Wednesday, August 11, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၈) အဆက် (၄)

ခရိတ်က အံ့အားသင့်လွန်းပြီး ဘာမှ ပြန်မပြောနိုင်လောက်အောင် ဖြစ်နေစဉ် ခပ်လှမ်းလှမ်းမှ ဗိုလ်ချုပ် ဖွန်ဂါဘီရာ သည် ခရိတ်၏ မျက်နှာအမူအရာကို မြင်ပြီး လျင်မြန်စွာ လျှောက်လာလေ သည်။
ခရိတ် နှင့် ဆရာမ ဆာရာတို့ တစ်စုံတစ်ရာ တီးတိုးပြောနေသလောဟု မယုံသင်္ကာဖြစ်လျက် ချဉ်း ကပ်လာခြင်း ဖြစ်သည်။ သို့သော် ဆာရာကလည်း အကင်းပါးသူပီပီ ဗိုလ်ချုပ် ဖွန်ဂါဘီရာ ရောက် လာသည် နှင့် ဘာမှမပြောဘဲ ခရိတ်အား ဦးညွှတ်နှုတ်ဆက်ကာ လက်ဖက်ရည်ခွက်ယူပြီး ချက်ချင်း ပြန်ထွက်သွား လေသည်။

ဖွန်ဂါဘီရာသည် ခရိတ်မျက်နှာပျက်နေခြင်းမှာ နယူးယောက်မှ မစ္စတာ ဟင်နရီထံမှ ငွေကြေး မပြေ လည်ခြင်း အကြောင်းကြောင့်ပင် ဖြစ်ရမည်ဟု တွက်လိုက်ဟန်ဖြင့်-
"သိပ်လည်း စိတ်ဓာတ် ကျမနေစမ်းပါနဲ့ဗျာ။ ကျုပ်တို့နဲ့လာပြီး စိတ်ပြေလက်ပျောက် စကားပြော နေစမ်းပါ" ဟု ပြောကာ ခင်မင်ရင်းနှီးစွာ ခရိတ်၏ပခုံးပေါ်သို့ လက်တစ်ဖက် အသာတင်လိုက် သည်။
မကြာမီ မစ်ရှင်ကျောင်းမှ လေဆိပ်ရှိရာသို့ ဆက်သွားကြရာ ဆယ်လီက ခရိတ်၏ပခုံးကို အသာ ပုတ် လိုက်ပြီး-

"ကျွန်မ စဉ်းစားမိတယ်ရှင့်၊ ရှင် လုပ်ငန်းလုပ်ဖို့ ရည်ရွယ်တဲ့ ဇမ်ဘေဇီမြစ်ရေများ ဆိုတဲ့နေရာက လေကြောင်း ခရီး နဲ့ ဆိုရင် ဒီနေရာက နာရီဝက်လောက်သွားရင် ရောက်နိုင်တယ်။ ကျွန်မကိုယ်တိုင် မြေပုံကြည့်ပြီး ချီဇာရီဒေသကို ရှာတွေ့တယ်။ ကျွန်မတို့ အပြန်ခရီးမှာ လေယာဉ်ကို အဲဒီဒေသ ဘက် ကွေ့မောင်း ရင်း ကြည့်သွားပြီးမှ ပြန်ကြရင်ကောင်းမလားလို့"ဟု ပြောလေသည်။
သို့ရာတွင် ခရိတ်က စိတ်ပျက်ဟန်နှင့် "အကြောင်းမထူးပါဘူးဗျာ"ဟု ပြောလိုက်သည်။

"ဘာဖြစ်လို့လဲရှင့်"
ခရိတ်က ဟင်နရီထံမှ အကြောင်းကြားစာကို ဆယ်လီအား လှမ်းပေးလိုက်သည်။ ဆယ်လီလည်း စာရွက်ကို ဖတ်ကြည့် ပြီးနောက်
"ဟင်…ဒီလိုလား။ ကျွန်မ စိတ်မကောင်းပါဘူးရှင်"ဟု ပြောလေသည်။
သူမသည် တကယ်ပင် စိတ်မကောင်းဖြစ်လျက် ခရိတ်အတွက် ၀မ်းနည်းသည့်ဟန်ဖြင့် ပြောလိုက် ခြင်း ဖြစ်ကြောင်း သိသာထင်ရှားသောကြောင့် ခရိတ်သည် အနည်းငယ် စိတ်သက်သာရာ ရသလို ခံစားမိ လေသည်။

ထိုအခိုက် ဗိုလ်ချုပ်ဖွန်ဂါဘီရာက ကြားဖြတ်လျက် "အဲဒီဒေသကို ကျုပ်လည်း ကြည့်ချင်တယ်။ လေယာဉ်ကို ချီဇာရီ ဒေသဘက်က ကွေ့မောင်းရင် ကောင်းမယ်"ဟု ပြောလေသည်။
ခရိတ် က မလိုလားဟန်ဖြင့် ခေါင်းခါပြသော်လည်း ဖွန်ဂါဘီရာသည် လက်မခံဘဲ "ဘာပဲဖြစ်ဖြစ် ကျုပ်တို့ သွားကြည့် ကြမယ်"ဟု ခပ်တည်တည် ပြောလိုက်ရာ ဆယ်လီကလည်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ၊ နောက်ထပ် မိနစ်နှစ်ဆယ်လောက်သွားရင် ရောက်ပါလိမ့်မယ်" ဆယ်လီသည် မြေပုံကို စိုက်ကြည့် ရင်း လေယာဉ်ကို ကျင်လည်စွာ မောင်းနှင်သွားလေသည်။

ခရိတ်ကမူ ဘာမှမပြောဘဲ ဆိတ်ဆိတ်နေကာ မာတာဘယ်လီ တိုင်းရင်းသားဆရာမလေး ဆာရာ ပြော လိုက် သော စကားများအကြောင်း ပြန်လည်စဉ်းစားနေမိသည်။
"ဖွန်ဂါဘီရာ ရဲ့ နောက်လိုက်ခွေးတွေ"
သူမက ယင်းစကားလုံး သုံးလိုက်ပုံမှာ အဓိပ္ပါယ်အတိအကျ မသိသော်လည်း ကြောက်စရာ အန္တရာယ် တစ်မျိုး ဖြစ်ကြောင်းကား ထင်ရှားပေသည်။
တစ်ဖန် မိမိအား ပြောက်ကျား တော်လှန်ရေးသမား ရဲဘော်လွတ်ကောက်က ခေါ်သည့်အတိုင်း ကူဖီလာ ဟူသော အမည်ဖြင့် ခေါ်လိုက်ခြင်းကြောင့် ခရိတ်သည် ရင်ဖိုသလို တုန်လှုပ်ချောက်ချား သလို ဖြစ်ခဲ့ လေသည်။

ယင်းနာမည်ကို ဆာရာကသိနေခြင်းမှာ သူမသည် မာတာဘယ်လီ တော်လှန်ရေးပြောက်ကျားတို့ နှင့် အဆက် အသွယ် ရှိ၍သာ ဖြစ်ရမည်ဟုလည်း ကောက်ချက်ချမိလေသည်။
တစ်ဖန် ဆရာမ ဆာရာက မိကျောင်းမင်းအကြောင်း ပြောလိုက်ပြီးနောက်
"ကျားသစ်ဟာ သားကောင်ရှာတဲ့အခါ ညအခါမှသာ ထွက်ရှာလေ့ရှိတယ်"ဟုလည်း ပြောလိုက်လေ ရာ မိကျောင်းမင်း နှင့် ကျားသစ်အကြောင်းကို စကားဝှက်သဖွယ် ပြောလိုက်ခြင်းသည် ဘာကို ဆိုလို ပါလိမ့်ဟု စဉ်းစား၍ မရ ဖြစ်နေပြန်သည်။

ဆာရာသ် မာတာဘယ်လီ တိုင်းရင်းသား တော်လှန်ရေးသမား ပြောက်ကျားများအား လိုလားသူ အမှန်ပင် ဖြစ်နေ လေသလော။
ခရိတ်က ဤသို့ အမျိုးမျိုး တွေးနေမိစဉ် ဆယ်လီသည် မြေပြင်ဆီသို့ ညွှန်ပြလျက်
"ဟောဟိုမှာ မြစ်ကို မြင်နေရပြီရှင်"ဟုဆိုကာ လေယာဉ်ကို အလွန်နိမ့်စွာ ပျံသန်းကာ မြစ်ရိုးအတိုင်း မောင်းသွား လေသည်။
လေယာဉ် က အလွန်နိမ့်စွာ ပျံသန်းနေသဖြင့် မြေပြင်မှ သစ်ပင်တောအုပ်များကို ကောင်းစွာ မြင်နေ ရသည့် တစ်ချိန် တွင် အလွန်ထွားကျိုင်းသော ကြံ့နက်ကြီးတစ်ကောင်ကိုပါ လှမ်းမြင်လိုက်ရလေ သည်။
"ဟောဟို မှာ ကြည့်စမ်းပါဦး"

ဆယ်လီက ရုတ်တရက် ညွှန်ပြလိုက်သဖြင့် ခရိတ်နှင့် ဖွန်ဂါဘီရာတို့သည် ညွှန်ပြရာသို့ လှမ်းကြည့် လိုက်ကြ သည်။
မြင်ရသည့် ရှုခင်းမှာ ကောက်ကွေ့နေသည့် မြစ်ကမ်းပါဘေးတစ်နေရာမှ မြက်ပင်များနှင့် မြေကွက် လပ်ကြီး တစ်ခု ဖြစ်သည်။ ယင်းမြေကွက်လပ်ကြီးသည် စားကျက်သဖွယ် ဖြစ်နေ၍ မြင်းကျားတစ် အုပ် အစာ စားနေ ကြရာ လေယာဉ်စက်သံကြောင့် မြင်းကျားများ လန့်ဖျပ် ထွက်ပြေးကြကုန်လေ သည်။
"အဲဒီ မြေကွက်လပ် အကျယ်အ၀န်းနဲ့ဆိုရင် ကျွန်မရဲ့ လေယာဉ်ကို ဆင်းလို့ရလိမ့်မယ် ထင်တာ ပဲ"
ပြောပြော ဆိုဆို ဆယ်လီသည် လေယာဉ် ကို ဆင်းသက်ရန် ပြင်ဆင်လေသည်။

သူမအနေဖြင့် ဤဒေသရှိ သဘာဝတောတောင် ရေမြေရှုခင်း အခြေအနေကို အနီးကပ် လေ့လာ ကြည့်ရှု လိုသဖြင့် လေယာဉ်ကို ဆင်းသက်ရန် ပြင်ဆင်ခြင်း ဖြစ်ဟန်တူလေသည်။
ဆယ်လီသည် လေယာဉ်ကို မြေပြင်နှင့် ထိလုနီးပါး အလွန်နိမ့်စွာ ပျံသန်းလျက် မြေကြီးအခြေအနေ ကို အနီးကပ် လေ့လာကြည့်ရှုပြီးနောက် ကျင်လည်စွာပင် ဆင်းလိုက်လေသည်။
လေယာဉ်မောင်းရာ ၌ အထူးကျင်လည်သူဖြစ်၍လည်း သူမသည် လေယာဉ်၏ ဘီးများ မြေပြင်နှင့် ထိပြီး ပေတစ်ရာ့ ငါးဆယ်အတွင်းမှာပင် အောင်မြင်စွာ ရပ်တန့်လိုက်နိုင်လေသည်။
"အင်း ဆယ်လီက အတောင်နဲ့ သဘာဝအတိုင်း ပျံသန်းတဲ့ ငှက်မကလေး ကျနေတာပဲ"
ခရိတ် က ရယ်မောပြီး ပြောလိုက်ရာ ဆယ်လီသည် သဘောကျသွားဟန်ဖြင့် ပြုံးလိုက်လေသည်။

သူတို့သည် လေယာဉ်ပေါ်မှဆင်း၍လျှောက်သွားကြရာ မြစ်ကမ်းစပ်အနီးသို့ ရောက်သွားလေ သည်။
ထိုနေရာ ၏ ရှုခင်းမှာ အာဖရိကတိုက်၏ သဘာဝတောတောင် ရေမြေကို လူတို့၏ပြုပြင်မှု၊ ဖျက်ဆီးမှု အလျှင်း မရှိဘဲ ပကတိအတိုင်း ဖြစ်နေလေသည်။ ကမ်းစပ်အနီးရှိ သစ်ပင်များပေါ်၌ တောငှက်တို့၏ အသိုက် များလည်း ရှိသည်။

ရေစပ်ရှိ သဲသောင်ပြင်များ၏ ဖြူလွလွ အဆင်းကလည်း အလွန်လှပကြည့်ကောင်းနေပေသည်။ တောစပ်ရှိ သစ်ပင်ကြီး များနှင့် ချုံနွယ်ပိတ်ပေါင်းတို့ကလည်း သဘာဝရှုခင်းကို ပို၍ တင့်တယ် အောင် အလှတန်ဆာ ဆင် ပေးထားသည် ဟု ထင်ရလေသည်။
"ဒီနေရာက သဘာဝရှုခင်းတွေက သိပ်လှတာပဲနော်"
ပြောပြောဆိုဆို ဆယ်လီသည် သူမ၏ကင်မရာကိုကိုင်လျက် ရှုခင်းများကို ဓာတ်ပုံရိုက်ယူရန် လျှောက်ထွက် သွားလေ သည်။

ကမ်းစပ်တစ်နေရာတွင် တောဆင်ရိုင်းများ သွားလာကျက်စားသည့် အထိမ်းအမှတ်အဖြစ် ဆင်ချေးတုံးကြီး များ စုပုံ ရှိနေလေရာ ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ထိုနေရာကို ညွှန်ပြလျက်
"ဒါထက် မစ္စတာခရိတ်၊ ခင်ဗျား စိတ်ကူးတဲ့ တိုးရစ္စခရီးသည စခန်းမျိုးက ဒီနေရာမှာ တည်ဆောက်ရင် အကောင်းဆုံးပဲ" ဟု ပြောလိုက်ရာ ခရိတ်ကလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တာပေါ့၊ ဒီနေရာကဆိုရင် ကမ္ဘာလှည့် တိုးရစ္စခရီးသည်တွေအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ညဘက် ရေဆင်းသောက်တာကို ကောင်းကောင်းကြည့်နိုင်တဲ့ အထူးတန်း ပွဲကြည့်စင်လိုဖြစ်မှာ သေချာတယ်"

"အေးဗျာ၊ ခင်ဗျားရည်ရွယ်ထားတာ စီမံကိန်းက မုခုအောင်မြင်ပြီး အကျိုးရှိနိုင်တယ်။ အမြတ်အစွန်းလည်း အများကြီး ရမှာပဲ။ ဒီလိုစီမံကိန်းမျိုးကို လက်လွှတ်လိုက်ရမှာ ၀မ်းနည်းဖို့ ကောင်းတယ်"
ဖွန်ဂါရာ က ဤသို့ပြောလိုက်လျှင် ခရိတ်က သရော်သလို ဟန်မျိုးဖြင့်
"ခင်ဗျား အခုပြောလိုက်ပုံက အရင်းရှင်တစ်ယောက် ကျနေတာပဲ" ဟုပြောလိုက်သည်။
အမှန်တော့ ခရိတ်သည် သူအလုပ်လုပ်ရန် လိုအပ်နေသော ရင်းနှီးငွေ မရနိုင်ကြောင်း သိရခြင်းကို စိတ်ပျက်နာ ကြည်း သဖြင့် ရွဲ့ပြီး ပြောလိုက်ခြင်းဖြစ်သည်။
သို့သော် ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် စိတ်ဆိုးပုံ မရဘဲ ပြုံးလိုက်သည်။

    ''ဘာပဲဖြစ်ဖြစ် ပြန်လည်ထူထောင်ဖို့ ကုန်ကျစရိတ်နဲ့ ငွေပင်ငွေရင်းကို စိုက်ထုတ်ပေးမယ့် အရင်းရှင် တွေ တော့ ရှိဖို့ လိုတာပါပဲ''
    ထိုစကားကြောင့် ခရိတ်သည် ဖွန်ဂါဘီရာအား လျင်မြန်စွာ လှမ်းကြည့်လိုက်မိသည်။ ထိုအခါ ဖွန်ဂါဘီရာ ၏ မျက်လုံးများတွင် ဥရောပတိုက်သား မျက်နှာဖြူများကဲ့သို့ အမြတ်အစွန်းရလိုမှု လောဘရှိသည့်  အရိပ် အယောင် ပေါ်ထွက်နေသည်ဟု ထင်ရလေသည်။

    ထိုအချိန်၌ နှစ်ယောက်စလုံး စကားမပြောဘဲ ဆိတ်ဆိတ်နေကာ ရေစပ်အနီးတွင် ဓါတ်ပုံရိုက်နေသူ ဆယ်လီအား လှမ်းကြည့်နေကြလေသည်။
    ဗိုလ်ချုပ် ဖွန်ဂါဘီရသည် တစ်စုံတစ်ခု စဉ်းစားနေဟန်ဖြင့် ငြိမ်နေရာမှ ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ခရိတ်အား လှမ်းပြောလေသည်။
    ''ဒီမယ်၊ တကယ်လို့ခင်ဗျား လိုအပ်နေတဲ့ ငွေပင်ငွေရင်း ချေးယူရရှိဖို့အတွက် ကမ္ဘာဘဏ်က တောင်းဆို တဲ့ အထောက်အထားနဲ့ လိုအပ်ချက်တွေကို ကူညီဖန်တီးပေးနိုင်မယ်ဆို ရင် ခင်ဗျားရဲ့ လုပ်ငန်းမှာ ကျုပ် လည်း အထိုက်အလျောက် ဝေစုရနိုင်ခွင့် မရှိဘူးလား''

    ''ဒါတော့ ခင်ဗျားအနေနဲ့ ထိုက်သင့်သလောက် ရပိုင်ခွင့်  ရှိတာပေါ့'' ခရိတ်က ပြန်ပြောလိုက်စဉ်မှာပင် ဆယ်လီ ၏ လှမ်းအော်ပြောသံ ကြားရလေသည်။
    ''ကျွန်မတို့ ခရီးဆက်ကြမှ ကောင်းမယ်ရှင့်၊ ဒီကနေ ဟာရာရေမြို့ရောက်အောင်အချိန် နှစ်နာရီ ခွဲ လောက် ပျံသန်းရလိမ့်မယ်''
    သို့နှင့် သူတို့သည် ဆက်လက်၍     လေယာဉ်ဖြင့် ပျံသန်းခဲ့ကြပြီး ဆာရွန်လေတပ်စခန်းသို့ ပြန်ရောက် သွားကြသောအခါ ခရိတ်က ဖွန်ဂါဘီရာနှင့် ဆယ်လီတို့ နှစ်ယောက်စလုံးကို လက်ဆွဲနှုတ်ဆက် လေသည်။

    ဖွန်ဂါဘီရာသည် ''ဆယ်လီရိုက်ခဲ့တဲ့ဓာတ်ပုံတွေအားလုံး ကောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်'' ဟု ပြောလိုက်ပြီး နောက် ခရိတ်ဘက်သို့ လှည့်၍
    ''ခင်ဗျားက မိုနိုမာတာပါ ဟိုတယ်မှာ တည်းနေတယ် မဟုတ်လား၊ နောက်သုံးရက်အတွင်း ခင်ဗျားကို ကျုပ် ဆက်သွယ်ပါမယ်'' ဟုပြောပြီး အသင့်ရှိနေသော စစ်တပ်သုံး ဂျစ်ကားတစ်စီးဖြင့် ထွက်သွားလေသည်။

    ခရိတ်သည် ဆယ်လီအား လေဆိပ်မှ ပြန်ရန် မောတော်ကာ ပါမပါမေးရာ ဆယ်လီက ခေါင်းခါပြသဖြင့်
    ''ကျုပ် ကတော့ ကားမောင်းရာမှာ မင်းလေယာဉ်မောင်း ကျင်လည်သလိုတော့ မတော်ပါဘူး၊ ဒါပေမဲ့ ကျုပ် ကားနဲ့ လိုက်မယ်ဆိုရင် လိုက်ပို့ပါမယ်''ဟု ပြောလိုက်သည်။
    ဆယ်လီက ပြုံးလျက် လိုက်ခဲ့မည်ဟု ပြောသဖြင့် ခရိတ်သည် သူမအား တည်းခိုရာ တိုက်ခန်းသို့ မောင်းပို့လိုက်လေသည်။
    ဆယ်လီ နေထိုင်သည့် နေရာကား အစိုးရအိမ်တော် (ယခင် ဘုရင်စံအိမ်တော်နှင့် မျက်နှာချင်းဆိုင်ရှိ အဆောက် အအုံ တစ်ခုမှ တိုက်ခန်း ဖြစ်လေသည်။)

    ယင်း တိုက်ခန်းရှေ့သို့ မော်တော်ကားဆိုက်၍ ဆယ်လီက ကားပေါ်မှ ဆင်းနေစဉ် ခရိတ်က ''ဒီနေ့ည ညစာ ကျုပ်နဲ့ အတူ လိုက်စားပါလား'' ဟု ဖိတ်ခေါ်လိုက်သည်။
    သို့သော် ဆယ်လီက
    ''ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မမှာ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်ရှင့်'' ဟု ပြန်ပြော လေသည်။
    ''ညစာစားတယ်ဆိုပေမယ့် အချိန်မကြာစေရပါဘူး။ အမြန်ဆုံး စားသောက်ပြီး ဆယ်နာရီ မထိုးခင် ဒီအရောက် ပြန်ပို့ပေးပါမယ်။ လိုက်စားပါလားကွယ်''
    ခရိတ်က ထပ်မံ၍ ပြောကြည့်သောအခါ ဆယ်လီသည် ခေတ္တမျှ စဉ်းစားနေပြီး "ဒါဖြင့် ကောင်းပြီလေ၊ ခုနှစ်နာရီ လောက် ကျွန်မကို ဒီမှာပဲလာခခေါ်ပါ"ဟု ပြောလိုက်သည်။
ခရိတ် သည် ကျေနပ် သဘောကျသွားလျက် သူ၏ဗောက်ဝက်ဂွန်တာ ကလေးဖြင့် မောင်းထွက် သွားလေ သည်။

ခရိတ်သည် ညစာစားရန်အတွက် မည်သည့်စားသောက်ဆိုင်သို့ သွားရမှန်းမသိဖြစ်နေရာ ဆယ်လီကပင် သူမ နှင့် သိကျွမ်းသော ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလေသည်။
ထိုစားသောက်ဆိုင်မှ ဆိုင်ရှင်ကိုယ်တိုင် ဆယ်လီကို မြင်မြင်ချင်း ၀မ်းသာအားရ ပြေးလာပြီး လှိုက် လှိုက် လှဲလှဲ ခရီးဦးကြို ပြုလေသည်။
တကယ်လည်း ထိုဆိုင်မှ စားသောက်ဖွယ်များက အလွန်အရသာရှိလေသည်။ ခရိတ်အဖို့ ထိုညက စားသောက် ရသည့် စားစရာများသည် မကြုံစဖူး ထူးခြားစွာ စားကောင်းလှသည်ဟု ထင်မိလေ သည်။ သူတို့သည် ယမကာအဖြစ် တောင်အာဖရိက နိုင်ငံလုပ် အကောင်းဆုံးဝိုင် အရက်ကို မှာသောက်ကြ လေသည်။

ညစာ အတူစားရင်း ခရိတ်သည် စကားပြောခွင့်ရသဖြင့် ဆယ်လီအကြောင်းကို တီးခေါက် မေးမြန်း ကြည့်ရာ ဆယ်လီ ကလည်း သူမ၏အတွေ့အကြုံများနှင့် ဖြစ်စဉ်ကို ပြောပြလေသည်။
"ကျွန်မဟာ မူလက နာမည်ကြီး ကိုဒတ် ဓာတ်ပုံဖလင်နဲ့ ကင်မရာကုမ္ပဏီမှာ ကျွမ်းကျင်သူ လက်ထောက် အဖြစ် အမှုထမ်းခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မမှာ အိမ်ထောင်ရှိခဲ့ပါတယ်။ နောက်ပိုင်း ကျွန်မ ရဲ့ ဓာတ်ပုံ ရိုက်ပညာ ကျွမ်းကျင်မှုကြောင့် ကျွန်မရဲ့ လက်ရာဓာတ်ပုံတွေကို ပြပွဲ တွေမှာ ပြခွင့်ရတဲ့အပြင် နိုင်ငံခြား ဝေလံ ခေါင်းပါး ဒေသတွေ ကို ဓာတ်ပုံရိုက်ဖို့ ခရီးထွက်ကြတဲ့ အဖွဲ့တွေကလည်း ကျွန်မကို ဖိတ်ခေါ် လာကြပါတယ်။

အဲဒါကို ကျွန်မရဲ့ ယောကျာင်္းကမနာလို ဖြစ်ရာက နောက်ဆုံးကျွန်မတို့ အိမ်ထောင်ရေးဇာတ်လမ်း နဂုံးချုပ် လိုက်ရတော့တယ် ဆိုပါတော့"
"မင်းတို့ အိမ်ထောင်ကျခဲ့တာ အချိန်ဘယ်လောက် ကြာခဲ့သလဲ" ခရိတ်ကမေးလိုက်ရာ ဆယ်လီက "နှစ်နှစ် လောက်ပါပဲ"
"သားသမီး ကော ရခဲ့သလား"
"သားသမီး မထွန်းကားခဲ့လို့ တော်သေးတာပေါ့ရှင်"
ဤသို့ သွက်လက်စွာ ပြောနေသော်လည်း ဆယ်လီသည် အစားအသောက်ကိုလည်း အဆက် မပြတ်စားနေလေရာ ခရိတ်သည် သူမကို အကဲခတ်ကြည့်ရင်း ဤအမျိုးသမီးသည် စိတ်ဓာတ် ခိုင်မာ ပြင်းထန်သလောက် တုန်လှုပ်မှု ကင်းစွာဖြင့် အရာရာကို လုပ်ဆောင်သွားတတ်သူပါတကား ဟုစိတ်ထဲမှ မှတ်ချက်ချမိလေသည်။
စားသောက်ပြီးသည်နှင့် ဆယ်လီသည် သူမ၏လက်ပတ်နာရီကို ကြည့်လိုက်သည်။

"ရှင်က ကျွန်မကို  ဆယ်နာရီလောက် အိမ်ပြန်ပို့ပါမယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား"
ပြောပြော ဆိုဆို ထိုင်ရာမှ ထလိုက်သည်။
စားသောက်ဆိုင်မှ ကျသင့်ငွေကို ခရိတ်ကရှင်းပေးမည် ပြုသောအခါ ဆယ်လီက လက်မခံဘဲ တစ်ယောက် တစ်ဝက် ကျခံ ရမည်ဟုဆိုကာ ဇွတ်အတင်းပင် ကျသင့်ငွေ၏ တစ်ဝက်တိတိကို ထုတ်ပေး သဖြင့် ခရိတ် လည်း မတတ်သာဘဲ လက်ခံလိုက်ရလေသည်။

သူမ၏ တိုက်ခန်းဝသို့ ရောက်သောအခါ ဆယ်လီက ချက်ချင်းကားပေါ်မှ မဆင်းသေးဘဲ
"ရှင် ကျွန်မရဲ့ အခန်းကို လိုက်ပြီးကော်ဖီ သောက်ပါဦးလား ရှင့်"ဟု ဖိတ်ခေါ် လိုက်သည်။ ခရိတ်လည်း ၀မ်းသာ အားရ ဖြစ်သွားလျက်
"ဟာ……. သောက်ချင်တာပေါ့၊ ကျေးဇူးပါပဲ"ဟု ပြောကာသွက်လက်စွာ ကားပေါ်မှ ဆိုင်မည် ပြုစဉ် ဆယ်လီ က လက်ဖြင့် အသာ တားလိုက် ပြန်သည်။
"ဒါပဲနော်။ ရှင့်ကို ကျွန်မရဲ့ တိုက်ခန်းထဲခေါ်မသွားခင် ရှင်းရှင်းပြောထားရဦးမယ်။ သောက်ရမယ့် ကော်ဖီက အလွယ်တကူ ဖျောက် လို့ရတဲ့ နက်စ်ကော်ဖီ ပဲ၊ ရှင်ကလိုက်လာပြီး ကော်ဖီသောက်ရုံ ပဲ သောက်ရမယ်။ တခြား ဘာမှ မလုပ်ရဘူး"
"ကောင်းပါပြီ။ စိတ်ချပါ။"

ခရိတ်က သဘောတူ လက်ခံလိုက်မှ ဆယ်လီသည် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး သူမ၏ တိုက်ခန်း သို့ခေါ်သွား လေသည်။
ဆယ်လီနေသည့် တိုက်ခန်းမှာ မကျယ်ဝန်းလှသော်လည်း သပ်သပ်ရပ်ရပ် ရှိလေသည်။ အခန်း တွင်း၌ အသံဖမ်း တိတ်ရကော်ဒါစက် တစ်လုံးရှိပြီး ထောင့်တစ်ထောင့်တွင် သူမအိပ်သည့် ခုတင်တစ်လုံးရှိသည်။ ခုတင် ဆိုသော်လည်း ဥရောပတိုက်သား အရာရှိများ နယ်လှည့်ခရီးထွက် သည့်အခါ ပေါ့ပေါ့ပါးပါး ယူသွားလေ့ ရှိသော ကင်းကော့်ခေါ် ခေါက်ကုတင်မျိုးသာ ဖြစ်သည်။ ခုတင်ဘေးနားတွင်လည်း ဆယ်လီ ခရီးသွားလျှင် အသုံးပြုသည့် အိပ်ရာလိပ်ငယ် တစ်ခု အသင့်ပြင် ထားလေသည်။

ပရိဘောဂ များများစားစား မရှိလင့်ကစား ကြမ်းပြင်ကို ပြောက်လက်အောင် ပွတ်တိုက်ထွားသဖြင့် သန့်ရှင်း သပ်ရပ် နေပေသည်။ အခန်းနံရံတွင်ကား ဆယ်လီ၏ လက်ရာဓာတ်ပုံများ ကပ်ထားလေ သည်။
 ဆယ်လီက မီးခိုခန်းတွင် ၀င်၍ကော်ဖီဖျော်နေစဉ် အခန်းနံရံမှ ဓာတ်ပုံများကို လေ့လာကြည့်နေ လေသည်။
"ရှင် ရေချိုးခန်း ၀င်ချင်ရင် ဒီဘက်ကို လာခဲ့ပါ။ ဒါပေမဲ့ သတိထားပြီးလည်း လျှောက်ရှင့်"
ဆယ်လီက လှမ်းပြောလိုက်သဖြင့် ခရိတ်လည်း သူပြောသည့်အတိုင်း လျှောက်ဝင်သွားရာ ရေချိုး ခန်းတွင် ဆယ်လီ က ဓာတ်ပုံဆေးကူးသည့် အမှောင်ခန်း ပြုလုပ်ထားကြောင်း တွေ့ရလေသည်။ ဖလင် ဆေးကူး သည့် ဓာတုဗေဒ ဓာတ်ဆေးပုလင်းများနှင့် ဆေးပြီး ဖလင်များလည်း တွေ့ရသည်။

နှစ်ယောက်သား ကော်ဖီထိုင်သောက်ရင်း အာဖရိကတိုက်အကြောင်း စကားစပ်ပြောနေကြ လေသည်။ ယင်းသို့ စကားပြောနေရင်း ဆယ်လီက ခရိတ်ရေးသော စာအုပ်အကြောင်း ထည့်ပြော သဖြင့် သူမ အနေ ဖြင့် ယင်းစာအုပ် ကို သေချာစွာ ဖတ်ရှု့လေ့လာ ထားသည်ဟု ခရိတ်က ခန့်မှန်း သိရှိလေသည်။
    အတန်ကြာကြာ စကားပြောဆိုနေကြပြီးနော၍ ဆယ်လီသည် လက်ပတ်န်ာရိကို ကြည့်ရင်း-
    ''ကဲ- အချိန်လည်း နှောင်းလှပြီး။ မနက်စောစောမှာ လုပ်စရာတွေလည်း ရှိသေးတယ်။ ဂွတ်နိုက်'' ဟု ခရိတ်အား ပြန်ရန် အရိပ်အမြွက်သဘော ပြောလိုက်ရာ ခရိတ်လည်း နားလည်ဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။

    ''နောက်ထပ် ကျုပ်က မင်းကို ဘယ်တော့ တွေ့ရဦးမှာလဲ''
    ''ဒါတော့ မပြောတတ်သေားဘူးရှင့်''
    ''ဘာဖြစ်လို့လဲ''
    ''မနက်ဖြန် ကျွန်မက တောင်တန်းဒေသကို လေယာဉ်မောင်းပြီး သွားရလိမ့်မယ်။ ဟိုမှာ ဘယ်လောက် ကြာမယ် ဆိုတာလည်း မပြောတတ်ဘူး''
    ဤသို့ပြောရင်း ခရိတ် ၀မ်းနည်းသလိုဟန်မျိုး ဖြစ်သွားသည်ကို သတိပြုမိသဖြင့် ဆယ်လီက
    ''ကျွန်မ ပြန်ရောက်ရောက်ချင်း ရှင်တည်းခိုနေတဲ့ ဟိုတယ်ကို တယ်လီဖုန်းဆက် အကြောင်းကြား လိုက်မယ် လေ။ ဒါကလည်း ရှင်က ဆက်စေချင်ရင်ပေါ့'' ဟု ဆက်ပြောလိုက်သည်။
    ''ကျုပ်က ဆက်စေချင်ပါတယ်''

    ခရိတ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်ကို ဆယ်လီသည် သဘောကျသွားသ ယောင် ဖြစ်သွားလေသည်။
    ပြန်ခါနီး တံခါးဝ၌ လက်ဆွဲနှုတ်ဆက်ကြစဉ် ဆယ်လီက
    ''ဒီမယ် ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှင့်ကို  သဘောကျစ ပြုလာမိတယ်။ ဒါပေမဲ့ ရိုးရိုး မိတ်ဆွေ အဖြစ် ခင်မင်လိုတဲ့သဘောသာ ဖြစ်တယ်။ အဲဒါထက် ပိုပြီး ရင်းနှီးတဲ့ အဆင့်မျိုးကို ဆိုလိုတာ မဟုတ်ဘူး။ ကျွန်မ ဟာ ပထမအိမ်ထောင်ပျက်ခဲ့တဲ့ဒဏ်ကို ခံနေရတုန်းပဲ ဖြစ်လို့ပါ။ ဒါကို ရှင့်အနေနဲ့ နားလည်မှု ရှိစေချင် ပါတယ်'' ဟု ပြောလေသည်။

    ဆယ်လီက ဤသို့ ပြောလိုကသော်လည်း ခရိတ်သည် ပျောရွှင်ကြည်နူးလျက် သူ၏ ဗောက်ဝက်ဂွန်း ကားလေးဖြင့် မိုနိုမာတာပါ ဟိုတယ်သို့ မောင်းပြန်လာခဲ့လေသည်။ သူကိုယ်တိုင် က ဆယ်လီအား နီးနီး ကပ်ကပ် တွေ့ဆုံသိကျွမ်းရချိန်တွင် သဘောကျလာမိသဖြင့် ယခုကဲ့သို့ သူမကိုင်တိုင်က ရည်မွန်စွာ ဆက်ဆံခြင်း ကို ကြည်နူးပီတိ ဖြစ်မိလေသည်။
    ထို့ပြင် ဆယ်လီ၏ ဓာတ်ပုံပညာ အရည်အချင်းကို လေးစားမိပြီး အာဖရိက အိုက်ကြီးနှင့် ကွ တိုင်းရင်းသား လူမျိုးများအပေါ် စေတနာမေတ္တာထားကြောင်း သိရ၍လည်း ခရိတ်သည် ဆယ်လီအား သဘောကျ မိခြင်း ဖြစ်လေသည်။

    ဟိုတယ်မနနေဂျာသည် ခရိတ်ကိုမြင်မြင်ချင်း သူ၏သီးသန့်ရုံးခန်းတွင်းသို့ ခေါ်သွားပြီး အရေးတကြီး စကား ပြောလေသည်။
    “မစ္စတာခရိတ်ခင်ဗျား၊ ကျွန်တော်တော့ အတော်ကို စိတ်ညစ်သွားတာပဲ။ ခင်ဗျားမရှိတုန်း မှာ ရဲတပ်ဖွဲ့ အထူး ထောက်လှမ်းရေး ဌာန က စုံထောက်အအရာရှိတွေလားပြီး ခင်ဗျာအကြောင်း မေးမြန်း စုံစမ်းတယ်။ သူတို့က အတင်းအကျပ် တောင်ဆိုတဲ့အတွက် ဒီဟိုတယ်က ခင်ဗျား သီးသန့်အာမခံသေတ္တာကို ဖွင့်ပြရတဲ့ အပြင် ခင်ဗျားရဲ့အခန်းကိုပါ ဖွင့်ပြလိုက်ရပါတယ်“
    ခရိတ်သည် စိတ်ထဲမှ ထောင်းခနဲ ဒေါသတွက်မိလေသည်။

    “နေပါဦး၊ ရဲထောက်လှမ်းရေးတွေက ဒီလိုပဲ ကာယကံရှင် မရှိခိုက် ကိုယ်ပိုင်အခန်းထဲဝင်ပြီး ရှာဖွေနိုင်ခွင့် ရှိလို့လား“
    “ခင်ဗျား သဘောမပေါက်သေးဘူးနဲ့တူတယ်။ ဒီနိုင်ငံမှာက သူတို့လုပ်ချင်တာ လုပ်နိုင် တယ်ဗျ။ ဒါပေမဲ့ ခင်ဗျား ရဲ့ သီးသန့် မီးခံသေတ္တာထဲက ဘာပစ္စည်းမှ သူတို့ယူမသွားပါဘူး။ ဒါကိုတော့ ကျုပ် တာဝန်ခံ ပါတယ်“
    “ဘာပဲဖြစ်ဖြစ် ကျုပ်က သေချအောင် ပြန်စစ်ကြည့်ချင်သေးတယ်“
    ဤသို့ပြောပြီး ခရိတ်သည် သူ၏ သီးသန့်မီးခံသေတ္တာကို ဖွင့်၍ အတွင်းမှ ပစ္စည်းများကို သေချာစွာ စစ်ကြည့် လေသည်။
    သူ၏ ခရီးသွား ချက်လက်မှတ်များကို ရေတွက်ကြည့်ရာ မူလက ထားခဲ့သည့် အတိုင်းပင် ပြည့်စုံစွာ ရှိသည် ကို တွေ့ရသည်။ သူ၏နိုင်ငံကူးလက်မှတ်နှင့် လေယာဉ် လက်မှတ်များသည်လည်း လက်ရာမပျက် ရှိနေသည်။

သို့သော် ခရိတ်အတွက် ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ ဟင်နရီက ဖန်တီးပေးလိုက်သောတောထဲ၌ အရေးပေါ်သုံးရန် အရေးပေါ် ဆေးသေတ္တာကိုမူ ထောက်လှမ်းရေးက မွှေနှောက် ရှာဖွေသွား ကြောင်းသိသာ ထင်ရှား လေ သည်။

ခရိတ်အား ကမ္ဘာ့ဘဏ် ကွင်းဆင်းလေ့လာရေး အရာရှိအဖြစ် အသိအမှတ်ပြု တာဝန်ပေးထား ကြောင်း ဖော်ပြထားသည့် စိစစ်ရေးကတ်ပြားမှ လက်ရာပျက်နေသည်ကို တွေ့ရလေသည်။
"အခုလို ကျူပ်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ၀င်ရောက် ရှာဖွေဖို့ ဘယ်သူများ အမိန့်ပေးလိုက်တယ် ထင်သလဲ"
ခရိတ်က မီးခံသေတ္တာကို ပြန်ပိတ်ပြီး မေးလိုက်ရာ ဟိုတယ်မန်နေဂျာက
"ထိပ်သီး အရာရှိကြီးကြီးတစ်ယောက် ဖြစ်မှာပေါ့"ဟု ပြန်ပြောလေသည်။ ခရိတ်လည်း စိတ်ထဲမှ နာကြည်း စွာဖြင့် "ဧကန္တ ၀န်ကြီးဘွန်ဂါတာ ဖြစ်မှာပဲ။ ဒီလူက အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲ သွားတာကိုး" ဟု တွေးမိလေသည်။

အခန်း (၉) ဆက်ရန်
.

1 comment:

ဇော်သိင်္ခ said...

အခန်း (၉) ကို မျှော်နေပါပြီခင်ဗျ... :)

ခင်မင်စွာဖြင့်
ဇော်သိင်္ခ