Thursday, August 19, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၂)အဆက် (၂)

ယင်းဒေသရှိ လူများမှာ အာဖရိကန်နာ ခေါ်အာဖရိကတိုက်ဖွား မျက်နှာဖြူလူမျိုးနွယ်များ ဖြစ်ကြသည်။ မျိုးရိုး စဉ်ဆက်အားဖြင့် ဒပ်ခ်ျခေါ် နယ်သာလင်နိုင်ငံသား မျိုးရိုးဖြစ်ပြီး တစ်ချိန်က ဗြိတိသျှအစိုးရနှင့် စစ်မက် တိုက်ခိုက်ခဲ့သူ ဘိုဝါးလူမျိုးများ ဖြစ်ကြသည်။ အစဉ်အဆက်အားဖြင့် မွေးမြူရေး လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့ကြသူများလည်း ဖြစ်လေရာ သူတို့မွေးမြူထားသော တိရစ္ဆာန်များအပေါ် သံယောဇဉ် ကြီးကြ လေသည်။

ထို့ကြောင့် ခရိတ်က ထိုလူများထံမှ မျိုးကောင်းနွားများ ၀ယ်ယူရာတွင် စိတ်ရှည်ထား၍ ပြေလည် ချောမော အောင် ဆွေးနွေူးညှိုနှိုင်းရလေသည်။
ခရိတ်သည် နေထုန်မဲ့ သားစစ်နည်းဖြင့် ပေါက်ဖွားလာသော မျိုးကောင်းနွားမငယ်များကို ရှေးဦးစွာ ၀ယ်ယူ လိုက်သည်။ ထိုနောက် အလွန်မျိုးကောင်း အဆင့်အတန်းမြင့်သော နွားသိုးများလည်း ၀ယ်ယူလိုက်သည်။

တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများကိုလည်း နွားအားလုံးတွင် ထိုးပေးလိုက်ပြီးနောက် ထိုဒေသမှ မိမိတို့၏ ကင်းလင်းေ မွးမြူရေးခြံကြီးသို့ အရောက်သယ်ယူပို့ဆောင်ရေးကိုပါ ယင်းလုပ်ငန်း ကျွမ်းကျင်သူ ကန်ထရိုက်တာ များနှင့် အစီအစဉ် ပြုလုပ်လေသည်။

ဤနည်းအားဖြင့် ခရိတ်သည် သူချေးယူရရှိသော ငွေများအနက် ဒေါ်လာသိန်းနှစ်ဆယ်နီးပါး ကုန်သွား လေသည်။ အစီအစဉ်များ ပြုလုပ်ပြီးနောက် လေယာဉ်ဖြင့် ပြန်လာခဲ့ပြီး မွေးမြူရေးနွားများ ရောက်ရှိ လာလျှင် အဆင်သင့် ဖြစ်နေစေရန် ကြိုးတင်ပြင်ဆင်မှုများ ပြုလုပ်လေသည်။

တောင်အာဖရိကနိုင်ငံ မြောက်ပိုင်းက ထရန်စ်ဗာလ်ဒေသသည် ဇင်ဘာဘွေနိုင်ငံ ခရိတ်တို့၏ ကင်းလင်း မွေးမြူရေးခြံရှိရာနှင့် ခရီးအလွန်ဝေလံသဖြင့် နွားများရွှေ့ပြောင်းသယ်ယူရေး လုပ်ငန်းသည် လနှင့်ချီ၍ ကြာမြင့်မည် ဖြစ်ကြောင်းကိုလည်း ခရိတ်ကသိထားပေသည်။

နွားများ အားလုံး တစ်ပြိုင်တည်း ရောက်ရှိနိုင်မည် မဟုတ်ဘဲ အသုတ်လိုက်ခွဲ၍ ရောက်ရှိ လာမည် ဖြစ်သော ကြောင့် ခရိတ်သည် ယင်းအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား လိုက်သည်။
သို့နှင့်ပင် မကြာမီခရိန် ၀ယ်ယူထားသော နွားများအနက် ပထမအသုတ်အဖြစ် သားစစ်နွားသိုး လေးကောင် ရောက်ရှိ လာလေသည်။ အလွန်မျိုးကောင်းမျိုးသန့်နွားသိုးများဖြစ်၍ ခရိတ်က တစ်ကောင်လျှင် ဒေါ်လာ တစ်သောင်း ငါးထောင် စီပေး၍ ၀ယ်ယူခဲ့ရသည်။

ဝန်ကြီးဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ခရိတ်၏ မွေးမြူရေးလုပ်ငန်းကို အထူးစိတ်ဝင်စားပုံ ရလေသည်။ ပထမ အသုတ် အဖြစ် နွားသိုးငယ်လေးကောင် ရောက်ရှိလာခြင်းကိုလည်း ၀မ်းသာပျော်ရွှင်သည့် အထိမ်းအမှတ် အဖြစ် ဧည့်ခံပွဲ သို့ တက်ရောက်ရန် တိုက်ထွန်းစည်းရုံးခဲ့လေသည်။
သို့သော် ၀န်ကြီးချုပ်နှင့် တိုးရစ္စရခရီးသွားလာရေး ဌာန ၀န်ကြီးထွန်ဂါတာတို့ကမူ ခရိတ်၏ ဧည့်ခံပွံသို့ မလာ ရောက်ကြချေ။

ထမင်းချက် အဘိုးကြီးဂျိုဇက်သည် ဧည့်ခံပွဲပြုလုပ်ခြင်းကို အလွန်ဝမ်းမြောက်ပျော်ရွှင်လျက် အကောင်းဆုံး စားစရာ များကို အထူးစီမံကာ ချက်ပြုတ်လေသည်။
ခရိတ် ကိုယ်တိုင်ကမူ နွားများဝယ်ယူလိုက်သည့်အတွက် ဒေါ်လာငွေ သိန်းနှစ်ဆယ်ခန့် ကုန်သွားရသည်ကို နှမြော သလို ဖြစ်မိသောကြောင့် ဧည့်ခံပွဲ၌ ရှန်ပိန်အရက်တည်ခင်းဧည့်ခံရာတွင် အဖိုးတန်ရှန်ပိန်မျိုး မ၀ယ်ယူ တော့ဘဲ သာမန်ဈေးနှုန်းချိုသာသော အမျိုးအစားဖြင့်သာ ဧည့်ခံရန် ဆုံးဖြတ်လိုက်သည်။

အစိုးရအဖွဲ့ဝင် ၀န်ကြီးသုံးဦးတို့သည် အနက်ရောင် မာစီဒီကား ကိုယ်စီဖြင့် ရောက်လာကြရာ သူတို့၏ ကားများ နှင့် အတူ လက်နက်ကိုင် ဘော်ဒီဂတ်အစောင့်များလည်း အင်အားအပြည့်နှင့် လိုက်ပါ လာကြသည်။
ဧည့်ခံပွဲ သို့  အမျိုးသမီးလည်း တက်ရောက်ပြီး အကောင်းဆုံး အလှဆုံးဝတ်စုံများ ၀တ်ဆင်လာသဖြင့် တင့်တယ် လှပ နေလေသည်။

ရှန်ပိန်အရက်တွေ ရေကဲ့သို့ တရောဟော စီးနေသည် ပါတီမျိုးဖြစ်၍ လူတိုင်းကသောက်လိုက် စားလိုက်နှင့် ပျော်ရွှင်  နေကြလေသည်။
ဇင်ဘာဘွေနိုင်ငံ ပညာရေးဝန်ကြီး၏ ဇနီသည်ဧည့်ခံပွဲသို့ လာရာတွင် သူမ၏နို့စို့အရွယ် ကလေးကို ခေါ်လာ ရုံ မက ကလေးသည် အချိန်တန်၍ နို့ဆာလာသဖြင့် ငိုသောအခါ ၀န်ကြီးကတော်သည် လူရှေ့သူရှေ့မှာပင် ကလေးငယ် အား နို့တိုက်နေလေသည်။

ဤအပြု အမူမျိုးမှာ မျက်နှာဖြူ ဥရောပတိုက်သားတို့ အနေဖြင့် ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည်ဟု ဆိုကြမည် ဖြစ်သော် လည်း အာဖရိကတိုက်မှ တိုင်းရင်းသားလူမည်းတို့က အဖို့မှာမူ လုံးဝရှက်စရာမရှိသည့် သဘာဝ အပြုအမူ တစ်ခုဟု ယူဆကြဟန် တူပေသည်။

ဧည့်ခံပွဲသို့ နောက်ဆုံးရောက်ရှိလာသူကား ၀န်ကြီးဗိုလ်ချုပ် ဖွန်ဂါဘီရာပင် ဖြစ်သည်။ သူသည စစ်ဝတ်စုံ ယူနီဖောင်း အပြည့်အစုံ ၀တ်ထားပြီး သူ၏ကားကို မောင်းလာသူက တတိယ တစ်မဟာမှ လူငယ် ကက်ပတိန် တစ်ဦး ဖြစ်လေသည်။ ထိုကက်ပတိန်ကို ခရိတ်က ယခင်းကလည်း မြင်ဖူးနေသည်။
ယခု တစ်ကြိမ် တွင် ဗိုလ်ချုပ်ဖန်ဂါဘီရာ က ခရိတ်အား ထိုလူနှင့် မိတ်ဆက်ပေးလေသည်။

''ဟောဒါက ကျုပ်တို့ တတိယ တပ်မဟာက အရာရှိလူတစ်ဦးပါပဲ၊ ကက်ပတိန် နီဘေဘီလို့ ခေါ်တယ်''
ခရိတ် လည်း ထိုကပတိန်အား အကဲခတ်ကြည့်လိုက်မိသည်။ လူကပိန်ပိန်၊ပါးပါး၊ မျက်မှန်တပ်ထားပြီး စစ်သား တစ်ယောက်အသွင်နှင့် မတူပါကလားဟု စိတ်ထဲမှမှတ်ချက်ချမိသည်။ ဟန်အမူအရာကလည်း တည်ငြိမ် အေးဆေးပုံ မရဘဲ တစ်စုံတစ်ခုသော အကြောင်းတစ်ခုကြောင့် စိုးရိမ်ကြောင့်ကြရပုံ ရလေသည်။

ခရိတ်သည် ထိုလူငယ်နှင့် စကားပြောကြည့်ချင်သော်လည်း အချိန်မရဘဲ ဖြစ်သွားလေသည်။ အကြောင်း မူကား ယခုကြိုဆိုပွဲလုပ်နေသည့် သူ၏နွားသိုးများ တင်ဆောင်လာသော သီးသန့်မော်တော်ယာဉ်ကြီးသည် ထိုအချိန် မှပင် ရောက်ရှိလသောကြောင့် ပင်တည်း။

နွားများရောက်ရှိလာလျှင် တခင်းတနား ကြိုဆိုရန် စီစဉ်ထားသည့်အတိုင်း စင်မြင့်တစ်ခု ထိုးထားပြီး ပရိတ်သတ်များ စုံရုံးနေကြလေသည်။
မော်တော်ယာဉ်ကြီးပေါ် မှ နွားများကို အောက်သို့ မချမီဗိုလ်ချုပ်ဖွန်ဂါဘီရာသည် စင့်မြင့်ပေါ်သို့ တက်၍ ပရိတ်သတ် အား မိန့်ခွန်းပြောလေသည်။
''ကြွရောက် လာကြသော လူကြီးမင်းများခင်ဗျား။ မစ္စတာခရိတ်ဟာ ကမ္ဘာကျော် စာရေးဆရာကြီး တစ်ဦး ဖြစ်တဲ့ အတွက် ဘယ်နိုင်ငံမှာမဆို သွားရောက်နေထိုင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူသွားတဲ့ နိုင်ငံတိုင်း ကလည်း မစ္စတာ ခရိတ်ကိုလှိုက်လှိုက်လှဲလှဲ ခရီးဦးကြိုပြုကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာမိမိရဲ့ နေရင်ဇာတိဖြစ်တဲ့ ကျုပ်တို့ဇင်ဘာဘွေ နိုင်ငံကို ပြန်လာပြီး အခြေချနေထိုင်ဖို့ ဆုံးဖြတ် လိုက်ခြင်းအားဖြင့် ကျုပ်တို့ဇင်ဘာဘွေနိုင်ငံဟာ လူမျိုးမရွေး လူဖြူလူမည်းမခွဲခြားဘဲ လူမည်း အချင်းချင်း လည်း မာတာဘယ်လီ၊ ရှိုနာရယ်လို့မခွဲခြားဘဲ အေးအတူပူအမျှ လွတ်လပ်ပျော်ရွှင်စွားနဲ့ ငြိမ်းချမ်းစွာ တရားဥပဒေ စိုးမိုးရေးအောက်မှာ နေထိုင်နိုင်ကြပါတယ်လို့ မစ္စတာခရိတ်အနေနဲ့ ကမ္ဘာကို ကြွားဝင့် ကြေညာ လိုက်တာနဲ့ အတူတူပါပဲ''

''အခုကျုပ်တို့အနေနဲ့ ဒီနိုင်ငံကို လာရောက်အခြေချ၊ နေထိုင်တဲ့ နိုင်ငံခြားသားများနဲ့ အလားတူသော နွားသိုးငယ် များကို ၀မ်းမြောက်ဝမ်းသာ ခရီးဦးကြိုပြုကြရမှာ ဖြစ်ပါတယ်။ ဒီနွား သိုးငယ်တွေဟာ မကြာ တော့သော ကာလမှာဆိုရင် အင်မတန်မှ မျိုးကောင်းမျိုးသန့် နွားထီး၊နွားမကလေးများကို မွေးလာအောင် စွမ်းဆောင် ဖန်တီးကြမယ့် ဖခင်လောင်းများလည်း ဖြစ်ပါတယ်။ ဒီနွားသိုးငယ်တွေရဲ့ အစွမ်းအစကြောင့် မြောက်မြား စွာသော မျိုးကောင်းနွား ကလေးများ မွေးလာတဲ့အခါ ကျုပ်တို့ဇင်ဘာဘွေနိုင်ငံရဲ့ တိုးတက် ဖွံ့ဖြိုး မှုကို အထောက်အကူ ပြုလာမှာလည်း သေချာပါတယ်''
ဤသို့ နွားကို လူနှင့်နှိုင်းကာ ဟာသဆန်ဆန် ပြောပြီးချိန်၌ ခရိတ်ကမော်တော်ယာဉ်ပေါ်မှ နွားသိုးများကို အောက်သို့ ချလိုက်စဉ် ဗိုလ်ချုပ်ဖွန်ဂါဘီရာကိုယ်တိုင် ဦးဆောင်လျက် လက်ခုပ်တီး သြဘာပေးလေရာ ပရိတ်သတ် ကလည်း အားပါးတရလက်ခုပ်တီး၍ နွားသိုးငယ်များကို ကြိုဆိုကြလေသည်။

နွားသိုးငယ်ဟု ဆိုသော်လည်း မျိုးကောင်းသလောက် အလွန်ထွားကျိုင်းသော နွားများဖြစ်ပေသည်။ ပထမဆုံး ကားပေါ်မှဆင်းလာသော နွားသိုးလျှင် ကိုယ်အလေးချိန် တစ်တန်ခန့် ရှိပြီး အထူးပင် သန်မာ ထွားကျိုင်း လှပပေသည်။

နွားကဲ့သို့ တိရစ္ဆာန်များကို တစ်နေရာမှ တစ်နေရာသို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်သည့်အခါ လမ်းခရီး ၌ နွားများငြိမ်အောင် စိတ်ငြိမ်အေး(ထရကွိလိုင်ဇာ) များထိုး၍ သယ်ယူလေ့ရှိကြသည်။
ယခု ကားပေါ်မှ ဆင်းလာသော နွားသိုးသည်လည်း ဆေးထိုးထားသဖြင့် သာမန်အခြေအနေလို မဖျက်လတ် ဘဲ ခပ်ငိုင်တိုင်တိုင် ဖြစ်နေလေသည်။ ဆယ့်ခြောက်နာရီခန့် မော်တော်ကားကြီးပေါ် တွင်ကျဉ်းကျပ်စွာ လိုပ်ပါ လာခဲ့ရခြင်းကြောင့်လည်း ညောင်းညာ ထိုင်းမှိုင်းနေပုံ ရလေသည်။

သို့သော် ခဏမျှကြာသောအခါ နွားသိုးများသည် မူဝေထိုင်းမှိုင်းခြင်းပပျောက်ပြီး စိတ်တိုလာပုံရ လေသည်။ ၀ိုင်းအုံကြည့် နေသော လူအုပ်ကိုလည်း မျက်စိနောက်ဟန် တူသည်။ ကြာရှည်ချုပ်နှောင်ခံရသလို မော်တော်ကား ပေါ် လိုက်ပါလာခဲ့ရခြင်းကြောင့်လည်း မကျေမနပ် ဖြစ်နေဟန်တူသည်။
နွားသိုး သည် ဒေါ်သထွက်လျက် ၀ိုင်းကြည့်နေသော ပရိတ်အား ရန်မူချင်လာဟန်ဖြင့် တိုက်ခိုက်ဝှေ့ပစ်ရန် အတင်းပြေး လာလေသည်။

ဤတွင် လူအုပ်ကြီးသည် ထိတ်လန့်အတကြားဖြစ်ကာ ခြေဦးတည့်ရာသို့ ထွက်ပြေးကြလေတော့သည်။ အရာရှိကြီးများ ဆိုလျှင် ထွက်ပြေးရာ၌ သူတို့ဇနီးများကိုပင် ချန်ထားကာ ခြေကုန်သုတ် ပြေးကြလေသည်။

သားသည် အမေမျာကလည်း ကြောက်အားလန့်အားနှင့် နီးရာအကာအကွယ်ရှိရာသို့ ပြေးလွှားသွား ကြရာ သူတို့၏ ကလေးများ လန့်၍ အော်ငိုသည်ကိုပင်ဂရိုမစိုက်နိုင်ကြချေ။
နွားသိုး သည် လူအုပ်ကို ရန်မရှနိုင်တော့သည့် အဆုံး၌ ယာယီထိုးထားသော ရွက်ထည်တဲကို အတင်းတိုး၍ ၀င်ဝှေ့ရာ ရွက်ထည်တဲပြိုကျသွားလေသည်။ ထိုနောက် တဲ၏တစ်ဖက်သို့ ပြေးထွက်သွားလေသည်။

ထိုအချိန်မှာပင် ၀န်ကြီးတစ်ဦး၏ ဇနီးငယ်သည် နွားသိုးပြေးလာသည့်လမ်းသို့ ရောက်နေရာ အမျိုးသမီးခမျာ ကြောက်အား လန့်အားနှင့် ငယ်သံပါအောင် သံကုန်ဟစ်အော် ရှာလေသည်။
နွားသိုး သည် အမျိုးသမီးကို ခေတ္တကြည့်ပြီးနောက် အတင်းပြေးဝင်သွားလေသည်။ နွား၏ဦးချိုက သူမ၏ ၀တ်စုံ အောက်နားတွင် ချိတ်မိစဉ် နွားသိုးဦးခေါင်းကိုရုတ်တရက် အပေါ်သို့ မော့တင်လိုက်သည်။
အမျိုးသမီး၏ တစ်ကိုယ်လုံး မြှောက်ပါသွားပြီး လေထဲတွင် တစ်ပတ်လည်ကာ မြေပြင်ပေါ်သို့ ပြန်ချချိန်တွင် သမကိုယ်၌ အ၀တ် လုံးဝမရှိတော့၊ ဗလာကျင်း နေလေသည်။ သို့သော် ကြောက်စိတ်ဖြင့် မရှက်နိုင်ဘဲ ၀င်းခြံပြင်ဘက် သို့ တအားထွက်ပြေးသွားရှာလေသည်။

အမျိုးသမီး ကိုယ်မှ ကျွတ်ကျန်ရစ်ခဲ့သော ၀တ်စုံသည် နွားသိုး၏ ဦးခေါင်းတွင်ရစ်ပတ်ဖုံးအုပ်လျက် ရှိရာ နွားက အ၀တ်ကို ဖယ်ပစ်ရန် ကြိုးစားသည့်အနေဖြင့် ဦးခေါင်းကို ၀ဲယာအတင်း လှုပ်ယမ်းလျက် ခါချနေ လေသည်။
ယင်းသို့ဦးခေါင်းကို လှုပ်ခါနေရင်း အကျီင်္သည် နွား၏မျက်လုံးတစ်ဖက်ဖုံးအုပ်နေရာမှ လွတ်သွားလေသည်။ နွားသိုး လည်း မျက်လုံးတစ်ဖက်ဖြင့် ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရှိနေသူ ပညာရေးဝန်ကြီးကို လှမ်းမြင် လေသည်။

ဤတွင် နွားသိုးသည် ဒေါသထွက်လာပြန်ကာ ၀န်ကြီးအားရန်မူရန် ဟန်ပြင်လိုက်သည်။
ပညာရေးဝန်ကြီး ဆိုသူကား အစားအသောက်ကျူးသူဖြစ်၍ ၀၀ဖိုင့်ဖိုင့် ဗိုက်ရွှဲရွှဲနှင့် လူတစ်ယောက် ဖြစ်သည်။
သူသည်နွားသိုးက သူ့အား တိုက်ခတ်ဝှေ့သတ်တော့မည်ဟု အန္တရာယ်ကို သိမြင်ပြီး အကြီးအကျယ် ထိလန့် တုန်လှုပ် လာက''ဟေ့...ဒီနွားကို ပစ်သတ်လိုက်ကြပါတော့လား၊ မြန်မြန် ပစ်သတ်လိုက်ကြ'' ဟု ဟစ်အော် လေသည်။

ဝန်ကြီး၏လက်နက်ကိုင် ကိုယ်ရံတော်များသည် နွားသိုး၏ရန်ကို ကြောက်ပြီးစောစောကပင် ကြိုတင် ထွက်ပြေး နေကြသဖြင့် ၀န်ကြီး၏အမိန့်ပေးခြင်းကို ဂရိုမစိုက်ကြချေ။
ခရိတ် သည် နွားများတင်ဆောင်လာသော မော်တော်ယာဉ်ကြီးပေါ်၌ ရပ်ကြည့်နေရင်း ကြံရမရဖြစ် နေလေသည်။ နွားသိုးသည် ပညာရေးဝန်ကြီးအား ရန်မူရန် သေချာသလောက် ဖြစ်နေပေပြီ။
ဝန်ကြီး က ကြောက်အားလန့်အားနှင့် ခြေကုန်သုတ် ပြေးနေသော်လည်း နွားသိုးကမူ သူ၏နောက်မှ လျင်မြန် စွာ တအားပြေးလိုက်နေပြီ ဖြစ်သည်။

ခရိတ် သည် သူဘာမှ မတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရသလို ဖြစ်ခြင်းကို အလွန်စိတ်ပျက် နေမိ လေသည်။
ကံအားလျော်စွာ ၀န်ကြီးပြေးသွားရာလမ်း၌ သစ်ပင်ရှိနေရာ ၀န်ကြီးသည် ရုတ်တရက်အကြံရပြီး သစ်ပင် ပေါ်သို့ ကမန်းကတန်း ပြေးတက်လိုက်လေသည်။ သစ်ပင်တက်တက်၍ တော်သေးသည်ဟု ဆိုရပေမည်။ ၀န်ကြီး က သစ်ကိုင်းတစ်ခုပေါ်သို့ ရောက်အောင် တက်လိုက်မိချိန်မှာပင် နွားသိုးသည် သစ်ပင်အောက် တည့်တည့်သို့ ရောက်ရှိလာလေသည်။

နွားသိုးသည် သစ်ပင်ပေါ်မှ ၀န်ကြီးကို လှမ်းကြည့်ပြီး မကျေမချမ်းဖြစလျက် ဒေါသထွက်ဟန်ဖြင့် ကျယ်လောင်စွာ အော်လေသည်။ ရှေ့ခြေတစ်ဖက်ကလည်း မြေကြီးကို တူးဆွနေသည်။
''ဟေ့လုပ်ကြပါဦးကွ၊ ဒီနွားသိုးတခြားကို ထွက်သွားအောင် တစ်ခုခုလုပ်ကြပါ''
ဝန်ကြီးက သစ်ပင်ထက်မှ ဟစ်အော်လိုက်ရာ ခလှမ်းလှမ်းသို့ ရောက်နေသော သူ၏ကိုယ်ရံနော် တစ်ဦးက ကြားသွားပြီး လှမ်းကြည့်လေသည်။

သည်တော့မှ ထိုသူသည် တာဝန်ဝတ္တရားကို သတိရကာ ၀န်ကြီးအားကာကွယ် စောင့်ရှောက်ရန် စိတ်ကူး ရလာ တော့သည်။ သူနှင့်အတူ ပါလာသော ကိုယ်ရံတော် တပ်ဖွဲ့ဝင်များကိုပါ ခေါ်၍ သေနတ်လက်နက်များ ထုတ်ကိုင်ကာ နွားသိုး ရှိရာသို့ သတိထားပြီး ၀ိုင်းလာကြသည်။
ဝန်ကြီး၏ကိုယ်ရံတော် တပ်ဖွဲ့ဝင်များက နွားသိုးအား သေနတ်နှင့် ပစ်သတ်ရန် ၀ိုင်းလာသောအခါ ခရိတ် သည် လှမ်းကြည့်နေရာမှ ရိပ်မိသဖြင့် ပျာပျာသလဲဖြစ်ကာ
''ဟေ့လူတွေ နေကြပါဦး၊ နွားသိုး ကို မပစ်ကြပါနဲ့'' ဟုလှမ်းအော်ပြောလိုက်သည်။

သူဝယ်ယူထားသော နွားသိုးများအတွက် အာမခံထားရှိသော်လည်း ယခုကဲ့သို့ တစ်စုံတစ်ယောက် က ရိုင်ဖယ် သေနတ်ဖြင့် ပစ်သတ်မှုကြောင့် သေဆုံးသွားလျှင် အာမခံကုမ္မဏီက အာမခံငွေ ပေးလျော်မည် မဟုတ်ကြောင်း သိထားသဖြင့် ခရိတ်သည် စိုးရိမ်တကြီး ဟစ်အော်ထားမြစ် လိုက်ခြင်းဖြစ်သည်။

နွားသိုး တစ်ကောင်၏ တန်ဖိုးဒေါ်လာငွေ တစ်သောင်းငါးထောင် ဆုံးရှုံးရမည်သာမက ကိုယ်ရံတော် (ဘောဒီဂတ်) များ မောင်းပြန်သေနတ်များဖြင့် ရမ်းပစ်လိုက်ပါက နွားသိုးနောက်ဘက်တွင် ရှိနေသော လူသူ ပရိသတ် (အမျိုးသမီးနှင့် ကလေးများအပါအ၀င်) ကိုမတော်တဆ ထိသွားနိုင်သည့် အန္တရာယ်ကလည်း ရှိသဖြင့် စိုးရိမ်မိခြင်းဖြစ်လေသည်။

ယူနီဖောင်း ၀တ်ထားသူ လက်နက်ကိုင် ကိုယ်ရံတော်တစ်ဦးသည် သူ၏ရိုင်ဖယ်သေနတ်ကို မြှောက်၍ပစ်ရန် ချိန်နေပြီဖြစ်သည်။ သို့သော် စောစောက ကြောက်ပြီး ပြေးလွှားခဲ့သောကြောင့် မောပန်းနေသဖြင့် သေနတ် ကို ကောင်းစွာမချိန်နိုင်ဘဲ လက်များတုန်နေလေသည်။
''ဟေ့ မပစ်ပါနဲ့၊ နွားကိုမပစ်ပါနဲ့''
ခရိတ် က ထပ်မံ၍ လှမ်အော်လိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် တိုင်းရင်းသား လူမည်းအဘိုးကြီးတစ်ဦးသည် ပြေးဝင်လာပြီး ချိန်ရွယ်ထားသော သေနတ် နှင့် နွားသိုးကြားတွင် ခပ်တည်တည်ဝင်ရပ်နေလိုက်သည်။

အခန်း (၁၂) အပိုင်း (၃) ဆက်ရန်
.

1 comment:

Anonymous said...

ဆရာမရေ.. ဒီအပိုင်းလေးလည်း ဖတ်သွားပါပြီခင်ဗျ... နွားသိုးကလည်း တော်တော်စိုးတယ်နော်.. ဝန်ကြီး ဇနီးငယ်ရဲ့ ဝတ်ရုံကို ရအောင်ယူပြီး ခေါင်းမှာ ရစ်ပတ်ရတယ်လို့.. သူ့ခဗျာ. အရှက်ထက် အသက်က ပိုအရေးကြီးတော့ အဝတ်မပါပဲ လှည့်ပတ်ပေးနေရတာ သနားပါတယ်... :)

ခင်မင်စွာဖြင့်
ဇော်သိင်္ခ