Saturday, August 21, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၃)

ယခု လောလောဆယ် သူမ၏ မျက်နှာကလေး ရှက်သွေးဖြာသယောင်ဖြစ်နေခြင်းကလည်း ထို အချက်ကို အတည်ပြုရာ ရောက်နေသည်ဟု ထင်ရပေသည်။
ဆယ်လီသည် ခရိတ်အား မျက်နှာချင်းဆိုင် မကြည့်ဘဲ မျက်နှာလွှဲနေရှာသည်။

ညစာ စားသောက်ပြီး၍ ပြင်ဘက်ဝရန်တာတွင် ပြန်ထိုင်နေကြစဉ် အဘိုးကြီး ဂျိုးဇက်က ကော်ဖီ လာပေး လေသည်။
ထိုနောက် နှစ်ယောက်သား အာဖရိကတိုက်၏ ညဘက်သာယာမှု အရသာကို ခံစားကာ ထွက်လာ စ ပြုနေ သော လမင်းကြီးကို ငေးကြည့်နေကြလေသည်။
အတော်ညဥ့်နက်မှ အိပ်ရာဝင်ရန် ထကြသောအခါ ဆယ်လီသည် ခရိတ်၏အနီးသို့ ချဉ်းကပ်လာပြီး
"ကျေးဇူး တင်ပါတယ်" ဟု ပြောရင်း ခရိတ်အား ယုယစွာ နမ်းရှုတ် နှုတ်ဆက်လေသည်။

(၁၃)

ခရိတ်သည် ၀ယ်ယူထားသော မျိုးကောင်းမျိုးသန့်နွားများ နောက်ဆုံးအသုတ် ရောက်ရှိလာချိန် တွင် ယာယီ နေအိမ် တည်ရာမှ ငါးမိုင်ခန့်အကွာ ယခင်က ကွင်းလင်း (ဘုရင်မ၏မြေ)ဟု ခေါ်သော နေရာ၌ လူနေ အိမ်တစ်လုံး တည်ဆောက်ပြီး၍ အဆင်သင့် ဖြစ်နေလေသည်။
ထိုအိမ် ၌ ခရိတ်က ငှားရမ်းထားသော မျက်နှာဖြူ အိုဗာဆီယာ (လုပ်ငန်းတာဝန်ခံ)က သူ၏ မိသားစု နှင့်အတူ နေလေသည်။

ထိုလူမှာ တုတ်တုတ်ခိုင်ခိုင် လူတစ်ယောက်ဖြစ်ပြီး မျက်နှာဖြူဆိုသော်လည်း အင်္ဂလန်နိုင်ငံသား မဟုတ်ဘဲ အာဖရိကန်နာ ခေါ် အာဖရိကတိုက်တွင် မွေးဖွားကြီးပြင်းလာသူ မျက်နှာဖြူတစ်ဦး ဖြစ် လေသည်။
ထိုသို့ အိုဗာဆီယာသည်လည်း ခရိတ်ကဲ့သို့ပင် မာတ်ာဘယ်လီ တိုင်းရင်းသားတို့၏ ဘာသာ စကားကို ကျွမ်းကျင်စွာ တတ်မြောက်သည့်ပြင် တိုင်းရင်းသား လူမည်းတို့အား ဆက်ဆံရေး ကောင်းမွန်ပြေပြစ်သဖြင့် တိုင်းရင်းသား များကလည်း သူ့အပေါ် လေးစားကြလေသည်။

ထို့ပြင် ထိုလူသည် အာဖရိကတိုက်သား အားလုံးနည်းတူ မွေးမြူရေးတိရစ္ဆာန်များအပေါ် သံယောဇဉ် ရှိသူ လည်း ဖြစ်သည်။
ထိုလူ၏ နာမည်မှာ ဂရိုနီဝေါလ် ဖြစ်လေသည်။
မွေးမြူရေးခြံတွင် အိုဗာဆီယာခေါ် အလုပ်ကြီးကြပ်မည့် တာဝန်ခံတစ်ဦး ရရှိထားပြီးဖြစ်၍ ခရိတ် သည် တိုးရစ္စ ခရီးသည်များ လာရောက်လည်ပတ် အပန်းဖြေရန် ဇမ်ဘေဇီမြစ်ရေများ စီမံကိန်းကို အကောင် အထည်ဖော်ရေးအတွက် လုပ်ငန်းစတင်နိုင်လေသည်။

ကမ္ဘာလှည့်ခရီးသည်များ သက်သောင့်သက်သာ တည်းခိုနေထိုင်ရန်အတွက် တည်းခိုဆောင်များ ကို လူငယ် ဗိသုကာ တစ်ဦး ငှားရမ်းခေါ်ယူ တည်ဆောက်စေလေသည်။ ထိုဗိသုကာမှာ တောင်အာဖရိကနိုင်ငံမှ ဖြစ်ပြီး ပုဂ္ဂလိက တည်းခိုဆောင်များ၊ နေအိမ်များ ဆောက်လုပ်ရာ၌ အတွေ့အကြုံရှိသူလည်း ဖြစ်သည်။
ထို့ကြောင့် ခရိတ်က ထိုလူအား တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့မှ လေယာဉ်ဖြင့် ခေါ်ယူ လိုက်သည်။

ခရိတ်၊ ဆယ်လီနှင့် ဗိသုကာ လူငယ်တို့ သုံးဦးသားသည် ဇမ်ဘေဇီမြစ်ကမ်းအနီး အပန်းဖြေစခန်း တည်ဆောက် မည့် နေရာသို့ သွား၍ ရက်သတ္တတစ်ပတ်ခန့် စခန်းချ နေထိုင်ကာ တည်ဆောက်မည့် နေရာကို သေချာစွာ လေ့လာရွေးချယ်ကြလေသည်။
ထိုနေရာမှ လူသူမနီးဘဲ တောနက်ဒေသတစ်ခုဖြစ်၍ လုံခြုံရေးအတွက် ဗိုလ်ချုပ် ဖွန်ဂါဘီရာက သူ၏ လက်ရွေးစင် တတိယတပ်မဟာ မှ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကို လုံခြုံရေး အစောင့်ချပေး ထားလေ သည်။

လက်နက်ကိုင်တပ်ဖွဲ့ကို ကြီးကြပ်ကွပ်ကဲသူ တပ်မှူးမှာ ကက်ပတိန် (ဗိုလ်ကြီး) နီဘေဘီဆိုသူ ဖြစ် သည်။
ခရိတ် သည် ထိုအရာရှိ ကက်ပတိန်အား အကဲခတ် ကြည့်လေလာမိလေသည်။ တည်ကြည် လေးနက်သော ဣနြေ္ဒရှိသူ လူငယ်တစ်ဦး ဖြစ်ပြီး စာဖတ် အလွန်ဝါသနာပါသူလည်း ဖြစ်ကြောင်း သိရသည်။ လန်ဒန် တက္ကသိုလ်မှ စာပေးစာယူသင်တန်း တက်နေပြီး နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ ဘာသာရပ်များ အဓိကယူ၍ လေ့လာ နေသည်ဟုလည်း သိရသည်။
သူသည် ဇင်ဘာဘွေနိုင်ငံမှ ရှိုနာတိုင်းရင်းသား ဖြစ်သော်လည်း မာတာဘယ်လီ လူမျိုးတို့၏ ဘာသာစကားကို တတ်ကျွမ်းသည့်အပြင် အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။
ညဘက် အားလပ်ချိန်များတွင် ကက်ပတိန် နီဘေတီသည် ခရိတ်နှင့် ဆယ်လီတို့ထံ လာ၍ အလာပ သလ္လာပ စကား ပြောလေ့ရှိလေသည်။

ရှိုနာတိုင်းရင်းသားတို့ဖြင့် ဖွဲ့စည်းထားသော တတိယတပ်မဟာမှ အရာရှိတစ်ဦးဖြစ်လင့်ကစား သူ၏ တွေးခေါ် ယူဆပုံများသည် အယူသီးခြင်း၊ တစ်ဖက်စွန်းရောက်ခြင်း လုံးဝမရှိကြောင်းကို လည်း ခရိတ်က သတိပြုမိ လေသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၏ တန်ဖိုးကို ကောင်းစွာ နားလည်သဘောပေါက်ပြီး ညီညွတ် ရေးကို လိုလားသူ လူငယ်တစ်ဦးလည်း ဖြစ်လေသည်။
"မစ္စတာခ၇ိတ် ခင်ဗျား။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မရှိဘဲ မုန်းတီး စိတ်တွေ လွှမ်းမိုးနေရင် ဘယ်လိုလုပ်ပြီး သာယာဝပြောတဲ့နိုင်ငံ ဖြစ်လာနိုင်ပါ့မလဲ။ ကျွန်တော်ဆိုရင် အိုင်ယာလန် ပြည်မှာ ဖြစ်ပျက်နေပုံကို ပြောတဲ့နိုင်ငံ ဖြစ်လာနိုင်ပါ့မလဲ။ ကျွန်တော် ဆိုရင် အိုင်ယာလန် ပြည်မှာ ဖြစ်ပျက်နေပုံကို ကြည့်ပြီး အကြီးအကျယ် သင်ခန်းစာ ရမိပါတယ်။ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခမှုဖြစ်ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ သဘောပေါက်ပြီး ကျောချမ်းအောင် စိုးရိမ်မိပါတယ်"

"ဤသို့ ကက်ပတိန် နီဘေဘီက ပြောလိုက်ရာ ခရိတ်လည်း နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။
"ဒါပေမဲ့ ခင်ဗျားက ရှိုနာ အမျိုးသားတစ်ယောက် မဟုတ်လား။ ခင်ဗျားအနေနဲ့ ကိုယ့်လူမျိုး အုပ်စုအပေါ်သာ သစ္စာစောင့် သိရမယ့်တာဝန် အဓိကဖြစ်တယ်"
"မှန်ပါတယ်။ ကျွန်တော်ဟာရှိုနာ တိုင်းရင်းသားတစ်ယောက်ပါ။ သို့သော်လည်း ကျွန်တော်က မျိုးချစ်စိတ် ရှိတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ သားသမီးအတွက် ငြိမ်းချမ်းရေး ရရှိဖို့ အေကေ ၄၇မောင်းပြန်သေနတ်ကိုင်ပြီး ဖန်တီးတာမျိုးကိုတော့ မလိုလားပါဘူး။ ကျွန်တော်တို့ ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ မာတာဘယ်လီတိုင်းရင်းသားတွေ အားလုံးကို သတ်ပစ်ရမယ်ဆိုရင် ကျွန်တော်ဟာ ဂုဏ်ယူကြွားဝင့် နိုင်တဲ့ ရှိုနာတစ်ယောက် မဖြစ်နိုင်ပါဘူး"

ဤသို့လျှင် ကက်ပတိန်နိဘေဘီသည် ခရိတ်နှင့် စကားပြောရင်း သူ၏သဘောထားအာဘော်ကို ထုတ်ဖော် ပြောလေ့ရှိသည်။ ယင်းသို့ ပြောဆို ဆေးနွေးချက်များသည် ထိရောက်သော အကျိုး သက်ရောက်မှု ဟူ၍ မရှိပါချေ။
မည်သို့ပင်ဖြစ်စေ ခရိတ်တို့အဖို့ ဤဒေသသို့ လာရောက်နေစဉ်အတွင်း လက်နက်ကိုင် အစောင့် အရှောက် အမှန် လိုအပ်ကြောင်း ကတော့ ယုံမှားဖွယ် မရှိချေ။ လိုအပ်၍လည်း ဗိုလ်ချုပ်ဖွန်ဂါဘီရာ က သူ၏ လက်ရွေးစင်တပ် မှ တပ်ဖွဲ့တစ်ဖွဲ့ ချပေးထားခြင်း စြဖ်သည်။

သို့ရာတွင် ခရိတ်နှင့် ဆယ်လီတို့အဖို့ လက်နက်ကိုင် အစောင့်များ ရှိနေခြင်းကြောင့် မလွတ်လပ် သလို ထင်မိ လေသည်။ သူတို့သွားလေရာသို့ လက်နက်ကိုင် အစောင့်များ အမြဲမပြတ် လိုက်ပါ နေခြင်းကိုလည်း စိတ်ပျက် မိသည်။ အချုပ်တရားခံများကို ခံစားမိလေသည်။
ထို့ကြောင့် တစ်ညနေတွင် ခရိတ်နှင့်ဆယ်လီတို့သည် လက်နက်ကိုင် တပ်သားများအလစ်တွင် တောစပ်တွင်း သို့ လစ်ထွက်သွားကြလေသည်။ နှစ်ယောက်သား လွတ်လပ်စွာ သွားလာလှုပ်ရှား လိုသဖြင့် တိတ်တဆိတ် ထွက်သွားခြင်း ဖြစ်လေသည်။

သစ်ပင်တောအုပ်များအတွင်း လွတ်လပ်စွာ သွားလာရတော့မှ သူတို့နှစ်ဦးစလုံးသည် စိတ်ကြည်လင်လာတော့သည်။
တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးမှုသည် ခုလို နှစ်ယောက်တည်း လွတ်လပ်စွာ ဆိတ်ငြိမ် ရာနေရာ သို့ ရောက်ချိန်တွင် ပေါ်လွင်လာလေသည်။ ရံဖန်ရံခါ စကားပြောရင်း ဆယ်လီသည် ခရိတ်၏ လက်ကို ညင်သာစွာ ထိ၍ ပြောတတ်လေသည်။ သည်လိုအခါများတွင် ခရိတ်သည် သာယာကြည်နူးမိလေသည်။

လမ်းလျှောက် သွားကြရင်း သူတို့သည် ကုန်းမြင့် ကမူငယ်တစ်ခုဆီသို့ ရောက်သွားကြရာ ထိုနေရာ မှ ကြည့်လိုက် လျှင် စီး၍ မြင်ရသည့် သဘာဝရှုခင်းက အထူးလှပနေသည့်ပြင် ကြံသတ္တ၀ါများ သဘာဝ အလျောက် နေထိုင်ပုံကိုလည်း မြင်နေရသည်။ ဆယ်လီအနေဖြင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ရန် အထူးသင့် လျော်သည့်နေရာပင် ဖြစ်သည်။
ခရိတ်နှင့် ဆယ်လီတို့ ကမူငယ်ပေါ်တွင် ထိုင်၍ ရင်းနှီးစွာ စကားပြောနေသြည်။

ခရိတ်သည် သူတို့ရှိရာ နေရာအောက်ဘက်ရှိ ချုံနွယ်ပိတ်ပေါင်းများဆီသို့ အကဲခတ်ကြည့်ရင်း ရုတ်တရက် ဆယ်လီ အား လက်တို့လိုက်သည်။
"ဒီမယ်ဆယ်လီ၊ အသာကလေး ငြိမ်ငြိမ်နေလိုက်စမ်းပါ။ လုံးဝ မလှုပ်ရှားပါနဲ့"
ခရိတ် က သတိပေးသလို ခပ်တိုးတိုး ပြောလိုက်သည်။
ဆယ်လီ သည် ခရိတ်စိုက်ကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်ရာ အလွန် အံ့အားသင့်သွားမိ လေသည်။
"ဟင် ... သူတို့တွေက ဘယ်သူတွေလဲရှင်"

ဆယ်လီက မေးလိုက်သော်လည်း ခရိတ် ပြန်မဖြေဘဲ ဆိတ်ဆိတ်နေလိုက်သည်။
သူသည် ချုံပုတ်အကွယ်မှ လူများကိုသာ အာရုံစိုက်ကြည့်နေလေသည်။ လောလာဆယ် လူနှစ်ယောက်ကို ခရိတ်က သတိပြုမိလေသည်။ ထိုလူများသည် ကျားသစ်သတ္တ၀ါကဲ့သို့ လုံးဝ အသံမကြားအောင် လှုပ်ရှား နိုင်သူများ ဖြစ်လေသည်။ ထိုလူများကားတောထဲ၌ လူမမြင်အောငေ် ပုန်းအောင်းခြင်း၌ ၀ါရင့်သူများ ဖြစ်ကြသော ကြောင့်ပင်တည်း။
ခဏမျှကြာလျှင် လူတစ်ယောက်သည် ခရိတ်ရှိရာသို့ ချဉ်းကပ်လာပြီး မာတာဘယ်လီ တိုင်းရင်း သား ဘာသာ ဖြင့် ပြောလေသည်။

"အို ... ကူဖီလာ၊ သင်သည် ကျွန်ုပ်တို့အား အမဲလိုက်သလို လိုက်သတ်ရန်အတွက် ရှိုနာလူမျိုး အမဲလိုက်ခွေးတွေကို ခေါ်ယူခဲ့သည့် မဟုတ်လော"
သည်တော့ ခရိတ်လည်း ထို့လူအား မှတ်မိပြီး ပျာပျာသလဲ ပြန်ဖြေလိုက်ရသည်။
"ရဲဘော်လွတ်ကောက်၊ သင် ထင်သလို မဟုတ်ပါ။ ရှိုနာလူမျိုး လက်နက်ကိုင်တပ်ဖွဲ့သည် အစိုးရ က ကျွန်ုပ် တို့ လုံခြုံရေးအတွက် စောင့်ရှောက်ရန် ထည့်လိုက်ခြင်းသာ ဖြစ်ပါသည်"
ခရိတ်က မာတ်ာဘယ်လီဘာသာဖြင့် ပြန်ပြောလိုက်သော် ရဲဘော်လွတ်ကောက်အမည်ခံ တိုင်းရင်း သား ပြောက်ကျား က လက်မခံချေ။

"အို ကူဖီလာ သင်သည် ကျွန်ုပ်တို့၏ မိတ်ဆွေ ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တွေ့ဆုံခဲ့ သည်ကိုလည်း မည်သူမှ မသိကြပါ။ သင်တို့ ဤဒေသတွင် ရှိနေကြောင်းကိုလည်း မည်သူမှ မသိကြ၊ ကျွန်ုပ် ကျမ်းကျိန် ၍ ပြောပါသည်"
"ရှိပါစေတော့၊ ယခု သင်သည် ဤနေရာသို့ ဘာကြောင့် ရောက်ရှိလာသနည်း။ ကျွန်ုပ်တို့အား သစ္စာ ဖောက်ရန် လာခြင်းဖြစ်သလော၊ သင် အမြန်ဆုံး ဖြေကြားလော့"
"ကျွန်ုပ်သည် မြေနေရာကို ၀ယ်ယူလိုက်ပြီ ဖြစ်သည်။ ကျွန်ုပ်တို့နှင့်အတူ ပါလာသူ မျက်နှာဖြူလူမျိုး ကား တည်ဆောက်ရေး ဗိသုကာတစ်ဦး ဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်က တိုးရစ္စခရီးသည်များ လာရောက် အပန်းဖြေရန် စခန်းတစ်ခု ဖန်တီးတည်ဆောက်ရန် ရည်ရွယ်ပါ၏။ ၀မ်ကီဥယျာဉ် ကဲ့သို့ သော နေရာမျိုးပင် ဖြစ်၏"

ဝမ်ကီ ဥယျာဉ်ဟု ဆိုလိုက်သည်နှင့် လွတ်ကောက်ကဲ့သို့ တိုင်းရင်းသား လူမည်းများက ချက်ချင်း နားလည် သဘော ပေါက်ကြသည်။ အလွန် နာမည်ကြီးသော ၀မ်ကီ သဘာဝ တိရစ္ဆာန်ဥယျာဉ်တော် ကြိးသည် မာတာဘယ်လီ တိုင်းရင်းသားတို့၏ ဒေသအတွင်း၌ တည်ရှိသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ခရိတ်က ၀မ်ကီဥယျာဉ်အကြောင်း ပြောလိုက်သောအခါ တိုင်းရင်းသား (လူမည်း) ပြောက်ကျား နှစ်ဦးသည် ခေတ္တမျှ အချင်းချင်းတီးတိုးတိုင်ပင်ပြီးနောက် ရဲဘော်လွတ်ကောက်က ခရိတ်အား မော့ကြည့် လိုက်သည်။

"သို့ဖြစ်လျှင် သင်၏အဆောက်အအုံများ တည်ဆောက်ပြီးပါက ကျွန်ုပ်တို့၏ ကံကြမ္မာ မည်သို့ ဖြစ် လာမည် နည်း"
"အို အချင်း ရဲဘော်လွတ်ကောက်၊ ကျွန်ုပ်နှင့် သင်တို့သည် မိတ်ဆွေများ ဖြစ်သည် မဟုတ်ပါ လော။ ကျွန်ုပ် ၏ လုပ်ငန်းတွင် သင်တို့အတွက် နေရာရှိပါ၏။ ကျွန်ုပ်က သင်တို့အား စားနပ်ရိက္ခာ ငွေကြေးတို့ဖြင့် ကူညီ ပါမည်။ သင်တို့ကလည်း တုံ့ပြန်သည့်အနေဖြင့် ကျွန်ုပ်ပိုင် အဆောက်အအုံ များ၊ တိရစ္ဆာန်များကို ကာကွယ် စောင့်ရှောက် ပေးနိုင်ပါ၏။ ဤနေရာသို့ လာရောက်သည့် တိုးရစ္စ ခရီးသည်များကိုလည်း သင်တို့က ကြည့်ရှု စောင့်ရှောက် နိုင်ပါ၏။ ဤအစီအစဉ်ကို သဘောတူ လက်ခံပါသလော"

"လက်ခံလျှင် ကျွန်ုပ်တို့အတွက် မည်သို့ အကျိုးရှိမည်နည်း"
"တစ်လ လျှင် ဒေါ်လာငွေ ငါးရာ မှန်မှန် ရရှိပါမည်"
"ငါးရာ နည်းလွန်းလှသည်။ ဒေါ်လာငွေ တစ်ထောင် ပေးပါလော့"
"အို ရဲဘော်လွတ်ကောက်၊ မိတ်ဆွေစစ်တို့ မည်သည် ငွေရေးကြေးရေး ကိစ္စတွင် အငြင်းပွားခြင်းငှာ မသင့်။ ထို့ကြောင့် ကျွန်ုပ်အငြင်းမပွားလိုပါ။ ယခု လောလောဆယ် ကျွန်ုပ်တွင် ဒေါ်လာငွေ ခြောက်ရာသာလျှင်ပါ၍ ထို ငွေကို ပေးခဲ့ပါမည်။ ကျန်ငွေကို ကျွန်ုပ်စခန်း ပြီးမြောက်သည့်အခါ ၀က်သစ်ချပင်ကြီး အောက်တွင် မြှုပ်၍ ထားလိုက် ပါမည်"

"ကောင်းပါပြီ ကူဖီလာ၊ သင်မြှုပ်ထားမည့်ငွေကို ကျွန်ုပ်တို့ တွေ့အောင်ရှာယူပါမည်။ လစဉ် သင်နှင့် ကျွန်ုပ်တို့သည် ဤနေရာ သို့မဟုတ် ဟိုလှမ်းလှမ်းနေရာတွင် မှန်မှန်တွေ့ဆုံကြပါမည်။
ဤတွင် ရဲဘော်လွတ်ကောက်က မြစ်ကမ်းမှ ခပ်လှမ်းလှမ်း တစ်နေရာသို့ ညွှန်ပြလေသည်။
"တွေ့ဆုံ ရန် အချက်ပေးလိုက်လျှင် သစ်ရွက်သစ်စိမ်းများကို မီးရှို့၍ အချက်ပေးကြမည်။ သို့တည်း မဟုတ် ရိုင်ဖယ် သေနတ် သုံးချက်တိတိဆင့်၍ ပစ်ဖောက်ကြမည်"
"ကောင်းပါပြီ၊ ကျွန်ုပ်သဘောတူပါသည်"

"အို ... ကူဖီလာ၊ သို့ဖြစ်လျှင် ငွေကို သင်၏ခြေရင်းရှိ မြေကြီးပေါ်တွင် ချထား၍ သင်၏ အမျိုးသမီး ကို စခန်း သို့ ပြန်ခေါ်သွားလေတော့"
ခရိတ်လည်း ညွှန်ကြားသည့်အတိုင်း ငွေကို မြေကြီးပေါ်တွင် ချထားပေးလိုက်ပြီးနောက် ဆယ်လီ နှင့်အတူ စခန်းသို့ ပြန်လာခဲ့လေသည်။

ဆယ်လီခမျာ ရဲဘော်လွတ်ကောက်နှင့် တခြားပြောက်ကျားတို့အား အလွန်ကြောက်လန့်ပုံရပြီး အပြန် လမ်းလျှာက်လုံး ခရိတ်လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရှာသည်။
"အမယ်လေး။ တကယ်ကြောက်စရာ ကောင်းတဲ့လူတွေပါပဲလားရှင်။ ကျွန်မဖြင့် သူတို့က ကျွန်မ တို့ကို ပြန်လွှတ်လိမ့် မယ်လို့တောင် မထင်ဘူး"
ဆယ်လီက တကယ်ကြောက်၍ ပြောရာ ခရိတ်သည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ကျုပ်တို့ကို ပြန်လွှတ်လိုက်တာက ဒေါ်လာငွေကြောင့်ပဲကွဲ့။ အခုဆိုရင် ကျုပ်က တစ်လကို ဒေါ်လာငွေ တစ်ထောင် ပေးပြီး လက်နက်ကိုင် (ဘော်ဒီဂတ်) ငှားလိုက်ရသလို ဖြစ်သွားပြီ။ ဒါပေမဲ့ ကျုပ်အဖို့ မနစ်နာ ပါဘူး။ ဒေါ်လာငွေတစ်ထောင် တန်ပါတယ်"

အခန်း (၁၃) ဆက်ရန်
.

1 comment:

Anonymous said...

ဆရာမရေ... အခန်း (၁၃) လေးလည်း ဖတ်သွားပါပြီ.. ရဲဘော်လွတ်ကောက်နဲ့ ခရိတ်တို့ ပြန်တွေ့ ကြပြီနော်. နောက်ပိုင်း ဘယ်လို များ စခန်းသွားကြမလဲ မသိဘူး..

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ