Tuesday, August 10, 2010

ကြယ်နီ အပိုင်း (၂၉)

(၅)

အင်းလုပ်သားများ သယ်တင်ပေးသော ငါးများကား မယ်စိန်တို့အဖွဲ့နှင့် ပိန်မတို့အဖွဲ့အကြားရှိ နေရာ ကွက်လပ် တွင် တောင်ပုံရာပုံ မောက်ဖြိုးနေလေပြီ။
ဒိုး ဟု ခေါ်သော ငါးဖယ်အောင်းနှင့် ချောမီးနီဟုခေါ်သော ငါးခုံးမ မီးနီကြီးများမှာ ၀မ်းဗိုက်ကြီးများ ဖောင်းဖောင်း ကားကားဖြင့် မက်မောစရာကြီး ဖြစ်နေသည်။ ငါတို့၏ ဖောင်းကားနေသော ၀မ်းဗိုက်များကို ရှုလော့။ ဤ၀မ်းဗိုက်ကြီးများထြ၌ အဖိုးတန်လှသော ငါးဆီ အပြည့်ရှိသည်ဟု ထုတ်ဖော် ၀င့်ကြွား နေသယောင် ယောင်။ လာလှည့်ကုန်၊ ဖောက်လှည့်ကုန်၊ ဖောင်းကားနေသော ငါတို့၏ ၀မ်းဗိုက်ကို ဖောက်ခွဲ ၍ အဖိုးတန်လှသော ငါးဆီကို ထုတ်ယူကြလော့ဟု ငါးခုတ်သမများအား ဖိတ်ခေါ်နေဟန်။ သို့သော် ငါးခုတ်သမ များကား ထိုငါးများ မြင်ရုံသာမြင်ရ မကြင်ရ မောင့်ကို ဆိုသလို ကြည့်ရုံသာ ကြည့်ဝံ့သည်။ ထိတော့ မထိရဲ။ သူတို့အနီး၌ အင်းသားကြီးကတော်ကိုယ်တိုင် ကြပ်မတ်ကြည့်ရှုပြီး ထိုငါးနှစ်မျိုးကို သီးသန့် ရွေးထုတ် ခိုင်းနေသည်။

အမှန် ကတော့ ဤငါးနှစ်မျိုးကို ဖောက်ရမှ အသားပါသည်။ ဤငါးနှစ်မျိုး၏ ၀မ်းထဲတွင် ငါးဆီပြင်ကြီးမှာ အတုံးလိုက် အခဲလိုက်ဖြင့် သီးသန့်တည်ရှိနေသည်ဖြစ်ရာ ငါးဆီမှာ သန့်ရှင်းသည်။ ပြီးတော့ ငါးဆီ အထွက် လည်း များသည်။ ထို့ကြောင့်လည်း ငါးဆီများမှာ '၀မ်းဖောက်ဆီ' ဟူသော သီးသန့်အမည်ဖြင့် အင်းသား လောက မှာ ထင်ပေါ်ကျော်ကြားသည်။ တန်းမြင့်သည်။ ဈေးပိုသည်။ ကျန်ရှိသည့် ငါးဘူး၊ ငါးဘဲ စသော ကောင်သေးငါး များတွင်ကား ခေါင်းကို ခုတ်ဖြတ်ကာ ငါးဝမ်းထဲမှ နည်းပါးလှသော ငါးဆီနှင့် ချေးများ၊ အူများ အရောရော အထွေးထွေးနှင့် ညှစ်ထုတ်ယူရသည်ဖြစ်ရာ ငါးဆီမှာ မသန့်ရှင်း။ ငါးဆီအထွက်လည်း နည်းပါး လှသည်။ တန်ဖိုးကလည်း မရှိ။

ထို့ကြောင့်ပင် အင်းသားကြီး ကတော်က ငါးဆီမှာ သန့်၍ အထွက်လည်းများသော ဒိုးနှင့် ချောမီးနီ ငါးနှစ်မျိုး ကို ငါးခုတ်သမများအား မထိစေဘဲ သူမကိုယ်တိုင်ပင် သိမ်းပိုက်တော်မူသည်။ ကျန်ရှိသည့် ငါးဘူး၊ ငါးဘဲ စသော ကောင်သေးငါးများကိုတော့ ငါးခုတ်သမများ လက်ထဲသို့ ထိုးအပ်လိုက်သည်။ အဲဒီ ကောင်သေးငါး များကို ခုတ်ပေးကြ၊ အဲဒီလို ခုတ်ပေးရတဲ့ လုပ်ခအတွက် ခုတ်၍ရသော ငါးခေါင်းများ၊ အူများ၊ ချေးများဖြင့် အရောရော အထွေးထွေး ဖြစ်နေသည့် နည်းပါးညံ့ဖျင်းလှသော ငါးဆီကို ယူစေဟု ကြီးမားသော မဟာ ကရုဏာ ဖြင့် ရက်ရောစွာ ခွင့်ပြု ပေးသနားတော်မူ၏။ သာဓုခေါ်ထိုက်သော စေတနာပေတကား။

မယ်စိန်ကား ငါးဖယ်အောင်းနှင့်ချောင်မီးနီ ငါးနှစ်မျိုးကို အင်းသားကြီး ကတော်အတွက် သီးသန့် ရွေးထုတ် ပေးရင်း မှ ဖောင်းကားနေသော ထိုငါးများ၏ ၀မ်းကိုဖောက်ခွဲ၍ ငါးဆီကို ထုတ်ယူ လိုသည့်ဆန္ဒမှာ ထိန်းမနိုင်၊ သိမ်းမရပြင်းပြလာသည်။ ဤငါးမျိုး ဆယ်ကောင်လောက် ဖောက်လိုက် ရလျှင် ဆယ်ကောင် ဆိုသလောက် ငါးဆီဖြစ်ဖြစ်မြောက်မြောက် ရနိုင်သည်။ ဤငါးဖယ်အောင်း ၀မ်းမှဖောက်ထုတ်၍ ရသည့် ၀မ်းဖောက်ဆီ နှင့် ငှက်ပျောသီးစိမ်း ကို ပါးပါးလှီး၍ ကြော်စားချင်သည့် ဆန္ဒမှာ သူမ၌ ကာလ ကြာမြင့်စွာ ကပင် ရှိနေသည်။သူမသည် ချုပ်တည်းရန် မစွမ်းနိုင်တော့ဘဲ အင်းသားကြီးကတော် အလစ်တွင် ငါးဖယ်အောင်း ဆယ်ကောင်လောက်ကို သူမတို့ ခုတ်ရမည့် ကောင်သေးငါးများအောက်တွင် ထိုးဝှက် ထားလိုက် မိသည်။

    ဒိုးနှင့် ချောမီးနီများ အားလုံး သီးသန့်ရွေးထုတ်ပြီးဖြစ်၍ ကျန်ရှိသည့် ငါးဘူး၊ ငါးဘဲများကို မယ်စိန်တို့ စတင် ၍ ခုတ်ကြတော့၏။ ညာလက်မှငါးခုတ်ဓားမဖြင့် ငါးခေါင်းကို ဒေါက်ခနဲ ခုတ်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် တည်း ဘယ်လက်မှ ငါးဆီကို ညှစ်ထုတ်လိုက်ပြီး ဖြစ်နေရုံမျှမက တစ်ဆက်တည်းမှာပင် ဘယ်လက်ဖြင့် ယူတင်လာသော ငါးတစ်ကောင်မှာ ဓားအောက်သို့ အဆင်သင့် ရောက်ရှိအထိ လျင်မြန်လွန်းလှ၍ ဘေးမှ ကြည့်နေသူ အဖို့ဆိုလျှင် လက်ကိုများ ဓားထိသွား မလားဟူသော စိုးရိမ်စိတ်ဖြင့် အသက်ရှူ မှားလောက် ပေသည်။

    ဤသို့ လျင်မြန်စွာ ခုတ်နိုင်မှလည်း ဖြစ်မည်။ ကောင်သေးငါးများမှာ ငါးဆီအထွက် နည်းပါးသည်ဖြစ်ရာ လျှင်မြန်စွာ ဖြင့် သွက်သွက်လက်လက် ခုတ်ပေးနိုင်မှ ငါးဆီအသင့်အတင့် ရနိုင်မည်။ ထို့ကြောင့်လည်း အလု အယက် အပြိုင်အဆိုင် ခုတ်နေကြရာ စဉ်းတီးတုံးနှင့် ဓားထိသည့်အခါတွင် ကြားရလေ့ရှိသော"တောက် တောက်၊ တောက် တောက်"ဟူသော အသံကား ဆူညံနေလေပြီ။

    လက်ညီညီ လုပ်နေကြသည် ဖြစ်သောကြောင့်လည်း တောင်ပုံရာပုံ မောက်ဖြိုးနေသော ငါးပုံကြီးမှာ တစ်ခဏ အတွင်းမှာပင် ဟိုက်ခနဲ လျောဆင်းသွားတော့၏။ သို့သော် ဗုံလုံးများကို နောက်တစ်ပြန် ဖော်ပြီး၍ ရေစင်သို့ ချဉ်းကပ်လာသော ငါးလှေကြီး မှ ငါးများဖြင့် ထပ်မံဖြည့်လောင်းပေး လိုက်ရာ ငါးပုံကြီး မှာပြန်၍ မောက်ဖြိုး လာပြန်သည်။ ဖြည့်လောင်းပေးသမျှ ငါးများကိုလည်း သူမတို့တစ် တွေက နိုင်နိုင်နင်းနင်း ခုတ်ပစ် နေသည်။

    အလုပ်ကို စိတ်ဝင်စားစွာ သဲသဲမဲမဲ လုပ်နေကြသည်ဖြစ်သောကြောင့် စောစောက တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်လို သောစိတ်၊ ငြူစူသော စိတ်များမှာလည်း ခေတ္တမျှပျောက်ကွယ်နေကြ၏။ စကားကိုပင် မဆိုအားဘဲ ရှိနေသည်ဖြစ်သောကြောင့်လည်း စကားပြောသံများ ဆိတ်သုဉ်းလျက်ရှိ၏။ ယခုအချိန်တွင် သူတို့၏ရင်ထဲ၌ လျှို့ဝှက်စွာတည်ရှိနေသော ဆန္ဒမှာ ငါးခုတ်ရာ၌ မည်သူကပို၍လျင် မြန်သည်၊ ငါးခုတ်ပြီးဆုံးသည့်အခါတွင် မည်သူ က ငါးဆီကို ပိုမိုရရှိသည်ဟု ပြိုင်ဆိုင် အနိုင်ယူလိုသော ဆန္ဒသာလျှင်ဖြစ်သည်။

    နေ၀င်သွားပြီဖြစ်၍ အမှောင်ရိပ်ပင် သမ်းလာချေပြီ။ သို့သော် အင်းမှာ ငါးကျနေဆဲပင်ဖြစ်၍ ဗုံလုံးများကို တစ်ပြန်ပြီး တစ်ပြန်ဖော်ကာ၊ ငါးလှေတစ်စင်းပြီးတစ်စင်း ရေစင်သို့ချဉ်းကပ်၍ ငါးများကို ဖြည့်လောင်း ပေးဆဲ ပင် ရှိသေးသည်။ ပထမတော့ ဖြည့်လောင်းပေးသမျှ ငါးများကို မယ်စိန်တို့ ငါးခုတ်သမများက နိုင်နိုင် နင်းနင်း ခုတ်ပစ်နိုင်သော်လည်း ကြာလာသောအခါတွင်မူ သူတို့လက်များက ညောင်းချည့်လာသလောက် ငါးအကျ က မရပ်သေးဘဲ ရှိနေရာ သူမတို့တစ်တွေမှာ စောစောက လောက စိတ်အားထက်သန်ခြင်း မရှိတော့ဘဲ၊ ငါးခုတ်နေသော လက်များပင် နှေးတုံလာကြ၏။ အင်းတွင် ငါးအကျများကြောင်း  စိတ်ချလက်ချ သိရပြီ ဖြစ်၍လည်း စောစောတုံးကလို အလုအယက် အပြိုင်အဆိုင် ခုတ်ရန်မလိုတော့သဖြင့် ဆေးပေါ့လိပ် ကို သောက်ရှူရင်း အနားယူသူက ယူ၏။ သီချင်းဆိုသူကဆို၏။ စကားစမြည်ပြောသူကပြော၏။ သို့ဖြင့် သူမ တို့ ပတ်ဝန်းကျင်မှာ အသက်ဝင်လာ ပြန်သည်။

    "မီးထွန်းပေးပါဗျို့၊ မှောင်နေလို့ ငါးခုတ်လို့မဖြစ်တော့ဘူး၊တော်ကြာလက်ကို ဓားထိကုန်ကြ လိမ့်မယ်"
    မယ်စိန်က အင်းသားကြီးနေထိုင်သော အင်းထဲရှိရာသို့ လှမ်းဟစ်လိုက်၏။ သူမမပြောမီကပင် အင်းထဲ အတွင်း ၌ အောက်လင်းဓာတ်မီး နှစ်လုံးကို တစ်ပြိုင်တည်းထွန်းနေသော အင်းသားကြီးက အင်းထဲအတွင်းမှ အပြေး ထွက်လာကာ...။

    "ထွန်းပေးမယ်ဟေ့၊ စိတ်သာချနေကြ၊ မီးမှ အောက်လင်းဓာတ်မီးကြီးကို ထွန်းပေးမယ်၊ တစ်လုံး တည်းတောင် မဟုတ်ဘူး၊ နှစ်လုံး ကို တစ်ပြိုင်ထွန်းပေးမယ်၊အဝေးကနေကြည့်ရင် ဇာတ်ပွဲများကနေသ လား လို့ ထင်ရစေမပေါ့ကွယ်။

    အင်းသားကြီး၏ အသံမှာရွှင်မြူးနေ၏။ သူရွှင်မြူးနေလောက်အောင်လည်း ငါးအကျက များနေသည် မဟုတ်လား။အမှန်ကတော့စရိတ်အပိုအကုန်ခံပြီး မီးနှစ်လုံးတောင် ထွန်းဖို့ မလိုပေ။ အောက်လင်း ဓာတ်မီး တစ်လုံးဆိုလျှင် ငါးခုတ်သူများအတွက် ငါးခုတ်ရန် အလင်းရောင်ကောင်းကောင်း ကြီး လုံလောက် သည်သာ ဖြစ်သည်။ သို့သော် အင်းသားကြီး၏ တွက်ကိန်းက တစ်မျိုးတည်းဖြစ်သည်။ စရိတ် ကုန်လျှင် ကုန်ပေစေ၊ ပိန်မှန်လေး အင်းမှာ ငါးအကျများလွန်းလို့ အောက်လင်းဓာတ်မီးကြီး နှစ်လုံးကို စင်ပြိုင် ထွန်းပြီး ငါးခုတ် နေလိုက်ကြတာ ပွဲတော်ကြီးကျနေတာပဲဟေ့ ဟူ၍ တစ်ရွာလုံးကို ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွား လျှင် သူကျေနပ်သည်။ ဒါမှ နေက်နေ့များတွင် သူနှင့်ရင်းနှီးသူများက ဤသီတင်းကို သူ့အား မေးကြ လိမ့်မည်။

ဤအခါတွင် သူကလည်း သူတို့ကြားသည့်အတိုင်းပင် ဟုတ်မှန်ကြောင်း ရင်ကော့ကြွားဝါပြီး ဖြေဆိုနိုင်မည်။ ဘယ်သူ့ အင်းက ငါးပိုကျမလဲဟု တစ်ဦးနှင့်တစ်ဦး တစေ့တစ်ဆောင်း ချောင်းမြောင်း အကဲခတ်နေကြသော ပြိုင်ဘက် အင်းသားများ အပေါ်တွင်လည်း သူဝင့်ဝါနိုင်မည်။ပြီးတော့ သူပိန်မှန်လေးအင်းကို လေလံ၌ လုဆွဲကြရာ တွင် သူသာလျှင် အနိုင်ရရှိခဲ့၍ တစ်ဖက်မှ အင်းလက်လွတ်ဖြစ်ခဲ့ရသော သူ၏ ရန်သူတော်များ မနာလိုစိတ် ကိုလည်း ဆွပေးရာ ရောက်နိုင်သည်။ ဒါတွေကို အားလုံးဖြစ်နိုင်ဖို့အတွက် မီးနှစ်လုံးမျှမက မီးအလုံး တစ်ရာ ထွန်းရလည်း သူမမှု၊ စရိတ်ကုန်ရုံမကလို့ အမြတ်ရောအရင်းပါ ပြုတ်ပြုတ် ပြုန်းပြုန်း သွားပေစေ၊ သူနောက်မတွန့်။ ဤကား အင်းသားကြီး၏ တွက်ကိန်းပေတည်း။

စင်ပြိုင် ထွန်းညှိထားသော အောက်လင်းဓာတ်မီးကြီး နှစ်လုံးအောက်တွင် မယ်စိန်တို့ တစ်တွေ ငါးများကို သွက်သွက် လက်လက် ခုတ်နေကြပြန်ပေပြီ။
    အလင်ရောင်အားကောင်းလှ၍ မီးစားထားသော မယ်စိန်တို့၏ ရုပ်ရည်ရှုပကာမှာ မိုးကျမယ် ကလေးများလို တင့်တယ်လှပေသည်။ ဟူ၍ ဆိုလိုက်လျှင် တက်တက်စင်အောင် လွဲမှားသွားပေ လိမ့်မည်။ အလင်းရောင် အားကောင်းလှ၍ မီးရောင်းများစလာမှ သူမတို့၏ ရုပ်ဆင်းရူပကာမှာ ပို၍သာ အကြည့်ရ ဆိုးနေသည်။ ငါးခေါင်းကိုခုတ်၍ ငါးဆီကိုညှစ်ထုတ်ရာ၌ လွင့်စဉ်လာသော ငါးသွေး များ ၊ငါးအူနှင့် ငါးချေး အစအန များ၊ ငါးညှီငါးဟောက် အညစ်အကြေးများမှာ သူမတို့မျက်နှာနှင့် တစ်ကိုယ်လုံးတွင် ရစရာ မရှိအောင် စွန်းကွက်ပေကျံနေသည်။ ဤပေကျံနေသော အစွန်းအ ကွက်များကို မီးရောင်ဖြင့် ပြတ်သားစွာ သရုပ်ဖော် ပေးလိုက်သောအခါ ဂုဏ်မြောက်လှအောင်ပင် အရုပ်ဆိုးကုန်ကြသည်။

    ကြက်တွန်သံများ ထွက်ပေါ်လာကြ၏။ ညဉ့်အချိန်ရောက်မှ ပထမဆုံးအကြိမ် ထွက်ပေါ်လာ သော ကြက်တွန်သံ များဖြစ်၍ သူငယ်အိပ်ဆိတ် ကြက်တွန်သံဖြစ်ကြောင်း နားလည်ကြရသည်။ သည်အချိန်တွင် အင်း၌ ငါးအကျတန့်သွားသည်ဖြစ်၍ အင်းလုပ်သားများသည် ဗုံလုံးများ မဖော်တော့ ဘဲ ရပ်နားလိုက်ကြပြီဖြစ်၏။ ထို့ကြောင့် မယ်စိန်တို့သည် ပထမ ဗုံလုံးများဖော်စဉ်က လက်ကျန် ဖြစ်သော ငါးပုံကြီး မှ ငါးများကိုသာ သဲသဲမဲမဲ ခုတ်နေကြသည်။ ဤလက်ကျန်ငါးများကုန်လျှင် နောက်ထပ်ခုတ်ရန် ငါးဆက် အမျှော်မရှိတော့ပြီ ဖြစ်၍လည်း နောက်ဆုံးပန်းဝင် အဖြစ်နှင့် လက်သွက် သွက်နှင့် အလုအယက် ခုတ်နေကြခြင်း ဖြစ်သည်။

    နောက်တစ်ကြိမ် ကြက်တွန်သံများ ထွက်ပြန်လာကြပြန်၏။ သည်ကြက်တွန်သံကိုတော့ "သက်ကြီး ခေါင်းချ" ကြက်ဟု သတ်မှတ်ထားကြသည်။ အကြောင်းကိုဆိုတော့ သသည်အချိန်သည် သက်ကြီး ရွယ်ကြီး များ ခေါင်းချအိပ်စက်သော အချိန်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

    မယ်စိန် သည် ထိပ်ဝ ဖွင့်ထားသော ရေနံဆီပုံးလွတ်ကို ယူလိုက်ကာ သူမငါးခုတ်ရာမှ ရရှိ ထားသော ငါးခေါင်းများ၊ ငါးအူချောင်းများ၊ ငါးချေးများဖြင့် အရောရော အထွေးထွေးဖြစ်နေသော ငါးဆီများကို ရေနံဆီပုံးလွတ်ထဲသို့ ကျုံးထည့်နေ၏။ သူမတို့သည် ငါးများကို တစ်ကောင်တစ်မှီးမှ မကျန် အောင်ခုတ်ပြီးခဲ့ပြီးဖြစ်၍ နောက်ထပ်ခုတ်ရန် ငါးဆက်ကလည်း မရှိတော့ပြီ ဖြစ်သောကြောင့် သူမတို့ အဖို့ ပြန်ရုံသာ ရှိပေတော့သည်။

    မယ်စိန်နှင့်တစ်ကွ သူ့နောက်ပါများသည် အလာတုန်းက ဖြတ်ကူးခဲ့သော လှေကြီးဖြစ်ပင် မိမိတို့ အိမ်ရှိရာ တစ်ဖက်ကမ်းသို့ ပြန်ကူးခဲ့ကြ၏။ အလာတုန်းက စကားတွေ ဖောင်လောက်အောင် ပြောလာ ခဲ့ကြ သလောက်၊ ယခုအပြန်တွင်မူ  တေမိဇာတ်ခင်းနေကြသလို ငြိမ်ချက်သားကောင်း နေကြ၏။ ည ထမင်းမစား ကြရသေး၍ တစ်ကြောင်း၊ တစ်ညနေခင်းလုံး အလုပ်ကို အားစိုက်ခွန်စိုက် ပြုလုပ်ခဲ့ရ၍ တစ်ကြောင်း မောပန်းနုံးလျ နေကြသဖြင့် မည်သူမှစကားပြောလိုစိတ် မရှိကြပေ။

    တစ်ဖက်ကမ်းတွင် လှေကို ဆိုက်ကပ်မိသည့် အခါ၌လည်း မည်သူမှ စကားပြောမနေကြဘဲ ငါးခေါင်းပုံးကို ကိုယ်စီ ရွတ်၍ ငြိမ်သက်တိတ်ဆိတ်စွာပင် လမ်းခွဲလိုက်ကြ၏။
    မယ်စိန်သည် ငါးခေါင်းအပြည့်အသိပ်ဖြင့် ရေနံဆီပုံးလွတ်ကို ခေါင်းပေါ်တွင်ရွတ်၍ သူ့အိမ်ပေါ်သို့ လှမ်းတင် လိုက်သည့် အချိန်တွင်၊သူမထံမှ ပါလာသည့်  ငါးခေါင်းများကို ပြုတ်၍ ငါးဆီချက်ယူရန် မီးဖိုတွင် အဆင်သင့် မီးမွှေးထားရင်း ထိုင်စောင့်နေသော ကိုဒေါင်းစိန်ကို တွေ့မြင် ရသဖြင့်၊ မောပန်း နုံးလျခြင်း များမှာ လက်နှင့်  ယူပစ်လိုက်သလို ပျောက်ကွယ်ကုန်၍ စိတ်နှလုံး ကို ရွှင်လန်း ချမ်းမြေ့ သွား၏။

    ကိုဒေါင်းစိန်သည် မယ်စိန်၏ ခေါင်းထက်မှ ငါးခေါင်းပုံးကို ချပေးလိုက်ပြီးနောက် ထိုငါးခေါင်းများ ငါးအူများနှင့် အရောရော အထွေးထွေးဖြစ်နေသော ငါးဆီကို သီးသန့်ထုတ်ယူနိုင်ရန် ပြင်ဆင် လေတော့သည်။ မယ်စိန်မှာမူ အတော်ကြီးကို ပင်ပန်းလာခဲ့သည်ဖြစ်၍ ကိုဒေါင်းစိန်နှင့် မနီးမဝေး တစ်နေရာ တွင် တုံးလုံးလျောင်းကာ အနားယူနေသည်။
    ကိုဒေါင်းစိန်သည် ငါခေါင်းပုံးကြီးထဲသို့ ရေအပြည့် လောင်းထည့်လိုက်ပြီးနောက် ထိုငါးခေါင်း ပုံးကြီးကို မီးဖိုပေါ်တင် ၍ မီးပြင်းပြင်းနှင့် ပြုတ်လေတော့သည်။ မီးရှိန်ကကောင်းလှသဖြင့် သိပ်ကြာ အောင် မစောင့် ရဘဲ တစ်ခဏအတွင်းမှာပင် ဆူပွတ်လာသောကြောင့် ဖိုပေါ်မှချ၍ အအေးခံလိုက်၏။

    ငါးချောင်းပုံးကြီးထဲမှ ရေများအေးသွားသောအခါ ငါးချောင်းနှင့် ငါးအူများမှာ ရေအောက်တွင် ကျန်ရစ်ခဲ့၍ ငါးဆီများက ရေမျက်နှာပြင်အပေါ်သို့ ဝေ့ကာဝေ့ကာ  တက်လာကြ၏။ ထိုအချိန်တွင် အမော အပန်း ပြေပျောက် သွားပြီး ဖြစ်သော မယ်စိန်သည် အနားယူရာမှ ထလာကာ အင်တုံတစ်ခု ထဲတွင် ရေကောင်း ရေသန့် များ ထည့်ယူလာပြီးနောက် ငါးခေါင်းပုံးအနီးတွင် ချထားလိုက်သည်။ ရေမျက်နှာပြင် ပေါ်သို့ ဝေ့ကာ ဝေ့ကာ တက်လာနေသော ငါးဆီများအား ကြေးဇွန်းကြီးဖြင့် ခပ်ကာ ရေအင်တုံထဲသို့ လောင်းထည့် နေသည်။

    အကြိမ်ပေါင်းများစွာ ခပ်ယူလိုက်သောအခါ ပုံးကြီးထဲတွင် ရေနှင့်ငါးခေါင်း၊ ငါးအူများသာ ကျန်ရစ်ခဲ့၍ ငါးဆီမှာမူ မကျန်ရှိတော့ပေ။ ထိုအခါတွင်မူ မယ်စိန်သည် ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်လိုက်ပြန်ကာ ရေအင်တုံ ထဲတွင် ပေါလောပေါ် နေသော ငါးဆီများကို ကြေးဇွန်းကြီးဖြင့် ကျော့၍ ကျော့၍ ခပ်ယူပြီး ဒယ်အိုး ထဲသို့ ထည့်ကာ ချက်နေပြန်သည်။ ငါးဆီထဲတွင် ရောပါနေသော ရေအနည်းမှာလည်း ပူပြင်းလှသော မီးအရှိန်ဖြင့်  ခြောက်ခန်းသွားရ၍ ငါးဆီသာလျှင် သီးသန့်ကျန် ရစ်တော့သည်။ဤအခါတွင်မှ သူမတို့ အဖို့ စားသုံးနိုင်ပြီဖြစ်သော ငါးဆီအဖြစ်သို့ လုံးဝကူးပြောင်း ရောက်ရှိလာပြီဖြစ်၍ ဒယ်အိုးကို ချကာ အအေးခံ ထားလိုက်၏။ အားလုံးမှ ငါးဆီအချိန် တစ်ပိသာကျော်ကျော်လောက်လောက် ရှိလိမ့်မည်ဟု ခန့်မှန်းရ၏

    မယ်စိန်သည် သူမ၏ အဆမတန်သော လုပ်အားဖြင့် လဲလှယ်ယူခဲ့ရသော ဒယ်အိုးတွင်းမှ ငါးဆီ ကို သာလျှင် ငြိမ်သက်စွာ စူးစိုက်ကြည့်နေမိသည်။ ငါးဆီ...ငါဆီ... ဤငါးဆီမှာ စားလေ့စားထ မရှိသူအဖို့ အနံ့အသက် မှာ ဆိုးရွားလှသည်။ ရင်ပြည့်တတ်သည်။ သို့သော် သူမတို့အဖို့ကား ဤ ငါးဆီကိုပင် အမြတ် တနိုး လုပ်ကာစားသုံးကြရသည်။ ဤနိမ့်ကျ ညံ့ဖျင်းလှသော ငါးဆီကို စုယူရာ ၌လည်း အလွယ်တကူနှင့် မဟုတ် ။ ပြင်းထန်သောလုပ်အားကို တစ်ညနေခင်းလုံး သုံးခဲ့ရသည်။ ပိန်မတို့ အဖွဲ့နှင့်လည်း သတ်ပုတ် လုယက် ခဲ့ရသည်။ ဘ၀ကား ခက်ထန်ကြမ်းကြုတ်လှ၏ တကား။

    သို့သော်မယ်စိန်က ၀မ်းနည်းနေသည်မဟုတ်။ သူမ၏ လက်ဖြစ်ငါးဆီကို ကြည့်ကာငါးဆီ ၀မ်းဆီရပြီဖြစ်၍ ဆီ အတွက် ပူပန်ရန် မလိုတော့ဟူသော အသိက သူမ၏ စိတ်ကို နှစ်သိမ့် ချမ်းမြေ့စေသည်။ ပင်ပန်းခြင်းကို မေ့ပျောက် စေသည်။ဝါသနာကြီးလှသော ငါးခုတ်ခြင်းအမှုကို စိတ်တိုင်းကျ ပြုလုပ်ခဲ့ရသည်ဖြစ်၍  လက်အယား မှာ ပြေပျောက်သွားပါပြီ။ အလိုရှိသော ငါးဆီကိုလည်းရခဲ့ပါပြီ။  အလိုဆန္ဒ ပြည့်ဝ သွားပြီ ဖြစ်သော သူမ အဖို့ ယခု နှစ်ခြိုက်စွာ အိပ်ပျော် နိုင်ပေပြီ။
----------------------------
ပြီးပါပြီ
.

2 comments:

မေဓာဝီ said...

ဆီတပိသာရဖို့ လုပ်လိုက်ရတာပါလား။
အဲဒီလိုဘ၀တွေကို ခုလိုစာရေးဆရာမျိုး ရေးပြမှ လူတွေသိခွင့်ရတယ်။ မရွှေစင် တကူးတက ရိုက်တင်ပေးလို့ ဖတ်ခွင့်ရတယ်၊ အဲဒီလိုဖတ်ရလို့လဲ ဒီလိုဘ၀တွေကို စာနာခွင့်ရတယ်။ နားလည်ပေးနိုင်တယ်၊
လူချင်းတူပေမဲ့ ကံချင်းမတူသလို ဘ၀တွေလဲ မတူကြဘူး ...။ အဲဒီလိုတွေးမိတော့ ဒီလိုဘ၀မျိုး ဖြစ်ရ ရောက်ရမှာ ထိတ်လန့်မိတယ်။ ထိတ်လန့်မိတော့ ကုသိုလ်ပြုဖို့ ပိုပြီး စိတ်အားထက်သန်မိတယ်။

ကျေးဇူးပါ မရွှေစင်ရေ ... သံဝေဂဆိုတာ ကြံဖန်ယူရတာပဲ။

Kyaw said...

Fish Oil = OMEGA 3. ;)