Thursday, August 19, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို)

စပါးတစ်စေ့ ပဲတစ်စေ့

"ဟော လာကြပါပြီကော"
ရီးကျီးဒန်သည် မည်မျှပင် မျက်စိမှုန်စေကာမူ နှင်းမှုန်ထဲ၌ တရွေ့ရွေ့လာနေသော ကလေးတန်း ကြီးကို တစ်ချက် ကြည့်ရုံဖြင့် သူ့မြစ်တွေဟု သိ၏။ မြစ်များကလည်း အဘေးရီးကျီးဒန် ပြောစရာ ဖြစ်၏။ သူတို့ အဘွား ဒေါ်ချောစိန်၊ ဒေါ်လှမေတို့အိမ်သို့ မသွား။ လင်းပြီ ဆိုလျှင် အဘေး ရီးဆေးရိုး ရီးကျီးဒန် တို့အိမ်သို့သာ တန်းပြီးလာကြ တော့သည်။

အချမ်းပေါ့စေရန် ခါးကို ကုန်းထားသော လူတန်းကြီး၏ ရှေ့ဆုံးတွင် သူ့ကျော်နှင့် သူရသန်း၊ သူရထွန်း ညီအစ်ကို သုံးယောက် ဖြစ်သည်။ ဦးဘညိန်း၊ ဒေါ်လှမေတို့၏ သမီးဦး မေကြည်၏ သားများဖြစ်ကြသည်။ သည် သုံးယောက်၏နောက်မှ ကုပ်ကုပ်ကလေး လိုက်ပါလာကြသူများမှာ ညီဘညိန်း၊ ဒေါ်လှမေတို့၏ ဒုတိယ သား ကိုခင်မောင်ငြိမ်း၊ မရီရီပြုံးတို့၏ သမီးများ၊ ပြုံးပြုံးငြိမ်းနှင့် ပြုံးပြုံးရည်ငယ်။

သသည့်နောက်တွင်ကား ဦးထွန်းရ၊ ဒေါ်ချောစိန်တို့၏ မြေးများ ဖြစ်သော ငဟစ်ကြီး၊ သတ္တိခဲနှင့် ရွှေရည်ဝင်းတိုက ပေတည်း။
သူတို့က အမေကြီးဟုခေါ်သော ဘေးမကြီး ရီးကျီးဒန် ကြည်ဖြူသည်ဖြစ်စေ၊ မကြည်ဖြူသည် ဖြစ်စေ၊ မြစ် များကား မီးဖိုကို ၀ိုင်းထိုင်ကြချေပြီ။
"ရော့ ရော့ ဒါနဲ့ထိုင်"
ရီးဆေးရိုးသည် 'ထန်းဖုံးဖတ်'များကို အလောတော်ဖြစ်အောင် ဖြတ်ထားသော ထိုင်စရာများကို ထိုးပေး၏။
"အ၀တ်စ ကို သိမ်းဦးလေ ဖုန်ထဲ မကျပစေနဲ့" ဟူ၍လည်း ပြောသေး၏။

ထိုင်မိကြသည်နှင့် မျက်လုံးတွေက မီးဖိုအောက်ခြေကို မျက်တောင်မခတ်ဘဲ ကြည့်နေကြပြီ။ မီးဖိုကို ပတ်ချာလှည့်ချက် ထိုးထားသော ထန်းပင်မြစ်များဖြစ်ချေသည်။ ထန်းပင်မြစ်များကို မီးတောက်ထဲသို့ မထည့်၊ မီးကျီးခဲပေါ် မတင်ပါ။ ပူနေသော မြေကြီးနှင့် အပူဓာတ်အား ကောင်းနေသော မီးဖို၏ကြားတွင် ထိုးထားခြင်း ဖြစ်သည်။

"ကြည့်ကြည့်မနေကြနဲ့။ ဘနဲ့မေကြီး မစားရသေးဘူး"
မိရင်းဖရင်းနှင့် ဘိုးအေးဘွားအေများကို ကျော်ပြီး။ ဘေးများထံသို့ ရောက်လာသည့်အတွက် ကောင်စွာ မကြည်ဖြူ သော ရီးကျီးဒန်၏ ရှစ်ခေါက်ချိုးမျက်နှာကြီး ပြေပြစ်ကြည်လင်လာအောင် လုပ်လိုက်သောသူမှာ သတ္တိခဲဖြစ်သည်။

မီးဖိုဝန်းကျင် တွင် ထန်းပင်မြစ်အခွံညိုညစ်ညစ်နှင့် မဲမဲသဲသဲတွေ ပေပွမနေပေ။ ဖြူဖွေးသော အူတိုင် တွေ၊ အမျှင် တွေ မရှိသေးသဖြင့် သည်နံနက်တွင် မည်သူမျှ ထန်းပင်မြစ် မစားရသေးကြောင်း ထင်ရှားသည်။
ဘ၏ ဘေးတွင် အကြမ်းအိုးမရှိသေး။ အကြမ်းအိုး လက်ခံကရားမှာ ဘ၏ကျောဘက်ရှ မန်ကျည်း ပင်ရင်း တွင်သာ ရှိသေးသည်။ မီးဖိုပေါ်တွင် သံခနောက်(ခုံလောက်)ဖြင့် တည်ထားသော 'တည်ကရား'မှာ နှုတ်သီးမှ အငွေ့ များ ထွက်စသာရှိသေး၏။

ဤသည် တို့ကိုကြည့်ပြီး သတ္တိခဲက သူ၏ညီအစ်ကို မောင်နှမများအား ဆရာလုပ်လိုက်သည်။ ရီးဆေးရိုး ပြုံးသည်။
"မင်းက တော်တော်လာတဲ့ ကောင်ပဲကွ ဟေ။ မင့်အမေကြီး မကျွေးချင်တာကို ကျွေးချင်အောင် ပြောတာ မဟုတ်လား"
"သတ္တိခဲ က လူလည် ဘရဲ့"

ဝင်ပြောသူမှာ ညီအစ်ကိုတစ်ဝမ်းကွဲ ငဟစ်ကြီးခေါ် အောင်ကျော်စံဦး ဖြစ်သည်။ အကောင်သေး သော်ငြား အသံက အသံသြကြီး။
"ဘရေ စက်ရပြီဗျို့"
အိမ်ခြေရင်းအကွယ် နှင်းကမ္ဗာလာထဲမှ ဘွားခနဲထွက်လာရင်း ပြေးပြေးပြောပြော ပြေးလာသူမှာ မောင်ကိုကြီး ဖြစ်သည်။ စွပ်ကျယ်ချိုင်းပြတ်လေးနှင့် ချမ်းဟန်တူသည်။ တူတွေ တူမတွေကြားသို့ အတင်း ပြေးဝင်သည်။ မီဖိုနားသို့ အတင်းကပ်သည်။

သူက သမီးကြီး မချောစိန်၏ သားကြီးဖြစ်သည်။ ဘေးအေ၏အိမ်နောက်ဖေးတွင် အဖီဆွယ်ပြီး နေရင်း၊ ဘေးအေးကြီး ၏ လယ်ကိုလုပ်ပေးနေသူ ဖြစ်သည်။
"ဒါလောက်ချမ်းတာကို စွပ်ကျယ်ကလေး နဲ့ သေတော်ခေါ်ချင်လို့"
ရီးကျီးဒန် ငေါက်ငမ်းငြား မောင်ကိုကြီး မျက်နှာမပျက်။ အစီအရီထိုးထားသော ထန်းပင်မြစ် သုံးချောင်းကို ဆွဲ ထုတ်သည်။ ထန်းပင်မြစ်အခွံများမှာ မည်းခြစ်မနေပေ။ မူလအရောင်လည်း မပျက် ချေ။ သို့ရာတွင်ကြွပ်ရွနေသည်။ သည်ထန်းပင်မြစ်များကို မောင်ကိုကြီးသည် နှီးကလေး တစ်စဖြင့် ခြစ်ခြလိုက်ရာ ထန်းပင်မြစ် သားသည် ဖွေးခနဲပေါ်လာ၏။ နှစ်ချောင်း ခြစ်အပြီးတွင် ဘနှင့် အမေကြီးထံသို့ တစ်ချောင်းစီလှမ်းပေးပြီးမှ သူ့အတွက် တစ်ချောင်းကို အခွံခွာသည်။

"ဘကြီးက ကိုယ့်ဖို့ပဲသိတယ်"
မကြည်မြ အသံတစ်သံ ထွက်လာတော့မှ မောင်ကိုကြီးသည် တူတွေ တူမတွေအတွက် သတိရ သည်။
"ဟဲ ဟဲ ဟဲ ဆောရီး ဆောရီး"
နောက်ထပ် ထန်းပင်မြစ် ငါးချောင်း ထပ်မံဆွဲထုတ်စဉ် ရီးကျီးဒန်က သူ့ဘက်လှည့်လာသော မီးခိုး ညွန့်ကို ရှောင် တိမ်းရင်း မြေးအားမေး၏။
"ခုနက နင်ပြောလိုက်ပါတယ်။ ဘာစက်တုံး"

"ကောက်ရိတ်စက်ပါ အမေကြီးရာ"
"စည်းတွေ မအားလို့ စက်ငှားတာလား လူလေး"
"စက်ရလို့ စည်းမငှားတာ အမေကြီးရေ။ ကောက်ရိတ်စည်းကို ငှားလို့ရရင် စပါးတွေ ကျွမ်းအောင် စောင့်ရမယ်။ ကောက်ရိတ်စက် ငှားတော့ ခြွေစက်ပါတစ်ခါတည်း ပါလာတယ်ဗျ"
မောင်ကိုကြီး သည် အမေကြီး၏ အမေးကိုလည်း ဖြေ၏။ ထန်းပင်မြစ် ငါးချောင်းကိုလည်း အခွံခွာ၏။ အခွံခွာ ပြီးသော ထန်းပင်မြစ်များကို ထက်ခြမ်းခွဲပြီး တူတွေ တူမတွေကို ဝေငှလိုက်ရာ တစ်ချောင်းသာ ကျန်တော့ သည်။

"ငချိပ်ပေါင်း ကုသိုလ်ပြုပါတယ်"
အိမ်ရှေ့နှင်းမှောင်ထဲမှ ပေါ်လာသော အသံဖြစ်သည်။
"တစ်ဆိတ် လှမ်းလိုက်ကြပါဦး" အော်သံ ဆက်လက်ထွက်ပေါ် နေစဉ်တွင် မောင်ကိုကြီးသည် အသံ လာရာသို့ ရောက်ရှိသွားပေပြီ။
"သာဓု တော် သာဓု သာဓု။ ခိုးခိုးခါခါတော် ငချိပ်ပေါင်းတဲ့"

ကောက်ဦးကောက်ဖျားကို အမြတ်တနိုးဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းရုံမက၊ တစ်ရွာဝင် တစ်ရွာထွက် ဝေငှတတ်သည်မှာ သည်အရပ်၏ ဓလေ့ဖြစ်သည်။ အချို့မှာမူ ကောက်ညှင်းပေါင်းကို ရိုးသည် ဆိုကာ ကောက်ညှင်းဖြင့်လုပ်သော 'မုန့်ပေါင်း'များ လိုက်လံဝေငှ တတ်သည်။ မောင်ကိုကြီးသည် ငှက်ပျောရွက်ဖြင့် ထည့်ထားသော ငချိပ်ပေါင်းမျးကို ယူပြီး မီးဖိုဘေးသို့ အပြေးရောက်လာ၏။ တစ်စလယ် ချက်ခန့် ရှိမည်။

"အင်း ဆီကုန်ဦးမှာ ပါကလား"
ရီးကျီးဒန် မြည်တမ်းနေဆဲမှာပင် မောင်ကိုကြီးသည် အိမ်ပေါ်သို့ ပြေးတတ်သွားသည်။ မှုတ်တပ် ထားသော ဆီအိုးနှင့် ဆားပုလင်းအပြင်၊ သံဇလုံ တစ်လုံးနှင့် ပန်ကန်ပြားများပါ ယူချလာသည်။
မောင်ကိုကြီး သည် ဖက်ထဲမှ ကောက်ညှင်းပေါင်းများကို ဇလုံထဲသို့ သွန်ချပြီး ရီးကျီးဒန်ကို လှမ်းပေး၏။
"အမေကြီး စားနိုင်မှာ မဟုတ်ပါဘူး သားရယ်။ မင်းပဲ ဆီးဆမ်း၊ ဆားဖြူး နယ်ဖတ်ပြီး မင်းအမျိုး တွေကို ဝေငှ ပေးလိုက်ပါ"

"ငချိပ်ပေါင်း က ရင်မခံပါဘူး အမေကြီးရ"
"ခံခံ မခံခံဟယ်"
မောင်ကိုကြီးသည် ကောက်ညှင်းပေါင်းပေါ်ကို ဆားသာဖြူး၏။ အမေကြီး၏ပါစပ်ကို သိသော ကြောင့် ဆီမှုတ် ကို မကိုင်။ အမေကြီး လက်ထဲသို့ အိုးပါ ကမ်းသည်။
အမေကြီး သည် ပုန်းညက်သီးကို အရိုးတပ်ထားသော မှုတ်ဖြင့် တစ်မှုတ်ခပ်ကာ ဆမ်းပေး၏။

မြစ်များအတွက် ထန်းပင်မြစ် တစ်ခြမ်းသည် နံမစွတ်ပေ။ ငချိပ်ပေါင်းနံ့ သင့်ပျံသောအခါ ပါစပ် တပြင်ပြင် လက် တကမ်းကမ်း ဖြစ်နေကြပြီ။
မောင်ကိုကြီးသည် အမေကြီးနှင့် ဘအတွက် တစ်ဆုပ်စီ ဦးချသည်။ ပန်းကန်တစ်ချပ်စီဖြင့် ထည့်ပေးသည်။ ကလေး တွေကိုကား သည်အတိုင်း တစ်ဆုပ်စီ ဝေငှသည်။
"ပဲ တွေလည်း အများကြီးပါကလား"

ဘသည် သွားဖုံးဖြင့် ကြိတ်မြုံ့ရင်းက ကျေနပ်စွာပြော၏။ အမေကြီးကမူ အလောသုံးဆယ် မျိုချ နေသော မြစ် များအား မျက်လုံးဝေ့ကြည့်၏။ "သပ်သပ်ရပ်ရပ် စားကြ။ အောက်ကို တစ်စေ့ကျရင် တစ်စေ့ ကောက်စား ရမယ်"ဟု လှမ်းမာန်၏။
မောင်ကိုကြီးသည် ဆီအိုးနှင့် ဆားကို မန်ကျည်းပင်၏ ခြေရင်းတွင် ကျကျနနထားပြီးမှ ကောက်ညှင်းပေါင်းဇလုံကို တင်ပျဉ်ခွေထဲ ထည့်လိုက်သည်။ ကောက်ညှင်းပေါင်း တစ်ဆုပ်ကို ဆုပ်ရာက လှည့်ပြော၏။

"မြေကြီးပေါ် ဖျာပေါ် ကြမ်းပေါ် ကျပြီးသားကို ကောက်စားခိုင်းတာ မကောင်းပါဘူး အမေကြီးရာ။ သန့်မှ မသန့်တာ"
ထိုအခါ ရီးအေးရိုးသည် ကောက်ညှင်းပေါင်း ပန်းကန်ကို ခုံငယ်ပေါ်သို့ တင်ထားပြီး၊ ရေနွေးကြမ်း ပန်းကန် ကို ကောက်ကိုင်၏။ "ဒါက သည်လိုကွ လူလေးရ"ဟု အစချီ၏။
မောင်ကိုကြီး မော့ကြည့်ငြား ရီးဆေးရိုးသည် ရေနွေးတရှုပ်ရှုပ် ယူလိုက်သေး၏။

"ကိုယ်စားတဲ့ ထမင်းကို အသက်သခင်အဖြစ် ရိုသေစေချင်လို့ကွ။ ပြီးတော့ နှမ်းတစ်စေ့ ပဲတစ်စေ့ စပါး တစ်စေ့ဖြစ်လာဖို့ အရေးဟာ ကနေ့ခေတ်လို လွယ်တာမဟုတ်ဘူး။ မင်းတို့ခေတ်မှာ ဆည်တွေ မြောင်းတွေနဲ့၊ လယ်ကွင်းတွေနဲ့ အသာကလေး စိုက်ကြရာတာ။ ငါတို့ အဖေများ လက်ထက်တုန်းက လင်းဇင်း မြောင်းတောင် မရှိသေးဘူး။ သာဒွန်းဝ မြောင်းဆိုတာပဲ ရေမမှန်တစ်ချက် မှန်တစ်ချက်နဲ့"
"တစ်အိမ် ကို ဆန်တစ်ပြည်၊ ဓားတစ်ချောင်း၊ မီးတုတ်တစ်ခု၊ ဒကပ် (ထွန်ကပ်)နဲ့ နွားတစ်ရှဉ်းဟေ့။ ကနေ့ည သန်းခေါင်းအချိန်မှာ ဆည်တက်ကြရမယ်ဟေ့"

သာဒွန်းဝမြောင်းသောက် လယ်သမားများသည် မြောင်းခေါင်း၏ အသံကို နားစွင့်နေခဲ့ကြသည်မှာ သုံးရက်ရှပြီ။ မြောင်းရေပြတ်သွား ကတည်းက ဖြစ်ပေတည်း။ ဆန်တစ်ပြည်မှာ ဆည်တက်သော လယ်သမား ချက်စားရန် ဖြစ်သည်။ ဆန်တစ်ပြည်ကုန်အောင် ကြာမြင့်မည်ဆိုသောကြောင့် ဆည်သည် များစွာ ပျက်စီးသွားခဲ့သည်ဟု နားလည်ကြ၏။
မီးတုတ် မှာ ညအချိန်တွင် ထွန်းညှိရန်ဖြစ်သည်။ တုတ်မီးခေါ် လက်နှိပ်ဓာတ်သော်မျှ ကျေးလက်သို့ မရောက်သေး။ ထွန်ကပ်(ဒကပ်)ကား ထွန်သွားများကို ထန်းပလပ်ပြားဖြင့် ရက်ထားသော  ကပ်ဖြစ်သည်။ မြောင်းထဲ သို့ စီးဝင်ပို့ချထားခဲ့သော သဲတွေ ယက်ထုတ်၇န်၊ ဆည်ပေါက်ကို ဖို့ရန် ဖြစ်သည်။

ဆင်းရဲသားမြောင်းသးည် ကိုယ့်အားကိုယ် ကိုးစားသော မြောင်းဖြစ်သည်။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင် ကြွရောက် ကာ ကြပ်မတ်ပြီး ဆည်ဖို့တည်ဆောက် ဖောက်လုပ်ထားခြင်းမဟုတ်။ သို့ကြောင့် ထိုဆည်နှင့် ထိုမြောင်း ကို စောင့်ရှောက်သည့်  "ဘင်သား" မရှိပါ။ မြောင်းခေါင်းတွေသာ အလှည့်ကျ ကြီးကြပ်ရသည်။ ရေညာဘက် သို့ မျှော်ကာ သဲပေါင်ကိုမျှောထားသော ည်ဆည်တွင် ဆည်တိုင်တွေ တစ်လန်ကွာ တစ်တောင် ခြားပြီး သုံးထပ် ရိုက်ထားသည်။ ဆည်တိုင်တွေကြား သစ်ကိုင်းသစ်ခတ်တွေ ထည့်ထားသည့် အတွက် "သစ်ခတ်ဆည်"ဟူ၍လည်း ခေါ်၏ ။

ချောင်းရေသ်ည သင့်တင့်ရုံသာ လာ၏ ။ သစ်ခတ်ဆည် ခံထားသော မြောင်းထဲသို့ ကောင်းမွန်စွာ စီးဝင်၏ ။ လယ်သမား တွေ တေးတကြော်ကြော်ဖြင့် ထွန်ကြစိုက်ကြ။ ချောင်းရေသည် ဒေါသတကြီး စီးဆင်းလာပြီး ကမ်းပါး တွေကို ဖြိုချပြီး သစ်ပင်တွေကို သယ်ပိုးလာ၏ ။ သစ်ခက်ဆည်ဝတွင် ဒိုက်သရောတွေ ဆို့ကုန်ပြီ။ သဲပေါင်ကြီး နှင့် ဆည်တိုင်များလည်း ရေစီးနောက်သို့ ပါသွားပြီ။ ပျိုခင်းထဲက တေးသံ ဆိတ်သွားပြီ။

    "ဆည်တက်ကြရမယ်ဟေ့"
    သစ်ခက်ဆည်ကား မရေရာမှု လွန်ကဲသည်။
    ဆည်ဆက်သူများ အိမ်သို့ပြန်ရောက်၍ ဖင်မျှ မနွေးသေး၊ မြောင်းခေါင်း ရောက်လားပြီး "မောင်တို့ရေ၊ ထမခြောက် ရှိရင် ထမခြောက်၊ ထမခြောက် မရှိရင် ဆန်တစ်ခွက် ထည်ပြီး ဆည်တက်ဖို့ ပြင်ကြပေဦး မောင်တို့ရေ"  ဟု အားနာသံဖြင့် ဆင့်ဆိုသည်။

သည်ကဲ့သို့ သောအချိန်တွင် ကိုကျန်ကြီး၊ မကြွယ်စိုးတို့က သာဒွန်ဝ မြောင်းသောက် လယ်သမား ဖြစ်လာ ကြသည်။ သူတို့လုပ်စက ပိုင်ရှင်မရှိသော တစ်ယောက်စိုက် နှစ်ယောက်စိုက် မြေများပေါ်
တွင် စမ်းသပ် လုပ်ကြည်ခြင်းဖြစ်သည်။ သူတို့ အစမ်းလုပ်ကြည့်သောနှစ်တွင် မြောင်းရေက မှန်သည်။ ရာသီဥတု က သင့်သည်။ သို့ကြောင့် ၀မ်းစာ စပါးဆယ်တောင်းခန့် ရလိုက်သည်။ စပါးဈေးသည် တစ်တောင်းခေါင်း သုံးမတ်လော တစ်ကျပ်လော မယ်ကြွယ်စိုးတို့ မသိပါ။ ၀မ်းစာ ဖူလုံလုနီးပါး ရသည့် အတွက် လယ်လုပ်သည့်အရသာကို ချိုမြိန်သည် ထင်ကြခြင်း ဖြစ်ပေ၏ ။
ကိုကျန်ကြီး၊ မကြွယ်စိုးတို့ လောဘ နားရွက်တက်လာပြီ။ မတက်၍လည်း မဖြစ်။ ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေရငြား ကလေးသုံးယောက် ရနေပြီ။ အကြီးဆုံးကောင် ငထွန်းကား၊ အလယ်လူ ဆေးရိုး၊ သားနှောင်းမှာ မယ်မျှင်။

လယ်မြေသစ်ရှာဖွေရင်းဖြင့် ကိုကျန်ကြီးနှင့် မကြွယ်စိုးတို့သည် သာဒွန်းဝမြောင်းဖျား၌ မြေအသစ် တွေ့သည်။ တောရှောက်နှင့် ညောင်ပင်ကြီး တစ်ပင်၊ ကုက္ကိုပင် နှစ်ပင်၊ ကသစ်ပင် တစ်ပင် ဖုံးလွှမ်း နေသည်။ မယ်ကြွယ်စိုးက သားနှောင်းကို ခါးထစ်ခွင်လျက် ကူလီလုပ်စဉ် ကိုကျန်ကြီးက ဓားမ တစ်ချောင်း ဖြင့် တောတိုးသည်။ သားနှစ်ယောက်ကို ဘုန်းကြီးကျောင်းတွင် ထားသောကြောင့် ထမင်းဆာ၍ ငိုယိုမည်ကို မပူပန်ရပေ။ သို့သော် လယ်တီကျင်းရာတွင် ကိုကျန်ကြီးတစ်ယောက် တည်းဖြင့် အလုပ် မတွင်လှ။ သားနှစ်ယောက် သည် ငယ်ပင် ငယ်ငေါင်း သော်ငြား 'ငမန်းစွယ်' တစ်ဖက်ကို ထိန်းပေးနိုင်၏။ ကိုင်းဖျား၊ ကိုင်းနားတွေ ခုတ်ထွင်နိုင်၏။ ရေနွေးအိုးတည်၊ ထင်းရှာ၊ ဟင်းရှာ။ သို့အတွက် ကိုကျန်းကြီးမှာ ဆရာ ဘုန်းတော်ကြီး ထံ၌ မရဲတရဲ လျှောက်ရ၏။

အပိုင်း (၂) ဆက်ရန်
.

2 comments:

ကိုဇော် said...

မျှော်လျက်...

မေဓာဝီ said...

ထမမြစ် (ထန်းပင်မြစ်) စားချင်တယ်၊
ငချိတ်ပေါင်း စားချင်တယ်။
ငယ်ငယ်တုန်းက ဆောင်းတွင်းဆို ခြံထဲမှာ မီးဖိုပြီး ထမမြစ်တွေ ဖုတ်စားကြတာ သတိရတယ်။
အဲဒီတုန်းက ကောက်ညှင်းပေါင်းရင် ခုလို ရိုက်စ်ကွတ်ကာနဲ့ ချက်တာဟုတ်ဘူး။ မြေပေါင်းချောင်နဲ့ ထင်းမီးဖိုပေါ်မှာ ပေါင်းတာ။ မွှေးပြီး စားလို့ကောင်းမှကောင်း။
ငချိတ်ပေါင်းကို စားတော်ပဲပြုတ်ရယ် ငါးခြောက်ဖုတ်ရယ် နှမ်းထောင်းလေးရယ် ... စားလိုက်ရရင် ......