အခန်း (၁၁)
လေလ့တင် ထုခွဲရောင်းချရေး လုပ်ငန်းလုပ်သူ ဒင်နီရယ်တွင် အသုံးပြုပြီးသား မော်တော်ယာဉ် ဟောင်း များလည်း ရှိရာ ခရိတ်သည် ကားဟောင်းများအနက် တစ်ပတ်ရစ် လင်းရိုဗာကားတစ်စီးကို မျက်စိ ကျမိလေ သည်။
သေချာစွာ စစ်ဆေးကြည့်ရှုသောအခါ အင်ဂျင်စက်ကအစ ကား၏အခြေအနေမှာ အတော်ပင် ကောင်းမွန် လျက် ရှိသေးသဖြင့် ခရိတ်သည် သူ၏လုပ်ငန်းအတွက် သင့်တော်လိမ့်မည်ဟု ယူဆမိ လေသည်။
ထို့ကြောင့် ပိုင်ရှင် ဒင်နီရယ်က အခြားကားတစ်စီးယူရန် တိုက်တွန်းပြောဆိုသည်ကို လက်မခံဘဲ လင်းရိုဗာကားကိုပင် ဒေါ်လာငွေ တစ်ထောင်ပေး၍ ၀ယ်ယူလိုက်လေသည်။ အမှန်တော့ ထိုကား၏ အခြေအနေအရ ဒေါ်လာငွေတစ်ထောင်ဆိုသည့် ဈေးနှုန်းက များနေသော်လည်း ခရိတ်က ကြာရှည် အချိန်မဖြုန်း လိုသဖြင့် ဈေးမဆစ်တော့ဘဲ ၀ယ်ယူလိုက်ခြင်းဖြစ်လေသည်။
သူ၏ ကိုယ်ပိုင်သင်္ဘော ဘာဝူကို ရောင်းချလိုက်ပြီဖြစ်၍ ငွေကြေးလည်း ပြည့်စုံနေသဖြင့် လိုအပ်သော ပစ္စည်း များ အားလုံး ၀ယ်ယူကာ လင်းရိုဗာ ကားပေါ်တင်လိုက်လေသည်။
အ၀တ်အစား အပြည့်ပါသော သားရေသေတ္တာတစ်လုံး၊ သူအလွန်နှစ်ခြိုက်၍ ဖတ်လေ့ရှိသော စာအုပ်များ၊ လုပ်ငန်း အတွက် လိုအပ်သော ကိရိယာပစ္စည်းများ၊ သူတို့ မိသားစု၏ ကိုယ်ရေးရာဇ၀င် မှတ်တမ်းများ ပါရှိသော ဂျာနယ်စာအုပ်များ စသည်တို့ကို ခရိတ်က လိုလေသေးမရှိ ရယူစုဆောင်း ပြီး ကားပေါ် တင်ထားလိုက်ခြင်း ပင်ဖြစ်သည်။ အဆိုပါ ဂျာနယ်ခေါ် မိသားစု မှတ်တမ်းများမှာ ခရိတ် အနေဖြင့် ဘိုးအေကြီး ထံ မှ ရရှိလိုက်သော အမွေအနှစ်ပင်ဖြစ်သည်။
ဘိုးအေကြီး ဘာဝူ၏ ကျန်အမွေပစ္စည်းများ (ရိုလင်ကုမ္ပဏီပိုင် အစုရှယ်ယာများပါမကျန်) ကိုမူ သူ့ သားအကြီးဆုံး (ခရိတ်၏ဦးလေး)ရရှိခ့သည်။ ဦးလေး ဒေါက်ကလပ်ဆိုသူက နောက်ပိုင်းတွင် အစုရှယ်ယာများ ကို ရောင်းချပြီး သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ခရိတ်သည် ကုမ္ပဏီအစုရှယ်ယာစသော အမွေပစ္စည်းများကိုမရ၍ ၀မ်းမနည်းမိ။ မိသားစု မှတ်တမ်း ဂျာနယ် များ ကို သူ ရရှိသည်ကိုပင် ကျေနပ် ၀မ်းမြောက်မိလေသည်။
မှတ်တမ်းဂျာနယ်များကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ခရိတ် သူတို့ မိသားစုမျိုးရိုးအဆက်အနွယ် ဇစ်မြစ် နှင့် တကွ ရိုဒီးရှား(ယခု ဇင်ဘာဘွေ) နိုင်ငံ စတင်ထူထောင်ခဲ့စဉ်က မိမိတို့ မိသားစု ပါဝင်ခဲ့ သော အခန်းကဏ္ဍ ကြောင့် ဂုဏ်ယူကြွားဝင့်ဖွယ်ရာ အချက်အလက်များကိုလည်း သိရလေသည်။ ယင်း အချက်အလက် များ က ပင်လျှင် ယခု ခရိတ်ရေးနေသော စာအုပ်အတွက် အထောက်အကူပြု စေသည့် ကုန်ကြမ်း သဖွယ် ဖြစ်နေ ပေသည်။
မှတ်တမ်းဂျာနယ်များကို လေ့လာဖတ်ရှုရင်း ခရိတ်သည် ကင်းလင်းမွေးမြူရေးခြံကြီးသို့ သူကိုယ်တိုင် အကြိမ်ပေါင်း မရေတွက်နိုင်အောင် သွားလာခဲ့ပုံများကိုပါ ပြန်လည်သတိရမိလေသည်။
ဤသို့လျှင် အတိတ်ဖြစ်ရပ်များကို အထူးပင်သတိရရင်း ခရိတ်သည် လင်းရိုဇာကားဖြင့် မောင်းထွက် ခဲ့လေ သည်။
သူ၏ အဘိုးအေကြီး ပိုင်ဆိုင်ခဲ့သော မြေယာမရောက်မီ တောင်ခြေတစ်နေရာ၌ အရပ်မြင့်မြင့် ပိန်ပိန် ပါးပါး လူ တစ်ယောက် မျက်နှာချင်းဆိုင်ဘက်မှ လျှောက်လာသည်ကို တွေ့ရလေသည်။ ထိုလူ၏ ပခုံးတင် ဟောင်းနွမ်း သော စောင်တစ်ထည်ပတ်ခြုံထားပြီး ခါးတွင်မူ ပိတ်စ (နံငယ်ပိုင်း)တစ်ခုသာ ပတ်ဝတ် ထားလေ သည်။ နားတွင်လည်း နားကွင်းများဆွဲထားသည်။ ထိုလူသည် ဆိတ်အုပ်တစ်အုပ်ကို မောင်းလာခြင်း ဖြစ်၍ ဆိတ်ကျောင်းသားတစ်ဦဖြစ်ဟန်တူသည်။ အသက်ကြီးကြီး အဘိုးကြီး တစ်ဦး ဖြစ်သည်။
တိုင်းရင်းသား လူမည်းတစ်ဦးဖြစ်၍ လူချင်းနီးလာချိန်တွင် ခရိတ်က တိုင်းရင်းသား ဘာသာစကားဖြင့် နှုတ်ဆက် လေသည်။
" အို နောင်တော်ကြီး၊ သင့်အား ကျွန်ုပ် နှုတ်ဆက်ပါ၏ "
ဤသို့ နှုတ်ဆက်လိုက်ရင်း အဘိုးကြီးအား သေချာစွာ ကြည့်ရာမကြာသေးမီက ကင်းလင်မွေးမြူ ရေးခြံ နေရာ တွင် မီးဖိုတစ်ခုရှေ့၌ တင်ပျဉ်ခွေထိုင်နေသူ အဘိုးကြီးပင်ဖြစ်ကြောင်း ခရိတ်က မှတ်မိ လေသည်။
အဘိုးကြီးလည်း သူတို့၏ တိုင်းရင်းသား ဘာသာစကားဖြင့် နှုတ်ဆက်လိုက်သည်ကို သဘောကျသွားလျက် သူ ၏ ၀ါကျင့်ကျင့်အရောင် သွားများပေါ်အောင် ပြုံးလိုက်သည်။
" သင့်အားလည်း ကျွန်ုပ်နှုတ်ဆက်ပါ၏ "
" မိုးဘယ်တော့ ရွာမှာလဲ နောင်တော်ကြီး "
ခရိတ်က မေးရင်း အသင့်ပါလာသော စီးကရက်တစ်ဘူးကို အဘိုးကြီးအား လှမ်းပေးလိုက်သည်။
ဤသို့လျှင် အာဖရိက တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံအတိုင်း စကားပဏာမ ပျိုးပြီးနောက် ခရိတ်က
" ခင်ဗျား နာမည် ဘယ်လိုခေါ်ပါသလဲ " ဟု မေးလိုက်သည်။
" ကျုပ်နာမည်က ရှာဒရပ်လို့ ခေါ်ပါတယ် "
" ဟုတ်ကဲ့၊ ရှာဒရပ်၊ ခင်ဗျားရဲ့ ဆိတ်တွေက ရောင်းဖို့လား "
ထိုမေးခွန်း ကို ကြားသည်နှင့် အဘိုးကြီး၏ မျက်လုံးများ စူးရှတောက်ပြောင်လာလေသည်။
" ဒီဆိတ်တွေက အလွန်ကောင်း အလွန်လှတယ်။ သူတို့ကို ရောင်းလိုက်ရင် ကျုပ်မှာ ကိုယ့်သားသမီးတွေနဲ့ ခွဲခွာ ရသလို ခံစားရမှာပဲ "
အဘိုးကြီးက အရောင်းအ၀ယ် ကျွမ်းကျင်သူ ကုန်သည်တစ်ဦးကဲ့သို့ သူ၏ ကုန်ပစ္စည်းများကို အမွှမ်းတင် သလို ပြောလိုက်ခြင်းဖြစ်သည်။
ရှာဒရပ် အမည်ရှိ တိုင်းရင်းသား အဘိုးကြီးသည် ခေသူမဟုတ်။ ကင်းလင်းမြေယာတွင် ကျူးကျော် ၀င်ရောက် နေသူ တိုင်းရင်းသား အုပ်စု၏ ခေါင်းဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူ လူကြီးဖြစ်လေသည်။ အဘိုးကြီး မှ တစ်ဆင့် ဆက်သွယ်ညှိနှိုင်းမည်ဆိုပါက ကျူးကျော်သူများကို မြေကွက်အတွင်းမှ ဖယ်ရှား နိုင်ရန် အလားအလာ ရှိပေသည်။
ယင်းသို့ စဉ်းစားမိသောအခါ ခရိတ်သည် စိတ်ထဲပေါ့ပါးသွားလေသည်။ သို့သော် မာတာဘယ်လီ တိုင်းရင်းသား တို့သည် ရောင်းဝယ်ရာ၌ ဈေးစစ်ဝါသနာပါသဖြင့် ကျူးကျော်သူများ ဖယ်ရှားပေးခ ငွေကြေး ပမာဏ ကို အတော်ပင် အချိန်ကြာကြာ ဆွေးနွေးယူရမည် ဖြစ်သည်။
ခရိတ်က သူ၏အဘိုးအေကြီး ပိုင်ဆိုင်ခဲ့သော မြေကွက်ရှိ လူနေအိမ်ဟောင်းကြီးကို ယာယီနေနိုင်ရန် စတင် ပြုပြင် လိုက်လေသည်။
ကျူးကျော် နေထိုင်သူ တိုင်းရင်းသားတို့၏ ဆိတ်အုပ်များကိုလည်း ၀ယ်ယူရန် ကမ်းလှမ်းပြောဆိုရာ အတန် ကြာကြာ ဈေးနှုန်းကို ဆစ်ပြီး အရောင်းအ၀ယ် ထည့်သွားလေသည်။
ဤနည်း အားဖြင့် ခရိတ်သည် နေ့ချင်းညချင်း ဆိတ်ကောင်ရေ နှစ်ထောင်၏ ပိုင်ရှင်ဖြစ်လာလေသည်။ ဆိတ် ပိုင်ရှင် တိုင်းရင်းသားများကို ငွေသားလက်ငင်းပေးချေလိုက်ပြီးနောက် ဆိတ်အားလုံးကို လော်လီကား ကြီးများဖြင့် တင်ဆောင်ကာ ဘူလာဝေယိုမြို့သို့ တင်ပို့ပြီး အပြတ်ရောင်းချပစ်လိုက်သည်။
ဤသို့လျှင် သူ လုပ်ငန်းလုပ်ရန် ရည်ရွယ်သော မြေကွက်မှ ဆိတ်အုပ်များကို ရှင်းပစ်လိုက်လေသည်။
ခရိတ်သည် ရှာဒရပ် အမည်ရှိ အဘိုးကြီးကိုပင် ချဉ်းကပ်၍ နွားမွေးမြူရေးလုပ်ငန်းအကြောင်း ဆွေးနွေးကြည့် ပြန်သည်။
" ခင်ဗျားအနေ နဲ့ နွားမွေးမြူရေးနဲ့ ပတ်သက်လို့ ဘာတွေ သိပါသလဲ "
" ဟာ၊ ကျုပ်က ငယ်စဉ်ကလေးဘ၀ကတည်းက မွေးမြူရေးခြံထဲမှာ ကြီးပြင်းလာတာမို့ သိပ်ကျွမ်းကျင် တာပေါ့။ ကျုပ်က ကိုယ်တိုင်နွားနို့ ညှစ်လာခဲ့တဲ့ ကလေးတစ်ယောက်ပဲ။ အဲဒီတုန်းက တစ်ခါတလေ နို့ညှစ်ရင်း က ကိုယ်တိုင် နွားမကြီးရဲ့ နို့ရည်ကို စို့ခဲ့သေးတယ်။ ဒါကြောင့် မွေးမြူရေးဆိုရင် ငယ်စဉ် ကတည်းက တစ်ခါတော့ ကျုပ်ရဲ့ နွားအုပ်ကို ခြင်္သေ့တစ်ကောင်က ၀င်ဆွဲမယ်ကြံတော့ ကျုပ်က အဲဒီခြင်္သေ့ ကို လှံနဲ့ ထိုးသတ်ခဲ့တယ် "
" ဟင် ဟုတ်လား "
" ဟုတ်ပါတယ်။ ပြီးတော့ ကျွန်တော့်အနေနဲ့ နွားမွေးမြူရေးလုပ်ငန်းအကြောင်း ကောင်းကောင်း ကျွမ်းကျင်သူ တစ်ယောက် လိုပါတယ်။ ဒီလူက နွားတွေအကြောင်းကောင်းကောင်း သိမှဖြစ်မယ်။ ဒါ့အပြင် အလုပ်သမား အဖြစ် ခိုင်းဖို့ လူတွေလည်း လိုမယ် "
ခရိတ် ပြောလိုက်ပြီးနောက် အဘိုးကြီး ရှာဒရပ်သည် အချိန်မဆိုင်းဘဲ လျင်မြန်စွာ လှုပ်ရှားကာ ခရိတ် လိုချင်သော လူများကို အမြန်ဆုံး ရှာပေးလေသည်။
မြေကွက်တွင် ကျူးကျော်နေထိုင်သူ တိုင်းရင်းသားထဲမှ လူနှစ်ဆယ် ရွေးခေါ်လိုက်သည်။ ထိုနှစ်ဆယ်မှာ ခွန်အားဗလနှင့် ပြည့်စုံသူ ကျန်းမာသန်စွမ်းသူများဖြစ်သည့်ပြင် အသက်အရွယ် အားဖြင့် မငယ်လွန်း မကြီးလွန်း သူများဖြစ်သည်။
ရှာဒရပ်သည် ထိုလူများကို ယာယီပြင်ဆင်ထားသော အိမ်ရှေ့တွင် တန်းစီခိုင်းပြီးနောက် သူက ရှေ့မှ တပ်မှူးကြီး ပမာ ရပ်လျက် ခပ်တည်တည် မိန့်ခွန်းပြောလေသည်။
" မင်းတို့ အားလုံး ငါ့ကို ကောင်းကောင်းသိကြတယ် မဟုတ်လား။ ငါ့အဘိုးရဲ့ မိခင်ဟာ မာတာဘယ်လီ ဘုရင်ကြီး လိုတင်ဝူလာရဲ့ သမီးတော်ဖြစ်တယ်။ အဲဒါ ငါ့ရဲ့ မျိုးရိုးဇာတိ အဆက် အနွယ်ပဲ "
" အေး ... ဟီး ... အေး ... ဟီး "
မာတာဘယ်လီ တိုင်းရင်းသား နှစ်ဆယ်တို့က ဟစ်အော် သြဘာပေးကြလေသည်။
အဘိုးကြီး ရှာဒရပ် လည်း အားရကျေနပ်ဟန်ဖြင့် ဆက်၍ ဟစ်အော်ကြွေးကြော်ပြန်သည်။
" ဒါဟာ မင်းမျိုးမင်းနွယ်က ဆင်းသက်လာတာဆိုတာ မင်းတို့ သိကြတယ်။ အခြေအနေအရ ငါဟာ အခုလို နေရပေမယ့် တကယ်တော့ ငှက်တောင်ဦးခေါင်းဆောင်းတန်ဆာပလာနဲ့ အဆောင်အယောင်တွေ အပြည့် အစုံ ရရှိသင့်တဲ့ လူဖြစ်တယ် "
" အေး ... ဟီး ... အေး ... ဟီး "
" ဘာပဲဖြစ်ဖြစ် အခုတော့ ဟောဒီက ပုဂ္ဂိုလ်ရဲ့ (ဤတွင် အဘိုးကြီးက ခရိတ်အား ညွှန်ပြသည်။) အမြော်အမြင် ကြီးမားမှုကြောင့် ငါဟာ ကင်းလင်းမွေးမြူရေး ခြံကြီးမှာ မင်းတို့ကို ဦးစီး ကွပ်ကဲရမယ့် အင်ဒူနာ (အကြီးအကဲ) ဖြစ်လာတော့မယ်။ မင်းတို့ကတော့ ငါ့ရဲ့ အာမာဒိုဒါ (လုပ်သားကောင်းကြီးတွေ၊ စစ်သည် ကောင်း ကြီးတွေ)ဖြစ်တယ် "
" အေး ... ဟီး ... အေး .... ဟီး "
တိုင်းရင်းသား များက စိတ်ပါ တက်ကြွစွာဖြင့် ဟစ်အော်ကြွေးကြော်ကြပြန်သည်။
" ကောင်းပြီ၊ မင်းတို့အားလုံး ဟောဒီက မျက်နှာဖြူ အမျိုးသားကိုကြည့်ကြစမ်း၊ သူဟာ လူငယ် တစ်ယောက် ဖြစ်လို့ အထင်မသေးကြနဲ့။ သူဟာ မင်းတို့အားလုံးသိပြီဖြစ်တဲ့ ပုဂ္ဂိုလ်ကြီး ဘာဝူ ရဲ့ မြေးဖြစ်တယ်။ တာကာ တာကာ လို့ မင်းတို့ သိကြတဲ့ပုဂ္ဂိုလ်ကြီးရဲ့ မြစ်တော်တယ် "
" ဟော ... ဟေး ... ဟေး "
မာတာဘယ်လီ တိုင်းရင်းသားများက တအံ့တသြ ရေရွက်လိုက်ကြသည်။
အပိုင်း (၁၁) ဆက်ရန်
.

1 comment:
အခန်း (၁၁) အပိုင်း ၁ လေး ဖတ်သွားပါပြီခင်ဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment