလေးပေါ့"
"ဟင်"ဦးထွန်းတို့ဇနီးမောင်နှံ ပြိုင်တူပင် ဟင်လိုက်ကြပြန်သည်။ ဦးအုန်းဖေက လက်ဖက်ရည် ကြမ်း တစ်ခွက် ငှဲ့ပြီး မော့နေစဉ်မှာ မောင်အောင်လွင်သည် ကြင်နာဖွယ်ကောင်လှသော် တင်ကလေး အား မျက်စိထဲ မှာ မြင်ယောင်လာပြန်၏။
"မင်းဇာတ်လမ်းဆက်စမ်းပါဦး သူယ်ချင်း၊ အတင် ကလေးကို တို့က အစေခံမလေးပဲထင်နေတာ"
စကားပြတ် သွားသည်ကို အားမလို အားမရဖြင့် ဦးဘထွန်းက ပြောလိုက်၏။ ဦးအုန်းဖေက လက်ဖက်ရည် ပန်းကန်လုံး ကလေး ကို ပြန်ချရင်း ဆက်လိုက်ပြန်၏။
"ဒေါ်တင်မိ မဆုံးခင်ကတည်းက ဦးတိုးခိုင်က အခုလက်ရှိ သူဌေးကတော် ဒေါ်ခင်အေးနဲ့ ဖြစ်နေတာ၊ အဲ-ဒေါ်တင်မိက တင်တင်ခိုင်ကိုမွေး၊ ဒေါ်ခင်အေးကလဲ သမီးတစ်ယောက်မွေး ပြိုင်တူလိုပါပဲလေ၊ မယားကြီး မယားငယ် က သမီးချည်းမွေးတာပဲ၊ အခုနက မောင်အောင်လွင်ပြောတဲ့ သူဌေးသမီးဆိုတာ ဒေါ်ခင်အေးက မွေးတာ ဖြစ်မှာပေါ့၊ နာမည်ကဘာတဲ့လဲကွဲ့ တူမောင်"
ဦးအုန်းဖေ က မောင်အောင်လွင်အား လှမ်းမေးလိုက်၏။
"ရှုပ်လိုက်တာကွာ နာမည်ကလဲ၊ တို့တော့ မခေါ်တတ်ပါဘူးကွာ" ဦးအုန်းဖေက ရှုံ့ရှုံ့မဲ့မဲ့ ပြောလိုက်၏။
"သူဌေးကြီး နဲ့ သူဌေးကတော်က အသက်ချင်း အတော်ကွာတယ်နော်"ဒေါ်မြစီက ပြောလိုက်သည်။
"ဟာ- ကွာဆို မမြစီနှယ် ပြေလို့လဲ မကောင်းပါဘူး၊ ဟိုတုန်းကယောကျာ်းတွေနဲ့စည်းမဲကမ်းမဲ့ တွဲနေတဲ့ မိန်းမ၊ အရွယ်နဲ့ရုပ်ကလေးက မက်မောစရာကောင်းတော့ ပစ္စည်းချမ်းသာတဲ့ ဦးတိုးခိုင် ကို အစ်ကိုကြီး အစ်ကိုကြီး နဲ့ရင်ခွင် ခေါင်းနဲ့ခွေ့ပြီးညုတော့ ဦးတိုးခိုင်လဲ ဘာသားမို့ခံနိုင်မှာလဲ၊ တိုတိုပြောရရင် သူများ အထုပ်ကြီး ကို ဦးတိုးခိုင် အထုပ်လုပ်ပြီးလှည်းကျိုးအထမ်းခိုင်းလိုက်တာပေါ့ဗျာ၊ ဒေါ်တင်မိလဲ သေသည့် တိုင်အောင် စိတ်မချမ်းမသာ ဖြစ်သွားရှာတာပဲ၊ ဒေါ်တင်မိသေတော့ ဒေါ်ခင်အေးက သူဌေးကတော် ဖြစ်သွား တာပေါ့လေ၊ သြော်-ဒေါ်တင်မိ- ဒေါ်တင်မိ ကျေးဇူးရှင်မကြီး ကောင်းရာမွန်ရာ ရောက်ပါစေ.. "
ဦးအုန်းဖေသည် ၀မ်းနည်းသံဖြင့် စကားကို အဆုံးသတ်ခါ ငေးနေလေသည်။
"ဒေါ်တင်မိက ဘာများ ကျေးဇူးပြုသွားဖူးလို့လဲ" ဦးဘထွန်းကမေးလိုက်သည်။
"ကျုပ်က ရွှေဟင်္သာအိမ်ကြီးမှာ တောက်တိုမယ်ရ လုပ်စရာရှိတာလာလုပ်ပေးတော့ ဒေါ်တင်မိက တော်တော်ပဲ ပေးကမ်းထောက်ပံ့ခဲ့တယ်၊ ကျုပ်ဇနီး မမာစဉ်ကရော ဆုံးစဉ်ကရော ငွေကြေး အားလုံး စိုက်ထုတ် ကူညီခဲ့ ရှာတယ်၊ ဦးတိုးခိုင်ကတော့ ကျုပ်ကို မသိပါဘူး၊ ကဲ-သူငယ်ချင်း အကူအညီ တစ်ခုတော့ ပေးကွာ"
ဦးအုန်းဖေက ပြောလိုက်သငြ့် ဦးဘထွန်းက အံ့အားသင့်သွားသည်။
"ဘယ်လိုအကူအညီလဲ"
"အခုနက မာလီတစ်ယောက် ရှာပေးပါလို့ လာပြောတယ်မဟုတ်လား၊ အဲဒါ မာလီအလုပ် ရအောင် သွားပြော ပေါ့"
"အေး ဟုတ်ပြီ၊ မင်းနဲ့ငါလဲ နီးနီးနားနားနေရပြီ၊ နက်ဖြန်ခပ်စောစော သွားမယ်၊ မင်းလဲ လိုက်ခဲ့ပေါ့"
အခန်း (၂) ဆက်ရန်
.

4 comments:
အဆုံးထိဖတ်ချင်တယ် အမရာ...
နောက်နေ့ရှည်၂လေးနော်..အမ
ဘာပဲဖြစ်ဖြစ် တငိပေးလို့ကျေးဇူး
မြတ်နိုး
Thank you nor Ma Ma shwe sin,
awaiting new post
Interesting. I like this book very much.
Thanks.
Ray
သိပ်ကျေးဇူးတင်တာပဲ.. မရွှေစင်....။ ကျန်တဲ့ ၂ ပိုင်း ဆက်ဖတ်လိုက်အုံးမယ်..
Post a Comment