Tuesday, August 17, 2010

ကြယ်နီ အပိုင်း (၃၆)

လင်းလုပါပြီ
ကြယ်နီ

မိုးကာ တစိမ့်စိမ့်နှင့် မစဲအောင်ရွာသွန်းနေ၏။
ဓနုဖြူမြို့ ခင်မကန်ကျောင်း ပရိဝုဏ်အတွင်းရှိ ကျောင်းတိုက်တစ်တိုက်၏ နံဘေးအုတ်ခုံ သံမံတလင်း ပေါ်တွင် ခင်ထားသော ဂုန်နီထက်၌ ထိုင်ရင်းကိုသံချောင်းသည် ဘယ်အချိန်ရှိပြီကို သိချင်နေ၏။ မိုးစိမ့်စိမ့် မို့ အေးရသည့်အထံတွင် သံမံတလင်း၏ အထိအတွေ့မှာလည်း မခံရပ်နိုင်အောင် အေးလှပါ၏။ ကျောင်းတိုက် ၏ နံဘေး၌ ဖြစ်သော်လည်း ကျောင်းမှာ လေးဖက်ပတ်လည်ချထား၍ အပေါ်မှ သွပ်မိုးနှင့် ဖြစ် သဖြင့် မိုးယိုခြင်း၊ ပက်ခြင်းတော့ မရှိပါ။ သို့သော်အမြံတမ်း အေးစိမ့်နေသော သံမံတလင်းပေါ်၌ အစဉ် သဖြင့် နေထိုင်အိပ်စက်ရခြင်းကတော့ ကျန်းမာရေးကို ပျက်ပြားစေသည်ဖြစ်၍ မသင့်လျော်လှပါ။

မသင့်လျော်လို့ကော သာကဘာတတ်နိုင်မှာတဲ့လဲ။ သူလိုတောမှာအိုးအိပ် စည်းစိမ်ကို စွန့်ပစ်ခဲ့ရပြီး မြို့ကို လက်လွတ် ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည် တစ်ဦးအဖို့  သည်လိုနေရာမျိုးမှာနေရသည်ပင် ကံကောင်း ထောက်မ လို့ဟု ဆိုရပေမည် မဟုတ်လား…..။

ဦးပဉ္စင်းတစ်ပါးသည ကျောင်းတံခါးဝမှ ပြူထွက်လာ၏။ သူက ဦးပဉ္စင်းအား ‘ဘယ်နှနာရီ ထိုးပြီလဲ ဘုရား‘ ဟု လှမ်းမေး လိုက်ရာ၊ ဦးပဉ္စင်းသည် ကျောင်းထဲသို့က အတန်ကြာအောင် လှည့်ပြီးနောက် ‘၅နာရီထိုးပြီ‘ ဟုဖြေကြား လိုက်၏။

၅နာရီထိုးပြီတဲ့။ သူ့ရင်တွင်း၌ ပဲ့တင့်သံက ဟိန်းနေ၏။ ၅နာရီထိုးပြီ၊ ၅နာရီထိုးပြီ။ ဟိန်းနေသော ပဲ့တင်သံ၏ နောက်ဆက်တွဲ ကတော့တဒိတ်ဒိတ် ခုန်နေသော ရင်ခုန်သံ။ အမှန်ကတော့ ကျောင်းတက်ချိန် နောက်ကျ နေသဖြင့် ဆရာ၏ အရိုက်အနှက် ခံရမည်ကို တွေး၍ စိုးရွံနေသော ကျောင်းသားကလေး၏ ရန်ခုန်သ့မျိုး….။
‘ထမင်းက ခုထိ မနပ်သေးဘူးလားဟ….‘

သူသည် ထမင်းချက်နေသော ဇနီးသည်အား အသံမာမာနှင့် လှမ်းမေးလိုက်၏။ ၅နာရီထိုးပြီး ဖြစ်ပါလျက် ကင်းစခန်းသို့ မသွားနိုင်သေးခြင်းမှာ ထမင်းမစားရသေး၍ဖြစ်ရာ၊ ထမင်းချက် နောက်ကျသော ဇနီးသည် အား အလိုလို စိတ်တိုနေမိ၏။ သို့သော်ဘာကြောင့် ထမင်းချက်နောက်ကျရသည်ဆိုတာကို သိပြီးဖြစ်နေ သဖြင့် ဆက်လက်၍ စိတ်မဆိုးသာဘဲ ဖြစ်ရပြန်၏။
ချက်စရာ ဆန်မရှိသဖြင့် တစ်ညလုံး သူ့ဇနီးသည် ယော်ယက်ခတ်ပြေးလွှားကာ ဆန်ရရှိရေးကို လုံးပန်းပါ၏။ သို့သော် ဘယ်ကမှ မရရှိခဲ့။ ညနေလေးနာရီတွင် ကင်းခေါင်းက သူ့အားကင်းငှားစောင့်ခ ငွေတ်စကျပ်ကို ပေးသွား၏။ သဘောမှာ မြို့ထဲရှိ ချောင်လည်သော အိမ်သို့ ကင်းလှည့်ကျရာ၊ ထိုသူများက မစောင့်လိုသဖြင့် ဆယ်အိမ်မှူး အား ငွေတစ်ကျပ်ပေး၍ လူငှားစေရာ ဆယ်အိမ်မှူးကမှ တစ်ဖန် သူ့အားအသပြာ တစ်ကျပ် ပေး၍ အငှားစောင့်ခိုင်းခြင်း ဖြစ်သည်။

သည်တစ်ကျပ်ဖြင့် ဆန်ကွဲနှစ်ပြည် ၀ယ်၍ ယနေ့ညစာအတွက် ဆန်ကွဲလေးလုံး ချက်ရသည်။ ဆန်နှင့် သူတို့ ခွဲခွာရေး လုပ်ထားသည်မှာ ကြာပြီ။ ဆန်ဈေးမှာ ငစိန်ဆန် တစ်ပြည်လျှင် ရှစ်ပဲဖြစ်နေ၍၊ ဆန်ကွဲမှာမူ ငါးပဲဖြစ်သဖြင့်‘‘မတတ်သာ ခပ်ခွာခွာ နေကြာဦးစို့ရဲ့၊ မုန်းလို့ဟုတ်ဘူး‘‘ ဆိုသကဲ့သို့ ဆန်ကို ခွဲခွာရေးလုပ်ကာ ဆန်ကွဲ ကို မိတ်ဖွဲ့ရရှာခြင်း ဖြစ်သည်။ အလျင်တုန်းကတော့ သူတို့မွေးမြူထားသော ၀က်များကို ကျိုခက်၍ ကျွေးသည့် ၀တ်စာအဖြစ်သာ သည်ဆန်ကွဲကို သူတို့ အသုံးပြူကြသည်။ အခုတော့ သူတို့ကိုယ်တိုင် စားနေ ရပြီ။ ဒါတောင်မှ တစ်ခါတစ်ရံ အလျဉ်မမီနိုင်။

ဒါကြောင့်သူ့ဇနီး ထမင်းချက် နောက်ကျသည်ကို သူ့မှာ စိတ်မဆိုးသာအောင် ဖြစ်ရသည်။ ငွေတစ်ကျပ်ကို ညနေ လေးနာရီထိုးမှ ရရှိသည်ဖြစ်ရာ သူ့ဇနီးသည် သူကင်းစောင့်အချိန်မီ သွားနိုင်ရန်အတွက် ဆန်ကွဲကို အမြန်ပင် ပြေးဝယ်၍ အမြန်ပင် ချက်ပါ၏။ သို့သော် ထင်းမှစ၍ အစစအရာရာ အဆင်သင့် ရှိသူများ မဟုတ် သဖြင့် မြန်သင့်သလောက် မမြန်နိုင်ဘဲ၊ ယခုညနေ၅နာရီ ထိုးသည်တိုင် ထမင်းမနပ်နိုင်သည်။

အတော်လေး ကြာသောအခါ သူ့ဇနီးသည် မီးလောင်သံပန်ကန်ပြားတစ်ချုပ်ထဲတွင် ဆန်ကွဲထမင်းကို ခူးထည့် ၍ တစ်ပဲဖိုးဝယ်လျှင် တစ်ပြုံတစ်ခေါင်းကြီးရသော ပဲနီလေးပြုတ်ကို အပေါ်မှအုပ်ကာ ဆား အနည်းငယ် ဖြူးပြီး သူ့ရှေ့သို့ လာချပေး၏။ သူသည်ဆန်ကွဲထမင်းနှင့် ပဲနီလေးပြုတ်၊ ဆားတို့ကို သမ သွားအောင် နယ်ဖတ်၍ ပလုပ်ပလောင်း စားလေသည်။
ကိုသံချောင်းကား ဓနုဖြူမြို့မှ ၅မိုင်ခန့်ဝေးသော အကြောရွာမှ လယ်သမားကြီးတစ်ဦးဖြစ်သည်။ ဖဆလအစိုးရ လက်ထက်တွင်လည်းကောင်း၊ ကေအေဒီအို ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု လက်ထက်တွင် လည်းကောင်း၊ ကေအင်ဒီအို လက်ထက်တွင် လည်းကောင်း လယ်ကို မပျက်မကွက် ဆက်လက်လုပ်ခဲ့သူ ဖြစ်သည်။

နတ်တော်လ စပါးရိတ်သိမ်းစ အပြုတွင် အစိုးရတပ်ပေါင်းစုံက ဓနုဖြူမြို့ရှိ ကေအင်ဒီအိုများအား တိုက်ထုတ်လိုက်ရာ အေအင်အိုများသည် ဓနုဖြူ၊ ဟသာင်္တ ကားလမ်းတစ်လျှောက် အကြော်ရွာသို့ ဆုတ်ခွာ ခဲ့ပြီး ကြွက်မနိုင်ကျီ မီးနဲ့ရှို့တော့၏။ အကြော်ရွာ မီးဟုန်းဟုန်းတောက်နေစဉ် သူတို့အသက်လောက် မြတ်နိုးသော လယ်ကွင်းနှင့် ရိတ်သိမ်းဆဲ ကောက်လှိုင်းများအား စွန့်ပစ်ခဲ့ရ၍၊ အ၀တ်တစ်တည် ကိုယ်တစ်ခု ဖြင့် ဓနုဖြူသို့ လက်လွတ် တက်ပြေးခဲ့ရ၏။

မြို့သို့ရောက်သည့်နေ့မှစ၍ စပါးကူလီဘ၀ဖြစ် တစ်မျိုး၊ ရေထမ်းသမားဘ၀ဖြင့် တစ်ဖုံ၊ စစ်တပ်မှ ခွင့်ပြု ထားသော သစ်ပင်များကို လှဲကာပေါက်ခြမ်းလုပ်ရောင်း၍ တစ်နည်းဖြင့် လင်မယားနှစ်ယောက် အသက်နှင့် ရင်သွေးကလေး သုံးဦး၏ အသက်ဆက်ခဲ့ပြန်သည်။ နွေဦးအရောက်တွင် ရင်သွေးနှစ်ဦိးမှာ ကျောက်ရောဂါ ဖြင့် အသက်ပါသွား၍ တစ်ဦးက ဘာရောဂါဟု သူတို့အမည်မတပ်နိုင်သော ရောဂါဖြင့်သေခဲ့ပြန်သည်။ သူတို့ကား မငို၊ ငိုရန်လည်း သူတို့၌မျက်ရည် မရှိပါ။ ဟုတ်သည် သူတို့၌ငိုရလွန်း၍ မျက်ရည်များ ခန်းခြောက် နေပါပြီ။

သည်လိုနှင့် မိုးတွင်းသို့ ရောက်လာပြန်ပြီ။ စပါးအ၀ယ်မှာ စောစောကပ်ရပ်ဆိုင်းလိုက်ပြီးဖြစ်၍ စပါးကူလီ လည်း မထမ်းရတော့။ ရေထမ်းသမား ပေါများလှ၍ တစ်ကြောင်း၊ မိုးတွင်းဖြစ်၍ မိုးရေကို ခံယူ အသုံးပြုကြ သောကြောင့် တစ်ကြောင်း ရေလည်းမထမ်းရတော့။ ကေအင်ဒီအိုများက အားပြန်စု၍ မြို့ပြင်မှ တဒိုင်းဒိုင်း နှင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တစ်ကြောင်း၊ မိုးတွင်းရောလာ၍ တစ်ကြောင်း သစ်ပင်ကိုလှဲကာ ပေါက်ခြမ်း လည်း မလုပ်နိုင်တော့။ ဤသည်မှစ၍ သူတို့၏ တကယ့်ဒုက္ခကား စပေတော့သည်။

တစ်နေ့ လုပ်ခသည်ပင် တစ်နေ့အဖို့ အလျင်မမီသော သူတို့ကားငုတ်တုတ် ထိုင်နေရသည့် အခါ၌ ငတ်ကြ တော့၏။ ငတ်သည်ဆိုသော ဝေါဟာရမှာ ကြားရသူတို့အဖို့ သိမ်မလေးနက်သော်လည်း တကယ်ငတ်နေသူ အဖို့မှာကား အခံရခက်စရာ ကောင်းလှ၏။ သူတို့လယ်သမားတွေရဲ့ လုပ်အားကြောင့်ဖြစ်ထွန်းလာတဲ့ စပါး တွေကတော့ တောင်ပုံရာပုံပဲ ရှိပါသည်။ တက်ဈေးကိုမျှော်ပြီး သိုလှောင်ထားရာ စပါးကျီများထဲ၌လည်း မြင်နိုင် ပါသည်။ အစိုးရဂိုဒေါင်များ၌လည်း တွေ့နိုင်သည်။ နိုင်ငံခြားတင် သဘောင်္များ၌ အမြောက်အမြား။

ဒါပေမဲ့ သူတို့လယ်သမားတွေတော့ ငတ်နေပြီ။
ဒါကြောင့်ဖြစ်သလို ငွေကိုရှာရသည်။ လူတစ်ယောက်ဖြစ်နဲ့ လူအခွင့်အရေးကို ရအောင်တိုက်ဖို့ သူ အသက်ရှင် နေရဦးမည်။ သည်လိုတိုက်ရင်းနဲ့ သေရတာက သေရကျိုးနပ်သည်။ ဒါကြောင့်သူက တစ်ညလျှင် တစ်ကျပ်သော အသပြာငွေနှင့် ကင်းအငှားစောင့်ကာ သူတို့၏ အငတ်ပြဿနာကို ဖြေရှင်းရင်း သူက နည်း၍ကင်းငှားလိုက်မည့် ဒုက္ခသည်က များလွန်းလှသဖြင့် ညစဉ်ညတိုင်းမစောင့်ရသောကြောင့် ဆန်ကွဲ ထမင်း ကိုပင် နပ်ကျော်သည်က များပါ၏။

မိုးကားတဖွဲဖွဲရွာဆဲ…..။ ကိုသံချောင်းသည် ထမင်းစားပြီးပြီဖြစ်၍ လုံချည်ဟောင်းတစ်ထည်ကို ခေါင်းဆောင်း ကာ မိုးရွာထဲမှာပင် ကင်းခေါင်းအိမ်သို့ ထွက်လာခဲ့၏။ သတ်မှတ်ထားသော အချိန်မှာ ကျော်လွန် နေပြီဖြစ်၍ သူဒဏ်ခံရမည်မှာ သေချာသလောက် ဖြစ်နေသဖြင့် သူ့ရင်တွင်း၌ ဖိုနေ၏။ ကင်းခေါင်း အိမ် သို့ရောက်သောအခါ ကင်းခေါင်းက သူ့ကိုဆီး၍ အပြစ်ဆို၏။

‘ခင်ဗျားခုမှပဲ ပေါ်လာတော့တယ်၊ ကျုပ်တော့မစောင့်နိုင်လို့ တခြားကင်းငှားတွေကို တာဝန်ကျ စစ်သားဆီ သွားအပ် လိုက်ပြီ။ အဲဒါခင်ဗျား ကားဆိပိကို လိုက်သွားပေတော့‘
အဓပ္ပာယ် ကတော့ ရှင်းနေပါပြီ။ ကင်းခေါင်းသည် သူတာဝန်ထားရသော ကင်းငှားများကို ကားဆိပ်ရှိ တာဝန်ကျ စစ်သားထံသို့ စာရင်းတကွသွားအပ်ရသည်။ ခုသူမရောက်ခင်ကင်းခေါင်းသည် ရောက်ရှိပြီး ကင်းငှား များကို သာသွားအပ်၍ သူ့တော့မရာက် သေးကြောင်း စစ်သားအားတိုင်ကြားခဲ့လိမ့်မည်။ သူသွား၍ သူ့အား ဘယ်လို ဒဏ်ပေးမည်ကို သူနားလည်ထားပါပြီ။ ဒါပေမဲ့ မသွာလို့တော့ မဖြစ်။ သွားရပေမည်။

‘ခင်ဗျားဘာဖြစ်လို့ နောက်ကျနေသလဲ‘ တာဝန်ကျ စစ်သားကလေးကသူ့အား ခပ်ထန်ထန်မေး၏။ သူသည် ညှိုးငယ်သော မျက်နှာနှင့် စစ်သားကလေးအား မော်ကြည်လိုက်ကာ‘ ထမင်းစားနောက်ကျနေလို့ပါ ဗိုလ်ကြီး ရယ်‘
‘ဘာဖြစ်လို့ ထမင်းစားနောက်ကျသလဲ၊ ၅နာရိထိုးအရောက်ရမယ်ဆိုတာ အသိသားနဲ့ ဘာဖြစ်လို့ အချိန်မီ ထမင်း မစားသလဲ‘

စစ်သားကလေးက အချက်ပိုင်ပိုင်နှင့် မေးနေ၏။ သူမှာလည်း လုံလောက်သော အဖြေသည် ရှိပါသည်။ ဒါပေမဲ့ စစ်သားကလေး နားလည်အောင်တော့ သူစီကာ စဉ်ကာနှင့် ဖြေနိုင်စွမ်းရှိမည်မထင်။ တကယ် ဆိုတော့ စစ်သားကလေးသည် အသက်အရွယ် ငယ်ပါသေးသည်။ စစ်တိုက်ရင်း ကြီးပြင်း လာခဲ့ရသူ ဖြစ်ခြင်း ကြောင့် စစ်တိုက်ရာ၌ စိတ်ဝင်စားနေသဖြင့် သူတို့၏အခက်အခဲများကိုတော့ နားလည်မည်မဟုတ်ရှာ။ ဒါကြောင့် သူအချိန်မီ ထမင်းမစားနိုင်ခြင်း အကြောင်းရင်းကို ဖော်ထုတ်ရှင်းလင်း၍လည်း စစ်သားကလေးက ယုံချင်မှ ယုံမည်။ စစ်သားကလေး ယုံလောက်အောင်လည်း သူက စီကာပတ်ကုံး မပြောတတ်။ သူသည် စစ်သားကလေး ကိုသာပဲ ငေးကြည့်နေသည်။

‘ပြောလေ….ဘာကြောင့်အချိန်မီ ထမင်းမစားသလဲ‘
စစ်သားကလေးက အဖြေကို မရရှိသေးသဖြင့် နောက်တစ်ကြိမ်ထပ်၍ မေးပြန်၏။ သို့သော် သူ့အဖြေကား နတ္တိ။ သူသည် ညှိုးငယ်စွာပင် ခေါင်းငုံ့နေလိုက်ပါ၏။ သဘောမှာ ပေးသမျှ အပြစ်ဒဏ်ကို ခံယူပါတော့မည် ဟူသော အထိမ်းအမှတ်ကို ပြလိုက်ခြင်းပင်။

‘ကဲ…ခက်ဗျား ကို နောက်ကျတဲ့ အတွက် ဒဏ်ပေးရမယ်။ အခုအဲဒီက နေပြီးဟိုဘက် ဖြတ်လမ်းအရောက် ပြေးရမယ်၊ ရောလို့ရှိရင် ချက်ချက်ပြန်လှည့်ပြီး ပြန်ပြေးခဲ့ရမယ် ကြားလား။ ကိုင်း….ပြေးပေတော့‘
စစ်သား ကလေးက သူ့အားအမိန့်ချမှတ် လိုက်လေပြီ။

သူသည်တစ်ဖက်ဖြတ်လမ်းသို့ အရောက်ဒုန်းချ၍ ပြေးနေစဉ် မြို့သူမြို့သားများကား ၀ိုင်းကြည့်ကာ ရယ်မော နေ၏။ သညိလိုမြို့သူမြို့သားတွေရဲ့အကြည့်နဲ့ အပြုံးကို ခံယူလိုက်ရလို့ ရှက်သွားမိပေမဲ့ စစ်သားကလေးရဲ့ အမိန့် ကိုတော့ သွေဖယ်ခြင်းမပြုဘဲ ဆုံးခန်းရောက်အောင် ရိုသေစွာပဲ နာယူရှာပါသည်။ တစ်ဖက်ဖြတ်လမ်းမှ တစ်ဖန်ကားဆိပ်သို့ ပြန်လှည့် ပြေးခဲ့၍ စစ်သားကလေးရှေ့သို့ အရောက်တွင် တိခနဲ ရပ်လိုက် ကာ သူ့ရင်မှာမူ နိမ့်ချည်မြင့်ချည်ဖြင့် လှိုင်းထနေ၏။ ဒါကိုစစ်သားကလေးက ကရုဏမကင်းသော မျက်လုံး အစုံ ဖြင့် ကြည့်ရှုရင်း..
‘နောက်ဆိုရင် အချိန်ကို လေးစားပါဗျာ၊ ကျွန်တော်တို့ကလည်း နောက်ကိုအချိန်လေးစားပါစေတော့လို့ ဒီလို သာ ဒဏ်ပေးလိုက်ရတယ်၊ စိတ်ထဲကတော့ မကောင်းပါဘူးဗျာ‘
စစ်သား ကလေးက လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုက်၏။ မိုးဦးညမို့ ပတ်ဝန်းကျင်သည် မှောင်လို့သာ မည်းနေ လေသည်။

တစ်ဖွဲဖွဲမိုးကလေးတော့ဖြင့် စဲပဲ မစဲနိုင်သေး။ ကင်းတဲပေါ်မှ သက်ငယ်အမိုးပေါ်သို့ မိုးပေါက်များ တဖြောက် ဖြောက် ကျနေသံမှာ နားထောင်၍ ကောင်းသလိုလို။
ကိုသံချောင်း သည် မှောင်မည်းမည်း လဟာပြင်ကို စူးစိုက်ကြည့်ရင်း သူ့မွေးရပ်မြေ အကြော်ရွာနှင့် သူ လုပ်သော လယ်ကလေးကို လွမ်းဆွတ်လိုက်၏။ သူတို့ကင်းစောင့်သည့် နေရာနှင့် အကြော်ရွာမှာ လေးမိုင် သာသာ ခန့်သာ ဝေ၍သူလုပ်သော လယ်ကွင်းကလေးနှင့်မူ လေးမိုင်ပင် မဝေးချေ။ သည်လိုနီးနီးကလေး ဖြစ်ပါ သော်လည်း သူသွားရောက်ခြင်း မပြုနိုင်ဘဲ နီးလျက်နှင့်ဝေးနေရခြင်းကား အသည်းနာ ဖို့ ကောင်းလှသည်။ ခါတိုင်းနှစ်သည်အချိန်ဆိုလျှင် သူလယ်ထွန်ပြီ၊ ပျိုးကြဲပြီး ဖြစ်နေရုံမျှမက ပျိုးနုတ်၍ပင် ပြီးစီး နေကာ ကောက်စိုက်ရန်ပင် ပြင်ဆင်တော့မည်။

သူ့မျက်စိထဲ၌ စိမ်းလန်းသော စပါးပင်ကလေးများဖြင့် ပြည့်နေသည့် ပျိုးခင်းများသည် လည်းကောင်း၊ သူရိတ်သိမ်း ဆဲ စွန့်ပစ်ထားခဲ့ရသော ရွှေဝါရောင် ပြေးနေသည့် ကောက်လှိုင်းများသည် လည်းကောင်း တရစ်ဝဲ၀ဲ ပေါ်နေ၏။ လှိုင်းများနှင့် သူလယ်ကွင်းကလေးကို ပို၍ပင် လွမ်းဆွတ်တမ်းတ မိပါ၏။

ပြီးတော့သူနှင့် လုပ်ဖော်ကိုင်ဖက် ဆင်းရဲဖော် ဆင်းရဲဖက်ဖြစ်သည့် ခြံပေါက်နွားကြီးနှစ်ကောင်ကိုလည်း မနေနိုင် မထိုင်နိုင် ဖြစ်အောင်ပင် သတိရမိ၏။ တစ်ကောင်မှာ ဦးချိုက ကုပ်နေသောကြောင့်‘‘ချိုကုပ်‘‘ ဟုအမည်ပေးထား၍၊ တစ်ကောင်မှာမူ နဖူး၌ကြာကလေးပါသောကြောင့် ‘‘ကြာကွက်‘‘ ဟု အမည်ပေး ထား၏။ သူဓနုဖြူသို့ လက်လွတ်တက်ပြေးခဲ့ရစဉ်က သူ့နွားနှစ်ကောင်ကို ကေအင်ဒီအိုများ ဆွဲသွားသည်ကို မြင်ခဲ့ပါ၏။ ခုလောက်ဆိုရင် မိုက်ရိုင်းသော ကေအင်ဒီအိုများသည ရိက္ခာအတွက်ဟု ဆိုကာ သတ်စားပြီး ဖြစ်နေ တော့မည်။ ‘‘ချိုကုပ်‘‘နဲ့ ‘‘ကြာကွက်‘‘ တို့ရေ၊ အမျှ၊ အမျှ၊ အမျှကွယ်၊ ကောင်းရာသုဂတိ လားအောင် သာဓုခေါ် လိုက်ကြပေတော့ သားကြီးတို့ရဲ့။
သူသည် မျက်ရည်ကလေးများပင် လည်လာမိ၏။ ကျောက်ပေါက်၍ သေဆုံးသွားသော ရင်သွေး ကလေးများ ထက်ပင် သူနှင့် လုပ်ဖော်ကိုင်ဖက် ဆင်းရဲဖော်ဆင်းရဲဖက် ဖြစ်သည့်နွားကြီးနှစ်ကောင်ကို သူကပို၍ ခင်တွယ်၏။ ပို၍သတိရ၏။

ဆက်ရန်
.

1 comment:

မေဓာဝီ said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ။
အရင်ခေတ်က လူတွေပြောပြောနေကြတာ ဗမာပြည်မှာ ငတ်လို့သေတဲ့မသာ မရှိဘူး တဲ့။ ငတ်လို့ မသေပေမဲ့ မသေရုံတမယ် ငတ်ခဲ့ကြတာနော်။
တကယ်တော့ ဆန်ရေစပါး ပေါများတဲ့တိုင်းပြည်ကို ငတ်အောင်လုပ်လို့ ငတ်ရတာပါ။
ခုထိလဲ ဒီတိုင်းပဲ။ လယ်သမား စားရတဲ့ဆန်က ဆန်လို့မည်ကာ မတ္တ။ ဆန်နီကြမ်းတွေ စားရတာ။ ငပိရည်ကို ခပ်ဖို့ ငရုတ်သီးမှုန့်တောင် ရှားတောင့်ရှားပါး ဆိုပဲ။
ဘိလပ်က လယ်သမားတွေဘ၀နဲ့များ ကွာလိုက်တာ။ အဲလိုကွာတာတွေမြင်တိုင်း ကိုယ့်ပြည်ကိုယ့်ရွာအတွက် အားမလိုအားမရဖြစ်မိတယ်။ ကိုယ်လဲ ဘာမှမတတ်နိုင် ... :(