Saturday, August 7, 2010

ပန်းသတင်း (သြဂုတ် ၇)

မင်္ဂလာနံနက်ခင်းဝယ်
ဆင်ဖြူကျွန်း အောင်သိန်း

"အဘိုးကြီး၊ ထပင်မြစ်ကလေးဝါးလို့၊ ရေနွေးကြမ်းသောက်လို့၊ အေးအေဆေးဆေးနေပါဦးလား၊ နှင်း မကွဲ သေး ဘူးနော်"
    မကျီးဒန်သည် ဆန်ဆေးနေရာက ကိုဆေးရိုးအား လှမ်းပြော၏။ ဤသို့ပြောရခြင်းမှာ မီးဖိုဘေးမှ လေးကန်စွာ ထပြီး ဘာဘူစောင်ကြီးကို ကိုယ်ပေါ်မှ ဆွဲခွာနေသောကြောင့် ဖြစ်၏။
    ချောင်းပြင်ဘက်သို့ ကိုဆေးရိုး လည်ဆန့်ကြည့်၏ ရမ်းဘိုကုန်းရွာဘက်ရှိ သောင်ပြင်ပေါ်တွင် ငွေနှင်း ပြာ မှောင်မှောင် သည် ရီအုံ့ဆိုင်းထားငြား အလယ်ကျွန်းရှိ သောင်ပြင်ပေါ်တွင်မူ ကိုင်းပင်များပေါ်သို့ ဖြူဆွတ် သော နေရောင်ခြည် ကြည်ကြည် တောက်တောက်များ ကျရောက်နားနေလျက်ရှိသည်။

    အလယ်သောင်နှင့် ရေစီးကြောင်း၏ကြားတွင် လူတွေရောက်နေပြီ။ သူတို့သည် မှုန်ပြာရီ နှင်းပြင် အောက် ၌ ဖြူပြာဝါနီစမ်းညိုအရောင်များဖြင့် တကုန်းကုန်းအလုပ်လုပ်နေကြပြီ။ သူတို့သည် အာလူးခင်း ထွန်ယက် သူများ ဖြစ်ကြ၏။ အာလူးကြောင်းဆွဲသူများ အာလူးစိုက်သူများ ဖြစ်ကြ၏။ သူတို့၏ ရယ်မောသံ များက ကိုဆေးရိုးအား “ဘာပျင်းနေတာတုံး”မေးသည်သို့၊ သရော်သည်သို့ရှိ၏။ သူတို့၏ ပါးစပ်ဝ မှ ထောင်းခနဲထလာသော အငွေများက “ထပါတော့လား၊ ဘာပျင်းနေတာတုး” စောကြော နေသည့် နှယ် ရှိ၏။

    သည်ရှုကွင်းကိုမြင်ရသောအခါ မစောတော့ဟု ကိုဆေးရိုးသိသည်။ သို့ကြောင့်မီးဖိုမှထခြင်းဖြစ်၏။ မကျီးဒန် ၏ အသံကို ကြားသည်တွင် မီးဖိုကို ငုံ့ကြည့်မိသည်။ မီးကျီးတွေ ရဲနေသည်။ လက်ဖျားကလေးပင် ကင်ပါရ စေဦး၊ အတော်နွေးမည်။ သည်မီးဖိုကို ၀န်းရံနေသည့်မြစ်များသည် မသန့်ရှင်းသော သွားဝါ၀ါ တွေဖော်လျက် ဘေးကြီးအား မော့ကြည့်နေကြ၏။
“အင်း သူတို့တာဝန်ရှိနေပါကလား။ မိုးရွာရွာ၊ နေပူပူ နွားကျွေးဖို့ နွားစာရှာရမယ်၊ ကျွေးရမယ်။ နေကောင်း ကောင်း မကောင်းကောင်း နွားတာဝန် ကတော့ ရှိမြဲရှိနေပါကလား”
    ထိုအတွေးကြောင့် ကိုဆေးရိုး ညည်းတွားမိသည်။

    “လယ်တွန်း လယ်ထွန်စက် တစ်စီးလောက် ၀ယ်နိုင်ရင်တော့ နွားကိစ္စ ပပျောက်သွားမှာပဲ။ အခုတော့”
    “တော့် လယ်ထွန်စက် က ရှစ်သောင်းကြီးတောင်ဆိုတော့”
    မကျီးဒန်က ထန်းဖုံးဖတ်ကိုင်လျက် မီးဖိုဘေးသို့ ရောက်လာသည်။ သူသည် မြစ်တွေဝန်းရံနေသည့် မီးဖိုထဲ မှ မီးကျီးခဲများကို ထန်းဖုံးဖတ်ထဲသို့ ယက်ထည့်ရင်းက ကိုဆေးရိုးကို မော့ကြည့်၏။
    “တစ်သက်လုံး နွားနဲ့နေလာပြီး အခုမှညည်းရတယ်လို့တော်၊ ထွန်စက်ပေါ်လာလို့ နွားကို ပုန်ကန်တာ မဟုတ်လား”
    ကိုဆေးရိုးသည် ဘာဘူစောင်ကို ခေါက်ပြီး မန်ကျည်းပင် ပင်စည်နှစ်ခုကြား၌ ညှပ်ထားလိုက်သည်။

    “ကိုယ့်အသက်လည်း ကိုယ်ပြန်ကြည့်ဦးလေ၊ ဒါလောက်တောင် အိုမင်းမစွမ်းဖြစ်လာတော့လည်း ပင်ပန်း ရမှန်း သိလာပြီဟ။ ပင်ပန်းလာတော့လည်း သက်သာတဲ့ လယ်ထွန်စက်ကို မျက်စောင်းထိုးမိတာပေါ့ဟာ”
    “ထွန်စက်တစ်စီး သုံးလေးငါးထောင်ဆို ဟုတ်သေးရဲ့”
    “သုံးလေးငါးထောင်နဲ့ ထွန်စက်တော့ မရဘူးဟေ့၊ ခြေမသန် မျက်စိမကောင်းတဲ့ နွားအိုပဲ ရမယ်”
    မြစ်များသည် ဘေးနှင့် ဘေးမတို့ ခွန်းကြီးခွန်းငယ် စကားများလျှင် ပျော်ရွှင်ကြသည်။ ရိုက်နှက်ထိုးကြိတ်ကြသောကြောင့် မဟုတ်။ “တယ်လေ ငါ”ဆိုကာ ဓားကို ဆောင့်ချတတ်၊ ထင်းစကို ဆောင့်ထိုး တတ်ကြသဖြင့် ဖြစ်ပေသည်။ ယခုလည်း ရယ်မောရတော့မည်ဟု မျှော်လင့်ကြ၏။

    သို့ရာတွင် မကျီးဒန်က မီးဖိုကို ကုန်းမှုတ်နေသည်။ ကိုဆေးရိုးကလည်း ပုဆိုးတစ်ထည်ခြုံ၊ တံစဉ်ဆွဲပြီး နှင်းက ရှိမြဲရှိနေသည်။ သစ်ကိုင်းနှင့် တိုက်မိလျှင် ပခုံးနားရွက်များ ကျင်ခနဲဖြစ်အောင် အေးသည်။ လူသွားလမ်းဝဲယာရိ နဘူး ကပ်စေး ဗောက်ခွေးနှင့် မြက်ပင်များတွင် စိန်စီထားသည့်အလား နေရောင်ဖြင့် စိန်ရောင် လက်ဖိတ်နေသည်။

    ကိုဆေးရိုးမှာ သည်အပင်များနှင့် လွှတ်အောင် သွား၍မရ။ ဟိုအပင်က  နှင်းတစ်စက်၊ သည်အပင်က တစ်စက်။ များများမဟုတ် တစ်စက်စက်မျှသာ ခြေကို ဆွတ်လိမ်းခံရသည်။ တစ်စက်ပေါင်း များလာသော အခါ ခြေထောက်သည် တာယာဖိနပ်ပေါ်မှ ချော်၍ချော်၍ ကျတော့သည်။ ကြာလျှင် ဖိနပ့်ပတ်တော့မည်ဟု ကိုဆေးရိုး ကြောင့်ကြသည်။ ဂျပန်ဖိနပ်နှင့် ယှဥလျှင် အလွန်အကျည်းတန်သော သည်ဖိနပ်ကိုမှ ကိုဆေးရိုး နှစ်ခြိုက် သည်။ ဖိနပ်ကို တယုတယချွတ်သည်။ ကျောချင်းကပ်လျက် ခါးတွင် ထိုးထားသည်။    “အေးရော မဟုတ်လား၊ သလိုမဟုတ်ရင် တချော်ချော် တချွတ်ချွတ်နဲ့” တစ်ယောက်တည်း ပြောသည်။ တစ်ယောက်၏ ခေါင်းတစ်ရွက် စာ မြက်သည် မရှားပါးတန်ရာ။

    အခြေအနေများသည် စီးဆင်းနေ၏။ လယ်ထဲတွင် ကိုဆေးရိုးကို တကားကား တကုန်းကုန်းမြင်ရချိန်က လယ်ပြင်သည် ယခုနှယ် ဆောင်းကာလ၌ ရွှေရောင်လွှမ်းနေပြီ။ ကိုဆေးရိုး လယ်ကန်သင်းပေါ်မှ မဆင်း တော့ချိန်ဝယ် နှင်းပွင့်များအောက်၌ ထွန်ယက်နေကြ၊ စိုက်ပျိုးနေကြသည်။
    ကိုယ့်လယ်ထဲက မြက်ကိုသာ ရိတ်ယူပြီး နွားကျွေးရသည်။ ရွှေရောင်ကောက်ပင်များ ပဲလွန်း၊ ပဲကြီး၊ ပဲစိတ်၊ ပဲနောက်ပင်များက မြရောင်ဖြင့် ဘောင်ခတ်ထား၊ ကန့်ထားသည်။ ကောက်ရိတ်ချိန်တွင် သည်အပင် များကိုပါ ရိတ်သိမ်းသည်။ နွားကိုလည်း ကြားဖောက်၍ ကျွေးရသေးသည်။

    ယခုသော်ကား သူခိုးကို အလုပ်အကျွေးပြုရမည်စိုးသဖြင့် ကန်သင်းပေါ်၌ ပဲပင်မရှိ။ ပန်းဖြူ၊ ပန်းပြာတို့ အဆုပ်လိုက်၊ အခဲလိုက် တန်ဆာမဆင်နိုင်ပြီ။ တကူးတက စူးထိုးစိုက်ထားသော ပဲပင်ကို ခိုးသေးလျှင် အလေ့ကျ ပေါက်သော မြက်ကိုကား ပြောရန်မလိုပြီ။ စည်းကမ်းမဲ့သူတို့ကြောင့် ရှိခဲ့ပြီးသော စည်းများ ပျက်ပြား ခဲ့ရသည်။
    ကိုဆေးရိုး၏ခြေလှမ်းတန့်သွား၏။ လယ်ဘေးမှ မြှောင်ပြီး ဆင်လားသော မြောင်းလက်တံကလေး၊ အပြုအပြင်မရှိသဖြင့် ပန်းတော်နီ မြက်ညွန့်တွေကို တိုးဝှေ့လျက် ရေကြည်ကြည်ကလေးတွေ စီးဆင်း နေသည်။

    “သည်လယ်ဟာ ကျော်သောင်းလယ် ထင်ပါရဲ့”
    သို့တစေ သူ့ပိုင်နက်ထဲ မ၀င်ဘဲနဲ့ မြက်ရလောက်သည်။ သည်အတွေးဖြင့် ကိုဆေးရိုးထိုင်သည်။ မီးခြစ် ထုတ်သည်။ ဆေးလိပ်တိုကို မီးညှိသည်။
    နေခြည်က နွေးလာပြီ။ ငှက်ခါးတစ်ကောင်သည် ပေပင်ထက်၌ ခက်ထန်သော အသံကို ပေးနေရာက ဒေါသ တကြီး တဂါးဂါးအော်လျက် ထိုးဆင်းလာသည်။ ကောက်ပင်များကြား တစ်စုံတစ်ရာကို ထိုးသုတ် လျက် ပျံတက်သည်။ ပေပင်ပေါ်သို့ ပြန်အရောက်၌ ခက်ထန်မြဲ ခက်ထန်နေသည်။ ကောင်းကင်၌ တိမ်ဖြူ တစ်ဆုပ် သာရှိသည်။ တရွေ့ရွေ့ ခရီးနှင်နေပုံက ညင်သာလွန်းသည် ပေပင်ထိပ်သို့ တိမ်ဆုပ်ကလေး ရောက်လာချိန်ဝယ် ကိုဆေးရိုး ငေးမောမှုရပ်သည်။ မိုးသားနှင့်ပြိုင်သော ဆေးလိပ်မီးခိုး နွယ်ပြာ ညွန့်ပြာ များကို အထုတ်အမှုတ် ရပ်တန့်ကာ တံစဉ်ကို ကောက်ကိုင်သည်။ ပန်းတော်နီမြက်များကို ဘယ်လက်ဖြင့် ဖမ်းဆုပ်သည်။ ညာလက်ဖြင့် တံစဉ်ကို ကိုင်မြှောက်ပြီးမှ ချထားလိုက်သည်။

    မြက်ထဲ၌ သစ်ခက်ကလေးတွေ၊ သစ်ရွက်တွေ ရှိနေသည်။ တံစဉ်သွားဖြင့် လက်ကို ချော်ထိအောင် လမ်းလွှဲပေးနိုင်သော ဆူးငြောင့်တွေဖြစ်သည်။ တစ်ခက်ခြင်း တစ်ရွက်ခြင်း ကောက်နေစဉ် မျက်နှာချင်းဆိုင် လယ်ပွဲထဲ၌ သူစိမ်းတစ်ယောက်ကို မြင်ရသည်။ ထိုအခါ ကိုဆေးရိုးမှာ မှတ်ဥာဏ်ကို နှိုးဆွရသည်။

    “သည်လယ်ဟာ ကျော်သောင်းရဲ့လယ်မဟုတ်ဘူးလား။ သည်လူဟာ အရပ်ကလူလည်း မဟုတ်ပါ ကလား။ လျှောက်သွားနေပုံကတော့ သူ့လယ်ကို ဂရုတစိုက် လိုက်ကြည့်နေတဲ့ပုံပဲ”
    စဉ်းသာစဉ်းစားရ၊ ကိုဆေးရိုး၏ ရင်ထဲ၌မကောင်း။
    "ဟုတ်ပါတယ်၊ ဒါဟာ ကျော်သောင်းလုပ်တဲ့ ပေတစ်ရာလယ်ပွဲ၊ ဟိုဘက်ကလယ်ပွဲဟာ ဆင်သေလယ်ပွဲ၊ သူ့ထိပ်က လောက်စာပင် လယ်ပွဲ'
    မှတ်ဥာဏ် နှိုးဆွလျက် လည်ပင်းရှည်က မျှော်ကြည့်တော့မှ ကိုဆေးရိုး၏ ရင်ထဲ၌ မကောင်း။ ခံစားမှုများ တိုးမြှင့် လာရသည်။ ဟိုဘက်လယ်ပွဲတွေမှာလည်း သူတစိမ်းတွေပါကလား။
    "ဘယ်လိုဖြစ်ကုန်ကြပါလိမ့်၊ မျက်နှာစိမ်းတွေက မတန်တဆပေးပြီး ငါတို့လယ်တွေကို ငွေတွေနဲ့ ပေါက်ဝယ် ပစ်လိုက်ကြပြီလား"

    သည်ဘက်သို့ နေ့စဉ်အရောက်အပေါက်ရှိလျှင်ကား အပြောင်းအလွဲကို ကိုဆေးရိုးသိနိုင်သည်။ သည်ဆီးဖြူပင်နောက်ဘက်သို့ ကိုဆေးရိုးမရောက်သည်မှာ ကြာပြီ။ ကြာသည်ဆိုငြား တစ်နှစ်မျှသာ ရှိပေဦး မည်။
    ပန်းတော်မြက်တွေ တဝေေ၀ဖြင့် မြောင်းလက်တံကလေး ကပ်စီးဆင်းနေသည့် ကျောဘက်လယ်ပွဲကို ကိုဆေးရိုး လှည့်ကြည့်၏ နွေစပါးစိုက်ပြီးသွားပြီ။ အတန်းလိုက် အစေ့ချစိုက်ထားသည်။။ သို့သော် မေးမြန်း စုံစမ်း စရာ လူရိပ်လူယောင်ကိုမမြင်။ ကိုဆေးရိုးရင်ထဲ၌ နင်တင်တင်ကြီး ခံစားရသည်။ ဆေးလိပ်ကို မဲပြီး ဖွာနေ သည်။

မီးမရှိပြီ။ မီးခြစ်ကို ထုတ်ပြီး မီးခြစ်ငြား ဆေးလိပ်နှင့်မတို့မိ။
    "ငါတို့လယ်တွေကို လူလည်တွေက ငွေနဲ့ပေါက်ဝယ်ရင် ကြာလာတဲ့အခါမှာ တစ်သက်လုံး လယ်ကို ဖက်ပြီး လယ်လုပ်လာတဲ့ လယ်သမားတွေ  ဘာလုပ်စားကြမတုံး"
    တွေးရင်းတွေးရင်း ကိုဆေးရိုး သိမ်ငယ်လာ၏။ သူတစိမ်းတွေကြားထဲသို့ ရောက်နေရသည့်နှယ် ခံစား ရသည်။ ထိုအခါ သူ့မြေးမောင်ကိုကြီး၏ စကားသံတစ်သံကို ကြားယောင်သည်။
    မောင်ကိုကြီး မှာ ဆယ်တန်းအထိ စာသင်ဖူးသည်။

သည်မြေးကို ထွန်းပေါက်လိမ့်မည် ကိုဆေးရိုး မျှော်လင့်ခဲ့ငြား ဆယ်တန်းမအောင်မီ အိမ်ထောင်ပြုသဖြင့် ရင်ကျိုး ခဲ့ရသည်။ မည်သို့ဖြစ်စေ သည်မြေးကား သူ့ဘိုးအေ သိပ္ပံဗဟုသုတ၊ ကမ္ဘာ့ပုဂ္ဂိုလ်ကြီိးဖြစ်သည်။ သူက
    "ဘရေ၊ နားလှည့်ပါးလှည့်နဲ့ ကျုပ်တို့ မြန်မာလယ်သမားတွေရဲ့ လက်ထဲက လယ်တွေ သူများ လက်ထဲ ရောက်တော့မယ် ဘရေ့။ မုန်းနားဘက်မှာ လယ်ကောင်းရင် တစ်ဧကကို ငါးသောင်း ပေးဝယ် နေပြီတဲ့ ဗျို့"ဟု ပြောဖူးသည်။

    သည်စကားကို အမှတ်မဲ့ထားခဲ့မိသည်။ ယခုမှ နားနားကပ်၍ အော်သည့်နှယ် ကျယ်လောင်စွာ ကြားရ တော့သည်။
    လူရိပ်လူခြည်စောင့်ရင်း ကိုဆေးရိုးမြက်ရိတ်သည်။ မြက်က သန်စွမ်းငြား အရှည်ကြီးမဟုတ်။ ဖမ်းဆုပ်၍ ရရုံကလေးသာရှိသည်။ တံစဉ်ကို လက်ဖနောင့်နှင့်ပွတ်ပြီး ဆွဲရရာ တံစဉ်မရှအောင် သတိထားနေရသည်။ တစ်ဆုပ်စာ ရိတ်ပြီးတိုင်း နောက်တွင်ပုံထားခဲ့ကာေ၇ှ့သို့တိုးပြီး ရိတ်သည်။ ရိတ်စက နှင်းရည် နှင်းဥ များကြောင့် ရိတ်၍ မကောင်းလှ။ နှင်းပြယ်၍ ခြောက်ခြောက်သွေ့သွေ့ ရိတ်ရသည်မှာ အဆင်ပြေလာငြား ကိုဆေးရိုး စိတ်မရွှင်ပျတော့ပါ။ သူ့မျက်နှာမူရာဘက်ရှိ လယ်ပွဲများအတွင်း လူတွေကိုကြည့်ပြီး စိတ်ဆင်းရဲ နေသည်။

    "ငါ့မြစ်တွေ၊ တီတွေ၊ တွတ်တွေ လက်ထက်ကျရင် မျက်စိသူငယ်၊ နားသူငယ်နဲ့ ဖြစ်ကုန်ကြတော့မယ် ထင်ပါရဲ့"
    ရှေ့သို့တိုးရင်းတိုးရင်းဖြင့် နှပ်ချို ချုံဖုတ်ကလေးဘေးသို့ ရောက်လာသည်။ ပြောင်းပင်ပေါက်စတွေလား ထင်မှား ရလောက်အောင် သန်စွမ်းလှသည်။ ချုံထဲသို့ တံစဉ်သွင်းပြီး ချိတ်ရန်အတွက် ကိုဆေးရိုး ထရပ်သည်။ တံစဉ်ရိုးကို ချုံထဲသို့အသွင်းတွင် လက်ရောလူပါ ပြိုင်တူဆုပ်မိသည်။ မြွေတစ်ကောင်။ နရားမြက်ဖုတ် သုံးခုကြား၌ ခွေနေသော မြွေတစ်ကောင်။
    "ဗျိုးကိုဆေးရိုး၊ သူများလယ်ဘေးက မြက်ကို မပြောမဆို"

    ကြားဖူးသည်ထင်ရသော အသံတစ်သံကြောင့် ကိုဆေးရိုး ၀မ်းသာအားရ လှည့်ကြည့်မိသည်။
    "ဟ ဘလွန်း၊ သည်လယ် မင့်လယ်လား"
    "ကျုပ်ဘ၊ ကျုပ်အဖေ လုပ်ခဲ့တဲ့လယ်ဟာ ကျုပ်လယ်ပေါ့ဗျ"

    ကိုဆေးရိုး၏မျက်နှာပေါ်ရှိ မန်ကျည်းခေါက်မျက်နှာကြီးမှာ အတွန့်အရွတွေ လျှောစင်သွားဘိသို့ တစ်မျက်နှာလုံး ကြည်လင်၏။ အသက်သုံးဆယ်မျှ ငယ်သွားပြီထင်ရ၏။
    "၀မ်းသာလိုက်တာ အကောင်ရာ၊ မင်္ဂလာရှိလိုက်ပါဘိဟာ"
    ဘလွန်း ရယ်မောသည်။

    "ကျော်သောင်းတို့၊ ထွန်းသာတို့၊ ကျွဲကြီးတို့ လယ်တွေထဲကို ကိုဆေးရိုး လှမ်းကြည့်မိပြီထင်ပါရဲ့"
    "အေးဟာ စိတ်မကောင်းလိုက်တာ၊ ငါကလည်း သည်ဘက်မရောက်တာ ကြာမှကိုးကွ"
    "ကျုပ်မသိဘူးလိုက်ဘူးဗျ၊ သိတဲ့အခါကျတော့ လက်လွန်နေပြီလေ။ အခုတော့ ကန်သင်းချင်းယှဉ်နေတဲ့ လယ်တွေရော၊ အနီးအနားက လယ်တွေကိုပါ ဘယ်နည်းနဲ့မှ မရောင်းဖို့ ပြောထားတယ်ဗျို့"

"သာဓုပါ အကောင်ရာ၊ သာဓု သာဓု"
ကိုဆေးရိုး၏ ကြည်ကြည်စင်စင် မျက်နှာကြီး၌ အပြုံးပန်းတစ်ပွင့် ပွင့်စည်လာပေ၏။

စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.

1 comment:

ကိုဇော် said...

ဖတ်ရတဲ့ အဖြစ်တွေကလည်း မလွယ်ပါလား...