Sunday, August 29, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၇) အဆက်

"တရားလိုဘက်က ကန့်ကွက်တာ မှန်ကန်တယ်။ တရားခံဘက်က တရားရုံးကို ခုတုံးလုပ်ပြီး ထင်ရှားကျော် ကြား သိက္ခာရှိတဲ့ တပ်မှူးကောင်းတစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ စွပ်စွဲပုတ်ခတ်တာကို ရုံးတော်က ခွင့်မပြု နိုင်ဘူး။ တရားခံက ကျုပ်ရှေ့မှာရပ်ပြီး လူမျိုးရေးအရ မုန်းတီးမှုတွေ ဖော်ထုတ် နေတာကို ရုံးတော်က ခွင့် မပြုနိုင်ဘူး။ တရားခံက ကျုပ်ရှေ့မှာရပ်ပြီး လူမျိုးရေးအရ မုန်းတီးမှုတွေ ဖော်ထုတ်နေတာကိုလည်း လက်မခံနိုင်ဘူး။ ဒါကြောင့် ကျုပ် အခု လေးလေးနက်နက် သတိပေးပါတယ်။

"ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျုပ်က တရားခံအပေါ် ရုံးတော်ကို မထီမဲ့မြင် ပြုမူမှုနဲ့ အရေးယူရလိမ့် မယ်"
တရားခံရှေ့နေကြီး ပီတယ်လ်သည် သူ၏ အမှုသည် တွန်ဂါတာ စိတ်ထိခိုက်သွားသည်ဟု သိသဖြင့် စက္ကန့် သုံးဆယ်ခန့် တိတ်ဆိတ်နေလိုက်ပြီးမှ ဆက်မေးလေသည်။
"ခင်ဗျား ရဲ့ အသက်အန္တရာယ် နီးကပ်နေပြီလို့ စိုးရိမ်မိကြောင်း ထွက်ဆိုခဲ့တယ် မဟုတ်လား"
"ဟုတ်ပါတယ်"

"စစ်သားတွေက ကုန်တင်ကားကြီးပေါ်က ဆင်စွယ်တွေ၊ သားမွေးတွေ သယ်ချနေတာကို မြင်ပါသလား"
"မြင်ပါတယ်"
"ဒီတော့ ခင်ဗျားစိတ်ထဲ ဘယ်လို ခံစားမိပါသလဲ"
"ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်မိပါတယ်။ ဒီပစ္စည်းတွေကို အကြောင်းပြုပြီး ကျွန်တော့်ကို သတ်ပစ်တော့မှာပဲ လို့ ထင်မိပါတယ်"
"ဒီထွက်ဆိုချက်ကို ကန့်ကွက်ပါတယ်"

အစိုးရရှေ့နေကြီး ခိုရီက ပြောလိုက်ရာ တရားရုံး နာယကကြီး ဒိုမာရှာဝါသည် တရားခံအား စိတ်ဆိုးဟန် ဖြင့် လှမ်းကြည့်လိုက်သည်။
"ကျုပ်က တရားခံကို တစ်ကြိမ် သတိပေးခဲ့ပြီးပြီ။ နောက်ထပ် သတိမပေးတော့ဘူး။ ဒါပဲ"
တရားခံရှေ့နေကြီး ပီတယ်လ်က ဆက်မေးလေသည်။
”အဲဒီနောက်ပိုင်း ဘာဖြစ်ပါသလဲ”

”မစ္စဆယ်လီဟာ သူစီးလာတဲ့ မော်တော်ကားပေါ်က ဆင်းပြီး ကျွန်တော်နားကို ချဉ်းးကပ်ပါတယ်။ စစ်သားတွေက ကုန်တင် (ထရပ်)ကားနားမှာ အလုပ်ရှုပ်နေကြတဲ့အတွက် ကျွန်တော်အဖို့ လွတ် မြောက်ဖို့အခွင့်အရေးရတာပဲလို့ အကြံရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဟ မစ္စတာဆယ်လီကို ဓားစာခံအဖြစ် ဖမ်းဆွဲပြီး လင်းရိုဗာကားနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။
”ကျေးဇူးတင်ပါတယ်။ ၀န်းကြီးခင်ဗျား”
ရှေ့နေကြီးက ပီတယ်လ်က  တွန်ဂါတာအား ဤသို့ ပြောလိုက်ပြီးနောက် တရားရုံ နာယကကြီးအား မော့ကြည့်လိုက်သည်။
”နာယကကြီး ခင်ဗျား၊ ကျွန်တော်ရဲ့ အမှုသည်ဟာ အလွန်ပင်ပန်းနွမ်းနယ်နေပါတယ်။ ဒါကြောင့် သူအ နားယူနိုင်ရန်အတွက် အမှုကို မနက်ဖြန်မနက်မှ ဆက်လက်ပြီး ကြားနာစစ်ဆေးဖို့ လျှောက်ထားလိုပါ တယ်”

တရားရုံနာယကကြီးက အဆုံးအဖြတ် မပေးမီ အစိုးရရှေ့နေကြီး  ခိုရီက ကန့်ကွက်တော့သည်။
”နာယကကြီးခင်ဗျား၊ အခုဆိုရင် မွန်းတည့်ချိန်တောင် မရောက်သေးပါဘူ၊ တရားခံဟာသက်သေအဖြစ်  ထွက်ဆိုနေတာလည်း နာရိဝက်တောင် မပြည့်သေးပါဘူး၊  သူလို ကျန်းမာသန်စွမ်းတဲ့ စစ်သည် ဟောင်းတစ်ဦးအနေနဲ့ ဒါလောက်နဲ့ ပင်ပန်းနွမ်းနယ်လှမယ် မထင်ပါဘူး။ ဒါကြောင့် အမှုကို ဆက်ပြီး စစ်ဆေးစေချင်းပါတယ်”
”အမှုကို ဆက်လက် ကြားနာစစ်ဆေးမယ်”
နာယကကြီးက ဆုံးဖြတ်ချက် ပေးလိုက်ရာ ရှေ့နေကြီး ပိတယ်လ်သည် ဘာမျှ မတတ်နို်င်တော့ဘဲ အစိုးရ  ရှေ့နေကြီးအား-
”လူကြီးမင်းက ပြန်လှန်မေးခွန်းထုတ်နိုင်ပါပြီ”ဟု ပြောလိုက်သည်။

ရှေ့နေကြီး ခိုရီသည် သူ့ဘက်မှ မုချနိုငရမည်ဟု ယုံကြည်မှုအပြည့်အ၀ရှိသူ တစ်ယောက်၏ ဟန်မျိုး ဖြင့် တွန်ဂါတာအား စတင် မေးခွန်းထုတ်လေသည်။
”စောစောက ခင်ဗျားထွက်ဆိုရာမှာ ခင်ဗျားဟာ အသက်အန္တရာယ်အတွက် စိုးရိမ်တယ်လို့ ထွက်ဆို သွားတယ်။ ဒါပေမဲ့ ကျုပ်က အဲဒီလို မဟုတ်ဘူး ဆိုချင်းတယ်။ ခင်ဗျားဟာ မိမိမှာ အပြစ်ရှိတာကို လိပ်ပြာမလုံသလို စိုးရီမ်တုန်လှုပ်နေခြင်းသာ ဖြစ်တယ်။ မိမိအပြစ်ကို ဒီလိုပြည်သူ့ တရားရုံမှာ အရေးယူစွဲဆိုခြင်းခံရပြီး အပြစ်ဒဏ်ပေးခြင်း ခံရမှာကို စိုးရိမ်ပြီး တုန်လှုပ်ချောက်ချားနေတယ် မဟုတ်လား။ တရားခွင်ပေါ်က အနီရောင် ၀တ်ရုံလွှမ်းခြုံးထားတဲ့ ပညာရှိုပုဂ္ဂိုလ်ကြီးနဲ့  ရင်ဆိုင်ရမှာကို လည်းကြောက်နေတယ် မဟုတ်လား”
”မဟုတ်ပါဘူး”

တွန်ဂါတာက ခပ်တည်တည် ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
 ”နောက်ပြီး ခင်ဗျားဟာ မိမိပြုခဲ့တဲ့ ပြစ်မှုကြောင့် စိတ်ဓာတ်ကျသိမ့်ငယ်နေမိရာက သွေးရူးသွေးတန်းနဲ့ ရာဇ၀တ်ပြစ်မှုက ကျူးလွန်ဖို့ ကြိုးစားခဲ့တယ် မဟုတ်လား”
”လုံးဝ မဟုတ်ပါဘူး”

”ခင်ဗျားက မစ္စဆယ်လီကို ဖမ်းလိုက်ပြီးတော့ မလိုအပ်ဘဲ ခွန်အားကြီးကြီးနဲ့ သူ့ရဲ့ ကိုယ်လက်အင်္ဂါ တွေကို လိမ်ချိုးခဲ့တယ် မဟုတ်လား။ ရက်ရက်စက်စက် သူ့ကို ရိုက်နှက် နှိပ်စက်ခဲ့တယ် မဟုတ်လား”
”ဒီလို မဟုတ်ပါဘူး၊ ကျွန်တော်က မစ္စဆယ်လီကို ကားပေါ်က ခုန်ချပြေးဖို့ ကြံနေတဲ့အတွက် အနာတ ရမဖြစ်စေလိုတဲ့ စေတနာနဲ့ တစ်ချက်တည်းပဲ ရိုက်လိုက်ပါတယ်”
”နောက်ပြီး ခင်ဗျားဟာ စစ်တပ်သုံး  မောင်းပြန်ရိုင်ဖယ်သေနက်နဲ့လည်း မစ္စတာဆယ်လီကို ပစ်ဖို့ ချိန်ရွယ်ခဲ့တယ် မဟုတ်လား။ အဲဒီရိုင်ဖယ်သေနက်ဟာ ဗိုလ်ချုပ်ဖွန်ဂါဘီရာရဲ့  သေနက်ဖြစ်ပြီး ကျည် ဆန်အပြည့် ထိုးထားတယ်ဆိုတာလည်း ခင်ဗျား အသိသားပဲ  မဟုတ်လား”

”ကျွန်တော်က သူ့ကို ရိုင်ဖယ်သေနက်နဲ့ ခြိမ်းခြောက်ခဲ့တာတော့ မှန်ပါတယ်”
”ပြီးတော့ ခင်ဗျားက သူ့ကို သေလောက်တဲ့နေရာ (၀မ်းဗိုက်)ကို ချိန်ပြီး သေနက်နဲ့ပစ်ခဲ့တယ် မဟုတ် လား”
”ကျွန်တော်က ဗိုလ်ချုပ်ဖွန်ဂါဘီရာကို ကျည်ဆန်မထိမှန်ဘဲ တမင်းလွဲချော်အော် ချိန်ပြီးမှ ပစ်ခဲ့ပါတယ်”
”ခင်ဗျားဟာ ဗိုလ်ချုပ် ဖွန်ဂါဘီရာကို သတ်ဖို့ ရည်ရွယ်ပြီး ပစ်ခဲ့တယ်။ ဗိုလ်ချုပ်က အလွတ်လျင်မြန် ဖျက်လက်စွာ ရှောင်တိမ်းနိုင်လို့သာ မထိမှန်ခဲ့ဘဲ လွတ်သွားတယ်လို့ ကျုပ်ကပြောရင် ခင်ဗျားငြင်း မလား”

”ကျွန်တော်ဘက်က သူ့ကို တကယ်သေစေလိုတဲ့ ရည်ရွယ်ချက်နဲ့သာ ပစ်ခဲ့မယ်ဆိုရင် အခု သူသေ နေမှာ သေချာပါတယ်”
တွန်ဂါတာက လေသံ ခပ်အေးအေးနှင့် ပြောလိုက်သည်။
”ခင်ဗျာဟာ လင်းရိုဗာကားကို ခိုးယူမောင်းပြေးစဉ်က အဲဒီကားဟာ နိုင်ငံတော်ပိုင်(အစိုးရ) ပစ္စည်းတစ် ခု ဖြစ်တယ်ဆိုတာ သိရဲ့လား”
အစိုးရရှေ့နေကြီး ခိုရီသည် ဤသို့မေးပြီး တစ်ဆက်တည်းမှာပင်-
”ခင်ဗျားဟာ မစ္စတာခရိတ်ကို ရိုင်ဖယ်သေနတ်နဲ့ သေသေချာချာချိန်ပြီး ပစ်ခဲ့တယ် မဟုတ်လား။ ဒီအချိန်မှာ မစ္စဆယ်လီက အတင်းဝင်တိုးပြီး တွန်းဖယ်လိုက်လို့သာ  မစ္စတာခရိတ်ကို မထိမှန်ဘဲ လွဲချော်သွားတယ် မဟုတ်လား”ဟု မေးပြန်သည်။

ဤသို့လျှင် အစိုးရ ရှေ့နေကြီးသည် တစ်နာရီပါးခန့်ကြာအောင် တွန်ဂါတာအား မေးခွန်းတွေ အဆက် မပြတ် မေးခဲ့လေသည်။
မေးခွန်းတွေကလည်း တွန်ဂါတာ၏ မူလအစစ်ခံချက်များမှ ၀န်ခံခဲ့သည့်အချက်များကို ထုတ်နုတ်၍ မေးမြန်းခြင်း ဖြစ်လေရာ တဖြည်းဖြည်းနှင့် တရားခံအပေါ်အမှုက ”လေး”ပြီး၊ ပြစ်မှု ထင်ရှားလာသလို ဖြစ်လာလေတော့သည်။

ခရိတ်သည်ပင်လျှင် တရားခံရှေ့နေကြီး ပီတယ်လ်အနေဖြင့်  တွန်ဂါတာကို သက်သေအဖြစ် ထွက်ဆို စေခြင်းသည် အကြီးအကျယ် မှားသွားလေပြီဟု သုံးသပ်မိလေသည်။
သို့ဖြစ်လင့်ကစား မစ္စတာပီတယ်လ်က နိဂုံးချုပ်သည့် အနေဖြင့်ရုံးတော်သို့ လျှောက်လဲတင်ပြချက်မှာ တရားခံ တွန်ဂါတာအပေါ် စာနာထောက်ထားချင်လာအောင် ကရုဏသက်လာအောင် ဆွဲဆောင်စည်း ရုံးသည့် သဘောပါဝင်လေသည်။

ထိုပြင် အချင်းဖြစ်ပွားသည့်ညက တွန်ဂါတာ၏ အပြုအမှုလှုပ်ရှားမှုများသည် မတတ်သာ၍ စိတ်စေတ နာပြုလုပ်ခဲ့မိခြင်း ဖြစ်ကြောင်း ပေါ်လွင်လာအောင် ပိုင်နိုင်ပိရစွာ တင်ပြနိုင်လေသည်။
တရားရုံး နာယကကြီး ဒိုမာရှာဝါသည် စွဲချက်တင်သင့်မတင်သင့်  ချက်ချင်းဆုံးဖြတ်ချက် မပေးဘဲ-
”ကျုပ် ဆုံးဖြတ်ချက်ကို မနက်ဖြန်မှပဲ ပေးမယ်”ဟု ကြေညာလိုက်လေသည်။
ထိုနောက် တရားခံစီရင်ရေးအဖွဲ့ဝင်များသည် တရားခွင်မှထ၍ ဆင်းသွားကြလေသည်။

လာရောက်နားထောင်သူ ပရိသတ်သည် အမှုပေါ် အိထူစိတ်ဝင်းစားကြသဖြင့် အချင်းချင်း ဆွေးနွေး ပြောဆိုထင်မြင်ခ်ျကပေးရင်း ရုံးခန်းတွင်းမှ ပြန်ထွက်သွားကြလေသည်။

ထိုနေ့ညဘက် ညစာအတူစားကြချိန်တွင် ဆယ်လီက ခရိတ်အား ဤသို့ သူမ၏ ထင်မြင်ချက်ကို ပြေလေသည်။
”ကျွန်မဖြင့် ဆရာမလေး ဆာရာ သက်သေအဖြစ် ထွက်ဆိုတော့ သူ့အတွက် အလွန်စိတ်မကောင်း ဖြစ်မိတယ်ရှင့်။ သူ့ခများ အပြစ်ကင်းတဲ့ ကလေးငယ်တစ်ယောက်လိုပါပဲ သနားပါတယ်”
”ဟာ မင်းကလည်း ဆာရာကို ကလေးငယ်တစ်ယောက်နဲ့ နှိုင်းနေပြန်ပါပြီ။ အမှန်တော့  ဆာရာဟာ မင်းထက် အသက်နှစ်နှစ်လောက်တောင် ကြီးတယ်။ သူ့ကို ကလေးနဲ့ နှိုင်းမယ်ဆိုရင် မင်းကို နို့စို့ ကလေးတစ်ယောက်လို့ ဆိုရမှာပေါ့ ဟဲဟဲ”

ခရိတ်က ရယ်သွမ်းသွေး၍ ပြောလိုက်သော်လည်း ဆယ်လီသည် ဂရုမစိုက်ဘဲ တည်ကြည်သော ဣနြေ္ဒ ဖြင့် ဆက်ပြောလိုက်သည်။
”ဆာရာဟာ ၀န်ကြီး တွန်ဂါတာပေါ် ယုံကြည်စိတ်ချမှု အပြည့်အ၀ ရှိပုံရတယ်။ ကျွန်မတောင်မှ ဆာရာ ရဲ့ ထွက်ချက်ကို နားထောင်းရင်း တွန်ဂါတာမှာ အပြစ်မရှိသေးသယောင် ထင်မြင်လာပါတယ်။ အစိုးရ ရှေ့နေကြီး မစ္စတာခိုရီရဲ့ မေးမြန်းချက်၊ ထောက်ပြချက်တွေ ကြားရတော့မှပဲ အမှန်ကို ပြန်မြင်ယောင်မိ တယ်ရှင့်”

အခန်း(၁၈)

နောက်တစ်နေ့တွင် တရားရုံး နာယကကြီး ဒိုမာရှာဝါသည် သူ၏ ကြည်လင်ပြတ်သားသော အသံဖြင့် ဆုံးဖြတ်ချက်ကို ဖတ်ကြားလေသည်။
စရင်ဆုံးဖြတ်ချက်တွင် နာယကကြီးက မမှုဖြစ်ပွားပုံနှင့်၊ တရားလိုနှင့် တရားခံနှစ်ဖက်စလုံးနှင့် သက်ဆိုင်သော အဖြစ်အပျက်များကို အကျဉ်းချုပ် သုံးသပ်ဖော်ပြပြီးနောက် တရားစီရင်ရေးအဖွဲ့၏ သုံးသပ်ချက်ကို ဤသို့ဖော်ပြထားလေသည်။

''တရားခံဘက်မှ ကာကွယ်ချေပရာတွင် အဓိကအခြေပြု၍ တင်ပြသွားပေသည်။ ပထမအခက်က သက်သေဆရာမဆာရာ၏ ထွက်ဆိုချက်ပင်ဖြစ်သည်။ ယင်းထွက်ဆိုချက်အ ရပင် တရားခံဝန်ကြီး တွန်ဂါတာသည် တူတီသာသနာပြု မစ်ရှင်သို့ ခရီးထွက်ခွာသွားခဲ့ခြင်းမှာ (တိုက်ရိုက်ဖွင့်ဝန်မခံ ထားသည့်တိုင်အောင်) ချစ်သူနှင့် သွားရောက်တွေ့ဆုံရန် ဖြစ်သည်ဟု ဆိုသည်။ ကုန်တင်(ထရပ်) ကားနှင့် ဆုံမိခြင်းမှာ မတော်တဆ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်ဟုလည်း ဆိုသည်။

''ဆရာမ ဆာရာသည် ရိုးသားပြီး လူ့လောကအကြောင်း ဘာမျှမသိသူ ကျေးလက်ဒေသမှ မိန်းကလေး တစ်ယောက်သာ ဖြစ်သည်ဟု တရား ရုံးတော်က ထင်မြင်ယူဆအောင် ထွက်ဆို သွားနိုင်ပေသည်။
''သူမကိုယ်တိုင် ထွက်ဆို ၀န်ခံချက်အရ ဆာရာသည် တရားခံ၏ သြဇာလွှမ်းမိုးမှု လောင်းရိပ် မိနေသူတစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။ ဤအချက်ကြောင့်ပင်လျှင် (တရားလိုဘက်မှ တင်ပြသလို) သူမသည် တရားခံ၏ သြဇာလွှမ်းမိုးမှုအောက် လုံးဝရောက်နေသဖြင့် တရားခံက မှောင်ခိုပစ္စည်းများ သိုလှောင်ခြင်း၊ သယ်ယူခြင်းတို့တွင် ပါဝင်ဆောက်ရွက်ရန် သဘောတူလက်ခံခဲ့ သည်ဟုပင် ယူဆဖွယ်ရာ ဖြစ်နေပေသည်။

''အထက်ပါ အကြောင်းများကြောင့် ဤတရားရုံးတော်အနေဖြင့် မစ္စဆ၏ ထွက်ဆိုချက်သည် ဘက်မလိုက် ကြားနေထွက်ဆိုချက် မဟုတ်ဘဲ တစ်ဖက်သတ် ကျနေသဖြင့် လုံခြုံစိတ်ချရခြင်း မရှိဟု သုံးသပ်ရမည် ဖြစ်ပေသည်။

''တရားခံဘက်မှ အခြေပြု လျှောက်လဲသော ဒုတယအချက်မှာ တရားခံသည် ပိရိပြီး အသက်အန္တာရယ်အတွက် စိုးရိမ်ရလောက်အောင် အခြေအနေနှင့် ရင်ဆိုင်ရသဖြင့် ယခုကဲ့သို့ လှုပ်ရှားခဲ့ရပါသည်ဟု မိမိကိုယ်တိုင် ခုခံကာကွယ်ရသည့် သဘောတင်ပြချက်ပင် ဖြစ်သည်။.
''တရားခံက သူသည် မုချအသက်ခံရတော့မည်ဟု စိုးရိမ်ပူပန်မိ၍သာ ယခုကဲ့သို့ပြုမူခဲ့ရသည်ဟု လည်းဆိုသည်။ ယင်းစိုးရိပ်မှုကြောင့် သူကိုယ်သူကာကွယ်ခုခံရန် ကြိုးစားခဲ့ရပါသည်ဟု ဆိုသည်။
''ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် နိုင်ငံတော်တွင် အလွန်ကြီးလေးသော တာဝန်ကိုထမ်းဆောင်နေရသော ပုဂ္ဂိုလ်တစ်ဦိးဖြစ်သည့်အပြင် နာမည်ပျက်သည့်သတင်း တစ်စုံတစ်ရာမရှိသူ လူအများကလေးစား ကြည်ညိုခြင်းခံရသူ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပေသည်။

''တစ်ဖန် တတိယ တပ်မဟာသည် နိုင်ငံတော်၏ တရားဝင် စစ်တပ်မှလက်ရွေးစင် တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ယင်းတပ်ဖွဲ့မှ စစ်သားအားလုံးသည်လည်း စနစ်တကျ လေ့ကျင့်သင်ကြားထားသူ၊ စည်းကမ်းရှိသောသူများ ဖြစ်ကြပေသည်။

"ထို့ကြောင့် ဤရုံးတော်အနေဖြင့် တရားခံဘက်မှ ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့် သူ၏ တပ်သားများက တရားခံ၏ အသက်အန္တရာယ်ကို ရန်ပြုရန် ခြိမ်းခြောက်ခဲ့ပါသည်ဟူသော စွပ်စွဲချက်ကို ပယ်ချလိုက် သည်။
"တရားလိုဘက်မှ တင်ပြသော ပထမစွဲချက်မှာ တရားခံသည် ဥပဒေအရ ကာကွယ်တားမြစ်ထား သော တောရိုင်းတိရစ္ဆာန်များအား မှောင်ခိုသတ်ဖြတ်၍ ဆင်စွယ်ကဲ့သို့ တိရစ္ဆာန်ပစ္စည်း မှောင်ခို ရောင်းဝယ်နေပါသည်ဟူ၍ ဖြစ်သည်။ ယင်းစွဲချက်နှင့် ပတ်သက်၍ ဤရုံးတော်က ပြစ်မှုထင်ရှား သည်ဟု ယူဆသဖြင့် တည်ဆဲဥပဒေအရ အကြီးလေးဆုံး အပြစ်ဒဏ်ပေးရန် ဆုံးဖြတ်လိုက်သည်။ တရားခံအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်သည်။

"ဒုတိယစွဲချက်ဖြစ်သော လူတစ်ယောက်အား ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ခြင်းတွင်လည်း တရားခံ သည် အပြစ်ရှိသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်ကျခံစေရန် အပြစ်ပေးလိုက်သည်။
"လူတစ်ယောက်အား ထိခိုက်အနာတရ ဖြစ်စေရန် ရည်ရွယ်သဖြင့် တိုက်ခိုက်ခဲ့ခြင်း စွဲချက်တွင် လည်း တရားခံသည် အပြစ်ရှိသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ် ကျခံစေ။
"လူသတ်ရန် ကြံစည်မှု စွဲချက်အရလည်း အပြစ်ရှိကြောင်း ထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ထောင် ဒဏ် ခြောက်နှစ် ကျခံစေ။

"ယင်းပြစ်ဒဏ်အားလုံးကို တစ်ပေါင်းတည်း မကျခံစေဘဲ ပြစ်ဒဏ်တစ်ခုပြီးမှ တစ်ခု ဆက်လက် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်"
နာယကကြီး ဖတ်ကြားသော စီရင်ချက်ကိုကြားလျှင် အစိုးရရှေ့နေကြီး ခိုရီသည်ပင်လျှင် အံ့အား သင့်ပြီး မော့ကြည့်လိုက်မိလေသည်။
ယခုတိုင်ဆိုလျှင် တရားခံ တွန်ဂါတာအား တရားရုံးက အပြစ်ပေးလိုက်သည်မှာ ထောင်ဒဏ် စုစု ပေါင်း နှစ်လေးဆယ် ဖြစ်နေပေသည်။
အကျဉ်းဌာန၏ ထုံးတမ်းစဉ်လာအရ လျှော့ရက်များ ပေးလိုက်သည့်တိုင်အောင် တွန်ဂါတာသည် ထောင်ထဲတွင် အနည်းဆုံး နှစ်ပေါင်းသုံးဆယ်ခန့် နေရမည်ဖြစ်သည်။ သူ၏ ဘ၀လုံးလုံး ဆုံးရှုံးရ တော့မည့် အခြေအနေမျိုး ဖြစ်နေပေသည်။

လာရောက်နားထောင်သူ ပရိသတ်များအနက် နောက်နားမှ အမျိုးသမီး (ကပ္ပလီလူမည်း)တစ်ဦး သည် မာတာဘယ်လီဘာသာဖြင့် ဟစ်အော် ငိုကြွေးလိုက်သည်။
"ဘာဘာ၊ ဘာဘာ ကျုပ်တို့ရဲ့ ဖခင်ကြီးကို သူတို့က အပြီးပိုင် ခေါ်ဆောင်ဖယ်ခွာလိုက်ပြီပါ တကား။ အို…ဖခင် ဖခင်၊ ကျုပ်တို့အဖို့ ဖခင်ကြီး သေဆုံးသည်နှင့် မခြားတော့ပါပြီ"
မရှေးမနှောင်းမှာပင် ပရိသတ်ထဲမှ တိုင်းရင်းသားယောက်ျားတစ်ဦးက မာတာဘယ်လီ လူမျိုးတို့၏ စစ်ချီသိချင်းတစ်ပုဒ်ကို စတင်သီဆိုလိုက်သည်။

"အို…ရှန်ဂါနီမှ မုဆိုးမ အပေါင်းတို့…
သင်တို့သည် ဘာကြောင့် ငိုကြွေးရလေသနည်း။
အို….ပြည်သူသားငယ်များ သင်တို့သည် ဘာကြောင့် ငိုကြွေးနေပါသနည်း။
သင်တို့၏ ဖခင်သည် ဘုရင်မင်းမြတ်၏ အမိန့်အတိုင်း နာခံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အို… အချင်းတို့"
ယင်းသို့ အဓိပ္ပာယ်ရသော မာတာဘယ်လီ သီချင်းကို ကျယ်လောင်စွာ ဟစ်ကြွေးသီဆိုလိုက်ခြင်း ဖြစ်လေသည်။
အတိတ်ကာလတစ်ချိန်က မာတာဘယ်လီတိုင်းရင်းသားတို့၏ ဘုရင် လိုဘင်ဝူလာ လက်ထက် စစ်မတ်ချီတက်ရာတွင် စစ်သည်များ စိတ်ဓာတ်တက်ကြွစေရန် သီဆိုလေ့ရှိသော စစ်ချီသီချင်း တစ်ပုဒ်လည်း ဖြစ်ပေသည်။

ယခု တရားရုံ့းခန်းအတွင်း သီဆိုနေသူကား ကျန်းမာသန်စွမ်းသော မာတာဘယ်လီတိုင်းရင်းသား လူငယ်တစ်ဦး ဖြစ်လေသည်။ သီချင်းဆိုနေခိုက် သူ၏ စိတ်နှလုံး ထိခိုက်ဟန်ဖြင့် မျက်ရည်များပင် ယိုစီးကျနေလေသည်။
ထိုလူငယ်က စတင် သီချင်းဆိုလိုက်သောအခါ သူ၏ ဘေးပတ်ဝန်းကျင်ရှိ အခြား မာတာဘယ်လီ အမျိုးသားတို့သည်လည်း ၀ိုင်း၍ လိုက်ဆိုကာ သံပြိုင်ဟစ်ဆိုကြကုန်လေသည်။
ဤတွင် တရားရုံး နာယကကြီး ဒိုမာရှာဝါသည် ဒေါသထွက်လာလျက် မတ်တတ်ရပ်လိုက်သည်။

"ဟေ့…သီချင်းဆိုကာ ချက်ချင်းရပ်လိုက်ပါ။ မရပ်ရင် အားလုံးကို ရုံးခန်းထဲက ဆွဲထုတ်ပြီး ရုံးတော် ကို မထီမဲ့မြင် ပြုမှုနဲ့ အရေးယူမယ်"
ဤသို့ ဟစ်အော်အမိန့်ပေးလိုက်ပြီးတော့ ဆယ့်ငါးမိနစ်ခန့်အကြာ ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် ထိန်းသိမ်းလိုက်တော့မှ ရုံးခန်းအတွင်း ငြိမ်သက်သွားလေတော့သည်။
ထိုအတောအတွင်း တွန်ဂါတာသည် ရုံးခန်းအတွင်း တရားခံ၏ နေရာတွင် ငြိမ်သက်စွာရပ်နေရင်း အခြေအနေကို လှောင်ပြောင်သရော်သလို မသိမသာ ပြုံးနေလေသည်။

မကြာမီ ရဲတပ်ဖွဲ့ဝင်များသည် သူ့အား လာ၍ ခေါ်ထုတ်သွားရာ တွန်ဂါတာသည် လိုက်သွားခါနီး ခရိတ်ဘက်သို့လှည့်၍ နောက်ဆုံးအကြိမ် လက်ဖြင့် အချက်ပြဆက်သွယ်သွားလေသည်။ ယင်း အချက်ပြနည်းကို တစ်ချိန်က ခရိတ်နှင့် တွန်ဂါတာတို့ငယ်စဉ်က အကြိတ်အနယ် နပန်းသတ် ကစားရင်း အသုံးပြုလေ့ရှိကြသည်။ ယခု တွန်ဂါတာက လက်ဖြင့် အချက်ပြလိုက်သည့် အဓိပ္ပါယ် မှာ-
"ခင်ဗျားနဲ့ ကျုပ်နဲ့ အတူတူ ဖြစ်သွားပြီ။ တစ်ယောက်နဲ့ တစ်ယောက် မသာမနာ၊ ဘဲစားဘဲချေ ဖြစ်သွားပြီ"ဟု အဓိပ္ပါယ်ရလေသည်။

ဘာကိုဆိုလိုကြောင်းကို ခရိတ်က ချက်ချင်းရိပ်မိလိုက်သည်။
အဓိပ္ပါယ်မှာ-
ခရိတ်က ဇင်ဘာတွေ ပြည်တွင်း ပဋိပက္ခဖြစ်စဉ်ကာလအတွင်း ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ယခု တွန်ဂါတာသည်လည်း လွတ်လပ်မှု ဆုံးရှုံးသွားရလေပြီဟူ၍ပင် ဖြစ်သတည်း။
ဆရာမလေး ဆာရာသည် မတ်တပ်ရပ်၍ တွန်ဂါတာအား ရွှန်းရွှန်းစားစား လှမ်းကြည့်ရင်း သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

ဤတွင် တွန်ဂါတာသည် သူမအား နောက်ဆုံးအကြိမ် လက်ပြ၍ အချက်ပေး ဆက်သွယ်လိုက် သည်။
တွန်ဂါတာက လက်ကို မသိမသာလှုပ်ရှား၍ အချက်ပြလိုက်သည့် အဓိပ္ပါယ်မှာ
"မင်း အမြန်ဆုံး တိမ်းရှောင်နေလိုက်တော့"
"မင်းအဖို့ အန္တရာယ် သိပ်ကြီးမားနေပြီ"ဟူ၍ပင် ဖြစ်သည်။

ထိုအချိန်၌ ခရိတ်သည် သူတို့နှစ်ဦးအား အကဲခတ်ကြည့်နေရာ တွန်ဂါတာ၏ အချက်ပြ ဆက် သွယ်လိုက်ခြင်းကို ဆာရာက ချက်ချင်း နားလည်သဘောပေါက်သွားကြောင်း ရိပ်မိလိုက်သည်။
ရဲတပ်ဖွဲ့ဝင်တို့က တွန်ဂါတာအား ရုံးခန်းအတွင်းမှ ခေါ်ထုတ်သွားကြလေသည်။

အခန်း (၁၈) ဆက်ရန်
.

1 comment:

Anonymous said...

သူတို့များ အမိန့်ချလိုက်တာ မြန်မှ မြန်နော် အပြစ်ရှိသူကို ၇ှိသလို ချလိုက်တာ။ မရှိသူကို မ၇ှိသလို... ဒီလိုလုပ်မှပေါ့..။ အခုလည်း ဒီမှာ ဘယ်လိုများ ချမှတ်ကြမလဲ မသိဘူးနော်.. စောင့်ကြည့်ရအောင်..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ