(၄)
ကြက်တိုက်ပွဲအတွက် ချိန်းရက်ကား ရောက်လာလေပြီ။ ဤချိန်းဝိုင်းမှာ ဒိုင်လုပ်သူက ပုလိပ်အရာရှိများအား ကျေနပ် အောင် ငွေထိုး၍ အထင်ကရ ပြုလုပ်သော ချိန်းဝိုင်းဖြစ်ရာ၊ အနယ်နယ်မှ ကြက်သမားကြီးများနှင့် နာမည်ကျော် ကြက်သမားကြီးများနှင့် နာမည်ကျော် ကြက်ပေါင်းစုံများ စုံညီလာတတ်၏။ ရောက်လာသမျှ ကြက်များ အား ဒိုင်လုပ်သူက လက်ခံစစ်ဆေး ၍ အလုံးအရပ်တူ၊ အရွယ်တူ ကြက်များအား ရွေးထုတ်၍ နှစ်ဖက် သော ကြက်ရှင်များအား တေ့ဆိုင် ချိန်းပေး၏။ နှစ်ဦးသဘောတူလျှင် ၀ိုင်းသွင်း တိုက်ကြရန် ပင်ဖြစ်သည်။
ဤနေကတွင် ကိုသန်းမောင်သည် အစောကြီးထ၍ ကြက်ကို ရေပေးနေ၏။ ရေပေးပြီး၍ ကြက်ကို ရင်ခွင် တွင် ယုယစွာပိုက်ကာ ပြန်တက်လာခဲ့သည့် အခါ၌ လက်တွင် ဆယ်တန်ငွေစက္ကူ ငါးချပ်ကို ကိုင်ကာ အိမ်ဝမှ အသင့် စောင့်နေသော မအေးတင်ကို တွေ့မြင်ရ၏။ သူမ၏ မျက်နှာတွင်ကား ယခင့် ယခင်တုန်းကလို အလို မတူ သဖြင့် စူတူတူ အမူအရာမျိုး မဟုတ်တော့ဘဲ ကျေနပ်ကြည်ဖြူ အလိုတူ နေသလို ပြုံးပြုံးရွှင်ရွှင်ပင် ရှိနေ၏။
'ရော့....တော်လိုချင်တဲ့ ငွေငါးဆယ်၊အိမ်မှာ ရောင်းချစရာကုန်စည် လက်ကျန် မရှိတော့လို့ ကျုပ် ဒီနေ့ ဈေးရောင်း မထွက်တော့ဘူး၊ တော်လည်း ကြက်ပွဲပြီးရင် ရှုံးရှုံးနိုင်နိုင်ဟိုဟိုဒီဒီဝင်မနေဘဲ အိမ်ကို တစ်ခါ တည်း တန်းပြန်ခဲ့နော်၊ ကျုပ်မျှော်နေမယ်'
ကိုသန်းမောင်သည် သူ့အား လက်ကမ်းပေးနေသော ငွေစက္ကူကလေး များအား လှမ်းယူခြင်း မပြုသေးဘဲ အတန်ကြာ အောင်ပင် ခပ်တွေတွေကလေး ငေးကြည့်နေ၏။ နောက် မချိုပြုံးဟု ခေါ်မလား.... ရှက်ပြုံး ဟု ခေါ်မလား.....မလုံမလဲသော အပြုံးဟုပဲခေါ်ရမလား၊အမှန်ကဤသုံးမျိုးစလုံးပင် အကျုံးဝင်သော အပြုံးမျိုးကို ပြုံးလိုက် ၍ လေးတွန့်ဆုတ်သော လက်ဖြင့် ငွေစက္ကူများကို လှမ်းယူကာ သူ့အိတ်တွင်းသို့ အသာအယာ ထည့်လိုက်၏။
'ငါ ဒီတစ်ခါ နင့်ဆီက ငွေကိုယူရတာ စိတ်ထဲသိပ်မကောင်းဘူး၊ ၀မ်းနည်းသလိုလို ဖြစ်နေမိတယ်။ ဒါပေမဲ့ကွာ...ဟစ်တလာဟာ ငယ်စဉ်ကထဲက စပြီးမျှော်လင့်တကြီးနှင့် ကရိကထခံပြီး မွေးလာရတဲ့ ကြက်မို့ တစ်ပွဲ တစ်လမ်းမှ မစမ်းလိုက်ရရင် မွေးရကျိုး မနပ်ဘဲ အလဟသ ဖြစ်သွားမှာမို့သာ ငါယူရတာပါ ဟာ။ ကဲ... ငါသွားမယ်နော်၊ ကြက်ပွဲပြီးပြီးချင်း ငါပြန်လာခဲ့မယ်၊ စိတ်သာ ချနေနော်.....'
မအေးတင်က ကျေကျေနပ်နပ်ကြီး ပြုံးကာ ခေါင်းညိတ်လိုက်သဖြင့် ကိုသန်းမောင်သည် ကိုရွှေနိုင် အိမ်ဘက် သို့ ထွက်ခဲ့တော့၏။ ကိုရွှေနိုင်အား သူ့အိမ်၌ မတွေ့ရဘဲ ကိုရွှေနိုင်၏ ဇနီးကိုသာ တွေ့ရသဖြင့် မေးမြန်း ကြည့်ရာ၊ ဘုံဆိုင်သို့ ညွှန်လိုက်သောကြောင့် အမှိုင်၏ ဘုံဆိုင်သို့ လိုက်လာခဲ့ရ၏။
အမှိုင်၏ အရက်ခန်းထဲသို့ ရောက်သောအခါ ကိုရွှေနိုင်ကိုသာမက ကိုသန်းမောင်၏ ဟစ်တလာ ဘက်မှ အလောင်း အစား ပြုမည့် အခြားလူရွယ်လေးငါးဦးကိုပါ တစ်ပါတည်းတွေ့မြင်ရ၏။ သူတို့၏ ရှေ့၌ အရက်ပုလင်း ကိုထောင်၍ ပဲကြီးလှော်နှင့်မြည်းနေကြ၏။
'ဟုတ်လည်း ဟုတ်တဲ့ လူတွေပဲ၊ မိုးလင်းစ ရှိသေး၊ အရက်ဆိုင်ကို အရင်ရောက်နေကြတာကို.....'
ကိုသန်းမောင်က သူတို့ကို စေ့စပ်သေချာစွာ ကြည့်၍ ကဲ့ရဲ့ရှုတ်ချခြင်း မကင်းသော အသံဖြင့် ပြောဆို လိုက်၏။ သူကား ကြက်ကို စနစ်တကျ မွေးမြူ၍ အလောင်းအစားနှင့် တိုက်ရန် ၀ါသနာထုံသော် လည်း ဖဲ၊ ကက် စသော အခြား လောင်းကစားခြင်းမျိုးနှင့် အရက်သေစာ သောက်စားခြင်းကိုတော့ လုံးဝ နှစ်သက် သူ မဟုတ်ပေ။
ဟဲဟဲဟဲ၊ ကြက်နဲ့အရက်ဆိုတာက မိတ်ဖက်ကိုကွ၊ ကြက်သားချက်တဲ့ အခါမှာ အရက်ကိုသာ ပြေးပြီး သတိရတတ်သလို ကြက်ပွဲသွားတဲ့အခါမှာလည်း အရက်ကလေးသောက်သွားမှသာ အချိုးက ဖြစ်သွား မှာပေါ့၊ ကဲ ကဲသန်းမောင်စောင့်နေရတာ အားနာစရာကွာ၊ ကျန်တာလေးကို ခပ်မြန်မြန် လက်စသတ် လိုက်ကြဟေ့'
ကိုရွှေနိုင်က အရက်သမား စတိုင်မျိုးဖြင့် အရက်သံပါပါ ပြောဆိုလိုက်ကာ ပုလင်းထဲရှိ လက်ကျန် အရက် များအား ဖန်ခွက်ထဲသို့ လောင်းထည့်ပေးလိုက်သဖြင့်၊ လူငယ်တစ်ဦးက ဆတ်ခနဲ ကောက်ယူ လိုက်ကာ တစ်ရှိန်တည်း မော့ချလိုက်၏။ နောက်သူတို့သည် ငွေရှင်းပေးခဲ့၍ စံကပင် ချိန်းဝိုင်းဆီသို့ တပျော် တပါးကြီးထွက်ခဲ့ကြတော့၏။
'ဟေ့ သန်းမောင်၊ မင်းကြက်ဟာ ဘယ်အချိန်မှာ အခါရသလဲ၊ ဘယ်အချိန်မှာ တိုက်ရင် နိုင်မယ် ဆိုတာ မင်း အခါ ရွှေးပြီးပြီလား'
ကိုရွှေနိုင် က ကြက်ကိုပိုက်၍ စိုက်စိုက် စိုက်စိုက်နှင့် လျှောက်နေသော ကိုသန်းမောင်အား လှမ်းမေး လိုက်၏။ ကိုသန်းမောင်သည် တွေးကွက်တစ်ခုတွင် နစ်မျောနေရာမှ ကိုရွှေနိုင်၏ မေးခွန်းသို့ အာရုံ ပြောင်း လိုက်ကာ-
'ဟုတ်ကဲ့၊ ရွေးပြီးပါပြီ၊ နံနက် 8နာရီခွဲက နေပြီး 11နာရီအထိ အခါရမယ်။ အဲဒီအချိန်မှာ တိုက်ရရင် တော့ မလွဲတမ်း နိုင်မယ် ပေါ့ဗျာ'
"အဲဒီ အခါရွေးတာဘယ်လိုရွေးသလဲကွ၊ လုပ်စမ်းပါဦး ၊ မှတ်သင့်လည်း မှတ်ထားရအောင်ပေါ့ကွာ"
'ဟုတ်ကဲ့ပြောတာပေါ့၊ ကျွန်တော်လည်း ဒီနည်းကို အညာသား ကြက်သမားကြီး တစ်ဦးဆိက ရလိုက်တာပ၊ ဒီလိုဗျ ကြက်အခါကျမ်း အဆိုက ကြက်ငါးမျိုးသာ ပြတယ်။ ဘာလဲဆိုတော့ အ အက္ခရာ၊ ၏ အက္ခရာ၊ ဥ အက္ခရာ၊ ဧ အက္ခရာ၊ သြ အက္ခရာရယ်လို့ အက္ခရာ 5လုံးကို ကြက် 5မျိုးအဖြစ် ပြတယ်။
အဲဒီအက္ခရာ 5လုံးရဲ့ အဓိပ္ပာယ် လင်္ကာကတော့ "အ မှာ အဖြူ၊ ၏ မူ အနက်၊ ဥ ဒက် အမွဲ၊ ဧ တွဲ အနီ၊ သြ ပြီ အပြာ" လို့ ဆိုတဲ့အတွက် အက္ခရာက ကြက်အဖြူရောင်ကို ဆိုလိုတယ်၊ ကျွန်တော့် ဟစ်တလားလို ဖောင်းရောင် လည်း အဖြူထဲ အကျုံးဝင်သွားတာမို့ အ အက္ခရာလို့ ဆိုရမယ်။ ထိုနည်း အတိုင်းပဲ ၏ အက္ခရာ က အနက်၊ ဥ အက္ခရာက ကြက်အမွဲ၊ မဂိုရောင် မဂဲရောင်လို မွဲခြောက်ခြောက် အရောင် မျိုးပေါ့ဗျာ။ ဧ အက္ခရာက ကြက်အနီ၊ သြ အက္ခရာက ကြက်အပြာ၊ အဲဒီလို ပထမ နားလည်ထား ရမယ်'
ကိုရွှေနိုင်ပင် မက ဘေးမှ လူရွယ်များကပါ ကိုသန်းမောင်၏ ပြောစကား
ကိုစူးစိုက်နားထောင်ကာ မှတ်သားလျက်ရှိကြ၏။ ကိုသန်းမောင်ကမူ စိတ်ရှည်လက်ရှည်နှင့်ပင် ရှင်းလင်း ပြောကြား နေ၏။
' အက္ခရာ ၅ လုံးရဲ့ အမှတ်အသား အဓိပ္ပာယ်ကို ကျွန်တော်တို့ နားလည်ခဲ့ပြီနော်၊ အဲဒီ အက္ခရာ ၅ လုံးအလိုက် တစ်နေ့ကိုလည်း ၅ ပိုင်း ပိုင်းရလိမ့်မယ်၊ တစ်ပိုင်းလျှင် ၂ နာရီခွဲဆိုတော့ ၆ နာရီက ၈ နာရီခွဲ အထိ တစ်ပိုင်း၊ ၈ နာရီခွဲက ၁၁ နာရီအထိ တစ်ပိုင်း၊ ၄ နာရီက ၆ နာရီခွဲအထိ တစ်ပိုင်းရယ်လို့ တစ်နေ့ကို ၅ အပိုင်း ပိုင်းခြားသတ်မှတ်ထားရမယ်။ ပြီးတော့မှ အက္ခရာ ၅ လုံးကို အင်းချသလို အထက်တစ်လုံး၊ အောက် တစ်လုံး၊ တောင်တစ်လုံး၊ မြောက်တစ်လုံး၊ အလယ်မှာ တစ်လုံးသွင်းပြီး ဇယားကွက် ချရတယ်။
အက္ခရာ ၅ လုံး၊ နေ့အပိုင်းအခြား ၅ ပိုင်းမို့ ဇယားကွက်ကိုလည်း ၅ ကွက် ချရတယ်။ ဒီဇယား ၅ ကွက်ဟာ တခြား မဟုတ်ဘူးနော်၊ ဒီအက္ခရာ ၅ လုံးကိုသာ အသုံးပြုပေမယ့် အားလုံး တစ်မျိုးစီ ဖြစ်သွားတယ်။ ဥပမာ ပထမ ဇယားကွက်မှာ အ အက္ခရာ ထိပ်ဆုံးက နေပေမဲ့ ဒုတိယဇယားကွက်ကျတော့ တောင်ဘက် ရောက် လာပြီ။ တတိယဇယားကွက် ကျရင် အောက်ဘက် ပြန်ရောကလို့၊ စတုတ္ထ ဇယားကွက်မှာ မြောက်ဘက် ရောက်သွားပြီး၊ ပဉ္စမ ဇယားကွက်ကျတော့ အလယ်ကို ရောက်သွားတတ်တာကိုး။
တခြားအက္ခရာတွေလည်း ဒီနည်းအတိုင်းပဲ။ အခု ကျွန်တော် ပြောမှာက ကျွန်တော် ဘယ်လို အခါရွေး ရတယ်ဆိုတာ ခင်ဗျားတို့ အကြမ်းနားလည်အောင်သာ ပြေပြမှာနော်၊ ရွေးပုံ ရွေးနည်းကိုသာ ပြောပြမှာ၊ ဇယားကွက် ချနည်းကိုတော့ ပြောပြလို့ မဖြစ်ဘူး၊ ဘာပြုလို့လဲဆိုတော့ ကျွန်တော့်ကို အဲဒီနည်း သင်ပြ ပေးသွား တဲ့ ကြက်သမားကြီးဆီမှာ ဒီနည်းကို ကျွန်တော်မှတစ်ပါး ဘယ်သူ့ကိုမှ မပေါက်ကြားစေရပါဘူးလို့ သစ္စာ ဆိုထားလိုက်ရလို့ပဲ'
အားလုံးကား ပို၍ စိတ်ဝင်စားလာဟန်ဖြင့် ငြိမ်ငြိမ်သက်သက်ပင် နားစိုက်နေကြ၏။ ကိုသန်းမောင်လည်း မော သွားသလို ခေတ္တမျှ ရပ်နားထားလိုက်ပြီးမှ သူ့စကားကို ပြန်ဆက်၏။
' ကဲ ဇယား ၅ကွက်ကို ချပြီးပြီ ဆိုပါတော့ဗျာ၊ ပထမ ဇယားကွက်က နေ့၏ ပထမပိုင်းဖြစ်တဲ့ ၆ နာရီက ၈ နာရီခွဲ အချိန်အတွင်း သက်ဆိုင်တဲ့ ဇယား။ ဒုတိယဇယားကွက်လည်း နေ့၏ ဒုတိယပိုင်းဖြစ်တဲ့ ၈ နာရီခွဲက ၁၁ နာရီ အချိန်အတွင်း သက်ဆိုင်တဲ့ ဇယား။ ကျန်တဲ့ တတိယ၊ စတုတ္ထ၊ ပဉ္စမဇယားကွက်တွေဟာလည်း နေ့၏ တတိယပိုင်း၊ စတုတ္ထပိုင်း၊ ပဉ္စမပိုင်း အချိန်တွေအဖို့ ဇယားကွက်တွေ ဆိုပါတော့ဗျာ။ ဒီတော့ ကြက် အဖြူရောင် သို့မဟုတ် အဖြူထဲ အကျုံးဝင်တဲ့ ဖောင်းလို့ ကြက်မျိုးကို ဘယ်အချိန်မှာ တိုက်ထိုက်သလဲဆိုတာ ရှာချင်ရင် အမှာအဖြူဆိုတဲ့အတိုင်း အဖြူရောင်ရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ အ အက္ခရာ ပထမ ဇယားကွက် မှာ ဘယ်နေရာမှာ ရှိတယ်၊ ဒုတိယဇယားကွက်ကျတော့ ဘယ်နေရာ ရောက်သွားတယ်။ တတိယ၊ စတုတ္ထ၊ ပဉ္စမ ဇယားကွက် တွေမှာ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ကြည့်ပြီး အဖြေရှာရတယ်။
အဲဒီ အဖြေလင်္ကာကတော့ ' လယ်ချာ အသေ၊ တောင်နေ အကန်း၊ ထက်ကားမင်းဖြစ်၊ မြောက်ပါးအနိုင် အောက် မှာ အပြေး' လို့ ဆိုတယ်။ ဒီတော့ ပထမဇယားကွက်မှာ အ အက္ခရာဟာ ဇယားကွက်ရဲ့ အလယ်မှာ နေရင် ကြက်ဖြူ သို့မဟုတ် ဖောင်းကို ၆ နာရိက ၈ နာရီခွဲ အချိန်မှာ တိုက်ရင် ' လယ်ချာအသေ' ဆိုတဲ့ အတိုင်း ဒီကြက် သေမယ်လို့ ဆိုလိုတယ်။ ဒုတိယ ဇယားကွက်မှာ အ အက္ခရာ တောင်ဘက်မှာ နေရင် နေ့၏ ဒုတိယပိုင်းဖြစ်တဲ့ ၈ နာရီခွဲက ၁၁ နာရီအချိန် အတွင်းမှာ ကြက်အဖြူကို ၀ိုင်းသွင်းတိုက်ခဲ့ရင် ' တောင်နေ အကန်း' ဆိုတဲ့အတိုင်း မျက်စိ ကန်းမယ်လို့ ဆိုလိုတယ်။ တတိယ ဇယားကွက်မှာ အ အက္ခရာ ထိပ်မှာနေရင် ' ထိပ်ကား မင်းဖြစ် ' ဆိုတဲ့အတိုင်း နေ့၏ တတိယပိုင်းဖြစ်တဲ့ ၁၁ နာရီက ၁ နာရီခွဲ အချိန်အတွင်း ကြက်ဖြူကို ၀ိုင်းသွင်း တိုက်ရင်း မုချနိုင်မယ်လို့ ဆိုလိုတယ်။ ကျန်တဲ့ ဇယားကွက်တွေကိုလည်း ဒီနည်းအတိုင်း ကြက်အမျိုးအစား အက္ခရာနဲ့ အချိန်ပိုင်း ဇယားကွက်နဲ့ အက္ခရာ အနေအထားကို ကြည့်ပြီး အဖြေရှာ သွားတာပါပဲ'
သူက စကားကို တစ်ထောက် ရပ်နားလိုက်ပြန်၏။ ကိုရွှေနိုင်နှင့်တကွ လူငယ်များကား နားရှုပ်နေသော အမူအရာဖြင့် မရှင်းမလင်း ဖြစ်နေသလို ခပ်တွေတွေကလေးငေးနေကြ၏။ နောက် အတန်ကြာမှ ကိုရွှေနိုင် က ' မင်းဟာတွေက နားရှုပ်လှပါတယ်ကွာ၊ မင်း ဟစ်တလားအတွက်သာ ဘယ်အချိန်မှာ တိုက်ရင် ဘာဖြစ်မယ် ဆိုတာ ပြောပြစမ်းပါ'
' ဟစ်တလားက ဖောင်းဆိုတော့ အဖြူထဲ အပါအ၀င်မို့ အက္ခရာအားဖြင့် အ အက္ခရာဖြစ်တယ်၊ ကျွန်တော် ဇယားချ ကြည့်တော့ ပထမ ဇယားကွက်မှာ အဲဒီ အ အက္ခရာဟာ တောင်မှာ နေတယ်၊ ဒါောကာင့် ဒီနေ့ ၆ နာရီက ၈ နာရီအတွင်း တိုက်ရရင် ' တောင်နေအကန်း' ဆိုတဲ့အတိုင်း ကျွန်တော့် ကြက် မျက်လုံးကန်းမယ်။ ဒုတိယ ဇယားကွက်မှာ အ အက္ခရာ ထိပ်ဆုံးမှာနေတယ်၊ ဒါကြောင့် ဒီနေ့ ၈ နာရီခွဲက ၁၁ နာရီ အချိန်အတွင်း တိုက်ရရင် 'ထိပ်ကား မင်းဖြစ်' ဆိုတဲ့အတိုင်း ကျွန်တော့်ကြက် မုချနိုင်ရမယ်။ တတိယ ဇယားကွက် မှာ အ အက္ခရာ မြောက်မှာ နေတယ်၊
ဒါကြောင့် ဒီနေ့၁၁နာရီက ၁နာရီခွဲအချိန်အတွင်း တိုက်ရရင် "မြောက်ပါးအနိုင်"ဆိုတဲ့အတိုင်း ကျွန်တော့်ကြက် ပဲ နိုင်ရမယ်။ စတုတ္ထ ဇယားကွက်ကျတော့ အက္ခရာအောက်မှာနေလို့ "အောက်မှာအပြေး" ဆိုတဲ့ အတိုင်း ၁နာရီခွဲက ၄နာရီ အချိန်အတွင်း တိုက်ရရင် ကျွန်တော့်ကြက် ပြေးမယ်။ ပဉ္စမဇယားကွက်မှာ အက္ခရာ အလယ်မှာ ရှိတဲ့အတွက် "လယ်ချာအသေ"ဆိုတြ့အတိုင်း ၄နာရီက ၆နာရီခွဲအချိန်အတွင်း တိုက်ရ ရင် ကျွန်တော်ကြက်သေမယ်။ ဒါကြောင့် ၈နာရီခွဲက ၁၁နာရီ၊ ဒါမှမဟုတ် ၁၁နာရီက ၁နာရီခွဲအထိ အခါ ရတယ်။ အဲဒီအချိန်မှာ တိုက်ရင် နိုင်မယ်လို့ ပြောခဲ့တာပဲ"
ကိုသန်းမောင်၏ ရှင်းလင်းချက်အပြီးတွင် စံကပင် ချိန်းဝိုင်းသို့လည်း သူတို့ရောက်ကြတော့၏။ စံကပင် ချိန်းဝိုင်း ၌ကား ကြက်သမားကြီးများနှင့် နာမည်ကျော် ကြက်များ စုံညီ ရောက်နေကြပေပြီ။
ဆက်ရန်
.

1 comment:
ဒီဟာလေး သိချင်လှပီ.. ဘာများဆက်ဖြစ်မလဲမသိ
ကောင်းတာလေးဖြစ်ရင်ကောင်းမှာ...
မြတ်နိုး
Post a Comment