သူတို့ အနေဖြင့် ခရိတ်၏ အဘိုးကြီး ဘာဝူကို ကောင်းစွာ သိကြပြီး တာကာတာကာဟု တိုင်းရင်းသားများက ခေါ်သော (ဘာဝူ၏ဖခင်) ဆာဘာလင်တိုင် အမည်ရှိ ပုဂ္ဂိုလ်ကြီးကိုမူ မမီလိုက်ကြချေ။
တာကာ တာကာဟု တိုင်းရင်းသားများ အမည်ပေးထားခဲ့ရခြင်း အကြောင်းကတော့ ဆာဘာလင်တိုင်သည် တစ်ချိန်က ပုန်ကန်ထကြွသူ မာတာဘယ်လီ တိုင်းရင်းသားတို့အား စက် သေနတ်ဖြင့် တရကြမ်း တိုက်ခိုက် နှိမ်နင်း ခဲ့၍ တိုင်းရင်းသားများက အလွန်ကြောက်ရွံ တုန်လှုပ်ခဲ့ ကြသောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် တိုင်းရင်းသားများသည် ယင်းပုဂ္ဂိုလ်ကြီး၏ မြစ်တော်သူ ခရိတ်အား တအံ့တသြ ငေးမော ကြည့်နေ ကြစဉ် အဘိုးကြီး ရှာဒရပ်က အသံကျယ်ကျယ်ဖြင့် ပြောပြန်သည်။
" မင်းတို့အားလုံး သူ့ကို သေသေချာချာ အကဲခတ်ကြည့်ကြစမ်းပါ။ သူဟာ ပြည်တွင်းစစ်အတွင်းက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တဲ့ စစ်သည်သူရဲကောင်းတစ်ဦးလည်းဖြစ်တယ်။ သူကိုယ်တိုင် သူရဲဘော ကြောင်တဲ့ ရှိုနာ လူမျိုးတွေ ကို ရာနဲ့ချီပြီး သုတ်သင်ချေမှုန်းခဲ့သူဖြစ်တယ်။ ခြင်္သေ့မင်းလို သတ္တိကောင်းတဲ့ ငါတို့ မာတာဘယ်လီ စစ်သည်တချို့တောင် သူ့လက်ချက်နဲ့ ကျဆုံးခဲ့ရတယ်။ ဒါကြောင့် မင်းတို့က သူ့ကို လူငယ် တစ်ယောက် ဆိုပြီး အထင်မသေးကြနဲ့ "
" အေး ... ဟီး ... အေး ... ဟီး "
" အခု ဒီပုဂ္ဂိုလ်က မင်းတို့ကို ဘာမဟုတ်တဲ့ ဆိတ်ကျောင်းသား ဘ၀ကနေပြီး တကယ့် မျိုးကောင်း မျိုးသန့် နွားမွေးမြူရေး လုပ်သားကြီးများ ဖြစ်လာအောင် အဆင့်မြင့် ပေးလိမ့်မယ်။ မကြာခင် ဒီနယ် မြေမှာ အလွန်မျိုးကောင်း တဲ့နွားတွေ အမြောက်အမြားရှိလာလိမ့်မယ် "
ရှာဒရပ်က ဤသို့ အာဝဇ္ဇန်း ကောင်းကောင်းဖြင့် ပြောသည်ကို ခရိတ်သည် ဘေးမှ နားထောင်နေရင်း ချီးကျူး မိလေသည်။ အဘိုးကြီးက တကယ်စကားပြောကေင်းပါတကားဟု စိတ်ထဲမှ မှတ်ချက်ချမိလေသည်။
ထို့နောက် ခရိတ်ကိုယ်တိုင် ရှေ့သို့တိုးသွားပြီး တိုင်းရင်းသားများအား မာတာဘယ်လီ ဘာသာစကားဖြင့် ကျွမ်းကျင် စွာ ပြောလေသည်။
" မကြာခင် ဒီနေရာကို မွေးမြူရေး နွားတွေ ရောက်လာပါတော့မယ်။ နွာတွေ ရောက်မလာခင် လုပ်စရာ အလုပ်တွေ အများကြီး ရှိနေပါတယ်။ ခင်ဗျားတို့ရဲ့ လုပ်အားခ ငွေကိုတော့ အစိုးရက သတ်မှတ်ထားတဲ့ ဈေးနှုန်း အတိုင်း ကျုပ်က ပေးမှာ ဖြစ်ပါတယ်။
လုပ်ခငွေ အဖြစ် အခြေခံ စားကုန်တွေကို ရာရှင်အဖြစ် ခင်ဗျားတို့နဲ့တကွ ခင်ဗျားတို့ရဲ့ မိသားစုတွေ အတွက် ပါ ပေးပါမယ်။ နောက်ပြီး ခင်ဗျားတို့ လုပ်သားတွေကို ဒီမှာ အလုပ်လုပ်တာ တစ်နှစ်ပြည့်တိုင်း ဘောနပ်စ်ဆု အဖြစ် လူတစ်ယောက်ကို နွားငယ်တစ်ကောင် အပိုင်ပေးမယ်။ အဲဒီ နွားငယ်တွေကိုလည်း ကျုပ် တို့ရဲ့ ကင်းလင်းမွေးမြူရေးခြံ ပိုင်နက်အတွင်းက စားကျက်တွေမှာ လွှတ်ထားခွင့်ပြုပါမယ်။ ခင်ဗျား တို့ရဲ့ ကိုယ်ပိုင်နွား တွေ အစာကောင်းကောင်း စားနိုင်အောင် စီစဉ်ပေးတဲ့ သဘောပါပဲ။ ခင်ဗျားတို့ရဲ့ နွားမ တွေကို ကျုပ် ပိုင်ဆိုင်တဲ့ မျိုးကောင်းနွားထီးကြီးတွေနဲ့ သားစပ်ခွင့်လည်း ပြုပါမယ် "
" အေး .... ဟီး .... အေး .... ဟီး "
တိုင်းရင်းသား ပရိတ်သတ်က သဘောကျဟန်ဖြင့် ဟစ်အော်သြဘာပေးကြလေသည်။
" နောက်တစ်ခု ဆက်ပြောချင်သေးတယ်။ ခင်ဗျားတို့ထဲမှာ ကျုပ်ရဲ့ ပစ္စည်းတွေကို ဘောဘထွက်ပြီး ခိုး ယူချင်စိတ် ပေါက်လာသူတွေတချို့ ရှိချင်ရှိမယ်။ ကျုပ်ရဲ့ နွားမျိုးကောင်း သို့မဟုတ် တခြားလုပ်ငန်းထဲက ပစ္စည်း တွေ ခိုးယူရောင်းစားလိုက်ရင် ဒီမှာလို ပင်ပင်ပန်းပန်း အလုပ်ကြမ်း မလုပ်ရဘဲ အေးအေး ထိုင်စား နိုင်မှာပဲလို့ စိတ်ကူးယဉ်မိသူ ရှိကောင်းရှိမယ်၊ ဒါနဲ့ ပတ်သက်လို့ ခင်ဗျားတို့သိအောင် ကျုပ်ရှင်းရှင်းပဲ ပြောပါမယ်။ လက်ရှိ ဇင်ဘာဘွေနိုင်ငံ အစိုးရဟာ ဥာဏ်အမြော်အမြင်ရှိတဲ့အတွက် လူတွေလိုက်နာရမယ့် ကျင့်ဝတ် နဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားတယ်။
လူတစ်ယောက်ဟာ နောက်လူတစ်ယောက်ကို ရန်ပြုဖို့ဝေးလို့ ခြေထောက်နဲ့ တောင် မကန်ရဘူးလို့ ဥပဒေနဲ့ တားမြစ် ထားတယ်။ ကိုယ်ကျင့်တရားပျက်ပြားမှုနဲ့ ပတ်သက်ရင် တရားဥပဒေက တင်းတင်းကျပ်ကျပ် ပိတ်ပင် တားမြစ်ထားတယ်။ ခင်ဗျားတို့ သိထားဖို့က တကယ်လို့ ခင်ဗျားတို့ထဲက ကိုယ်ကျင့်တရား ပျက်လာ ရင်တော့ ကျုပ်က ကိုယ့်ခြေထောက် အသုံးမပြုဘဲနဲ့ ခင်ဗျားတို့ကို လှိမ့်ကန်နိုင်တယ်ဆိုတဲ့ အချက်ပဲ "
ပြောပြောဆိုဆို ခရိတ်က သူ၏ခြေတု တစ်ဖက်ကို ဖြုတ်၍ လက်ဖြင့် ကိုင်ထားလိုက်သည်။
တိုင်းရင်းသား များသည် အံ့အားသင့်စွာဖြင့် ငေးကြည့်နေကြသည်။
" ဟေ့ ... ဒီမှာကြည့်ကြစမ်း၊ ဒါက ကျုပ်ရဲ့ ခြေထောက်အစစ် မဟုတ်ဘူးဆိုတာ မြင်တယ် မဟုတ်လား "
ခရိတ်က ခပ်တည်တည် ထပ်ပြောလိုက်လျှင် တိုင်းရင်းသား လူမည်းများသည် မျက်လုံးပြူးကာ တုန်လှုပ် ချောက်ချားနေပုံ ရလေသည်။ သူတို့၏ စိတ်ထဲတွင် မှော်ဆရာတစ်ဦးက လောကီပညာ အဆန်းတစ်ခု လုပ်ပြ သည်ကို ကြည့်နေရသလို ထင်မှတ်နေကြလေသည်။
ခရိတ်က အသံကျယ်ကျယ်ဖြင့် ဆက်ပြောပြန်သည်။
" ဒါကြောင့် ကျုပ်က ဥပဒေကို မချိုးဖောက်ဘဲနဲ့ ခင်ဗျားတို့ကို ပိတ်ကန်လို့ ရတယ်"
ပြောပြော ဆိုဆို ခရိတ်သည် သူ၏သစ်သားခြေထောက်တုကြီးကို ကိုင်၍ အနီးဆုံး တိုင်းရင်းသားတစ်ဦးအား ရိုက်တော့ မလို ရိုက်ဟန်ပြုပြီးမှ မရိုက်ဘဲရပ်ထားကာ ပြုံးပြလေသည်။
တိုင်းရင်းသား လူမည်းများသည် ခရိတ်က ရယ်စရာလုပ်ပြကြောင်း သဘောပေါက်သွားကာ အားရ ပါးရ ရယ်မောကြလေသည်။
သူတို့အားလုံးသည် ခရိတ်အား ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုကြပြီဖြစ်ကြောင် သိသာ ထင်ရှား နေပေ သည်။
နောင်အခါတွင် တိုင်းရင်းသား လူမည်းများသည် မိမိအပေါ် လေးစားကာ သစ္စာရှိရှိ အမှုထမ်းရုံမက မိမိနှင့် တစ်မိသားစု တည်းသဖွယ် ဖြစ်လာတော့မည်ဟုလည်း ခရိတ်က စိတ်ထဲမှ အကဲဖြတ်မိလေ သည်။
--------------------------------
အခန်း(၁၂)
ခရိတ်အနေဖြင့် ပထမဆုံးတွေ့ရသည့် အခက်အခဲမှာ သူ၏မြေယာပတ်ပတ်လည် သံဆူးကြိုးဖြင့်လုံခြုံစွာ် ၀င်ခတ်ရေးပင် ဖြစ်သည်။ ယခင်ကရှိခဲ့ဖူးသော ခြံစည်းရိုးဟောင်းများမှ သံဆူးကြိုးများအားလုံး ပြည်တွင်းစစ် ကာလ အတွင်းက လူခိုးခံရဟန် တူလေသည်။
ခက်နေသည်က ယခုသူခြံစည်းရိုးအသစ် ပြန်ကာလိုပါသော်လည်း လောလောဆယ် ဇင်ဘာတွေနိုင်ငံတွေ သံဆူးကြိုးလုံး ၀၀ယမရခြင်းပင်ဖြစ်သည်။ အကြောင်းကတော့ နိုင်ငံခြားမှ သံဆူးကြိုးများ မှာယူတင်သွင်းရန် သွင်းကုန် ပါမစ် သို့မဟုတ် လိုင်စင်ကို အစိုးရက လုံးဝထုတ်မပေးသောကြောင့်ပင် ဖြစ်သည်။
ဘူလာဝေယိုမြို့မှ လယ်ယာကုန်ထုတ် သမ၀ါယမအသင်း ဥကဋ္ဌ ခရိတ်အား စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လာလုပ်ခြင်း ကို ၀မ်းမြောက် ၀မ်းသာကြိုဆိုရင်း-
“အခြေအနေကတော့ ခင်ဗျားသိတဲ့အတိုင်းပဲ၊ သံဆူးကြိုးဝယ်လို့မရဘူး၊ မကြာသေးခင်က လူတစ်ယောက် က အစိုးရ အဖွဲ့ကို ချဉ်းကပ်နားလည်မှုယူပြီး နိုင်ငံခြားချောကလက်နဲ့ သကြားလုံးချိုချဉ်တွေ ဒေါ်လာ ဆယ်သိန်းဖိုး မှာယူတင်သွင်းခွင့် သွင်းကုန်ပါမစ် ရသွားတယ်လို့ သိရတယ်။ ဒါပေမဲ့ သံဆူးကြိုး တင်သွင်းဖို့ ပါမစ် တော့ ဘယ်တော့မှ မရဘူး”ဟု ပြောလေသည်။
ခရိတ် သည် အတော်ပင် စိတ်ဓာတ်ကျ မိလေသည်။
“ဘာပဲဖြစ်ဖြစ် ကျုပ်အနေနဲ့ သံဆူးကြိုးမရလို့ မဖြစ်ဘူးဗျ၊ ကျူပ်ရဲ့ မြေယာပတ်ပတ်လည်မှာ ခြံစည်ရိုး ကာဖို့ အရေးကြီး တယ်။ ခြံစည်းရိုးကာထားမှလည်း ကျူပ်လုပ်ချင်တဲ့ မွေးမြူရေး လုပ်ငန်းလုပ်နိုင်မှာ၊ ဒီမယ် ခင်ဗျားတို့ သမ၀ါယမအသင်းမှာ သံဆူးကြိုးတွေ ဘယ်တော့များ ရောက်လာမှာလဲ”
ခရိတ်က ပြောလိုက်လျှင် သမ၀ါယမဥက္ကဋ္ဌက အခြေအနေကို ထပ်၍ရှင်းပြလေသည်။
“ဒါတော့ဗျာ၊ ရှင်းရှင်းပြောရမယ်ဆိုရင် ဟာရာရေမြို့တော်မှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဋ္ဌာနက စာရေးကြီး အပေါ် မူတည်တာပဲ”
ခရိတ် လည်း စိတ်ပျက်ပျက်နှင့် သူ၏ လင်းရိုးဗာကားရှိရာသို့ လျှောက်လာစဉ် ရုတ်တရက် အကြံတစ်ခု စိတ်ကူး ရမိလေ သည်။
ထို့ကြောင့် ကားပေါ်သို့ မတတ်သေးဘဲ သမ၀ါယမအသင်းတိုက်သို့ ပြန်လှည့်လာပြီး ၀န်ကြီးဖွန်ဂါရာသီ၏ သီးသန့် တယ်လီဖုန်း နံပါတ်ကို လှည့်လိုက်သည်။
ခရိတ်က မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၀န်ကြီးနှင့် စကားပြောလိုကြောင်း ပြောလိုက်သောအခါ တစ်ဖက်မှ နားထောင်သူ အတွင်းရေးမှူးက ချက်ချင်းပင် ၀န်ကြီးနှင့် ဆက်သွယ်ပေးလေသည်။
“ဗိုလ်ချုပ်ခင်ဗျား၊ ကျုပ်မှာ အရေးပေါ် ပြဿနာတစ်ခု ရင်ဆိုင်နေရပါတယ်”
ခရိတ် က စတင်ပြောလိုက်ရာ ၀န်ကြီးဖွန်ဂါဘီရာကလည်း
“ဘာဖြစ်လို့ လဲဗျ၊ ကျူပ်ဘယ်လို ကူညီရမလဲ”ဟု ပြန်မေးလိုက်သည်။
ဤတွင် ခရိတ်လည်း သူအခက်အခဲ တွေ့နေသော သံဆူးကြိုးပြဿနာကို ပြောပြလိုက်သည်။
“မစ္စာခရိတ်အနေနဲ့ သံဆူးကြိုး ဘယ်လောက်များများ လိုနေပါသလဲ”
“ဘေထုပ် လို့ ခေါ်တဲ့ သံဆူးကြိုးအထုပ် အနည်းဆုံး တစ်ထောင့်နှစ်ရာလောက် လိုနေပါတယ်”
“ကောင်းပြီ၊ တခြားဘာအခက်အခဲများ ရှိသေးသလဲ”
“လောလောဆယ်တော့ ဘာမှမရှိသေးပါဘူး၊ ဪနေဦးဗျ၊ ကျူပ်ဒီပြန်ရောက်တဲ့ အချိန်ကစပြီး ဆယ်လီကို လိုက်ရှာ နေတာ ဘယ်လိုမှ အဆက်အသွယ်မရဘူး၊ သူ့တိုက်ခန်းကို တယ်လီဖုန်းဆက်လို့လည်း မရဘူး”
“ဪ………….ခင်ဗျားက ဆယ်လီနဲ့ ဆက်သွယ်ချင်လို့လား။ ဒါဖြင့် နောက်ဆယ်မိနစ် ကြာရင် ကျူပ်ဆီ ပြန် ဖုန်းဆက် လိုက်ပါ”
ဝန်ကြီး ဖွန်ဂါဘီရာက စကားဖြတ်လိုက်သည်။
ခရိတ်လည်း ဆယ်မိနစ် စောင့်နေပြီး နောက်တယ်လီဖုန်း ပြန်ဆက်ကြည့်ရာ ဖွန်ဂါဘီဂါက အကျိုး အကြောင်း ပြောပြလေသည်။
“ဆယ်လီကို ခင်ဗျား ဆယ်သွယ်လို့ မရတာက လောလောဆယ် သူဟာ ဇင်ဘာတွေနိုင်ငံ ပြင်ပကို ရောက်နေ လို့ပါပဲ။ ကျူပ်အထင်တော့ သူလေယာဉ်နဲ့ ကင်ညာနိုင်ငံကို ခဏသွားပုံရတယ်၊ အခုဆယ်လီ ဟာ ကစ်ချာတင်ဘူ လို့ ခေါ်တဲ့ အရပ်ကို ရောက်နေတယ်လို့ သိရတယ်”
“ဟုတ်လား၊ သူက ဘယ်တော့လောက် ပြန်လာမှာတဲ့လဲ”
“ဒါတော့ ကျူပ်မပြောတတ်ဘူး၊ ဒါပေမဲ့ ဆယ်လီက ဒီနိုင်ငံထဲကို ပြန်ဝင်လာတာနဲ့ ကျူပ်ကခင်ဗျားကို အကြောင်းကြား လိုက်ပါ့မယ်”
ထိုမျှ နှင့်ပင် စကားပြတ်သွားလေသည်။
ခရိတ်သည် ၀န်ကြီးဗိုလ်ချူပ် ဖွန်ဂါဘီရာ၏သတင်း စုံစမ်းရယူပြီး လျင်မြန်ထိရောက်ပုံနှင့် သြဇာညောင်းမှုကို အံ့သြ ချီးကျူးမိ လေသည်။ ဇင်ဘာဘွေနိုင်ငံပြင်ပသို့ ရောက်နေသူတစ်ဦး၏ သွားလာလှုပ်ရှားမှုကို ဤမျှ လျင်မြန်စွာ စုံစမ်းသိရှိခြင်းမှာ သူ၏သြဇာလွမ်းမိုးမှု ကျယ်ပြန့်ပုံကို ထင်ရှားစေသည့် သာဓကတစ်ရပ်ပင် ဖြစ်သည်။
နောက်တစ်ချက် စဉ်းစားမိသည်မှာ ဗိုလ်ချူပ်ဖွန်ဂါဘီရာအနေဖြင့် ဆယ်လီ၏ စိတ်လှုပ်ရှားသွားလာမှုကို မျက်ခြည် မပြတ် ခြေရာခံလိုက်စုံစမ်းရန် ကြိုတင်စီစဉ် ထားခြင်းဖြစ်နိုင်သော်ပေသည်။ အလားတူပင် မိမိ(ခရိတ်) ကိုလည်း ဇင်ဘာဘွေ ထေက်လှမ်းရေးက ခြောရာခံလိုက်ကြည့်ရန်လည်း အစီအစဉ် ရှိကောင်းရှိပေမည်။
စင်စစ် အားဖြင့် ခရိတ်သည် ဆယ်လီဆိုသူ အမျိုးသမီး ဘာကြောင့် ကစ်ချာတင်ဘူ အရပ်သို့ သွားနေကြောင်း ကို သိလေသည်။
ထိုအရပ်မှာ မာရာလွင်ပြင်ဒေသတွင် တည်ရှိပြီး နိုင်ငံခြား ဧည့်သည်များ အာဖရိကတောတွင်းသို့ လည်ပတ် လေ့လာရင်း အမဲပစ်ထွက်ရ အဆင်ပြေသော ဆာဖာရီစခန်းတစ်ခု ရှိသည်။ ယင်းစခန်းသို့ ခရိတ်ကိုယ်တိုင် လွန်ခဲ့သော နှစ်နှစ်ခန့်က ရောက်ခဲ့ဖူးလေသည်။
ဆာဖာရီ စခန်းပိုင်ရှင်ဖြစ်သော ဂျော့နှင့်ဂျိုရီ ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ ခရိတ်က သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က တောကျွဲများ သားပေါက်ချိန်ဖြစ်ရာ အာဖရိက တောတွင်းဒေသ ရှုခင်း သည် အလွန်စိတ်ဝင်းစားဖွယ် ကောင်း သည့် အချိန်ပင် ဖြစ်လေသည်။
ယခုဆယ်လီ ထိုအရပ်သို့ သွားနေသည် ဆိုခြင်းမှာ ကျွဲမကြီးများ သားပေါက်ချိန်တွင် တောတွင်းသဘာဝ ရှုခင်း များကို ဓာတ်ပုံရိုက်ယူရန်ပင် ဖြစ်ပေလိမ့်မည်။
ခရိတ်သည် ကင်းလင်းမွေးမြူရေးခြံသို့ အပြန်တွင်စာတိုက်သို့ ခေတ္တ၀င်၍ ဆယ်လီထံသို့ ကြေးနန်း တစ်ဆောင် ရိုက်လိုက် လေသည်။ ကြေးနန်းကို ဒိုရိုဘီမြို့တော်မှ တစ်ဆင့်ရိုက်လိုက်ပြီး အောက်ပါ အတိုင်း လိုရင်းကို တိုတိုပင် ရေးလိုက်သည်။
“ဇမ်ဘေဇီ မြစ်ရေများ” စီမံကိန်းအတွက် အကြံဥာဏ်ကောင်းများ ယူလာခဲ့ပါ။ ဟိုကိစ္စကို ဆက်စုံစမ်း နေတုန်းပဲ။ မင်းကော ဘာများ ထူးထူးခြားခြား စုံစမ်းလို့ရသလဲ။

ရွှင်လန်းပါစေ
ခရိတ်
နောက်သုံးရက်ကြာသောအခါ ကုန်တင်လော်လီကားကြီးများနှင့် ဇင်ဘာဘွေ တတိယတပ်မဟာမှ စစ်သည် များ ကင်းလင်းမွေးမြူရေးခြံသို့ ရောက်လာပြီး သံဆူးကြိုးဘေထုပ် တစ်ထောင့်နှစ်ရာကို လာပို့ပေး လေသည်။
“ဒီပစ္စည်းအတွက် ဝေဘယ်လောက်ပေးရမလဲ၊ လက်မှတ်ထိုးပေးရမယ့် စာရွက်စာတမ်းတွေကော ရှိပါ သလား”
ခရိတ်က မေးလိုက်ရာ တပ်ဖွဲ့ကို ခေါင်းဆောင်လာသူ ဆာဂျင်(တပ်ကြပ်ကြီး)က
“ကျွန်တော် ဘာမှမသိဘူးခင်ဗျ။ ကျွန်တော့်ကို အမိန့်ပေးလိုက်တာက ဒီပစ္စည်းတွေ လာပို့ပေး ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလူကြီးမင်းကို လာပို့တာပါ”ဟု ပြော၍ပစ္စည်းများကို ချပြီး နောက် ချက်ချင်းပင် ပြန်သွားလေသည်။
လော်လီကားကြီးများ ပြန်မောင်းထွက်သွားသည်ကို ငေးကြည့်ရင်းခရိတ်သည် စဉ်းစားနေမိသည်။ မိမိလိုချင်သော သံဆူးကြိုး များကိုတော့ ရရှိပြီးဖြစ်သည်။ ယင်းပစ္စည်းများအတွက် လက်မှတ်ထိုးပေးရန် အင်ဗွိုက်စ် ခေါ် စာရွက်စာတမ်းများလည်း ရှိမည် မဟုတ်။ ကျသင့်ငွေကိုလည်း ပေးချရလိမ့ိမည် မဟုတ်ဟု ထင်မိ သည်။
အကြောင်းမူကား သူသည် အာဖရိကတိုက်ကြီးနှင့်တကွ အာဖရိကတိုက်နေ တိုင်းရင်းသားတို့အကြောင်း ကောင်းစွာ သိနေ သောကြောင့်ပင် ဖြစ်သည်။ ၀န်ကြီးဗိုလ်ချူပ် ဖွန်ဂါဘီရာလို လူမျိုးနှင့် မိမိသည် သင့်မြတ် အောင် ဆက်ဆံရန် လိုအပ်သည်ဟုလည်း ကောက်ချက်ချမိလေသည်။
နောက်ငါးရက် လုံးလုံး ခရိတ်သည် မာတာဘယ်လီ တိုင်းရင်းသားလုပ်သားများ၏ အကူအညီဖြင့် သံဆူးကြိုး ဖြင့် ခြံစည်ရိုးကာ ရံသည့်အလုပ်ကို အာရုံစိုက်လုပ်လေသည်။
အခန်း (၁၂) ဆက်ရန်
.
1 comment:
ဆရာမရေ.. အပိုင်း (၁၂) ကို မနေ့က မအားလို့ မဖတ်လိုက်ရဘူး။ဒီနေ့မှပဲ လာဖတ်သွားပါတယ်။ ကိုကြီးကျောက် အတွက်လည်း မေတ္တာပို့ ဆုတောင်းပေးသွားပါတယ်။
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment