Saturday, August 7, 2010

ကြယ်နီ အပိုင်း (၂၆)

သူတို့ဂေဟာ
(၁)

ပြာမှိုင်းသော ကောင်းကင်ပြင်ဝယ် ကြယ်နီသည် ပွင့်သစ်စ ပြုလာပေပြီ။ အချိန်မှာ မိုးဦးကျ ၀ါဆို လဆန်းစ အခါပေမဲ့ မိုးသားများ ကင်းစင်သော အခါဖြစ်သောကြောင့် ကောင်းကင်သည် ကြည်လင် နေပေသည်။ ဒါကြောင့်မို့လည်း ကြယ်နီသည် အရှေ့အရပ်မှ တောက်ပစွာ ပွင့်သစ်လာနိုင်ပါသည်။ ပွင့်သစ်စဦးမို့ပင် ကြယ်နီသည် ရဲရဲတောက်နေသည်။ နက်ရှိုင်းသော အမှောင်ကမ္ဗလာဝယ် ပွင့်သစ် ဦးကြယ်နီ၏ နီရဲသော အလင်းရောင် သည် တ၀င်းဝင်း တလက်လက်ဖြင့် ပေါ်လွင် ထင်ရှားစွာပင် ကွန့်မြူးနေနိုင်ပါသည်။ အန်မတုဝံ့ ရှာသော အမှောင်က မသိမသာ လူးလွန့်ယှက်ဖြာလာသည်။ ကြက်တွန်သံတို့သည်လည်း ဟိုမှ သည်မှ အဆက်မပြတ် ထွက်ပေါ်လာကြတော့သည်။

အရုဏ်ဦးပါတကား ... ။
အိမ်ခြေသုံးရာခန့်မျှရှိသော ဗျင်းဘွဲရွာတန်းရှည်ကလေးကား လူသံ သူသံဟူ၍ ဆိတ်သုဉ်းကာ အိပ် မောကျ နေရာမှ ခေါ်သံ၊ ထူးသံ၊ မေးသံ၊ ဘုရားရှိခိုးသံ၊ ကြေးစည်သံတို့ကို ကွက်တိကွက်ကြား ကြား ရစပြုပေပြီ။ ဒီအချိန်ဝယ် သက်ကြီးရွယ်ကြီးများက ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌သာ အာရုံဝင်စား ပွားများ နေကြ သလို၊ လူလတ်ပိုင်းမှ လူများကလည်း တစ်နေ့တာ ၀မ်းရေးတိုက်ပွဲကို အစပြုရန် လှေငယ် တစ်စင်း ကို ပြင်ဆင်နေကြပြီ။

သက်ဆိုင်ရာ ဇနီးသည်များကလည်း အလုပ်သွားမည့် လင်ယောက်ျားများအတွက် ရေနွေးအိုးတည် ခြင်း၊ ပိုက်ကွန်များ၊ ထိုးဝါးများ၊ လှော်တက်များကို အသင့် ရှာဖွေပေးခြင်း စသည်ဖြင့် အကူအညီ ပေးနေကြသည်။ သို့ဖြင့် ခေါ်သံ၊ ထူးံ၊ ဖြေသံ၊ ဘုရားရှိခိုးသံ၊ ကြေးစည်သံတို့ဖြင့် ပြွမ်းသော တံငါရွာ ကလေး၏ အရုဏ်ဦးဂီတကို ငြိမ့်ညောင်းသာယာစွာ ကြားရစပြုတော့သည်။ သည်လို တံငါရွာ ကလေး၏ ဂီတသံများအကြားဝယ် ထူးခြား၍ ဂုဏ်မြောက်လှသော အရုဏ်ဦးကဗျာတစ်ပုဒ်ကိုလည်း ကြည်လင် ပြတ်သားစွာ ပင် ကြားနိုင်ကြပါသည်။

' ပရမတ် သမုဋ္ဌာန် မပြတ်ချုပ်ပြန်သဖြင့်၊ ဓာတ်ရုပ်နာမ်တို့သာ စိတ်ကစောလိုက်တော့ အနိစ္စသဘော မုချမလွတ်ကြပါ၍ ဒုက္ခသစ္စာနဲ့ သမုဒယအမှား၊ သုခတရားဆိုတာ အဏုမြူမျှ မရ ကြပါသဖြင့်၊ စတုဘူတ မဟာဘုတ် အပေါင်းတို့မှာ ငါမဟုတ်ကြောင်း မြင်ကြရတာမို့၊ တဒင်္ဂဂဟာန်နဲ့ အနတ္တရှုလိုက်တော့၊ အတ္တအထု နဲ့ ကာယသဒ္ဒါ၊ မာနတဏှာဆိုတာ၊ ဟိတ်တစ်ခု ထုတ်လိုက်တော့၊ စိတ်တစ်ခု ရုပ်ကိုးဆယ် တဲ့ဟေ့၊ အကျယ်ဝေဖန်၍ ပြရမှာဖြင့် တကယ်ဧကန် နာမ်တေးပညာသတို့ ကြောင့်၊ ရန်ဘေးသင်္ခါရ နူးဖွယ် မလွတ် သာသော သုံးဆယ့်နှစ်ကောဋ္ဌာ၊ ကေသာ အစ မုတ္တံအပြား၊ ရုပ်နာမ်နှစ်ပါး ဇာတိမဖြစ်ရအောင်၊ သမာဓိ အစစ်နဲ့ ၀ိပဿနာဥာဏ်ယူ မြော်မြင်ပြီး၊ သူတော်စင် အခါရက်ပေမို့၊ ကတိက၀တ် မပျက်ရအောင်၊ ဆွမ်းတော်ချက် ထ တော်မူကြ၊ ထ တော်မူကြ၊ ထ တော်မူကြ။

' ထိနနဲ့မိတ္တ၊ စိတ်ချကာ မလိုက်စားကြနဲ့၊ အမြိုက်တရား သဘာဝ၊ ပမာဒ ဖြစ်တတ်ကြတယ်ဟ၊ အခါ ကလည်း အခါကောင်း၊ သဒ္ဓါကလည်း သဒ္ဓါကောင်း၊ ဘဂ၀ါဘုရားကျောင်း ယနေ့ ခိုမှီးအောင်၊ အေးချိုချို စေတနာ စကားတွေနဲ့၊ လေးဗြဟ္မစိုရ် သဒ္ဓါပွားပြီး၊ မဟာသိကြား ဝေဇယန်က၊ စေတမန် မာတလိတို့ကို ... မနှေး အမြန် ရွာကိုလှည့်ပတ်ပြီး၊ နိဗ္ဗာန်ဆော် ကျွန်တော် နှိုးပါပေါ့၊ ဆွမ်းချက်ရန် အချိန် မီးပြီမို့၊ အိမ်ကြီးရှင် သခင်မ တို့ရဲ့ ထ တော်မူကြ '

ရွာဆော် သို့မဟုတ် နိဗ္ဗာန်ဆော် ခေါ်ဝေါ်သမုတ်ကြသော ဦးစိန်ပန်း၏ ဂုဏ်မြောက်လှသော အရုဏ်ဦး ကဗျာအဆုံးဝယ် ' နောင် ... ဝေ ... ဝေ ... ' ဟူသော ဂီတသံလွင်သည့် ကြေးစည်သံ ကလေးကလည်း နောက်ဆက်တွဲ အဖြစ် ဆက်လက်ရွှင်မြူးစွာ ထွက်ပေါ်လာသည်။ ခွေးတို့ကား လွမ်းလွမ်းဆွေးဆွေးနှင့် သံရှည်ဆွဲ ၍ အူလိုက်ကြ၏။

ဦးစိန်ပန်းကား နောက်ဘက်၌ မီးအိမ်ကလေးကို ချိတ်ထား၍ ရှေ့ဘက်၌မူ ကြေးစည်ကလေးကို ချိတ်ဆွဲထားသော ထမ်းပိုးကို ပခုံးထက်၌ ထမ်းကာ ဆွမ်းလှည့်ကျသော အပိုင်းသို့ ဆွမ်းချက်ထကြ ရန် လှည့်လည် နှိုးဆော်နေခြင်းဖြစ်သည်။ သူသည် ဆွမ်းချက်သူများ သဒ္ဓါတရား ထက်သန်လာ စေရန်၊ သူကြိုးစား ပမ်းစား ဖွဲ့နွဲ့စပ်ဆိုထားသော လင်္ကာကလေးဖြင့် ဆိတ်ငြိမ်သော အရုဏ်ဦး အချိန်ကို ပဲ့တင် ထပ်မျှ ရွတ်ဆို၍ ပြရှာ၏။ ပြီးနောက်ကား သူသည် သူ ရောက်ရှိနေရာ အနီးအနားရှိ အိမ်ရှင်မများ၏ နာမည် ကို ထုတ်ဖော်ခေါ်ကာ ဆွမ်းချက်ရန် ထပ်မံ၍ သတိပေးတတ် သေး၏။ ယခု သူသည် ကိုဒေါင်းစိန်တို့ ခေတ္တနေထိုင်သော ကိုလူမောင်၏ အိမ်ရှေ့သို့ ရောက်နေပြီ ဖြစ်သဖြင့် ' ဒေါင်းစိန် ... ဒေါင်းစိန် ရေ၊ ဟေး ... မယ်စိန်၊ ဆွမ်းချက် ထ ကြကွယ့်၊ ဆွမ်းဟေ့ ... ဆွမ်း ... ဆွမ်း ' ဟု ခေါ်ဝေါ်နှိုးဆော်လိုက်၏။

ကိုဒေါင်းစိန်သည် အိပ်ပျော်နေရာမှ နိုးလာ၏။ ပထမသော် ဦးစိန်ပန်း၏ ခေးသံမှာ အိပ်မက်ထဲမှာ ကြားနေရ သလို ဇဝေဇ၀ါ ဖြစ်နေရာမှ နောက်တွင် ကြည်ကြည်လင်လင်ကြီး နိုးလာပြီဖြစ်သဖြင့်  ဆွမ်းချက်ထရန် ခေါ်ဝေါ် နှိုးဆော်နေခြင်းဖြစ်ကြောင်း ကွဲပြားလာ၏။ ခါတိုင်း ခါတိုင်းကတော့ သူတို့ သည် ဆွမ်းချက် ဆွမ်းလောင်းခြင်းအမှုကို မပြုနိုင်သူများဖြစ်ကြ၍ ဦးစိန်ပန်းသည် အလိုက်သိစွာ ရှောင်ကွင်း သွားတတ် သော်လည်း၊ ယခုတော့မူ သူ ငါးရစ်မှ ငွေ ၄၀၀ိ ခန့်မြတ်လိုက်ကြောင်း တစ်ရွာလုံး သိပြီးဖြစ်သဖြင့် ဦးစိန်ပန်း သည် သူတို့ ဇနီးမောင်နှံအား ဆွမ်းချက်နိုင်သော မောင်နှံစုံ အဖြစ် အသိအမှတ်ပြုကာ ယခုကဲ့သို့ ခေါ်ဝေါ် နှိုးဆော်ခြင်း မဟုတ်လော။ သြော် ... ဓနထွန်းတဲ့ ခေတ်မှာ ငွေများဟာ တယ် အရေးပါ အရာရောက် ပါကလားနော်။

သူသည် ကျေနပ်စွာ ပြုံးလိုက်ကာ အိပ်ရာမှ ထ ထိုင်လိုက်ပြီးနောက် သူ့ဘေးနား၌ အိပ်နေသော မယ်စိန် အား လက်ဖြင့် ပုတ်ကာ ပုတ်ကာ ' မယ်စိန် မယ်စိန် 'ဟု နှိုးနေ၏။ အတန်ကြာအောင် နှိုးမှ ပင်မယ်စိန် နိုးတော့၏။ သူက ဆွမ်းချက်ရန် ပြောကြားလိုက်သည်နှင့် တစ်ပြိုင်နက် မယ်စိန်သည် သွက်လက်စွာ ထ၍ မျက်နှာသစ်နေ၏။ ကိုဒေါင်းစိန်လည်း တစ်ပါတည်း မျက်နှာသစ်လိုက်ပြီးနောက် အိမ်ရှေ့သို့ စမ်း၍ ဆင်းခဲ့၏။

အိမ်ရှေ့၌ ရပ်ကာ အရှေ့အရပ်မှ ထွန်းတောက်နေသော ကြယ်နီအား စိုက်ကြည့်နေ၏။ ကြယ်နီသည် တဖြည်းဖြည်း နှင့် မြင့်တက် လာပြီဖြစ်ရာ အနီရောင်မှာလည်း တဖြည်းဖြည်းနှင့် ဖျော့သွားကာ အဖြူရောင် သို့ လုလာ၏။ ဒါက အမှောင်၏ အင်အားသည် ဆုတ်ယုတ်ကုန်ခန်းလာ၍ အလင်းက တဖြည်းဖြည်း လွှမ်းမိုး လာကြောင်း ဖော်ပြနေသည်။
' သြော် ... မိုးတောင် လင်းတော့မှာပါကလား ' ကိုဒေါင်းစိန်သည် ကြယ်နီက ပေးသော အသိဖြင့် အချိန်ကို ခန့်မှန်းလိုက်၏။ မှန်သည်။ နေ၊ ကြက်တွန်သံ၊ ခုနစ်စဉ်ကြယ်တို့သည် သူတို့၏ အချိန်ကို ခန့်မှန်းရာ နာရီများ ဖြစ်ကြသည့် နည်းတူ ကြယ်နီလည်း တစ်ခု အပါအ၀င်ဖြစ်သည်။

သူ အိမ်ပေါ်သို့ ပြန်တက်လာသည့်အခါ ကိုလူမောင်လည်း နိုးနေပြီဖြစ်၍ မျက်နှာပင် သစ်နေလေ ပြီ။ သူသည် ထွန်းထားသော မီးခွက်ရှေ့၌ ထိုင်၍ ကိုလူမောင်အား စောင့်နေ၏။ မယ်စိန်မှာမူ မီးဖို ရှေ့၌ ထိုင်ကာ ဆွမ်းချက်နေပေသည်။ သို့သော် အိပ်ရာမှ နိုးစ အခါဖြစ်၍ အိပ်ငွေ့မှိုင်းအရှိန် မပြေတတ် သေးသောကြောင့် မည်သူမျှ စကားပြောချင်စိတ် မရှိကြပေ။
' ဒေါင်းစိန်ရေ ... ဒီနေ့ မင်းတို့ အိမ်ဆောက်ပြီးရင် နက်ဖြန် မယ်စိန်ကို ဓနုဖြူ အ၀ယ်အခြမ်း လွှတ်ကွာ၊ သန်ဘက်ခါ ကို ငါနဲ့ဖွားသက်ရဲ့ မင်္ဂလာကိစ္စအထမြောက်မယ်။ နို့မဟုတ်ရင် ၀ါဝင်သွား လိမ့်မယ်ကွ ' ကိုလူမောင် သည် မျက်နှာသစ်နေရာမှ ကိုဒေါင်းစိန်အား လှမ်းပြောလိုက်၏။

ကိုဒေါင်း စိန်ကမူ ရုတ်ခြည်း စကားပြန်ပြောခြင်းမပြုသေးဘဲ၊ ကိုလူမောင် မျက်နှာသစ်ပြီး၍ မီးခွက်ရှေ့သို့ လာရောက် ထိုင်လိုက်မိသည့်တိုင်အောင် စောင့်ဆိုင်းကြည့်ရှုနေပြီးနောက်မှ -
' ဟုတ်ကဲ့ ဒီနေ့ အိမ်ဆောက်ဖြစ်ရင် နက်ဖြန်ကို အ၀ယ်အခြမ်း လွှတ်တာပေါ့ ' ဟု ပြန်ကြားလိုက်၏။
' ဟင် ... မင်း စကားက ဘယ့်နှယ်လဲကွ၊ ဒီနေ့ အိမ်ဆောက်ဖို့ အသေအချာ စီရင်ပြီးခါမှ ဒီနေ့ အိမ် ဆောက်ဖြစ်ရင် ဆိုတာက ဘာစကားလဲကွ၊ အိမ်မဆောက်ဖြစ်မယ့်အကြောင်း တစ်စုံတစ်ရာ ရှိနေ သေး လို့လား '

' ဒီလိုဗျာ၊ အိမ်သစ်ဆောက်တယ် ဆိုတာက ကြုံရခဲတဲ့ အခွင့်အရေးကိုဗျ၊ ဒါကြောင့် နေ့ကောင်း ရက်သာ၊ အခါကောင်း အခါမြတ်ကို ရွေးချယ်ပြီး ဆောက်ချင်တယ်ဗျာ။ ညက လက်သမားဆရာကြီး ဦးအောင်ဒွန်း ဆီကို မိုးတွင်းစားဖို့ ငါးပိကောင် လက်ဆောင်သွားပေးပြီး နေ့ ကောင်းရက်သာ ရွေးပေးဖို့နဲ့ လိုက်နာဖို့၊ ရှောင်ကြဉ် ဖို့ ချက်တွေကိုပါ ညွှန်ကြားပြသဖို့ တောင်းပန် ပါတယ်။ ဆရာကြီးက ခုမနက် စောစော လာခဲ့မယ်တဲ့၊ အဲဒါ ဒီနေ့ ကောင်းတယ်ဆိုလည်း ဒီနေ့ ဆောက်ဖြစ်မှာပေါ့ဗျာ '

ကိုလူမောင်က အားရပါးရ ရယ်မောလိုက်ပြီးနောက် ' မင်းက ကြီးကျယ်လိုက်တာကွာ၊ အဖိုးတန် သစ်အိမ်ဆောက်မယ့်လူ ကျနေတာပဲ၊ မင်း ဆောက်မယ့် အိမ်က ၀ါးတိုင်၊ ဓနိမိုး၊ ကျူထရံကာ၊ ယင်းခင်းပါကွ၊ အလွန်ဆုံးခံ မှ သုံးနှစ်ပေါ့၊ ယာယီအိမ်ကိုများ ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ' ကိုလူမောင်၏ စကားကို ကိုဒေါင်းစိန် အစား မယ်စိန်က ၀င်၍ ချေပ၏။
' အိုတော် အိမ်သစ်လည်း လူနေဖို့ ဆောက်ထားတဲ့ ဗိမာန်ပဲ၊ ပစ္စည်းမရှိလို့ ခဏတစ်ဖြုတ် ဆောက်ထားတဲ့ အိမ်လည်း လူနေဖို့ ဗိမာန်ပဲ၊ လူနေတဲ့ ဗိမာန်ချင်းအတူတူ သစ်အိမ်ကိုသာ နေ့ ကောင်းရက်မြတ် ရွေးပြီး ကျကျနန ဆောက်၊ ၀ါးအိမ်ကျတော့ ဖြစ်ကတတ်ဆန်း ဆောက်လို့ ဘယ် ဘုရားကမှ မဟောခဲ့ပါဘူး။ ပြီး ပြီရော ဆောက်လိုက်လို့ တော်ကြာ ခိုက်စရာရှိတော့ အိမ်ရှင်တွေကို သာ ခိုက်မှာတော့၊ တော်က ဘာသိ လို့လဲ '

ကိုလူမောင်ကား ပြန်လှန်ချေပ မနေတော့ဘဲ ပြုံးပြုံးကြီးနှင့် အရှုံးပေးလိုက်၏။ ထိုအချိန်တွင် ' အဟမ်း' ဟူသော ချောင်းသံနှင့်အတူ ဦးအောင်ဒွန်းရောက်ရှိလာ၍ ရှေ့ဆင့်နောက်ဆင့်ပင် ကိုလေးဖိုးကွန့်ပါ ရောက်လာ သဖြင့် ကိုဒေါင်းစိန်သည် ခေါင်းရင်းဘက်၌ ဖျာတစ်ချပ်ကို ထ ခင်းရင်း ' ဒီကိုကြွပါခင်ဗျာ 'ဟု ဖိတ်ခေါ် နေရာချပေးပြီးသည့်နောက် မယ်စိန်ဘက်သို့လှည့်၍ 'မယ်စိန်ရေ၊ ဆွမ်းအိုးကျရင် ရေနွေးအိုး တစ်လုံး လောက် မြန်မြန်တည်လိုက်ပါကွယ် ' ဟု လှမ်းပြောလိုက်၏။ အတန်ကြာ ဆိတ်ငြိမ်၍သွားကြ၏။ ကိုလူမောင့် အိမ်ရှေ့ရှိ သရက်ပင်ထက်မှ သပိတ်လွယ်ငှက် ကလေးတစ်ကောင်သည် သာယာသော တေးသံဖြင့် မိုးသောက်ရောင်ခြည်ကို ကြိုဆိုစပြုပေသည်။ လင်းကြက်များကလည်း သော့လေပြီ။ အတော် ကလေး မြင့်တက်သွားပြီဖြစ်သော ကြယ်နီမှာ ဖြူလွလွ အရောင်သို့ ကူးပြောင်းစပြုလေပြီ။

' ကိုင်းဟေ့ ဒေါင်းစိန်၊ မင်းအသက်နဲ့ အိမ်သစ်ဆောက်ထိုက် မဆောက်ထိုက် ပထမဆုံး တွက်ကြည့် ရလိမ့်မယ်ကွ၊ ဒီတော့ မင်းအသက် ဘယ်လောက်လဲဟေ့ ' ငြိမ်သက်ခြင်းကို ဦးအောင်ဒွန်းကပင် စတင် ၍ ဆန့်ကျင်ဘက် ပြုလိုက်၏။ ကိုဒေါင်းစိန်ကလည်း ရိုသေစွာပင် ပြန်လည် ဖြေကြားလိုက်သည်။
' သုံးဆယ့် သုံးနှစ်ရှိပါပြီ ခင်ဗျာ '

' အိမ်သစ်ဆောက်လို့များ လူဗိုသက်ကိုရှစ်ခုစား ' လို့ ဆိုတဲ့အတွက် သုံးဆယ့်သုံးနှစ်ကို ရှစ်ခုနှင့် စားလိုက်တော့ ရှစ်လေးလီ သုံးဆယ့်နှစ်၊ တစ် ကြွင်းတယ်။ ဒီတော့ ' တစ်ခုကြွင်းမူ သူဌေးယူ၊ နှစ်မူ သူကြွယ်သား' လို့ သုတသန္နနစယ ကျမ်းက ပြဆိုတယ်၊ ဒါကြောင့် ဒီနှစ် မင်း အိမ်ဆောက်တာဟာ အဆောက် ကောင်းတဲ့၊ သူဌေးဖြစ်မယ်လို့ အဆိုရှိတယ် '
ကိုဒေါင်းစိန် ကား အကြိုက်တွေ့သွားဟန်ဖြင့် ပြုံးပြုံးကြီး ဖြစ်သွား၏။ ကိုလူမောင်ကတော့ မျက်နှာ ကို တစ်ဖက်သို့ လှည့်၍ ကျိတ်ပြုံး ပြုံးလိုက်၏။ အမှန်ကတော့ သူ့အပြုံးက လှောင်ပြုံး။ သူကား ပေါ့ ပေါ့စား ဟေးလား ၀ါးလား သမားပီပီ ဘယ်အရာကိုမျှ စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ယုံကြည်မှုရှိသူ မဟုတ်။ ဘယ်အရာ ကို မျှလည်း လေးလေးနက်နက် လက်ခံတွေးတောတတ်သူ မဟုတ်ပေ။

ကိုဒေါင်းစိန်ကတော့ လူရိုးလူအေး တစ်ယောက်ပီပီ ကြားနာရသရွေ့ကို လက်ခံယုံကြည်၏။ သို့သော် လေးလေး နက်နက် တွေးတောတတ်သူကား မဟုတ်ပေ။ ထို့ကြောင့် ကိုဒေါင်းစိန်ကား နှလုံးသည်းပွတ် ကိုသာ အသုံးပြု၍ ဦးနှောက်ကို အသုံးပြုသူ မဟုတ်ပေ။ ကိုလူမောင်ကတော့ နှလုံးသည်းပွတ်ရော ဦးနှောက် ကိုပါ အသုံးပြုသူ မဟုတ်ပေ။ နှစ်ဦးစလုံးပင် အမှန်တရားနှင့် ဝေးကွာ မည့်သူတွေဖြစ်သည်။ သြော် ...  ပညာဓာတ်ခံကလည်း ချို့တဲ့ရှာကြပေသကိုး။

' ကဲ အသက်ကို တွက်စစ်ပြီးတော့ လကို တွက်ကြည့်ကြဦးစို့၊ ' ကဆုန်ဝါဆို ပြာသို တပေါင်း၊ လေး လကောင်း၊ အိမ်ကျောင်း ဆောက်ကုန်ကြ 'တဲ့။ ' ကြွင်းရှစ်လတွင်၊ ဆောက်ခဲ့လျှင်၊ မရွှင် စိတ်သောက' လို့ ဆိုတဲ့ အတိုင်း ကဆုန်ရယ်၊ ၀ါဆိုရယ်၊ ပြာသိုရယ်၊ တပေါင်းရယ် အဲဒီလေးလဟာ အိမ်ဆောက်ဖို့ကောင်းတဲ့ လာဘ်ကောင်း လာဘ်မြတ်ပဲတဲ့။ အခု ၀ါဆိုလ ဆိုတော့ဟေ့ ဒေါင်းစိန်ရဲ့၊ မင်းအိမ်ဆောက်ဖို့ ကြုံတဲ့လဟာ လာဘ်ကောင်း လာဘ်မြတ်ပဲ ဖြစ်နေပါကလားကွယ့် '
ကိုဒေါင်းစိန်သည် ကျေနပ်သွားပြန်၏ ထိုအချိန်အထိ စကားတစ်ခွန်းမျှ ၀င်မပြောဘဲ သူတို့ ပြောဆို နေကြသည်ကိုသာ ဘေးမှ ဆိတ်ငြိမ်စွာ နားထောင်နေသော ကိုလေးဖိုးကွန့်ကင်ထည့်၍ 'နေပါဦးခင်ဗျာ၊ ကျွန်တော် မှတ်သားထားသမျှတော့ ၀ါဆိုလဟာ အိမ်ဆောက်ဖို့ ကောင်းတဲ့လ မဟုတ်ဘူး ဆိုပါကလား '

' ဟေ့  မင်းက သောက်ရမ်း ၀င်မပြောနဲ့ကွ၊ ငါက ကျမ်းအကိုးအကားနဲ့ ပြောနေတာ၊ သုတသန္နိစယ ကျမ်းအဆို အတိုင်း ပြောနေတာ '
' ဟုတ်ကဲ့၊ ကျွန်တော်လည်း ' လောကီပညာပေါင်းချုပ် မှတ်ပုံကျမ်း 'ထဲက အရကျက်ထားလိုက်တဲ့ အတိုင်း ပြောနေတာပါပဲ၊ ဒါပေမဲ့ စာအုပ်က ကျွန်တော့်စာအုပ် မဟုတ်လို့ အဲဒီတစ်ပုဒ်ပဲ ကျက်ထား လိုက်မိတယ်။ အဲဒီလင်္ကာကို အခုတောင် ရွတ်ပြနိုင်ပါသေးတယ်။ ' လောကီမှတ်ဖွယ်၊ လူတို့ဝယ်၌၊ တင့်တယ်စေကြောင်း၊ သိသင့်ကောင်းဟု၊ အိမ်ကျောင်းကြီးကျယ်၊ ဆောက်နေအပ်၊ မနေအပ်ကို၊ ပညတ်ရွေးပြု၊ သိအပ်မှုဖြင့်၊ ဥတုသုံးဝ၊ ၁၂ လတွင်၊ စစ်ဆေးကြော၊ သိစိမ့်သောဟု၊ ထုတ်ပြော သေချာ၊ မှတ်သားနာလော့၊ တန်ခူးလမှာ၊ များစွာ ဓန၊ ကြွယ်ဝပြည့်စုံ၊ တိုးလက်တုံအံ့၊ ကဆုန်လ ကား၊ စပါးဆန်ရေ၊ ပေါများပေအံ့၊ နယုန်မာသ၊ ဤသည်လ ကို တည်ထမှန်စွာ၊ ဆောက်သည်မှာ ကား၊ မှန်စွာ မရဏ၊ ရောက်တတ်လှ၏။

မခွပုံသေ၊ မယွင်းချေတည့်၊ မသွေမခွ၊ ၀ါဆိုလမှာ၊ ယွင်းထဥစ္စာ၊ ပျက်စီးရာအံ့ ' တဲ့ ခင်ဗျာ။ အဲဒီလင်္ကာ အတိုင်း ဆိုရင် ၀ါဆိုလမှာ အိမ်ဆောက်လို့ရှိရင် စီးပွားဥစ္စာ ပျက်စီးမယ်လို့ ဆိုတာပဲ၊ အဲဒါ နှိုင်းယှဉ်ပြီး စဉ်းစား နိုင်အောင်လို့ ကျွန်တော်က ပြောတာ ပါ'
ကိုလူမောင် က ကိုဒေါင်းစိန်အား ဘယ့်နှယ်ရှိစ ဟူသော သဘောမျိုးဖြင့် မေးငေါ့၍ နှုတ်ခမ်းရွဲ့ကာ မျက်စပစ်ပြလိုက်၏။ ကိုဒေါင်းစိန်ကား စိတ်ရှုပ်ထွေးနေဟန်ဖြင့် ဦးအောင်ဒွန်းနှင့် ကိုဖိုးကွန့်ကို တစ်လှည့်စီ လိုက်ကြည့်နေ၏။ ဦးအောင်ဒွန်းကား သူ့စကားထဲ ၀င်ရှုပ်သည့်အတွက် အတော်ကလေး ဒေါသ ဖြစ်သွား ဟန်ဖြင့် -
' ဟိတ် ဖိုးကွန့်ရဲ့၊ မင်း နားလည်လို့ရှိရင်လည်း မင်းပဲ နေ့ကောင်းရက်သာရွေးပြီး လိုက်နာဖို့၊ ရှောင် ကြဉ်ဖို့ အချက် တွေကိုပါ ညွှန်ပြပေးလိုက်ပေါ့ကွာ။ ငါ ဘာမှ ၀င်မပြောတော့ဘူး ' ဟု ခပ်မာမာ ပြော ဆိုလိုက်၏။

' အို အဲဒီလိုတော့ မလုပ်လိုက်ပါနဲ့ ခင်ဗျာ၊ ကျွန်တော်က အဲဒီလင်္ကာတစ်ခုက လွဲပြီး တခြား ဘာမှ နားလည် တဲ့ ကောင်မဟုတ်ဘူး။ ဦးမင်းပဲ ဆက်ပြောပါတော့ ခင်ဗျာ၊ ကျွန်တော် ဘာမျှ ၀င်မပြော တော့ပါဘူး၊ ၀င်ပြော စရာလည်း မရှိတော့ပါဘူး '

' အေး ... အဲဒီလိုဆိုရင် ဟောဒီအိမ်ရှင် ဒေါင်းစိန်ရဲ့စိတ်တွေ ဇဝေဇ၀ါ ဖြစ်ကုန်အောင် တောင်ပြော မြောက်ပြော ၀င်မပြောနဲ့ကွာ။ ငါ့အလုပ်ကို ငါ နားလည်တယ်ကွ၊ ငါဟာ လက်သမားလုပ်လာတာ နှစ်ပရိစ္ဆေဒ အတော်ကြာခဲ့ပြီကွ။ အခုမှ အသက်ကလေး နည်းနည်းထောက်လို့၊ တပည့်တပန်းတွေ ကလည်း တကွဲတပြား ဖြစ်နေချိန်မို့ အလုပ်ကို ရပ်ဆိုင်းပြီး အေးအေး နေလိုက်တာပဲ။ ရွာဖျားက မိတင် အိမ်ဟာ ငါ ဆောက်ပေးတာကွ၊ သွားမေးကြည့်စမ်း၊ အိမ်ဆောက်ပြီးမှ စီးပွား ဘယ်လောက် တက်တယ်ဆိုတာ။ ဟင်း ... ဟင်း ... အခု ဒေါင်းစိန်ကို ခင်လို့ ဒေါင်းစိန်အပေါ် အဖိုးအခရယ်လို့ သဘောမထားဘဲ အလကားလို ပြပေးတာ နဲ့ မင်းတို့က ငါ့ကို အထင်သေးချင်သလား '

ကိုလေးဖိုးကွန့်တွင်မက ကိုဒေါင်းစိန်ရော မယ်စိန်ပါ ၀ိုင်းဝန်း တောင်းပန်မှ ဦးအောင်ဒွန်း ကျေနပ် သွား၏။ ထိုအချိန် တွင် မယ်စိန်သည် လက်ဖက်ရည်ကြမ်းအိုးကို ဦးအောင်ဒွန်းရှေ့သို့ လာချပေး၍ အမြည်း အတွက် လည်း ငါးဖယ်အောင်း ငါးပိကောင်ကင်ကိုပါ ပန်းကန်တစ်လုံးနဲ့ ထည့်ပြီး လက်ဖက် ရည်အိုးအနီး၌ ချလိုက်၏။ ဦးအောင်ဒန်းသည် လက်ဖက်ရည်ကြမ်းကို လက်ဖက်ရည်ပန်းကန်ထဲသို့ ငှဲ့လိုက်ပြီးနောက် ငါးပိ ကောင်ကင်ကို ဖဲ့စားလိုက်ကာ -

' အသက်တို့ လာတို့ကို ရွေးချယ်စိစစ်ပြီးခဲ့ပြီးနော်၊ ဟော ပြီးတော့ မြေခံရယ်လို့ တစ်မျိုးလာပြန်ရောကွ။ နတ်ခံ သကြား၊ ဗြဟ္မာခံ၊ ကညာခံ၊ ဆင်ခံ၊ ခွေးခံ၊ နွားခံ၊ ၀က်ခံ၊ ဒွန်းစဏ္ဍားခံ၊ ဘီလူးခံ၊ ဂဠုန်ခံရယ်လို့ မြေခံ အမျိုးမျိုး ရှိသပေါ့ကွာ။ အဲဒါ လဆန်းဆိုရင် ဘယ်ရက် ဘယ်ရက်မှာ ဘာခံတယ်၊ အဲဒီခံတဲ့ရက်ဟာ အကောင်းလား၊ အဆိုးလားဆိုတာ ကြည့်ပြီး ရက် ကောင်းရက်မြတ်ကို ရွေးရတာကိုးကွ။ ကဲ ဒီတော့ ဒီနေ့ ၀ါဆိုလဆန်း ဘယ်နှရက်လဲဟေ့ '
' လဆန်း ငါးရက်နေ့ပါ ခင်ဗျာ '

' လဆန်း ငါးရက်နော် မှတ်ထား၊ အဲ မြေခံကျမ်းက ဘယ်လိုဆိုသလဲ ဆိုတော့ ' လမင်းလဆန်း၊ မြေခံကျမ်း၊ ကြိုးပမ်း မှတ်ကုန်ကြ' တဲ့။ ' တစ်ရက်နတ်ခံ၊ ဘေးတန်တန်၊ မကြံမဆောင်ရ' တဲ့။ ' နှစ်ရက်ကညာ၊ မင်းပူဇာ၊ လာဘာ ၀ိသေသ' တဲ့။ ' သုံးရက်ကား နွား၊ ချမ်းသာပွား၊ မှုများဆောင်ရွက်ကြ' တဲ့။  ' လေးရက်ကား ဆင်၊ ဘေးထိမြင်၊ ဆင်ခြင်အပ်ကြောင်းလှ' တဲ့၊ ' ငါးရက်ဂဠုန်ချမ်းသာပုံ၊ မှုကုန်ဆောင်ရွက်ကြ' တဲ့။ ဟော ဒီတော့ လဆန်း ငါးရက်မှာ ဂဠုန်ခံတယ်၊ ကောင်းလွန်းအားကြီးလို့ အမှုကုန်အောင် ဆောင်ရွက်ကြ၊ မုချ ချမ်းသာမယ် ဆိုပါကလား။ အင်း မင်းအိမ်ဆောက်ဖို့ ရွေးချယ်လိုက်တဲ့ ရက်ဟာလည်း မြေခံကောင်းတဲ့ ရက်ပဲ ဖြစ်နေပါကလား '

စကားအဆုံးတွင် ဦးအောင်ဒွန်းသည် ငါးပိကောင်ကို တစ်ဖဲ့စားလိုက်၍ လက်ဖက်ရည် ပန်းကန်ကို ယူသောက်နေ၏။ စောစောက ကိုလေးဖိုးကွန့်၏ ပြောစကားများကြောင့် စိတ်ဇဝေဇ၀ါ ဖြစ်လျက်`၇ှိ သော ကိုဒေါင်းစိန်ကား ယခုအချိန်တွင် ထိုသံသယစိတ်များ လုံးဝပင် ကွယ်ပျောက်သွားကာ ဦးအောင်ဒွန်း အားသာကြည်ညိုလေးစားစွာ ကြည့်နေမိ၏။ တစ်ရွာလုံး မဏ္ဍပ်ဆောက်လျှင်လည်း သူ့အားသာ ဖိတ်ခေါ် မေးမြန်း ရသည်။ စပါးကျီဆောက်လျှင်လည်း သူ၊ အိမ်သစ်ဆောက်လျှင်လည်း သူ၊ သူမပါလျှင်မပြီး။ သြော် ငါတို့ ဗျင်းဘွဲကျေးရွာမှာ ဒီလို ပညာရှိကြီးတစ်ဦး လက်ကိုင်ရရှိထား တာဟာ အတော်ဂုဏ်ယူဖို့ ကောင်းပါ ကလားနော် -

' အဟမ်း' ဦးအောင်ဒွန်းက စကားစရန် ချွဲရှင်းလိုက်၏။
' အသက်တို့ လဆို့ မြေခံတို့ အားလုံးကောင်းနေပေမဲ့ ၀ါရမိတ္တုရက်လွတ် မလွတ်ကို စစ်တမ်းထုတ် ကြည့်ရလိမ့်ဦးမကွ၊ ရက်တကာ ရက်ထဲမှာ အဲဒီရက်ဟာ အကြမ်းဆုံး၊ အဆိုးဆုံးကိုးကွ။ ဒီတော့ ဒီနေ့ ဘာနေ့ လဲဟေ့ '
ကိုဒေါင်းစိန်နှင့် ကိုလူမောင်ရော ကိုလေးဖိုးကွန့်ပါ မယ်စိန်လည်း အပါအ၀င် မည်သူမျှမဖြေဘဲ ဦးအောင်ဒွန်း အား အကြောင်သား ငေးကြည့်နေကြ၏။

' အောင်မယ် ဟုတ်လည်း ဟုတ်တဲ့ လူတွေပဲ၊ အိမ်သစ်ဆောက်မယ့် လူတွေ ဆိုပြီး ကိုယ် ဆောက်မယ့် နေ့ကိုတောင်မှ ကိုယ် မသိဘဲကိုးကွ။ သောကြာနေ့ကွ၊ သောကြာနေ့။ သောကြာက (၆)၊ လဆန်း (၅)ရက်က (၅)နဲ့ ပေါင်းတော့ (၁၁)ရတယ်။ ဒါကြောင့် ၀ါရမိတ္တုရက်နဲ့ လွတ်တယ်။ ဘာပြုလို့လဲဆိုတော့ ' နေ့ကို ရက်ဆုံး၊ တစ်ဆယ့်သုံး၊ ယူအုံး ၀ါရမိတ်' ဆိုတဲ့အတိုင်း နေ့င့် နံသင့် ဂဏန်းနဲ့ရက်ကို ပေါင်းလို့ရတဲ့ ဂဏန်းဟာ တစ်ဆယ့်သုံး ဂဏန်းရှိမှ ၀ါရမိတ္တုရက် ခေါ်တယ်။ အခု (၁၁)ဂဏန်းသာ ရလို့ ၀ါရမိတ္တုရက်နဲ့ လွတ်တယ်။ ဒါကြောင့် ဒီနေ့ မင်း အိမ် ဆောက်ဖြစ်အောင်သာ ဆောက်ပေတော့။ အားလုံးကောင်းတယ် '

' တခြား ရွေးစရာ မကျန်တော့ဘူးလား ခင်ဗျာ '
' ဟ ရွေးမယ်ဆို အပုံကြီးပဲပေါ့ကွ။ ဘီလူးတာနောရက်၊ ရှမ်းရက်၊ ကပ်ရက်၊ သဇတ်ရက်၊ သမဖြူရက်၊ သမညိုရက်တို့နဲ့ လွတ် မလွတ်၊ နဂါးပတ်ကျော့ကွင်းနဲ့လွတ် မလွတ် စသဖြင့် ရွေးမည် ဆိုအပုံကြီးပဲပေါ့ကွ။ ဒါပေမဲ့ ဒါတွေနဲ့ အကုန်ညီအောင် လျှောက်ရွေးနေရင် မင်း ဒီမိုးတွင်း အိမ် ဆောက်ဖြစ်မှာ မဟုတ်ဘူး။ နောက်ပြီး ဒါတွေက အရေးကြီးတဲ့ဟာတွေ မဟုတ်ပါဘူး၊ စောဟောက ပြောခဲ့တဲ့ အရေးကြီးတဲ့ အချက် တွေနဲ့ ညီညွတ်တယ်ဆိုရင် ပြီးတာပါပဲ '

ဤတွင် အိမ်ဆောက်ဖြစ်ဖို့ သေချာသွားပြီဖြစ်သဖြင့် ကိုဒေါင်းစိန်သည် မယ်စိန်ဘက်သို့ လှည့်၍ ' မယ်စိန်ရေ၊ အိမ်ဝိုင်းဆောက်မယ့် လူတွေကို ကျွေးရအောင် ကောက်ညှင်းပေါင်းတော့ဟေ့၊ ကောက်ညှင်းပေါင်း နဲ့ အဖက် ငါးပိကောင်ကြော်ပါ တစ်ခါတည်း ကြော်ထားလိုက်ကွာ 'ဟု ပြော လိုက်ရာ မယ်စိန် သည် သွက်လက်စွာပင် ထ သွား၍ ကောက်ညှင်းပေါင်းရန် ပြင်ဆင်နေတော့သည်။

(၂)

မိုးစင်စင်လင်းပေပြီ။ သို့သော် နေကတော့ ထွက်ပြူမလာသေး။ ကိုဒေါင်းစိန်သည် အိမ်ဟောင်းကို ဖျက်ထား သဖြင့် ဟာလာဟင်းလင်း ဖြစ်နေသော သူ့အိမ်ရာကွက်ကလေးကို လှမ်းမျှော်ကြည့်လိုက် ၏။ ကြည့်ရင်း ကြည့်ရင်း မှပင် စိတ်ကူးယဉ်လှသည့် သူ့အာရုံဝယ် ဆောက်၍ ပြီးစီးမည့် အိမ်သစ် ကလေး၏ ပုံသဏ္ဍာန်ကို ထင်မြင် လာ၏။

အိမ်သစ်ကလေးမှာ သုံးပင်နှစ်ခန်းဖြစ်၍ ဘေးဘက်မှလည်း ဖီကလေးတစ်ခု ချထားသည်။ ထိုအဖီ ကလေးမှာ ၀မ်းစာ ငါးပိ၊ ငံပြာရည်ကလေးများထားပြီး မီးဖိုဆောင်အဖြစ် အသုံးပြုမည်။ ဟော အိမ် ခန်း ကိုလည်း ကျူထရံကလေးကာပြီး အခန်းဖွဲ့ထားပါကလား။ ကောင်းသည်။ ဒါမှ သူတို့ မိသား တစ်စု ဒီအခန်း ထဲမှာ သုံးမိုးခန့် ပိတ်ခြင်ထောင်ကြီးကို ထောင်ပြီး ကျကျနန အိပ်ရမည်။ သြော် အပေါ်ဘက်ကလည်း သင်္ဘောကြမ်းလို့ခေါ်တဲ့ အထပ်ခိုးကလေးတစ်ခု ရှိနေသေးတာကိုး၊ ဒါလည်း သင့်မြတ်သည်။ သူ့တံငါလုပ်ငန်းနှင့် သက်ဆိုင်ရာ ပိုက်ကွန်များ၊ ငါးမျှားတံများ၊ ဆောင်း၊ မှိန်း စသည့် ကိရိယာ တန်ဆာ ပလာများကို ဒီသေင်္ဘာကြမ်းပေါ်မှာ တသီးတခြား သပ်သပ်ရပ်ရပ် ထားရှိမည်။ ၀ါးနက်ကို တိုင်ထူ၍ ကျူထရံကာ၊ ဓနိမိုး၊ ယင်းခင်းထားသော သုံးပင်နှစ်ခန်း အိမ်သစ် ကလေး။ ဘေးကလည်း အဖီကလေးနှင့် နောက်ပြီး ကျူထရံနှင့် အိမ်ခန်းကို ဖွဲ့ထားသည်။ သင်္ဘောကြီးခေါ် အထပ်ခိုးကလည်း ပါလိုက်သေး။ အို ရှုမငြီးဖွယ် တင့်တယ်လှသော အိမ်သစ် ကလေးပါတကား။

ကိုဒေါင်းစိန်၏ မျက်လုံးများသည် အရောင်တောက်လာကြသည်။ သူ့ကိုယ်ပေါ်မှ မွေးနု မွေးညင်း ကလေးများလည်း ထောင်ထလာကြသည်။ သူ့မျက်နှာကား သွေးရောင်လျှမ်း၍ ကြည်နူးရိပ် သမ်း နေသော အပြုံးသည်လည်း ဖူးပွင့်နေသည်။ ဤအခိုက်အတန့်ဝယ် သူသည် ပတ်ဝန်းကျင်ကို သတိမှ ရပါလေစ။
' ဆွမ်းတော် ဗျို့ '

ဆွမ်းခံကြွလာလေပြီ။ ပတ်ဝန်းကျင်ကို မေ့လျော့နေမိသော ကိုဒေါင်းစိန်သည် ရုတ်တရက် လှုပ်ရှား လာသည်။ နောက် သူသည် မယ်စိန် ခူးခပ်ထားသော ဆွမ်းခွက်ကို ယူလိုက်၍ အိမ်ပေါ်မှ လှမ်း ဆင်းခဲ့၏။ ဆွမ်းကို အပတ်စဉ်လောင်းကာ ဒါနပြုလိုလှပါလျက်ကယ်နှင့် ကိုယ်တိုင်၏ ၀မ်းရေးပင် မဖူလုံနိုင်မှုကြေင့် အောင့်အည်းမျိုသိပ်ထားရသည်မှာ ကာလအတန်ပင် ကြာပေပြီ။ ယခုမှ ဆန္ဒပြည့်ဝ၏။ သူသည် မြေကြီးကို ခြေကျသည်ဟု မထင်အောင်ပင် သွေးကြီးသွားကာ သူ ပြုစုမည့် ဒါနအတွက်လည်း အတော်ကြီးကို ပီတိဖြစ်နေမိ၏။

တာလမ်းပေါ်တွင် ရပ်စောင့်နေသော ကိုရင်ကလေး သုံးပါးအနီးသို့ ခပ်ယို့ယို့ကလေး ချဉ်းကပ်လိုက် ပြီးနောက်၊ ဆွမ်းခွက်ထဲမှ ကြေးဇွန်းကြီးဖြင့် ဆွမ်းကို ခပ်ကာ ခပ်ကာ တစ်ပါးပြီးတစ် ပါး လောင်းတော့၏။ နောက်ဆုံး ကိုရင်ကလေး၏ အလှည့်တွင် ဆွမ်းခွက်ထဲ ကျန်ရှိသမျှ ဆွမ်းများကို အကုန်အစင် လောင်းထည့် လိုက်၏။ ပြီးနောက်ကား သူသည် ဆက်လက်ကြွချီတော်မူ သွားသော ကိုရင်ကလေးများ၏ နောက်ပိုင်း ကို စူးစိုက်ကြည့်ရင်း သူ ပြုခဲ့သော ဒါန၏ ကောင်းမှုကို တစိမ့်စိမ့် ပွားများကာ ပီတိဖြာလျက် ကျန်ရစ်၏။

သူ အိမ်ပေါ်သို့ ပြန်တက်လာခဲ့သည့် အခါ၌ကား သူ့အိမ်ကို ကူညီဆောက်လုပ်ရန် ရောက်ရှိနေကြ သည့် လူငယ် လေးဦးကို တွေ့မြင်ရ၏။ တောရွာကလေး၏ ချစ်စဖွယ်ကောင်းသော ဓလေ့ထုံးစံများ အနက် သာရေး ဖြစ်စေ၊ နာရေးဖြစ်စေ တစ်ဦး၏ အရေး၌ အားလုံး စိတ်ရောကိုယ်ပါ ၀ိုင်းဝန်းကူညီ တတ်ကြသည့် ဓလေ့ ထုံးစံကား ချစ်ခင်နှစ်သက်ဖွယ် အကောင်းဆုံးဖြစ်တော့၏။

' မယ်စိန်ရေ၊ ကောက်ညှင်းပေါင်းနှင့် ငါးပိကောင်ကြော်ကို ပန်းကန်ပြားတစ်ချပ်ဖြင့် သတ်သတ်ထည့်၍ ဦးအောင်ဒွန်း ရှေ့သို့ သွားချပေး၏။ ပြီးတော့မှ လင်ပန်းတစ်ချပ်ထဲတွင် ကောက်ညှင်းပေါင်း အတော် များများ ကို စုပြုံထည့်၍ ဘေးမှ ငါးပိကောင်ကြော်ပါ ပုံထည့်ပြီး ကိုဖိုးကွန့်၊ ကိုလူမောင်နှင့် လူငယ်များ ထိုင်နေရာ သို့ သွားချကာ တပျော်တပါးကြီး ၀ိုင်း၍ စား သောက်နေကြ၏။

ဆက်ရန်
.

No comments: