Sunday, August 1, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၆)

 ဂျာနယ်ကျော်မမလေး
သို့မဟုတ်
သူလိုမိန်းမ

စာရေးသူ -  ညွှန့်သစ်

၂၀၁၀ ခုရဲ့ ပူပြင်းလှတဲ့ မတ်လလယ် နေ့တစ်နေ့    ကိုမိုးဟိန်း (သားဂျာနယ်ကျော်) ကျန်းမာရေး အခြေ အနေ ကို သတင်းမေးပြီး အပြန် ဘောက်ထော် ဘူတာရုံ ဘက် လျှောက်လာတယ်။ ဘောက်ထော် ဘူတာရုံ ကုန်းကလေး ပေါ် လှမ်းအတက် ဘူတာရုံဘေးက ကမူလေး ကို မြင်လိုက်ရတာနဲ့ ဆရာ မြသန်းတင့်ရေးတဲ့ "ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး" စာအုပ် ထဲက စာပိုဒ် တွေကို သတိရ လိုက် တယ်။
    ၁၉၄၉ ခုနှစ် ဆောင်းရက် တစ်ရက်ဖြစ်လေသည်။

    ကျွန်တော်တို့တစ်သိုက်သည် ဘောက်ထော်ဘူတာရုံဘေးရှိ ကမူလေးပေါ်တွင် ထိုင်နေကြ သည်။ မြက်ခင်းက စိမ်းလဲ့လျက် ၀င်လုဆဲဆောင်းနေခြည်က ၀င်းလက်နေဆဲ။ ဆောင်းငွေ့သီသီ လွှမ်းထားသဖြင့် လေသည် စူးရှ နေသည်။

    ကျွန်တော် တို့ဆိုသည်မှာ ကျွန်တော် ဒဂုန်တာရာ ဗန်းမော်တင်အောင်၊ မောင်ကြည်လင်၊ မောင်ရေအေး (ဂျာနယ်ကျော် မမလေး၏ တူ၊ယခု ကွယ်လွန်) တို့ဖြစ်သည်။ ကျွန်တော်တို့အထဲတွင် မိန်းမသား တစ်ယောက် ပါသည်။ သူမမှာ ဂျာနယ်ကျော်မမလေးဖြစ်သည်။ ထိုစဉ်မက သူမ၏ အသက်မှာ သုံးဆယ် တစ်ဝိုက် လောက် မှာသာ ရှိလိမ့်ဦးမည်။

    သူ့ဆံနွယ်များသည် နဖူးပေါ်ဝဲကျနေပြီး နောင်တွဲထုံးထားသော ဆံနွယ်များသည် ကျောပြင်ပေါ်တွင် ၀ဲကျ နေသည်။ သူ့နှုတ်ခမ်းက မက်ဖက်တာဆေးနီတွေ စွန်းလျက်၊ သူ၏ စီးကရက်လက်ကြားညှပ်ပုံ၊ သူ စီးကရက် ဖွာပုံ မှာ အမေရိကန်ရုပ်ရှင်မင်းသမီး "ရီတာဟေးဝပ်" နှင့်တူသည်လို့ ဆရာမြသန်းတင့်ကရေးခဲ့တယ်။

    ဆရာမြသန်းတင့်က ဂျာနယ်ကျော်ဦးချစ်မောင်ဆုံးပြီး သုံးနှစ်ကျော်အကြာ သူတို့ကို ဂျာနယ်ကျော် မမလေး က ထမင်းစားဖိတ်တာသွားပြီးအပြန် ဘောက်ထော်ဘူတာရုံကို စာရေးဆရာမ ဂျာနယ်ကျော် မမလေး က လိုက်ပို့နှုတ်ဆက်တာကို ရေးထားတာပါ။

    အခုလည်း လည်ချောင်းကင်ဆာဖြစ်နေတဲ့ ကိုမိုးဟိန်း(သား ဂျာနယ်ကျော်) ဆီ သတင်းမေးပြီးအပြန်၊ နေခြစ်ခြစ် တောက်ပူနေတဲ့ အပူရယ် ရင်ထဲက အပူရယ်ပေါင်းပြီး ဘောက်ထော်ဘူတာရုံ ကုန်းကလေး ပေါ် တက်လာရင်း က ကိုမိုးဟိန်းရဲ့ မိခင်ဖြစ်တဲ့ ဂျာနယ်ကျော် မမလေးကို ရုတ်တရက် အမှတ်ရလိုက်မိတာပါ။

    ပထမက စာရေးဆရာမဂျာနယ်ကျော်မမလေး မိသားစုဟာ ဘောက်ထော်ပြည်သာယာ မှာရှိတဲ့ တိုက်ကြီး တစ်လုံးမှာ နေခဲ့ကြတာပါ။ ၁၉၅၁ ခုနှစ်လောက်ရောက်မှ ဂျာနယ်ကျော်မမလေး ဟာ အင်္ဂလန် လုပ် ပိန်းစက်ကြီးတစ်လုံးကို လပေးစနစ်နဲ့ အရစ်ကျဝယ်ကာ ပုံနှိပ်စက်ထောင်တယ်။ ပုံနှိပ်စက်နဲ့ ရုံးခန်းကို အနော်ရထာ လမ်းနဲ့ ၄၈ လမ်းထောင့်ရှိ တိုက်ခန်းကိုဝယ်ယူလုပ်ကိုင်ပြီး ဘောက်ထော်က တိုက်နဲ့ခြံကို ရောင်းပစ် လိုက်တယ်။ သူ့မိသားစုက အနော်ရထာလမ်းနဲ့ ကရစ်လမ်း ( ယခုဗိုလ်မြတ်ထွန်းလမ်း) ထောင့်ရှိ ချစ်တီးဆိုင် အပေါ်ထပ်ခန်းကို ပြောင်းခဲ့ကြတယ်။
    ဆရာမြက "ကျွန်တော်သည် ချစ်တီးကော်ဖီနံ့၊ မဆလာနံ့နှင့် ဇီယာနံ့သင်းနေသော အနော်ရထာလမ်းနှင့် ကရစ် လမ်းထောင့်က ဂျာနယ်ကျော်မမလေး၏ အခန်းကျဉ်းကလေးကို သတိရနေသည်။ နေ့လယ်နေ့ခင်း ကျွန်တော် ရောက်သွားသည့်အခါများတွင် ဂျာနယ်ကျော်မမလေး သည် အောက်ထပ်ချစ်တီးဆိုင်မှ ကော်ဖီ နှင့် အာလူးပူရီ ကို မှာ၍ကျွေးတတ်သည်။

    "ထိုနှစ်များသည် ဂျာနယ်ကျော်မမလေး၏ ဘ၀တွင်မုန်းတိုင်းထန်သော အချိန်ဖြစ်လိမ့်မည်ဟု ကျွန်တော် ထင်ပါသည်" လို့ ဂျာနယ်ကျော်မမလေးအကြောင်းကို ရေးခဲ့တယ်။
    အဲဒီ အချိန်က ဂျာနယ်ကျော်မမလေးဟာ သားသမီးသုံးယောက်ကို အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်ကို ပို့ပြီး ကျောင်းထား ခဲ့တယ်။ မုဆိုးမတစ်ယောက်တည်း ပုံနှိပ်စက်ထောင် ဂျာနယ်ထုတ်၊ သွင်းကုန်လိုင် စင်လုပ်ကာ ကုမ္ပဏီလုပ်ထောင်ခဲ့တယ်။ ဂျာနယ်ကျော် နဲ့ ပြည်သူ့ဟစ်တိုင် သတင်းစာကို ဆက်လက် လုပ်ကိုင် ရင်း ဖဆပလ ခေါင်းဆောင်တစ်ဦး မီးခွက်မှုတ် တဲ့ သတင်းဖော်ပြမိလို့ လူအုပ်နဲ့ချီ ဖျက်ဆီး ခံလိုက်ရပြီး သတင်းစာလည်းရပ်လိုက်ရတယ်။

    ၁၉၅၃ ခုနှစ် ၄၈ လမ်းနဲ့ အနော်ရထာလမ်းထောင့်ရှိ သီဟရတနာပုံနှိပ်တိုက်မှာ ဂျာနယ်ကျော်မမလေး ဂန္ထ၀င် ဂျာနယ် ကို ဦးစီးပြီးစတင်ထုတ်ဝေတယ်။ ဂျာနယ်ကျော်မမလေးဟာ  သီးသီးသန့်သန့် ခမ်းခမ်း နားနား လှလှပပ ကို ကြိုက်တတ်သူ၊ သူဟာ သူ့တိုက်ရုံးခန်းကို ပလတ်စတိတ် ဆေးအစိမ်းနုရောင် သုတ်တယ်။ ထပ်ခိုး တင်တယ်။ တိုက်အ၀နဲ့ ပြတင်းပေါက်တွေမှာ အခန်းနဲ့လိုက်မယ့် အ၀တ်လိုက်ကာ တွေ တပ်တယ်။ သူ့အလုပ်စားပွဲမှာလည်း နှင်းဆီတွေထိုးစိုက် ထားတဲ့ တရုတ်ပန်းအိုးကို တင်ထားလေ့ ရှိတယ် တဲ့။

ဂန္ထ၀င် ဂျာနယ်ကို ထုတ်တော့ ဆရာမြသန်းတင့်နဲ့ ဒဂုန်တာရာတို့က ၀ိုင်းဝန်းလုပ်ကိုင်ပေး ကြတယ်။ ကဗျာ နဲ့ ခေါင်းကြီးပိုင်းကို ဆရာဒဂုန်တာရာက ဒိုင်ခံပြီးရေးတယ်။ ဆောင်းပါးနဲ့ ၀တ္ထုတွေရေးတယ်။ ဆရာမြက ဘာသာပြန်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုဆောင်းပါးဝတ္ထုများ ရေးတယ်။ ဂျာနယ်ရဲ့ ပေါ်လစီ က အမျိုးသားယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ထောက်ခံရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို အထောက်အကူပြုရေးနဲ့ တိုးတက်တဲ့ စာပေပျံ့နှံ့လာရေးတို့ဖြစ်တယ်။ ဂန္ထ၀င် ဂျာနယ် ကို စာရေးဆရာအားနဲ့ ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြတယ်။ ဒါပေမဲ့ ဆယ့်ငါးရက်တစ်ကြိမ်ထုတ်ပြီး  သုံးပတ် နဲ့ ရပ်ဆိုင်းသွားခဲ့တယ်။ နယ်ကိုယ်လှယ်တွေဆီက ငွေမှန်မှန်မပို့။ ဂျာနယ်ကျော်မမလေးက ဆက်ထုတ် ချင်တယ်။ စက်ရှိတယ်၊ စာခုံရှိတယ်။ ငွေကို တခြားကရှာစိုက်မယ်။ စာရေးဆရာတွေက ဂျာနယ်ကျော် မမလေး ကို အားနာလို့ ဆက်မထုတ်စေ တော့ပေ။

ကွိဒ် ၀တ္ထုမှာ အမေရိကန်စာရေးဆရာ ဟင်နရီဆစ်ဒနာ ဟယ်ရီဆန်(Henry Sudnon Harrison) ရဲ့ နာမည်ကျော် ၀တ္ထုတစ်ပုဒ်။ လူထူးလူဆန်း သတင်းစာဆရာတစ်ဦးနဲ့ ရှာလီဝေဟင် ဆိုတဲ့ မိန်းမပျို လေး တစ်ယောက် တို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်တယ်။ ကွိဒ်က စာအလွန်ဖတ်သူ။ သတင်းစာ ဆရာကြီး လည်းဖြစ်ပြန်တယ်။ ရှလီဝေလင်က ကွိဒ်ရဲ့ သတင်းစာခေါင်းစဉ်ကြီးအရေးအသားနှင့် ပတ်သက်ပြီး ထောက်ပြ တယ်။ ကွိဒ်ကို သတင်းစာတိုက်က ဖြုတ်ပစ်ဖို့အချိန်မှာ ရှာလီဝေလင်က အများ နားလည် ခံစားရမယ့် အရေးမျိုးရေးဖို့  နှလုံးသားနဲ့ရေးဖို့၊ သိပ္ပံပညာရှင်နဲ့ သုခမိန်ကြီးတွေရဲ့ အကြိုက်ကို လိုက်ပြီး မရေးဖို့ ထောက်ပြဝေဖန် တဲ့ အာဂမိန်းမပျိုလေး တစ်ယောက်ပါပဲ။ ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် မမလေးတို့ကလည်း ကွိဒ်နဲ့ ရှာလီဝေလင်တို့ကို အားကျပြီး အတုယူလုပ်ကိုင်ခဲ့တဲ့ သတင်းစာ ဆရာ၊ စာရေးဆရာတွေဖြစ်တယ်။

ဂျာနယ်ကျော်ဦးချစ်မောင်ဆုံးပြီးနောက်မှာ ဂျာနယ်ကျော်မမလေးက သူလုပ်မယ့် သပြေစာအုပ် တိုက်က ထုတ်ဝေရေး လုပ်ဖို့စိတ်ကူးရတယ်။ ပထမဆုံး ကွိဒ်ဝတ္ထုကို ထုတ်ဖို့အတွက် ဘာသာပြန်ပေးဖို့ ဆရာ မြသန်းတင့် ကို အကြံပေးတိုက်တွန်းတယ်။ ဂျာနယ်ကျော်ဦးချစ်မောင် တန်းဖိုးထားသိမ်းဆည်း ခဲ့တဲ့ ကွိဒ် ၀တ္ထု စာအုပ်ကြီးကိုလည်း ပေးလိုက်တယ်။ ဆရာမြသန်းတင့်ကလည်း ဘာသာပြန်ဖို့ ကြိုစားခဲ့ပေမယ့်  အကြောင်း အမျိုးမျိုးကြောင့် အကောင်အထည်ပေါ်မလာဘူး။ ဒီဘက်နောက်ပိုင်း မှာလည်း သားဖြစ်သူ ကိုမိုးဟိန်း (သားဂျာနယ်ကျော်) က ကွိဒ်ဝတ္ထုကို ဘာသာပြန်ခဲ့ပေမယ့် မအောင်မြင်ပြန်ပါဘူး။ နောက်မှ ဘာသာပြန် ဆရာတစ်ဦးက ဘာသာပြန်နိုင်ခဲ့လို့ ကွိဒ်ဘာသာပြန်ဝတ္ထု စာအုပ် ထွတ်ပေါ် လာတာ တွေ့ရတယ်။  အဲဒီအခါမှာတော့  ဂျာနယ်ကျော်မမလေးတစ်ယောက် သူကြိုးစားတာ မအောင်မြင် ခဲ့ပေမယ့် ကွိဒ်စာအုပ် ထွတ်လာလို့ ၀မ်မြောက်ဝမ်းသာဖြစ်ပြီး မုဒိတာပွားတာ တွေ့လိုက်ရတယ်။

၁၉၅၈ ခုနှစ်လောက်မှာ ဂျာနယ်ကျော်မမလေးက ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်တဲ့ အထိမ်းအမှတ် ၁၀ နှစ်ပြည့် မှာ "ဆယ်နှစ်"  ဆိုတဲ့ ဆောင်းပါးတစ်စောင် ရှုမ၀မဂ္ဂဇင်းမှာရေးတယ်။ ဒီဆောင်းပါးမှာ ဆယ်နှစ် အတွင်း မုဆိုးမဘ၀နဲ့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာကို ရေးထားတာပါ။ ဆယ်နှစ်ဆောင်းပါးပါပြီး မကြာမီ မှာ ရွှေဘိုထောင်ထဲမှာရှိတဲ့ ကွန်မြူနစ်တစ်ဦးက ရှုမ၀မဂ္ဂဇင်းက တဆင့် ရေးလိုက် တဲ့စာရှည်ကြီး တစ်စောင် ဒေါ်မမလေးဆီရောက်လာတယ်။

စာထဲမှာက သူငယ်ငယ်ကတည်းက ဂျာနယ်ဦးချစ်မောင်စာတွေဖတ်ပြီး  ဒေါ်မမလေးရဲ့ အခက်အခဲနဲ့ ရုန်းကန်မှု့ အပေါ် စာနာချီးကျူးမိကြောင်း ရေးထားတယ်။ သူဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသား တစ်ဦး ကျောင်းသား လှုပ်ရှားမှု တွေမှာပါခဲ့ပြီးနောက်ပိုင်း တောခိုတယ်။ အထက်မြန်မာနိုင်ငံမှာ တာဝန်ယူပြီး အဖမ်းခံ ရပြီး ရွှေဘိုထောင်ထဲရောက်ခဲ့တယ်။ ထောင်ကလွတ်ရင် နိုင်ငံရေးမလုပ်တော့ဘဲ အလုပ်တစ်ခုခု ကို လုပ်ဖို့  စိတ်ကူးကြောင်း အဲဒီအခါမှာ  ဒေါ်မမလေးဆီလာရောက်တွေ့ဆုံကြောင်း တတ်နိုင်တဲ့ အကူအညီ တွေ ပေးလိုကြောင်း နဲ့ စာရဲ့အောက်မှာ "အောင်ဇေယျ" လို့ လက်မှတ်ထိုး ထားတယ်။

ဒီစာနဲ့ ပတ်သက်ပြီး ဂျာနယ်ကျော်မမလေးက "ပြည်ရွှေဘိုမြို့တော်မြောက်ဘက်ဆီက " ဆိုတဲ့ ဆောင်းပါး တစ်ဆောင် ရှုမ၀မှာရေးလိုက်တယ်။ နောက်ပိုင်းကာလတွေမှာ ဂျာနယ်ကျော်မမလေးနဲ့ ဦးစံလွင်ခေါ် ဦးအောင်ဇေယျ တို့ဟာ  စချင်းဆက်သွယ်မိကြပြီး တစ်ဦးနဲ့တစ်ဦး ခင်မင်လေးစားသွား ကြတယ်။ မုဆိုးမ ဘ၀နဲ့ ခက်ခက်ခဲခဲ ဘ၀ကိုရုန်းကန်ခဲ့ရတဲ့ ဂျာနယ်ကျော်မမလေးနဲ့ မုဆိုဘို (ရွှေဘို) ထောင်က ဦးအောင်ဇေယျ တို့ရဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်လို့ ပြောရင်ရပါတယ်။ အဲဒီအကြောင်းတွေကိုလည်း တစ်လျှောက်လုံး ဆရာမြသန်းတင့် ကို  တိုင်ပင်ဖွင့်ဟပြီ အကြံဥာဏ် တောင်းခဲ့တယ်လို့ သိရတယ်။ ဦးစံလွင် (ဦးအောင်ဇေယျ) နဲ့ လက်ထပ်လိုက်ပါတယ်။

ဂျာနယ်ကျော်မမလေးဟာ ၁၉၅၈ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) မှာ ဗဟို အလုပ် အမှုဆောင် အဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း (ဥက္ကဋ္ဌ)နဲ့ စာရေးဆရာမြသန်းတင့် (အတွင်းရေးမှုး) တို့ ကာလ မှ ပါဝင်လုပ်ဆောင်ခဲ့တယ်။နောက်ပိုင်းစာရေးဆရာအသင်းနဲ့ စာပေကလပ် (အထွေထွေ အတွင်းရေးမှုး) တို့မှာလည်း တာဝန်ကျေသူအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂကို တည်ထောင်တယ်။ အဲဒီမှာလည်း ဒေါ်မမလေးတက်ကြွစွာ ပါဝင်ခဲ့တယ်။ ဆိုဗီယက် မြန်မာ ကိုယ်စားလှယ် အဖြစ် ရုရှပြည် မော်စကိုမြို့ကို သွားခဲ့တယ်။ ဂျပန်အနုမြူဗုံးနဲ့ ဟိုက်ဒရိုဂျင်ဗုံး ဆန့်ကျင်ရေး ကောင်စီက ဖိတ်လို့ ဟီရီုးမားအထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံကိုလည်း သွားခဲ့ရတယ်။ သပြေဦး နာမည် ကနေ "ဂျာနယ်ကျော်မမလေး စာတိုက်" အမည်နဲ့ "သူလိုလူ" စာအုပ်ကို သတ္တမ အကြိမ် အထိ ထုတ်ဝေ ခဲ့တယ်။

ဂျာနယ်ကျော် မမလေးတစ်ယောက် စာအုပ်ထုတ်ဝေရေးလုပ်ရင်း အိုင်ကလောင်မြန်မာဆေး ဆရာကြီးရဲ့ နေလ ဓာတ် ကုထုံး ကိုယူပြီး သူ့ပုံနှိပ်တိုက်မှာပင် မြန်မာဆေးခန်းကို ဖွင့်ခဲ့တယ်။ ဂျာနယ်ကျော်ဦးချစ်မောင် ဆုံး ကတည်းက အင်္ဂလိပ်ဆေးပညာကို စိတ်နာကာ မြန်မာဆေးနဲ့ ကုထုံးကို ယုံယုံကြည်ကြည်လေ့လာ လိုက်စား ခဲ့တယ်။ နှစ်နှစ်တိုင်းလိုမှာ ပဲခူးမြို့ ရွှေမောဓောဘုရားမှာ အခမဲ့ဆေးခန်းဖွင့်ကာ ဆေးကုပြီး ဆေးလှူပွဲ လုပ်တယ်။

၁၉၆၅ ခုနှစ်၊ မိမိအထိန်းသိမ်းခံရပြီး အင်းစိန်ထောင်ရောက်သွားရင်း ဂျာနယ်ကျော်မမလေး ခင်ပွန်း ဦးစံလွင် နဲ့ သားဖြစ်သူ ကိုမိုးဟိန်းတို့နဲ့ အင်းစိန်ထောင်မှာ အတူနေရင်း ရင်းနှီးခဲ့ကြတယ်။ တစ်ခန်းထဲ အတူ နေဘက် ကိုမိုးဟိန်း က သူ့မိသားစုအကြောင်းတွေပြောပြတယ်။ အထူးသဖြင့် သူ့အကိုဖြစ်တဲ့ ကိုသိန်းတန် အကြောင်းကို ပြောပြတာများတယ်။

ကိုသိန်းတန် ကို မိသားစုက သူဌေးလို့ ခေါ်ကြတယ်တဲ့။ ဒါဂျီလင်က ပြန်လာပြီးကတည်းက ကျောင်းလည်း ဆက်မတက် တော့ဘဲ အိမ်မှာ ထိုင်စားလုပ်နေခဲ့တယ်။ အိမ်က အမေ့ပစ္စည်းယူပေါင်၊ ယူရောင်း လုပ်တယ်။ ဂျာနယ်ကျော် မမလေး ရဲ့ စိန်လက်စွပ်ကို သူ့သူငယ်ချင်းမိန်းမ ခိုးတာ ယူပေါင်ပြီး ပေးလိုက် တာလည်း ရှိတယ်။ တစ်ခါတော့ သူငယ်ချင်းဖြစ်သူရဲ့ အသုဘအတွက် လက်ကောက်ကို ရောင်းပြီးတော့ ပေးပစ် လိုက်တယ် ပြောတယ်။ ဒေါ်မမလေးရဲ့ ၀တ္ထုရှည်ကြီးရေးထားတဲ့ စက္ကူအထပ် လိုက်ကြီးကို ဘာမှ ယူစရာမရှိ တဲ့ အဆုံး ကုလားဆိုင်မှာ ပိသာချိန်နဲ့ရောင်းစားဖူးတယ်။ 

ကိုသိန်းတန် ဟာ စာရေး ဆရာကြီး ဦးဥာဏ အတုကိုယူပြီး "ယောက်ျားဆိုတာစုံရတယ်" ဆိုတဲ့လမ်းစဉ်ကို လိုက်လုပ်သူ တစ်ယောက်။ ဖြစ်တည်မှု ပဓာန၀ါဒ အတိုင်း မှန်တယ်ထင်ရာ ကောင်းတယ်ထင်ရာကို လုပ်တယ်။ ကနေ့ အင်းယားလိတ် ဟိုတယ်မှာ နေပြီး မနက်ဖန် ဗိုလ်တစ်ထောင်လမ်းနားမှာ အိပ်ချင်အိပ် တယ်တဲ့။ ဘယ်သူနဲ့ ရန်ဖြစ် လို့ ဘယ်နေရာ မူးလဲအိပ် လို့ အချုပ်ခန်းကိုလည်းရောက်တတ်တယ်။ မိခင်ဖြစ်တဲ့ ဒေါ်မမလေးက အမြဲလို အချုပ်ခန်း လိုက်ပြီး အာမခံ ရတာလည်း မနည်းဘူးတဲ့။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို မကျေနပ်လို့ အိမ် ကို ပုန်ကန်တာဖြစ်မယ် ထင်တယ်။

ကိုမိုးဟိန်း ကတော့ လူအေးတစ်ယောက် တရားသမားတစ်ယောက်။ နောက်ပိုင်းမှာ သက်သက်လွတ် စားပြီး ရာသက်ပန် ရှစ်ပါးသီလစောင့်ထိန်းသူ တစ်ယောက်ဖြစ်တယ်။ ဆေးမသောက်၊ ကွမ်းမစား၊ အရက် မသောက် ဘဲ လက်ဖက်ရည် လောက်သာသောက်သူ။ အခုနောက်ပိုင်းမှာ သက်သက်လွတ် စားလို့ လက်ဖက်ရည် လည်း ဖြတ်လိုက်တယ်။ ဒီကြားထဲက သူ့ခမျာ လည်ချောင်း ကင်ဆာ ဖြစ်ပြီး ကျန်းမာရေး အခြေ အနေ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ဂျာနယ်ကျော်မမလေးသာရှိရင် သားဖြစ်သူ မိုးဟိန်း ကို အခုလို မဟုတ်ဘဲ သူကိုယ်တိုင်ဆေးကုမှာ သေချာတယ်။ လည်ချောင်း ဓာတ်ကင်ကာကို  သူ လုံးဝ ခွင့်ပြု မှာ မဟုတ်ဘူး။

၁၉၆၉ ခုနှစ် ကုန်ခါနီး မိမိအင်းစိန်ထောင်က ပြန်ရောက်လာတယ်။ ကိုမိုးဟိန်းရှိရာ အနော်ရထာလမ်းမှရှိတဲ့ သီဟ ရတနာ ပုံနှိပ်တိုက်ကို ကဗျာဆရာလင်းသူနဲ့ မကြာမကြာ ရောက်တတ် တယ်။ ဂျာနယ်ကျော် မမလေး ရဲ့ ဆေးခန်းနဲ့ ပုံနှိပ်တိုက်မှာ သူကအထွေထွေလုပ်သမား။ တံမြက်လှည်းတာအစ မိခင်ဖြစ်သူ စာရေးတာ အဆုံး လုပ်ပေးရတယ်။ 

ဂျာနယ်ကျော်မမလေးက ဆေးခန်းထိုင်ရင်း စာရေးချင် ရေးတယ်။ သူ့ပါးစပ် က ပြောသွားတာကို နောက်က လိုက်ရေး ပေးရတဲ့ အလုပ်ပါပဲ။ အဲဒီဆေးကုခန်းရဲ့ အထက် မှာ သီဟရတနာ တိုက်က ထုတ်တဲ့ စာအုပ် တွေထားတဲ့ ထပ်ခိုးလေးရှိတယ်။ ဒေါ်မမလေးက အဲဒီ တုန်းက ဖျတ်ဖျတ် လတ်လတ်နဲ့ ကျန်းမာရေး ကောင်းနေတဲ့ အချိန်။ ကိုမိုးဟိန်းဆီက ရောက်သွားတဲ့အခါ သူရှိ နေရင် မိမိတို့ကို နှုတ်ဆက် အပြုံးလေးတစ်ချက် ပြုံးပြပြီး သူ့နဲဂို အနေအတိုင်း ပြုံးတာကို တွေ့ခဲ့ရပြီး မျက်နှာထား တည်တည် နဲ့ပဲ တွေ့ရ တတ်တယ်။ မိမိအနေနဲ့ ကျေင်းအုပ် ဆရာမကြီး ရှေ့ တပည့် တစ်ယောက် ရောက်သွား သလိုမျိုး ခံစားရတယ်။

    အဲဒီအချိန်က မိမိက ပန်းဆိုးတန်းလမ်းမမှာ စာအုပ်ဟောင်းရောင်းနေတဲ့ကာလ။ စာအုပ်အင် အားနည်း လာတဲ့အခါ ကုလားပေါ်တဲ့ဆိုင်တွေမှာ လိုက်ရှာရတယ်။ တစ်ခါတစ်ရံ အိမ်တွေမှာ လိုက်ဝယ် ရတယ်။ ၀ယ်ဖို့အခက်အခဲရှိရင်တော့ အပေါင်းအသင်းတွေဆီ အကူအညီတောင်းရတယ်။ တစ်ခါမှာတော့  ကိုမိုးဟိန်းရှိရာ သီဟရတနာပုံနှိပ်တိုက်ကို ရောက်သွားတယ်။သူ့မိခင် ဂျာနယ်ကျော် မမလေးလည်းမရှိဘူး။ 
မိမိက စာအုပ်ဆိုင်အခက်ခဲကို ပြောပြပြီး သူ့ဆီကစာအုပ်တွေတောင်းရတယ်။ သူကထပ်ခိုးပေါ်က စာအုပ်ထုပ် တွေထဲက ကြိုက်တဲ့စာအုပ်တွေယူခိုင်းတယ်။ မိမိလည်း ထပ်ခိုးပေါ် တက်သွားပြီး စိမ်ပြေ နပြေ စာအုပ်တွေ ရွေးနေတယ်။ ဂျာနယ်ကျော်မမလေးတဲ့ ၀တ္ထုတွေ။ နောက်ပြီး ပုဂ္ဂလပညတ် ဓာတ်ဆေးကျမ်း စတဲ့ စာအုပ်တွေ စိတ်။ သူမ ၀တ္ထုနောက်မုန်း၍မဟူ။ ရင်နင့်အောင်မွှေ်းနဲ့ အဖြူဝတ္ထု စာအုပ်။ သူလိုလူ၊ သွေး စတဲ့ စာအုပ်တွေ။ သူလို လူစာအုပ်ကတော့ ခုနှစ်ကြိမ်အထိ ပြန်ရိုက်ရတဲ့ စာအုပ်ပါ။

မိမိထပ်ခိုးလေးပေါ်မှာ စာအုပ်တွေရွှေးကောင်းနေချိန်။ အောက်ထပ်ကို ဂျာနယ်ကျော်မမလေး ပြန်ရောက် လာတယ်။ ကိုမိုးဟိန်းကလည်း မိမိကို လှမ်းခေါ်ဖို့အချိန်မရလိုက်ဘူး။ ဒေါ်မမလေးမပြန် မချင်း ထပ်ခိုးပေါ် မှာ ချွေးတလုံးလုံးနဲ့ တစ်ချိန်လုံးစောင့်နေရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။ ညနေဆေးခန်းပိတ်ချိန် သူပြန်သွား တော့မှ ထပ်ခိုးပေါ်က ဆင်းခဲ့ရတယ်။ကိုမိုးဟိန်းက တိုက်ပိတ်ပြီးမှ ပြန်ရလို့တော်သေးတယ်။

နောက်ပိုင်း ဒေါ်မမလေးတစ်ယောက် ဘောက်ထော်က အိမ်ဟောင်းနေရာမှာ ကျိုင်းတုံမဟာဒေ၀ီ ရဲ့ ဟော်နန်း ပုံစံ အတိုင်း သူ့ အိမ်ကိုဆောက်လုပ်တယ်။ ဆရာမြသန်းတင့်က သူ့စာအုပ်မှာ "ထိုအိမ်ကို ပြောင်းပြီး နောက်ပိုင်းတွင် ဂျာနယ်ကျော်မမလေးတွင် မျှော်မှန်းချက်တွေ၊ စိတ်ကူးတွေ၊ ရည်မှန်းချက်တွေ လျော့နည်း သွားဟန်တူပါသည်။ ခါတိုင်းလောက် တက်တက်ကြွကြွ သူ့မှာ မရှိတော့သည်ကို ကျွန်တော် သတိပြု မိပါသည်။" လို့ ရေးထားတယ်။

ဂျာနယ်ကျော်မမလေးတစ်ယောက် အလုပ်ပန်ပင်းတာ တစ်ဖက်၊ သားသမီးတွေအတွက် ပူပန်ရတာ တစ်ကြောင်း မို့ နောက်ပိုင်းမကျန်းမာလို့ သူ့ဆေးခန်းကိုတောင် မလာတော့ဘဲ သူ့ဆေးခန်း နဲ့သူ သူ ကိုယ်တိုင် သမားတော်လုပ်ပြီး ကိုယ့်ကိုကိုယ် ကုသနေတယ်။

ဟို တစ်ချိန် သူဆေးလိပ်အသောက်များလို့ တီဘီရောဂါဖြစ်တာလည်း သူ့ရဲ့မြန်မာဆေးနဲ့ပဲကုသ တယ်။ နောက်ဆုံး သူ့မြန်မာဆေးနဲ့ပဲ  သူ့ရောဂါပျောက်သွားခဲတယ်။အခုလည်း သူ မမာမကျန်းဖြစ် နေတာကို ဘယ်သူ မှ မသိစေပဲ သူ့ဟာသူပဲ ကုသနေတယ်။ မိတ်ဆွေသူငယ်ချင် စာရေးဆရာတွေ အင်္ဂလိပ် ဆေးပြောင်း ကု ဖို့ ပြောရင် လက်မခံတာမို့ သူလည်းစိတ်မချမ်းသာ ကျန်သူလည်းစိတ်ဆင်း ရဲမှာမို့ သူ နေမကောင်း ဖြစ်တာကို ဘယ်သူ့ကိုမှမပြောဘူး။ ဒီလိုနဲ့ ကိုယ် ကိုယ်တိုင် ကိုယ့်ဆေးနဲ့ကိုယ် ကုသနေရင်း က ကွယ်လွန် သွားခဲ့ရှာတယ်။

တကယ်တော့ စာရေးဆရာကြီး ဂျာနယ်ကျော်မမလေးဟာ သူယုံကြည်မြတ်နိုးလေးစားခဲ့တဲ့ နေလခေါ်တဲ့ အပူနဲ့ အအေးတတ်အလေးထားပြီး ကုသတဲ့ ဓာတ်စာနဲ့ ဆေးဝါးတွေနဲ့ လူအများကိုလည်း ကုသသည်။ သူ ကိုယ်တိုင် နာမကျန်းဖြစ်တော့လည်း ယုံယုံကြည်ကြည်ကုသပြီး သေဆုံးသွားခဲ့တာမို့ ဂုဏ်ယူ လေးစား ဖွယ် ကောင်းတဲ့ ဆေးဆရာမကြီးတစ်ဦးအဖြစ်မှတ်တမ်းတင် လိုက်ရပါတယ်။

စာရေးသူ - ညွှန့်သစ်
ပိတောက်ပွင့်သစ် မဂ္ဂဇင်း ဂျူလိုင် ၂၀၁ဝ
.

18 comments:

ညိမ်းနိုင် said...

မရွေစင်ဦးရေ...ဂျာနယ်ကျော် မမလေး ဆောင်းပါး ၅ ကို
ဖတ်ပြီးသားဖြစ်နေလို့ လာမဖတ်ဖြစ်တာ..။ပြီးတော့ သရဲ
ဇာတ်ဆိုတော့ နည်းနည်းကျောချမ်းလို့(ဗန္ဓုလသွေးကိုး)
ခုဒီဆောင်းပါးကိုတော့ စိတ်ဝင်တစား လာဖတ်သွားတယ်။
( ဦး) မိုးဟိန်း လည်ချောင်းကင်ဆာဖြစ်နေတယ်ဆိုလို့
စိတ်မကောင်းဘူး။

mashwemi said...

မမရွှေစင် ..ပိတောက်ပွင့်သစ်ကို ဂျာနယ်ကျော်မမလေး အဖုံးနဲ့ထွက်တာတော့ mmbookshop မှာတွေ့လိုက်တယ်။ ဒီမှာဝယ်မရလို့ မ၀ယ်ဖြစ်ဘူး။ အဲဒါက ဂျာနယ်ကျော်မမလေး အကြောင်းတွေချည်းပဲတစ်အုပ်လုံးပါတာလား။ အဲလိုသာဆိုရင်တော့ ရန်ကုန်က သူငယ်ချင်းကို ၀ယ်ခိုင်းထားရမယ် ။ :)

Anonymous said...

မရွှေမိ ရေ

တအုပ်လုံးတော့ မပါဘူး တော်တော် များများတော့ ပါတယ် ဂျာနယ်ကျော် မမလေး ပုံနဲ့ ထွက်တယ်ထင်တယ် ကျနော်လည်း မဝယ်ဖြစ်တာနဲ့ ကော်ပီ ဆွဲထားတာ ၁၀ပုဒ် လောက်တော့ ပါမယ်ထင်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဇော်သိင်္ခ said...

ဆရာမရေ... ဒီဆောင်းပါးလေးလည်း ဖတ်သွားပြီနော်...
ကျေးဇူးလည်း အများကြီး တင်ပါတယ် ဆရာမ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

mashwemi said...

ဟုတ်ကဲ့ ..ကျေးဇူးပါပဲ မမ။ ရန်ကုန်ကိုမှလိုက်မယ် ။သိမ်းထားချင်လို့ :-)

Rita said...

ဂျာနယ်ကျော်မမလေးရဲ့သားကြီးဟာ ဘာလို့များ အဲလို ဖြစ်သလဲ မသိဘူးနော်။ ပြီးတော့ ဒေါ်ခင်လေးမြင့်ရဲ့ ဇာတ်ကြောင်းတွေပါ သိချင်မိတယ်။ (ကိုယ့်ဘာသာ တော်တော်များ စပ်စုနေသလားလို့လည်း တွေးမိတယ်)

Anonymous said...

မရီတာ ကျနော် လည်း စိတ်ဝင်စားတယ် အခုဆောင်းပါး တွေထဲမှာတော့ သိပ်မပါဘူး ကျနော် သိရရင် တင်ပေးပါမယ်

ရွှေစင်ဦး

ကိုဇော် said...

သြော်...ဆရာမကြီးက ဒီလို ဖြစ်ပြီး ဆုံးသွားတာကိုး။
မြန်မာတွေမှာ မဖြစ်သင့်တဲ့ အမှားတွေပဲ။
ခက်တယ်။

mashwemi said...

ဒေါ်မမလေးရဲ့ ၀တ္ထုရှည်ကြီးရေးထားတဲ့ စက္ကူအထပ် လိုက်ကြီးကို ဘာမှ ယူစရာမရှိ တဲ့ အဆုံး ကုလားဆိုင်မှာ ပိသာချိန်နဲ့ရောင်းစားဖူးတယ်။

အဲဒါလေးကိုတော့ စာရေးသူ များ အမှတ်မှားနေသလား လို့ထင်မိတယ်။ မရွှေမိဖတ်ဖူးတာတော့ အဲဒီလို ရောင်းစားကြတာ သူတို့ ငယ်ငယ်လေးတုန်းက အမေကို ခရစ်စမတ်လက်ဆောင်ဝယ်ပေးချင်လို့ ပိုက်ဆံရှာတယ်ဆိုပြီး စာရွက်တွေ ကုလားဆီမှာရောင်းပစ်လိုက်တာ ဂျာနယ်ကျော်မမလေး ရေးထားတဲ့ ခေတ်အဆက်ဆက်မိန်းမ တွေအကြောင်း သေချာရေးပြီးထုတ်မယ်စိတ်ကူးတဲ့ မိန်းမ ဆိုတဲ့ စာမူ ပါသွားတယ်လို့ ဖတ်ရတယ်။ ကလေးဘ၀မှာတုန်းက လုပ်ခဲ့ကြတာပေါ့။ ဂျာနယ်ကျော်မမလေး ရေးတဲ့ သမ္ပုဏ နဲ့ ပရိပုဏ္ဏ ဆိုတဲ့ ဆောင်းပါးမှာရေးထားတာ။

Anonymous said...

မရွှေမိ ပြောတာမှန်ပါတယ် ကျနော် လည်း အဲဒါ သံသယ ရှိနေတာ ဒါပေမဲ့ ဘယ်ထဲ ဖတ်မိမှန်းလည်း မသိတော့ သိတဲ့ လူ ရှင်းလိမ့်မယ်ဆိုပြီး စောင့်နေတာ

ကျေးဇူးဘဲ ညီမ ရေ
ရွှေစင်ဦး

Anonymous said...

ဂျာနယ်ကျော်မမလေးကိုယ်တိုင် အဲဒီအကြောင်း ပြန်ရေးတဲ့ဆောင်းပါး ကျွန်မဖတ်လိုက်ရတယ်။
သားတွေက ဒါဂျီလင်မှာပဲ ကျောင်းဆက်တက်ချင်တယ်။ ဒါနဲ့ အမျိုးတွေအကြောင်း ရေးထားတဲ့ စာမူရှည်ကြီးကို ရေးပြီး ဒီစာအုပ်ထွက်ရင် ရတဲ့ငွေနဲ့ သားတွေကို ဒီနှစ် ဒါဂျီလင် ဆက်ပို့မယ်ပေါ့။
ကျောင်းပိတ်ရက် ပြန်ရောက်လာနေတဲ့ မိုးဟိန်းနဲ့ မောင်သိန်းနိုင်ကလဲ ဒါဂျီလင်ပဲ ဆက်တက်ချင်တယ် ပြောတယ်။ အမေက သူတို့ကို ဒါဂျီလင်ပို့ဖို့ ငွေလိုတာလဲ သိတယ်။
တစ်ရက် ဒေါ်မမလေးကို သား ကိုမိုးဟိန်း (ထင်တယ်)က ပြောတယ်။ မေမေ ငွေလိုတယ်ဆိုလို့ သားတို့ ပိုက်ဆံရှာထားပေးလိုက်ပြီ ဆိုတော့ ဘာများလဲဆိုတော့ အိမ်က စက္ကူတွေကို ပိဿာချိန်နဲ့ အကုန် ရောင်းစားပေးလိုက်တာ။ အဲဒီထဲမှာ ဒေါ်မမလေးရဲ့ ထုတ်ဝေမယ့် အမျိုးသမီးတွေအကြောင်း စာမူကြီးပါ ပါသွားရော။

နောက်ဆုံး ပုံနှိပ်စက် ရောင်း၍ ရသည့်ငွေဖြင့် သားနှစ်ယောက်ကို ဒါဂျီလင် ပို့လိုက်ရပါသတည်း လို့ သူ့ကိုယ်တွေ့ဆောင်းပါးကို ဆုံးထားတယ်။

Anonymous said...

အမျိုးတွေအကြောင်း လို့ စာမှားသွားလို့။ အမျိုးသမီးတွေအကြောင်းပါ။ မိန်းမတို့ ဂုဏ်ရည်တွေ၊ မိန်းမတို့ ကောင်းတာတွေကို သူ ရေးထားတဲ့အကြောင်း အဲဒီဆောင်းပါးမှာ ဖတ်လိုက်ရတယ်။ စာမူနာမည်က 'သြော်မိန်းမ' လား မမှတ်မိတော့ဘူး။

Anonymous said...

မရွှေမိရေ။ အစ်မကွန်မန့် ခုမှ သေချာဖတ်လိုက်ရတယ်။ ဆောင်းပါးနာမည်ပါ အတိအကျ မှတ်မိတာ အားကျလိုက်တာ။ ကျွန်မပြောတာလဲ လိုတာရှိရင် ဖြည့်ပေးပါဦး။

ဒေါ်မမလေး သားကြီး ကိုသိန်းနိုင်ကတော့ ဦးဥာဏမြှောက်ပေးလို့ ဒီလို ဖြစ်သွားရတာဆိုပြီး ဒေါ်မမလေးကိုယ်တိုင်လဲ ပြောတယ်တဲ့။ ဦးဥာဏလဲ ဒီအကြောင်းကို ဆောင်းပါးရေးဖူးတယ်။ သူက ရိုးရိုးကြီးနဲ့ အားနာတတ်လွန်းတဲ့ ဦးချစ်မောင်စရိုက်ကို သူ့စိတ်ထဲ မတွေ့လို့ ကျန်ရစ်သူ သားမောင်သိန်းနိုင်ကို ယောက်ျားဆိုတာ စုံမှ ဆိုတဲ့ စကားတွေနဲ့ မြှောက်ပေးလိုက်တာ ကိုသိန်းနိုင်ဟာ အစုံလွန်ပြီး အစွန်းတစ်ဖက် ရောက်သွားတာပဲ။
ဒီအကြောင်း ဦးဥာဏ ပြန်ရေးတဲ့ ဆောင်းပါးမှာလဲ သူ့သားအရင်းကိုတောင် စာမေးပွဲကျတာကို အိမ်ကထွက်ပြေးဖို့ သူကိုယ်တိုင် မြှောက်ပေးတဲ့အကြောင်း ထည့်ရေးတယ်။ သူ့သားက ထွက်ပြေးတော့ ရထားခိုးစီးတာ မိလို့ ကြိမ်ဒဏ်ခံရပြီး အိမ်ပြန်ရောက်လာတယ်တဲ့။ သူကိုယ်တိုင် ပြန်ရေးတာ။ သူကတော့ မောင်သိန်းနိုင် ဒီလို ဖြစ်တာ သူ့ကြောင့်ဆိုတာ ကျေကျေနပ်နပ် လက်ခံပေမယ့် ဒါ ပျက်စီးသွားတာ ဆိုတဲ့ အများအမြင်ကိုတော့ လက်မခံဘူး။ ယောက်ျားဆို စုံမှ ဆိုတဲ့ အမြင်ပေါ့။

ကိုသိန်းနိုင်ဟာ မိဘငွေ သုံးဖြုန်းပြီး မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက်ယူ၊ အရက်သောက် ပေတေလေလွင့်သွားပြီး အရည်အချင်း ရှိရက်နဲ့ ဘာမှ မယ်မယ်ရရ မပြနိုင်၊ ဘာမှ ဖြစ်မလာတော့ဘူး။ နှမြောဖို့ သိပ်ကောင်းတယ်။ စုံသာစုံတယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ ယောက်ျားလဲ ဖြစ်မလာတော့ဘူး။ အမေ့ငွေပဲ ထိုင်ဖြုန်းနေတော့တာပဲ။

ကျွန်မအဖေလောက် ရှိမယ့် ဦးသိန်းနိုင်ကို ကန်တော့ပါတယ်။ သွားလေသူကို ထိခိုက်ရေးချင်တာ မဟုတ်ဘဲ လူငယ်တစ်ယောက် ယောက်ျားဆို စုံမှဆိုတဲ့ စကားကို နားယောင်မိရင် ပေတေလေလွင့်တာသာ အစုံလွန်သွားပြီး ဘာမှ ဖြစ်မလာတော့တာ နှမြောဖို့ ကောင်းတာကို ပြောချင်တာပါ။

Anonymous said...

အမ..ကျေးဇူးအများကြီးတင်ပါတယ်။ ဒီစာတွေပြန်ဖတ်ရတာ.. ငယ်ငယ်ကဖတ်တာနဲ့ကို မတူဘူး..ဖတ်လိုက်ရတာတွေက တအားကိုပိုကောင်းတယ်။

ငါပြောချင်တဲ့ ငါ့အကြောင်းတို့ နှစ်၆၀ထက်တို့ထက်စာရင် အများကြီးသာတယ်။ လူဆိုတာ(အထူးသဖြင့် နာမည်ကျော်တဲ့ စာရေးဆရာတွေ)ဟာ ကိုယ့်အကြောင်းကိုယ်ရေးပီဆိုရင် တော်တော်သတိထားဖို့လိုတယ် ဆိုတယ်ဒီစာတွေမှာတွေ့ရတယ်။ ကိုယ့်အကြောင်းကို သူများက ရေးတာကတမျိုး ပေါ့..ပုံစံမတူဘူး.
ဒီစာကိုဖတ်ပီး ဒေါ်မမလေးကို ပိုပြိုက်ုက်သွားတယ်။
ငယ်ငယ်ကတော်၂များ၂ဖတ်ဖူးပေမဲ့ .အမအခုလိုပြန်တင်ပေးတာ တကယ်ကျေးဇူးတင်ပါတယ်။ အမ ဒါကြောင့် ၁၀နှစ်ဆိုတာလေး ရှိရင် တင်ပေးပါဦး..ပြန်ဖတ်ပီး အခုရောက်နေတဲ့ အတွေ့အကြုံနဲ့ ဝေဖန်ချင်လို့ပါ။

မြတ်နိုး

mashwemi said...

အားလုံးပဲ sorry ပါ။ မမြတ်နိုးပြောတာမှန်တယ်။ မနေ့ညက ကွန်မန့် ရေးချင်ဇောနဲ့ စိတ်ထဲမှန်တယ်ထင်တဲ့အတိုင်းရေးလိုက်တာ။ အဲဒီဆောင်းပါးမှာပါတာမဟုတ်ဘူး။ မိန်းမ၀တ္ထု ဆိုတဲ့ဆောင်းပါးမှာပါတာ။ ပြီးတော့ ခရစ်စမတ်လက်ဆောင်မဟုတ်ဘူး။ မမြတ်နိုးရေးထားတဲ့အတိုင်းပဲ ဒါဂျီလင် ကိုကျောင်းပြန်သွားတက်ချင်တော့ အမေက သူရေးလက်စပြီးတော့မယ့် မိန်းမ၀တ္ထုကို ပြီးအောင်ရေး၊ပိုက်ဆံရမှ ဒါဂျီလင်မှာကျောင်းပြန်ထားနိုင်မယ်လို့ ပြောတယ်။ ဒါကိုသားအငယ်က မေမေ့ကို ပိုက်ဆံရှာပေးနိုင်ပါတယ် ဆိုပြီး နောက်နေ့ကျတော့ ဂျာနယ်ကျော်မမလေး အဆုံးသတ်တော့မယ့် ၀တ္ထုကြီးကို သတင်းစာကုလားဆီမှာရောင်းစားလိုက်တာ ခြောက်ကျပ်လေးပဲရတယ် ၊မေ့မေ့အတွက်ပိုက်ဆံရှာထားတယ်ဆိုပြီး ဂျာနယ်ကျော်မမလေး ပြန်လာတော့ ပေးသတဲ့။
ကျမ မှတ်ဥာဏ်ကို စိတ်မချတော့လို့ စာပြန်ဖတ်ပြီး ကူးထည့်လိုက်တာ။ ဖတ်နေရင်းတောင် နှမြောမိတယ် အဲဒီဝတ္ထုကြီးကို။ ဂျာနယ်ကျော်မမလေးတော့ အဲဒီတုန်းက (၁၉၅၁) ဘယ်လောက်ရင်နာမယ်မသိဘူးနော်။ မိန်းမတွေအကြောင်းအသေးစိတ်ရေးထားတာမှ ယောကျာ်းရှာတွေ၊မိန်းမရဲ့မိန်းမဖြစ်နေတဲ့သူတွေ အကြောင်းကော၊မိန်းမနဲ့ပတ်သက်တာမှန်သမျှ၊မိန်းမကိစ္စရှိရှိသမျှ ကို အကုန်ပါအောင်ရေးထားတယ်ဆိုတယ်။ အဲဒီဝတ္ထုသာ ထုတ်ဖြစ်ခဲ့ရင်..... ။
ဦးသိန်းတန် ကိစ္စကတော့ ဦးဥာဏမှာ အဓိက တာဝန်ရှိတယ်လို့ ပြောရမယ်။ သူ့အမေကိုယ်တိုင်လည်း အဲဒီလိုပဲရေးခဲ့တယ်။ နောက်ပြီး ရှုမ၀မှာတောင် ပြသနာသိန်းတန်ဆိုပြီး ဦးဥာဏ ပြောတာကမှန်သလား၊ ဂျာနယ်ကျော်မမလေးလို မိဘအမြင်က မှန်သလား ဆိုတာမျိုးတွေ debate သဘောမျိုးလုပ်ပြီး ပြင်ပက ချေပတဲ့ဆောင်းပါးတွေကိုပြိုင်ပွဲသဘောလုပ်ပေးတယ်ဆိုတယ်။ ဆယ်နှစ်ထဲမှာ ရေးထားတာကတော့ ဒါဂျီလင်မှာ ဆက်မထားနိုင်တော့လို့ ပြန်လာရတော့ စိတ်လေနေတာကနေ စစ်ကျောင်းကိုအရမ်းတက်ချင်ခဲ့တယ်တဲ့။ အဲဒီစစ်ကျောင်းတက်ဖို့ကလည်း သူတို့အတန်းထက်တစ်နှစ်စောပြီးတဲ့သူတွေကိုခေါ်တာဆိုတော့ စစ်ကျောင်းလည်း မတက်ရတဲ့အခါ စိတ်ပိုလေပြီး ပျက်စီးသွားတော့တယ်ဆိုတယ်။ အဲလိုအချိန်မှာမှ ဦးဥာဏနဲ့ပါတွေ့လိုက်တော့ .... ။ တခါတလေတော့တွေးမိသား ။ မိဘကတော့ သားသမီးကို အရမ်းတော်စေချင်၊အကောင်းဆုံးပေးချင်တဲ့စိတ်နဲ့ အကောင်းဆုံးကျောင်းတွေထားတာပဲ။အမြဲတတ်နိုင်ရင်ကောင်းပါတယ်။ မတတ်နိုင်တော့တဲ့အခါ မထားနိုင်ရင် သားသမီးတွေ စိတ်မှာ ထိခိုက်ကုန်တာပဲ။ အကောင်းဆုံးနေရာမှာနေလာခဲ့ရပြီးတော့ အဲဒီမှာပဲနေချင်မှာပဲလေ။ ခုခေတ် ILBC, YIEC တွေမှာ ထားနေတဲ့သူတွေလည်း တချို့ ဆို တလစာကျောင်းလခပေးဖို့ တောင်မနည်း စု ပြီးထားနေရတာရှိတယ်။ မထားနိုင်တော့ဘူးဆိုရင် ကလေးတွေ က ငိုတာပဲတဲ့။ ဒီတော့ စိတ်ဓာတ်ရေးရာထိခိုက်မှာစိုးလို့ မရှိရှိတာရှာကြံပြီးထားနေရတဲ့သူတွေရှိတယ်။ အဲတော့ ..မဆိုင်တာတွေပါလာပြန်ပြီ။ ဒါပါပဲ နော် :-)) တွေးမိတာလေးတွေပါ။

Anonymous said...

မရွှေမိ တွေးတာ ဟုတ်တယ်။ အခု ILBC တွေ YIEC တွေမှာ ကျောင်းတက်နေတဲ့ ကလေးတစ်ချို့လဲ အဲဒီက ပြီးရင် မိဘက အင်္ဂလန်တွေ အမေရိကားတွေ အနည်းဆုံး စင်ကာပူဖြစ်ဖြစ် ပညာသင် လွှတ်နိုင်မှ။ မဟုတ်ရင် ရိုးရိုး အစိုးရ အထက်တန်းကျောင်းက အမှတ်ကောင်းကောင်းနဲ့ အောင်တဲ့ ကလေးကမှ ဆေးကျောင်းတွေ စက်မှုတွေ ပြည်တွင်းမှာ ဆက်တက်နိုင်သေးတယ်။ အဲဒီကျောင်းတွေက ကလေးတစ်ချို့က ဟိုလဲ မသွားနိုင်၊ ဒီကပညာရေးလဲ ဆက်တိုးမရနဲ့ ခက်ကုန်ရော။

မြတ်နိုး said...

အဲ..မရွှေမိ .. အပေါ်က မရွှေမိကိုထောက်ပြသွားတာ ကျနော်ဟုတ်ဘူး..ကျနော်က ကျောင်းပီးသွားတော့ ၀တ္တုဖတ်ချိန်ဆိုတာ မရှိတော့ ကလေးတုန်းကမှတ်ထားတာတွေပဲ သိတာ သေချာ မမှတ်မိတော့ဘူး ခုမှ အမရွှေဇင်ကျေးဇူးနဲ့ ပြန်နူးနေတာ..အဲဒါ အခြားတယောက်ဖြစ်မယ်ထင်တယ်။

Anonymous said...

အားလုံး