ဟီရိုရှီးမားနေ့ က မြစိမ်းရောင် ဂျာနယ်ကျော်မမလေး
စာရေးသူ - မောင်ရိုး
ကျွန်တော်တို့ အင်းစိန်ထောင်က လွတ်တာက ၁၉၇၂ခုနှစ် ဖေဖော်ဝါရီလ ဖြစ်ပါတယ်။ ဆရာ ဗန်းမော်တင်အောင် တို့၊ ဆရာဇော်ဝင်းကို တို့နဲ့ အတူ လွတ်တာပါ။ နောက်၂လ ၃လလောက်မှာ ဆရာမြသန်းတင့် လွတ်လာပါတယ်။ ကျွန်တော်နဲ့ ဆရာမြနဲ့က ပုဂ္ဂိုလ်ရေးအရလည်း ခင်မင်တာကြောင့် ဆရာမြ လွတ်ပြီး နောက်တစ်နေ့မှာ ဆရာမြနေတဲ့ စမ်းချောင်းအိမ်ကို ရောက်သွားပါတယ်။ နောက်ရက် တွေမှာ ဆရာမြ မှာရင် သူ့ဆီရောက်သွားပြီး မိတ်ဆွေတွေထံနဲ့ မဂ္ဂဇင်းတိုက်တွေဆီ သွားကြတယ်။ ဆရာမြ မျက်စိက မခွဲရသေးတဲ့ အတွက် ကျွန်တော့်ကို အဖော်လုပ်တာလည်း ဖြစ်ပါတယ်။
တစ်နေ့တော့ ကျွန်တော်တို့နှစ်ယောက်၊ အနော်ရထာလမ်းပေါ်မှာ ရှိတဲ့ သီဟရတနာပုံနှိပ် တိုက်ကို ရောက်သွား ပါတယ်။ "ဂျာနယ်ကျော်မမလေး ဆီသွားရအောင်"လို့ ကျွန်တော်တို့ ပြောပြီး ဆရာမြက ထွက်လာ ခဲ့တာပါ။ ဒေါ်မမလေးကို ဒုတိယအကြိမ် မြင်တွေ့ဖူးပြီး ပထမဆုံး စကား ပြောရတာပါ။ ဂျာနယ်ကျော် မမလေး ဟာ ၀မ်းသာအားရနဲ့ ထပြီး နှုတ်ဆက်ပါတယ်။
"ဟယ်-ကိုမြသန်းပါလား၊ လွတ်လာပြီလို့တော့ ကြားတယ်။ ကျွန်မလည်း မအားလို့ လာမတွေ့နိုင်တာပါ။ ဘယ်နေ့ က လွတ်သလဲ"
"တစ်နေ့ ကမှ လွတ်တာပါ။ မမလေး ရော နေကောင်းရဲ့လား" လို့ ဦးမြသန်းက နှုတ်ဆက်ပြီး ကျွန်တော်နဲ့ မိတ်ဆက် ပေးပါတယ်။ ကျက်သရေ ရှိပြီး အလွန်တည်ကြည် တဲ့ အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူမရေးခဲ့တဲ့ "သူလိုလူ" မုန်း၍မဟူ" တို့က ကျွန်တော့် အသည်းစွဲပါ။ စာအုပ်တွေ ဖတ်ပြီး ကြည်ညို လေးစားခဲ့တဲ့ ဆရာမ ကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရတော့ အလွန်ဝမ်းသာ ပီတိ ဖြစ်ရပါတယ်။
"ကိုမြသန်း နဲ့ ကိုကိုးကျွန်းမှာလည်း နေရသေးလား"
"ဟုတ်ကဲ့ နေရပါတယ်။ အင်းစိန်ထောင်မှာရော၊ ကိုကိုးကျွန်း မှာပါ၊ အတူတူပါပဲ"
"ကိုကိုးကျွန်းမှာ ဘယ်လောက်ကြာကြာသလဲ"
"၃ နှစ်လောက်ကြာပါတယ်။
အေးဆေးတည်ငြိမ်ပြီး စကားပြောညင်သာပါတယ်။ မျက်လုံးအစုံ က တောက်ပနေသလို မျက်နှာ သွယ်သွယ်၊ နှာတံစင်းစင်း နဲ့ ချောမောလှပ တဲ့ စာရေးဆရာမကြီး ရဲ့ အမေးကို ကျွန်တော်ဖြေရင်း။ လွန်ခဲ့တဲ့ ၁၂နှစ် လောက်က စတွေ့ခဲ့တဲ့ ဂျာနယ်ကျော်မမလေးရဲ့ ပုံရိပ်ကို မျက်စိထဲ မြင်ယောင် လာ ပါတယ်။
၁၉၆၀ ခုနှစ်လောက်ကပါ။ နေရာက မြို့တော်ခန်းမမှာပါ။ မှတ်မှတ်ရရ သြဂုတ်လ ၆ရက် နေ့ဆိုတာလည်း မမေ့ ပါဘူး။ ဘာကြောင့်လဲ့ဆိုတော့၊ ဟီရိုရှီးမားနေ့ ဖြစ်လို့ပါပဲ။ ကမ္ဘ့ာငြိမ်းချမ်း ရေးအဖွဲ့ (မြန်မာနိုင်ငံ) က ကျင်းပ တဲ့ ဟီရှိရီုးမားနေ့ အခမ်းအနားမှာ ဆရာမကြီး ဂျာနယ်ဂျော် မမလေးက ဟီရှိရီုးမားနေ့ အကြောင်း ပြောကြား ပါတယ်။
အဲဒီတုန်းက ပါလီမန်ခေတ်၊ ပထစအစိုးရ အုပ်ချုပ်တဲ့ အချိန်ပါ။ မြို့တော်ခန်းမကို ပြင်ပနိုင်ငံ ရေးပါတီတွေ၊ အဖွဲ့အစည်း တွေက ငှားရမ်းပြီး အခမ်းအနားတွေ ကျင်းပလို့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှု လက်ရာဖြစ်တဲ့ ပန်းကနုတ် တွေ နဲ့ ခန်းညားလှတဲ့ မြို့တော်ခန်းမမှာ၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဟီရိုရှီးမားနေ့ ကျင်းပ တာဟာ အလွန်ပနံရ လှပါတယ်။
ဆရာမဂျာနယ်ကျော်မမလေးနဲ့ အတူ ဆရာဒဂုန်တာရာလည်း ပါ ပါတယ်။ အခမ်းအနားမှုးနဲ့ သဘာပတိ ကိုတော့ ကျွန်တော် မမှတ်မိ တော့ပါဘူး။ ဒါပေမယ့် ဂျာနယ်ကျော်မမလေး ပြောကြားတဲ့ ဟီးရိုရှီးမားနေ့ မိန့်ခွန်း ကိုတော့ ကျွန်တော်မှတ်မိနေပါတယ်။ ဆရာမကြီးကိုယ်တိုင် ဂျပန်ကို သွားရောက်ခဲ့ပါတယ်။ ဟီရိုရှီးမားမြို့ ကိုလည်း ကြည့်ရှုခဲ့ပါတယ်။ ရင်နာစရာကောင်းလှတဲ့ ဟီရိုရှီးမားက အနုမြူဗုံးဒဏ်သင့်ခဲ့တဲ့ လူနာ တွေကို လည်း ဆေးရုံးမှာ တွေ့ဆုံမေးမြန်းခဲ့တယ်။ ရေဒီယို အဆိပ်သင့်တဲ့ သူတွေ၊ ကင်ဆာ ရောဂါသည် တွေ၊ နျုကလီးယား ဗုံးကြဲချစဉ်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ အကြောင်း ပြောပြပါတယ်။ (အဲဒီ ဟီရိုရှီးမားနေ့ မိန်ခွန်းကို စာအုပ်အဖြစ် ပုံနှိပ်ထုတ် ခဲ့ပါတယ်။)
၁၉၆၀ ခုနှစ်၊ သြဂုတ်လ ၆ရက်၊ ဟီရိုရှီးမားနေ့မှာ ဂျာနယ်ကျော်မမလေး မိန့်ခွန်းပြောစဉ်က ဆရာမဟာ တစ်ကိုယ်လုံး အစိမ်းရောင်ဝတ်စုံကို ဆင်မြန်းထားပါတယ်။ လုံချည်အစိမ်း၊ အင်္ကျီအစိမ်း၊ ပုဝါအစိမ်း နဲ့ အလွန် ကျက်သရေရှိပြီး လိုက်ဖက်လှတယ်။
"မှိုပွင့်လို မီးခိုးလုံးကြီးတက်လာပြီး၊ လူထောင်ပေါင်းများစွာဟာ ဟီရိုရှီးမားနေ့မှာ သေးဆုံး သွားခဲ့ကြပါတယ်။ အနုမြူဒဏ်တိုက်ရိုက်ခံစား လိုက်ရသူတွေ့ကတော့ အငွေ့အဖြစ် ပျောက်ကွယ် သွားကြ တာပါ။ အဆောက်အဦးတွေ ပြာဖြစ်ကုန်ပါတယ်။ နျုူကလီးယား ဗုံဒဏ်ကြောင့် အ၀တ်အစားတွေ မီးလောင်ပြီး အရေပြား တွေဟာ အပူရှိန်ကြောင့် အ၀တ်အစားတွေ မီးလောင်ပြီး အရေပြားတွေဟာ အပူရှိန် ကြောင့် ဖောင်းကြွလာသူတွေဟာ ဟီရိုရှီးမားမြို့ကို ဖြစ်စီးနေတဲ့ မြစ်ထဲကို ခုန်ချကြတယ်။ ဒါပေမယ့် မြစ်ကြီး ဟာ နျုကလိီယား ဒဏ်ကြောင့် စင်တီဂရိတ်ဒီဂရီ ၁၀၀၀ကျော်ပူပြင်းပြီး မြစ်ရေတွေ ပွက်ပွက်ဆူ နေပါတယ်။ အအေးဓါတ် ရမလား လို့ မြစ်ထဲခုန်ဆင်းသူတွေ ရေနွေးပူထဲ ထည့်ပြုတ်သလို ဖြစ်ကုန်ကြ ပါတယ်။
အနောက်ဘက်က စစ်မျက်နှာမှာ ဖက်ဆစ်တွေ ရှုံးနိမ့်ပြီး။ လက်နက်ချနေပြီဆိုသော သိလျက်နဲ့ အမေရိကန် နယ်ချဲ့သမားဟာ အနုမြူဗုံးကို စမ်းသပ်ချင်တာကြောင့် ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ဟီရိုရှီးမားမြို့ ကို အနုမြူဗုံးတစ်လုံး ကြဲချခဲ့တယ်။ နောက် ၃ရက်အကြာ သြဂုတ်လ ၉ ရက်နေ့မှာ နာဂါဆာကီ မြို့ပေါ် ကို ဒုတိယအနုမြူဗုံး ကြဲချပြန်ပါတယ်"
အစချီတဲ့ ဟီရိုရှီမားနေ့ အခမ်းအနားမှာ ဆရာမဂျာနယ်ကျော်မမလေးက သူမရဲ့ ဟီရိုရှီးမား ကို ရောက် ခဲ့တဲ့ အတွေအကြုံနဲ့ အတူ ပြောကြားသွားခဲ့ပါတယ်။
ယခု ဆရာမြနဲ့ အတူ တွေနေရတဲ့ ဂျာနယ်ကျော်မမလေးဟာ ယခင်ထက် ၁၂နှစ်ကြီးသွားပါပြီ။ ဒါပေမယ့် တည်ငြိမ်ပြီး ကျက်သရေရှိလှတဲ့ ရုပ်ရည်သွင်ကတော့ မပြောင်း လဲပါဘူး။ ၁၉၉၆-၆၇ ခုနှစ်လောက် ထောင်က ပြန်ထွက်လာတဲ့ အခါ၊ ထောင်ထဲမှာ ရေးခဲ့တဲ့" ၀တ္ထုကြီးကို ထုတ်ဝေပါတယ်။ နောက် "သွေး" ၀တ္ထု ကိုလည်း ဖတ်ရပြန်တယ်။ ဒေါ်မမလေးကို ကြည့်ရင်း၊ ရင်နင့်အောင်မွှေးထဲက မြန်မာပီသတဲ့ မြန်မာ အမျိုးသမီး တွေ ရဲ့ ယဉ်ကျေးမှုဓလေ့ ကို သတိရမိပါတယ်။
ဆရာမကြီးနဲ့ စကားပြောပြီးတဲ့အခါ မောင်သိန်းတန် (သားအကြီး) က ကျွန်တော် တို့ နှစ်ယောက် ကို ထမင်း လိုက်ကျွေး ပါတယ်။
သူ့ရဲ့ မာဇဒါတံခါး ၂ ပေါက်ကားလေးနဲ့ပါ။ ကီလီဘက်က မြန်မာထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းစားကြတယ်။ ကိုသိန်းတန် က ဆရာမြ ကို တော်တော်ခင်ပါတယ်။ ဦးလေးတစ်ယောက်ကို ချစ်သလို၊ စကားပြောဖော် မိတ်ဆွေရင်း တစ်ယောက် လိုလည်း တရင်းတနှီး ဆွေးနွေးတိုင်ပင်တာကို တွေရတယ်။ ကျွန်တော်က အဲဒီနေ့ ကမှ တွေ့ရပေမယ့် ရင်းနှီးသွားကြတာ စာဖတ်နာသလို စကားပြော လည်း ကောင်းသူ တစ်ယောက် ဖြစ်တယ်။ သူ မင်းသားလုပ်ခဲ့တဲ့ "နှမလက်လျော့ နေလေတော့" ရုပ်ရှင်ကို ကြည်ဖူးတဲ့ အတွက် ကျွန်တော် ကတော့ မင်းသားမောင်သိန်း တန်ကို မစိမ်းတော့ပါဘူး၊
အဲဒီနေ့ ကတော့ ကျွန်တော့်အတွက် အမှတ်ရစရာနေ့ပါပဲ။ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးကို တွေ့ခဲ့ရ သလို စကားပြောခဲ့ရတယ်။ ကိုသိန်းတန်လိုက်ပို့တဲ့ အတွက် ရှုမ၀ မဂ္ဂဇင်းတိုက်ကို ရောက်ခဲ့ပြီး ရှုမ၀ဦးကျော်၊ စာရေးဆရာ ဦးသုခတို့ကိုလည်း တွေ့ဖူးပါတယ်။ မြန်မာအမျိုးသမီး စာရေးဆရာ တစ်ဦး ဖြစ်တဲ့ ဂျာနယ်ကျော်မမလေးဟာ စာပေလောကမှာ မီးရှူးတန်ဆောင် တစ်ခု ဖြစ်ပါတယ်။
ဒဂုန်ခင်ခင်လေး၊ လူထုဒေါ်အမာ ၊ဒေါ်ခင်မျိုးချစ်၊ တိုလို့ ရှားရှား ပါးပါး စာရေးဆရာမကြီးတွေ့ ဖြစ်ပါတယ်။ ၀တ္ထုတစ်အုပ် ကို အရက် ၂၀ တစ်လ လောက် နဲ့ ရေးကြတဲ့ ဘက်ဆဲလား စာရေးဆရာမမျိုး မဟုတ်ပါဘူး။ စာအုပ် တစ်အုပ် ကို အချိန်ုယူပြီး အလေးအနက် ရေးကြ သူတွေဖြစ်တယ်။ သူတို့ရေးခဲ့တဲ့ စာအုပ်တွေဟာ နှစ်နဲ့ ချီပြီး အချိန်ယူ ကြသလို မြန်မာစာပေ သမိုင်းမှာလည်း တွင် ကျန်ရစ်ခဲ့တာ မနည်းပါဘူး။ ဂျာနယ်ကျော် မမလေး လို စာရေးဆရာ မျိုးကို ဂါရ၀ပြုရတာ နှောင်းခေတ် စာရေးဆရာတွေ အတွက် ဂုဏ်ရှိပါတယ်။ သူတို့ ရေးသလိုမျိုး သူတို့ အားထုတ်သလိုမျိုး၊ သူတို့ရဲ့ အနုပညာမျိုးကို ယနေ့ခေတ် အမျိုးသမီး စာရေးဆရာ တွေ နည်းယူလေ့လာ သင့်တယ်။ ဂျာနယ်ကျော် မမလေးကို စာရေးဆရာမကြီး ဖြစ်စေချင် ပါတယ်။
စာရေးသူ - မောင်ရိုး
ပိတောက်ပွင့်သစ် ဂျူလိုင် ၂ဝ၁ဝ
.
1 comment:
ကျမ သိပ်မြင်ဖူးချင်တဲ့ ဂျာနယ်ကျော်မမလေးနဲ့ မြင်ဖူးတွေ့ဖူး ဆုံဖူးလိုက်သူတွေကို အားကျမိတယ်။ ကျမ အမေက ဂျာနယ်ကျော်မမလေးနဲ့ ဆေးကုဖူးလိုက်သေးတယ်။
ဂျာနယ်ကျော်မမလေးလို စာရေးဆရာမကြီး ဖြစ်ချင်ပါတယ်။
ဒီဘ၀မဖြစ်တောင် နောက်ဘ၀ဖြစ်ဖြစ်ပေါ့လေ ...
Post a Comment