Saturday, August 28, 2010

ကြယ်နီ အပိုင်း (၄၇)

(၅)

' ဟေ့ကောင် ... မင်း သူတို့နဲ့အတူ ရွာထဲမှာ ဟင်းရံပန်းကန် လိုက်ဝေရမယ်၊ ကြားလား '
တောင်ကျော် သည် ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်းရှိ ရှုခင်းကို ကြည့်၍ အူမြူးနေရာမှ သူ့နောက်မှ သည် အသံကြောင့် ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ့ အသက်အရွယ် လောက်ပင်ရှိသော 'ဆံရစ်ဝိုင်း' ကလေးနှင့် ချစ်စဖွယ် ကောင်ငယ်ကလေး တစ်ဦးကို သူ တွေ့မြင်ရသည်။ အသားဖြူဖြူ၊ အရပ်မှာ ပုပျပ်ပျပ်နှင့် နက်မှောင်သော မျက်ခုံး၊ ကြည်လင် ၀ိုင်းစက်သော မျက်လုံး၊ ပေါ်လွင်သော နှာတံများကြောင့် အတော်ပင် ချစ်စရာ ကောင်းနေသည်။ သူ့ ၀ိုင်းစက်စက် မျက်နှာကလေးနှင့် သူ့ခေါင်းမှာ 'ဆံရစ်ဝိုင်း' ကလေးမှာ အချိုးကျ အဆင်ပြေအောင် လိုက်ဖက် နေသဖြင့် ကြည့်ကောင်းလှသည်။ သို့သော် သူသည် ဘုန်းတော်ကြီး၏ အထူး အရေးပေးခြင်း ကို ခံယူရသော အချစ်တော်တစ်ဦးဖြစ်၍ တက်ကြွလျက် ရှိသော မာနက သူ၏ ချစ်စရာ ရုပ်သွင်ကို ဖျက်ဆီး နေသည်။

ယခု တောင်ကျော်ကို အမိန့်ပေးသလို ပြောလိုက်သော မောက်မာသည့် သူ့စကားများကပင် သူ၏ မာနကို ဖော်ပြနေ၏။ တောင်ကျော်သည် စိတ်ဆိုးလှစွာ မျက်မှောင်ကုတ်လိုက်၏။
' နေစမ်းပါဦးကွ၊ မင်းက ဘာကောင်မို့ ငါ့ကို လာပြီး အမိန့်ပေးနေရသလဲ '
' ဟေ့ ... ငါ ဘာကောင်ဆိုတာ မင်း မသိသေးဘူးလားကွ။ ဟဲ ... ဟဲ ... ငါ ဘာကောင်လဲဆိုတာ မင်း သိချင် ရင် သူတို့နှစ်ယောက်ကိုသာ မေးကြည့်ပေတော့ '
စကားအဆုံးတွင် သူသည် တဟဲဟဲဖြင့် ပမာမခန့် ရယ်မောလိုက်ပြီးနောက်၊ တောင်ကျော်အနီးမှ ဆောင့်ကြွားကြွား ထွက်ခွာသွား၏။ တောင်ကျော်သည် ချစ်စရာ ရုပ်ကလေးနှင့် မုန်းစရာ အသွင်များ ပေါင်းစပ် ထားသည့် ဤဘုန်းတော်ကြီး၏ အချစ်တော်ကလေးကို မုန်းတီးလှစွာ အံကြိတ်၍ ကြည့်ရင်း ကျန်ရစ် ခဲ့၏။
' သူ့ကို သွားမစမ်းပါနဲ့ကွ၊ သူက ဘုန်းတော်ကြီးရဲ့ အချစ်တော်ကလေးဆရာ၊ နေရာတကာ သူ့လက် သူ့ခြေ သူ့အမိန့်ချည့်ပဲ။ သူ ခိုင်းတာကို မလုပ်ရင် သူက ဘုန်းကြီး ကို ဟုတ်တာထက် ပိုပြီး သွားလျှောက် မှာမို့ အတီးခံရမှာ ဆရာ '

တောင်ကျော်၏ အနီးတွင် ရှိနေသော သူငယ်ကလေး နှစ်ယောက်အနက် အသားဖြူဖြူ ကိုယ်ဟန် နွဲ့နောင်း သော သူကလေးက တောင်ကျော်အား ရှင်းပြလိုက်ခြင်းဖြစ်၏။ ဤသူငယ် ကလေးကား ရွာထဲမှ ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦး၏ သားဖြစ်၍ ဥာဏ်ကောင်းလှသောကြောင့် ဘုန်းတော်ကြီးက ကျောင်းအိပ် ကျောင်းစား ခေါ်ယူထားကာ ကိုရင်များနှင့်အတူ စာလိုက်စေ၏။
ယခု သူသည် အရွယ်နှင့် မလိုက်အောင်ပင် သဒ္ဒါနှင့် သင်္ဂြိုဟ်ကို နေ့ဝါ အဖြစ်လည်းကောင်း၊ မာတိကာကို ည၀ါ အဖြစ်လည်းကောင်း ကိုရင်များနှင့်အတူ စာလိုက်နေရ၏။ ရွာထဲမှာကတည်းက တောင်ကျော်နှင့် ကစားဖော် ကစားဖက်အဖြစ် ရင်းနှီးခဲ့သူဖြစ်၏။

' သြ ... ဒီလိုလား၊ ဒါကြောင့်မို့ သူက လူပါးဝတာကိုး။ ဒီအတိုင်းသာ လူပါးဝနေရင်တော့ ဒီကောင့်ကို တစ်နေ့  ငါ တီးမယ်ကွ '
တောင်ကျော်က တစ်ထစ်ချ ဆုံးဖြတ်ထားသော အသံမျိုးဖြင့် ပြောဆိုလိုက်၏။ ဒါကို ကုန်စုံဆိုင်ပိုင်ရှင်၏ သား အေးမောင်က -
' သူ့ကို မင်း သွားတီးရင် သူ့ကို တီးတာထက် နာအောင် ဘုန်းကြီးက မင်းကို ပြန်တီးမှာပေါ့။ ဘုန်းကြီးက သူ့ ကို သိပ်ချစ်ပြီး သိပ်အလိုလိုက်ထားတာကွ၊ ကျက်သရေခန်း သော့ကိုတောင် သူ့ကို အပ်ထားတယ် '
' အို ဘုန်းကြီး တီးမှာကြောက်လို့ ဒီအတိုင်း ခေါင်းငုံ့ခံနေရင် ဒီကောင်က ပိုပြီး လူပါးဝနေမှာကွ၊ ဘာဖြစ်ဖြစ် ကွာ၊ ဒီကောင်ကို ဒီကနေ့ပဲ ငါ တီးမယ် '
တောင်ကျော်က ရက်ကိုပင် ဆွဲမထားဘဲ ဒီနေ့ပင် တီးရန် ဆုံးဖြတ်ပြီး ပြောလိုက်၏။

ဤတွင် ကုန်စုံဆိုင်ပိုင်ရှင်၏ သား အေးမောင် အနီး၌ ထိုင်နေသော မျက်လုံးပြူးပြူး၊ ပါးရိုးကြီးကြီး၊ နှာခေါင်း ပွပွနှင့် သူငယ်က ကြားဝင်၍ ပြောလိုက်၏။
' လာစမ်းပါကွာ တောင်ကျော်ရယ်၊ မင်း တီးချင်တဲ့ အခါကျတော့လည်း တီးတာပေါ့၊ အခုတော့ ငါနဲ့အတူ ဟင်းရံ ပန်းကန် လိုက်ဝေစမ်းပါဦးကွ။ ဘယ်လောက်မှ မပင်ပန်းပါဘူး '
ပြောပြောဆိုဆိုနှင့်ပင် တောင်ကျော်၏ လက်ကို ဆွဲခေါ်သွားသဖြင့် တောင်ကျော်သည် ကန့်လန့် ကန့်လန့် နှင့် ပါသွားရ၏။ တောင်ကျော်ကား ဤသူငယ်နှစ်ဦးနှင့် အိမ်နီးချင်း ကစားဖော် ကစားဖက် များဖြစ်ကြ၍ အတော်ပင် ချစ်ခင်ကြ၏။ ဤသူငယ်နှစ်ဦးနှင့် သူ့ဖခင်မှတစ်ပါး အခြားသော သက်ရှိ သတ္တ၀ါများကိုမူ သူ၏ ငြိုးသူရန်ဘက်ပမာ အမြဲ စွဲမှတ်ထားသူဖြစ်၏။

မျက်လုံးပြူးပြူး၊ ပါးရိုးကြီးကြီး၊ နှာခေါင်းပွပွနှင့် သူငယ်ကလေး ညိုထွေးနှင့် တောင်ကျော်တို့သည် ဟင်းရံ ပန်းကန် များ ထည့်ထားသော ကြေးလင်ပန်းကြီးမှ သွပ်ဆိုင်းကြိုးတွင် ထမ်းပိုးဝါးကို လျှိုသွင်း၍ ရှေ့နောက် ထမ်းကာ ရွာတွင်းသို့ထွက်ခွာလာ၏။ အေးမောင်မှာမူ ကိုရင်များနှင့်အတူ စာကြီးပေကြီး များကို လိုက်နေရသူ ဖြစ်သဖြင့် ကျောင်းတာဝန် ဗာဟီရများမှ လွတ်ငြိမ်းခွင့် ရထားသူဖြစ်၏။
ဘုန်းကြီးကျောင်းတွင် ကျောင်းသားအဖော်များနှင့် လွတ်လပ်စွာ ဆော့ကစားရမည်ကို မျှော်မှန်းထားသော တောင်ကျော် သည် ကျောင်းတာဝန် ဗာဟီရများနှင့် လာတိုးနေရသောအခါ အတော်ပင် စိတ်ပျက် သွားမိ၏။ ဤသို့ စိတ်ပျက်မိလေလေ၊ ဘုန်းတော်ကြီး၏ အချစ်တော်ကလေး ဆိုသူအား ဒေါသထွက် လာလေ ဖြစ်နေမိရာ ' ဒီနေ့ပဲ ... တီးမယ် ' ဟူသော ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာသွား၏။

တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် ရွာစဉ်တစ်လျှောက် ဟင်းရံပန်းကန် လိုက်ဝေပြီးနောက် ရွာဆုံး သောအခါ တွင် ဟင်းရံပန်းကန် လက်ကျန်မရှိတော့ပေ။ အပြန်တွင် သူတို့သည် ထိုဟင်းရံပန်းကန် များကို တစ်အိမ် တက်ဆင်း သိမ်းဆည်းယူဆောင်သွားရမည်ဖြစ်သည်။ သို့သော် ယခုအချိန်မှာ ချက်ချိန် ပြုတ်ချိန် မို့ အိမ်ရှင်များသည် သူတို့၏ ဟင်းရံပန်းကန်များထဲသို့ ဟင်းရံများ လောင်းထည့် ထားနိုင်ကြ ဦးမည် မဟုတ်။ သူတို့ လွတ်လပ်စွာ ဆော့နိုင်ရန် အချိန် အနည်းငယ်ရရှိနေပြီ။ ' လာကွာ ... ဟေ့ ညိုထွေး၊ ထွေပစ်တမ်း ကစားရအောင် '
' လာလေ ... ရှုံးတဲ့သူ အစီးခံတမ်း'

' စိမ်လိုက် .. လူ စီးချင်လွန်းလို့ ငါ့ပေါင်သားတွေ ယားနေတာ ကြာလှပြီကွ၊ နောက်ပြီး ငါက နတ်မြင်းပျံ စီးရတယ် လို့ အိပ်မက် မက်ထားတဲ့ လူကွ '
' ဘယ်သူ ကုန်းပြီး ဘယ်သူ တက်စီးရမယ်ဆိုတာ ကြည့်ကြသေးတာပေါ့၊ နောက်ပြီး မင်း မငြင်းနဲ့နော်၊ မင်းက သိပ်ပြီး အငြင်းသန်တဲ့လူ '
မှန်သည်။ တောင်ကျော်ကား ကလေးချင်း ကစားရာ၌ အင်မတန် အငြင်းသန်သူဖြစ်သည်။ အင်မတန် ဆင်ခြေ များ၍ အင်မတန် ဥာဏ်များသူလည်းဖြစ်သည်။ ထို့ကြောင့် ကစားဖော် ကစားဖက်များက တောင်ကျော် အား လန့်ကြသည်။

နှစ်ဦးသား စဥ့်အိုးကွဲ တစ်ယောက် တစ်ခုစီ ရှာဖွေယူငင်လာပြီးနောက် မြေကြီးပေါ်တွင် စည်း(မျဉ်း ကြောင်း)ကို ရေးခြစ်ကြ၏။ ထို့နောက် ထိုစည်းကို မျက်နှာမူကာ စည်းနှင့် ခပ်လှမ်းလှမ်းအကွာတွင် သွားရပ် ကြ၏။ တောင်ကျော်က စ၍ သူ့လက်တွင်းမှ စဥ့်အိုးကွဲဖြင့် စည်းပေါ်သို့ ပစ်လိုက်ရာ စဥ့်အိုးကွဲမှာ စည်းနှင့် တစ်လက်မပင် မကွာသော နေရာ၌ သွားကျသဖြင့် 'နိပ်ဟ'ဟု အသံကုန် အော်ပြီး မြေကြီးပေါ်မှ ထ ခုန်လိုက်၏။ သို့သော် သူ့နောက်မှ ပစ်လိုက်သော ညိုထွေး၏ စဥ့်အိုးကွဲ မှာ စည်းပေါ်သို့ တည့်တည့် မတ်မတ် အုပ်ကျသွားသဖြင့် တောင်ကျော်၏ မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
' အောင်မာ ... အစမို့ပါကွာ၊ နောက်တစ်ခါကျရင် သိကြရောပေါ့ '

သူသည် ရသေ့စိတ်ဖြေ စကားမျိုး ပြောလိုက်ကာ ခါးကို ကုန်းပေးလိုက်ရ၏။ ညိုထွေးသည် စဥ့်အိုးကွဲ (ထွေ) နှစ်ပြားကို လက်တွင် ကိုင်ကာ တောင်ကျော်၏ ကျောပေါ်သို့ တက်ခွလိုက်၏။ ညိုထွေးမှာ သန်မာ တောင့်တင်း သူဖြစ်၍ တောင်ကျော်ကား ပိန်သေးသေးနှင့် ခါးချည့်ကလေးဖြစ်ရာ ညိုထွေး၏ အလေးချိန် ကို မခံနိုင်ဘဲ ယိမ်းထိုးနေ၏။

ညိုထွေးသည် တောင်ကျော်၏ ကျောပေါ်မှနေ၍ တောင်ကျော်၏ ထွေကို ခပ်ဝေးဝေးနေရာသို့ ရောက်အောင် လှမ်းပစ်လိုက်ပြီးနောက် ' လိုက်မလား ... မလိုက်ဘူးလား ' ဟုမေးလိုက်၏။
တောင်ကျော် သည် ထွေ၏ အကွာအဝေးကို ခန့်မှန်းချင့်တွက်ပြီးနောက် ကျန်ရှိနေသောထွေကို ထိမှန်အောင် သို့မဟုတ် တစ်ထွာကွာနေရာ ရောက်အောင် သူ ပစ်နိုင် မပစ်နိုင် ချိန်ဆနေ၏။
နောက်ဆုံး တွင် ကျောပေါ်၌ လူတစ်ကိုယ် အလေးချိန် ရှိနေ၍ သူ မပစ်နိုင်ဟု ယူဆကာ ' အလိုက် ဘူးကွာ' ဟု ပြောလိုက်၏။

ဤတွင် ညိုထွေးသည် သူ့လက်တွင်းမှ ထွေဖြင့် ထိုထွေကို ပစ်လိုက်ရာ ထွေကို ထိမှန်ခြင်း မရှိသော် လည်း အနီးကပ်၍မူ ကျသွား၏။
' ဟေ့ ... မင်း သွားထွာကြည့်ဦး၊ မင်း တစ်ထွာ ရှိမှ ငါ အစီးခံမယ်၊ အခု တစ်ထွာ မရှိရဘူးကွာ'
' အို ... တစ်ထွာရှိတဲ့ ဟိုဘက် နှစ်ဘူတာ လွန်သွားသေးတယ် '
ပြောပြောဆိုဆိုပင် ညိုထွေးသည် တောင်ကျော်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် ထွေနှစ်ပြား ရှိရာသို့ အပြေးသွားသဖြင့် တောင်ကျော်လည်း နောက်မှ ပြေးလိုက်သွား၏။ ရောက် သောအခါ ညိုထွေး သည် ထွေတစ်ပြားတွင် သူ့လက်မကို ထိထားစေပြီးနောက်၊ ကျန် အခြား ထွေ တစ်ဖက်သို့ သူ့လက်ချောင်း များကို ဆန့်တန်းလိုက်ရာ သူ့ လက်ခလယ်နှင့် ထိရုံကလေးသာ ရှိ၏။
' အံမာ ...  ဘာရမလဲ၊ မင်းက လက်ခလယ်နဲ့ ထွာတာကိုး၊ လက်ညိုးနဲ့ ထွာမယ်ကွ'

' ဟေ့ ... ဘယ်အခါမဆို လက်ခလယ်နဲ့ ထွာတာကို အသိသားနဲ့၊ မင်း အစီးခံရမှာ စိုးလို့ ငြင်းချင် လာပြီ'
နှစ်ယောက်သား လက်ခလယ်နှင့် လက်ညိုး ငြင်းရင်းပင် ညိုထွေးမှာ လူရိုး စိတ်တို ဖြစ်သဖြင့် -
' တော်ပြီကွာ ... မင်း သိပ်အငြင်းသန်တဲ့ အကောင်၊ နောက်ကို မင်းနဲ့ ဘယ်တော့မှ မကစားဘူး' ဟု ဆိုကာ စိတ်ဆိုးမာန်ဆိုး ထွက်သွားသဖြင့်၊ တောင်ကျော်လည်း သူ အစီးခံရခြင်းမှ သက်သာ သွားပြီဟု ကျေနပ် ၀မ်းမြောက်ကာ -
' မကစားချင်ရင် နေပါလား'ဟု ပြန်ငေါ့လိုက်သေး၏။ သို့ဖြင့် သူတို့ ကစားပွဲမှာ မကြာရှည်ဘဲ ပျက်သွား ရတော့၏။

(၆)

ဘုန်းကြီးကျောင်းမှ စည်ကြီး ကိုးချက်တီးသည့်အခါတွင် တောင်ကျော်နှင့် ညိုထွေးတို့သည် ဟင်းရံ ပန်းကန် များကို လိုက်သိမ်းကြ၏။ အချို့ အိမ်များမှ ဟင်းရံပန်းကန်တွင် ဟင်းရံအပြည့် ထည့်လျက် ရရှိကြသော် လည်း အချို့ အိမ်များမှ ဟင်းရံပန်းကန်တွင်မူကား ' ဟင်း မချက်ရသေး 'ဟူ၍ လည်း ကောင်း၊ 'ဒီနေ့တော့ ကန်တော့ ဆွမ်းပါ' ဟူ၍လည်းကောင်း မည်သည့် ဟင်းရံမျှမပါဘဲ ဗလာဖြစ် နေ၏။
သူတို့သည် တစ်အိမ်တက်ဆင်းနှင့် ရွာစဉ်တစ်လျှောက် ဟင်းရံပန်းကန်လိုက်သိမ်းပြီးနောက် ဘုန်းကြီးကျောင်း သို့ ထမ်းပြန်လာ၏။
ကျောင်းသို့ရောက်၍ ဆွမ်းစားခန်းထဲတွင် ဟင်းရံပန်းကန်များ ထည့်ထားသည့် ကြေးလင်ပန်းကြီးကို ချမိသည် နှင့် တစ်ပြိုင်နက် ဘုန်းတော်ကြီး၏  အချစ်တော် ကလေး ရောက်လာ၏။
သူသည် ဟင်းရံပန်းကန်များကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရှုနေရင်းမှ မည်သည့် ဟင်းရံမှ မပါဘဲ ဗလာ ဖြစ်နေသော ဟင်းရံပန်းကန်ကို တွေ့လိုက်ရသည့်အခါတွင် တောင်ကျော်အား ခပ်တည်တည် မော်ကြည့်ကာ -

' ဒီထဲက ဆွမ်းဟင်းတွေက ' ဟင်း မချက်ရသေးဘူး၊ မင်း ခိုးစားတယ် မဟုတ်လား ... ဟင် ' ဟု စွပ်စွဲ လိုက်၏။
' မင်း ပထွေးတွေက ' ဟင်း မချက်ရသေးဘူး၊ ဒီနေ့တော့ ကန်တော့ဆွမ်းပါ ' ဆိုပြီး မထည့်ဘဲနေလို့ ဒီတိုင်း ပြန်ယူလာရတာကွ၊ မင်းအမေ့လင် ငါ ခိုးစားရမှာလား '
တောင်ကျော်က ဒေါသထွက်ထွက်နှင့် ခပ်ကြမ်းကြမ်း ပြောလိုက်၏။ ရိုက်ချင်သော စိတ်ဖြင့် လက်ယား လာသည် ကိုလည်း မနည်းချုပ်တည်းထားရ၏။ တောင်ကျော်၏ ဒေါသကို ဘုန်းတော်ကြီး၏ အချစ်တော် ကလေး ထိတ်လန့်သွားပုံ ရ၏။

' ဟေ့ စကားပြောတာ ဒါလောက်တောင် မမိုက်ရိုင်းနဲ့၊ ငါ ဘုန်းတော်ကြီးကို သွားလျှောက်ရင် မင်း အတီးခံ ရမှာ ဆရာ '
တောင်ကျော် က ပမာမခန့် ပြုံးလိုက်၏။ သူ့၌ ပင်ကိုသတ္တိ မရှိဘဲ ဘုန်းကြီးအားကိုးနှင့် စွာနေခြင်း ဖြစ်ကြောင်း သိလိုက်ရ၍လည်း ပို၍ပင် အထင်သေးသွားမိ၏။ ' နေနှင့်ဦးပေါ့ကွာ' ဟူ၍လည်း ၀မ်းထဲ၌ ကြိတ်ကာ တတေးတေးထားလိုက်၏။

တစ်ကျောင်းလုံးတွင် ဘုန်းတော်ကြီး၏ အချစ်တော်ကလေး အသံသာလွှမ်းနေ၏။ သူသည် ဘုန်းတော်ကြီး နှင့် ဦးပဉ္စင်း၊ ကိုရင်များအား ဆွမ်းကပ်ရန် အတွက် ဆွမ်းတော်ပွဲကို စီစဉ် ခင်းကျင်း နေ၏။ သို့သော် သူကိုယ်တိုင် လုပ်ကိုင်နေခြင်း မဟုတ်ဘဲ အခြား ကျောင်းသားများကိုသာ အလုပ်ပေး စီမံနေခြင်း ဖြစ်သည်။ အထူးသဖြင့် တောင်ကျော်အား အငြိုးထားကာ ဖိခိုင်းနေ၏။
' ဟို စားပွဲခုံကို ဒီဘက် ရွှေ့လိုက် ' ဟို ဟင်းပန်ကန်ကို ဒီစားပွဲပေါ် တင်လိုက်' စသဖြင့် တစ်ခဏ ကလေး မျှ အနားမပေးဘဲ အဆက်မပြတ် အမိန့်ပေးစေခိုင်းနေ၏။

တောင်ကျော်မှာ ဘုန်းတော်ကြီး၏ မျက်မှောက်တွင်ဖြစ်၍ မည်သို့မျှ မတတ်နိုင်ဘဲ စေခိုင်းသမျှကို အောင့်သက်သက် နှင့် လုပ်ကိုင်နေရ၏။ သို့သော် သူ၏ စိတ်တွင်းမှမူ ' ဒီ အကောင်ကို ဒီနေ့ ရိုက်ဖြစ် အောင် ရိုက်မယ် 'ဟု ရေရွက်နေ၏။
အမှန်ကတော့ ဘုန်းကြီး၏ အချစ်တော်ကလေးသည် လူတော်ကလေးပင်ဖြစ်သည်။ သူသည် အရာကိစ္စ အားလုံး ကို သွက်သွက်လက်လက်နှင့် ချက်ချက် ချာချာ စီမံတတ်သူပင် ဖြစ်သည်။ ဘယ်ဟင်းရံမှာ ဘုန်းကြီးပွဲ နှင့် သင့်လျော်၍၊ ဘယ်ဟင်းရံမှာ ဦးပဉ္စင်းများနှင့် ထိုက်သင့်ကာ၊ ဘယ်ဟင်းရံကိုမူ ကိုရင်များ ၀ိုင်း သို့ ပို့ရမည် စသဖြင့် ခွဲခြား စီမံတတ်၏။

ဆွမ်းစားရန် အချက်ပေး ကြေးစည်ကို ရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘုန်းတော်ကြီးနှင့် ဦးပဉ္စင်းများ၊ ကိုရင်များသည် ဆွမ်းစားခန်းထဲသို့ စုပြုံဝင်လိုက်ပြီးနောက် သက်ဆိုင်ရာဆွမ်းပွဲတွင် ၀င်ထိုင် ကာ ဆွမ်းဘုဉ်းပေးကြ၏။
ကျောင်းသားများမှာမူ မနီးမဝေးနေရာ၌ ပုဆစ်တုပ်၍ ထိုင်ကာ အေးမောင်တိုင်ပေးနေသော ' အရှင် မဟာသီလ၀ံသ' ၏ ဆုံးမစာ လင်္ကာကို လိုက်ရွတ်နေကြ၏။
' တိလောကဟု၊ မရနှိုင်းတူ၊ သက်မပြုသည်၊ သုံးဆူရတနာ၊ မာတာပီတ၊ ဆရာ စသား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ။ သာမဏေက၊ သူငယ် စသား၊ တပည့်များတို့၊ မှတ်သား ကြပ်ကြပ်၊ မပြတ် သို့ပင်၊ ဆုံးမသင်သည်၊ ၀မ်းတွင် အမြဲသွတ် '

တောင်ကျော်သည် အေးမောင် တိုင်ပေးသမျှ လိုက်၍ ဆိုရင်း ဘုန်းကြီးကျောင်းကို စိတ်ပျက်နေ၏။ အလုပ် နှင့် လက် မပြတ်အောင် လုပ်ရ၍၊ ဘာအဓိပ္ပာယ်မှန်း မသိသော စာများကိုလည်း လိုက်ရွတ် နေရ၏။ သူသည် အေးမောင်တိုင်ပေးသမျှ အရှိန်မပျက် လိုက်ရွတ်နေရင်း သူ့ဘေးမှ ညိုထွေးနှင့် စုံမ ၀ှက်တမ်း ကစားနေ၏။
' သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ် သွား၍ခပ်။ ရေခပ် သွားလည်း၊ ကစား၍သာ မနေနှင့်။ ကစား၍သာ၊ ရေမှာကြာသော်၊ သဲဒဏ် ရေဒဏ်၊ ပေးရန်မှန် သည်၊ ခံမည်သာ ကြံတော့၊ မင်းတို့ ကျော'

တောင်ကျော်သည် ညိုထွေးနှင့် စုံမ ၀ှက်နေရာမှ ယောင်ယမ်းကာ သူ့ကျောပြင်ကို စမ်းသပ်ကြည့် မိ၏။ အမယ်လေးဟဲ့ ... ဆုံးမစာကလည်း ကြောက်စရာကြီးပါကလား။
အရှင်မဟာသီလ၀ံသ၏ ဆုံးမစာ လင်္ကာပိုဒ်ရေ ၉၁လည်း ဆုံးရော ဘုန်းတော်ကြီးများလည်း ဆွမ်း ၀ကာ လက်ဖက်ရည် ကြမ်းဝိုင်းပင် ထိုင်နေကြပြီဖြစ်၏။
ဤတွင် ကျောင်းသားများအလှည့် ရောက်ပြီဖြစ်၍ ကျောင်းသားများသည် စုပြုံ၍ထကာ သူတို့အတွက် ထမင်းဝိုင်း ကို ပြင်ဆင်နေကြ၏။ ကျောင်းသားများလှသဖြင့် (က) ကြီးဝိုင်း၊ (ခ) ကွေး ၀ိုင်း၊ (ဂ) ငယ်ဝိုင်း သုံးဝိုင်းခွဲ ၍ ပြင်ရ၏။

တောင်ကျော်သည် (က) ကြီးဝိုင်းသို့ ၀င်ထိုင်လိုက်ရာ ဘုန်းတော်ကြီး၏ အချစ်တော်ကလေးနှင့် လာဆုံ နေ၏။ ဘုန်းကြီးပွဲမှ ကျလာသော ကြက်သားဟင်း ပန်းကန်သို့ အလျင်ဦးအောင် သူ လက်လှမ်း လိုက်ရာ၊ သူ့ထက် အကင်းပါး၍ လျင်မြန်လှသော ဘုန်းတော်ကြီး၏ အချစ်တော်ကလေးက ' ဒါ ငါဖို့ကွ' ဟု ဆိုကာ ကြက်သားဟင်း ပန်းကန်ကိုယူ၍ သူ့ထမင်းပွဲထဲသို့ အကုန်အစင် လောင်းထည့်လိုက်၏။
တောင်ကျော် သည် ဘာတစ်ခွန်းမျှ ပြောမနေတော့ဘဲ အနီးရှိ ကြေးစည်လက်ခတ်အဖြစ် ပြုလုပ် ထားသော တင်းပုတ်ကို လက်နှစ်ဖက်ဖြင့် စုံကိုင်လိုက်ကာ -
' ဟောဒါလဲ ... မင်းဖို့ ... ကွ 'ဟု ပြောပြောဆိုဆို ဘုန်းတော်ကြီး၏ အချစ်တော် ကလေးဦးခေါင်းသို့ ဆင့်ကာ ဆင့်ကာ ထုနှက်လိုက်၏။

သူတို့၏ ထမင်းဝိုင်းမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွား၍ ဘုန်းတော်ကြီးနှင့် ဦးပဉ္စင်းများ၏ လက်ဖက် ရည်ကြမ်းဝိုင်း မှာလည်း ဆူညံသွား၏။ ဘုန်းတော်ကြီး၏ မျက်မှောက်တွင်ပင် အတင့်ရဲကာ ပြစ်မှု ကျူးလွန်မိခြင်း ဖြစ်၍တစ်ကြောင်း၊ ခံရသူမှာ ဘုန်းတော်ကြီး၏ အချစ်တော်ကလေး ဖြစ်နေ၍ တစ်ကြောင်း ဘုန်းတော်ကြီးမှာ ဣနြေ္ဒမဆည်နိုင်အောင်ပင် ဒေါသ ထွက်သွားတော့၏။ သူသည် တောင်ကျော် အား မျက်ထောင့်နီကြီးနှင့် လှမ်းကြည့်လိုက်ကာ အံကြိတ်လိုက်ပြီးနောက် ' လာခဲ့' ဟု အမိန့် ထုတ်ဆင့် လိုက်၏။

တောင်ကျော် ဘုန်းတော်ကြီး၏ ရှေ့သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘုန်းတော်ကြီးသည် ရှည်ရှည် ဝေးဝေး ပြောမနေတော့ဘဲ ' ထိုးလိုက်' ဟု အမိန့်ထုတ်ဆင့်လိုက်၏။
ဘုန်းတော်ကြီးသည် ဒေါသထွက်သည့်အခါ၌ စကားများများ ပြောနိုင်သူမဟုတ်၊ 'ထိုးလိုက်'ဟု တစ်ခွန်းတည်းသော စကားကိုသာ ဆိုတတ်၏။ အဓိပ္ပာယ်မှာ သူ ရိုက်တော့မည်ဖြစ်၍ အလျားမှောက် လိုက်ဟု အမိန့်ထုတ်ဆင့်လိုက်ခြင်းသာဖြစ်၏။

သို့သော် ကျောင်းသားသစ်ဖြစ်သော တောင်ကျော်မှာ ဤအဓိပ္ပာယ်ကို နားမလည်ဘဲ 'ထိုးလိုက်' ဟူသော အမိန့်အရ ဘာကို ထိုးရမည် မသိဘဲ အူကြောင်ကြောင် ဖြစ်နေ၏။
သို့သော် ဖြစ်နေပုံကို အကဲခတ်မိသော အနီးမှ ဦးပဉ္စင်းတစ်ပါးက ' အလျားမှောက်လိုက်လို့ ပြောတာကွ' ဟု ဘာသာပြန်ပေးလိုက်မှ တောင်ကျော်တွင် နားရှင်းသွားကာ ဘန်းတော်ကြီးရှေ့တွင် အလျားမှောက် ပေးလိုက် ရတော့သည်။

ဘုန်းတော်ကြီးသည် 'သေမင်းငင်' ဟု ဘွဲ့ထူးပေးထားသော နွားရိုက်သည့် ကြိမ်လုံးကြီးကို ဆွဲကိုင် လိုက်ပြီး နောက် 'ဟိနနတ္ထ၊ မဆဲကြနျင့်၊ ကြီးကငယ်သည်၊ နင် ဟယ်ကိုမျှ၊ မဆိုကြနှင့်၊ ရန်စ ချုပ်ချည်၊ ရှောင်လွှဲ ဖည်၍၊ သတ်မည်ကိုထား၊ လက်ဖျားနှင့်မျှ မတို့ကြနှင့်၊ ချစ်လှရိုသေ၊ အချင်းချင်းကို၊ သင့်တတ်စေ ဟု၊ မအေအရင်း၊ တစ်ဝမ်းတွင်းသို့၊ သားရင်းတူကွ၊ မှတ်ကုန်ကြ'လို့ ခုနပဲ ဆုံးမစာ လင်္ကာကို နင် ရွတ်ခဲ့သေးတယ်။ အခု ငါ့မျက်မှောက်မှာတောင် မရှောင်ဘဲ ထ သတ်တယ်ပေါ့ ဟုတ်လား။ သိကြ ရောပေါ့ကွာ၊ တောင်ကျော်ဆိုတာ မင်းလားကွ ... မင်းလားကွ'
ဘုန်းတော်ကြီးသည် တပည့်သားမြေးများအား ဆုံးမနေပုံမျိုး မဟုတ်ဘဲ၊ ငြိုးသူရန်ဘက် တစ်ဦးအား စိတ်ရှိ လက်ရှိ လက်စားချေနေသလို အကြင်နာကင်းမဲ့စွာဖြင့် ဆင့်ကာ ဆင့်ကာ ရိုက်နေ၏။
အသက် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦးအဖို့ နွားရိုက်သော ကြိမ်လုံးမှာ အဆမတန် ဖြစ်နေသဖြင့် တောင်ကျော် မှာ ကျွဲအော် နွားအော် အော်ရင်း ထွန့်ထွန့်လူးနေ၏။

ရိုက်လွန်းအားကြီးသောအခါ သူသည် သတိလစ်ချင်သလိုလိုပင်ဖြစ်သွား၏။ သို့သော် သူသည် ချက်ချင်း အကြံကောင်း တစ်ခုကို သွားတွေ့မိကာ သတိလစ်ချင်ယောင် ဆောင်လိုက်၏။ မျက်ဖြူ ဆိုက်နေပုံမျိုးဖြင့် မျစ်စိ ကို အထက်သို့ လှန်ကာ အကြောဆွဲနေသလို ခြေထောက်နှင့် လက်ကိုလည်း ဆန့်ငင် ဆန့်ငင် လုပ်နေ၏။

' အရှင်ဘုရား ... တောင်ကျော် သတိလစ်ပြီး တက်နေပြီ ဘုရား '
တောင်ကျော် ဖြစ်နေပုံကို သတိပြုမိသော အနီးမှ ဦးပဉ္စင်းတစ်ပါးက ဘုန်းတော်ကြီးအား အရေး တကြီး လျှောက်ထားလိုက်၏။
ဘုန်းကြီးသည် ရုတ်တရက် အရိုက်ရပ်ပြီးနောက် တောင်ကျော်အား သေချာစွာ ကြည့်လိုက်ရာ၊ တောင်ကျော် မှာ ဤအရာ၌ အလေ့အကျင့် ရထားသဖြင့်၊ အဟုတ်ပင် သဘာဝကျလှသောကြောင့် ဘုန်းကြီး ၏ လက်မှ ကြိမ်လုံးပင် လွတ်ကျသွား၏။

ဦးပဉ္စင်းတစ်ပါး အပြေးသွား ခပ်ပြီး ယူလာသော ရေခွက်ထဲမှ ရေဖြင့်တောင်ုကျာ်၏ မျက်နှာကို တောက်ပေးသော်လည်း အကြောင်းမထူး။ မာလကာရွက်ကို အခူးခိုင်း၍ လက်နှစ်ဖက်ဖြင့် ပွတ်ချေကာ တောင်ကျော်၏ နှာဝ၌ တေ့ပြီး ရှူစေသော်လည်း သတိမလည်၊ အတက်မကျ။ တောင်ကျော် ဥာဏ်များပြီး တက်ချင်ဟန် ဆောင်နေသည်ကိုတော့ မည်သူမျှ မရိပ်မိကြ။
' အား ... ခုမှ သတိရတယ်၊ ဒီလို သတိလစ်ပြီး တက်နေတာကို နှာမှုတ် ပေးရင် အကောင်းဆုံးပဲ ဘုရား '
' အေး ... ဟုတ်တယ် '

သူတို့သည် ဦးပဉ္စင်းတစ်ပါး၏ နှာဘူးကို သွားယူကာ တောင်ကျော်အား နှာမှုတ်ပေးရန် ပြင်ဆင်ကြ၏။ တောင်ကျော်ကား ဤအချိန်သည် သတိပြန်လည်၍ အတက်ကျဖို့ အချိန်တော်ပြီဖြစ် ကြောင်း နားလည် လာ၏။ နှာမှုတ်ပေးလျှင် သူ အခံရ သက်သာလိမ့်မည် မဟုတ်။ မျက်ရည်တရွှဲရွှဲ၊ နှာရည်တစိုစို၊ နှာခေါင်း ထဲ ရင်ထဲမှာလည်း ယားကျိကျိနှင့် အင်မတန် အနေခက်၏။ ' ဟပ်ချိုါ် ... ဟပ်ချိုး ' နှင့် မနားတမ်း လည်း ' ချေ ' ရတတ်သေး၏။

သူသည် ' အင်း ... ' ဟူ၍ အင်းရှည်ကြီး ဆွဲလိုက်ကာ အထက်သို့ လှန်ထားသော မျက်နက်ကို တဖြည်းဖြည်း အောက်သို့ ပြန်ချလိုက်၏။ ဆန့်ငင် ဆန့်ငင် လုပ်နေသော ခြေလက်တို့ကိုလည်း ရပ်မှန်း မသိ တဖြည်းဖြည်း တန့်ရပ်လိုက်၏။
' ဟော ... သတိရလာပြီ '
ဦးပဉ္စင်းတစ်ပါးက အော်လိုက်၏။

တောင်ကျော်သည် ရုတ်တရက် ထ ထိုင်လိုက်ကာ သူ့အဖြစ်ကိုပင် မသိသော မျက်နှာပေးဖြင့် သူ့အား ၀ိုင်းနေသော ဘုန်းကြီးနှင့် ဦးပဉ္စင်းများကို ပြူးကြောင်ကြောင် လိုက်ကြည့်နေ၏။
ဘုန်းတော်ကြီးသည် ထိုင်နေရာမှ ထ လိုက်ပြီးနောက် -
' ခွေးမသား .... သူတစ်ပါးကို ရိုက်တော့ သတိမလစ်ရဘူး၊ သူ့ကို ရိုက်တော့ သတိလစ်ပြီး တက်နေ လိုက်သေးတယ် 'ဟု ပြောကာ ထွက်သွား၏။

ဘုန်းတော်ကြီး ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ရုတတရက် ထ ရပ်လိုက်ကာ ကျောင်း သားများရှိရာသို့ တစ်လှမ်းချင်း လျှောက်လာ၏။ သူ့မျက်နှာထား၊ သူ့ဟန်မှာ စစ်ပွဲကို အောင်နိုင် လိုက်သော စစ်သူကြီးတစ်ဦးဟန်မျိုးဖြစ်၏။ သူသည် တစ်လှမ်းချင်း လျှောက်လာရာမှ ကျောင်းသား များအား လူမိုက်ကြည့် လှမ်းကြည့်လိုက်၏။ ဘုန်းတော်ကြီး၏ အချစ်တော်နှင့်တကွ အားလုံးသော ကျောင်းသား များသည် သူ့အား ကျိုးနွံစွာ ကြည့်နေသည်ကို မြင်ရ၍ ကျေနပ်သွား၏။
တောင်ကျော် ကား ဗိုလ်စွဲလေပြီ ... ။
-----------------------------
ပြီးပါပြီ
.

4 comments:

:P said...

ဖတ်ပြီး...
ကျေးဇူး... အစ်မ

Anonymous said...

Thanks MSZ.

Ray

မေဓာဝီ said...

ဟင် ပြီးပြီလား ...
တောင်ကျော် ဗရုတ်ကျတဲ့ အကြောင်းတွေ ဖတ်ချင်သေးတယ်။

ယု said...

အတှောလက်ရဲတဲ့ တောကျှော။ အသက်ငယ်ငယ်နဲ့ ဉာဏ်များတဲ့ ညစ်ကျယ်ကျယ်ဇာတ်ရုပ်ကို စာဖတ်တဲ့သူအာရုံထဲပှောတယ်။ မရွှေဇင်ဦး အချိန်ကုန်လူပင်ပန်းနဲ့ အခုလို စာရိုက်တင်ပေးတာကို ကျေးဇူးတင်ပာတယ်။ ကျန်းမာချမ်းသာပာစေ။