နာရီဝက်ခန့် ဆက်သွားမိကြသောအခါ ခပ်လှမ်းလှမ်းတွင် သွပ်မိုးနှင့် အဆောက်အအုံတစ်ခုကို မြင်ရ လေသည်။
' အဲဒါ တူဘီ သာသနာပြု မစ်ရှင်စခန်းပဲ ရှင့် '
ဆယ်လီက ပြောရင်း လေယာဉ်ကို မြေပြင်သို့ ဆင်းသက်ရန် ပြင်ဆင်လေသည်။ ခရိတ်သည် အောက်သို့ ငုံ့ကြည့် လိုက်ရာ လူအချို့ လေယာဉ်ကို မော့ကြည့်ရင်း လက်ပြနှုတ်ဆက်နေကြသည်ကို မြင်ရလေသည်။
လေယာဉ်ကွင်း မှာ အလွန်သေးငယ် ကျဉ်းမြောင်းပြီး လေယာဉ်ပြေးလမ်းကြောင်းကလည်း ကြမ်းတမ်း လှပေသည်။ သို့ရာတွင် ဆယ်လီသည် လေယာဉ်ကို အထူးကျွမ်းကျင်စွာ ထိန်းမောင်းလျက် ညင်ညင် သာသာ ပင် ဆင်းသက်နိုင်လေသည်။
လေယာဉ်ကွင်း တွင် စစ်သားသုံးဦးသည် စစ်တပ်လင်းရိုဗာ မော်တော်ကားတစ်စီးဖြင့် အသင့် စောင့်နေရာ ဗိုလ်ချုပ် ဖွန်ဂါဘီရာအား စစ်သားများက အလေးပြုလိုက်ကြသည်။
ခရိတ် က ဆယ်လီအား လေယာဉ်ပေါ်မှဆင်းရန် ကူညီနေစဉ်မှာပင် စစ်သားများက ၀န်စည်စလယ်များ ကို လင်းရိုဗာ ကားပေါ်သို့ ပြောင်းရွှေ့တင်လိုက်ကြသည်။
ထို့နောက် အားလုံးကားပေါ်တက်၍ မောင်းထွက်ကြလေသည်။ လေဆိပ်ပြင်ဘက် မလှမ်းမကမ်းတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် သာသနာပြု မစ်ရှင်စာသင်ကျောင်းရှိရာ လင်ရိုဗာကားသည် ထိုနေရာ အနီး သို့ ရောက်သောအခါဆယ်လီက ....
' ဒီမှာ အမျိုးသမီးရေချိုးခန်း ရှိမလားဟင် ' ဟု ပြောလိုက်သည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ကားမောင်းသူ စစ်သားအား ချက်ချင်းပင် ကားကို ခေတ္တရပ်ခိုင်းလိုက်သည်။ စာသင်ကျောင်း ၏ ၀ရန်တာတွင် ကပ္ပလီ (လူမည်း) ကလေးငယ်များ ရှိနေကြပြီး ကျောင်းဆရာမကိုယ် တိုင် ထွက်လာကာ ဆယ်လီ အား ခရီးဦးကြိုပြုလေသည်။
ဆရာမ သည် ဆယ်လီ၏ အရွယ်ခန့်ပင်ဖြစ်ပြီး အ၀တ်အစားကို အထူးသပ်ရပ်စွာ ၀တ်ဆင်ထားသည်။ လှပကြော့ရှင်း သော ရုပ်ရည်လည်းရှိပေသည်။
ဆရာမ သည် ဆယ်လီအား နှုတ်ဆက်စကားပြောပြီနောက် ကျောင်းတွင်းသို့ ခေါ်သွားလေသည်။
အမျိုးသမီးနှစ်ဦး ၀င်သွားချိန်တွင် ဗိုလ်ချုပ် ဖွန်ဂါဘီရာက ခရိတ်အား ပွင့်လင်းစွာ စကားပြောလေသည်။
' ခင်ဗျားနဲ့ကျုပ် တစ်ယောက်ကိုတစ်ယောက် နားလည်မှု ရှိမှ ကောင်းလိမ့်မယ်ထင်တယ်။ လေယာဉ် ပေါ်တုန်းက ကျုပ်နဲ့ ဆယ်လီ စကားပြောနေတုန်းက ခင်ဗျား လှမ်းကြည့်နေတာ သတိပြု မိတယ်။ ခင်ဗျား ကြည့်ပုံက ကျုပ်နဲ ဆယ်လီကို မသင်္ကာပုံမျိုး ဖြစ်နေတယ်။ ဒီမယ် မစ္စတာခရိတ်၊ ကျုပ် ရှင်းရှင်းပဲ ပြောပါမယ်။ ကျုပ်ဟာ ဆယ်လီရဲ့ ဥာဏ်အမြော်အမြင်ရှိမှု၊ လုပ်ငန်းကျွမ်းကျင်မှုတွေကို သဘောကျ တာမှန်တယ်။ ဒါပေမဲ့ အဲဒါထက် မပိုဘူး။ ကျုပ်ဟာ မျက်နှာဖြူ အမျိုးသမီးကို လုံးဝ စိတ်မ၀င်စားဘူး။ တပ်မက် တဲ့ စိတ်လည်း မရှိဘူး။ ဒါကြောင့် အခုလည်း ကျုပ်ဟာ ဆယ်လီကို ရိုးရိုးခင်မင်တာကလွဲလို့ ဘယ်လို မှ စိတ်ထဲမှာ မရှိဘူး '
' ဒီလိုကြားရတာ ၀မ်းသာပါတယ်ဗျာ ' ခရိတ်က ပြုံး၍ ပြောလိုက်သည်။
' ဒါပေမဲ့ ဒီကျောင်းက ဆရာမကလေးကို ခင်ဗျားမြင်လိုက်တယ် မဟုတ်လား။ အဲ သူ့ကိုတော့ ကျုပ် စိတ်ဝင်စား မိတယ်ဗျ '
' သြော် ဟုတ်လား '
' ဟုတ်တယ်၊ ဆရာမလေးရဲ့ နာမည်က ဆာရာ တဲ့။ သူဟာ ရုပ်ရည်ချောမောလှပသလောက် ဥာဏ် ပညာ ထက်မြက် သူလည်းဖြစ်တယ်။ အထက်တန်းပြ ဆရာမသင်တန်းမှာ ထိပ်ဆုံးက အောင်မြင်ခဲ့တယ်။ ဒါ့အပြင် ယဉ်ကျေး ရည်မွန်ပြီး ကျုပ်တို့ရဲ့ ရိုးရာထုံးတမ်းစဉ်လာ ယဉ်ကျေးမှုကို လည်း တန်ဖိုးထား မြတ်နိုးသူ လည်းဖြစ်တယ်။ တစ်နည်းအားဖြင့် ဆရာမ ဆာရာဟာ ခေတ်ပညာ တတ် မိန်းကလေး တစ်ယောက် ဖြစ် ပေမယ့် ရှေးထုံးကို မပယ်သူဖြစ်တယ်။ ဒါပေမဲ့ သူရဲ့ဖခင်က တိုင်းရင်းသား မှော်ဆရာ ဆေးဆရာကြီး တစ်ဦး ဖြစ်တယ်။ ဒါမျိုးတွေကတော့ ကျုပ်တို့ အာဖရိက တိုက်မှာ ပျောက်ကွယ်မသွားသေးဘူးဗျ။ ဘာပဲဖြစ်ဖြစ် အဲဒီလို ရှေးရိုးရာ ထုံးစံတွေ မပျောက်ကွယ် တာကိုက စိတ်ဝင်စားရာ ပိုကောင်းတယ် '
ထိုအချိန် ၌ အမျိုးသမီးနှစ်ဦးတို့သည် ကျောင်းတွင်းမှ ပြန်ထွက်လာပြီး စကားလက်ဆုံ ကျနေကြ လေသည်။ ထို့နောက် ဆယ်လီက သူ၏ ကင်မရာနှင့် ကျောင်းမှကလေးများကို ဓာတ်ပုံရိုက်ယူနေရာ ခရိတ်နှင့် ဖွန်ဂါဘီရာ တို့က လင်းရိုဗာကားပေါ်မှ ထိုင်ကြည့်နေကြလေသည်။
' ဒါထက် ဗိုလ်ချုပ်၊ ခင်ဗျားကို ကြည့်ရတာ လုပ်စရာရှိတာကို အချိန်မဆိုင်းဘဲ ချက်ချင်း လုပ်တတ်တဲ့ လူတစ်ယောက် ဖြစ်ပုံရတယ်။ ဒါနဲ့များ ဆရာမလေး ကိစ္စမှာ ဘာကြောင့် လက်နှေး နေရတာလဲ '
ခရိတ်က မေးလိုက်ရာ ဗိုလ်ချုပ် ဖွန်ဂါဘီရာက မျက်နှာထားတည်တည်နှင့် ဆိုတော့ အဲဒါက ပြဿနာပါပဲ '
ထိုအခိုက် ဆရာမ ဆာရာ ဦးဆောင်လျက် ကျောင်းသူကျောင်းသား ကလေးငယ်များသည် ဧည့်သည် များအား ခရီးဦးကြိုပြုသည့် တေးသီချင်းတစ်ပုဒ် သီဆိုကြလေရာ ဆယ်လီ က သဘောကျသဖြင့် သီချင်း ဆိုနေပုံ ကို ဓာတ်ပုံ ရိုက်ယူကြပြန်လေသည်။
ထို့နောက် ဆယ်လီက လင်ရိုဗာကားပေါ် ပြန်တက်လိုက်ရာ ကလေးငယ်များက လက်ဝှေ့ယမ်းပြ၍ နှုတ်ဆက် ကြလေသည်။
သာသနာပြု မစ်ရှင်ကျောင်းမှ ဆက်လက် မောင်းထွက်လာသောအခါ လမ်းက အလွန်ကြမ်းတမ်း သဖြင့် သတိ ထားပြီး မောင်းသွားရလေသည်။ လမ်းတစ်လျှောက် မိုးရာသီအတွင်းက မိုးရေများကြောင့် ဖြစ်လာ သော ချိုင့်ကြီးများ ရှိနေ၍ လမ်းမကောင်းဘဲ ဖြစ်နေသည်။
မြောက်ဘက်သို့ မျှော်ကြည့်လိုက်သော် ညို့ညို့ဆိုင်းဆိုင်းနှင့် တောင်တန်းကြီးများ မြင်နေရလေ သည်။
' အဲဒါ သွန်ဂိုလာတောင်တန်းပဲဗျ၊ ဒီဒေသက အခြေအနေ အတော်ဆိုးတယ် '
ဗိုလ်ချုပ် ဖွန်ဂါဘီရာကပင် ပြောပြလေသည်။
တဖြည်းဖြည်းနှင့် သူတို့ ဦးတည် သွားနေသည့် ပြန်လည်ထူထောင်ရေး စခန်းနှင့် နီးလာသောအခါ ဖွန်ဂါဘီရာကပင် ရှင်းပြလေသည်။
' ခင်ဗျား သိထားရအောင် ပြောရဦးမယ်၊ ကျုပ်တို့ရဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေဆိုတာက ဒုတိယ ကမ္ဘာစစ် အတွင်းက နာဇီဖက်စစ်တွေရဲ့ သုံ့ပန်းအကျဉ်းစခန်းတွေလို မဟုတ်ပါဘူး။ လူတွေကို အတွေးအခေါ် မှန်လာအောင် ပညာပေးတဲ့ တကယ့်ပြန်လည်ထူထောင်ရေး စခန်းမျိုးဖြစ်တယ်။ ခင်ဗျား သိတဲ့ အတိုင်း ကျုပ်တို့ ဇင်ဘာဘွေနိုင်ငံမှာ ဆယ်နှစ်ကျော်ကျော် ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲ ခံခဲ့ကြရတယ်။ အဲဒီကာလ အတော်အတွင်း အခု ဆယ်ကျော်သက်အရွယ် လူငယ်တွေကဆိုရင် မောင်းပြန် ရိုင်ဖယ် သေနတ်ကိုင်ပြီး ကြီးပြင်းလာရတဲ့အတွက် သူတို့အနေနဲ့ ရန်သူကို တိုက်ခိုက် သတ်ဖြတ်ဖို့လောက်ပဲ သိကြတယ်။ သူတို့ဟာ လောကမှာ လိုရာဆန္ဒပြည့်ဝရေးအတွက် နှောင့်ယှက်တားဆီးနေသူတွေကို သတ်ပစ် မှပဲ ရမယ်ဆိုတဲ့ အသိမျိုးရှိနေကြတယ် '
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် စကားကိုခေတ္တ ဖြတ်ထားပြီး သက်ပြင်း ချလိုက်သည်။
အမှန်တော့ သူကိုယ်တိုင် ဖြတ်သန်းကျော်လွှားခဲ့ရသည့် လက်တွေ့ဘ၀ကိုပင် ပြန်ပြောင်း ပြောနေ ခြင်း ဖြစ်ကြောင်း ခရိတ်က ရိပ်မိလေသည်။
ဖွန်ဂါဘီရာ က စကားဆက်ပြန်လေသည်။
' ဒီလူငယ်တွေမှာ သူတို့ရဲ့ ခေါင်းဆောင်အချို့ကြောင့် အတွေးအခေါ် အယူအဆတွေ လွဲမှားနေတယ်။ တော်လှန်ရေးစစ်ပွဲအတွင်းက အနေအထိုင် အစားအသောက် အလွန်ဆင်းရဲနေ တုန်းက ခေါင်းဆောင် အချို့က လူငယ်တွေကို ကတိအမျိုးမျိုး အလွယ်တကူ ပေးခဲ့ကြတယ်။ တကယ့် လက်တွေ့ ကျတော့ အဲဒီကတိ အတိုင်း လုပ်ပေးနိုင်တာလည်း မဟုတ်ဘူး။ ဥပမာ ခေါင်းဆောင်တွေက လူငယ်တွေကို တော်လှန်ရေး အောင်မြင်သွားရင် မြေသြဇာ အလွန်ကောင်း တဲ့ စိုက်ပျိုးရေး မြေကွက်တွေ၊ မွေးမြူရေး တိရစ္ဆာန် တွေ၊ မော်တော်ကားတွေ၊ ငွေကြေးတွေရမယ့် အပြင် မိန်းမတွေလည်း အများကြီးရမယ်လို့ ပြောခဲ့တယ် '
ဤနေရာတွင် ဖွန်ဂါဘီရာသည် ဒေါသထွက်လာဟန်ဖြင့် အံကြိတ်လိုက်ပြီးမှ ဆက်ပြောလေသည်။
' အဲဒီ ကတိမျိုးတွေကြောင့် လူငယ်တွေဟာ အကြီးအကျယ် မျှော်လင့်ချက်တွေ ထားခဲ့ကြတယ်။ နောက်တော့ တော်လှန်ရေးပြီးဆုံးတဲ့အခါ မူလက ပေးထားတဲ့ ကတိတွေအတိုင်း ဖြစ်မလာတော့ လူငယ် တွေဟာ စိတ်နာပြီး ကတိပေးခဲ့သူ ခေါင်းဆောင်တွေကို ဆန့်ကျင်ပြီး ရန်လုပ်လာကြတယ်။ လူငယ် တွေ ဆိုတာ ကလည်း စစ်လေ့ကျင့်မှုသင်တန်းတွေ တက်ခဲ့ဖူးပြီး လက်နက်တွေလည်း ကိုယ်စီရှိကြတယ်။ တော်လှန်ရေး စစ်ပွဲကာလ သတ်ဖြတ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် နောက်ထပ် လူသတ်ရမှာ ၀န်မလေး ကြသူတွေလည်း ဖြစ်တယ်။ ဒီတော့ ကျုပ်တို့ ဘာလုပ်ရမလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့ '
ဤတွင် ဗိုလ်ချုပ်ဖွန်ဂါဘီရာ သည် သူ၏ လက်ပတ်နာရီကို ကြည့်လိုက်ပြီး
' ကိုင်း၊ နေ့လယ်စာ စားဖို့ အချိန်တော်ပြီ ကားခဏရပ်ပြီး အညောင်းဆန့်ဖို့လည်း ကောင်းတယ် ' ဟု ပြော လိုက်သည်။
ယာဉ်မောင်းသူ စစ်သားသည် မော်တော်ကားကို သစ်သားတံတားတစ်ခု အနီးတွင် ရပ်လိုက်သည်။ တံတားအောက် တွင် ဖြတ်သန်းစီးဆင်းနေသော ချောင်းထဲတွင် ကြည်လင်သန့်ရှင်းသော ရေများ တသွင်သွင် စီးလျက်ရှိလေသည်။
လိုက်ပါလာသော စစ်သားများက ချက်ချင်း မီးမွှေးပြီး စားသောက်ဖွယ်ရာများကို ပြင်ဆင်နေစဉ် ဗိုလ်ချုပ် ဖွန်ဂါရာ သည် ခရိတ်နှင့် ဆယ်လီတို့နှင့်အတူ အညောင်းပြေ လျှောက်ရင်း သူ ပြောလက်စ စကားများကို ဆက်ပြော လေသည်။
' ကျုပ်တို့ အာဖရိကတိုက်က တိုင်းရင်းသားတွေမှာ ရှေးရိုးအစဉ်အလာ ဓလေ့တစ်ခုရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ လူငယ်တစ်ယောက်ဟာ ဆိုးသွမ်းပြီး မိမိတို့ တိုင်းရင်းသား လူမျိုးစုရဲ့ စည်းကမ်းဥပဒေတွ ကျူးလွန် ဖောက်ဖျက် လာရင် အဲဒီလူငယ်ကို ရွာထဲကထုတ်ပြီး တောထဲမှာ သွားနေစေတယ်။ ဟိုကျတော့ ကျေးရွာ လူကြီး တွေက ဒီသူငယ်ကို အမြန်မှန်ရပြီး လူကောင်းပြန်ဖြစ်လာအောင် ဆုံးမပဲ့ပြင် သွန်သင် လေ့ကျင့် ပေးတယ်။
အခု ကျုပ်တို့ရဲ့ ပြန်လည် ထူထောင်ရေးစခန်းဆိုတာလည်း အဲဒီရိုးရာဓလေ့ကို အခြေပြုတဲ့ ခေတ်မီ လေ့ကျင့်ရေး စခန်း တစ်ခုပါပဲ။ ကျုပ်အနေနဲ့ ခင်ဗျားမသိအောင် ဘာကိုမှ ဖုံးကွယ်မထားပါဘူး။ တစ်ခုတော့ ရှိတယ် ကျုပ်ကို အခုသွားလေ့လာကြည့်မယ့် ပြန်လည်ထူထောင်ရေး စခန်းဟာ ဇိမ်ခံအပန်းဖြေအနားယူ စခန်း တော့ မဟုတ်ဘူး။ စခန်းမှာ ရောက်နေတဲ့ လူတွေက ခေါင်းမာတဲ့လူတွေဖြစ်လေတော့ သူတို့ကို စည်းကမ်းရှိ လာအောင် ပညာပေးရာမှာ ခပ်ကြမ်းကြမ်း လုပ်မှပဲရတယ်။
ဒါတောင်မှ ပြန်လည် ထူထောင်ရေးစခန်းဟာ လူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့နေရာ မဟုတ်ပါဘူး။ နှိုင်းယှဉ်ပြီး ပြောရရင် ဗြိတိသျှစစ်တပ်က စစ်အကျဉ်းသားတွေထားတဲ့ အကျဉ်းစခန်း တစ်ခုလိုပါပဲ။ ဟိုရောက် တဲ့အခါ ခင်ဗျားအနေနဲ့စခန်းက လူတွေကို လွတ်လပ်စွာ စကားပြောနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ်။ စခန်းပတ်ဝန်းကျင်က တောထဲကို ခင်ဗျားတို့ သဘောနဲ့ ထွက်မသွားပါနဲ့။ အထူးသဖြင့် ဆယ်လီက တစ်ယောက်တည်း တောထဲ ထွက်သွားဖို့ လုံးဝမကြံပါနဲ့။ ဒီနေရာက အလွန် တောခေါင်တဲ့ အတွက် ကျားသစ်နဲ့ တောခွေးရိုင်းတွေရှိတယ်။
အလွန်အန္တရာယ်များတယ်။ တကယ်လို့ ခင်ဗျားတို့က စခန်းပြင်ဘက်ထွက်ချင်တယ်ဆိုရင် ကျုပ်ကို သာ ပြောပါ။ လက်နက်ကိုင် အစောင့်အရှောက်စီစဉ်ပေးပါမယ် '
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ပွင့်လင်းစွာ ပြောသည်ကို ခရိတ်က သဘောကျမိလေသည်။
ထို့နောက် စားသောက်ဖွယ်ရာများ ပြင်ဆင်ပြီးသဖြင့် သူတို့သည် နေ့လယ်စာစားပြီးကြလေသည်။ နေ့လယ်စာ ဆိုသော်လည်း ဒေသထွက် ပြောင်းဖူး များကို မီးကင်ထားသော ဟင်းလျာသာဖြစ်ပြီး လက်ဖက် ရည်ကြမ်း သောက်ရင်း စားကြရလေသည်။
အခန်း (၈) အဆက် (၂) ဆက်ရန်
.

1 comment:
ဆရာမရေ.. အာဖရိကတိုက်ရဲ့ ဇင်ဘာဝေနိုင်ငံလေးမှာရှိတဲ့ တောတောင် တွေရဲ့ အကြောင်းကိုတော့ တော်တော် စိတ်ဝင်စားလာပြီဗျ... အခုလို တစ်ခန်းချင်းလေး ရိုက်ပြီး တင်ပေးတာကို ကျေးဇူး အများကြီးတင်ပါတယ်ဗျာ.. စာအုပ်ကြီးလိုက် ချပေးထားရင်ဖတ်ဖြစ်မှာ မဟုတ်ဘူးဗျ..
အခုလို ဖတ်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါခင်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment