Monday, August 9, 2010

ကြယ်နီ အပိုင်း (၂၈)

ငါးဆီ

အုံ့မှိုင်းငယ် ညို၊
လှေအို လူး၊ မြစ်ပြင်အကူး၊ လှိုင်းခုန် မြူး။    ။
နွေဦး နွေဦးပေါ်ခါ၊ လေရူး လေရူးဆော်လာ၊
ကမ်း ရေသီတာ ...၊ရီပြာမှိုင်း ရေလှိုင်းဖွေး၊ ရေလှိုင်းဖွေး ။    ။
ကျောက်ဆောင် နံဘေးဆီက၊ ပွက်သေးနှင့်လည်ခါ တစ်ဖန်၊
ဝဲကတော့သံ၊ ကြွက်ကြွက်ညံ။   ။
အုံးခြိမ့်ခြိမ့်လျှံ၊ တက်သံ ဆူညာကြွေး၊ ဘီလာထောင်လို့ ပေးပါဦး၊
တက်ရေးပြ သည်ရေမော်မှာ၊
ဝဲပြင်ကလှော်၊ ပြင်ကလှော်။      ။
သဲငွေသောင်ပေါ်၊ စင်ရော်ပျံကာဝဲ၊ မောင်မယ် တူစုံနွှဲပါလို့၊
လူနဲသို့ ပျူပျူငှာငှာ၊ လှိုင်းရေထက်မှာ၊ နေလျက်သား။      ။

                                                               (မဟာဂီတ ဦးပြံးချို)
(၁)

' ပိတ်မှန်လေးအင်း မှာ ငါးကျလို့ တဲ့ '
ဤသတင်းမှာ ဗျင်းဘွဲရွာ တစ်ရွာလုံးကို ဟိုးလေးတကျော်ကျော် ဖြစ်သွားပါသည်။ အထူးသဖြင့် ဈေးကြီး လှသော ပဲဆီ၊ နှမ်းဆီများကို မသုံးနိုင်ရှာကြ၍ ငါးဆီကို အလိုရှိနေကြသော ငါးခုတ် သမ လောကတွင် ပို၍ ကျော်ကြား သွားပါသည်။ ' လူသတင်း လူချင်းဆောင် ' ဟူသော စကားလို ဤ ပိန်မှန်လေးအင်းမှာ ငါးကျ လို့ ဟူသော သတင်းမှာလည်း တစ်ယောက်စကား တစ်ယောက် နားဖြင့် ငါးဆီကို အလိုရှိနေကြသော ငါးခုတ်သမ များ လောက တွင် ပျံ့နှံ့ကျော်ကြားသွားပါသည်။

ဤသတင်းထူး သတင်းကောင်းမှာ မယ်စိန်၏ နားဝသို့လည်းရောက်သည်သာ ဖြစ်သည်။ ရောက်ပေ မပေါ့၊ သူမ ကိုယ်တိုင် ကပင် ဤလိုသတင်းမျိုးကို လိုလိုလားလား စောင့်မျှော်နားစွင့်နေ သူမဟုတ်ပါလော။ သူမတို့ အိမ်ထောင် တွင် စပါးဝမ်းစာ၊ ငါးပိဝမ်းစာများ လုံလောက်အောင် ရရှိထား ပြီ ဖြစ်သော်လည်း၊ ရိက္ခာများတွင် အရေးကြီး သော ရိက္ခာတစ်ခုဖြစ်သည့် ဆီဝမ်းစာတော့ မရှိသေးပါ။ င်္ဆ၀မ်းစာ ဆိုလို့ အဖိုးတန်လှသော ပဲဆီ၊ နှမ်းဆီ လို ဆီမျိုးတော့ မဟုတ်ပါပေ။ ဤလို ဆီမျိုးမှာ တော်သုံး၊ နန်းသုံး၊ သူဌေးသုံးဖြစ်၍ သူတို့ ဆင်းရဲသား လူကပ်ပါး များ နှင့် ဘာမျှမဆိုင်။ သူတို့အတွက် ဆီမှာမူ ငွေကြေးမပေးရဘဲ သူတို့လုပ်အားနှင့် လဲလှယ် ယူရမည့် ငါးဆီ သာဖြစ်သည်။ ဤငါးဆီမှာ ငါးခေါင်းကို ခုတ်ဖြတ်၍ ငါးဝမ်းထဲမှ ညှစ်ထုတ်ပြီးယူမှရသည်။ ဒါကြောင့် ဘယ်အင်းမှာ ငါးကျသလဲ ဟူသော သတင်းကိုမူ သူမတို့က အမြဲတစေ နားစွင့်နေရသည်။

' ဟော ... အခု ပိန်မှန်လေးအင်းမှာ ငါး အတော်များများကျလို့ ဆိုပါကလား '
ဤ သတင်းကြောင့် မယ်စိန်မှာ ၀မ်းသာသွား၍ သူ့လက်များမှာလည်း ယားလာကြသည်။ လက်စွဲတော် ငါးခုတ်ဓားမ ကို ယာလက်တွင် ကိုင်စွဲ၍ တဆဆလုပ်နေမိသည်။ လက်အယားကို ဖြေဖျောက်သောအားဖြင့် လက်လှမ်း မီရာ တွေ့ကရာပစ္စည်းဝတ္ထုများကို ခုတ်ထစ်နေမိသည်။

' ယောက်ျား ဓားသွေး၊ မိန်းမ သားမွေး' ဟု ဆိုရိုးစကားထားရှိခဲ့သည်မှန်သော်လည်း  မယ်စိန်ကမူ သားကို လည်း တစ်ယောက်ပြီးတစ်ယောက် မွေးဖွားခဲ့သည်ပြင် ဓားကိုလည်း သွေးနေလိုက်ပါသေး သည်။ ဒါပေမဲ့ မယ်စိန် ဓားသွေးခြင်း မှာ လူခေါင်းကို ခုတ်ဖြတ်ရန် မဟုတ်ဘဲ၊ ငါးခေါင်းကိုသာ တိခနဲ တိခနဲ အဆက်မပြတ် သွက်သွက် လက်လက် ခုတ်ဖြတ်နိုင်ရန် အတွက်သာ ဖြစ်သည်။

စိတ်ရှိ လက်ရှိ သွေးထားခြင်းဖြစ်သောကြောင့်လည်း သူမ၏ ငါးခုတ်ဓားမမှာ အရောင် တလက်လက် ထွက်အောင် တောက်ပနေ၍ ဓားသွားမှာလည်း ထက်လှစွာသည်။ ဓားသွား ဘယ် လောက်ပင် ထက်ပေမဲ့ အောက်ခံ စဉ်းတီတုံး မကောင်းပြန်ပါကလည်း ငါးခုတ်ရာတွင် တွင်ကျယ် ခြင်း ရှိမည်မဟုတ်။ ဒါကြောင့် သူမ က ကိုဒေါင်းစိန်အား စဉ်းတီတုံးကောင်းကောင်းတစ်ခုပြုလုပ်ပေး ရန် ပူဆာရသည်။ ကိုဒေါင်းစိန် ကလည် သူ့ချုံ မှ ဆယတင်ထားသော မန်ကျည်းတုံးကြီးကို လွှဖြင့် ဖြတ်ကာ သူမအတွက် မန်ကျည်းသား စဉ်းတီးတုံး တစ်ခု ပြုလုပ်ပေးလိုက်သည်။ ဤမန်ကျည်း သားမှာ မာကျော၍ ခိုင်ခံ့လှသည့်အတွက် စဉ်းတီတုံးဆိုလျှင် မန်ကျည်းသား စဉ်းတီးတုံး မှာ အကောင်းဆုံးဖြစ်သည်။

ဓားကလည်း ထက်ထက်၊ စဉ်းတီတုံးကလည်း မန်ကျည်းသား၊ ငါးခုတ်သည့် သူမှာလည်း စိတ်မြန် လက်မြန် ရှိလှသည့် မယ်စိန် ဆိုတော့ ဘယ်သူ ယှဉ်ပြိုင်နိုင်မည်နည်း။
' ဖွားသက်တို့၊ အေးဆင့်တို့၊ ပုတိုတို့ရေ ..... လာကြဟေ့၊ ပိန်မှန်လေးအင်းကို ငါးခုတ်သွားကြမယ်'
မယ်စိန်သည် စဉ်းတီတုံးကို ခေါင်းပေါ်တွင်ရွက်၍ ၀ဲလက်တွင် ရေနံဆီပုံးလွတ်၊ ယာလက် တွင် ငါးခုတ်ဓားမ ကို ကိုင်စွဲကာ သူမ အိမ်နီးချင်း ငါးခုတ်ဖော်များအား လှမ်ဟစ်လိုက်၏။ မယ်စိန်၏ ခေါ်သံကြောင့် အသီးသီး ပင် မိမိတို့၏ အိမ်ကလေးများ အတွင်းမှ စဉ်းတီတုံးကိုယ်စီ ရွက်၍ ရေနံဆီ ပုံးလွတ်နှင့် ငါးခုတ်ဓားမ ကို လက်တစ်ဖက်စီတွင် ကိုင်ဆွဲကာ ထွက်လာကြ၏။

လမ်းမတွင် စုံညီစွာ စုရုံးမိသောအခါ မယ်စိန်က ခေါင်းဆောင်၍ ကမ်းနားသို့ ဆင်းလာခဲ့ကြကာ၊ အဆင်သင့် ဆိုက်ကပ် ထားသော လှေကြီးတစ်စင်းပေါ်သို့ တစ်စုတဝေးကြီး လှမ်းတက်ကြ၏။ ပြီးနောက် ပိန်မှန်လေး အင်း တည်ရှိရာ တစ်ဖက်ကမ်းသို့ ထိုလှေကြီးဖြင့်ပင် ဖြတ်ကူးကြ၏။

အားလုံး တိတ်ဆိတ် ငြိမ်သက်စွာပင် ဖြတ်ကူးလာကြရာမှ လမ်းတွင် မယ်စိန်က တစ်စုံတစ်ရာကို သတိရလို သူ့နောက်ပါများ သို့ လှမ်း၍ -
' ဟေ့ ကောင်မတွေ၊ ဟိုရောက်လို့ ငါးလှေ ရေစင်ကို ကပ်လာရင် လက်နှေး မနေကြနဲ့နော်။ အင်းမှာ ငါးအကျ များရင်တော့ ကိစ္စမရှိဘူး၊ ငါးမအကျနည်းလို့ ညည်းတို့ ငါတို့က လက်နှေးနေမယ် ဆိုရင် သူများ ဦးသွား လိမ့်မယ်။ ဒီတော့ ငါးလှေမှာ ငါးအပါနည်းရင် ခြင်းတောင်းနဲ့ တင်းဝင်ကျုံးကြ။ ပြီးတော့ ရေစင်ပေါ် သယ်တင် ပြီး ပုံထား၊ ကိုယ့်အဖွဲ့က သယ်တင်ပြီး ပုံထားတဲ့ ငါးပုံကို ကိုယ့်အဖွဲ့ သာ ခုတ်ကြစတမ်း မဟုတ်လား၊ ဒီတော့ တို့အဖွဲ့က ငါးများများ သယ်တင်ပြီး ပုံထားနိုင်ရင် တို့ တစ်တွေ ငါးများများ ခုတ်ရမှ လည်း တို့ တစ်တွေ ငါးဆီများများ ရမယ်၊ ဟုတ်တယ် မဟုတ်လားအေ့'
မယ်စိန် ၏ သြ၀ါဒကို ခံယူသလို အားလုံး ခေါင်းညိတ်ပြလိုက်ကြ၏။

ဟုတ်သည်၊ သူတို့သည် ငါးဆီကို ရလိုမှုအတွက် မေတ္တာရိ ခုတ်ပေးရသည်ပြင်၊ ငါးအကျနည်းသည့် အခါမျိုး၌ ဆိုလျှင် ငါးများများ ခုတ်နိုင်ရန် ကိုယ့်အဖွဲ့နှင့်ကိုယ် လှေထဲမှ ငါးများကို ခြင်းတောင်းနှင့် အလုယက် ၀င်ကျုံးပြီး ရေစင်ပေါ် အခမဲ့ သယ်တင်ပေးရသေးသည်။ ဤကဲ့သို့ အလုအယက် ၀င်ကျုံးရင်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ ခိုက်ရန်များကြသည့် အခါမျိုးလည်း ရှိတတ်သေးသည်။
' ဒါပေမဲ့ တို့တစ်တွေ ခုတ်လို့ လက်မနိုင် နိုင်လောက်အောင် ငါးအကျများနေမယ် ဆိုရင်တော့ အပင်ပန်းခံပြီး ဆင်ကျုံး မနေကြနဲ့နော်၊ သူတို့အင်းက အင်းလုပ်သားတွေ သယ်တင်ပေးလိမ့်မယ်။ တို့က အခန့်သင့် ထိုင်ခုတ်ကြရုံ ပဲ ရှိတယ်၊ ကြားကြရဲ့လား ဟေ့ '
အားလုံး တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြလိုက်ကြပြန်၏။ မည်သူမျှ ခွန်းတုံ့မပြန်ကြ။ တိတ်ဆိတ် လွန်းလှ၍ မယ်စိန် မှာ ပျင်းလာတော့သဖြင့် သူ့နောက်ပါ မိန်းမများကို တစ်ဦးစီ တစ်ဦးစီ လိုက်လံ ကြည့်ရှုရင်း စကားစ ရှာနေ ရပြန်၏။

ပထမဆုံး သူ့မျက်လုံး ရောက်သွားသူမှာ 'အေးဆင့်' အမည်ရှိ သော မိန်းမပျိုကလေးဖြစ်သည်။ အသက် ၁၆ နှစ်ခန့် ရှိသော အပျိုအရွယ်ကလေးဖြစ်၍ နာမည်နှင့် လိုက်အောင် အနေအေးသလောက် စကားလည်း နည်း လှ၏။ သူမ ငါးခုတ်ရန် လိုက်လာခြင်းမှာ ငါးဆီကို အိမ်သုံးအတွက် အလိုရှိ၍ မဟုတ်ဘဲ၊ ငါးဆီကို ရောင်း၍ ရသော ငွေကလေးများအား တဖြည်းဖြည်း စုဆောင်း၍ လုံချည်အင်္ကျီ ၀ယ်ဝတ်ရန် ရည်ရွယ်ချက် ဖြင့် လိုက်ခဲ့ခြင်းသာဖြစ်သည်။ ဤသို့သော ကျောက်ရုပ်လို မတုန်မလှုပ်နှင့် အေးတိအေးစက် နိုင်လှသော မိန်းကလေးမျိုး ထံမှ မည်သည့် စကားစမျိုးမှ ရရှိနိုင်လိမ့်မည် မဟုတ်။ ရရှိနိုင်ဦးတော့ အသက်ဝင်၍ ပျော်ရွှင်ဖွယ် ကောင်းသော စကားမျိုး ဖြစ်နိုင်လိမ့်မည်မဟုတ်။

သူ့မျက်လုံးများသည် အေးဆင့်ထံမှ 'ပုတို' အမည်ရှိသော အသက်သုံးဆယ်ကျော်ခန့် မိန်းမတစ်ဦး ထံသို့ ပြောင်းသွား ကြပြန်၏။ မပုတို့မှာလည်း နာမည်နှင့်လိုက်အောင် ပုပုတိုတိုကလေးပင်ဖြစ်၏။ အသားမည်း၍ ပါးစပ် ပြဲ၏။ ထူလွန်းသော နှုတ်ခမ်းရှိ၏။ ဤထူလွန်းသော နှုတ်ခမ်းကို အကြောင်းပြု၍ မယ်စိန်က ' ကောင်မ ရဲ့ ရုပ်ကိုက တဏှာရာဂအားကြီးမယ့် ရုပ်ပါအေ၊ မယုံရင် သူ့နှုတ်ခမ်းကို ကြည့်ပါလား၊ ဗြစ်ထူကြီးမှ ဗြစ်ထူကြီး' ဟု ကွယ်ရာတွင် အခြားမိန်းမဖော်များအား မှတ်ချက်ချပြောဆိုခဲ့ဖူး၏။

မပုတိုကား နှုတ်ကြမ်း ကိုယ်ကြမ်းနှင့် အာရဲ လျှာရဲဖြစ်သည်။ စကားပြောဆိုရာတွင်လည်း ပွင့်ပွင့် လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ပြောချတတ်သည်ဖြစ်ရာ၊ သူမ နှင့် စကားပြောရသည်မှာ အသက်ဝင်၍ လှုပ်ရှားမှု ရှိသည်။ ပြီးတော့ သူမနှင့် ပတ်သက်၍လည်း မယ်စိန် ၌ ပြောစရာ စကား စများ ရှိနေသည်။

' ဟေ့ ပုတိုရဲ့၊ ညည်းရဲ့ နောက်ဆုံးလင်ကိုလည်း ညည်း ကန်ချလိုက်ပြန်ပြီဆို၊ ဒီတစ်ယောက်ပါနဲ့ ဆိုရင် ညည်းလည်း သုံးလင်တောင် ရှိသွားပြီနော်။ ' သုံးကျောင်းပြောင်းသောရှင်၊ သုံးလင်ပြောင်းသော မိန်းမ' လို့ ရှေးလူကြီး သူမများက ဆိုထားတယ်အေ့၊ အခု ညည်းလည်း သုံး လင်ပြောင်းခဲ့တဲ့ မိန်းမဆိုတော့ သိပ်မကောင်း တော့ဘူး ထင်တယ်အေ '
မယ်စိန်၏ စကားမှာ ပိဿာလေးနှင့် နံဘေးကို တအားပစ်လိုက်သလို မပုတိုအား အထိ နာသွား စေ၏။ မယ်စိန် ပြောတာလည်း မှန်လှပေသည်။ သူမသည် တစ်လင်ပြီး တစ်လင် ပြောင်းခဲ့ရာ ယခု သုံးလင်ပင် ရှိသွားပြီဖြစ်၏။ ဟုတ်တာဆို နာလိုခံခက် အမျက်ထွက် ဟူသော စကား အနာပေါ် တုတ်ကျ သလို ဆတ်ဆတ်ခါ အောင် နာသွားတတ်သည်မဟုတ်ပါလား။ ဒါပေမဲ့ မပုတို့ကလည်း မပုတို့ ၏ ဆင်ခြေနှင့် မပုတို ဖြစ်ပါသည်။

' သြော် ... အစ်မကြီး မယ်စိန်ကလည်း ခက်ရန်ကောနော်၊ ကျုပ် သုံးလင်ပြောင်းခဲ့တာကိုသာ ပြောတကိုး၊ အဲဒီပြောင်းခဲ့တဲ့ လင်တွေက ဘယ်လို လင်စားတွေဖြစ်ပြီး ဘာဖြစ်လို့ ပြောင်းရတယ် ဆိုတာကိုတော့ ထည့် မပြော ဘဲကိုးတော့ '
မပုတို၏ အဆုံးမသတ်သေးသော စကားကို မယ်စိန်က အပြုံးတစ်ဝက်ဖြင့် နားထောင်နေရာက ဘာတစ်ခွန်းမှ ပြန်မပြောသော်လည်း ' အင်း ရှေ့ဆက်ပြီး ဆိုစမ်းပါဦးလေ' ဟူသော သဘောကို ကား သူမ ၏ ပြုံးစိစိ မျက်နှာထားက ဖော်ပြနေ၏။

' ကျုပ်ဟာ ငယ်ငယ်ကလေးထဲက ကျုပ်မိဘများနဲ့အတူ လက်ရေတစ်ပြင်တည်း လုပ်စားလိုတယ် ဆိုတာ အစ်မကြီး မယ်စိန်လည်း သိမှာပေါ့နော်၊ အိမ်ထောင်ကျလို့ လင်သားရတဲ့ အခါမလည်း ကျုပ် မိဘနဲ့ မခွဲခဲ့ဘူး၊ အတူတူပဲ လက်ရေတစ်ပြင်တည်း လုပ်ကိုင်စားသောက်လာခဲ့တာပဲ။ အဲဒါ ကိုယ်တော်မြတ်တွေက ကျုပ်မိဘ နဲ့ အတူမနေနိုင်ဘူး၊ အိမ်ခွဲဆင်းမယ်လေး ဘာလေးနဲ့၊ တစ်ဆိတ် ရှိ မိဘကိုချည်း ခလုတ်တိုက် ပြောနေလို့ ကိုင်း ... မောင်မင်းကြီးသား၊ ကျုပ်မိဘနဲ့ အတူမနေနိုင်ဘူး ဆိုရင် ကြွတော်မူ၊ လင်သေရင် လင်အစား ပြန်ရနိုင်တယ်၊ မိဘသေရင် မိဘအစား ပြန်ရနိုင်တာ မဟုတ်လို့ ကျုပ်တော့ ကျုပ်မိဘကို ခွဲပြီး တော့်နောက်ကို မလိုက်နိုင်ဘူး တော်ရေ့လို့ ပြောင်ပြောင်ပဲ ပြောလွှတ်လိုက်ရတယ်။ သုံးယောက်စလုံး ဒီလိုချည်း မို့ သုံးလင်လုံး ပြောင်းခဲ့တယ်၊ ဒါလောက်တောင် လင်မရှားပါဘူးတော်။ ဟော တစ်ယောက်၊ ဟော တစ်ယောက် ယူပစ်လိုက်မယ်၊ သာသနာ ငါးထောင်ကို လင်ခြောက်ထောင်ပြည့်သွားပစေ'

သူမ၏ အပြောမှာ ဒေါပါလှသည်ဖြစ်၍ မယ်စိန်နှင့်တကွ အခြားမိန်းမဖော်များမှာ ဘူလှိုက် သည်းလှိုက် ရယ်မော နေကြရသည်။ မပုတို၏ စကားမှာ မှန်သင့်သလောက် မှန်သော်လည်း သူ့မိဘမှ သူ့မိဘ ဟု တစ်ဖက်သတ် ကျလွန်းနေသည့် သူမ၏ အပြစ်ကြောင့်သာ လင်မမြဲခြင်း ဖြစ်သည် ကို အတွင်းသိ အစဉ်းသိ ဖြစ်နေသော မယ်စိန်တို့ကတော့ မကောင်းတတ်၍သာ ထုတ်မပြောကြသည်။ ၀မ်းထဲကမူ ကျိတ်၍ ပြုံးနေကြ၏။ မပုတို လင်သားများဘက်က အရေးကိစ္စ တစ်စုံတစ်ရာ ကြုံကြိုက်လာ၍ သူမ၏ လင်သားများ က ၀တ္တရားအရ အနည်းငယ်မျှ ကြည့်ရှု ထောက်ပံ့လိုသော်လည်း မပုတိုက အပြောပင်မခံ။

လုပ်ကိုင် ရှာဖွေ ၍ ရသမျှ သူမသာ လက်ဝါးကြီး အုပ်ထားပြီး သူမ၏ မိဘကိုသာ ဖို့တတ်၏။ ထို့ကြောင့်ပင် သူမ ၏ လင်သားများမှာ သူမထံမှ တစ်ယောက်ပြီး တစ်ယောက် ခွဲထွက်သွားကြခြင်းဖြစ်သည်။
' ဒီလိုလည်း မဟုတ်သေးဘူး ပုတိုရဲ့၊ ကိုယ့်မိဘနဲ့ အတူနေပြီး ကိုယ့်မိဘကို လုပ်ကျွေးသမှု ပြုရ တာလည်း ပြုရတာပေါ့၊ ဒါပေမဲ့ သူ့မိဘ သားချင်းဘက်က အရေးကိစ္စရယ်လို့ ကြုံလာပြန်ရင်လည်း ကိုယ်က အလိုက်သိ တတ်ဦးမှ ပေါ့အေ့၊ ဒါမှသာ တာရှည် တည်မြဲကြတော့မပေါ့။

တို့အိမ်ထောင် မှာဆိုရင် ဒေါင်းစိန်ဟာ ရှာလို့ရသျှ ငါ့ကို အကုန်အပ်တာပဲ၊ ငါလုပ်သမျှ ကောင်းတယ် ဆိုးတယ် တစ်ခွန်း မပြောဘူး၊ ပြောစရာ မလိုအောင်လည်း ငါက လုပ်ထားတာကိုး။ သူ့ဘက် ငါ့ဘက်ရယ်လို့ ခွဲခြား မနေပါဘူး၊ သူ့ဘက်က အရေးကိစ္စ ကြုံလာရင် ကြီရင် ကြီးသလို၊ ငယ်ရင် ငယ်သလို ကိုယ့် အားကိုယ် ကြည့်ပြီး သူ မပြောခင်ထဲက တတ်နိုင်သလောက် ထောက်ပံ့လိုက်တာပဲ၊ ဒီတော့ သူ့အဖို့လည်း ပြောစရာ မလိုအောင် ကျေနပ်သွားရတာပေါ့၊ ဒါမှလည်း တာရှည် မြဲကြတော့မပေါ့အေ့'

မယ်စိန်၏ စကားမှာ တရားလမ်းမှန်ကျသည် မှန်သော်လည်း မပုတို ၏ နားထဲမှာမူ ပျားသကာလို မချိုဘဲ တမာကဲ့သို့ ခါးသွားဟန်ရှိသည်။ သို့သော် မည်သို့မျှ မယ်စိန်အားပြန်၍ နှုတ်လှန်မထိုးဝံ့ချေ။ မယ်စိန်ကား ကြမ်းစရာ ရှိလျှင် သူမထက် ပိုကြမ်းသည်။ ထို့ကြောင့်လည်း မပုတိုမှာ စကားကို ထပ်မဆက်တော့ဘဲ ငြိမ်သက် နေလိုက်ရတော့သည်။

(၃)

မယ်စိန်တို့ လှေကြီးသည် ပိန်မှန်လေး အင်းတဲရှိရာ ကမ်းစပ်မှ ရေပြင်ပေါ်တွင် ဆောက်လုပ်ထား သော ရေစင်တွင် ဆိုက်ကပ်မိလေပြီ။ ရေစင်ပေါ်တွင်ကား သူတို့အလျင် ရောက်နှင့်နေသော ပိန်မတို့ ငါးခုတ်သမား အဖွဲ့ကို တစုတဝေးကြီး တွေ့မြင်ကြရသည်။ သူတို့သည် ရေစင်ပေါ်တွင် တုံးလုံးလျောင်းကာ ထဘီများ ဖိုသီဖတ်သီဖြင့် တစ်ယောက်ခေါင်းကို တစ်ယောက် သန်းရှာ သန်းတုပ်ရင်း အတင်းအဖျင်း ပြောနေကြ ဟန်ရှိသည်။

မယ်စိန်နှင့်တကွ မယ်စိန်တို့ အဖွဲ့သားများက သူတို့အလျင် ရောက်နှင့်နေသော ပိန်မတို့အဖွဲ့ကို မျက်နှာ ခပ်တင်းတင်းဖြင့် ရန်သူကြည့် ကြည့်လိုက်သလို။ ပိန်မတို့ အဖွဲ့သားများကလည်း  မယ်စိန် တို့အဖွဲ့အား မျက်စောင်းထိုးကာ မေးငေါ့ကာဖြင့် တုံ့ပြန်ကြည့်ရှုကြ၏။ ဤနှစ်ဖွဲ့ကား ငါးကျသော အင်းများတွင် ငါးလိုက် ခုတ်ကြရာ မှ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ငါးလုရင်း သတ်ဖော်သတ်ဖက်များဖြစ်၍ မျက်နှာကြော မတည့်ကြပေ။

မယ်စိန်နှင့် သူ့နောက်ပါ မိန်းမများသည် ရေစင်ပေါ်တွင် နေရာယူကာ ထိုင်မိကြပြီးနောက် မယ်စိန် သည် အင်း ၌ ငါးအကျ အနည်းအများကို သိရှိနိုင်ရန် ငါးလှေရှိရာသို့ စူးစမ်းကြည့်ရှုလိုက်သည်။ ငါးလှေမှာ သူမတို့ ရေစင် နှင့် မနီးမဝေးနေရာရှိ ပိန်မှန်လေးအင်း၏ ဆည်ဝတွင် ရောက်ရှိနေသည်။ ဆည်ဝ တွင် တပ်ဆင် ထားသော ဗုံလုံများကို ဖော်ကာ ငါးများကို လှေထဲသို့ လောင်းထည့်နေကြ သော အင်းလုပ်သား များ ကိုလည်း တွေ့မြင်ရသည်။ ဗုံလုံထဲတွင် ငါးအပါနည်းလျှင် အင်းလုပ်သား များမှာ ငြိမ်သက်တိတ်ဆိတ် နေတတ်ကြသော်လည်း၊ ငါးများဖြင့် ပြည့်ကျပ်နေသော ဗုံလုံကို ဖော် မိသည့် အခါတွင်မူကား ဗုံလုံထဲမှ ငါးများ ကို လှေထဲသို့ လောင်းချရင်း ' ဝေး ဟေး ဟေး ' ဟူ၍ သံပြိုင် ကြွေးကြော်လိုက်သံ၊ စကားပြောသံ များဖြင့် ဆူညံနေသည်။

ပိန်မှန်လေး အင်းသားကြီးသည် ငါးလှေ၏ အလယ်တွင် ထည်ဝါခံ့ညားစွာ ရပ်လျက် တပြုံးပြုံး ဖြစ် နေသည် ကို ထောက်၍လည်းကောင်း၊ တစ်ခါတစ်ရံ သူ့လူများသို့လှမ်း၍ ' ဟေ့ ဖိုးမင်းကျော်အရှင် ကြီး မပြီ ထင်တယ်ကွ၊ ညကျမှ ကြက်နဲ့ အရက်ကို ထပ်ပြီး ပသ လိုက်ရဦးမှာပေါ့ကွာ ' ဟု ပြောနေ သံကို ကြားလိုက် ရ၍ လည်းကေင်း အင်းမှာ ငါးအကျများပြီဟု မယ်စိန်က မှတ်ယူလိုက်၏။
ငါးလှေ ရေစင်သို့ ဆိုက်ကပ်လာရန်မှာ အချိန် အတော်ကြာအောင် စောင့်ရဦးမည် ဖြစ်သဖြင့် မယ်စိန်သည် တုံးလုံး လျောင်းလိုက်ကာ ပုတိုအား တစ်ယောက်တစ်ပြန်စီ သန်းရှာ သန်းတုပ်ကြရန် အဖော်ညှိလိုက်၏။ ဤဘက် တွင် ၀ါသနာကြီးလှသော ပုတိုကလည်း ငြင်းပယ်ခြင်းပြုမနေဘဲ ချက်ချင်းပင် မယ်စိန်၏ ဆံပင်ကြား ထဲသို့ သူ့လက်ချောင်းများကို ထိုးသွင်းပြီး ဆံပင်များကို ဖြဲကာ ခွဲကာ သန်းကြီးမ လိုက်ရှာနေ၏။ သန်းကြီးမ လိုက်ရှာရင်း လမ်းခုလတ်တွင် တွေ့ရသော သန်းဥများကိုပင် ချန်မထားဘဲ ဆွဲနုတ်ကာ အားပါး တရ တုပ်ချလိုက်၏။

မိန်းမများသည် သန်းရှာသန်းတုပ်ရင်း အတင်းအဖျင်း ပြောလိုသည့် စိတ်များ ပေါ်ပေါက်လာတတ် သည်မှာ ဓမ္မတပင်ဖြစ်ဟန်တူပါသည်။ အကြောင်းကို ဆိုသော် မပုတိုသည် မယ်စိန်၏ ခေါင်းမှ ပထမဆုံး သန်းဥကို တုပ်လိုက်သည့် အချိန်တွင် သူတိုပ၏ ရန်သူတော်အဖွဲ့မှ ခေါင်းဆောင် ပိန်မ၏ အကြောင်း မကောင်း ပြောလိုစိတ်မှာလည်း တစ်ချိန်တည်းမှာပင် ပေါ်ပေါက်လာ၏။ သူမသည် ပိန်မရှိရာသို့ တစ်ချက်မျှ စောင်းကြည့် လိုက်ပြီးနောက် မယ်စိန်၏ နားဝသို့ သူမ၏ နှုတ် ခမ်းအစုံကို ကပ်လိုက်ပြီးနောက် ' ဟောဒီ ပိန်မဆိုတဲ့ ကောင်မဟာ ကောင်းတဲ့မိန်းမ မဟုတ်ဘူးတော့၊ လင်ကြီး ငုတ်တုတ်ထားပြီး လင်ငယ်နဲ့ မျောက်မွေး နေတဲ့ ကောင်မပေါ့။ အစ်မကြီး မယ်စိန်ရော သိရဲ့လား ' ဟု ခပ်တိုးတိုး ပြောလိုက်၏။

မယ်စိန်၏ ခေါင်းမှာ ဆတ်ခနဲ ကြွလာပြီးနောက် ' ဟင့်အင်း၊ ငါမသိပါလား၊ ဘယ်တုန်းကလဲ၊ ဘယ်သူနဲ့လဲ ' ဟု အသက်မရှူနိုင်အားဘဲ တုံ့ပြန်မေးခွန်းထုတ်လိုက်၏။ မယ်စိန်ကလည်း ဒါမျိုးဆိုလျှင် လက်ဖက်ထက်ပင် ကြိုက်နှစ်သက် ဟန်တူပါသည်။
' သြ အစ်မကြီး မယ်စိန်က မသိသေးဘဲကိုး၊ သူတို့အဖြစ်က အတော်ပဲ ရယ်စရာ ကောင်းသတော့။ တခြား လူနဲ့ တော့ဖြင့် မဟုတ်ဘူး၊ ရွာထဲက သူခိုးထွန်းစိန် နဲ့ တဲ့တော့ '
' ဟေ ဟုတ်လား၊ ဖြစ်ပုံကို ပြောပြစမ်းပါဦး '

' ဖြစ်ပုံကတော့ တစ်ည သူ့လင် ပိုက်သွားချနေတုန်း သူခိုးထွန်းစိန်က ခိုးရအောင် သူတို့အိမ်ကို တက်သတဲ့ တော့။ ' ချွတ်' ခနဲ ခြေသံမြည်သွားတော့ ကောင်မက သူ့လင်မှတ်ပြီး လှမ်းခေါ် သတဲ့၊ ဒီတော့ ထွန်းစိန် ကလည်း သူ့လင်လိုလို ဘာလိုလိုနဲ့ မသဲမကွဲ ပြန်ထူးပြီး သူနဲ့အတူ ၀င်အိပ်လိုက် သတဲ့တော့။ အဟိ ... ပုံမှားကျိတ် တယ်ဆိုတာ ဒါမျုးကို ခေါ်တာပဲ ထင်ပါရဲ့နော်၊ နောက်ကောင်မက ဆေးလိပ်သောက်ချင်လို့ ဗြုန်းခနဲ မီးထထွန်းတော့ မှ သူ့လင်မဟုတ်ဘဲ ထွန်းစိန် ဖြစ်နေမန်းသိရသတဲ့။ ဒီတော့ ကောင်မက ပေါက်တဲ့ နဖူး မထူးတော့ဘူးဆိုပြီး ဘာမှ ပြော မနေတော့ဘဲ။ နောက် သူ့လင်ပိုက်သွားချတဲ့ ညတိုင်း ညတိုင်း ချိန်း အိပ်ကြ သတဲ့။ တစ်ည သူ့လင် ပိုက်ချရာက ပြန်လာတော့ သူတို့နှစ်ယောက် အိပ်လျက်သား မိနေလို့ တုတ်တပြတ် ဓားတပြက်နဲ့ တစ်ရွာလုံးဟိုးလေးတကျော်ကျော် ဖြစ်သွားပါရောလားလို့။

ဒါတောင်မှ အစ်မကြီး မယ်စိန် မသိလိုက်တာ အံ့ပါရဲ့တော် ' မယ်စိန်ကား တပြုံးပြုံးနှင့် ကျေနပ် သွားတော့သည်။ ပိန်မတို့အဖွဲ့နှင့် သူမတို့အဖွဲ့မှာ ငါးလုရင်း သတ်ပုတ်နေကျ ရန်ဘက်တွေဖြစ်ရာ သတ်ပုတ် သည့် အခါတိုင်း၌လည်း တစ်ယောက်နှင့်တစ်ယောက် ငယ်ကျိုးငယ်နာတွေကို ထုတ်ဖော် ရေရွတ်ကြ မြဲဖြစ်၍၊ သည်တစ်ချီ ငါးလုရင်း သတ်ကြရလျှင် ပိန်မ၏ ငယ်ကျိုးငယ်နာကို ထုတ်ဖော်ရန် အချက် အလက် အသစ်များ ထပ်မံ ရရှိထားခြင်းဖြစ်သောကြောင့် မယ်စိန် ကျေနပ်သွားခြင်းဖြစ်သည်။

အင်းလုပ်သားများကား ဗုံလုံများကို တစ်လုံးပြီး တစ်လုံး ဖော်ကာ ငါးလှေထဲသို့ ငါးများကို လောင်း ချနေဆဲ ပင် ဖြစ်သည်။ သူတို့၏ အထက်၌ကား မြစ်တွေး၊ စင်ရော်၊ စွန် စသော ငှက်မျိုးစုံတို့သည် သံစုံရင့်ကျူးကာ ပျံဝဲ နေကြသည်။ တစ်ခါ တစ်ရံတွင် ရေပေါ်၌ မျောပါသွားသော ငါးသေကလေးများကို ထိုးသုတ် ကိုက်ချီ သွားတတ်ကြသေးသည်။

ဆည်တိုင်များပေါ်တွင်ကား ဗျိုင်းဖြူနှင့် ဗျိုင်းအောက်များသည် ငုတ်တုတ်ကလေး နားကာ ငါးချောင်း နေကြသည်။ ကံဆိုးမိုးမှောင်ကျနေဟန်ရှိသော ဗျိုင်းဖြူတစ်ကောင်မှာမူ ' ကောင်းကင်လေး ' တပ်ဆင် ထားသော ဆည်တိုင်ထိပ်တွင်မှ သွားနားမိသဖြင့် ခလုတ်ပြုတ်ပြီး ကောင်းကင်လေးမှ မြားတံမှာ တစ်ဟုန်ထိုး ခါထွက်လာကာ ဗျိုင်းဖြူ၏ ရင်ဝမှ ကျောသို့ ထုတ်ချင်းခပ် ဖောက်သွား၏။ အင်းလုပ်သား တစ်ယောက် က ' အရက်နဲ့မြည်းဖို့အဖက်ရပြီကွ' ဟု ၀မ်းသာအားရ ကြွေးကြော်ကာ ထိုဗျိုင်းကို အပြေးအလွှား သွားကောက်၏။ ပတ်ဝန်းကျင်တွင် အေးချမ်းငြိမ်သက်စွာ ရပ်နားနေကြသော ငှက်များမှာ တအုန်းအုန်း နှင့် လန့်ဖျပ်ပျံသန်းကုန်ကြ တော့၏။

(၄)

မယ်စိန်တို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသော ငါးလှေကား ငါးအပြည့်အသိပ်ဖြင့် ရေစင် သို့ ချဉ်းကပ် လာပေပြီ။
မယ်စိန်သည် ရေစင်ပေါ်မှနေ၍ လျင်မြန်ဖျတ်လတ်သော မျက်လုံးစုံဖြင့် ငါးလှေထဲမှ ငါးများကို စူးစမ်း ကြည့်ရှု လိုက်သည်။ ငါးလှေကြီးထဲတွင်ကား ငါးရံ့ကြီးများလည်း ပါသည်။ ငါးဖယ်များလည်း ပါသည်။ ငါးမြွေထိုးများလည်းပါသည်။ သို့သော် ဒိုး၊ ချောမီးနီငါး စသော ကောင်လတ်ငါးများနှင့် ငါးဘူး၊ ငါးဘဲ စသော ကောင်းသေးငါး များက ပို၍များသည်။

လှေဝမ်းထဲ မှ ငါးများမှာ တဖျတ်ဖျတ် ခုန်နေကြသလို မယ်စိန်၏ ရင်ထဲ၌လည်း ငါးဝမ်းထဲမှ ငါးဆီကို ရယူလိုသော လောဘဇောဖြင့် တဆတ်ဆတ် ခုန်နေသည်။ ငါးခေါင်းကို ခုတ်ဖြတ်လိုသော ဆန္ဒဖြင့် သူ့လက်များ မှာလည်း ပို၍သာ ယားလာကြသည်။ သူမသည် ထဘီကို ဒူးဆစ်ဖုံးရုံမျှ ခပ်တိုတို ပြင်ဝတ် လိုက်ကာ သူ့နောက်ပါ မိန်းမများသို့ လက်ရိပ် ပြလိုက်သဖြင့်၊ နောက်ပါ မိန်းမများသည် ခြင်းတောင်းများကို ကိုင်ဆွဲပြီး မယ်စိန်ကို တပ်ဦး၌ တင်ထားကာ ငါးလှေအနီးသို့ ချီတက်ဝန်းဝိုင်း လိုက်ကြသည်။ ပိန်မ တို့ အဖွဲ့ ကလည်း ပိန်မခေါင်းဆောင်ကာ ငါးလှေကို ၀ိုင်းရံပြီး ဖြစ်နေပါသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ကတော့ ဝှေ့တော့မည့် နွားသိုးနှစ်ကောင် လို ခပ်စောင်စောင်ပင်။

ထမင်းတစ်လုတ် စားရဖို့အရေးမှာ လွယ်သည် မဟုတ်။ နေရာတကာ အပြိုင်အဆိုင် နှင့် ချည်း၊ အနှောင့် အယှက် နှင့် ချည်းဖြစ်၍ အလုအယက်လုပ်နိုင်မှတန်ကာကျသည်။ ရှင်းရှင်းဆိုရလျှင် လုစား နိုင်မှ ထမင်း ၀သော ခေတ်ဖြစ်သည်။ သည်လိုခေတ်မျိုးမှာ သည်ဘ၀သည် ဆီထိသော ၀ါဂွမ်းလို နူးညံ့သိမ်မွေ့ မည် မဟုတ်။ ကျောက်ဆောင် ကျောက်သားလို မာကျောခက်ထန်မည်သာဖြစ်သည်။ မာကျောခက်ထန်သော ဘ၀ ကို နူးညံ့သိမ်မွေ့သော စိတ်နှလုံးဖြင့် ရင်ဆိုင်၍ ရနိုင်ပါမည်လော။ မရနိုင်။ မာကျောခက်ထန်သော စိတ်နှလုံး ဖြင့် ရင်ဆိုင်မှသာ အနိုင်ရရှိပေမည်။

မယ်စိန်သည် မည်သူ့ကိုမှ အနိုင်မခံသော မျက်နှာထားဖြင့် ငါးလှေထဲမှ ငါးများအား ခြင်းတောင်းဖြင့် အတင်းဝင် ကျုံး၏။ ပိန်မကလည်း အလားတူပင်တွန့်ဆုတ်ခြင်းမရှိဘဲ အတင်းပင် ၀င်ကျုံး၏။ မယ်စိန်သည် ငါးများ ကို ကျုံးရင်း ငါးများအောက်မှ ရှည်မြောင်းမြောင်း ချောကျိကျိ တစ်စုံတစ်ခုကို လက်တွင်း၌ ဆုတ်ကိုင်မိ သဖြင့် ဆွဲထုတ်ကြည့်လိုက်ရာ ရေမြွေတစ်ကောင် ဖြစ်နေ သည်ကို မြင်ရသောကြောင့် ' ဟောတော့၊ သောက်ပလုတ်တုတ် ' ဟု ဆိုမြည်ရင်း ယောင်ယမ်း လွှင့်ခါပစ်ရာ ပိန်မ၏ လည်ပင်း တွင် ဆွဲကြိုး တစ်ကုံး ဆွဲထားသလို ခေါက်လျက်သား သွားတင်နေ၏။
ပိန်မသည် ငယ်သံပါအောင် အော်ရင်း လန့်ဖျပ်၍ ထ ခုန်လိုက်ရာ၊ လည်ပင်းတွင် ခေါက်လျက်သား တင်နေသော ရေမြွေကလေးမှာလည်း အောက်သို့ လှောကျသွားရ၏။ မူလကပင် မျက်နှာကြော မတည့် သည့် သူချင်းမို့ ဤအပြုအမူအတွက် ပိန်မသည် မယ်စိန်အပေါ်တွင် ယမ်းပုံမီးကျ ဒေါထ သွား၏။

' ဟဲ့ သောက်ကန်းမရဲ့၊ ဒါ နင် ငါ့အပေါ်ကို တမင်ပစ်တင်လိုက်တာ မဟုတ်လား၊ ဟင်း လူတစ်ယောက်လုံး ရပ်နေတာ တောင် မမြင်လို့ပါ ဆိုရင်လည်း နင့် မျက်စိက ဘာ ထိုးထားလို့လဲ ဟဲ့ '
ပိန်မ သည် မယ်စိန်အား လက်ညိုးတငေါက်ငေါက် ထိုးကာ ထိုးကာဖြင့် ပစ်ပစ်ခါခါ ဆိုလိုက်၏။ ' ပျော့လျှင် ဖယောင်း၊ မာလျှင် သံချောင်း ' ဟူသော စိတ်ထားမျိုးရှိမည့် မယ်စိန်ကလည်း တစ်ဖက်က ရင့်သီးရိုင်းပျစွာ တိုက်ခိုက် လာမှုကို ရင့်သီးရိုင်းပျသော လေသံဖြင့်ပင် တုံ့ပြန်လိုက်၏။

' ဟဲ့ ဖေမရဲ့၊ နင် တမင်ပစ်တင်တယ်လို့ ထင်ရင်လည်း တမင်ပစ်တင်တာပဲလို့ မှတ်လိုက်ပေါ့၊ ငါ့မျက်စိ မှာတော့ ဘာမှ ထိုးမထားပါဘူး၊ နင့်(...)မှာသာ ဘာထိုးထားတယ်ဆိုတာ နင့်ဟာနင် ပြန်ပြီး ငုံ့ကြည့်ဦးဟဲ့ ဖေမရဲ့ '

' ဤရန်ပွဲကို ဘေးမှဝိုင်းကြည့်နေသော အင်းလုပ်သားများမှာ မယ်စိန်၏ စကားကို သဘောကျလှ၍ ၀ါးခနဲ ရယ်လိုက်ကြ၏။ သနားစရာ ကောင်းလှသော ပိန်မခမျာတွင် အထိနာလှသော မယ်စိန်၏ စကားလုံး များကြောင့် ငါးရံ့ပြာလူးသလို ဆတ်ဆတ်ခါ ထွန့်ထွန့်လူး ဖြစ်သွားတော့၏။

ဤသို့ဖြင့် ရန်ပွဲမှာ မဆုံးနိုင်အောင် ဆက်သွားတော့၏။ တစ်ယောက်နှင့်တစ်ယောက် ငယ်ကျိုး ငယ်နာတွေကို ရှည်လျားလှသော စာရင်းကြီးတစ်ခုပြုလုပ်၍ ဖော်ထုတ်တိုက်ခိုက်ကြ၏။ ဤသို့ ငယ်ကျိုးငယ်နာများကို ဖော်ထုတ်ကြရာဝယ် မယ်စိန်မှာ ငယ်ရွယ်နုပျိုစဉ် ယခုအချိန်အထိ ကိုဒေါင်းစိန် တစ်ဦးတည်း ကိုသာ တစ်ရည်းစား တစ်လင်အဖြစ် မြဲခဲ့သည်ဖြစ်ရာ ဤမှာဘက်၌ နာမည်ပျက် မရှိသော ကြောင့် ပိန်မအပေါ်တွင် တစ်ပန်းသာလျက်ရှိ၏။

မယ်စိန်ကမူ ပိန်မနှင့် ပတ်သက်၍ သူခိုးထွန်းစိန်နှင့် မျောက်မွေးနေသည်ဟူသော တိကျမှန်ကန်သည့် အချက်အလက် ပေါ်တွင် အခြေပြု၍ ထပ်တလဲလဲ ဖော်ထုတ်တိုက်ခိုက်လိုက်သဖြင့် ပိန်မ ခမျာ အရေးနိမ့်စပြုလာရ ၏။ မယ်စိန် ထုတ်ဖော်တိုက်ခိုက်လိုက်သမျှကိုလည်း အင်းလုပ်သားများက တ၀ါးဝါး ရယ်မောကာ ကောင်းချီးသြဘာ ပေးနေသောကြောင့်လည်း ပိန်မခမျာ လှော်ရင်းနစ်သလို အပြိုင် ပြောနေရင်းမှပင် တစ်ပန်းရှုံးနေရရှာ၏။

နောက်ဆုံးတွင် အင်းလုပ်သားများက အင်းမှာ ငါးအကျများမည်ဖြစ်၍ ဤကဲ့သို့ အလုအယက် ၀င်ကုံးရန် မလိုကြောင်း၊ ငါးများဖြင့် ပြည့်ကျပ်နေသော ဗုံလုံများကို တစ်ပြန်ပြီး တစ်ပြန်ဖြင့် ထပ်ပြန် တလဲလဲ ဖော်နေရသည့်အတွက် ငါး မခုတ်ရမည်ကို စိုးရိမ်ပူပန်ဖို့ မရှိကြောင်း၊ ထို့ကြောင့် ရေစင်ပေါ်တွင်သာ အေးအေး သွားထိုင်နေကြပါ၊ သူတို့ သယ်တင်ပေးပါမည်ဟုဆိုကာ ကြားဝင်၍ ဖျန်ဖြေလိုက်မှ ရန်ပွဲကြီးမှာ စဲသွားတော့၏။

သို့သော် ရေစင်ပေါ်တွင် ကိုယ့်အဖွဲ့နှင့်ကိုယ် နေရာယူ ထိုင်မိကြကာ အင်းလုပ်သားများ သယ်တင် လာမည့်ငါးများကို စောင့်ဆိုင်းနေရင်းမှပင် တစ်ဦးနှင့်တစ်ဦး မျက်စောင်းထိုးခြင်း၊ မေးငေါ့ခြင်း၊ ပါးစပ်ကို မဲ့ရွဲ့ပြခြင်း၊ မကြားတကြား စောင်းချိတ်ပြောခြင်း၊ ဆီမန်း မန်းသလို တိုးတိုး တိုးတိုးဖြင့် တွတ်ထိုးခြင်း စသော နည်းများနှင့် စစ်အေးတိုက်ပွဲကို ဆက်လက် ဆင်နွှဲနေကြပေသေး၏။

ဆက်ရန်
.

9 comments:

မေဓာဝီ said...

ဖတ်လို့ကောင်းလိုက်တာ။ ရယ်လဲရယ်ရတယ်။
မပုတိုရဲ့ သာသနာငါးထောင် လင်ခြောက်ထောင် စကားတို့ ပိန်မနဲ့ မယ်စိန်ရန်ပွဲတို့ .. တကယ့် တောသဘာဝ ဓလေ့ စရိုက်တွေပဲ။ အဲဒီခေတ်ကတော့ သန်းဥနှိုက်ရင်း အတင်းတုတ်ကြတာနော်။ ဒီခေတ် မိန်းကလေးတွေတော့ ဂျီတော့ခ်ရင်း အတင်းတုတ်ကြသလား မသိဘူး။ ဟီးး။
မဟာဂီတ ဦးပြုံးချိုရေးတာလေးလည်း အလွန်ကောင်းပါဘိတော့။ ကော်ပီလေး ကူးထားလိုက်တယ်။ ကျေးဇူး အမရွှေစင်ရေ ... ။
ကျမကတော့ တောဓလေ့သရုပ်ဖော် စာလေးတွေ ပိုကြိုက်တာ။ ဖတ်ရတာ အရသာရှိလွန်းလို့။

Anonymous said...

အစကတော့ မယ်စိန်တို့ ဆင်းရဲတာ သနားတယ် (ကိုယ်လဲ မချမ်းသာပဲနဲ့)
အတင်းပြော ဝါသနာပါတာ ဖတ်လိုက်ရတော့ မသနားတော့ဘူး။ ဒီလောက် အတင်းပြောချင်တာ ဆင်းရဲချက်တောင် နည်းသေး။

တောကဖိုးတုတ် said...

အန် တမျိုးပါလား။
ချမ်းသာပြီး အတင်းပြောတဲ့လူတွေလဲ ပြည့်လို့။
အတင်းပြောပြီး ချမ်းသာတဲ့သူတွေတောင် ရှိသေး။
မီဒီယာတွေကိုကြည့်ပါလား။
တရားဝင်အတင်းပြောခွင့် လိုင်စင်ရထားတာ။ :)
တကယ်က လူတွေရဲ့ အကျင့်စရိုက်ဟာ ချမ်းသာဆင်းရဲနဲ့ မဆိုင်ပါဘူး။ အမြင်ကျယ်ကျယ်တော့ ထားသင့်တယ် အနောနိမတ်ရေ။

Anonymous said...

တောက ဖိုးတုတ်ဆိုသူသို့

သူ ဆင်းရဲတာ ချမ်းသာတာကို ကဲ့ရဲ့တာ မဟုတ်ဘူး။ အတင်းပြောတဲ့ မကျင့်ဆိုးကို ဆိုလိုတာ။ ချမ်းသာတဲ့သူဌေးမကြီးတစ်ယောက် သူများအတင်းပြောရင်း ပါးရွဲ့သွားရင် သနားတဲ့ကြားက ရွဲ့ချက်တောင် နည်းသေး ပြောမိချင် ပြောမိမှာပဲ။ အခုလဲ ဒီလိုပဲ။ မကောင်းတဲ့ အကျင့်ဆိုးကို ဆိုလိုတာ။

တောကဖိုးတုတ်ဆိုတဲ့ ကလောင်ရှင်က ဒီကွန်မန့်ရေးတာ သူမဟုတ်ဘူး၊ သူ့နာမည် မသိလို့ သုံးမိရင် မပြောလိုပေမယ့် သိရက်နဲ့ ယူသုံးတာဆိုရင်တော့ မလုပ်သင့်ဘူးလို့ ပြောတယ်။ အခုလာရေးတာ ဘယ်ကဖိုးတုတ်လဲတော့ မသိဘူး။

Anonymous said...

ကိုယ်လဲ မချမ်းသာပဲနဲ့ ဆိုတာက မယ်စိန်ကို မဟုတ်ဘူး။ ကျုပ် ကိုယ့်ကိုယ်ကိုယ် ဆိုလိုတာ။ သူ ဆင်းရဲတာ သနားတယ်၊ သူများ သနားတယ်သာဆိုတာ ကိုယ်လဲ လူဆင်းရဲပဲ၊ မချမ်းသာဘူးလို့ ဆိုလိုတာ။ ခက်ပ။

တောကဖိုးတုတ် (just for this comment) said...

ခက်ပါလား။
တောကဖိုးတုတ်နာမည်ကို ရေစစ္စရီလုပ်ထားတယ်ထင်ရဲ့။ ဒီနံမည်နဲ့ကလောင်ရှင် ရှိသေးတာလား။ မကြားဖူးဖူးဗျို့။
ဖိုးတုတ်ပဲဖြစ်ဖြစ် သာအေးပဲဖြစ်ဖြစ် နာမည်ဆိုတာ ဘယ်သူပေးပေးရနေတာပဲဟာကို။ စမ်းစမ်းတင့်ဖြစ်နေလိုက်တာပါလား။ နာမည်မတူချင်ရင် အောင်ကျော်ဇေယျာမိုးဟိန်းထွန်းတို့လိုမျိုး ခပ်ဆန်းဆန်းမှည့်လေကွယ်။ ကွန်မန့်ထဲမယ် ဖိုးတုတ် အမည်တူတာ လာကန့်ကွက်နေတာတော့ ရီရတယ်ဗျို့။

တောကဖိုးတုတ် (just for this comment) said...

(((ကိုယ်လဲ မချမ်းသာပဲနဲ့ ဆိုတာက မယ်စိန်ကို မဟုတ်ဘူး။ ကျုပ် ကိုယ့်ကိုယ်ကိုယ် ဆိုလိုတာ။ သူ ဆင်းရဲတာ သနားတယ်၊ သူများ သနားတယ်သာဆိုတာ ကိုယ်လဲ လူဆင်းရဲပဲ၊ မချမ်းသာဘူးလို့ ဆိုလိုတာ။ ခက်ပ။)))
အဲလောက် ဒုံးမဝေးဘူး အမည်မရှိတဲ့လူရေ။

ခင်များရဲ့ ဒီစကား (((ဒီလောက် အတင်းပြောချင်တာ ဆင်းရဲချက်တောင် နည်းသေး။)))
ကိုပြောချင်တာ။
ဆိုလိုချင်တာက အတင်းပြောတာ မပြောတာက ဆင်းရဲချမ်းသာနဲ့မဆိုင်ဘူး လူ့စရိုက်ပဲဟာကို။ ဒီလောက်အတင်းပြောတာနဲ့ ဆင်းရဲတာနဲ့ လားလားမှမဆိုင်ပါဘူးကွယ်။ မည်သူမဆို တကြိမ်တခါတော့ သူများအကြောင်း ကွယ်ရာမှာ ပြောမိကြမှာပဲလေ။ နားလည်မှုလေးထားပီး စာကိုဖတ်စေချင်တာပဲ။
အင်း ဒါပေမယ့် လူဆိုတာ ကိုယ်သန်ရာသန်ရာ ဆွဲယူမှတ်ချက်ချတတ်ကြတာဆိုတော့လဲ ကျွန်တော်မျိုးကြီး ဆက်မပြောလိုတော့ပါ။

Anonymous said...

ခုမှပဲ ခင်ဗျားစရိုက်ပေါ်တော့တယ်။ အတင်းဝါသနာအိုးက ကိုယ့်ထိလို့ အနာပေါ်တုတ်ကျသွားကိုး။

Anonymous said...

ဟေဟေ့.. ဒီမှာလည်း မယ်စိန်နဲ့ ပိန်မ ရန်ဖြစ်နေကြပီ..(မီးဒုတ်)