အခန်း(၁၇)
"တရားခံသက်သေအဖြစ် မစ္စဆာရာကို တင်ပြလိုပါတယ်"
တရားခံရှေ့နေကြီး ပီတယ်လ်က ကြေညာလိုက်ရာ အားလုံး အံ့အားသင့်သွားကြလေသည်။ ကပ္ပလီ လူမည်း အမျိုးသမီးဖြစ်သူ ကျောင်းဆရာမ ဆာရာအား ဤအမှုတွင် သက်သေအဖြစ် ထင်လိမ့်မည်ဟု မည်သူ ကမှ မမျှော်လင့်သလို အံ့သြမိကြခြင်းပင် ဖြစ်သည်။
အစိုးရရှေ့နေကြီး ခိုရီသည် ခေတ္တ မျက်မှောင်ကြုတ် စဉ်းစားပြီးနောက် သူ၏ လက်ထောက် အစိုးရရှေ့နေ လူငယ် နှစ်ဦးနှင့် တစ်စုံတစ်ရာ တီးတိုးတိုင်ပင်လေသည်။ လူငယ်နှစ်ဦးအနက် တစ်ယောက်သည် ထိုင်ရာ မှ ထ၍ တရားခွင်သို့ ဦးညွှတ်အလေးပြုလိုက်ပြီးနောက် ရုံးခန်းတွင်းမှ ထွက်သွားလေသည်။
ဆရာမကလေး ဆာရာသည် သက်သေများနေသည့်နေရာသို့ လျှောက်ဝင်သွားပြီးနောက် အင်္ဂလိပ် ဘာသာ ဖြင့် ကျွမ်းကျင်စွာ ထွက်ဆိုလေသည်။
သူမ၏အသံကလည်း သာယာနာပျော်ဖွယ် ရှိလေသည်။ ယဉ်ကျေးသိမ်မွေ့ပြီး ရှက်တတ်သော မိန်းကလေး တစ်ဦးဖြစ်သူ ဆာရာအား ခရိတ်နှင့်ဆယ်လီတို့က တူတီသာသနာပြု မစ်ရှင်တွင် တစ်ကြိမ် တွေ့ခဲ့ ဖူးကြ လေသည်။
ဆာရာသည် လည်ပင်းတွင် ကော်လာပါသော အစိမ်းရောင်ချည်ထည်ဝတ်စုံကို ၀တ်ဆင်ထားပြီး၊ ဖိနပ်က လည်း ရိုးရိုး (ဒေါက်ဖြင့်မဟုတ်သည့်) ဖိနပ်တစ်ရန် စီးထားလေသည်။ ဆံပင်ကိုမူ ခေတ်ဆန်ဆန် အနောက် တိုင်းပုံမဟုတ်ဘဲ ရိုးရိုး ဇင်ဘာတွေ တိုင်းရင်းသူတို့၏ ရိုးရာဆံပင်ထုံးနည်းဖြင့် ထုံးဖွဲ့ ထားသည်။
သူမသည် တရားခံ ၀န်ကြီး တွန်ဂါတာအား လှမ်းကြည့်လိုက်ရာ တွန်ဂါတာက မပြုံးဘဲ ဣနြေ္ဒဖြင့် ခပ်တည်တည် နေလိုက်သည်။ သို့သော် တွန်ဂါတာသည် ဆာရာအား စိုက်ကြည့်ရင်း သူ၏ လက်ယာ ဖက်လက် ကို မသိမသာ လှုပ်ရှားလိုက်သည်။
ခရိတ်သည် ထိုအပြုအမူကို မြင်လိုက်သည်နှင့် တွန်ဂါတာက ဆာရာအား လက်ဟန်ခြေဟန်ပြ၍ လျှို့ဝှက် ဆက်သွယ် နည်းဖြင့် တစ်စုံတစ်ရာ ပြောလိုက်ကြောင်း ချက်ချင်း ရိပ်မိလေသည်။
တွန်ဂါတာ က လျှို့ဝှက်ဆက်သွယ်နည်းဖြင့် ဆရာမ ဆာရာအား အချက်ပြ ပြောလိုက်သည်မှာ-
"သတ္တိရှိပါ၊ ငါဟာ မင်းဘက်က ရပ်တည်နေတယ်"ဟူ၍ပင် ဖြစ်ကြောင်းကိုလည်း ခရိတ်က သိလိုက်သည်။
ဆရာမ ဆာရာသည် တွန်ဂါတာ၏ လျှို့ဝှက်အချက်ပြ ပြောဆိုချက်ကို နားလည်သဘောပေါက်ရာမှ စိတ် ဓာတ်တက် လာဟန်ဖြင့် ဦးခေါင်းကို မော့လိုက်ပြီး ရှေ့နေကြီး ပီတယ်လ်အား ရင်ဆိုင်လိုက်သည်။
"ခင်ဗျားရဲ့ နာမည်ကို ပြောစမ်းပါ"
ရှေ့နေကြီး ပီတယ်လ်က စတင်မေးရာ ဆာရာက-
"ကျွန်မနာမည် ဆာရာလို့ ခေါ်ပါတယ်။ နာမည်အပြည့်အစုံကတော့ ဆာရာဆန်ဒီဝေညိုနီ ဖြစ်ပါတယ်"ဟု ပြန်ပြော လေသည်။
ခရိတ်သည် အနီးရှိ ဆယ်လီနားသို့ကပ်၍
"ဆန်ဒီဝေညိုနီဆိုတာ မာတာဘယ်လီ ဘာသာစကားပဲ။ ချစ်စရာကောင်းတဲ့ ငှက်ကလေးလို့ အဓိပ္ပါယ်ရ တယ်" ဟု ပြောလိုက်ရာ ဆယ်လီကလည်း-
"အဲဒီနာမည်က ဆရာမလေးနဲ့ သိပ်လိုက်တာပဲ"ဟု ခပ်တိုးတိုး မှတ်ချက်ချလိုက်သည်။
ရှေ့နေကြီးက ဆာရာအား ဆက်မေးလေသည်။
"အလုပ်အကိုင်က ဘာလုပ်ပါသလဲ"
"ကျွန်မဟာ တူတီသာသနာပြုမစ်ရှင် က မူလတန်းကျောင်းမှာ ကျောင်းအုပ်ဆရာမ ဖြစ်ပါတယ်"
"ဆရာမ အဖြစ် ကိုယ့်အရည်အချင်းတွေ ပြည့်စုံတယ် မဟုတ်လား"
"ဟုတ်ကဲ့ ပြည့်စုံပါတယ်"
ဤသို့ အစချီကာ ဆရာသည် သူမ၏ ပညာအရည်အချင်းနှင့်တကွ ဆရာအတတ်သင်ကျောင်းမှ သင်တန်း ဆင်းအောင်လက်မှတ်ရခဲ့ပုံ စသည်တို့ကို ဆက်လက်ရှင်းပြလေသည်။
ရှေ့နေကြီး သည် ခေါင်းညိတ်လိုက်ပြီးနောက်-
"ဆရာမ တရားခံ တွန်ဂါတာကို သိကျွမ်းပါသလား"ဟု မေးပြန်သည်။
ဆာရာသည် ချက်ချင်း ပြန်မဖြေဘဲ တွန်ဂါတာ၏ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ
"ဟုတ်ကဲ့ သိပါတယ်။ ကျွန်မ သူ့ကို သိပါတယ်"ဟု ခပ်တိုးတိုး ဖြေလိုက်သည်။
"ကျေးဇူးပြုပြီး ရုံးတော်က ကောင်းကောင်းကြားရအောင် ကျယ်ကျယ်ကလေး ပြောစမ်းပါ"
"ကျွန်မ သူ့ကို ကောင်းကောင်းသိပါတယ်ရှင့်"
ဆာရာက ခပ်ကျယ်ကျယ် ပြောလိုက်သည်။
"တရားခံ တွန်ဂါတာဟာ ခင်ဗျားရှိရာ တူတီသာသနာပြု မစ်ရှင်ကျောင်းကို လာတွေ့ဖူးပါသလား"
"ဟုတ်ကဲ့ လာတွေ့ဖူးပါတယ်"
"ဘယ်နှကြိမ်လောက် လာတွေ့ပါသလဲ"
"၀န်ကြီး တွန်ဂါတာဟာ အလွန်အလုပ်များသူ ဖြစ်ပါတယ်။ ကျွန်မကလည်း ကျောင်းဆရာမဆိုတော့"
ထိုအခိုက် တွန်ဂါတာက သူ၏ ညာဘက်လက်ကို လှုပ်ရှား၍ အချက်ပြလိုက်ရာ ဆာရာကမြင်ပြီး ချက်ချင်း ပြုံးလျက်-
"ဟုတ်ကဲ့၊ ၀န်ကြီး တွန်ဂါတာဟာ သူတတ်နိုင်သလောက် အချိန်ရသလောက် လာတွေ့လေ့ရှိပါတယ်။ သို့ သော်လည်း ကျွန်မ လာစေချင်သလောက်တော့ မလာနိုင်ခဲ့ပါဘူး"ဟု ပြောလိုက်သည်။
"အချင်းဖြစ်ပွားတဲ့ညက ခင်ဗျားဟာ သူလာတွေ့လိမ့်မယ်လို့ မျှော်လင့်နေခဲ့ပါသလား"
"ဟုတ်ကဲ့ မျှော်လင့်နေမိပါတယ်"
"ဘာကြောင့်လဲ"
"အဲဒီနေ့မတိုင်မီ တစ်ရက်က သူနဲ့ကျွန်မ တယ်လီဖုန်းနဲ့ ဆက်သွယ်စကား ပြောခဲ့ကြပါတယ်။ သူက ကျွန်မ ဆီ လာခဲ့ပါမယ်လို့ ကတိပေးခဲ့ပါတယ်။ သူက မော်တော်ကားနဲ့လာပြီး ညသန်းခေါင်ယံမတိုင်မီ ရောက်လာ လိမ့်မယ်လို့လည်း ပြောပါတယ်"
ဤနေရာတွင် ဆာရာသည် စောစောကလို ပြုံးမနေတော့ဘဲ ၀မ်းနည်းသယောင်ဖြစ်လျက်-
"ကျွန်မ ဟာ တစ်ညလုံး သူ့ကို ထိုင်စောင့်နေလိုက်တာ မိုးစင်စင်လင်းတဲ့အထိပါပဲ။ ဒါပေမဲ့ သူ ရောက်မလာ ပါဘူး" ဟု ပြောလိုက်သည်။
"တရားခံ က ခင်ဗျားကို အဲဒီညက လာတွေ့မယ်ဆိုတာ အကြောင်းတစ်စုံတစ်ရာ ရှိလို့များလား"
"ဟုတ်ကဲ့ ရှိပါတယ်"
ဤသို့ ပြောလိုက်စဉ် ဆာရာသည် ရှက်သယောင် မျက်နှာကလေး နီမြန်းသွားသည်ကို ဆယ်လီက သတိ ပြုမိပြီး စိတ်ဝင်စားမိလေသည်။
ဆာရာ က ဆက်လက် ပြောပြန်သည်။
"၀န်ကြီး တွန်ဂါတာဟာ အဲဒီညက ကျွန်မရဲ့ ဖခင်ကြီးနဲ့ လာစကားပြောချင်ပါတယ်ဆိုလို့ ကျွန်မက စီစဉ် ပေးခဲ့ခြင်း ဖြစ်ပါတယ်"
"ကျေးဇူးတင်ပါတယ် မစ္စဆာရာ"
ရှေ့နေကြီး ပီတယ်လ်က သူ၏ မေးမြန်းချက်ကို အဆုံးသတ်လိုက်သည်။
ဆာရာအား ရှေ့နေကြီးက မေးမြန်းနေစဉ် အစိုးရရှေ့နေကြီးခိုရီ၏ လက်ထောက်လူငယ်သည် ရုံးခန်းတွင်း သို့ ၀င်လာပြီး မစ္စတာခိုရီအား စာရွက်တချို့ကို လာပေးလေသည်။
အစိုးရရှေ့နေကြီးသည် ယင်းစာရွက်များကို လက်တွင်ကိုင်လျက် ဆာရာအား ပြန်လှန် မေးခွန်းထုတ်လေ သည်။
"မစ္စဆာရာခင်ဗျား၊ မာတာဘယ်လီလူမျိုးတို့ရဲ့ ဘာသာစကားနဲ့ အစ်ဆီဖေဘီဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ကို ပြောပြနိုင်ပါသလား"
အစိုးရရှေ့နေကြီးက ဤသို့ စတင်မေးလိုက်ရာ ဘွန်ဂါတာ ဒေါသထွက်လာဟန်ဖြင့် ထိုင်ရာမှ ထလိုက် သည်။ သို့သော် လက်နက်ကိုင်ရဲစောင့် က သူ၏ ပန်းကိုကိုင်လျက် ထိန်းထားလိုက်ရသည်။
ဆရာမ ဆာရာသည် အစိုးရရှေ့နေကြီး၏ မေးခွန်းကို ဖြေကြားရန် ဆုံးဖြတ်လိုက်ဟန်ဖြင့်-
"အဲဒီစကားလုံးက မယားငယ်၊ အမြှောင်မယားလို့ အဓိပ္ပာယ်ရပါတယ်"ဟု ပြောလိုက်သည်။
"အိမ်ထောင်မရှိသေးတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူစိမ်းယောက်ျားတစ်ဦးနဲ့ အတူတကွ နေထိုင်တာ မျိုးလို့ လည်း အဓိပ္ပာယ် ရတယ်မဟုတ်လား"
ဤတွင် တရားခံရှေ့နေကြီး ပီတယ်လ်က ထိုမေးခွန်းကို ထကန့်ကွက်လေသည်။ သို့သော် တရားရုံး နာယကကြီးက ကန့်ကွက်ချက်ကို ပယ်ချလိုက်သဖြင့် အစိုးရရှေ့နေကြီးကပင် ဆက်လက် မေးခွန်းထုတ် လေသည်။
"မစ္စဆာရာ ခင်ဗျား၊ ခင်ဗျားဟာ တရားခံဝန်ကြီး တွန်ဂါတာကို မေတ္တာရှိနေပါသလား။ ခင်ကျယ်ကျယ် လေး ပြန်ဖြေပါ"
"ဟုတ်ကဲ့ရှင့်၊ ကျွန်မဟာ သူ့အပေါ် မေတ္တာရှိနေပါတယ်"
ဆာရာက ခပ်တည်တည်နှင့် သွက်လက်စွာ ပြောလိုက်သည်။
"ခင်ဗျားဟာ သူ့ကို ချစ်မြတ်နိုးနေသူအနေနဲ့ သူ့အတွက် ဘာမဆို ဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိတယ် မဟုတ်လား"
"ဟုတ်ပါတယ်"
"ဒါဖြင့် သူ့ကို ကူညီတဲ့အနေနဲ့ဆိုရင် လိုအပ်ရင် လိမ်ပြောဖို့ အဆင်သင့် ရှိပါသလား"
"နာယကကြီးခင်ဗျား၊ ဒီမေးခွန်းကို ကန့်ကွက်ပါတယ်"
တရားခံရှေ့နေကြီးက ထပြောလိုက်ရာ တရားရုံးနာယကကြီးက အဆုံးအဖြတ် မပေးရသေးမီ အစိုးရ ရှေ့နေကြီး ခိုရီကပင်-
"ကျွန်တော်ကပဲ အဲဒီမေးခွန်းကို ပြန်ရုပ်သိမ်းပါတယ်"ဟု ပြောပြီးနောက် တစ်မျိုး လှည့်ပေးလေသည်။
"မစ္စဆာရာ ခင်ဗျား၊ တစ်မျိုးမေးပါရစေ။ တရားခံဟာ ခင်ဗျားတို့ရဲ့ သာသနာပြု မစ်ရှင်ကျောင်းမှာ မှောင်ခို ဆင်စွယ်တွေ၊ ကျားသစ်ရေတွေ လျှို့ဝှက်သိုလှောင်ထားဖို့အတွက် ကုန်လှောင်ရုံ (ဂိုဒေါင်)တစ်ခု စီစဉ် ပေး ဖို့ ခိုင်းတယ်မဟုတ်လား"
"မဟုတ်ပါဘူးရှင့်၊ လုံးဝမဟုတ်ဘူး"
"တရားခံက ခင်ဗျားနဲ့ တယ်လီဖုန်းဆက် စကားပြောတုန်းက သူက ခင်ဗျားကို မှောင်ခိုပစ္စည်းတွေ သယ်ယူ ပို့ဆောင်ရေးမှာ ကူညီစီစဉ်ပေးဖို့"
အစိုးရရှေ့နေကြီး၏ စကားမဆုံးမီ ဆာရာက ကြားဖြတ်လျက်-
"မဟုတ်ရပါဘူးရှင့်၊ သူဟာ လူကောင်းတစ်ယောက်ပါ။ အခုလို ဒုစရိုက်မှုမျိုးလုံးဝလုပ်တတ်တဲ့လူ မဟုတ် ဘူး"ဟု ပြောလိုက်သည်။ သူမသည် ထိုအချိန်၌ ငိုသံပါနေရှာသည်။
"နောက်ထပ် မေးစရာ မရှိတော့ပါဘူး"
အစိုးရရှေ့နေကြီးက ပြောလိုက်ချိန်တွင် သူ့ကိုယ်သူ ကျေနပ်အားရနေပုံ ရလေသည်။ ထို့နောက် သူသည် သူ၏ လက်ထောက်လူငယ်အား ချီးကျူးကျေးဇူးတင်စကား တီးတိုးပြောလိုက်သည်။
ထို့နောက် တရားခံရှေ့နေကြီးက
"တရားခံဝန်ကြီး တွန်ဂါတာကိုယ်တိုင် သက်သေအဖြစ် ထွက်ဆိုပါမယ်"ဟု တရားခွင်သို့ တင်ပြလိုက် သည်။
ယင်းသို့ တွန်ဂါတာအား မစ္စတာပီတယ်လ်က သက်သေအဖြစ် ထွက်ဆိုခြင်းသည် မလွယ်ကူလှကြောင်း ခရိတ်က ယူဆမိလေသည်။ အမှုတွင် တရားလိုဘက်မှ အရေးသာသွားစေနိုင်သည်ဟု ထင်မိသည်။
ခရိတ် အနေဖြင့် ဥပဒေပညာရှင် မဟုတ်ဘဲ သာမန်အရပ်သားတစ်ယောက် ဖြစ်လင့်ကစား အစိုးရရှေ့နေ ကြီး ခိုရီ သည် အလွန်တော်သော တရားလိုရှေ့နေတစ်ဦးဖြစ်ကြောင်း အကဲခတ်မိသဖြင့် စိုးရိမ်ပူပန်မိခြင်း ဖြစ်သည်။
သို့ရာတွင် ရှေ့နေကြီးပီတယ်လ်က ဆုံးဖြတ်လိုက်ပြီဖြစ်၍ ခရိတ်သည် ဘာမျှ မတတ်နိုင်ချေ။
တရားခံဝန်ကြီး တွန်ဂါတာအား စတင်မေးခွန်းထုတ်ရာတွင် ရှေ့နေကြီး ပီတယ်သည် ရှေးဦးစွာ တွန်ဂါတာ ၏ တိုင်းရင်းသား လူမျိုးအုပ်စု (မာတာဘယ်လီ)အပေါ် ခေါင်းဆောင်မှုပေးနိုင်ခဲ့ပုံ၊ တော်လှန်ရေးတွင် ပါဝင် ခဲ့ပုံ၊ ပုဂ္ဂိုလ်ရေးအရ အလွန်ရိုးသားပြီး ခြိုးခြံနေထိုင်ခဲ့ပုံ စသည်တို့ကို ဖော်ထုတ်သည့် မေးခွန်းများ မေးလေ သည်။
"ခင်ဗျားမှာ ကိုယ်ပိုင် အိမ်ရာမြေယာတွေ ရှိပါသလား"
"ဟာရာရေမြို့ မှာ အိမ်တစ်လုံးတော့ ရှိပါတယ်"
"အဲဒီအိမ်ကို ဈေးနှုန်း ဘယ်လောက်ပေးပြီး ၀ယ်ခဲ့ပါသလဲ"
"ဒေါ်လာ တစ်သောင်းလေးထောင် ပေးရပါတယ်"
"ဒီဈေးနှုန်း ဟာ အိမ်တစ်လုံးရဲ့ တန်ဖိုးအနေနဲ့ မများလှဘူး ဆိုပါတော့"
"အိမ်ကလည်း အိမ်ကြီးအိမ်ကောင်း အဆင့်အတန်း မရှိပါဘူး"
တွန်ဂါတာ က မျက်နှာထားတည်တည်ဖြင့် ပြောလိုက်ရာ တရားရုံးနာယကကြီးက မသိမသာ ပြုံးလိုက် သည်။
တရားခံရှေ့နေကြီး က ဆက်လက် မေးခွန်းထုတ်လေသည်။
"ခင်ဗျားမှာ မော်တော်ကား ရှိပါသလား"
"၀န်ကြီးဌာနက ကျွန်တော်စီးဖို့ ပေးထားတဲ့ ကားတစ်စီး ရှိပါတယ်"
"နိုင်ငံခြားဘဏ် မှာ ကိုယ်ပိုင်ငွေစာရင်း ဖွင့်ထားတာများ ရှိပါသလား"
"လုံးဝမရှိပါဘူး"
"ဇနီးတွေကော ဘယ်နှယောက်ရှိပါသလဲ"
"တစ်ယောက်မှ မရှိပါဘူး"
ဤတွင် တွန်ဂါတာသည် ဆရာမ ဆာရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ-
"အခုလောလောဆယ် ဇနီးမရှိသေးပါဘူး" ဟု ဆက်ပြောလိုက်သည်။
"တရားဝင် လက်ထပ်ထားတာမဟုတ်တဲ့ မိန်းမကော ရှိပါသလား"
"ကျွန်တော့်မှာ အသက်ကြီးကြီး အဒေါ်တစ်ယောက် ရှိပါတယ်။ အဲဒီ အမျိုးသမီးကြီးကပဲ ကျွန်တော့် အိမ်မှာ အစစအရာရာ ဦးစီးနေပါတယ်။ ကျွန်တော့်မှာ တရားဝင် မဟုတ်တဲ့ မိန်းမလည်း မရှိပါဘူး"
"အချင်းဖြစ်ပွားတဲ့ ညအကြောင်း ဆက်မေးပါရစေ။ အဲဒီညက ခင်ဗျားဟာ ဘာကြောင့် ကာရိုအီလမ်းကို ရောက်နေတာလဲ"
"ကျွန်တော်က တူတီသာသနာပြု မစ်ရှင်ကျောင်းကိုသွားဖို့ ဒီလမ်းကို ရောက်သွားပါတယ်"
"ဘာကိစ္စ သွားတာလဲ"
"မစ္စဆာရာဆီကို အလည်အပတ် သွားတာပါပဲ။ ပြီးတော့ သူ့ဖခင်ကြီးနဲ့လည်း ကိုယ်ရေးကိုယ်တာကိစ္စ တစ်ခု ဆွေးနွေးစရာရှိလို့ပါ"
"ခင်ဗျား အဲဒီကိုသွားဖို့ရာ ကြိုတင်အစီအစဉ် လုပ်ထားခဲ့သလား"
"မစ္စဆာရာဆီကို တင်လီဖုန်း ဆက်ပြောခဲ့ပါတယ်"
"ခင်ဗျားဟာ အရင်ကလည်း တစ်ကြိမ်မက ဆရာမဆာရာနဲ့ သွားတွေ့ဆုံခဲ့ဖူးတယ်မဟုတ်လား"
"မှန်ပါတယ်"
"တူတီသာသနာပြု မစ်ရှင်ကို သွားလည်ပတ်တဲ့အခါ ခင်ဗျားက ဘယ်နေရာမှာ တည်းခိုလေ့ ရှိပါသလဲ"
"ကျွန်တော် တည်းခိုဖို့အတွက် သီးသန့် သက်ငယ်မိုး တဲတစ်ခုရှိပါတယ်"
"သာမန်တဲ ဆိုတော့ ကြမ်းပြင်ပေါ် ဖျာခင်းအိပ်ရသလား"
"ဟုတ်ပါတယ်"
"ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလိုတဲမျိုးမှာ တည်းခိုရတာ သိက္ခာကျတယ်လို့ မယူဆမိဘူးလား"
"မယူဆမိပါဘူး၊ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ရိုးရာတိုင်းရင်းသားတို့ရဲ့ ဓလေ့အတိုင်း တည်းခိုနေထိုင်ရ တာ ကိုပဲ ကျေနပ်သဘောကျမိပါတယ်"
"အဲဒီထဲမှာ ခင်ဗျားအပြင် ဘယ်သူများ အိပ်ပါသလဲ"
"ကျွန်တော့်ကားမောင်းတဲ့ ဒရိုင်ဘာရယ်၊ သက်တော်စောင့် (ဘော်ဒီဂတ်)တွေ အိပ်ကြပါတယ်"
"ဆရာမ ဆာရာအနေနဲ့ ခင်ဗျားတည်းခိုတဲ့နေရာကို လာလေ့ရှိပါသလား"
"ဒီလိုလာမယ်ဆိုရင် ကျွန်တော်တို့ လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံကို ဆန့်ကျင်ချိုးဖောက်ရာ ရောက်သွား မှာပေါ့"
"အစိုးရရှေ့နေကြီးက ခင်ဗျားတို့ တိုင်းရင်းဘာသာစကားထဲက အစ်ဆီဘေဘီဆိုတဲ့ ဝေါဟာရကို စကားစပ် ပြောသွားပါတယ်။ အဲဒါကို ခင်ဗျားဘယ်လို သဘောရပါသလဲ"
"ဒါကတော့ သူနဲ့ သိကျွမ်းတဲ့ အမျိုးသမီးတွေနဲ့ဆိုရင် ဒီစကားလုံးနဲ့ ကိုက်ညီပါလိမ့်မယ်။ ကျွန်တော့် အသိ ထဲမှာတော့ အဲဒီလို အမျိုးသမီးမျိုး တစ်ယောက်မှ မရှိပါဘူး"
ဤတွင်လည်း တရားရုံး နာယကကြီးက ပြုံးလိုက်သည်။
"၀န်ကြီးခင်ဗျား၊ ခင်ဗျားက တူတီသာသနာပြု မစ်ရှင်ကျောင်းကို သွားရောက်လည်ပတ်မယ်ဆိုတာကို တခြား ဘယ်သူများ သိပါသလဲ"
"ကျုပ်က ဒီကိစ္စဟာ လျှို့ဝှက်ကိစ္စတစ်ခုမဟုတ်တော့ လုံးဝ ဖုံးကွယ်မထားခဲ့ပါဘူး။ ကျုပ်ရဲ့ စားပွဲပေါ်က ဒိုင် ယာရီ မှတ်တမ်းစာအုပ်မှာ အတိအလင်း ရေးမှတ်ထားတာပဲ"
"အဲဒီ ဒိုင်ယာရီစာအုပ် အခု ရှိပါသလား"
"ကျုပ် ဒိုင်ယာရီစာအုပ် ကို တရားခံရှေ့နေကြီးလက်ကို ပေးအပ်ဖို့ ကျုပ်တို့ အတွင်းရေးမှူးကို ညွှန်ကြား လိုက်တယ်။ ဒါပေမဲ့ အခု ဒိုင်ယာရီစာအုပ်ဟာ ကျုပ်စားပွဲပေါ်က ပျောက်နေတယ်"
"ခင်ဗျားရဲ့ ယာဉ်မောင်းသူ ဒရိုင်ဘာကို မော်တော်ကား ပြင်ဆင်ဖို့ အမိန့်ပေးချိန်က ခင်ဗျား ဘယ်ကို သွား မယ်ဆိုတာ သူ့ကို ပြောခဲ့ပါသလား"
"ပြောခဲ့ ပါတယ်"
"ဒါပေမဲ့ အခု သူက မပြောခဲ့ဘူးလို့ ထွက်ဆိုနေတယ်"
"ဒါတော့ မတတ်နိုင်ဘူး။ သူ မှတ်ဉာဏ်မကောင်းလို့ ဖြစ်ရမယ်"
"ကောင်းပါပြီ၊ ဆက်မေးပါ့မယ်။ အဲဒီညက ခင်ဗျားတို့ဟာ ကာရိုအီနဲ့ တူတီသာသနာပြု မစ်ရှင်ကြားလမ်း အတိုင်း ကားနဲ့ မောင်းသွားကြတော့ တခြား မော်တော်ယာဉ် တစ်စုံတစ်ခုနဲ့ ဆုံမိပါသလား"
"ဟုတ်ကဲ့ ဆုံမိပါတယ်။ ကုန်တင် (ထရပ်)ကားကြီးတစ်စီးဟာ ကျွန်တော်တို့ လာနေတဲ့ဘက်ကို မျက်နှာမူ ပြီး လမ်းဘေးတစ်နေရာမှာ ရပ်ထားတာ တွေ့ရပါတယ်"
"ဒီတော့ ဘာများ ဖြစ်ပါသလဲ"
"ကုန်တင်ကားမောင်းတဲ့ ဒရိုင်ဘာက ကားရဲ့ ရှေ့မီးနှစ်လုံးကို ဖွင့်လိုက်ပိတ်လိုက်နဲ့ သုံးကြိမ် လုပ်ပါ တယ်။ ပြီးတော့ သူ့ကားကြီးကို ရှေ့ကို မောင်းထွက်လာပါတယ်"
"သူမောင်းလာပုံက ခင်ဗျားတို့ရဲ့ကား ဆက်မမောင်းနိုင်ဘဲ ရပ်သွားအောင် လမ်းပိတ်မောင်းတာမျိုးလား"
"ဟုတ်ပါတယ်"
"ဒီတော့ ခင်ဗျား ဘာလုပ်ပါသလဲ"
"ကျုပ် ဒရိုင်ဘာကို လမ်းဘေးကပ်ပြီး ကားရပ်ဖို့ အမိန့်ပေးလိုက်ပါတယ်"
"ဟေ့…သတိထား၊ ဒါဟာ ငါတို့ကို ချုံခိုတိုက်ခိုက်ဖို့ကြံတာ ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်"
"ခင်ဗျားက အဲဒီကုန်တင် (ထရပ်)ကားနဲ့ လမ်းမှာ ဆုံးလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူးလား"
"ဒရိုင်ဘာကို ခင်ဗျားတို့ ကားရပ်ဖို့ အမိန့်ပေးစဉ်က 'ဟေ့…ဟောဟိုမှာပဲ လမ်းဘေး ကပ်ရပ် လိုက်စမ်း' လို့ ပြောခဲ့ပါသလား"
"မပြောခဲ့ပါဘူး"
"ခင်ဗျားက 'ငါတို့ကို ဒါဟာ ချုံခိုတိုက်ဖို့ ကြံတာ ဖြစ်နိုင်တယ်'လို့ ပြောခဲ့တာဟာ ဘာကို ဆိုလိုပါသလဲ"
"အခုတလော ညဘက်မှာ မော်တော်ကားတွေကို လက်နက်ကိုင် တောပုန်းဓားပြတွေက မကြာခဏ တိုက် ခိုက်လေ့ ရှိတဲ့အတွက် အဲဒီအန္တရာယ်ကို ဆိုလိုတာပဲ"
"ဒီအချိန် က ခင်ဗျားရဲ့စိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ"
"အန္တရာယ် နီးကပ်နေပြီလို့ ထင်မိပါတယ်"
"နောက် ဘာဖြစ်ပါသလဲ"
"ကျုပ်ရဲ့ ကိုယ်ရံတော် (ဘော်ဒီဂတ်)နှစ်ဦးက မာစီးဒီးကားပေါ်က အဆင်းမှာ ကုန်တင်ကားမောင်းတဲ့ ဒရိုင်ဘာနဲ့ သွားစကားပြောကြပါတယ်"
"ဒီအချိန်က ခင်ဗျားဟာ မာစီးဒီးကားပေါ်မှာ ထိုင်နေတယ်မဟုတ်လား။ ခင်ဗျား ထိုင်နေတာကဆိုရင် ကုန်တင် (ထရပ်)ကားမောင်းသူကို မြင်နေရပါသလား"
"ဟုတ်ကဲ့ မြင်ရပါတယ်။ ဒီလူက ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာစိမ်းလူတစ်ယောက် ဖြစ်ပါတယ်"
"ဒီတော့ ခင်ဗျား ဘယ်လိုသဘောထားမိသလဲ"
"စဉ်းစားရ ခက်နေမိပါတယ်"
"ပြီးတော့ ဘာဖြစ်ပါသလဲ"
"ကျွန်တော်တို့ရဲ့ နောက်နား မှောင်ရိပ်ထဲက မော်တော်ကား မီးလုံးကြီးတွေ ရုတ်တရက် လင်းလာပြီး တစ် စုံတစ်ယောက် အသံချဲ့စက် နဲ့ လက်နက်ချ အညံ့ခံဖို့ ပြောပါတယ်။ ကျွန်တော်တို့ကားကိုလည်း လက်နက် ကိုင်တွေ ၀ိုင်းလာပြီး ကျွန်တော့်ကို ကားပေါ်က အတင်းဆွဲချပါတယ်"
"ဒီလို ခင်ဗျားကို ကားပေါ်က အတင်းဆွဲချတဲ့လူတွေကို ခင်ဗျား မှတ်မိပါသလား။ သိတဲ့လူများ ပါသလား"
"ကျွန်တော့်ကို ကားပေါ်က အတင်းဆွဲချချိန်မှာ ကြည့်လိုက်တော့ ဗိုလ်ချုပ်ဖွန်ဂါဘီရာကို တွေ့ရပါတယ်"
"ဒီတော့ ခင်ဗျားစိတ်ထဲ ဘယ်လိုများ ဖြစ်ပေါ်ခံစားရပါသလဲ"
"ကျွန်တော့်အဖို့ အသက်အန္တရာယ် အလွန်နီးကပ်နေပြီလို့ စိုးရိမ်မိပါတယ်"
"ဘာကြောင့် စိုးရိမ်မိတာလဲ"
"ဗိုလ်ချုပ် ဖွန်ဂါဘီရာ ဦးစီးကွပ်ကဲတဲ့ တပ်မဟာတစ်ခု ရှိပါတယ်။ ဒီတပ်မဟာက စစ်သားတွေဟာ ကျွန် တော်တို့ မာတာဘယ်လီလူမျိုးတွေအပေါ် အလွန်ရက်စက်ကြမ်းကြုတ်သူများအဖြစ် နာမည်ကြီးနေပါ တယ်"
ဤတွင် အစိုးရရှေ့နေကြီး ခိုရီက ထကန့်ကွက်လေတော့သည်။
"နာယကကြီးခင်ဗျား၊ ကျွန်တော် ကန့်ကွက်ပါတယ်။ တတိယ တပ်မဟာဆိုတာ နိုင်ငံတော်ရဲ့ တရားဝင် တပ်တစ်တပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ် ဖွန်ဂါဘီရာဆိုတာလည်း လူတကာက လေးစားကြည်ညိုပြီး သိက္ခာ ရှိတဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်ပါတယ်"
တရားရုံး နာယကကြီးသည် ယင်းကန့်ကွက်ချက်ကို လက်ခံရုံမက တရားခံဘက်သို့ ဒေါသထွက်လာပုံ ရ လေသည်။
အခန်း (၁၇) ဆက်ရန်
.

No comments:
Post a Comment