Friday, August 27, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၂) အပိုင်း (၆)

ထိုစကားအဆုံးတွင်မူ ငထွန်းကားသည် လယ်ထဲဆင်းပြီး 'တမန်းစမ်း'သည်။ ဘယ်နှစပ် ထပ်မံထွန်ရန် ညွှန်ကြား သည်။ မည်သည့်နေရာ၌ "ကျွန်း" ခံနေသည်၊ ကောက်စိုက်သမတွေ၏ အဆဲမခံရစေရန် ငန်းပြား ဖြင့် တူးပစ် စသည်ဖြင့် အကြံပေးတတ်သည်။ ညီထမင်းစားနေစဉ် သဘောမတွေ့သော နေရာ များကို ကိုယ်တိုင်ဆင်းပြီး ထွန်းလာ ထွန်းတတ်၏။ ထောင့်ကွေးနေရာ များမှာ ထွန်းမ၀သောကြောင့် ခုံကြီး ဖြစ်နေလေ့ရှိရာ ငန်းပြား ဆွဲပြီး တူးလား တူးတတ်၏။

လယ်ထဲတွင် ဆေးရိုးရှိနေလျှင် ကန်သင်းနားဖြတ်သည်ကအစ ၀င်လုပ်၊ ထမင်းဝင်စားသော ငထွန်း ကားသည် အဖေ့ကို ရိပ်ခနဲ မမြင်လိုက်နှင့်၊ တစ်ချိုးတည်း ပြေးတော့သည်။ မနက်အစောကြီး တောင် မရှောင်တော့ ဘူးလား မေးကာ တစ်ကြိမ် ရိုက်ထားဖူးသောကြောင့် ဖြစ်သည်။ ထိုသို့ မူးမူး ရူးရူးဖြင့် အမူး စက်ဝန်း ကို ငထွန်းကား ပတ်ပြေးနေစသ် ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း မကုန့် တကုန်တွင် မယ်ငြိမ်းစည် မျက်နှာမြင်သည်။ သားယောက်ျားလေးဖြစ်သဖြင့် ငထွန်းကားမှာ ရူးနေ အောင် ချစ်သည်။

မယ်ကြွယ်စိုးလည်း ချွေးမကို မျက်နှာကြောမတည့်သော်ငြား ရောက်လာရသည်။ တိုင်းသူပြည်သား တို့၏ အကျိုးစီးပွား ကို ပြန်စောင်းမကြည့်သော အင်္ဂလိပ်အစိုးရ၏ လက်အောက်တွင် အမျိုးသမီး များ "မီးနေ" ရခြင်းသည် အသက်ကို ဖက်ဖြင့်ထုပ်ထားရသော အလုပ် ဖြစ်၏။ ထို့ကြောင့် မယ်ကြွယ်စိုး လာရသည်။ ရမ်းဘိုကုန်း နှင့် နှစ်နာရီပြင်းပြင်း ခရီးမျှသာ ဝေးသော ရွှေတစ်ဆုပ်ရွာနေ မယ်ငြိမ်းစည်၏ သားချင်းများ မလာနိုင်ပါ။ လက်လှုပ်မှ ပါးစပ်လှုပ်ရသော လက်ဖ၀ါး ခြေဖ၀ါးသမား တွေမို့ ဖြစ်ပေသည်။

မယ်ကြွယ်စိုးနှင့် သမီး မယ်မျှင်တို့ မယ်ငြိမ်းစည်ထံ၌ အလုပ်များနေကြသည့်အတွက် ဆေးရိုးတံသို့ ထမင်းပို့သူမှာ ဦးကျန်ကြီး ဖြစ်လာသည်။ ဖအေက သားထံသို့ ထမင်းလာပို့နေချိန်ဝယ် မိကျီးဒန် လည်း လယ်ပွဲ သုံးပွဲကျော် တစ်ခေါ်သာသာဝေးသော လယ်ပွဲရှိ ဖအေထံသို့ ထမင်းပို့လာနေချိန် ဖြစ်သည်။ ဤတွင် ကျီးဒန်နှင့် ဆေးရိုးတို့ မယူလျှင် မပြီးသော အကြောင်းတစ်ရပ်သည် မမျှော်လင့် ဘဲ ပေါ်ပေါက် လာခဲ့လေ၏။

ရမ်းဘိုကုန်းရွာ၏ ရွာဦးကျောင်းဖြစ်သော လေးထပ်ကျောင်းမှ ခေါင်းလောင်းထိုးသံ စည်ဝေစွာ လွင့်ပျံလာပြီ။ မရှေးမနှောင်းတွင် သရက်တောကျောင်းနှင့် တောင်ပလူကျောင်းတို့မှာလည်း လွင်လွင် ဝေေ၀ ထွက်ပေါ်လာသည်။
သို့ပါလျက်နှင့် နေသည် မပူ။ောဆင်းလယ်နွေပေကိုး။

မြောင်းလက်တံကြီး၏ ၀ဲယာရှိ စပါးခင်းများမှာ နှင်းသီးနှင်းစက်ကလေးများပင် မကုန်စင်သေးချေ။ နို့ရည်ခဲစပါးနှံများ ငိုက်ယမ်းနေသော စိမ်းမှောင်မှောင်လယ်ကွက်များကြားမှ မိန်းကလေး ၄ယောက် တရွေ့ရွေ့ လာနေကြသည်။ သူတို့ခေါင်းပေါ်တွင် ထမင်းထုပ်ကိုယ်စီ ရွက်ထားကြ သည်။

"ဒေါသမူအရာမှာ လေလေ့၊ ဒေါသမူအရာမှာ ယောယုဝ အရောက်သွားပါမဗျ၊ ယောက်ျား အာဇာနည်မို့"
"သွားဟေ့ သွားဟဲ့၊ ယောယုဝ မကလို့ မဟာတာပန္နပဲ သွားသွား၊ ပြန်မလာခဲ့နဲ့။ နားညည်းလွန်းလို့"
တေးသံရှင်၏ အသံမြင့်နှုန်းနှင့်ထပ်တူ မြှင့်ပြီး အော်လိုက်သူမှာ ရွှေသစ် ဖြစ်သည်။
"ကောင်မ မြူးမနေနဲ့၊ ဟိုကကြားသွားလို့ ကျုပ်ကို ထမင်းလာပို့တာလားခင်ရဲ့ အော်လိုက်မှ ဟုတ်ပေ့ ဖြစ်နေမယ်"
မယ်သုန်၏ သတိပေးသံအဆုံးတွင် ရွှေသစ်၏ လက်ဝါးကြီးက မယ်သုန်၏ကျောပေါ်သို့ ဗြုန်းခနဲ ရောက်သွားလေ၏။
"သူ့လင်ကြားရင် အားရအောင်လို့ ငါ့ကို ရိုက်သတော့်"

"ငါ့လင်မဟုတ်ဘူးဟဲ့၊ နင့်လင်"
"ညည့်လင် ညည့်လင်"
မယ်သုန် သည် နောက်တစ်ကြိမ် အရိုက်မခံရစေရန် မိဖော့နှင့် ကျီးဒန်ကို တွန်းတိုက်ပြီး လူအုပ်၏ ရှေ့ဆုံးသို့ ရောက်အောင် ပြေးသည်။
"ကောင်မ တွေနော်၊ ကောင်မတွေ"
မိဖော့က ထိုမျှသာအော်ငြား၊ ကျီးဒန်ကမူ ကန်သင်းပေါ်မှ ချော်ကျလုလုကိုယ်ကို ထိန်းမတ်ရင်း ဆုံးမသည်။
"မိန်းကလေးမြင်ရင် အလိုလိုနေရင်း ပြီတီတီလုပ်ချင်နေတဲ့ လူတွေကို ဆင်အိပ်ရာ ဆိတ်နှိုး သွားမလုပ်ရဘူးဟဲ ကောင်မတွေရဲ့"

"မသိလို့ပါ အစ်မကြီးရယ်၊ ပြောပါဦး"
ရွှေသစ်က သရော်တော်တော် ချော်တော်တော် ပြောသော်ငြား ကျီးဒန် မတုံ့ပြန်တော့ပါ။ ရှေ့တွင် "မြောင်းကူး ရေကျော်" ရှိသောကြောင့် ထဘီကို ပြင်ဝတ်နေရသောကြောင့် ဖြစ်သည်။ သူတို့ လျှောက်လာ သော လမ်း သည် သာဒွန်းဝမြောင်းဟောင်းတစ်ဖြစ်လဲ လင်းဇင်းမြောင်း ဖြစ်သည်။

ထိုမြောင်းသည် အနောက်မှ အရှေ့သို့ စီးဆင်းလာခဲ့ရာ ဤနေရာတွင် တောင်မှ မြောက်သို့ စီးဆင်း  နေသော "မဲဇလီ" မုန်းမြောင်းက ကန့်လန့်ခံနေသည်။ မုန်းမြောင်း၏ အရှေ့ဘက်ကမ်းတွင် လင်းဇင်းသောက်လယ်တွေ ရှိနေသေးသည်။ မုန်းမြောင်းရေ မတတ်နိုင်။ ထို့ကြောင့် သံရေတံ လျှောက်ဖြင့် မုန်းမြောင်းကို ဖြတ်ကူးပေးထားရသည်။

တစ်တောင်ခန့်ကျယ်သော ထိုရေတံ လျှောက်၏ ၀ဲ ယာ တစ်ဖက်တစ်ချက်တွင် ဗြက် တစ်ထွာခန့် ကျယ်သော သံပြားတွေ ခင်းပေး ထားသည်။ ဤအရာပေါ်တွင် ဖြတ်သန်းလျှောက်လှမ်းရန်အတွက် ကျီးဒန်ထမီပြင် ၀တ်ခြင်း ဖြစ် ချေ၏။ အပြန်အလှန်ဆဲဆိုနေသော ရွှေသစ်နှင့် မယ်သုန်တို့လည်း တိတ်ဆိတ် သွားကြပြီ။ ရေတံ လျှောက်အတိုင်း လေဆာက်ရန် သတိထားနေကြသည်။

ရေတံလျှောက်ကို ခွပြီး လျှောက်ရသည်မှာ ကွတကွတ ဖြစ်သည်ဆိုကာ ရေတံလျှောက်ထဲသို့ ဆင်းပြီး မလျှောက်ရဲ။ ချော်လဲသော် ခေါင်းကွဲနိုင်သည်။ ခေါင်းကွဲပြီး အောက်ရှိ မြောင်းထဲသို့ ကျသွားခဲ့သော် ရေနစ်ဦး မည်။ သို့သော် စလင်းချောင်းနံဘေးတွင် နေသူများဖြစ်သဖြင့် "ခွေးကူး"မူ ကူးတတ်ရကား ရေနစ်မည်ကို မစိုးရိမ်။ လယ်ပြင်မှ အူတကြုတ်ကြုတ် လက်တရှည်ရှည်ဖြင့် မျှော်ငံ့ နေသူ ထမင်းငတ် မည်ကိုသာ စိုးရိမ်နေသည်။

"ကောင်မတွေ ရှားပင်ပေါင်းက သွားကူးကြရအောင်ဟယ်"
ရွှေသစ်သည် ဤနေရာကို ကူးရတိုင်း အသည်းယား၏။ ထို့ကြောင့် အဖော်ညှိငြား အဖော်မရ။
"ဟိုပေါင်းနားမှာ ရပ်ထားတဲ့လှည်းဟာ တို့ရွာကနဲ့တူတယ်ဟေ့"
ထိုစကားကြောင့် "ရှားပင်ပေါင်း" ဆီသို့ မိန်းကလေးများ ပြိုင်တူ ကြည့်မိကြ၏။

"အေးဟဲ့ တပ်ထားတဲ့ နွားတွေကို မြင်ဖူးသလိုလိုပဲ"
ဤမျှဖြင့် စကားပြတ်သွားသည်။ ရေကျော်ရေတံလျှောက်ကို တိတ်ဆိတ်စွာ ဖြတ်ကူးကြသည်။ တစ်ဖက်ကမ်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက်တည်း ကျီးဒန်တို့ လူစုကွဲတော့သည်။ ရွှေသစ်က တောင်ဘက် သို့၊ မယ်သုန်နှင့် မိဖော့က မြောက်ဘက်သို့ တစ်လမ်း။ တည့်တည့် သွားရမည့်သူမှာ ကျီးဒန် တစ်ယောက် တည်း ဖြစ်သည်။

"ကျီးဒန် ဖြောင့်ဖြောင့်သွားနော်၊ ဘယ်လယ်ထဲမှ ၀င်စားမနေနဲ့"
ရွှေသစ်၏ ကျီစယ်မှုကို တုံ့ပြန်ပုံမှာ "ဟဲ့ ခွေးနာမ"
ကျီးဒန်သည် လယ်ကြားမြောင်းပေါင်အတိုင်း လာသည်။ ရေခမိုးရွက်တစ်ရွက်တလေ၏ အဖျားတွင် သက်တံရောင် တောက်နေသော နှင်းစက်ကလေးတစ်စက်တလေ တွေ့ရသည်။ ရေခမိုးပင်များ ဆုံး သွားသည်။ ၀ဲယာတွင် နဘူးချုံတွေ။

"ဥမ္မာဒန္တီလှပျိုမကိုဋ်ရယ်က ငါ့ကို ကြိုက်မလားလို့ မေးစမ်းချင် မေးစမ်းချင်၊ မတော်ပါဘုရား၊ အဘိပါရက ချစ်သူမငြီး၊ စစ်သူကြီးဟာဖြင့် ကျွန်မလင် ကျွန်မလင်"
ကောက်ညှင်း စပါးရိတ်သူများ၏ တေးသံ ဖြစ်သည်။ ကျီးဒန်သည် သီဝိမင်းနှင့် ဥမ္မာဒန္တီကို မြင်ယောင်ကာ ပြုံးသည်။ ပြုံးနေဆဲတွင် နဘူးချုံထဲမှ လူတစ်ယောက် ဘွားခနဲပေါ်လာသည်။

ငကြွက်။ ကျီးဒန် ထိတ်ခနဲ ဖြစ်သည်။ ခြေလှမ်းတုံ့သွားရာက "အို ကိုယ့်လမ်း ကိုယ်သွားတာ ဘာဖြစ်လဲ" ဟု အားတင်းလျက် ဆက်လျှောက်သည်။ ငကြွက်က လမ်းကို ပိတ်လိုက်သည်။
"ကျီးဒန် ငါ့ကို ကြိုက်ပါ"
ထောင်းထောင်း ထနေသော အရက်နံ့။
"နင့်ကို မကြိုက်ဘူးလို့ ဘယ်နှခါပြောရမတုံး၊ ဖယ်စမ်း"
ရင်ထဲက တဒိန်းဒိန်းမြည်နေသည်။ မျက်နှာတစ်ခုလုံး ထူပိန်းနေသည်။ သို့ဖြစ်ငြား ကျီးဒန်သည် နောက်မဆုတ်။ ထမင်းထုပ်ကို ပစ်ချသည်။ ထဘီကို ပြင်ဝတ်သည်။ ငကြွက်၏ ပွရောင်းရောင်း ခါးပိုက်ထောင် ထဲမှ ဓားမြှောင်တစ်ချောင်း ထွက်လာသည်။

"ဟေ့ ချစ်ရင် လုံးလုံး၊ မုန်းရင် လားလားတဲ့ဟေ့၊ ကြိုက်ရင် မယား၊ မကြိုက်ရင် ဓားကွ"
"လာကြပါဦး၊ ဟောသည်မှာ ငကြွက်ရယ်၊ ကျုပ်ကို"
ကျီးဒန်သည် ငကြွက်၏ လက်ထဲရှိ ဓားကို ၀င်လုတော့သည်။

"လာကြပါဦး၊ လာကြပါဦး ဟောသည်မှာ ငကြွက်"
ကျီးဒန်၏ အော်သံကို ရွှေသစ် ကြားသည်။ လှမ်းကြည့်သည်။ ဓားလုနေသော လက် လေးဖက်နှင့် ခေါင်းနှစ်လုံး ကို မြင်ရသည်။
"ဓားမြ ဓားမြ၊ ဟိုမြောင်းပေါင်ပေါ်မှာ ဓားပြတိုက်နေတယ်၊ လာကြပါဦး"
ရွှေသစ်လည်း ထမင်းထုပ်ကို လမ်းဘေးချထားခဲ့ပြီး သံကုန်အော်ဟစ်လျက် ပြေးလာသည်။ မယ်သုန်နှင့် မိဖော့ သည်လည်း ရွှေသစ်မြင်သကဲ့သို့ပင် မြင်ကြသည်။ ထမင်းထုပ်ကြီးတွေ ရွက်လျက် "ဓားပြ ပါတော်၊ လာကြပါဦး" အော်ပြီး ပြန်ပြေးလာကြသည်။

ငကြွက်မှာ မိမိရစ်သော ကြက်မတမ်းမ၏ အခွပ်ခံရသော တွန်ခါစ ကြက်ဖအလား ကြံရာမရ ဖြစ် သွားသည်။ အမှတ်မထင်သော ခုခံမှုကြောင့် ဓားမြှောင်မှာ ကျီးဒန်လက်ထဲ ရောက်သွားပြီ။ ကျီးဒန် ကို ဓားမြှောင်ဖြင့် ချိန်ထားပြီး ကျီးဒန်လက်ထဲ ရောက်သွားပြီ။ ကျီးဒန်ကို ဓားမြှောင်ဖြင့် ချိန်ထားပြီး လက်ဆွဲ ခေါ်ကာ လှည်းဖြင့် အသင့်စောင့်နေသော တင်မောင်ထံ လာမည်။ သူတို့ကိုမြင်လျှင် တင်မောင်က လှည်း တက်မည်။ ကျီးဒန်ကို လှည်းပေါ်တင်၊ ပါးစပ်ပိတ်ထား။
စိတ်ကူး ယဉ်ထားသမျှ ပျက်ရုံမက ဓားဖြင့်အထိုးခံရတော့မည့်မို့ လယ်ကြားမြောင်းပေါင်အတိုင်း ငကြွက် စုန်ပြေးသည်။ ခွေးလှေးကားချုံဘေးမှ တံစဉ်ကိုယ်စီဖြင့် လူငါးယောက် ပေါ်လာသည်။

"ဟဲ့ ငကြွက်၊ မိုက်ရိုင်းလှချညလား၊ နင့်နှမကို သည်လိုလုပ်ရင် နင် ကြိုက်မလား"
ရွှေသစ်က ပါးစပ်ဖြင့်သာ ရန်တွေ့ငြား၊ ကျီးဒန်က သူ့ဓားဖြင့် သူ့ကို ၀င်ထိုးသည်။
"ကျီးဒန် ငါ့နှမ မှားမယ်"
"သူ့အမှားက ကိုယ့်အမှားဖြစ်မယ်၊ မလုပ်နဲ့"
ကောက်ညှစ်စပါး ရိတ်သူများနှင့် မြက်ရိတ်သမားများမှာ ကျီးဒန်ကို မစောင့်ရှောက်ရဘဲ ငကြွက် အား စောင့်ရှောက် ကာကွယ်နေကြရ၏။ သို့သော် မယ်သုန်နှင့် မိဖော့ ရောက်လာသောအခါ ထမင်း ထုပ်တွေ ကို သုတ်ခနဲ ချထားပြီး ငကြွက်ကို ၀င်ရိုက်ကြတော့သည်။

တိတ်ဆိတ်ငြိမ်သက်နေမြဲ မြောင်းပေါင်မှာ လူများဖြင့် စည်ကားသည်။ "ကျီးဒန်ကို ငကြွက်က ဓားနဲ့ ထောက်ပြီး လှည်းတင်လို့တဲ့" ဟူသည့် သတင်းသည် သရက်ချင်ကွင်းအတွင်းရှိ လယ်ပွဲများသို့ တစ်ခဏချင်း ပျံ့နှံ့သွားသည်။ သရက်ချင်းကွင်းမှတစ်ဆင့် ရေကြည်ကွင်းသို့။ ထိုမှ တစ်ဆင့် ရွာများသို့။
မြောက်ဖျား ရှိ လယ်ထဲသို့ ရောက်နေသော ဆေးရိုးထံသို့ ထိုသတင်း ရောက်သွားချိန်ဝယ် မြောင်းပေါင် ပေး၌ လူရှင်းနေပြီ။ ဖြစ်တောင့်ဖြစ်ခဲအမှုဖို့ ရွာတိုင်းတွင် အုတ်အော်သောင်းတင်း ဖြစ် သည်။

ဦးကြွက်နီသည် သူ့သမီး၏ သတင်းကိုကြားလျှင် ကြားချင်း အိမ်သို့ ပြန်လာသည်။ မျက်ရည် မခြောက်သေးသော သားအမိကို ပုဏ္ဏားကွယ်၌ တွေ့သည်။
"သမီး ဘာဖြစ်သေးလဲ"
"ဘာမှမဖြစ်ပါဘူး အဖေ"
"တော့်သမီးကို ဓားမြှောင်နဲ့အချိန်မှာ တော့်သမီးက ဓားမြှောင်ကို ၀င်လုတော့ ဘာလုပ်နိုင်မှာတုံး၊ ရွှေသစ်နဲ့ မိဖော့ မယ်သုန်တို့က ပုစွန်ကျစ်စာခဲနဲ့ ထု၊ ဆံပင်ဆွဲ ပါးရိုက်သတဲ့"

ဒေါ်ရွှေအိမ်က ရှင်းပြသဖြင့် ဦးကြွက်နီမှာ စိတ်သက်သာရာ ရသွား၏။ သို့ရာတွင် ဦးကြွက်နီမှာ "ရပ်တည်း" ချမနေနိုင်သေး။ သူကြီး၏ "ထိတ်တုံး"ထဲ ရောက်နေသော ငကြွက်ကို ရွေးနုတ်ရဦး မည်။ ငကြွက် မှာ ဒေါ်ရွှေအိမ်၏ မောင်မှစပ်သော ယောက်မနှင့် မောင်တစ်ဝမ်းကွဲ ဖြစ်နေသည်။ ခေတ်ကာလ မှာ အမျိုးသမီးငယ်များ အနေအထိုင် သန့်ပြန့်ချိန် ဟီရိသြတ္တပ္ပ တရား အားကြီးချိန်ဖြစ် ရကား သည်မျှသာ မထိပါး မရိပွန်းသောအကြောင်းကို ကြုံရငြား ကျီးဒန်မှာ သတင်း ပုပ်ရပြီ။ သို့ကြောင့် ဒေါ်ရွှေအိမ်မှာ သမီးနှင့် ထပ်တူ မျက်ရည်နှင့် မျက်ခွက် မစဲတော့ချေ။

ငထွန်းကားသည် သည်သတင်းကိုကြားလျှင်ကြားချင်း ညီကို လိုက်လံရှာဖွေသည်။ လယ်ပြင်၌ မတွေ့၊ လယ်ပြင်လမ်းမ၌ မတွေ့၊ ယာထဲ၌ မတွေ့။ တွေ့မည့်တွေ့တော့ အိမ်မှာ။ နှမ မယ်မျှင်က အိမ်အတက်အဆင်းကို ပိတ်ပြီး ထိုင်နေသည်။ ဆေးရိုးဘေးတွင် အဖေ။ အဖေးဘေးတွင် ငှက်ကြီး တောင်ဓား။

"အမေကော မယ်မျှင်"
"မကြီးကျီးဒန်တို့အိမ် သွားပါ့ကော"
သည်မျှဖြင့် ငထွန်းကား စိတ်ချသွားပြီ။ သူ့ညီ ဆေးရိုးကို အဖေ ထိန်းထားနိုင်လျှင် လုံလောက်ပြီ။ အရက်နံ့ ရလျှင် အဖေ့ဒေါသ ကျယ်ဝန်းလာမည် စိုးရိမ်သောကြောင့် ဦးကြွက်နီတို့ အိမ်ဘက်သို့ လျှောက်ခဲ့သည်။
နွားတင်းကုပ်ထဲ၌ ကျီးဒန် နွားစာစဉ်းနေသည်။ အိမ်ပေါ်တွင် အမေ့ကျောပြင်တစ်ခြမ်းကို မြင်ရ သည်။ ဒေါ်ရွှေအိမ် ကား လမ်းဘက်သို့ မျက်နှာပြုထားငြား လက်တကားကား ပြောနေသော ဒေါ်ကြွယ်စိုး၏ အပြော ၌ အာရုံစိုက်နေရသောကြောင့် ငထွန်းကားကို မမြင်။

"ငါ့သမီးလေး အပျိုလုပ်ရတာ မ၀သေးဘူး။ ၀အောင်လုပ်ပါစေ အလိုလိုက်ထားမိတာတောင် ကောင်မရေ့၊ ဆယ်သုံး လေးငါးနှစ်သမီး အပျံသင်စတုန်းက ဘာမျှမဖြစ်ခဲ့ဘဲ အပျိုကြီးဖားဖား ၁၈နှစ်သမီးကျမှ လူပြောခံစရာ ဖြစ်တော့တာပဲ ကောင်မရဲ့"
"ငါကတော့ ငကြွက်ကိုတောင် ကျေးဇူးတင်သေး"
ဒေါ်ရွှေအိမ်၏ အလွမ်းမျက်ရည်များမှာ ဒေါ်ကြွယ်စိုး၏ ကတိအောက်စကားကြောင့် ပြန်ဝင်ရ အခက်၊ ဆက်ထွက်ရအခက် ဖြစ်သွားကာ မျက်စောင်းသာထိုးနိုင်သည်။

"ကောင်မ၊ မထော်မလန်း တော်တော်ပြော"
"မထော်မလန်း မဟုတ်ဘူးဟဲ့၊ သည်အတိုင်းသွားနေရင် အသက်၂၀ပြည့်တောင် ညည့်ကို ပြောလို့ ရမှာ မဟုတ်ဘူး၊ အခုတော့ ညည်း မငြင်းနိုင်တော့ဘူးလေ၊ ၀မ်းသာလိုက်တာ။ ညည်းနဲ့ ငါနဲ့ ခမည်း ခမက် တော်ရ တော့မယ်"
"ညည်းက ၀မ်းသာနေ၊ ညည်းသားကတော့ ငါ့သမီးကို သတီပါ့ဦးမလား"
"မသတီ ရအောင် ငါ့ချွေးမ ကျီးဒန်က ဘာဖြစ်နေလို့နေတုံးဟဲ့"

"ကောင်မ ညည်း မသိသေးဘူးနော်၊ သူတို့ကသာ မကောင်းတဲ့အိမ်တွေကို သွားလိုသွားပေမဲ့ သူတို့ယူတဲ့မိန်းမကျတော့ အပျိုစစ်မှ သဘောကျတော်မူကြတာဟဲ"
ဒေါ်ကြွယ်စိုးသည် "သိပါ့တော် သိပါ့တော်"ဆိုလျက် ခေါင်းကို ဘယ်ညာယိမ်းရာက ဒေါ်ရွှေအိမ်၏ ဒူးကို ပုတ်၏။
"သည်ကို ငါထွက်လာတော့ အိမ်မှာ ဘာဖြစ်ကျန်ခဲ့တယ်မှတ်လဲ"

"ဘာဖြစ်လို့တုံး"
နဝေတိမ်တောင် အမေး။
"ညည်းသမက်လေ၊ အိမ်ပေါ်ပြေးတက်လာပြီး သူ့အဖေ အိပ်ရာဘေးက ငှက်ကြီးတောင်ဓားကို ၀င်ဆွဲ တယ်။ ဘာဖြစ်တာတုံး မေးလဲ မပြောဘူးအေ။ သတ်မတ် သတ်မယ် အော်နေလို့ သူ့အဖေက ကုပ်ကို နှိမ့်၊ သူ့နှမက လှေကားအဆင်းမှာ ပိတ်ထိုင်ထားတယ်လေ။

ငါလည်း တံခါးတွေ လျှောက်ပိတ်ပြီး အရိပ်အခြည်ကြည့်တော့ မောင်မင်းကြီးသား ငြိမ်နေတာ မြင်တာနဲ့ ပြေးလာခဲ့တာ"
ဒေါ်ရွှေအိမ် ဟင်းချ၏။
"ဟင်းမချမနေနဲ့အေ့၊ စပါးမရိတ်ခင် ပေးစားလိုက်ရအောင်"
"မမြန်လွန်းဘူးလား သူငယ်ချင်းရာ။ တလင်းတက်အောင်တော့ ဆိုင်းပါဦးအေ"
"ငါ့ချွေးမကို ငါ့တလင်းထဲမှ စပါးနယ်တာ မြင်ချင်လို့ပါအေ"

ဤသို့လျှင် ဒေါ်ကြွယ်စိုး နားပူနားဆာတိုက်သော်ငြား "သူ့အဖေကို ပြောရဦးမှာဟဲ့" ဆိုလာချိန်ဝယ် ထမင်းဆာသူ ရေငတ်သူအဖြစ် ဆက်လက်မဖြစ်နိုင်တော့ပေ။ စင်စစ်အားဖြင့် ဦးကြွက်နီသည် သူ့သမီးနှင့် ဆေးရိုး တို့ နောက်ပြောင်ကျီစယ်နေသည်ကိုလည်း ကြား၏။ အရွယ်ပြောင်းလာချိန်၌ အကြည့်ရာ လေသံ ပါ ပြောင်းလာသည်ကိုလည်း သတိထားမိ၏။ ကောက်လှိုင်းတိုက်ရာ စပါး ယက်ရာတွင် လူစလူန ကို သိပြီး ဖြစ်သည်။

အမြင်မတော်၍ ထွန်သန်ဝင်တပ်သွား၊ ကြိုးဝင်ကျစ်ပေး သွား၊ နှုတ်သီးစွပ် ၀င်ယ်ပေးသွားသောကြောင့် လက်ကြောတင်းသူအဖြစ် သိမှတ်ထားပြီး ဖြစ်၏။
ဦးကြွက်နီ ခေါင်းညိတ်သော်ငြား ဒေါ်ကြွယ်စိုး၏ အလိုကျ ဖုတ်ပူ မီးတိုက်ကား ဖြစ်မလာပါ။ နှစ်ဦး နှစ်ဖက်လုံး ငွေပေါ်ချိန်ဖြစ်သော တလင်းတက်ချိန်သာ အတည် ဖြစ်သွားတော့သည်။
ပီပီပြင်ပြင် တလင်းမတက်သေး။

ကြယ်နီကြီးနှင့် အပြိုင်ထပြီး ငွေနှင်းမှုန်အောက်တွင် တေးဟစ် သူတို့ ဟစ်နေဆဲအချိန်တွင် ကျီးဒန်နှင် ဆေးရိုးတို့၏ မင်္ဂလာဆောင်ရက်ကို သတ်မှတ်သည်။ ပီပီပြင်ပြင်တလင်းတက်ချိန်တွင် တလင်းထဲတွင် စပါးအမှော်နှင့် ကောက်ရိုးပုံသာ ကျန်ခဲ့ချိန် ဖြစ်၏။ ထိုအချိန်တွင် ပြည်၂၀၀င် တင်းတောင်းကြီးတွေဖြင့် မြန်မာမြေပိုင်ရှင်တွေ၊ ချစ်တီးတွေ ရောက်လာကြတော့၏။ မြန်မာမြေ ပိုင်ရှင်ကား မြန်မာချင်းမို့ မဆိုစလောက် ပြောဆို၍ ရသေးသော်ငြား ချစ်တီးကား အမေမှာသည့် ဆန်တစ်ခွဲကို သုံးစိတ်နှင့် မလဲလှယ်သူတွေ ဖြစ်သည်။

စာချုပ်ကြီးတဖြန့်ဖြန့်ဖြင့် ကောက်ပြန့်ဆန်ကော ထွန်တုံး ထွန်သန်ကို သိမ်းသည်။ ကောက်ရိုးပုံကို သိမ်းသည်။ ထို့နောက် နွား။ နွားကို ထိသောအခါ လယ်သမားက မခံတော့ပေ။ နဖူးတွင် ထုံးသုံး ချက်တားကာ ပိတ်ဖြူဝတ်ထားသော ချစ်တီး၏ နောက်တွင် သေနတ်တကားကားဖြင့် ဟန်ရေး ပြနေသော ပုလိပ် ကိုလည်း အရေးမလုပ်တော့ပါ။ ကိုင်းခုတ်သမားသည် ချစ်တီးခုတ်သောဓား၊ ပုလိပ်ခုတ်သော ဓားအဖြစ်သို့ ပြောင်းရွေ့သွားလေ၏။ သွေးသံတရဲရဲ၊ မျက်ရည် တရွှဲရွှဲအနိဋ္ဌာရုံကဲ နေသော တလင်းတက် ချိန် ပီပီပြင်ပြင်တွင် မည်သို့လျှင် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲ၍ ကောင်းပါ မည်နည်း။
"အိမ်နီးချင်း တို့ရေ ညှော်ကြမယ်နော်"

ညှော်ဟစ်သူ၏ မီးဖိုကို သွားကြည့်လျှင် ငရုတ်သီးတောင့်ကို သီတံထိုးပြီး မီးကင်နေသည်ကို တွေ့ ရမည်။ ငါးပိကို စလောင်းတွင် ကပ်ပြီး မီးကျီးခဲဘေး၌ ထောင်ထားသည်ကို မြင်ရမည်။ သည်ထက် ပီပြင်လျှင်ကား အမဲခြောက်ကို ပြာပူ "အုံး" ထားလိမ့်မည်။

ရမ်းဘိုကုန်းကား မိမိကြောင့် သူတစ်ပါးအား အနှောင့်အယှက် မဖြစ်အောင် သတိထားသော တောရွာ။ ရွာထဲတွင် တစ်စုံတစ်ယောက် အိပ်ရာထဲ၌ လဲနေပြီကြားလျှင် ဆွေဆွေမျိုးမျိုး စိမ်းစိမ်း ကျက်ကျက် အမျိုးသမီး တွေ သနပ်ခါးမလိမ်း၊ ပန်းမပန် သွားပေါ်အောင် မပြုံးကြပြီ။ ရမ်းဘိုကုန်း ကား ဤသို့လျှင် ယဉ်ကျေးလွန်း သော ပစ္စန္တရာဇ်။

သို့ဖြစ်သောကြောင့် သူတစ်ပါး ငိုကြွေးနေချိန်၊ တစ်ဆွေလုံး တစ်မျိုးလုံး လင်းတမှိုင် မှိုင်နေကြရချိန် တွင် ကြွပါ ထိုင်ပါ၊ စားပါ သောက်ပါ၊ ရယ်ကာမောကာလုပ်ရမည့်ပွဲကို ဆင်နွှဲရလျှင် မသတီစရာ။ မျက်နှာပြောင် တိုက်ရာကျသည်။ သို့သော် နောက်တစ်နေ့နံနက်တွင် မောင်ဆေးရိုးနှင့် မကျီးဒန်တို့ မင်္ဂလာမဆောင်ကြရပါ။ အကြောင်းသော်ကား ရွာထဲတွင် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားသောကြောင့် ပေတည်း။

ဓားပြမှုပေါ်ပေါက်သောညက မိကျီးဒန်တို့အိမ်သို့ မောင်ဆေးရိုး ရောက်လာသည်။ နောက်တစ်နေ့ နံနက် တွင် ကျွေးမွေးရန်အတွက် ဟင်းချက်နေသူများထံသို့ ရောက်သွားသည်။ မီးအပူခံနိုင်စေရန် ဟူသော အကြောင်းပြချက်ဖြင့် ၀ိုင်းဖွဲ့နေသော အရက်ဝိုင်းကို ငုံ့အကြည့်တွင် အရက်ခွက်က မျက်နှာနား ရောက်လာ သည်။
မောင်ဆေးရိုး အိမ်ပေါ်သို့ ချက်ချင်းရောက်လာသည်။

"ဟဲ့ ဆေးရိုး ရက်လွဲနေပါပြီကော"
"နင့်ဟာက မလွန်လွန်းဘူးလား၊ နက်ဖြန်မှ လာရမှာဟဲ့"
ကန်တော့ပွဲ ပြင်နေသော၊ ပန်းသီနေသော အမျိုးသမီးများက သရော်ကြသည်။
"ကိုယ်ချင်းစာတယ်ဗျို့"
ပန်းကန် ခွက်ယောက်များ စာရင်းပြုစုနေသော ကာလသားများကလည်း  သရော်ကြသည်။
"လိုတာများ ဘာရှိမလဲ၊ လာကြည့်တာပါ။

မောင်ဆေးရိုးသည် ခေါင်းအုံးတွေကို ရယ်ကျဲကျဲဖြင့် ပုတ်သည်။ ထောင်ထားသော သင်ဖျူးလိပ်ကို ပြင်လိပ်သည်။ မဖြန်င့်္ရသေးသော ကန့်လန့် ကာလိပ်တွေကို ရေတွက်ကြည့်သည်။ ထိုသို့ လုပ်ရင်း က ဗဟီး ဗယား ဖြင့် ကာလသားဝိုင်းဘေးသို့ ရောက်လာသည်။

"သွားစမ်း လူအိုစော် နံတယ်"
မောင်ဆေးရိုသည် ရယ်မောရင်း "ဓာတ်မီးအလင်းရောင်" မကျရောက်သည့် မှောင်ရိပ်တွင် အရှက် ပြေ ၀င်ထိုင်သည်။ ခုနက သတိမထားမိသော ဒေါ်ရွှေအိမ်နှင့် ဒေါ်ကြွယ်စိုးတို့ ကွမ်းသီး "စိတ်" နေကြသည်။ သူတို့ ဘေးတွင် ကလေးတစ်သိုက်။
"တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အကျိုး၊ ရော့ဆယ်စေ့"

ထိုကလေးဝိုင်းသို့ မောင်ဆေးရိုး ချဉ်းကပ်လာသည်။ မန်ကျည်းစေ့ဖြင့် စုံ မ ၀ှက်တမ်း ကစားနေကြ ခြင်းပါတကား။
"ငါလည်း ပါမယ်ကွာ"
"သူ့လည်း မန်ကျည်းစေ့ မရှိဘဲနဲ့
နှုတ်ခမ်းစူပြီး မျက်စောင်းထိုးသောကလေးသည် လက်သီး ဆုပ်ကို ဖျာပေါ်သို့ ချလိုက်၏။
"စုံ အေ"
"မ အေ"

စုံဆိုသူ သုံးယောက်၊ မဆိုသူ နှစ်ယောက်။ သူတို့အသီးသီး ရှေ့တွင် မန်ကျည်းစေ့တွေ ပုံထား၏။ လူစုံလျှင် စုံချင်း ၀ှက်သူက လက်ဆုပ်ကို ဖြေလိုက်၏။ မန်ကျည်းစေ့တွင် များပြားသည့်အတွက် တစ်ပြူး၊ တစ်လံ ဆိုတာ ၂စေ့စီချပြီး ရေတွက်ရာ တစ်စေ့ပိုနေ၏။
"မ မ ငါ့ကို ဆယ်စေ့လျော်"

ဒိန်းခနဲ ကျယ်လောင်သော အသံကြီးတစ်သံ မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။ တစ်ယောက် တစ်ပေါက်သံများဖြင့် ညံစည်နေခဲ့သော မင်္ဂလာဆောင်အိမ်မှ တိတ်ဆိတ်သွားသည်။ တစ်ယောက် ကို တစ်ယောက် မျက်လုံးပြူလျက် ကြည့်နေကြသည်။

"ဟေ့ မဆိုင်သူ မကပ်နဲ့၊ နင်တို့ မယားတွေ မုဆိုးမ ဖြစ်ကုန်မယ်နော်"
"ဟာ ဓားပြပါကလား"
မောင်ဆေးရိုး ခုန်ထသည်။
"ကိုရင် ကိုရင်"
မင်္ဂလာဆောင်၍ မပြီးမချင်း လူမြင်ခံလေ့မရှိသော သတို့သမီးသည် အခန်းထဲ မှ ပြေးထွက်လာ၏။ လှေကားထိပ် သို့ ဦးတည်ပြေးသွားသော မောင်ဆေးရိုးကို ပြေးဖက်၏။

"သူတို့မှာ သေနတ်ပါတယ်၊ ကိုရင် မသွားရဘူး"
"သေနတ်ပါတော့ ဘာဖြစ်တုံး၊ မှောင်ထဲက ၀ိုင်းပြီး "နှစ်ဖက်ချွန်"နဲ့ ပစ်၊ "လောက်လေး"နဲ့ ထု"
ချစ်စ ခင်စ ဇနီးလောင်းဖြစ်ငြား မောင်ဆေးရိုး တွန်းပစ်သည်။ ခါးကို ဖက်ထးသော လက်ပြုတ်သွား သော်ငြား ကျီးဒန်သည် "အရီးတို့ အမေတို့ ကြည့်နေကြတော့မှာလား" အော်ဟစ်ပြီး အကူအညီ တောင်းသည်။ ချက်ချင်း ဒေါ်ကြွယ်စိုး ကပ်လာသည်။
"လူလေး အမေ့စကားနားထောင်စမ်း၊ လာ ထိုင်နေ"

"ဟုတ်ကဲ့ အမေ"
မောင်ဆေးရိုးသည် အမေဆွဲခေါ်ရာသို့ အသာတာကည်ပါလာသည်။ ရွာထဲတွင် ပြေးလွှား အော်ဟ်သံများ ဆူညံနေသည်။
ရွာခေါင်းအိမ်မှ မောင်းထုံသံ နှစ်ချက်သာ ထွက်ပေါ်လာပြီး ပျောက်သွား၏။
"ဦးဘမှန်အိမ်ကို ဓားပြတိုက်တာတဲ့"
"မဆိုင်သူ မကပ်နဲ့ဟေ့၊ မုဆိုးမ မဖြစ်ချင်ရင် ကိုယ့်လင် ကိုယ်ဆွဲထားကြပါတော့လား"

ဓားပြသည် ထပ်မံပြီး သေနတ်သံ မပေးငြား အော်ဟစ် ကြိမ်းမောင်းနေသည်။ သို့စဉ်တွင် မီးတုတ် တယမ်းယမ်းဖြင့်
"တစ်အိမ် တစ်ယောက်၊ တစ်အိမ်တစ်ယောက် နှစ်ဖက်ချွန်၊ ကျောက်ခဲအိတ်တွေ လွယ်ပြီး ထွက်ကြ ဟေ့၊ ရေနံကွင်း တစ်ကွင်းစီ မီးညှိခဲ့ကြ"

ရွာခေါင်းများ၏ ဆော်သြသံများ ပေါ်လာ၏။ သို့ရာတွင် တစ်ရွာလုံး တုတ်တုတ်မျှမလှုပ်။ မောင်ဆေးရိုး သည် ထွန်းညှိထားသော ဓာတ်မီးအိုးရှိ လေပေါက်ကို ဖွင့်လိုက်သည်။ ရှူးခနဲအသံနှင့် အတူ မင်္ဂလာဆောင် အိမ်တစ်အိမ်လုံး မှောင်ကြီးကျသွားသည်။

"ဟဲ့ လူလေး"
"ကိုရင် ကိုရင်"
ခေါ်သံ အော်သံများကို လျစ်လျူရှုလျက် မောင်ဆေးရိုး ပြေးလာသည်။ မြတ်သာကျော်သည် ခြံဝ တွင် မှောင်ရိပ်ခိုလျက် ရပ်နေသည်။
"ဘာလုပ်မလို့တုံး"
"ဘာလုပ်ရမှာတုံး၊ ကိုယ့်ရွာကို တိုက်နေတဲ့ ဓားပြကို သည်အတိုင်း ထိုင်ကြည့်နေရမှာလား။ သွား ကွာ၊ ကျောက်ခဲအိတ် နှစ်ဖက်ချွန်အိတ်တွေနဲ့ ငါ့ဖို့ ဓားတစ်ချောင်းပါ ယူခဲ့"

"ဓားပြမှာ သေနတ်ပါတယ်ဟ ဆေးရိုးရ"
"သေနတ်ပါတော့ ဘာဖြစ်သတုံး၊ အဲသည်သေနတ်ဟာ သေနတ်အစစ်လား၊ လုပ်သေနတ်လား၊ ယမ်းတောင့်ကကော တစ်တောင့်အပြင် နှစ်တောင့်ပါရဲ့လား။ ခုနကကြားလိုက်တဲ့အသံဟာ ပေထုပ် (ဗြောက်အိုး) ဖောက်သံ မဖြစ်နိုင်ဘူးလား"
ပြောလည်းပြော ကျောကိုလည်း တွန်းသည့်အတွက် မြတ်သာကျော်သည် ဂုံနီအိတ်ဖြင့် ချုပ်ထား သော အိတ်များ ကို လွယ်လာသည်။ ဓားမချောင်းလည်း ပါလာသည်။

မောင်ဆေးရိုးသည် ကျောက်ခဲအိတ်ကို လွယ်သည်။ ဓားမကို လှမ်းယူရာက မြတ်သာကျော်၏ လက်ကိုပါ ဆွဲသည်။
"ဟေ့ကောင် အရမ်းသွားမလုပ်နဲပနော်"
"ဟေ့ ဘယ်သူတွေလဲ"
"ဟာ ငပု၊ တို့အသံမှ မမှတ်မိဘူးလားကွ"
ရွာလမ်း၏ တစ်ဖက်ရှိ ရွာခရိုးဘေးမှ မည်းမည်းအရိပ်များ လှုပ်ရှားလာသည်။ ငပုနှင့် ထွန်းအံ့၊ ဘရွှေတို့ ဖြစ်သည်။

"မင်းတို့နှစ်ယောက် ဘာလုပ်ကြမလို့တုံး"
ဘရွှေ၏အသံက တုန်တုန်ယင်ယင်။
"မင့်ဖေကလွှား ကိုယ့်ရွာကို တိုက်ခိုက်နေတဲ့ ဓားပြကို ရေပူ ရေချမ်း ကမ်းလှမ်းရအောင် သွားပါ့ မလားဟ၊ ပစ်မယ်ခတ်မယ်၊ ဓားနဲ့ ခုတ်မယ်။ လာ သွားကြစို့၊ သြော် ဟေ့ မီးကွင်းတွေပါ ယူခဲ့ဟေ့"
"မင်းသား လူစွမ်းကောင်း သွားလုပ်၊ ငါတို့ မလိုက်ဘူး။ ဘယ့်နှယ်ဗျာ၊ အဝေးကြီးက လှမ်းပစ်လို့ရ တဲ့ သေနတ်ပါမှန်းသိလျက်နဲ့
ငပုတို့သတ္တိ ယခုမှ ပေါ်တော့သည်။

"သြ ငပုရာ၊ အရမ်းသွားပါ့မလားကွ။ မှောင်ထဲက ချောင်းကြည့်မယ်။ တဖြည်းဖြည်း မှောင်ရိပ်ခိုပြီး အနားကပ်သွားမယ်။ အနားကပ်ပြီး ဘွားခနဲ ပေါ်လာပြီး ဓားနဲ့ပိုင်းတော့ မင့်သေနတ် ဘာလုပ်နိုင် မှာတုံး"
"ငါတော့ သူရဲဘောကြောင်တယ်ပြောပြော၊ မလိုက်ရဲဘူးဟေ့။ မတော်လို့ သူက ဦးသွားရင် ကိုယ်သေမှာ။ ကိုယ်က ဦးသွားလို့ သူ သေပါပြီတဲ့၊ ဘာရမှာတုံး ကဲ"

ထွန်းအံ့ကလည်း ခြောက်ကပ်ကပ်အသံကြီးဖြင့် ဇာတိပြသည်။ မောင်ဆေးရိုး ဆဲရေးတိုင်းထွာမိပြီ။
"ဓားပြကို ဘာမျှမလုပ်ဘဲ ထိုင်ကြည့်နေကြရင် အလကားရွာပါကွာ၊ ရမ်းဘိုကုန်းဟာ မုဆိုးမရွာကွ၊ ယောက်ျားတစ်ယောက်မှ မရှိဘူးလို့ အထင်သေးစကားနဲ့ စော်ကားမယ်။ အိုကွာ၊ အခုကိုပဲ စော်ကားနေပါပြီ။ ရမ်းဘိုကုန်းရွာသားတစ်ယောက်ကို စော်ကားတာဟာ တစ်ရွာလုံးကို စော်ကား တာနဲ့ အတူတူပဲ"
"ဒါ မှန်တယ်"

ဘရွှေ၏ စကားကြောင့် ဆေးရိုး အားတက်သည်။
"ရမ်းဘိုကုန်းကို သွားမစမ်းနဲ့ ဆိုတဲ့စိတ် ၀င်သွားအောင် လုပ်လွှတ်ရမယ်။ နို့မို့ရင် ထစ်ခနဲရှိ ဖဲဝိုင်းမှာ ဖဲရှုံးရင် ရမ်းဘိုကုန်း ကို လာပြီး ဓားပြတိုက်၊ ကြက်ပွဲမှာရှုံးရင် ရမ်းဘိုကုန်းကို လာပြီး ဓားပြတိုက်နဲ့ ဓားပြ တွေရဲ့ မိန်းမရွှင်အိမ်ဖြစ်ရော"
ရှေ့ဆီမှ အသံအုပ်လျက် "ငခွေးတို့၊ ဘရွှေတို့၊ ဆေးရိုးတိုပ၊ ထွန်းအံ့တို့" ဟု ခပ်အုပ်အုပ်ခေါ်သံ ပေါ်လာသည်။ လူနှစ်ယောက် ဖြစ်သည်။ အပေါ်ပိုင်း မလင်းကျင်းငြား သူတို့ရှေ့မြေပြင်ပေါ်မှာ လင်းနေ သည်။

ဆက်ရန်
.

2 comments:

Anonymous said...

နောက်တစ်ပိုင်း မြန်မြန်တင်ပေးပါဗ်ျိုး....


sdl

Yu said...

thx for uploading ma shwe zin u. looking forward to read next part. :-)