သူကိုယ်တိုင်လည်း ကာယကံမြောက် ၀င်ကူလုပ်ကိုင်ပေးသည့်ပြင် အလုပ်လုပ်ရာ ၌ညာသံပေး၍ တိုင်းရင်း သား သီချင်းများ ဟစ်အော် သီဆိုလေရာ အလုပ်သမားများ စိတ်အားတက်ပြီးပျော်ရွှင်စွာ အလုပ် လုပ်ကြ လေသည်။
သို့ဖြစ်လင့်ကစား ခရိတ်အဖို့ သူ၏ နှလုံးသားထဲ ၌ ပျော်ရွှင်ည်ြနူးမှု မဖြစ်ဘဲ လိပ်ပြာမလုံသလို ဖြစ်နေ လေသည်။
မြေယာဝယ်ယူရေး နှင့် ပတ်သက်၍ အပြီးသတ်စာ ချုပ်ချုပ်ရန် ကျန်သေးရာ ဘူလာဝေယို မြို့သို့ တယ်လီ ဖုန်း အဆက် အသွယ် မရသေးသဖြင့် သူကိုယ်တိုငိ မြို့တွင်း သို့လိုက်သွားလေသည်။
ရောက်ရောက်ခြင်း ခရိတ် သည် ပါလီမန်လွှတ်`၌ ရှိနေသူ ဝန်ကြီး ဇွန်ဂါဘီရာနှင့် သွားတွေ့ပြီး အကျိုး အကြောင်း ပြောပြလေသည်။
မစ္စတာခရိတ် ကလည်းဗျာ ဘာမှအရေးမကြီးတဲ့ ကိစ္စတစ်ခုကို ရေးကြီးခွင်ကျယ် လုပ်ပြောနေတာကိုး။ သံဆူးကြိုး အတွက် ငွေမပေးချေရသေးတာကိုလည်း ဘယ်လိုမှ စိတ်ထဲမထားပါနဲ့။ စစ်ထောက်ချုပ်က သံဆူးကြိုး တွေ ထုတ်ပေးလိုက်တာကို ကျုပ်ဆီ တရားဝင် သတင်းမပို့သေးဘူး။ ဒါပေမယ့် ခင်ဗျားစိတ်ထဲ လိပ်ပြာ မလုံသလို ဖြစ်နေရင်တော့ ပစ္စည်းတန်ဖိုး ခန့်မှန်းချက်တွက်ပြီး ကျုပ်ဆီကို ချက်လက်မှတ် တစ်စောင် ပို့ထားလိုက်ပါ။ ကျုပ်ကြည့်လိုက်ပါ့မယ်။ သြော်... တစ်ခုတော့ရှိတယ်။ ချက်လက်မှတ် ရေးတဲ့ အခါ ဘယ်သူ့နာမည်မှ မရေးဘဲ လက်ရှိ (ငွေသား) လို့ပဲ ရေးလိုက်ပါ။ ဤသို့ ဗိုလ်ချုပ် ဖွန်ဂါဘီရာက ပြောလေသည်။
နောက်ရက်သတ္တပတ် များတွင် ခရိတ်သည် စိတ်ကူးနေရလွန်း၍ပဲလား မသိ။ ညဘက်ကြာကြာမအိပ်နိုင်ဘဲ နာရီ အနည်းငယ် မျှသာ အိပ်စက်သဖြင့် သူ့ကိုယ်သူပင် အံ့သြမိလေသည်။
ထူးခြား သည်ကား ညဘက် အိပ်ချိန်နည်းသော်လည်း နံနက်အိပ်ရာမှ ထချိန်တွင် ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ကြည်လင် လန်းဆန်း နေခြင်းပင်ဖြစ်သည်။ နံနက်လေးနာရီခွဲပြီဆိုလျှင် သူသည် အိပ်ယာမှထပြီး မာတာဘယ်လီ တိုင်းရင်းသားများနေသည့် တဲများသို့သွား၍ အားလုံးကို နှိုးကာ လုပ်ငန်းစောစော စတင် နိုင်အောင် ဆော်သြလေ့ ရှိသည်။
ထိုအခါ တိုင်းရင်းသားလူမည်းများသည် အိပ်ချင်မူးတူးဖြင့် ထလာပြီး အိပ်ရေးမ၀သေးဟု ညည်းညူ ကြသော်လည်း ခရိတ် ၏ လှုံ့ဆော်တွန်းအားပေးမှုကြောင့် ကြိုးစား၍ လုပ်ငန်းခွင်သို့ ၀င်လေ့ရှိကြသည်။ နေ့လည်မွန်းတည့် ချိန်တွင်ကား ရာသီဥတု ပူပြင်းလာပြီးဖြစ်၍ ခရိတ်သည် သစ်ပင် အရိပ်ကောင်း ကောင်းရှာပြီး တစ်ရေးတစ်မော အိပ်လေ့ရှိသည်။ အာဖရိကတိုက်သား လူမည်းများသည်လည်း နေ့လည် အပူရှိန် ပြင်းချိန်တွင် ခေတ္တအိပ်စက် အနားယူတတ်သော အလေ့ရှိလေသည်။
တစ်ရေးအိပ်လိုက်ခြင်းဖြင့် ပြန်လည် လန်းဆန်းလာသောအခါ ခရိတ်သည် မာတာဘယ်လီတိုင်းရင်းသား အလုပ်သမား များနှင့်အတူ အလုပ်ဆက်လုပ်ပြန်ရာ ညနေစောင်းသည်အထိပင် ဖြစ်လေသည်။ ဤသို့လျှင် သူ သည် ဘိုးအေးကြီး၏ မြေယာဟောင်း၌ ခေတ်မီ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာအောင် အထူး ကြိုးစား လုံးပန်းခဲ့လေသည်။
ညနေ အလုပ်သိမ်း၍ ကိုယ်လက်သန့်စင်ကာ စားသောက်ပြီးနောက် ခရိတ်သည် ယာယီပြုပြင်ထားသော နေအိမ် တစ်နေရာတွင် စားပွဲတစ်လုံးနှင့် ထိုင်လေ့ရှိလေသည်။ စားပွဲပေါ်တွင်ကား စာရွက်လွတ်များနှင့် ဘောလ်ပင် တစ်ချောင်း အသင့်ချထားပြီး လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ကူးရသည်တို့က ရေးမှတ် ထားလေ့ ရှိသည်။
သူ၏ရေးလက်စ စာမူကိုလည်း ထိုအချိန်မှာပင်ရေးလေ့ရှိသည်။ လျှပ်စစ်ဓါတ်မီး မရှိသော်လည်း ဂတ်စ် ဓါတ်ငွေ့သုံး လက်ဆွဲမှန်အိမ်တစ်လုံးမှ အလင်းရောင်ဖြင့် စာရေးပြီး အချို့ညများတွင် အာရုံစူးစိုက် ကောင်း လျှင် ကောင်းသလောက် ဆက်တိုက်ရေးတတ်သဖြင့် ညဉ့်သန်းခေါင်ကျော် အချိန်ထိအောင် ဆက်တိုက် ရေးတတ် လေသည်။
အိပ်ရာဝင်နောက်ကျ၍ နံနက်အိပ်ရာထချိန် နေမြင့်ခြင်းမရှိအောင်လည်း ကြိုးစား လေ့ကျင့် ထားသည့် အလျှောက် နံနက်လေးနာရီခွဲပြီးဆိုလျှင် ခရိတ်သည် အိပ်ရာမှထကာ လူမည်းတိုင်းရင်းသားများအား လိုက်နှိုးပြီး လုပ်ငန်းခွင်သို့ စောစောဝင်ရန် ပြင်ဆင်လေ့ရှိသည်။
ပူပြင်းသော နေပူရှိန်အောက်တွင် အလုပ်လုပ်ရခြင်းကြောင့် ခရိတ်၏ အသားအရေသည် နေလောင်ကာ ညိုရောင် သန်းလာလေသည်။ သို့သော် ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည့်အတွက် ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်သလို ဖြစ်ကာသူသည် သိသိသာသာ ကျန်းမာသန်စွမ်းကြံ့ခိုင်လာလေသည်။
သံဆူးကြိုး ခြံစည်းရိုးကာရံပြီးသလောက် နေရာအနှံ့အပြား သို့ မပင်မပန်း လျှောက်၍ စစ်ဆေးကြည့်ရှုနိုင် လေသည်။ ပြတ်နေသောခြေတစ်ဖက်မှ သစ်သားခြေတုဖြင့် လျှောက်ရသော်လည်း ဖျတ်လတ် သွက်လက် စွာ လျှောက်လာနိုင်လေသည်။
အလုပ်များလွန်း၍ အားလပ်ချိန်နည်းသောကြောင့် အမေရိကန်မှာတုန်းကလို ၀ီစကီအရက်လည်း မသော် ဖြစ် လေရာ အသင့်ရှိနေသည့် ၀ီစကီပုလင်းအသစ်တစ်လုံးကိုပင် မဖောက်ဖြစ်သေးချေ။ တညနေတွင် ခရိတ် သည် သူ၏ လင်ရိုဗာကားဖြင့် ကင်းလင်းခြံမြေတစ်ခုလုံးကို လှည့်ပတ်မောင်းကြည့်ပြီးနောက် အိမ်ကို ပြန်မောင်း လာစဉ် အိမ်နားသို့ချဉ်းကပ်မိသည်နှင့် ရုတ်တရက်အံ့အားသင့်သွားလျက် ကားကို ခေတ္တရပ် ထားလိုက်မိသည်။
အံ့အားသင့်သည်အကြောင်းကား အလွန်မွှေးကြိုင်သော အမဲသားကင်အနံ့နှင့် အာလူးကြော်အနံ့တို့ကို ရပြီး ချက်ခြင်းပင် ဆာလောင်သလိုဖြစ်လာမိသောကြောင့်ပင်ဖြစ်သည်။
ခရိတ် လည်း ထူးဆန်းလှသည်ဟု အောက်မေ့လျက် အိမ်၏ ပြင်ဘက်ရှိ ယာယီဆောက်လုပ်ထားသော ထမင်းချက်ခန်း သို့ သွားကြည့်လိုက်တော့မှ အဖြစ်မှန်ကို သိရလေတော့သည်။
ထမင်းချက်ခန်း ထဲတွင်ကား ဆံပင်ဖြူဖြူနှင့် တိုင်းရင်းသားလူမည်းအဖိုးကြီး တစ်ဦးသည် အမဲသားရိုစ့်ခေါ် မျက်နှာဖြူ လူမျိုးတို့အကြိုက် ဟင်းလျာကို အထူးဂရုစိုက်ချက်ပြုတ်နေလေသည်။
အဘိုးကြီး သည် ခရိတ်ကိုမြင်လျှင် အပြစ်တင်သည့် ဟန်မျိုးဖြင့် လှမ်းကြည့်လေသည်။ ဘာဖြစ်လို့ ကျုပ်ကို စောစော က အကြောင်းမကြားလိုက်တာလဲ ကင်းလင်းမွေးမြူရေးခြံမှာ ကျုပ်ကလွဲလို့ ဘယ်သူကမှ ထမင်း လာချက်ခွင့် မရှိဘူး။ ကျုပ်တစ်ယောက်တည်းသာ ချက်နေကျ မဟုတ်လား။
အဘိုးကြီးက မာတဘယ်လီ တိုင်းရင်းသား ဘာသာစကားဖြင့် ပြောလိုက်ရာ ခရိတ်လည်း ချက်ချင်းမှတ်မိပြီး ဟင် ဂျိုးဇက် ပါလား... ဟုရေရွတ်ကာ အဘိုးကြီးအား ဖက်လဲတကင်း ရင်းနှီးစွာ နှုတ်ဆက်လိုက်လေသည်။
ဂျိုးဇက်အမည်ရှိ မာတာဘယ်လီ တိုင်းရင်းသားကြီးသည် ခရိတ်၏ဘိုးအေကြီး ဘာဂူထံတွင် နှစ်ပေါင်း သုံးဆယ်ခန့် ထမင်းချက်အဖြစ် အမှုထမ်းခဲ့ဖူးသူ လူရင်းတစ်ယောက်ပင်ဖြစ်သည်။ အထူးသဖြင့် မျက်နှာဖြူ ဥရောပ သားတို့အကြိုက် အစားအစာများကို အလွန်ကျွမ်းကျင်စွာ ချက်ပြုတ်တတ်ပြီး သူ၏ လက်ရာ များကိုလည်း လူတကာက ချီးကျူးခဲ့ကြရသည်။
ခရိတ်၏ အဘိုးဖြစ်သူ ဘာဂူက ရံဖန်ရံခါ မျက်နှာဖြူဧည့်သည်များ ဖိတ်ကြား၍ ညစာ စားပွဲ တည်ခင်း ဧည့်ခံတတ်ရာ ထမင်းချက် အဘိုးကြီး ဂျိုးဇက်က ဧည့်သည်ငါးဆယ်ကျော်အတွက် အကောင်းဆုံး ဟင်းလျာများ ချက်ပြုတ် တည်ခင်းနိုင်လေသည်။
သူသည် ဥရောပတိုက်သား ဟင်းလျာများသာ ချက်တတ်သည် မဟုတ်။ တောလိုက် အမဲပစ်ထွက်သည့်အခါ ရောက်လေရာ တောတောင်ထဲမှာပင် ယာယီမီးဖိုပြုလုပ်၍ ဧည့်သည်အားလုံးတွင် အရေးပေါ် အစားအစာ များ ကောင်းစွာ ချက်ပြုတ်နိုင်စွမ်းလည်း ရှိပေသည်။
သူသည် ခရိတ်အား ငယ်စဉ်ကပင် သိကျွမ်းခင်မင် ရင်းနှီးခဲ့ပြီး ခရိတ်၏ အမည်ကိုလည်း တိုင်းရင်းသား ဘာသာ ဖြင့် နီကိုဆာနာဟု ခေါ်လေ့ရှိသည်။
နီကိုဆာနာ၊ မောင်ရင့် အ၀တ်အစားတွေ အားလုံးက ညစ်ပတ်နေပြီး အိပ်ရာကလည်း ဖရိုဖရဲနဲ့ လုံးဝ ကြည့်မကောင်း အောင် အရုပ်ဆိုးလှတယ်။ ဒါကြောင့် ကျုပ်တို့က အတော်အချိန်ကုန်ခံပြီး သန့်ရှင်းရေး လုပ်ခဲ့ ရတယ်
အဘိုးကြီးဂျိုးဇက်က ပြောရာတွင် ကျုပ်တို့ဟုဆိုခြင်းကြောင့် သူနှင့်အတူ အဖော်တစ်ယောက်ယောက် ပါလာကြောင်း ထင်ရှားသဖြင့် သေချာစွာကြည့်လိုက်တော့မှ တိုင်းရင်းသားလူငယ်တစ်ဦးကို သတိပြုမိ လေသည်။
ထိုလူငယ်ကား တစ်ချိန်က ခရိတ်တို့ မိသားစုနေအိမ်တွင် အောက်ခြေသိမ်းအလုပ်မျိုး လုပ်ရသူ ဘွိုင်အဖြစ် အမှုထမ်း ခဲ့သော ကာပါလာလာ ဆိုသူပင် ဖြစ်လေသည်။
အဘိုးကြီး ဂျိုးဇက် နှင့် ကာပါလာလာတို့သည် သူတို့သံယောဇဉ် ကြီးလှသော မိသားစုမှ ခရိတ် ပြန်လည် ရောက်ရှိ လာကြောင်း သတင်းကြားကြားချင်း ယခုကဲ့သို့ ၀မ်းသာအားရ လာရောက် အလုပ်လုပ်ကြခြင်း ဖြစ်လေ သည်။
ဟေး..... ကာပါလာလာ မင်းကို ပြန်တွေ့ရတာ ၀မ်းသာလိုက်တာကွာ
ခရိတ်နှုတ်ဆက်လိုက်ရာ ကာပါလာလာကလည်း ၀မ်းသာအားရဖြစ်လျက် သွားများပေါ်အောင် ပြုံးနေ လေသည်။
ကာပါလာလာ သည် ခရိတ်၏အ၀တ်အစားများကို ကောင်းစွာ လျှော်ဖွပ်၍ မီးပူတိုက်နေလေသည်။ သူသည် ခရိတ် ၏ အိပ်ခန်းကိုလည်း သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းပြုပြင်ထားပြီးဖြစ်သည်။
အဘိုးကြီး ဂျိုးဇက်က ခရိတ်အား လှမ်းပြောပြန်သည်။
ကျုပ်က ဒီအိမ်မှာ လိုအပ်တဲ့ပစ္စည်းတွေကို စာရင်းတစ်ခုလုပ်ထားတယ်။ ပစ္စည်းတွေက သိပ်ပြီးတော့ မများပါဘူး၊ လောလောဆယ် လိုအပ်မယ့်ဟာတွေ လောက်ပါပဲ။ ဒါပေမယ့် မောင်ရင့်အနေနဲ့ ဒီလို အိမ်စုတ်မျိုး မှာ နေထိုင်ဖို့ မသင့်တော်ဘူး။ တကယ်လို့သာ မောင်ရင့်ဘိုးအေကြီး ဘာဂူရှိနေရင်လည်း သူ့မြေး ဒီလို အိမ်စုတ်မျိုးမှာ နေတာကို သဘောတူလက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်က ဒီအိမ်ကို အမြန်ဆုံး ပြုပြင်ပြီး တည်ဆောက်ဖို့ အစီအစဉ်တွေ လုပ်ထားလိုက်ပြီ။
ကျုပ်ဇနီးအကြီးဆုံး ရဲ့ ဦးလေးတစ်ယောက်က အိမ်အမိုး မိုးတဲ့ နေရာမှာ အလွန်ကျွမ်းကျင်ပါတယ်။ ဒါကြောင့် ကျုပ်က သူ့ကို အမြန်ဆုံး လာခဲ့ဖို့ အကြောင်းကြားလိုက်တယ်။ သူတင်မကဘူး။ ပန်းရန် အလုပ် အလွန်တော်တဲ့ သူ့သားကြီးနဲ့ လက်သမားဆရာတစ်ဦးဖြစ်တဲ့ သူ့တူတစ်ယောက်ကိုပါ ခေါ်ခဲ့ဖို့ အကြောင်း ကြား လိုက်တယ်။ နက်ဖြန်ဆိုရင် သူတို့တွေ ဒီလို ရောက်လာလိမ့်မယ်။ ရောက်ရောက်ချင်းပဲ သူတို့က ဒီအိမ် ကို အမြန်ပြုပြင်တည်ဆောက်ဖို့ အလုပ်စကြလိမ့်မယ်။
ဟိုခွေးသား ရှိုနာလူမျိုးတွေ ဖျက်ဆီသွားတာတွေကို ပြန်ပြုပြင်မှဖြစ်မယ်။ ပန်းခြံကို ပြုပြင်မွမ်းမံဖို့လည်း လူတစ်ယောက် တွေ့ထားတယ်။ အဲဒီလို အိမ်ကို ပြုပြင်ပြီးမှလည်း ဒီနှစ် ခရစ္စမတ်ပွဲတော်ကျတော့ ဧည့်သည် သုံးဆယ်လောက် ညစာစားပွဲဖိတ်ခေါ်လို့ ကောင်းမှာ။ ကဲ.... မောင်ရင် ရေမိုးချိုးချည်ပါအုံး၊ နောက် ဆယ့်ငါးမိနစ်ကြာရင် ညစာ အဆင်သင့် ဖြစ်တော့မယ်
ဤသို့လျှင် အဘိုးကြီး ဂျိုးဇက်သည် တစ်ချိန်က သူ ဤအိမ်တွင် အမှုထမ်းခဲ့စဉ်ကလို ပုံမှန်ဖြစ်အောင် ပြုလုပ် ရန် ဆန္ဒပြင်းပြဟန်ဖြင့် ပြောလေသည်။
ခြံစည်းရိုးများ ခိုင်ခံစွာ ကာရံပြီး နေအိမ်ကိုလည်း ပြုပြင်နေပြီဖြစ်သောကြောင့် ခရိတ်သည် တကယ့်လုပ်ငန်း စတင်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လေသည်။
မွေးမြူရေး လုပ်ငန်းအတွက် လိုအပ်သောပစ္စည်းများနှင့် မျိုးကောင်းနွားများ ၀ယ်ယူဖြည့်တင်းရန်အတွက် ခရီးထွက်ရန် လည်း ပြင်ဆင်လေသည်။
ခရိတ်သည် အလုပ်သမားများကို ကြီးကြပ်ကွပ်ကဲသူ ရှာဒရပ်နှင့် ထမင်းချက်အဘိုးကြီး ဂျိုးဇက်တို့ကိုခေါ်၍ သူ ခရီးထွက်နေခိုက် နှစ်ယောက်စလုံးက ကောင်းစွာ ကြည့်ထားကြရန် တာဝန်ပေးပြီးနောက် လင်းရိုဗာ ကားဖြင့် လေဆိပ်သို့ သွားသည်။
လေဆိပ်ရှိ မော်တော်ယာဉ်များထားရန် သတ်မှတ်ထားသော သီးသန့်နေရာတွင် လင်းရိုဗာကားကို ထားပစ်ခဲ့ပြီး တောင်အာဖရိကသို့ ပျံသန်းမည့် မီရာလေယာဉ်တစ်စင်းဖြင့် စီးနင်းလိုက်ပါသွားလေသည်။
တောင်အာဖရိက နိုင်ငံ ထရန်စ်ဗားလ်နယ်သည် ရာသီဥတု သင့်တင့်ကောင်းမွန်သဖြင့် မွေးမြူရေး လုပ်ငန်းကြီး များကို လေ့လာကြည့်ရှုလေသည်။ မျိုးကောင်းမျိုးသန့်နွားများ ၀ယ်ယူရရှိရေးအတွက်လည်း သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။
အခန်း (၁၂) အဆက်(၂) ဆက်ရန်
.

1 comment:
ဆရာမရေ.. ဇင်ဘာဘွေ အခန်း (၁၂) ကို ဖတ်သွားပါပြီခင်ဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment