ရွှေလသာဝါ၀ါဝင်း
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
"အဘိုးကြီး၊ ဘာတဲ့တုံး"
ပုစဉ်းရင်ကွဲအော်သံများကြောင့် ဘဆေးရိုး စိတ်ညစ်နေသည်။ အိုက်ကလည်း အိုက်၊ ပူကလည်းပူ၊ မိတ်ကလည်း ယားသဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေသည်။
ပုစဥ်းရင်ကွဲများက အော်ပဲအော်နိုင်လွန်းသည်။ သူတို့အနားသို့ သက်ရှိ သတ္တ၀ါတစ်ကောင်ကောင် ရောက်သွား မှ အအော်ရပ်သည်။ တစ်ကောင်ကစတင်ပြီးအော်လျှင် မရပ်တော့ပြီ။ အော်သံတွေ များသည် ထက်များ လာသော အခါ ဘဆေးရိုးမှာ လွတ်ရာကင်းရာအရပ်သို့ ထပြေးချင်သည်။
'ဘာလုပ်ရပါ့၊ တယ်ခက်ပါကလား'
လေးထပ်ကျောင်းဝိုင်းဘက် ဓာတ်ပေါင်းစုဘုရားဘက်သို့ ပြေးချင်သည်။ ခြေခင်းလက်ခင်းလည်း မစိုးရမ်ရ။ သို့ရာတွင် ပုစဉ်းရင်ကွဲတို့ကား ရှောင်၍မလွတ်။ သစ်ပင်တွင်၊ ချုံတွင် သူတို့ရှိသည်။ သို့ဖြစ်လျှင် ချောင်းတိမ်ယာထဲသို့ ပြေးမည်လော။ ပုစဉ်းရင်ကွဲတစ်ကောင်တလေသာ ရှိသည် သို့သော် မြွေပါး ကင်းပါး စိုးရိမ်ရသည်။
'တယ်ခက်ပါကလား၊ ဘာလုပ်ရပါ'
ဘဆေးရိုးကြံရာမရဖြစ်နေစဉ် ဘွားကျီးဒန် ရောက်လာသည်။ အရင်းမရှိ အဖျားမရှိမေးသည်။ မှောင်ထဲ မှာပင် ဘဆေးရိုး မော့ကြည့်သည်။
"ဘာပြောတာတုံး၊ သည်အမယ်ကြီးက တစ်မှောင့်"
ဘွားကျီးဒန် စိတ်တိုသွားသည်။
"ရွာဆော်လှမောင် အော်သွားသံကြားတော့ ကြားတယ်၊ မသဲကွဲလို့ လာမေးတာ တော်ရေ့"
ဘွားကျီးဒန်ဆက်မပြောနိုင်။ 'မီးဖိုကျင်း'ဘက်သို့ ပြန်သွားသည်။ ရန်ဖြစ်ဖို့ထက် ဟင်းအိုးက အရေးကြီး သည်။ 'ရေလည် ဆီလည်'ချက်ထားခြင်းဖြစ်သည်။ ရေအကျန်များလျှင်ကောင်း။ ရေခန်းသွားလျှင်လည်း အရည် ဆမ်းစရာ နည်းသဖြင့် တာမသွား။ ထို့ကြောင့် မီးခွက်ကိုမြှောက်ကြည့်သည်။ မီးစာတွင် အသီးသီးကြီး သီးနေသဖြင့် အလင်းအားမရှိ ဘွားကျီးဒန်သည် 'မီးကျီးသီး'ကို ခြွေပစ်ငြား အားရပါးရ လင်း မလာပါ။ မီးစာတိုနေသောကြော်င့ ဖြစ်သည်။ မီးစာရှည်လျှင် အလင်းရောင်ပိုရသည်။ သို့ကြောင့် မီးစာကို မြှင့်ရန် ဟိုစမ်းသည်စမ်း စမ်းသည်။
အင်္ကျီဝတ်မထားသောကြောင့် ဘော်လီချိတ် အကြီးအသေးရှာမတွေ့။ ထိုအခါ ဘွားကျီးဒန်သည် မီးခွက် အဖုံး ကို ဖွင့်သည်။အ၀တ်စုတ်မီးစာ ကို လိမ်ကျစ်ပြီး အပေါ်သို့ ထိုးတင်သည်။ ချက်ပြုတ်နေသော လက် တွင် ရေနံဆီ နံ့တထောင်းထောင်း နံစော်ခြင်းသာ အဖတ်တင်သည်။ မီးရောင်အားကား တက်မလာ။
ဘွားကျီးဒန်သည် ဟင်းအိုးကိုစောင်း၏။ လှုပ်၏။ ဟင်းရည်တွေ လှုပ်ရှားငြား ဘွားကျီးဒန်မြင်သမျှကိုလည်း အားမရ။ မီးဖိုထဲမှ မီးစတစ်စကို ဆွဲယူသည်။ မီးစ၌ တောက်လောင်နေသော မီးတောက်က မီးခွက်ထက် အလင်း အားကောင်းသည်။ သို့သော် ဟင်းအိုးပေါ်သို့ မီးတောက်မရောက်မီ မီးတောက်ငြိမ်းသွားသည်။
မိတ်ယားလာသော်ငြား ကုတ်ဖဲ့ချင်စိတ်ကို ချုပ်တည်းပြီး ဘွားကျီးဒန် သည်းခံပါသည်။ စိတ်ရှည်ပါသည်။ စိတ်ရှည်စွာဖြင့် မီးတောက်ပါသော ထင်းစတစ်စကို ထပ်မံဆွဲယူသည်။ မီးဖိုကျင်းတစ်ခုလုံး ထိန်လင်း နေအောင် မီးတောက်အား ကောင်းပါသည်။
ဟင်းအိုးကို ဘွားကျီးဒန် သေချာစွာကြည့်သည်။ သေချာစေရန် ယောက်မဖြင့် မွှေကြည့်နေဆဲတွင် မီးကျီး ကြွေကာ မီးတောက်ကြီးသည် ဟင်းအိုးထဲသို့ တန်းကျသွားလေ၏ ။ ဘွားကျီးဒန်၏ လက်သည် မီးတောက် နောက် သို့ ထပ်ကြပ်မကွာလိုက်ပါသွားငြား ဟင်းဖတ်ကိုသာ စမ်းမိသည်။ ရေနံဆီနံ့သင်းနေသော လက် ကို ဟင်းအိုးထဲ မှ အသော့အလျင်ရုပ်၏။ ဟင်းဒအိုးတစ်အိုးလုံး ရေနံဆီနံ့ နံကုန်ပါက ခက်ရချည့်။ ဘွားကျီးဒန် သည် ကြံရာမရ ဘဆေးရိုးရှိနေလောက်သည့် ကပြင်ကို လှမ်းကြည့်သည်။ တုတ်မီးရောင် ၀င်းခနဲမြင်ရ၏။
"ဘယ်သူတုံးဟဲ့"
"အမေကြီး ကျုပ်လေ၊ ဘာခိုင်းမလို့တုံး"
မောင်ကိုကြီး၏ အသံဖြစ်သည်။
"ဟင်းအိုးထဲကို မီးစကြီး ကြွေကျသွားလို့ဟယ် လာစမ်းပါဦး၊ အင်း အိုမင်းမစွမ်းဘ၀ဟာ မကောင်း ပါဘူးဟယ်"
မောင်ကိုကြီးမှာ ဟက်ခနဲ တစ်ချက်သာ ရယ်နိုင်၏။ သူ့အမေကြီး၏ နောက်ဆက်တွဲ ညည်းတွားသံက သူ့ပါးစပ် ကို ကြမ်းတမ်းစွာပိတ်ပစ်သည်။ ထို့ကြောင့် ဟင်းအိုးထဲသို့ တုတ်မီးဖြင့် ထိုးပြသည်။ ဟင်းရည် တွေကို စုပ်မျိုနေသော မီးသွေးခဲကြီး မှာ လေးသစ်ခန့်ရှိသည်။
"အမေကြီးလက်က ရေနံဆီစော်နံတယ် လူလေး"
မောင်ကိုကြီးလည်း မဆယ်ချင်။ သူ့ လက်မှာသာမက တစ်ကိုယ်လုံးမှာ နွားစာ'စဉ်းဖတ်'တွေ ပေလူး နေ၏။ သို့ရောတွင် သူ့လက်က အမေကြီး၏လက်ထက် အခြေအနေကောင်းသည်မဟုတ်ပါလား။ မီးသွေခဲ ကို ဆတ်ခနဲနိုက်ယူပြီး ဖိုခုံလောက် (ဖိုခနောက်)ပေါ်သို့ တင်ထားပေးခဲ့လေ၏။
"အဲဒါပဲ ဘရေ၊ တစ်အိမ်တစ်ယောက် ကိုလှမောင် အော်သွားတာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဖို့တဲ့ဗျ"
ခုန 'ဘာတဲ့တုံး'ဟု ဘွားကျီးဒန်မေးခြင်းမှာ ဤကိစ္စဖြစ်သည်။ ဘဆေးရိုးမှာ မိတ်ယားသည့် ဝေဒနာ၊ နားညည်း သည့် ဒုက္ခတို့တွင် အာရုံရောက်နေသဖြင့် မကြားလိုက်ပေ။
"ဘသွားမှကောင်းမှဗျ"
"သလို ဆိုလည်း သွားတာပေါ့ကွာ၊ နို့မင်းကကော"
"ကျုပ်လာလို့မဖြစ်ပါဘူး ဘရာ။ ကျုပ်က ရွာလယ်လမ်းကို အင်္ဂတေခင်းဖို့ ပြောမိမှာဗျ။ ရွာထဲမှာ လှည်းတွေ ဖြတ်သွားတိုင်း ဖုန့်နံ တထောင်းထောင်းထနေတော့ အိမ်တိုင်းမှာ ဖုန်ချည်းပဲ။ လူတိုင်းလည်း ချောင်း တဟွပ်ဟွပ်နဲ့"
ဘဆေးရိုး၏ သွားကျိုးပါးကျိုး ရယ်မောသံကြီးကို ကြားရသည်။
"ကိုယ့်မြေးကို တန်ဖိုးထားတဲ့ ဘကတောင် ရယ်နေမှတော့ သည့်ပြင်လူတွေဆိုပိုဆိုး မှာပေါ့ဘရ"
"ကတ္တရာလမ်း ဆို ပိုမကောင်းဘူးလား လူလေး"
ဘဆေးရိုး သည် အရယ်အမေရပ်ပြီးမှ မီးဖိုကျင်းဘက်သို့ လှမ်းပြော၏။
"ကျီးဒန်ရေ အစည်းအဝေးရှိသဟ"
ထိုသို့ သတိပေးပြီးမှ မြေးကို ဆက်ပြောသည်။
"အေးကတ္တရာလမ်းတို့ အင်္ဂတေလမ်းတို့ မတတ်နိုင်သေးခင် လှည်းဘီးရာတွေထဲမှာ 'ချောင်းထဲက ကျောက်' တွေ ထည့်ရင်မကောင်းဘူးလား။ သည်လိုဆိုလည်း ဖုန်မထတော့ဘူးလေကွာ"
"ဒါလည်းရပါတယ် ဘ"
"ခေတ်ဗဟုသုတရှိတဲ့ မင်းလိုကောင် မလာလို့ဖြစ်မလားကွ။ ကဲကဲ ထမင်းသွားစားချေ၊ ဘာချက်သတုံး"
"ငရုတ်သီး ချက်ရင်ချက်၊ မဟုတ်ရင် ချဉ်ပေါင်ရွက်ပေါ့ဘရာ"
မောင်ကိုကြီးသည် ဖြေလည်းဖြေ၏။ ဖုတ်ဖက်ခါထရင်း အပြေးအလွှားလည်း သွား၏။ အပြေးအလွှား သွားခြင်းမှာ 'ဘနဲ့အတူစားကွာ' ဟု ခေါ်မည်စိုးသောကြောင့်ဖြစ်သည်။ အစားသေးသော အိုမင်းမစွမ်း နှစ်ယောက် ၏ တစ်နပ်ထမင်းသည် မောင်ကိုကြီး တစ်နပ်စာပင် မရှိပေ။
မောင်ကိုကြီး အပြေးထွက်သွားလျှင် ထမင်းပွဲရှိရာသို့ ဘဆေးရိုး ထလာသည်။ မီးစာကို လိမ်ကျစ်ပြီး ထိုးသွင်း ထားသဖြင့် မီးစာတွင် ဆီအလိုက်မကောင်းတော့ပြီ။ ဆီအလိုက်မကောင်းသော မီးစာမှာ အလင်းအား ညံ့နေသည်။ သည်မမြင်မကန်းအလင်းရောင်အောက်တွင် ဘဆေးရိုးထိုင်သည်။ ကိုယ့်ပါးစပ်ကို ကိုယ် သိသောကြောင့် ပန်းကန်ထဲသို့ တစ်လုတ်စာသာထည့်သည်။
မန်ကျည်းရွက်ဟင်းချုမှာ ချဉ်သည်ဆိုရုံမျှဖြင့် ပြေပြေကလေးဖြစ်သည်။ နှမ်းဖတ်ချဉ်သုပ်နှင့် ငရုတ်သီးချက်မှာလည်း အဆင်ပြေငြား တစ်လုတ်စာ ထမင်းမျှကို ဘဆေးရိုးမကုန်ချင်။ သို့ရာတွင် ရှေးအဘိုးကြီး သည် ဆန်ကို တန်ဖိုးထားသောကြောင့် ထမင်းကို လွှင့်မပစ်ရက်။
ဆည်မြောင်းတွေ မရှိမီကာလက လယ်ကွက်ထဲသို့ ရေတစ်စက်ရောက်ရှိ ရေးသည် အလွန်ခက်ခဲလွန်း ပင်ပန်း လွန်း၏။ ထိုအခါ စပါးတစ်ပင် ဖြစ်လာရေး၊ စပါးစေ့တစ်စေ့ အောင်မြင်လာရေးသည် အဖိုးတန် အခွင့် အရေးဖြစ်သည်။
သို့ကြောင့်မျို၍မရ၊ ခံတွင်းမတွေ့တော့သော ထမင်းကို ဟင်းချိုဖြင့် မျှောချလိုက်ပြီးနောက် ရွာလယ် ၀တ်ကျောင်း သို့ သုတ်ခြေတင်ခဲ့လေတော့၏။
ဝတ်ကျောင်းတွင် 'ပုန်နဆီ' မှန်အိမ်တစ်လုံးသာ ထွန်းထားသည်။ ဖျော့တော့သော အလင်းရောင် အောက်တွင် ထိုင်နေသူများကို ဘဆေးရိုးမမြင်။ ကျော်ပြောင်ကြီးကို တဖျပ်ဖျပ်ခတ်နေသော ပုဆိုး ထားများ ကို ထောက်ချင့်မိသဖြင့်သာ 'သြော်လူတွေပါကလား'ဟု ဘဆေးရိုးသိသည်။
"ဘသောင်းတို့၊ သာဒွန်းတို့မရောက်ကြသေးဘူးဟ"
တိုင်တစ်တိုင် ကို ၀င်မှီရင်း ဘဆေးရိုးကမေးသည်။ ရမ်းဘိုကုန်းတစ်ရွာလုံးတွင် သူနှင့်သက်တူရွယ်တူမှာ သည်နှစ်ယောက် သာ ကျန်တော့သည်။ သည်နှစ်ယောက်သာလျှင် သူပြောသောစကားများကို နားလည် တော့ သဖြင့် သည်အမည်များကို ရေရွတ်မိခြင်းဖြစ်ပေ၏။
"ရောက်ပါပြီကွာ၊ မင့်ထက်ဝီရိယကောင်းသကွ"
ဦးဘသောင်းက ဖြေင့်ဖြောင့်တန်းတန်း တုံ့ပြန်သောငြား ဘိုးသာဒွန်းကမူ အဆဲခံချင်သောကြောင့် ဆဲစရာ အစကို ဆွဲထုတ်သည်။
"ဘာတုံး၊ လူတွေအများကြီးထဲမှာ ငါတို့နှစ်ယောက်ထဲ ကွက်ပြီး မေးတာက ဘာသဘောတုံး၊ ရှိခိုး ချင်လို့လား၊ ကန်တော့ချင်လို့လား"
"မင့်အမေနေကောင်းလား မေးမလို့ဟေ့"
လူမရှိဟုထင်ရသော ၀တ်ကျောင်းထဲမှ ၀ါးခနဲရယ်မောသံများကြောင့် လူရှိကြောင်း ယခုမှ ပေါ်လွင် တော့သည်။
"မင့်အသက် မငယ်တော့ဘူး ဆေးရိုး"
"အေးမင်းလည်း သေခါနီးပြီ၊ သတိထား"
"ငါက အကောင်းပြောတာပါ မောင်ရာ"
"ငါကလည်း စေတနာနဲ့သတိပေးတာပါကွာ"
သက်ကြီးရွယ်အိုတို့၏ ဗရွှတ်ရွှတ်တ စကား၊ ထေ့သံငေါ့သံ များသည် လူငယ်လူလတ်တွေ တခိုးခိုးတခွိခွိ ရယ်မောရွှင်ပျစရာဖြစ်နေ၏။
လူများလည်း သုံးယောက်တစ်တွဲ၊ လေးယောက်တစ်တွဲ အရောက်စိပ်လာငြား ၀တ်ကျောင်းပေါ်သို့ တက်သူ နည်းပါး၏။ တံစက်မြိတ်အောက် လရောင်ထဲတွင်သာ အထိုင်များ၏ ခုံဖိနပ်ကို ဖင်ခုသူခု၊ သစ်တုံး ပေါ် ထိုင်သူထိုင်၊ အစည်းအဝေးစပြီ။
"ကျွန်တော်တို့ရဲ့ ကျေးရွာဖွံ့ဖြိုးရေးအတွက်"
ကိုလှမောင်က သည်မျှသာ စရုံရှိသေးငြား အသံတစ်သံ အစွန်ထောင့်မှ ထွက်ပေါ်လာသည်။
"လွယ်ပါတယ်ကွာ၊ အင်ဂျင်မီးထွန်းမယ်ကွာ၊ နိုင်လွန် ကတ္တရာခင်းမယ်ကွာ"
တီးတိုးသံ များ အနှံ့အပြားပေါ်လာကာ အသံကျယ်ကျယ် တစ်သံလည်း ထွက်ပေါ်လာသည်။
"အဲသာက ပိုက်ဆံအများကြီး ကုန်မှာဟ ငခွေးရ"
"စိန်မောင်လို့ခေါ်ပါဗျ"
"နှုတ်ကျိုးနေပြီဟ ငခွေးရ၊ အဲပိုက်ဆံနည်းနည်းနဲ့ လုပ်လို့ဖြစ်တာကတော့ ရွာခရိုးကို ခြံခတ်တာပဲကွ။ ရွာခရိုး ကို ဆူးခက်တွေ ကာထားတာခေတ်မမီဘူး၊ မလှဘူး။ ချုံတွေပေါက်တော့ မြွေအောင်းတယ်"
"ပုတတ်ခို သာလည်း ထည့်ပြောပါဦး"
"ဟုတ်သယ်၊ ဟုတ်သယ်"
ရယ်မောသံများ ဆူညံသွားသည်။ ရွာဆော်က လက်နှစ်ဖက်ကားပြီး အငြိမ်ခိုင်းသည်။
"အေးဖေ ၀ါးဖောင်တစ်ဖောင် အချောင်ရလိုက်လို့ တစ်ရွာလုံး ခြံခတ်မယ် ပြောနေတာကွ"
"ကဲကဲ နားထောင်ကြပါဦး။ ကျွန်တော်ပြောချင်တာက ကျန်းမာရေးမျက်စိနဲ့ကြည့်ပြီး အဦးဆုံးလုပ်သင့်တဲ့ ယင်လုံအိမ်သာ ဆောက်ကြဖို့ ဆွေးနွေးမလို့ပါဗျာ"
"ယင်ကတော့ကွာ အတောင်ရှိတဲ့ တိရိစ္ဆာန်ဆိုတော့"
"ပိုးကောင် ပါဗျာ၊ တိရစ္ဆာန်မဟုတ်ပါဘူး"
အလယ်ပိုင်း တွင် ထိုင်နေသူနှစ်ဦးက ထငြင်းနေသဖြင့် ရွာဆော်မှာ ဖျန်ဖြေရပြန်သည်။
"၀မ်းရောဂါ၊ ၀မ်းလျှော၊ ၀မ်းပျက်၊ ၀မ်းကိုက်"
"ဦးလှမောင်ရေ တော့်မိန်းမနဲ့ တော့်နှမသတ်နေကြလို့"
စူးစူးဝါးဝါး မိန်းမသံကြောင့် ရွာဆော်ဆင်းပြေးသည်။
"ကျုပ် တို့ဝိုင်းဖျဉ်တဲ့ကြားထဲက"
ရွသား များသည် ဖတ်သီဖတ်သီပြေးသွားသော ရွာဆော်ကို လှမ်းကြည့်ကြသည်။
"သည်ကောင် ဘယ်သူ့မှ မနိုင်ဘူး။ မယားကိုကြောက်ရသယ်၊ နှမက ကျောင်းဆရာမဆိုတော့ ရိုသေ ရတယ်"
အုန်းခနဲ ရယ်မောသံအစဲတွင် ဟိုနေရာတစ်ဝိုင်းသည် သည်နေရာတစ်ဝိုင်းဖြင့် စကားဝိုင်း များ ဖြစ်လာသည်။ ရွာတောင်ဖျားမှ အော်ဟစ်သံများကိုပင် ရွာလယ်ဝတ်ကျောင်းမှ ကြားရသည်။
"လူလေးကတော့ ယင်လုံအိမ်သာအကြောင်း ပြောဖူးသကွ ဘသောင်းရ"
"အေးငါလည်း ကြားဖူးပါသယ်။ ယင်ဟာ ရောဂါပိုးသယ်ဆောင်တဲ့ ယင်မရှိအောင် ယင်လုံအိမ်သာ ဆောက်သင့် သတဲ့ကွ"
ရွာသားများသည် တစ်ယောက်ဆင်းသွား၊ နှစ်ယောက်ထသွား၊ သုံးယောက်ထသဖြင့် ရွာလယ် ၀တ်ကျောင်းမှာ မူလအခြေအနေအတိုင်း ပြန်လည်တိတ်ဆိတ်သွားလေရာ၊ ဦးဘသောင်းနှင့် ဘဆေးရိုး သာကျန်ခဲ့သည်။ ရွာဆော်ဦးလှမောင် ကား ဇနိးနှင့် နှမကို ဖျန်ဖြေရာက အမေနှင့်ဒွေးလေး၊ ခယ်မ၊ မရီး တို့ကို ဆက်လက်ဖျန်ဖြေနေရသည်။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
3 comments:
ခုထိလဲ ကျေးရွာတိုင်း ယင်လုံအိမ်သာ ရှိအုံးမှာမဟုတ်၊ ကျေးရွာတိုင်း ကျောက်ခင်းလမ်း ကတ္တရာလမ်း ရှိအုံးမှာမဟုတ် ... ဘယ်တော့များ တောရော မြို့ပါ လူနေမှု အဆင့်အတန်း တန်းတူ ဖြစ်မလဲ မသိပါဘူး။
တောရွာ တော်တော်များများမှာ ယင်လုံအိမ်သာတွေ မဆောက်ဖြစ်ကြသေးဘူး။ ဘာလို့လဲ လို့ မေးဖူးတယ်။ လွတ်လပ်လို့တဲ့ဗျာ။ လေလေး တဖြူးဖြူးနဲ့တဲ့..အဟီး။
အော် ခေတ်တွေပြောင်း နှစ်တွေဟောင်းလာတော့ ရည်းဆေးရုးနဲ့  ရည်းကျည်းဒန်တို့ တောင် ဘဆေးရိုးနဲ့ 
ဘွားကျည်းဒန် ဖြစ်လာပြီပဲ။ ကိုယ်တိုင်တောင် ၄၀ နီးပြီ။
စာကောင်းပေမွန်တွေ ပြန်ဖတ်ဖွင့် ရတဲ့အတွက် ကျေးဇူးပါ ရွှေစင်ရေ။ ကိုကြီးကျောက် အတွက်လဲ ဘာမှ မစိုးရိမ်နဲ့ ။ ဖလန်းဖလန်းကိုထနေတာပဲ။ အခုလဲ
LA သင်ကြန်သွားလည်မလို့ တဲ့။ :)
Post a Comment