(၅)
ကိုသန်းမောင်သည် ဒိုင်လုပ်သူထံသို့ သူ့ကြက်နှင့် အလုံးအရပ်တူ၊ အရွယ်တူကြက်များရှိပါက ကြေးမရှောင် တိုက်လိုကြောင်း ကြေညာပြီး သူ့ကြက်ကို အပ်နှံလိုက်၏။ ဒိုင်လုပ်သူကလည်း သူ့ကြက်ကို လက်ခံ ၍ အလုံးအရပ်များကို တိုင်းထွာ မှတ်သားနေ၏။
ချိန်းဝိုင်းလုပ်သည့်နေရာကား သစ်ပင်ရိပ် ကောင်းကောင်းပင်ဖြစ်၍ ကြက်သမားများမှာ ဟိုတစ်စု ဒီတစ်စုနှင့် သစ်ပင်ခြေရင်းများတွင် ကိုယ့်အစုနှင့်ကိုယ် ၀ိုင်းဖွဲ့၍ ကြက်ပွဲအကြောင်း၊ ကြက် ခွပ်ပုံ ခွပ်နည်း များ အကြောင်း စသည်တို့ကို တစ်ယောက်တစ်ခွန်းပြောဆို ဆူညံနေကြ၏။ ကိုသန်းမောင်လည်း ခါတိုင်း ကဲ့သို့ ၀င်ရောက် ပြောဆိုခြင်း မပြုဘဲ သူတစ်ပါး ပြောဆိုသည်ကိုသာ ငေးမောနားထောင်ရင်း၊ သူ့စိတ်မှာမူ သူအပြန် ကို စောင့်မျှော်နေရှာမည့် မအေးတင်ထံသို့ ရောက်နေသည်။
သို့သော် ဒိုင်လုပ်သူက ဟစ်တလားနှင့် လားတူ ကြက်ကို တွေ့ပြီဖြစ်ကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူ့စိတ်သည် ကြက်ပွဲ၌သာ လုံးဝ အာရုံဝင်စား လာပြန်၏။
'ကိုင်းဟေ့ သန်းမောင်၊ မင်း ဟစ်တလားနဲ့ တန်းတူကြက်ကိုတော့တွေ့ပြီ၊ ဟောဒီမှာ တောင်းဆီက ချိပ်ကလေးပဲ၊ အဲဒီချိပ်ကလေးက မင်း ဟစ်တလားထက် ဒေါက်နည်းနည်းမြင့်တယ်လို့ ဆိုနိုင်ပေမဲ့ မင်း ဟစ်တလား က ချိပ်ကလေးထက် အလုံးအထည်မှာ သာတယ်၊ ဒါကြောင့် ဒီနှစ်ကောင် တိုက်မယ်ဆိုရင် တိုက် ထိုက်တယ်၊ အဲဒါ မင်းတို့ ကြက်ရှင်နှစ်ဦး သဘောတူရင် တိုက်ကြဖို့ပဲ'
တစ်ဖက်မှ ချိပ်ကလေး၏ ပိုင်ရှင်က ကိုသန်းမောင်၏ ဟစ်တလားကို အကဲခတ် ကြည့်ရှုနေသလို၊ ကိုသန်းမောင်ကလည်း ချိပ်ကလေးကို ကြည့်ရှုအကဲခတ်နေ၏။ ချိပ်ကလေးမှာ အလုံးအထည် ပါးပါးလျားလျားဖြစ်၍ ဒေါက်မှာမူ အနည်းငယ်မြင့်၏။ ကြက်၏ လက္ခဏာ ပုံပန်းကို ကြည့်ရှု အကဲခတ် ရခြင်း အားဖြင့် ပျာပျာယာယာနှင့် သွက်သွက်လက်လက် ခွပ်တတ်မည့် ကြက်မျိုးဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။ ဟစ်တလား မှာမူ လေးလေးမှန်မှန်နှင့် ခပ်ကြမ်းကြမ်း ခွပ်တတ်သည်ကို သူ သိထားပြီး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ သူ့ကြက်၏ ခြေစွမ်း ခြေစကို သူ သံသယကင်းစွာ ယုံကြည်သည်ဖြစ်၍ လက်ခံပြီး တိုက်ရုံ မှ တစ်ပါး အခြားမရှိ။
'ဟေ့ သန်းမောင်ရ၊ သူတို့ကြက်က "အပျော့ကွဲ"ကွ၊ တို့ကြက်က "အမာကွဲ"။ အဲဒီ တစ်ချက်လည်း ကွာ နေသေးတယ်၊ ဒါကိုလည်း ထည့်တွက်ရဦးမှာပေါ့'
(မှတ်ချက်။ ။ "အပျော့ကွဲ"ဆိုသည်မှာ အတက်ရှည်ခြင်းကို ဆိုလို၍၊ "အမာကွဲ" ဆိုသည်မှာ အတက်တိုခြင်းကို ဆိုလိုသည်။)
ကိုရွှေနိုင်က ၀င်ပြောလိုက်သည်ကို ကိုသန်းမောင်က မထီတရီပြုံးလိုက်ကာ 'အိုဗျာ... သူ့ကြက်က အပျော့ကွဲ ဖြစ်ရော ဘာအရေးလဲဗျ၊ အတက်စူးရုံအပြင် တိုးမရှိနိုင်ပါဘူး။ အမာကွဲ ကြက်မျိုးက ချက်ကောင်း ကို တစ်ချက်လောက် တင်ရိုက်လိုက်ရင် စင်းစင်းတောင် သေနိုင်ဗျ။ ကဲ... တိုက်မယ်ဗျာ'
ကိုသန်းမောင်၏ ကြေညာချက်ကို တစ်ဖက်မှလည်း တုံ့ပြန်လိုက်သဖြင့် ၀ိုင်းဖြစ်ဖို့ သေချာသွားပေပြီ။ နောက် အလောင်းအစား ပြုကြရာ တစ်ဖက် ကြေးရင်း ၂၂၀ိဖြင့် နှစ်ဖက်ကြေး ရင်း ၄၄၀ိ တွင် ပြီးဆုံးသွား၏။ ဤတွင် ဒိုင်လုပ်သူသည် တိုက်ပွဲကျင်းပမည့်နေရာ စည်းဝိုင်းအတွင်း သို့ နှစ်ဖက်သော ကြက်ရှင်နှင့် ကြက်များ ကို ခေါ်ဆောင်လာ၏။ ပြီးနောက် သူသည် စည်းဝိုင်း၏ အလယ်ဗဟို၌ ရပ်ကာ လိုက်နာ ရမည်ဖြစ်သော စည်းကမ်းချက်များကို ပြောကြားလေတော့သည်။
'စည်းကမ်းချက်များကို မပြောခင် ပထမဦးဆုံး အကောက်ငွေနဲ့ ပတ်သက်ပြီး မင်းတို့ သိထားဖို့က ကြက်ဒိုင်သည် အလောင်းအစားပြုသော ငွေ၏ ဆယ်ခိုင့်တစ်ခိုင်က်ု အကောက်ငွေ အဖြစ် ကောက်ယူလိမ့်မည်။ ဥပမာ ယခုတစ်ဖက်ကြေး ၂၂၀ိ ဆိုလျှင် နှစ်ဖက်ကြေးပေါင်း ၄၄၀ိ ဖြစ်၍ အရှုံးအနိုင် ဖြစ်လျှင် ၄၀ နှစ်ဖက်ကြေး ကောက်ယူလိမ့်မည်။ လက်ဖျားဆွဲသော ကြေးကိုမူ တစ်ဖက်ကြေးသာ ကောက်ယူ မည်။ အဲဒါ ကျေနပ်ကြရဲ့လား'
နှစ်ဖက်စလုံး ကျေနပ်ပါသည်ဟုဆိုမှ စည်းကမ်းချက်များကို ဆက်လက်ပြောကြား လေသည်။
(၁) 'ကြက်နှစ်ကောင် ခွပ်နေစဉ် စည်းဝိုင်းအတွင်း၌ ကြက်လဲ မထူရ၊ ကြက်မွေးမယူရ'
(ရှင်းလင်းချက်။ ။ ဆိုလိုသည်မှာ ကြက်နှစ်ကောင် ခွပ်နေစဉ် စည်းဝိုင်းအတွင်း၌ ကြက်တစ်ကောင်က အခြား ကြက်တစ်ကောင် ကို ခွပ်လိုက်၍ လဲနေလျှင် ကြက်ဆွဲလုပ်သူသည် ၄င်းကြက်ကို သွားရောက် ထူ ပေးခြင်း မပြုရ။ ကြက်တစ်ကောင်သည် အခြားကြက်တစ်ကောင်အား နှုတ်သီးဖြင့် ဆိတ်လိုက်လျှင် ကြက်မွှေးသည် နှုတ်သီး၌ ပါလာတတ်သည်။ ထိုအခါ ထိုကြက်အဖို့ နှုတ်သီးမှ ကြက်မွေးကွယ်နေသဖြင့် မမြင်မကန်းနှင့် စမ်းတ၀ါးဝါး ဖြစ်နေသော်လည်း ကြက်ဆွဲ လုပ်သူသည် ထိုကြက်မွေးကို သွားရောက် ဖယ်ရှား ပစ်ခြင်း မပြုရဟုဆိုသည်။)
(၂) '၄င်းနည်းအတိုင်း ကြက်နှစ်ကောင် ခွပ်နေစဉ် စည်းဝိုင်းအတွင်း၌ ရေမကူရ၊ လေသာ ကူမှုတ် ပေးနိုင်သည်။'
(ရှင်လင်းချက် ။ ။ ကြက်နှစ်ကောင် ခွပ်နေစဉ်အတွင်း မောပန်းလျက်ရှိသော ကြက်အား ရေဖြင့် တောက်ခြင်း၊ ပက်ဖျန်းပေးခြင်း စသည်ဖြင့် အကူအညီ မပြုရ။ သို့သော် လေနှင့် မှုတ်၍ကား အားပေး နိုင်သည်။)
(၃) 'ကြက်၌ ရရှိသော ဒဏ်ရာဒဏ်ချက်များကို အပြင်ဆေးမကူရ၊ အတွင်းဆေးသာ ကူရမည်'
(ရှင်းလင်းချက် ။ ။ အပြင်ဆေးဆိုသည်မှာ အပြင်၌ ကုရိုးထုံးစံရှိသော ဖန်းခါးသီးခြောက်၊ ဆီးဖြူသီး ခြောက် ကဲ့သို့ ဖန်သောအရသာရှိ၍ သွေးထိန်းစေတတ်သော ကြက်ကုဆေးကို ဆိုလိုသည်။ အတွင်းဆေး ဆိုသည် မှာ ၀ိုင်းတွင်း၌သာ ရရှိနိုင်သော ဖုန်၊ မြေမှုန့်၊ ကြက်မွေးတို့ဖြင့် ဒဏ်ရာ ဒဏ်ချက်များအား ပိတ်ဆို့ သုတ်လိမ်း ကုသခြင်းကို ဆိုလိုသည်။)
(၄) 'မည်သူ့ကြက်မဆို သတ်မှတ်ထားသော စည်းပေါ်သို့ အမြီးထောက်မှ ကောက်ယူရမည်။ ထိုသို့ မဟုတ် ဘဲ စည်းဝိုင်းထဲမှ ကောက်လျှင် ဒိုင်ဆုံးဖြတ်ရာ နာခံရမည်'
(၅) 'ကြက်နှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် မလိုက်နိုင်၍ ၀ိုင်းတွင်းမှ အခွပ် ရပ်ဆိုင်းနေလျှင် သုံးခါစီ လေမှုတ်ပေးနိုင်သည်။ သို့နှင့်မှ မရ၍ ဒိုင်က အကောက်ခိုင်းမှသာလျှင် ကြက်ဆွဲများသည် ကောက်ယူပြီး ကုသရမည်။ ကုပြီးနောက် လွှတ်ရာတွင် တစ်တောင်စီးရေးပေးရမည်။ လွှတ်သည့်အခါ ကြက် ကို တွန်းတိုးပြီး မလွှတ်ရ၊ လက်ဆုပ် ဖြေလွှတ်ရမည်'
(ရှင်းလင်းချက် ။ ။ ကြက်နှစ်ကောင် ခွပ်ရာတွင် တစ်ကောင်နှင့် တစ်ကောင် ပြေးအောင်လည်း မခွပ်နိုင်၊ သေအောင်လည်း မခွပ်နိုင်ဘဲ နောက်ဆု့းတစ်ကောင်နှင့်တစ်ကောင် မလိုက်နိုင်အောင် မောချည် ပန်း ချည့်နဲ့သည့် အခြေအနေအတိုင် ရောက်နေပါက ကြက်ဆွဲလုပ်သူများသည် သုံးခါစီ လေနှင့် မှုတ်ပေး နိုင်သည်။ သို့တိုင်အောင် မလိုက်နိုင်၍ ဒိုင်လုပ်သူက ကောက်ခိုင်းမှသာလျှင် ကောက်ယူကုသရသည်။ ကုသပြီးနောက် ပြန်လွှတ်ရာတွင် ဒိုင်က တစ်တောင်ပတ်လည် စည်းဝိုင်းရေးပေးမည်ဖြစ်သည်။ ထိုစည်းဝိုင်းအတွင်း၌ ကြက်နှစ်ကောင်ကို လွှတ်သည့်အခါ တွန်းထိုးပြီးမလွှတ်ရ၊ လက်ဆုပ် ဖြေလွှတ်ရမည်။ လက်ဆုပ် ဖြေလွှတ်ရမည်ဆိုသည်ကား ကြက်ကို ဆုပ်ကိုင်ထားသည့်အတိုင်း မြေကြီးပေါ်သို့ ကြက် ခြေကျ သည်နှင့် တစ်ပြိုင်နက် တွန်းထိုးခြင်း မပြုဘဲ ဆုပ်ကိုင်ထားသော လက်ကို ဖြေလိုက်ခြင်းကို ဆိုလိုသည်။
(၆) 'တစ်တောင်စီး ရေးပေး၍ လွှတ်ပြီးသည့်နောက် သုံးခါကောက်လျှင် တစ်ခါ ကုရမည်။ တစ်ခါကုလျှင် လက်ပူ သုံးခါထိုးရမည်'
(ရှင်းလင်းချက် ။ ။ တစ်တောင်ပတ်လည် စည်းဝိုင်းမှာ ကျည်းမြောင်းလှသည်ဖြစ်၍ တစ်ကောင်နှင့် တစ်ကောင် ခုန်ပျံ၍ မခွပ်နိုင်သည့်တိုင်နှုတ်သီးနှင့် ထိုးရင်းဆိတ်ရင်း ၀ိုင်းအပြင် ရောက်သွားတတ်ရာ၊ ထိုအခါ ကြက်ဆွဲများသည် ကြက်ကို ကောက်ယူပြီး ကုသခြင်း မပြုရဘဲ စည်းဝိုင်းအတွင်း၌ ချက်ချင်း ပြန်လွှတ် ရသည်။ ဤကဲ့သို့ သုံးခါ ကောက်ပြီးမှ တစ်ခါကုနိုင်သည်။ သို့သော် တစ်ခါကုလျှင် လက်ပူ သုံးခါ သာ ထိုး၇မည်ဟု ဆိုလိုသည်)
(၇) 'သုံးခါလွှတ်ပြီးသည့်နောက်ပိုင်း၌ တစ်ကောင်သုံးချက်ဆိတ်၍မှ တစ်ကောင်က နှုတ်ဘက်မရလျှင် ဒိုင် ၏ အရှုံးပေးခြင်းကို ခံရလိမ့်မည်'
(ရှင်းလင်းချက် ။ ။ တစ်တောင်ပတ်လည် စည်းဝိုင်းအတွင်း၌ သုံးခါလွှတ်ပြီးသည့် နောက်တွင်မူ တစ်ကောင်က သုံးချက်ဆိတ်၍မှ တစ်ကောင်က ပြန်မဆိတ်လျှင်၊ ထိုပြန်မဆိတ်သော ကြက်သည် ဒိုင်၏ အရှုံးပေး ခြင်း ကို ခံရမည်ဟုဆိုလိုသည်။)
(၈) 'သို့သော် ကြက်နှစ်ကောင် တန်းတူ နှုတ်ဘက်ပြန်လျှင် ပထမဖြတ်ပိုင်းကြေး ဖြတ်ပိုင်းစဉ်က ဖြတ်ပိုင်းကြေးခံရသော ကြက်ကို ဒိုင်က အကောက်ငွေ အရှုံးပေးခြင်း ဖြတ်ဆိုလိမ့် မည်။ အဘယ်ကြောင့် ဆိုသော် ဒိုင်သည် အကောက်ငွေကို မည်သည့်အခါမှ အနစ်နာ မခံနိုင်သည့် အတွက် ဖြစ်သည်။'
(ရှင်းလင်းချက် ။ ။ တစ်ကောင်ဆိတ်၍ တစ်ကောင်က ပြန်မဆိတ်လျှင် ထိုကြက်မှာ အရှုံးခံရမည် ဖြစ်သော်လည်း၊ နှစ်ကောင်စလုံး အပြန်အလှန်ဆိတ်လျှင်ကား သရေပွဲဖြစ်သွားလိမ့် မည်။
အဘယ်ကြောင့်ဆိုသော် ဆိတ်ရုံသာ ဆိတ်နိုင်၍ တစ်ကောင်နှင့်တစ်ကောင် မလိုက်နိုင်၊ အရှုံးအနိုင် ကွဲပြားသည့်တိုင် ခြေထောက်နှင့်ပစ်၍ မခွပ်နိုင်အောင် အားအင် ကုန်းခန်းနေကြသော ကြောင့် ဖြစ်သည်။ ထိုကဲ့ သို့ သရေပွဲဖြစ်သွားသည့်အခါ ဒိုင်သည် အကောက်မရလိုက်ဘဲ ရှိမည်ဖြစ်ရာ ချွင်းချက်အဖြစ်ဖြင့် ဖြတ်ပိုင်းကြေး ဖြတ်ပိုင်းစဉ်က ဖြတ်ပိုင်းကြး ခံရသော ကြက်အား ဒိုင်က အကောက်ငွေ အရှုံးပေးခြင်း ဖြတ်ဆို ရလိမ့်မည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ ဤချွင်းချက်ကို နားလည်နိုင်ရန် အကျယ်တ၀င့် ရှင်းလင်း ရန် လိုပါလိမ့်မည်။ အလောင်းအစား ပြုကြရာ၌ လောင်းကစားသော ကြေးငွေမှာ သုံးမျိုးရှိပါသည်။ (၁) ကြေးရင်း (၂) လက်ဖျားဆွဲသော ကြေးငွေ (၃) ဖြတ်ပိုင်းကြေးဟူ၍ သုံးမျိုးရှိပါသည်။
ကြက်မတိုက်မီ နှစ်ဖက် သဘောတူ လောင်းကစားသော ကြေးငွေကို ကြေးရင်းဟု ခေါ်သည်။ ကြက်တိုက်ပွဲ စပြီးသည့်နောက် ကြက်နှစ်ကောင်၏ ခြေစွမ်းခြေစကို ကြည့်ရှု၍ မိမိကြက်က ခြေသာသည်ဟု ထင်မြင်သော ကြက်ရှင်က တစ်ဆယ်ချင်းဖြင့် ဖြစ်စေ၊ တစ်ဆယ်နှင့် ငါးကျပ်ပေး၍ ဖြစ်စေ ထပ်မံလောင်းကစားရန် ခေါ်သဖြင့် တစ်ဖက်က လိုက်၍ လောင်းကစားသော ကြေးငွေကို လက်ဖျားဆွဲသော ကြေးငွေဟု ခေါ်သည်။ တစ်ကြိမ်တည်းမဟုတ်၊ အကန့်အသတ်မရှိ အကြိမ်ကြိမ် အထပ်ထပ် အပြန်အလှန်ခေါ်၍ လောင်းကစားကြသည်။
ဖြတ်ပိုင်းကြေး ဆိုသည်မှာကား ကြက်နှစ်ကောင် အရှုံးအနိုင်ပေါ်သည့် နောက်ဆုံးအချိန်၌ နိုင်ပုံပေါ်သော ကြက်ရှင်က တစ်ဆယ်နှင့် ငါးကျပ်၊ သို့မဟုတ် တစ်ဆယ်နှင့် သုံးကျပ်ပေး၍ပင် လက်ဖျားဆွဲ၇န် ခေါ်သော်လည်း တစ်ဖက်က လိုက်၍ မဆွဲသည့်အခါမှ ဖြတ်ပိုင်းကြေးကို ဖြတ်ပိုင်းတော့သည်။ ဖြတ်ပိုင်းကြေး မှာ ကြေးရင်းတစ်ရာလျှင် တစ်ဆယ်နှုန်း အတွက်ကျဖြင့်သာ ဖြတ်ပိုင်းနိုင်း၍၊ နှစ်ကြိမ် သာလျှင် အပြန်အလှန်ဖြတ်ပိုင်းခွင့်ပြုသည်။
တစ်ဖက်က ဖြတ်ပိုင်းကြေးကို အခြားတစ်ဖက်က လက်ခံဖြတ်ပိုင်းခြင်း မပြုလျှင် အရှုံးပေးခံရသည်။ အကယ်၍ တစ်ဖက်က ဖြတ်ပိုင်းကြေးကို တစ်ဖက်ကလည်း လက်ခံဖြတ်ပိုင်း၍ နှစ်ကြိမ်အပြန်အလှန် ဖြတ်ပိုင်းပြီးသည့်နောက်၌ကား နောက်ထပ်ဖြတ်ပိုင်းကြေး မဖြတ်တော့ဘဲ အရှုံးအနိုင် အဆုံးတိုင် တိုက်ကြရသည်။ အရှုံးအနိုင်မဖြစ်ဘဲ သရေပွဲ ဖြစ်သွာလျှင်ကား ဖြတ်ပိုင်းကြေး ဖြတ်ပိုင်းစဉ် အချိန်စဉ် ဖြတ်ကြေး ခံရသော ကြက်ရှင်က အကောက်ငွေ အရှုံးခံရမည်ဟု ဆိုလိုသည်။)
ဒိုင်က စည်းကမ်းချက်များကို ဖတ်ကြား၍ ပြီးသွားပေပြီ။ နောက်ကြက်တိုက်ပွဲကို စရန်သာ ရှိတော့သဖြင့် ဒိုင်သည် စည်းဝိုင်းအတွင်းမှ စည်းဝိုင်းအပြင်သို့ ထွက်ခွာရှောင်ဖယ် ပေးလိုက်၏။ ကိုသန်းမောင်သည် သူ့ဟစ်တလားကို ကောက်ယူ၍ ဗဟုသုတများ ပြည့်ပြည့်၀၀ ဆည်းပူးထားသူ ဖြစ်သဖြင့် သူ့ကြက်ကို သူ ကိုယ်တိုင် ကြက်ဆွဲလုပ်ပြီး တိုက်မည်ဖြစ်သည်။
တစ်ဖက်မှ "ချိပ်ကလေး"၏ ကြက်ဆွဲသည် ချိပ်ကလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး စည်းဝိုင်းတွင်း သို့ ၀င်လာသလို၊ ကိုသန်းမာင်ကလည်း သူ့ဟစ်တလားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကြက်လွှတ်လျှင် လွှတ်ချင်း သူ့ကြက်က တစ်ပန်းသာစေမည့် အခွင့်အရေးကို တွေ့ရှိကာ အဆင်သင့် လွှတ်နိုင်ရန် "သတိ"အနေအထား ဖြင့် ၀ိုင်းတွင်းသို့ တစ်လှမ်းချင်း လှမ်းဝင် လာခဲ့၏။
(၆)
ကြက်တိုက်ပွဲကား စ လေပြီ။
'ကိုင်းဟေ့ ... လွှတ်ကြစို့'
နှစ်ဦးသား နှုတ်ဆက်ပြီး ကြက်ကို လွှတ်လိုက်ကြရာ ကြက်နှစ်ကောင်သည် တဖျတ်ဖျတ် တခွပ်ခွပ်ဖြင့် သခင်အားရ ခွပ်ကြလေပြီ။ လွှတ်လျှင်လွတ်ချင်း ဟစ်တလားက တစ်ချက်ဦးအောင် ခွပ်လိုက်နိုင်သဖြင့် ကိုသန်းမောင် ကား ကျေနပ်နေ၏။ နောက်သူည် ဒိုင်လုပ်သူကား 'ဘယ်နှနာရီ ထိုးပြီလဲ'ဟု လှမ်းမေး လိုက်ရာ ဒိုင်လုပ်သူသည် သူ၏ လက်ပတ်နာရီကို ဟန်ပါပါ မြှောက်ကြည့်ရင်း 'ကိုးနာရီ ထိုးပြီ'ဟု ဖြေကြား လိုက်၏။
ကိုသန်းမောင် အထူပင် ကျေနပ်သွားပြန်၏။ ကြက်ပွဲစသည့်အချိန်သည် သူ့ကြက် "အခါ"ရသော အချိန်အတွင်းဖြစ်ရာ မုချနိုင်ရမည်ဟု စိတ်ချထားလိုက်၏။ ကြက်တိုက်ပွဲမှာ ယခုမှ အစသာ ရှိသေးသဖြင့် ကြက် နှစ်ကောင်စလုံး မောပန်းနွမ်းနယ်ခြင်း မရှိသေးသောကြောင့် ခုန်ကာ ပျံကာနှင့် အားရပါးရ ခွပ်နေကြ၏။ ကိုသန်းမောင် ကြိုတင်ခန့်မှန်းခဲ့သလိုပင် "ချိပ်ကလေး"မှာ ပျာပျာယာယာနှင့် သွက်သွက် လက်လက် ခွပ်တတ်၏။ ဟစ်တလား တစ်ချက်လောက်ကို ချိပ်ကလေးက နှစ်ချက်လောက် မိအောင်ပင် ခွပ်နိုင်၏။ သို့သော ချိပ်ကလေးပစ်ခွပ်လိုက်သော နှစ်ချက်ကေို ဟစ်တလားသည် ဣနြေ္ဒမပျက် ခံယူနိုင်ပြီး ဟစ်တလား ပစ်ခွပ်လိုက်သော တစ်ချက်ကိုမူကား ချိပ်ကလေးမှာ ကြံ့ကြံ့ခံယူနိုင်စွမ်းမရှိဘဲ ယိမ်းယိုင် သွားတတ် သည်ကို ထောက်ခြင်းအားဖြင့် နှစ်ချက်နှင့် တစ်ချက် ကွာစေကာမူ ဟစ်တလားက ခြေသာ သည်ဟု ဆိုနိုင်ပေမည်။
"ချိပ်ကလေး"အရေးသာနေသည့် အချိန်ဖြစ်ပေမင့် ကိုသန်းမောင်ကတော့ ဂရုမစိုက်ပါ။ အခြေအနေကို အကဲခတ်ရခြင်းအားဖြင့် ဟစ်တလား၏ အခွင့်အရေးမှာ နောက်ပိုငးကျမှသာလျှင် ဆိုက်ရောက်လာမည်ကို သူသိပါ၏။ ယခုအချိန်၌ ဟစ်တလား၏ သန်မာလှသော ခြေထောက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခွပ် လိုက်ခြင်း များကို ချိပ်ကလေးသည် အများအားဖြင့် ရှောင်တိမ်းနိုင်ခဲ့သော်လည်း၊ နောက်ပိုင်းရောက်၍ မောပန်း သည့် အခါ၌ကား တစ်ကောင်နှင့် တ စ်ကောင် မရှောင်သာ မတိမ်သာဘဲ တစ်ချက်ချင်း ပစ်ခွပ် ကြရမည့် အခါဖြစ်ရာ၊ ဤအခါကျမှသာ ဟစ်တလား၏ ပြင်းထန်အားကောင်းသော ခြေထောက်ကြီးများ၏ အစွမ်းသတ္တိ ကို ထိရောက်စွာ မြင်ကြရပေလိမ့်မည်။
သူသည် ၀ိုင်းပတ်လည်တစ်လျှောက် ဟစ်တလားရှိနေရာဘက်သို့ လျှောက်လိုက်ရင်း ချိပ်ကလေး ပစ်ခွပ်လိုက်သော ခြေထောက်များသည် ဟစ်တလား၏ ခေါင်းကိုပဲ အထိများသလား၊ လည်ပင်းကိုပဲ အထိများ သလား၊ နားထင်ကိုပဲ အထိများသလားဟု လိုက်လံ မှတ်သားလျက် ရှိ၏။ သို့မှသာ စည်းဝိုင်း အပြင်ရောက်၍ ကောက်ယူရာကုသရာတွင် ထိုအထိများသော နေရာကို အရေးတယူ ကုသနိုင်ပေမည်။
ကြက်တိုက်ပွဲစ၍ ၁၀ မိနစ် အတွင်းမှာပင် ကြက်နှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် ခုန်ပျံကာ ခွပ်ရင်းလိုက်ရင်းနှင့် သတ်မှတ်ထားသော ၁၀ တောင်ပတ်လည် စည်းဝိုင်းအပြင်သို့ ရောက်သွားသဖြင့် ကြက်ဆွဲနှစ်ဦးသည် ကိုယ်စီကိုယ်ငှ မိမိတို့ ကြက်များကို ကောက်ယူကုသကြ ၏။
ကိုသန်းမောင်သည် ရေဇလုံရှိရာသို့ သူ့ကြက်ကို ယူလာကာ အ၀တ်စတစ်ခုကို ရေဆွတ်ပြီး ဟစ်တလား ၏ ခေါင်းမှ သွေးစ သွေးနများအား လိုက်သုတ်ပေး၏။ နောက် လက်ပူထိုးပေး၏။ အာငွေ့ပေး၏။ နားထင်နှစ်ဖက်ကို လက်မှနှင့် လက်ညှိုးညှပ်ကိုင်းပြီး ရှေ့သို့ ဆဲါဆန့်ကာ ခေါင်းကို ပါးစပ်တေ့၍ မှုတ်ပေး၏။ ခြေထောက်ကို ဆွဲဆန့်ပေး၏။ ပေါင်တံနှင့် ရင်အုပ်ကိုေ ရဖြင့် ဆုပ်နယ်ပေး၏။ ကြက်တောင် တစ်တောင်ဖြင့် ကြက်လည်ချောင်းထဲမှ ချွဲများအား ထုတ်ပစ်၏။ ဟစ်တလားမှာ ခွပ်လက်ကောင်းစွာ ရထားသော ကြက်ဖြစ်၍ ထုသားပေသား ရနေသောကြောင့် ဤမျှလောက်ဖြင့် ဖြုံပင်မဖြုံဘဲ သူ့ ရန်သူတော်ကို ခွပ်ရန်သာ စိတ်စောလျက်ရှိသဖြင့် ကိုသန်းမောင်၏ လက်တွင်းမှ ရုန်းကန်နေ၏။
စိတ်ကျေနပ်အောင် ကုသပြီးကြသောအခါ စည်းဝိုင်းတွင်းသို့ တစ်ဖန်ပြန်ယူလာပြီးနောက် နှုတ်ဆက်၍ ပြန်လွှတ်ကြပြန်၏။ သွေးစွန်းသွားပြီဖြစ်သော ကြက်နှစ်ကောင်ကလည်း သဲသဲမဲမဲနှင့် မိုက်မိုက်ကန်းကန်း ခွပ်ကြပြန်၏။ တစ်ချက် တစ်ချက်တွင် 'တောက်'ခနဲ အသံထွက်သွားအောင်ပင် ချက်ကောင်းကို မိသွားသည့် အခါ၌ကား ခံရသော ကြက်၏ ပရိတ်သတ်ဘက်မှ 'ဟာခနဲ' 'ဟင်ကနဲ' အာမေဋိတ်သံများ လျှံထွက်လာသလောက်၊ ခွပ်လိုက်ရေသော ကြက်၏ ပရိတ်သတ်ဘက်မှမူကား 'ကောင်းလိုက်တာကွာ' 'ကြိတ်လိုက်ကွ' ဟူသော သြဘာသံများဆူညံသွား၏။ တစ်ခါတစ်ခါတွင် ကြက်တစ်ကောင်ကောင်က ခြေလှမ်းမှားသွား၍ တစ်ဖက်သော ကြက်၏ အခွပ်ကို ခံလိုက်ရသည့် အခါ၌ကား 'အေး အဲဒီလိုမှားရင် ခံရမှာပဲကွ၊ နောက် မမှားအောင် ကြည့်လုပ်'ဟု သက်ဆိုင်ရာ ကြက်ဘက်မှ ပရိတ်သက်က လှမ်း၍ သတိပေး လိုက်တတ် သေး၏။
သို့ဖြင့် တစ်နာရီအတွင်း ရှစ်ကြိမ်မျှ ကောက်ယူကုသရပြီး ဖြစ်သော်လည်း အရှုံးအနိုင် ကွဲပြားလောက်သည့် ခြေစွမ်းခြေစကိုမူကား မည်သည့် ကြက်မှ မပြနိုင်ကြသေး။ ဤ တစ်နာရီအတွင်း ဟစ်တလာသည် သုံးကြိမ်မျှ ချက်ကောင်းမိလိုက်သည်ဖြစ်ရာ ပထမအချက်မှာ ချိပ်ကလေး၏ ငယ်ထိပ်ကို သူ၏ ခြေထောက်ကြီးဖြင့် တင်ရိုက်လိုက်ခြင်းဖြစ်၍ ချိပ်ကလေးခမျာ 'ကွတ်'ခနဲ အသံထွက်သွးသော တစ်ခဏမျှ သတိမေ့ပြီး ငိုက်ကျသွား၏။ နောက် ကြက်ဆွဲလုပ်သူက အမြီးကို လေဖြင့် တဖူးဖူး မှုတ်ပေးမှ သတိပြန်လိုက်လာပြီး ဆက်လက်၍ ခွပ်နိုင်ရှာသည်။ ဒုတိယတစ်ချက်မှာ ပါးရိုးကို ပြင်းထန်စွာ ရိုက်လိုက်ခြင်းဖြစ်၍ ချိပ်ကလေး၏ ပါးရိုးမှာ ကျိုးသွားရှာလေပြီ။ တတိယတစ်ချက်မှာ ပေါင်ထိပ်ကို စိုက်လိုက်ခြင်းဖြစ်ရာ ချိတ်ကလေးခမျာ ထော့နဲ့ထော့နဲ့ ဖြစ်နေရှာသည်။ သို့သော် ကြက်ဆွဲလုပ်သူ၏ အကုအသ ကောင်းမှုကြောင့် ဤမျှလောက်ဖြင့် အရှုံးအနိုင်မပေါ်သေးပေ။
ဟစ်တလားက သုံးကြိမ်မျှ ချက်ကောင်းမိလိုက်သလို ချိပ်ကလေး၏ သုံးကြိမ်မျှ ချက်ကောင်း တွယ်လိုက်ခြင်းကိုလည်း ဟစ်တလား မချိမဆံ့ ခံလိုက်ရသည်။ ချိပ်ကလေး၏ အတက်မှာ ရှည်၍ စူးလှသဖြင့် ပထမနှင့် ဒုတိယနှစ်ချက်မှာ ဟစ်တလား၏ ရင်အုပ်တွင် အစူးခံလိုက်ရ၏ ရင်အုပ်တွင် အစူးခံ လိုက်ရ၏။ တတိယအချက်မှာ နာထင်ကို စူးလိုက်ခြင်းဖြစ်၇ာ သွေးများမှာ ဒလဟော ပန်းထွက်လာ၏။ သို့သော် ကိုသန်းမောင်၏ အကုအသ ကျွမ်းကျင်နိုင်နင်းမှုကြောင့် အခြေအနေ ဆိုးဝါးမသွားခြင်းဖြစ်သည်။
ဟစ်တလား သုံးကြိမ်မျှ ချက်ကောင်းမိလိုက်စဉ်က ဟစ်တလားဘက်မှ ပရိတ်သတ်က လက်ဖျားဆွဲရန် ခေါ်သဖြင့် တစ်ဖက်မှလည်း လိုက်၍ လောင်းကစားသလို၊ ချိပ်ကလေး၏ တစ်ဖန်သုံးကြိမ်စလုံး လက်ဖျားဆွဲရန် ခေါ်သဖြင့် ဟစ်တလား၏ ပရိတ်သတ်ကလည်း ဟစ်တလားကို ယုံကြည်သောအားဖြင့် သုံးကြိမ်စလုံး လက်ခံ၍ လောင်းကစား၏။ သို့ဖြင့် ခြောက်ကြိမ်တိုင်တိုင် အပြန်အလှန်လက်ဖျားဆွဲကြသော ကြေးငွေ မှာ တစ်ရာ့နှစ်ဆယ်ပင် ဖြစ်သွားလေပြီ။
ဤတစ်နာရီ ကျော်လွန်ပြီးသည့် နောက်ပိုင်း၌ကား ကြက်ပွဲမှာ စိတ်ဝင်စားဖွယ် အခြေအနေသို့ ရောက်လာပေပြီ။ တစ်နာရီကျော်ကျော် ခွပ်လိုက်ရပြီဖြစ်၍ ကြက်နှစ်ကောင်မှ မောပန်းနွမ်းနယ် နေကြပေပြီ။ တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန်ခွပ်ထားသော ဒဏ်ရာဒဏ်ချက်များကြောင့်လည်း အားအင် များ ဆုတ်ယုတ်ကာ နုံးချည့်နေကြပေပြီ။ ၀ိုင်းအစတုန်းကလို လျင်မြန်ဖျတ်လတ်စွာ ရှောင်တိမ်းပြီး ခြေသွက်သွက် နှင့် မခွပ်နိုင်ကြတော့ဘဲ၊ တစ်ကောင်၏ ခေါင်းကို တစ်ကောင်ကဆိတ်၍ တစ်ချက်ချင်း ပစ်ခွပ် နေရသည့် အခြေအနေသို့ ရောက်နေကြပေပြီ။
ကိုသန်းမောင်ကား ဤအချိန် ဤအခြေအနေကို စောင့်မျှော်နေသူဖြစ်၍ အထူးပင် ကျေနပ်နေ၏။ စောစောက ဟစ်တလား၏ ပြင်းထန်သော ခြေထောက်ကြီးများကို လျင်မြန်ဖျတ်လတ်စွာ ရှောင်တိန်းနိုင်ခဲ့သော ချိပ်ကလေးသည် ယခုလို ထိုင်းမှိုင်းနွမ်းနယ်နေသည့် အချိန်၌ မရှောင်သာ မတိမ်းသာ အောင် အထိအမိ ခံနေရပြီ ဖြစ်၏။ မကြာမီ ဟစ်တလား၏ ခြေစွမ်းခြေစကို သိမြင်ကြပေ တော့အံ့။
သို့သော် မမျှော်လင့်သော အဖြစ်အပျက်ကို ကိုသန်းမာင်သည် ချောက်ချားစွာ မြင်လိုက်ရ၏။ နှစ်ကောင်ဆိုင်၍ ခွပ်ကြရာမှ အားချင်းမမျှ၍ နောက်သို့ အနည်းငယ် ဆုတ်ပေးလိုက်ရသော ချိပ်ကလေးအား ဟစ်တလားက မိုက်မဲစွာ ထိုးအလိုက်တွင် ချိပ်ကလေးသည် ဆုတ်ခုန်ခုန်၍ ခွပ်လိုက်ရာ ဟစ်တလား ၏ နှုတ်သီးဖျားကို ထိသွားတော့၏။ အရှိုက်ကို အထိုးခံလိုက်ရသော လက်ဝှေ့သမားကဲ့သို့ ချက်ကောင်း ကို အထိခံလိုက်ရသော ဟစ်တလားခမျာ 'ကွတ်'ခနဲ အသံထွက်သွာကာ ငိုင်ကျသွားစဉ်၊ ချိပ်ကလေးက အခွင့်ကောင်းယူ၍ နောက်တစ်ချက် ပစ်ခွပ်လိုက်ရာ ဟစ်တလား၏ လက်ဝဲဘက် မျက်လုံးကို အတက်ဖြင့် ထိုးမိပြီး တစ်ခါတည်း ကန်းသွားတော့သည်။ မည်းနက်သော သွေးတို့သည် ကန်းနေပြီ ဖြစ်သော ဟစ်တလား၏ လက်ဝဲဘက် မျက်လုံးအိမ်အတွင်းမှ ယိုစည်း၍ ကျလာကြ၏။ ဒါကို မြင်လိုက် ရသော ကိုသန်းမောင်ပင်လျှင် သူ့ဟစ်တလားနည်းတူ ငိုင်ကျသွား၏။ နောက်မှ သတိရပြိး ဟစ်တလား၏ နောက်ဘက် မှနေ၍ လေနှင့် ဆဖူးဖူး မှုတ်ပေးလိုက်မှ ဟစ်တလား သတိရပြီး ထခွပ်တော့၏။
အရေးသာလိုက်သော ချိပ်ကလေး၏ ဘက်မှ ပရိတ်သတ်က နောကထပ် တစ်ဆယ်လက်ဖျားဆွဲရန် ဆွဲခေါ်လေပြီ။ သို့သော် ဟစ်တလား၏ ပရိတ်သတ်ကမူ လက်ခံ လောင်းကစားခြင်း မပြုကြဘဲ တိတ်ဆိတ်နေ၏။ ထိုအခါ ချိပ်ကလေး၏ ပရိတ်သတ်က တစ်ဆယ်နှင့် ငါးကျပ်ပေး၍ လောင်းကစားမည်ဟု ကြေညာပြန်၏။ ဟစ်တတလား၏ ပရိတ်သတ်ကတော့ မလှုပ်မယှက် ငြိမ်သက်လျက်...။
ကိုသန်းမောင် သူ့နောက်ပါများအား အတော်ပင် ဒေါသထွက်သွား၏။ မျက်လုံး တစ်ဖက်ကန်းသွားရုံမျှနှင့် သူ့ဟစ်တလားကို အထင်သေးကာ တစ်ဖက်မှ တစ်ဆယ်နှင့် ငါးကျပ် လက်ဖျားဆွဲရန် ခေါ်သည်ကိုပင် လက်ခံ လောင်းကစားခြင်းမပြုရဲဘဲ ရှိနေကြသည်ကို သူ အတော်ခံပြင်းနေ၏။ ထို့ကြောင့် ဖြတ်ပိုင်းကြေး ဖြတ်ရန် ချန်ထားသော ငွေထဲမှ ထုတ်နုတ်၍ သူကိုယ်တိုင် လက်ခံလောင်းကစားတော့၏။
ပြီးနောက် သူသည် ဟစ်တလားကို အားပေးသော သဘောဖြင့် ၀ိုင်းအပြင်မှနေ၍ ထုံးစံတိုင်း သူဆိုနေကျ သီချင်းကို ဟန်နှင့်ပန်နှင့် သီဆိုတော့၏။
'ကြက်ဖတိန်ညင် တောကိုဝင် မောင်ရင်လာမှ လေးနဲ့ပစ်၊ မပစ်ပါနဲ့ မောင်ရင်ရယ် ကြက်တက်စူးလို့ သေပါ့မယ် ကွယ့်... သေပါ့မယ်... ဘယ်ဘက်က စူး... စူး... ညာဘက်က စူး...စူး၊ ခွပ်လိုက်ကြစို့ သူငယ်ချင်း ရေ...'
ဤနေရာတွင် ထုံးစံအတိုင်း အသံကို ခေတ္တဖြတ်ထားလိုက်၍ ကြက်ဖများ တွန်ခါနီး တောင်ပံကို တဖျတ်ဖျတ် ရိုက်သည့်ဟန်မျိုးဖြင့် လက်နှစ်ဖက်ကို တံတောင်ဆစ်မှနေ၍ ကွေးကာ သူ့ကိုယ်လုံးကို တဖျတ်ဖျတ်ရိုက်လိုက်ပြီးနောက် ခြေဖျားထောက်၍ လည်တံကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ပြီးတော့ 'အော်... အီး... အီး...အူး...'ဟု ဆွဲဆွဲငင်ငင်နှင့် တွန်လိုက်သဖြင့် အကြောင်းမသိသော ချိပ်ကလေး၏ ပရိတ်သတ်က ၀ါးခနဲ ပွဲကျသွား၏။
သို့သော် ကိုသန်းမောင် ငယ်စဉ်ထဲက မွေးမြူလာခဲ့သော ဟစ်တလားကား သူ့သခင်၏ ဆန္ဒကို သိ၏။ ယခင် ပွဲမ၀င်မီ အပြင်၌ ခွပ်လှည့်ချစဉ်အခါများကလည်း ဤသီချင်းဖြင့် အားပေးခြင်းကို အကြိမ်ကြိမ်ခံယူခဲ့ဖူးသည်ဖြစ်၍၊ ယခုလည်း သူ့ကို အားပေးလိုက်ကြောင်း နားလည်သလို ကိုသန်းမောင်သီဆိုသည်နှင့် တစ်ပြိုင်နက် သဲသဲမဲမဲ ခွပ်စပြုတော့၏။ တစ်ချက်၊ နှစ်ချက်... ဟော... နောက် အချက် ကျတော့...
ဟစ်တလားသည် ချိပ်ကလေး၏ မေးအောက်အပျော့ကို နှုတ်သီးဖြင့် ကိုက်ဆွဲ၍ အားရပါးရ ခွပ်လိုက်ခြင်းဖြစ်ရာ၊ ချပ်ကလေးခမျာ နာကျင်လွန်းလှ၍ 'ကတော် ကတော်'ဟု အော်ရင်း မြေကြီး၌ ၀ပ်နေ တော့၏။ မူလက ထိမှန်ထားသော လက်ဝဲပေါင်ထိပ်ကိုပင် အရှိန်ပြင်းစွာ ထပ်မံရိုက်ခတ်လိုက်ခြင်းဖြစ်ရာ ချိပ်ကလေး ၏ လက်ဝဲပေါင်မှာ ပိုင်းပိုင်းကျိုးရှာလေပြီ။ ဟစ်တလားက နောက်တစ်ကြိမ် ထပ်ဆင့်တွင်မူ ချိပ်ကလေး မှာ မခံမရပ်နိုင်တော့ဘဲ ခြေတစ်ပေါင်ကျိုး နိမ့်မျိုး နိမ့်မြင့် မလှမ်းချငချင် လှမ်းချင်ချင်နှင့် ၀ိုင်းပြင် သို့ ပြေးရရှာလေပြီ။
ဤနည်းဖြင့် တစ်ကောင်နှင့်တစ်ကောင် မလိုက်နိုင်၍ တစ်တောင်စည်းရေးပေးရသော အခန်း၊ ဖြတ်ပိုင်းကြေး ဖြတ်ပိုင်းသော အခန်းများသို့ မရောက်မီပင် ချိပ်ကလေးရှုံး၍ ဟစ်တလား အနိုင်ရ လိုက်လေပြီ။ စောစောက တိတ်ဆိတ်လျက်ရှိသော ဟစ်တလား၏ ပရိတ်သတ်ကား ယခုတော့ ဆူညံ ဆူညံ ကျွတ်စီကျွတ်စီနှင့် ပျော်မဆုံး အပြုံးပြုံး...။
(၇)
ဟစ်တလားနှင့် ချိပ်ကလေးတို့၏ တိုက်ပွဲကား ပြီးဆုံးလေပြီ။ နောက်ထပ် တိုက်ပွဲများ အဆက်မပြတ် ရှိနေသေးသော်လည်း ခါတိုင်းကဲ့သို့ စောင့်ဆိုင်း ကြည့်ရှုနေရန် ကိုသန်းမောင် စိတ်မ၀င်စားတော့။ ကြက်တိုက်ပွဲ တစ်ချိန်လုံး ကြက်ပွဲ၌သာ လုံးဝ စူးစိုက်လျက်ရှိသော သူ့စိတ်အာရုံသည် ကြက်ပွဲအပြီးတွင်မူ အိမ်မှ စောင့်မျှော်နေရှာမည့် ချစ်ဇနီး မအေးတင်ထံသို့ ရောက်ရှိနေ၏။ ထို့ကြောင့် ကြက်ပွဲပြီး၍ နိုင်ငွေများကို ရှင်းလင်းပြီးသည်နှင့် တစ်ပြိုင်နက် ဟစ်တလားကို ရင်ခွင်တွင် ပိုက်ကာ ကိုရွှေနိုင်တို့နှင့်အတူ ပြန်ခဲ့တော့သည်။
ကိုရွှေနိုင်နှင့် လူငယ်များကား အနိုင်ရရှိသောသူများပီပီ လမ်းတစ်လျှောက်လုံး ဆူဆူညံညံနှင့် ပြောဆို ရယ်မောရင်း လျှောက်နေနိုင်သော်လည်း၊ ကိုသန်းမောင်မူကား အနိုင်ရသူ ဖြစ်ပါလျက်နှင့် မရယ်နိုင် မပြုံးနိုင်ဘဲ မျက်နှာသေကလေးနှင့် ဖြစ်နေ၏။ အမှန်ကတော့ အနိုင်ရရှိ ပါသော်လည်း သူ့ဟစ်တလား မျက်လုံး ကန်းသွားသည့်အတွက် သူ့စိတ်ကို ထိခိုက်သွားခြင်းကြောင့် ဖြစ်သည်။
ဟစ်တလားမှာ မျက်လုံးကန်းပြီးဖြစ်သည်နှင့်အမျှ နောက်ထပ် ပွဲမ၀င်နိုင်တော့ဘဲ တန်ဖိုးမရှိသော ဟင်းစားကြက်အဖြစ်သို့ ရောက်ရှိသွားလေပြီ။ သူငယ်စဉ်ထဲက ဂရုတစိုက် မွေးမြူခဲ့ရသော ကြက်ဖြစ်၍ သားရင်းတမျှ သံယောဇဉ်ငြိတွယ်နေပြီ ဖြစ်သောကြောင့်လည်း ဤမျှထိခိုက်သွားရခြင်း ဖြစ်သည်။ မူလကပင် မအေးတင်ကို သနားလှ၍ ကြက်ဝါသနာကို စွန့်လွှတ်ရန် စိတ်အားထက်သန်နေဆဲ၊ ဤသို့ ဟစ်တလား ၏ အဖြစ်ကို ရင်နင့်သွား လောက်အောင် ထပ်မံ မြင်လိုက်ရပြန်သည့်အခါ၌ကား နောက်ထပ် ကြက်မွေးမြူခြင်း၊ ကြက်တိုက်ခြင်းများ ပြုလုပ်ရန် လုံးဝ စိတ်ကုန်ခန်းသွား၏။ ထို့ကြောင့် ယခု အိမ်ပြန်အရောက်တွင် သူ့အား စောင့်မျှော်နေရှာမည့် မအေးတင်အား နောက်နောင်ကြက်မွေးမြူခြင်း၊ ကြက်တိုက်ခြင်း တို့ကို မပြုလုပ်တော့ဘဲ ကြက်ဝါသနာကို လုံးဝစွန့်လွှတ်ပါတော့မည်ဟု ကတိကို သူ ပေးနိုင် လေပြီ။
သူသည် လမ်းလျှောက်နေရင်းမှပင် သူ့ရင်ခွင်ထဲမှ ဟစ်တလားအား ကြင်နာစွာ ငုံ့ကြည့်လိုက်၏ ဟစ်တလား ကလည်း ရရှိထားသော ဒဏ်ရာဒဏ်ချက်များကြောင့် ငိုင်လျက်ရှိရာမှ သူ့သခင်အား မကန်း သေးဘဲ ကျန်ရှိသော လက်ယာဘက် မျက်လုံးဖြင့် စောင့်ငဲ့၍ ကြည့်ရှာ၏။ ကိုသန်းမာင် ရင်ထဲ၌ကား ဆို့ သွားတော့၏ မကြည့်ရက်ပါ။ ဤမျှလောက် သနားစရာကောင်းလှ သော ဟစ်တလာအား သူဆက်လက်၍ မကြည့်ရက် တော့ပါ။ နောက်နောင်လည်း မကြည့်လို၊ မမြင်လိုတော့ပါ။
သူသည် မျက်နှာပြန်လွှဲလိုက်၍ အံကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။
'ဒီမှာ ကိုရွှေနိုင်၊ ဒီကြက်ကို ခင်ဗျားပဲ ယူပြီး မွေးပါတော့ဗျာ၊ ကျွန်တော်တော့ ဒီလို မျက်လုံး ကန်းကြီး ဖြစ်နေတာ ကို မကြည့်ရက်တော့ဘူး။ နောက်ဆိုရင် ကြက်ဝါသနာ စွန့်လွှတ်တော့မှာမို့ ဒီကြက်ကို သံယောဇဉ် ကိုလည်း တစ်ခါတည်း ဖြတ်ပစ်လိုက်ချင်တယ်၊ ဒါကြောင့် ဒီကြက်ကို ခင်ဗျားပဲ ယူပြီး မွေးပါဗျာ နော်'
ပထမတော် ကိုရွှေနိုင်သည် ကိုသန်းမောင်ကို အံ့အားသင့်စွာ မော်ကြည့်နေမိ၏။ နောက်မှ ကိုသန်းမာင် ၏ စိတ်အခြေအနေကို အကဲခတ်မိသွားသည့်အလား တဟားဟား အော်ရယ်လိုက်ရင်း-
'အေးလေ... မင်းစိတ်ကုန်ခန်းလို့ ပေးခဲ့ရင်လည်း ပေးခဲ့ပေါ့ကွ၊ ငါကတော့ အလကားရတဲ့ နွား သွားဖြဲပြီး ကြည့်တတ် တဲ့ လူ မဟုတ်ပါဘူး၊ ပေးရင်တော့ အယူချည်းပဲ'
ဤတွင် ကိုသန်းမောင်သည် သူ့ရင်ခွင်မှ ဟစ်တလားအား ကိုရွှေနိုင်သို့ လက်ကမ်းပေးလိုက်ရာ၊ ကိုရွှေနိုင်ကလည်း သွက်လက်စွာပင် လှမ်းယူပြီးနောက် အမှိုင်၏ အရက်ဆိုင်ရှေ့သို့ ရောက်နေပြီဖြစ်သဖြင့် အရက်ဆိုင် အတွင်းသို့ တစ်ခါတည်း တန်းဝင်သွား၏။ ကိုသန်းမောင်ကတော့ ကြက် သူ့လက်မှ လွတ်သည် နှင့် တစ်ပြိုင်နက် လှည့်၍ မကြည့်တော့ဘဲ သူ့အိမ်ရှိရာသို့ ရှေးရှု၍ သုတ်ခြေတင်တော့၏။
အိမ်သို့ရောက်သောအခါ ခါတိုင်းနှင့်တူ တစ်မူထူးနေသော သူ့ဇနီးအား စိတ်ကြည်နူးဖွယ် မြင်လိုက်ရ၏။ သန့်သန့်ပြန့်ပြန့်ဖြီးလိမ်း ၀တ်စားထားသော မအေးတင်သည် သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ထူးထူးခြားခြား ဖြီးလိမ်းဝတ်စားထားမှုများအတွက် မလုံမလဲ ဖြစ်နေသလို ရှက်ပြုံးကလေးဖြင့် ကြိုဆို နေရှာပါသည်။ သြော်... သနားစရာ ရိုးသားလှတဲ့ အေးတင်ရယ်။
'ဘယ်နှယ့်လဲ ဆရာကြီး၊ ဒီတစ်ခါ အိမ်အပြန် မြန်လှချည့်လား၊ မျက်နှာကလည်း ရွှင်ရွှင်လန်းလန်း မရှိဘူး ဆိုတော့ အင်း... ဧကန္တ ကြက်ပွဲက ရှုံးလာခဲ့ပြီထင်တယ်'
မအေးတင်က သူ၏ မျက်နှာရိပ် မျက်နှာကဲ ကြည့်ရှု အကဲခတ်၍ သူမ၏ ထင်မြင်ချက်ကို ထုတ်ဖော် ပြောကြား လိုက်၏။ ကိုသန်းမောင်ကတော့ မည်သို့မှ ခွန်းတုံ့မပြန်ဘဲ မအေးတင်ထံမှ ယူသွားသော ငွေငါးဆယ် နှင့် သူ အနိုင်ရရှိလာသော ငွေလေးဆယ်၊ ပေါင်းငွေကိုးဆယ်ကိုသာ မအေးတင်၏ လက်တွင်း သို့ ပေးအပ်လိုက်၏။
'သြ... နိုင်လာတာကိုး၊ ကျုပ်က တော် မျက်စိမျက်နှာပျက် ဖြစ်လာတော့ ရှုံးလာတယ် အောက်မေ့နေတာ။ အနို့ တော့် ကြက်ကြီးလည်း မမြင်ပါလား၊ ဘယ်မှာ ထားခဲ့သလဲ'
'အေး... နိုင်တော့ နိုင်ခဲ့ပါရဲ့၊ ဒါပေမယ့် ဟစ်တလားတော့ မျက်လုံးကန်းသွားရှာပြီလေ၊ ငါ့စိတ်ကို သိပ်ထိခိုက် သွားပြီး ကြည့်လည်း မကြည့်ရက်တော့တာနဲ့ ကိုရွှေနိုင်ကို တစ်ခါတည်း အပြီးအပြတ် ပေးပစ်လိုက်ပြီလေ'
'အိုတော်... သနားစရာ၊ ဖြစ်မှ ဖြစ်ရလေ၊ ဒီလိုဆိုရင် တော်တို့ အလုပ်ဟာ ဘယ်မှာ တရားတော့တို့လဲ။ တော်တို့ ပျော်ဖို့ပါးဖို့ အနိုင်ရဖို့အတွက် သူတို့က ကြားထဲက အသေခံ၊ မျက်လုံးမျက်ဆန် အကန်းခံပြီး ခွပ်ပေးရ သလို ဖြစ်နေပါပြီ။ ဘုရားမကြိုက်တဲ့ ဒုစရိုက်ကြီးတွေပါတော်'
မအေးတင်က အချက်ကျကျ ပြောကြားနေ၏။ ဟိုတုန်းကဆိုလျှင် ကိုသန်းမာင်ကလည်း အလျှော့မပေးဘဲ ဆင်ခြေလက်ခြေနှင့် အချက်ကျကျ ပြန်လည်ချေပ ပြောဆိုတတ်ပါ၏။ 'ဟေ့... မြို့က ဂုဏ်သရေရှိ လူကြီးလူကောင်းတွေဟာ ဥပဒေရဲ့ ခွင့်ပြုချက်အရ လူနဲ့ လူချင်း လက်ဝှေ့ထိုး သတ်ပုတ်ခိုင်းပြီး သူတို့ကဘေးကနေပြီး တပျော်တပါး လောင်းကစားကြတာနဲ့စာရင် တို့လို တိရစ္ဆာန်အချင်းချင်းကိုသာ ခွပ်ခိုင်းပြီး လောင်းကစားကြတဲ့သူတွေက အများကြီး တော်ပါသေးတယ်။ ဒါနဲ့တောင် လူလူချင်း တိုက်ပွဲဖြစ်တဲ့ လက်ဝှေ့ကိုတော့ ဥပဒေကရော လူတွေကရော အပြစ်တစ်စုံတစ်ရာ မရှိတဲ့ သူရဲကောင်း အလုပ်ကြီး လို ခွင့်ပြုထားကြပြီ တိရစ္ဆာန်အချင်းချင်း တိုက်ပွဲဖြစ်တဲ့ ကြက်ပွဲမှ ဥပဒေကရော လူတွေကရော ဘာကြောင့် ခွင့်မပြုနိုင်ရတာလဲဆိုတာ ငါတော့ စဉ်းစားလို့ကို မရဘူး'
ဤကား ကိုသန်းမောင် အမြဲလက်ကိုင်ထားသော ဆင်ခြေလုံးပင် ဖြစ်သည်။ သို့သော် ယခု တစ်ကြိမ်တွင်မူကား သူသည် မည်သို့မျှ ပြန်၍ စောဒက တက်မနေတော့ဘဲ ဆိတ်ဆိတ် နေလိုက်ခြင်း အားဖြင့် မအေးတင်၏ အယူအဆကို သဘောတူ ထောက်ခံကြောင်း ထင်ရှား နေသည်။
အတန်ကြာ အတွေးကိုယ်စီနှင့် ဆိတ်ငြိမ်လျက် ရှိကြရာမှ ကိုသန်းမောင်သည် မအေးတင်အား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး 'ဒီမှာ အေးတင်... နင်ကြားချင်တဲ့ စကားကိုလေ ငါ အခုပြောနိုင်ပြီ၊ နင်လိုချင်တဲ့ ကတိကိုလေ ငါ အခုပေးနိုင်ပြီ။ နောက်ကိုလေ ငါ ကြက်လည်း မမွေးတော့ဘူး။ တိုက်လည်း မတိုက်တော့ဘူး၊ အိုလေ... ကြက်ပွဲကိုတောင် သွားမကြည့်တော့ဘူး' ဟု ပြောလိုက်ရာ မအေးတင်လည်း အံ့အားအသင့်ကြီး သင့်သော မျက်နှာ၌ ကြည့်လင် ၀င်းလက်လာသော မျက်လုံးကြီးများဖြင့် ကိုသန်းမောင် အား ကြည့်ရင်း ပြုံးယောင်သမ်း၍ လာလေတော့သတည်း။
ပြီးပါပြီ
.

1 comment:
တော်သေးတယ်..တခုခုမဖြစ်လို့...ကျနော်က စာရေးဆရာတော်၂များများက ဒီလိုလူကောင်းလေးပြန်ဖြစ်ဖို့တိတ်၂လေးဆုံးဖြတ်ထားရင်အဆုံးသတ်ကိုသေပေးကြတော့ ကျနော်က အဲ့လူကြီးရန်ဖြစ်ပီးတခုခုဖြစ်မှာစိုးနေတာ..တော်ပါသေးရဲ့
မြတ်နိုး
Post a Comment