Monday, August 2, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄)

အခန်း (၄)

ခရိတ်သည် အာဖရိကတိုက်သို့ ပြန်လည်ရောက်နေပြီဖြစ်သည်။
ဘူလာဝေယိုမြို့ လေဆိပ်ဆက်သွယ်ရေးဌာနတွင် ကိုယ်ပိုင်မောင်းနှင်ရန်အတွက် မော်တော်ကား တစ်စီ ငှားရာ ဗောက်ဝက်ဂွန်းအမျိုးအစား ကားတစ်စီးရသဖြင့် လက်ခံယူလိုက်သည်။
တာဝန်ကျ စာရေးမလေးက မော်တော်ကား သော့အပ်ရင်း -
' ကားထဲမှာ ဓာတ်ဆီအပြည့် ထည့်ထားပါတယ်။ ဒါပေမဲ့ နောက်ထပ် ရှင်ဓာတ်ဆီဘယ်ကျမှ ရမယ် ဆိုတာတော့ မပြောနိုင်ဘူး။ ရှင် အခု သွားမယ့် မာတာဘယ်လီ တိုင်းရင်းသားနယ်မြေမှာက ဓာတ်ဆီ အလွန် ရှား တယ်ရှင့်' ဟု ပြောလိုက်လေသည်။

မြို့တွင်းမှ ဟိုတယ်ပိုင်ရှင်ကလည်း ဓာတ်ဆီရှားပါးခြင်းအကြောင်းကို ပြောပြလိုက်သေးသည်။
' ဓာတ်ဆီရှားတဲ့ အဓိကအကြောင်းက အရှေ့ဘက် ကမ်းရိုးတန်းကလာတဲ့ ဓာတ်ဆီပိုက်လိုင်းကို မာပူတို သူပုန်တွေက မကြာခဏ ချိုးဖောက်ဖျက်ဆီးလို့ပါပဲ။ နယ်ခြားရဲ့ တောင်ဘက်က တောင်အာဖရိက နိုင်ငံ မှာတော့ ဓာတ်ဆီတွေ အလွန်ပေါနေတယ်။ ခက်တာက ကျုပ်တို့ဆီက လူငယ် တွေဟာ စီးပွားရေးကို လုံးဝ ထည့် မစဉ်းတာဘဲ နိုင်ငံရေးကိုသာ သဲသဲမဲမဲ စိတ်ဝင်စားနေကြတော့ ခက်နေတာပေါ့'

ခရိတ်သည် ဘာမှ မပြောဘဲ ဗောက်ဝက်ဂွန်းကားကို မြို့ပြင်သို့ မောင်းထွက်ခဲ့ရာ တစ်မိုင်ကျော်ကျော် ခန့် မောင်း သွားပြီးနောက် နယ်စပ်သို့ ရောက်လေသည်။ တစ်ချိန်က သူအမြဲတမ်း လှုပ်ရှားသွားလာ နေခဲ့သော နေရာ သို့ ယခု ပြန်ရောက်လာသောအခါ ခရိတ်သည် စိတ်ထဲမှ သာယာကြည်နူးသလို ဖြစ်မိလေသည်။ သူမ မိခင်ဘက်မှ အဘိုးဖြစ်သူ ဂျွန်နာသန်အမည်ရှိ အဘိုးကြီးကိုလည်း သတိရ မြင်ယောင်မိလေသည်။

ခရိတ် သည် မော်တော်ကားကို ဆက်မောင်းလာရင်း ပတ်ဝန်းကျင် ရှုခင်းများကို အကဲခတ် လေ့လာ ကြည့်မိရာ တစ်ချိန်က အလွန်ကောင်းခဲ့သော တိရစ္ဆာန် စားကျက်မြေများ အခြေအနေ မကောင်းတော့ဘဲ ပျက်စီး နေသည်ကို သတိပြုမိလေသည်။
တစ်နေရာတွင် သူသည် မော်တော်ကားကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြန်သည်။

ထိုနေရာကား သူ၏ အဘိုးဖြစ်သူ ဂျွန်နာသန် ပိုင်ဆိုင် လုပ်ကိုင်ခဲ့သော မြေနေရာပင်ဖြစ်ရာ ခရိတ်အဖို့ သံယောဇဉ် ရှိသော မြေပင်ဖြစ်သည်။
(သူ၏ အဘိုး၏ နာမည်မှန်က ဂျွန်နာသန်ဖြစ်သော်လည်း ဒေသခံ တိုင်းရင်းသားများက သူတို့၏ ဘာသာဖြင့် အာဝူ ဟု ခေါ်လေ့ရှိသည်။ ထို့ကြောင့် ခရိတ်က အမေရိကန်တွင် အပိုင်ဝယ်ယူထားသော သူ၏ ဇိမ်ခံ သင်္ဘော အမည်ကို ဘာဝူ ဟုမှည့်ခေါ်ထားခြင်းမှာ ဘိုးအေကြီးအား အမှတ်တရ ဂုဏ်ပြုသည့် သဘော ပင်ဖြစ်သည်။)

သို့ရာတွင် ယခုတော့မူ သူ့အဘိုး ဘာဝူ အလွန်မြတ်နိုးခဲ့သော မြေယာများမှာ ပျက်စီးလျက် ရှိနေပြီ ဖြစ်သည်။ စားကျက်မြေအတွင်း၌ ယခင်ကလို အလွန်မျိုးကောင်းသော နွားများ မရှိတော့ဘဲ ဆိတ်အုပ် တွေသာ မြင်နေရသည်။ သူ၏ အဘိုးရှိစဉ်က ဆိုလျှင် နွားမျိုးကောင်း အမြောက်အမြား ရှိခဲ့သလောက် ယခုတော့ ဆိတ်သတ္တ၀ါတွေသာ ရောက်ရှိနေခြင်းကိုလည်း ခရိတ်က ၀မ်းနည်းမိလေသည်။
ခရိတ် သည် ဆိတ်အုပ်များရှိရာသို့ လျှောက်သွားကြည့်ရာ ဆိတ်ကျောင်းသားမာတာဘယ်လီ တိုင်းရင်း သားလူငယ် ကို တွေ့ရသဖြင့် ခရိတ်က သူတို့၏ တိုင်းရင်းသားဘာသာစကားဖြင့် နှုတ်ဆက်စကား ပြောလိုက် သောအခါ ဆိတ်ကျောင်းသားလူငယ် နှစ်ဦးမှာ အလွန်အံ့သြသလောက် သဘောကျ သွားလေ သည်။

ခရိတ် သည် သူ့တွင် ပါလာသော အမေရိကန်မှ သကြားလုံးချိုချဉ်များ ပေးသောအခါလည်း လူငယ် နှစ်ဦး က ၀မ်းသာ အားရ လက်ခံယူကာ စားရင်း စကားတွေ အဆက်မပြတ်ပြောလေတော့သည်။
ထိုလူငယ်နှစ်ဦး၏ ပြောပြချက်အရ ခရိတ်သည် နယ်မြေအခြေအနေအကြောင်းများကို အသေးစိတ် သိရ လေသည်။
သူ၏ အဘိုးပိုင်ဆိုင်ခဲ့သော မြေယာဒေသကို အင်္ဂလိပ်ဘာသာဖြင့် ကင်းလင်းဟု အမည်ပေးထားရာ ယခု ယင်း နယ်မြေတွင် တိုင်းရင်းသားကပ္ပလီလူမည်း (မာတာတယ်လီတိုင်းရင်းသားလူမျိုးစု) မိသားစု သုံးဆယ် ခန့် နေထိုင်လျက် ရှိကြောင်း သိရသည်။

မိသားစုတိုင်း တွင် ဆိတ်များ မွေးမြူထားကြောင်း၊ ဆိတ်တွေကလည်း မျိုးကောင်းမျိုးသန့်ဖြစ်၍ အကောင်းဆုံး ဆိတ်များဖြစ်ကြောင်း စသည်ဖြင့်လည်း ဆိတ်ကျောင်းသားနှစ်ဦးက ပြောပြလေသည်။
ခရိတ် က သူ သိလိုသောအချက်ကို မေးကြည့်လိုက်သည်။
' သွားကြကုန်ပြီလေ၊ မရှိကြတော့ဘူး၊ သူတို့ကို ကျွန်တော်တို့ တိုင်းရင်းသားစစ်သည်တွေက မောင်းနှင် ထုတ်လိုက်လို့ ထွက်ပြေးသွားကုန်ပြီ။ ဒါကြောင့် အခု ဆိုရင် ဒီမြေတွေဟာ တော်လှန်ရေးရဲ့ သားသမီးတွေ ပိုင်ဆိုင် လာတယ် ' လူငယ်နှစ်ဦးက ဂုဏ်ယူကြွားဝင့်စွာဖြင့် ပြန်ပြောသည်။

ဆိတ်ကျောင်းသား နှစ်ဦးမှာ ကလေးသာသာ အရွယ်မျှသာ ရှိသေးသော်လည်း တော်လှန်ရေးစကား ပြောနေကြသဖြင့် ခရိတ်သည် အံ့သြမိလေသည်။ သူတို့သည် သားရေလောက်လေးခွ တစ်ခုစီ ကိုင် ဆောင်ထား ကြပြီး သူတို့ ပစ်ခတ်ရရှိသော ငှက်သေကောင်များကိုလည်း ခရိတ်က သတိပြုမိလေသည်။

ခရိတ်က သူ၏ မော်တော်ကားဆီသို့ ပြန်လာသောအခါ ဆိတ်ကျောင်းသားလေးနှစ်ဦးက နောက်မှ လိုက်လာ ပြီး သကြားလုံး ချိုချဉ်များ နောက်ထပ်ပေးရန် တောင်းကြသေးသည်။
လူငယ် နှစ်ဦးမှာ ဇင်ဘာဘွေနိုင်ငံမှ မာတာဘယ်လီခေါ် တိုင်းရင်းသားလူမျိုးများဖြစ်ရာ ခရိတ်သည် ထိုလူမျိုးများ အပေါ် အထူးပင် သံယောဇဉ်ဖြစ်မိလေသည်။ သူ၏ စိတ်ထဲ၌ ထိုတိုင်းရင်းသားများကို ဆွေမျိုး သားချင်း များလို သဘောထားမိသည်။ ယခု သူ ဤနေရာသို့ ပြန်ရောက်လာချိန်၌ နှစ်ရှည်လများ ခရီးရှည် သွားရာမှ မိမိ၏ ဇာတိရပ်မြေသို့ ပြန်ရောက်လာသလို စိတ်ထဲမှ ဖြစ်ပေါ်မိလေ သည်။
ခရိတ်သည် ကုန်းမြင့်တစ်နေရာတွင်ရပ်ပြီး သူ၏အဘိုးနေထိုင်ခဲ့သည့် အိမ်ရှိခဲ့ရာ နေရာကို ပြန်ကြည့် မိလေ သည်။ ယခင်က စိမ်းစိုလှပသော မြက်ခင်းပြင်များ ရှိရာနေရာမှာ ယခုတော့ ခြောက်သွေ့ပျက်စီး နေပြီ ဖြစ်သည်။ ပန်းခြံရှိရာတွင် မည်သည့် ပန်းပင်မှ မရှိတော့ချေ။

တစ်ဖန် ဘိုးအေကြီး၏ အိမ်ဆီသို့ လှမ်းကြည့်လိုက်ရာ လူမနေတော့ဘဲ ပစ်ထားခြင်းကြောင့် ပျက်စီး ယိုယွင်း နေသည်ကို တွေ့ရသည်။ ပြူတင်းပေါက်များမှ မှန်များ အားလုံး ကွဲနေပြီး အိမ်အမိုးလုပ်ထား သည့် မီးခံပြားများလည်း မရှိတော့။ တိုင်းရင်းသားများက မီးခံကျောက်ပြားများကို ဖြုတ်ယူ၍ သူတို့၏ ယာယီတဲအိမ်များတွင် မိုးထားကြောင်း ထင်ရှားပေသည်။
တစ်ချိန်က သုံးရေသိုလှောင်ထားရာ အုတ်ကန်ဆီသို့ သွားကြည့်ရာ ရေလုံးဝမရှိတော့ဘဲ အမှိုက် သရိုက်များ ပြည့်လျက် ညစ်ပတ်နေသည်ကို တွေ့ရပြန်သည်။
ခရိတ်သည် မော်တော်ကားဖြင့် တိုင်းရင်းသားများ၏ ကျူးကျော်နေအိမ်များရှိရာအနီးမှ ဖြတ်မောင်းရင်း အကဲခတ် ကြည့်မိလေသည်။ ထိုနေရာ၌ မိသားစုဆယ့်နှစ်ဦးခန့် နေထိုင်လျက်ရှိကြောင်း သတိပြုမိပြီး ခရိတ်သ ည် မော်တော်ကားကို ရပ်လိုက်၍ ကားပေါ်မှ ဆင်းလိုက်သည်။

ထို့နောက် မီးဖိုတစ်ခုအနီးတွင် ထိုင်နေသော တိုင်းရင်းသား လူမည်းအဘိုးကြီး တစ်ယောက်ဆီသို့ လျှောက် သွားပြီး နှုတ်ဆက်စကား ပြောလေသည်။
' အဖေကြီး၊ နေကောင်းရဲ့နော် '
ခရိတ်က တိုင်းရင်းသား ဘာသာစကားဖြင့် ကျွမ်းကျင်စွာ ပြောလိုက်ရာ လူမည်း အဘိုးကြီးသည် အလွန် အံ့အားသင့် သွားသလောက် သဘောကျသွားပုံ ရလေသည်။
ခရိတ်သည် မီးဖိုဘေးတွင် ၀င်ထိုင်၍ အချိန်တစ်နာရီခန့် ကြာအောင် အဘိုးကြီးနှင့် စကားပြောနေလေ သည်။ အဘိုးကြီးထံမှ မာတာဘယ်လီ တိုင်းရင်းသားတို့ ဒေသနယ်မြေ အကြောင်းမျိုးစုံနှင့် လက်ရှိ အခြေ အနေ အမှန်ကို ပြည့်စုံစွာ သိရလေသည်။

အဘိုးကြီးသည် ခရိတ်က တိုင်းရင်းသားဘာသာစကား ကျွမ်းကျင်စွာ တတ်မြောက်နေပုံကို အလွန် ၀မ်းသာ ကျေနပ် ဟန်ဖြင့် စကားတွေ အဆက်မပြတ် ပြန်ပြောလေသည်။
' သူတို့ကပြောတော့ တော်လှန်ရေးပြီးသွားရင် တိုင်းရင်းသားတွေ အားလုံးဟာ လူတစ်ယောက် မော်တော်ကား တစ်စီးနှင့် နွားအမျိုးကောင်း (မျက်နှာဖြူပိုင်ဆိုင်ခဲ့သောနွားများ) အကောင်ရေ ငါးရာစီ ရလိမ့်မယ် လို့ ပြောခဲ့တယ်။ အဲဒါ အလကားဖြစ်နေတယ်၊ အခုတော့ မော်တော်ကားရှိသူဆိုလို့ အစိုးရ အဖွဲ့ က ၀န်ကြီးတွေလောက်ပဲ ရှိတယ်။ ပြီးတော့ ကျုပ်တို့ တိုင်းရင်းသားတွေ မငတ်တော့ဘဲ ထမင်း၀၀ စားရမယ် လို့လည်း ပြောခဲ့တယ်။ အခု လက်တွေ့ကျတော့ စားသောက်ကုန် ဈေးနှုန်းက အရင်ကထက် ငါးဆလောက် ပိုပြီး များနေတယ်။ ဆား၊ သကြား၊ ဆပ်ပြာတို့ ကုန်ပစ္စည်းအားလုံးဟာ ငါးဆလောက် ဈေးပိုကြီးနေတယ်ကွဲ့'

အဘိုးကြီးက အခြေအနေကို မကျေနပ်ဟန်ဖြင့် ပြောလေသည်။
ခရိတ်ကိုယ်တိုင် သိရှိထားသည်ကား ဇင်ဘာဘွေနိုင်ငံတွင် မျက်နှာဖြူအစိုးရ အုပ်ချုပ်နေခဲ့စဉ်က နိုင်ငံခြား ငွေကြေး လဲလှယ်ရေးကို အထူးစည်းကမ်း တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့သည့်ပြင် ပြည်တွင်း၌ ကုန်ပစ္စည်း ဈေးနှုန်း များကိုလည်း အစိုးရက ကန့်သတ်ထားခဲ့ပေသည်။ ဤနည်းအားဖြင့် ငွေကြေး ဖောင်းပွမှု ပမာဏ ကိုလည်း ထိန်းချုပ်နိုင်ခဲ့လေသည်။
သို့သော် ယခု လွတ်လပ်ရေးရပြီး တိုင်းရင်းသား လူမည်းအစိုးရ လက်ထက်တွင်မူ အဆိုပါ ထိန်းချုပ်မှု၊ ကန့်သတ်မှုများ ပယ်ဖျက်လိုက်ကြသည်။ ယင်းအခြေအနေ၏ အကျိုးသက်ရောက်မှုကား ပြည်တွင်းသုံး ငွေတန်ဖိုး သည် ရာခိုင်နှုန်းနှစ်ဆယ်ခန့် လျော့ကျသွားလေသည်။

တိုင်းရင်းသား အဘိုးကြီးသည် စကားဆက်ပြန်သည်။
' ကျုပ်တို့ မာတာဘယ်လီ တိုင်းရင်းသားတွေက ဆင်းရဲနွမ်းပါးလို့ နွားတွေဝယ်မမွေးနိုင်ကြဘူး။ ဒါကြောင့် ဆိတ် တွေပဲ မွေးကြရတယ်။ ဆိတ်မွေးရတာ သဘောမကျပေမယ့် အခြေအနေအရ မတတ် နိုင်တော့ ဆိတ် ပဲ မွေးရတယ်။ ကျုပ်တို့က ဆိတ်တွေကို အလွန်မုန်းတယ်၊ စက်ဆုပ်တယ်။ ဟိုခွေး တိရစ္ဆာန် ရှိုနာ လူမျိုးတွေ လိုပဲ မုန်းတီးရွံ့ရှာတယ် .... ထွီ '
(မှတ်ချက်။   ။ ရှိုနာဆိုသည်မှာ ဇင်ဘာဘွေနိုင်ငံ၌ မာတာဘယ်လီ လူမျိုးများ၏ အမြဲထာဝစဉ် ရန်သူ ဖြစ်သော တိုင်းရင်းသားလူမျိုး အုပ်စုပင်ဖြစ်သည်။ ဇင်ဘာဘွေ အစိုးရအဖွဲ့အတွင်လည်း ရှိုနာ တိုင်းရင်း သား အုပ်စုက ကြီးစိုးနေသည်။ မြန်မာပြန်သူ)

အဘိုးကြီးကဲ့သို့ မာတာဘယ်လီ လူမျိုးများလည်း ရှိုနာလူမျိုးတို့အား အလွန်စက်ဆုပ် မုန်းတီးကြကြောင်းကို ခရိတ် က သိရှိထားပြီးဖြစ်သည်။
ခေတ္တမျှ ဆက်ထိုင်နေပြီးနောက် ခရိတ်သည် တစ်ချိန်က သူ၏ အဘိုးနေထိုင်ခဲ့သော အိမ်ကြီးဆီသို့ လျှောက်သွား ကြည့်လေသည်။
ထိုအိမ်ကြီး ကို ခရိတ်အနေဖြင့် အလွန်သံယောဇဉ်ကြီးမားခဲ့ပေသည်။ လှေကားမှတက်၍ ကျယ်ဝန်း သော ၀ရန်တာ သို့ရောက်လျှင် သူ၏အဘိုး ရုတ်တရက် အိမ်ထဲမှ ထွက်လာလေမည်လောဟုပင် စိတ်ထဲက ဖြစ်မိ လေသည်။ သူသည် ဘိုးအေဖြစ်သူအား ထင်ထင်ရှားရှား မြင်ယောင်နေမိလေသည်။

ထို့ပြင် ယခုမှ မိမိ၏ ဇာတိရပ်မြေ မူလနေအိမ်သို့ ပြန်ရောက်လာဘိသကဲ့သို့လည်း ခံစားမိလေသည်။
သို့ရာတွင် စိတ်ကူးယဉ်မှုကို ပြန်လည်ပယ်ဖျောက်ပြီး လက်တွေ့ အခြေအနေကို ကြည့်လိုက်သော အခါ ၀ရန်တာ ကြမ်းပြင်တစ်ခုလုံး အမှိုက်သရိုက်များ၊ ကျေးငှက်တို့စွန့်ခဲ့သော အညစ်အကြေးများဖြင့် ညစ်ပတ် ရှုပ်ပွ နေသည်ကို မြင်ရလေသည်။ ခိုငှက်ရိုင်းများသည် ၀ရန်တာ၏ မျက်နှာကြက်တွင် အသိုက် ပြုလုပ် ထားကြ သည်ကိုလည်း သတိပြုမိသည်။
ခရိတ်သည် ၀ရန်တာမှတစ်ဆင့် တစ်ချိန်က စာကြည့်ခန်း ပြုလုပ်ထားခဲ့သော အခန်းတွင်းသို့ ၀င်ကြည့်လေသည်။ ယခင်ကဆိုလျှင် ထိုစာကြည့်ခန်း၏ တံခါးဝတွင် အလွန်ကြီးမားလှသော ဆင်စွယ်ကြီး နှစ်ချောင်း ကို အလှချိတ်ဆွဲ၍ တန်ဆာဆင်ထားခဲ့သည်။

ယင်းဆင်စွယ်ကြီး တစ်စုံမှာ ဘိုးအေ ဘာဝူ၏ ဖခင်ကြီးက ၁၈၆၀ ခုနှစ်က ပစ်ခတ်ရရှိခဲ့သော ဆင်ထီး ကြီး တစ်ကောင်မှ အစွယ်များပင်ဖြစ်သည်။ ဘိုးအေဘာဝူခေါ် ဂျွန်နာသန်သည် ထိုဆင်စွယ်ကြီးများကို အလွန်ပင် တန်ဖိုးထားမြတ်နိုးခဲ့လေသည်။ ထို့ပြင် ဆင်စွယ်များသည် မိမိတို့ မိသားစု၏ ရိုးရာအမွေ အနှစ် ဟု လည်း ယူဆခဲ့သည်။
သို့သော် ယခုတော့မူ ဆင်စွယ်ကြီးများ မရှိတော့ဘဲ ဆင်စွယ်ချိတ်ဆွဲထားရာ သံချိတ်များသာ ကျန်ရှိ လေ တော့သည်။

ခရိတ်အနေဖြင့် မိသားစု အမွေအနှစ်အဖြစ် လက်ဝယ်ရရှိထားသည့် ပစ္စည်းဆို၍ သေသပ်စွာချုပ်ထား သော မိသားစုမှတ်တမ်းစာအုပ်များသာ ရှိလေသည်။ ယင်းမှတ်တမ်းများမှာ လွန်ခဲ့သော နှစ်ပေါင်းတစ် ရာခန့် ကျော် က သူတို့၏ ဘိုးစဉ်ဘောင်ဆက် အဆက်အနွယ်များ အာဖရိကသို့ စတင်လာရောက် အခြေစိုက် နေထိုင် ခဲ့ချိန်မှ စ၍ အတွေ့အကြုံ အဖြစ်အပျက်များ အားလုံးကို အမှတ်တရ မှတ်တမ်းရေး သားပြုစု ထားသည့် စာအုပ်များပင် ဖြစ်သည်။

ယခု ပျောက်နေသော ဆင်စွယ်ကြီးတစ်စုံသည်လည်း စင်စစ်အားဖြင့် မိသားစု အမွေအနှစ်ပင်ဖြစ်ရာ ခရိတ် သည် ဆင်စွယ်များကို မတွေ့တွေ့အောင် ပြန်ရှာယူမည်ဟု ဆုံးဖြတ်လိုက်မိလေသည်။
ထို့နောက် အခြားအခန်းများသို့ ၀င်ကြည့်ပြန်သောအခါ မူလက ရှိခဲ့သော ပစ္စည်းအသုံးအဆောင်များ ဘာမှ မကျန် ရှိတော့ကြောင်း တွေ့ရလေသည်။

ထိုအိမ်ကြီးကို သူ၏ အဘိုးအေ၏ဖခင်ကြီး ကိုယ်တိုင် အပင်ပန်းခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ယခုလို ပျက်စီး ယိုယွင်းနေသည်ကို မြင်ရသည်တွင် အလွန်စိတ်မကောင်းဖြစ်မိလေသည်။
အိမ်ပေါ်မှ ပြန်ဆင်းပြီးနောက် ခရိတ်သည် အိမ်နောက်ဘက်ရှိ မိသားစု သင်္ချိုင်းဂူများရှိရာသို့ သွားကြည့် လေသည်။ တစ်ချိန်က အလွန်သန့်ရှင်းသပ်ရပ်နေခဲ့သော သင်္ချိုင်းနေရာမှာလည်း နှစ်ရှည် လများ ဂရုစိုက် ကြည့်မည့် သူ မရှိသောကြောင့် အလွန် စိတ်ပျက်ဖွယ်ရာ ပျက်စီးနေလေသည်။

ခရိတ်သည် ဘိုးအေးကြီး၏ သင်္ချိုင်းဂူရှိရာသို့ သွား၍ ဒူးထောက်လိုက်ပြီး -
' ဘိုးဘိုး ဘာဝူ၊ ကျွန်တော် အခု အိမ်ပြန်လာပြီလေ ဘိုးဘိုး ဟု ပါးစပ်မှ ရေရွက်လိုက်မိလေသည်။
မီးဖိုဘေး မှ တိုင်းရင်းသား အဘိုးကြီး ပြောလိုက်သော အောက်ပါစကားများကိုလည်း ပြန်သတိရနေ မိသည်။

' အိမ်ကြီးက အလွန်ပျက်စီးနေပြီ။ ဆင်စွယ်ကြီးတွေလည်း မရှိတော့ဘူး။ ပြီးတော့ မင်းတို့ရဲ့ အကောင်းဆုံး မြက်ခင်း တွေကိုလည်း ဆိတ်စားကျက်မြေ လုပ်ထားကြတယ် '
ခရိတ်သည် ဘိုးအေကြီး၏ သင်္ချိုင်းဂူကိုကြည့်ရင်း ...
' ဘိုးဘိုး၊ ကျွန်တော်က ဘိုးဘိုးရဲ့ မြေပေါ်က ဆိတ်အုပ်တွေကို မောင်းထုတ်ပစ်ပါ့မယ်' ဟု တိုင်တည် ပြောဆို  မိပြန်သည်။
ထို့နောက် သူ၏ ဗောက်ဝက်ဂွန်း မော်တော်ကား ထားခဲ့ရာသို့ ပြန်လျှောက်သွားလေသည်။

*
ခရိတ်သည် မော်တော်ကားမောင်း၍ မြို့တွင်းသို့ ပြန်ရောက်လာသောအခါ အချိန်မှာ ငါးနာရီမထိုး သေးသဖြင့် ရုံးများ၊ ဆိုင်များ ဖွင့်ထားဆဲရှိကြောင်း တွေ့ရလေသည်။
စတင်းဒတ်ဘဏ်တိုက်နှင့် မျက်နှာချင်းဆိုင်ရှိ' အိမ်၊ မြေ၊ ရောင်းဝယ်ရေးဧဂျင်စီ' ရုံးခန်းလည်းဖွင့်လျက် ရှိသေး သဖြင့် ခရိတ်သည် ထိုရုံးသို့ ၀င်သွားလေသည်။ အိမ်၊ မြေ ရောင်းဝယ်ရေး ဧဂျင်စီသည် လေလံ တင်ရောင်း ချခြင်း လုပ်ငန်းကိုလည်း လုပ်လေရာ လေလံအရာရှိ ဒင်နီရယ်ဆိုသူကို ခရိတ်က နဂိုကပင် သိကျွမ်း နေပေသည်။

ဒင်နီရယ်သည် ရှပ်အင်္ကျီလက်တိုနှင့် ကာကီဘောင်းဘီတို့ ၀တ်ဆင်ထားလျက် ခရိတ်အား ဆီး၍ နှုတ် ဆက် လေသည်။
' ဟဲလို ခရိတ်၊ ဘယ်လိုလဲဗျ၊ နောက်ဆုံးကျတော့ ခင်ဗျားလည်း နိုင်ငံခြားမှာ ကြာရှည်မနေနိုင်လို့ ဒီကို ပြန်လာတာ ထင်တယ် '
( မှတ်ချက်။    ။  ဇင်ဘာဘွေနိုင်ငံတွင် တိုင်းရင်းသား လူမည်းတို့၏ တော်လှန်ရေး အောင်မြင်ပြီး လူမည်း ခေါင်းဆောင် မူဂါဘီ အစိုးရတက်လာသောအခါ မူလက ရှိနေသော မျက်နှာဖြူလူမျိုးနှစ်သိန်း ခွဲအနက် လူတစ်သိန်းခွဲ တို့က အင်္ဂလန်၊ သြစကြေးလျ သို့မဟုတ် တောင်အာဖရိက စသော မျက်နှာဖြူ အစိုးရရှိရာ နိုင်ငံများ သို့ ထွက်ခွာပြောင်းရွှေ့သွားခဲ့ကြသည်။ အချို့ မျက်နှာဖြူ အနည်းငယ်ကသာ ဇင်ဘာဘွေတွင် ဆက်လက် နေထိုင်ခဲ့ကြသည်။ )

ဒင်နီရယ်ကပင် ဆက်ပြောပြန်သည်။
' ကျုပ်ကတော့ ဘယ်မှ မသွားဘဲ ဒီမှာပဲ ဆက်နေလိုက်တယ်။ အရင်က အပေါင်းအသင်းဟောင်းတွေ မရှိတော့ လို့ တစ်ခါတစ်ခါတော့ ငြီးငွေ့စရာကောင်းသားဗျ။ ခင်ဗျားကတော့ ဒီကထွက်သွားပြီးမှ သိပ်ပြီး ကြီးပွား နေတယ်လို့ ကြားရပါကလား။ သတင်းစာတွေထဲမှာ ခင်ဗျား စာအုပ်ရေးတာ စာမူခငွေ ဒေါ်လာ ဆယ်သိန်း လောက် ရတယ်လို့တောင် ရေးကြတယ်။ ဒီကလူတွေဖြင့် မယုံနိုင်လောက်အောင် အံ့သြနေ ကြတယ်။ လက်စသတ်တော့ ကိုယ့်လူက တကယ်ပဲ ကြီးပွားနေတာကိုး '

' ဟုတ်လား၊ ဒီလိုပဲ သတင်းဖြစ်နေသလား '
ခရိတ်က ပြုံး၍ ပြောလိုက်သည်။
' ဟုတ်တယ်၊ ကျုပ်ကိုယ်တိုင်ကတော့ ခင်ဗျားရဲ့စာအုပ်ကို တယ်ပြီးမကြိုက်ပါဘူး။ ခင်ဗျားရေးထားပုံက တိုင်းရင်းသား ကပ္ပလီလူမည်းတွေကို တကယ့်သူရဲကောင်းကြီးတွေလို အမွှမ်းတင်လွန်းတယ်။ ဒါပေမဲ့ နိုင်ငံခြား မှာက လူမည်းတွေကို ချီးကျူးအမွှမ်းတင်မှသာ လူကြိုက်များပုံရတယ်။ ဒါကြောင့် စာအုပ် ရောင်း ရအောင် ခင်ဗျားက လူမည်းတွေဘက်က ရပ်တည်ပြီး ရေးလိုက်ပုံရတယ် '
ဒင်နီရယ် က ပြောလိုက်ပုံမှာ ဝေဖန်သလို သရော်သလို လေသံမျိုးဖြစ်နေ၍ ခရိတ်က သဘောမကျမိချေ။

' စာအုပ်ဝေဖန်ရေး ဆရာတချို့က ကျုပ်ကို အသားအရောင် ခွဲခြားရေးဝါဒ သမားလို့တောင် ဝေဖန် ရေးခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့က လူတစ်ရာမှာတစ်ရာလုံးကြိုက်အောင်တော့ ဘယ်တတ်နိုင် ပါ့မလဲ '
ဤသို့ ပြောရင်း ခရိတ်သည် စကားကို ပြောင်းသည့်အနေဖြင့်
' ခင်ဗျား နဲ့ ကျုပ် ယမကာ အတူတူသောက်ကြရအောင်။ ဘယ်လို သဘောရသလဲ ' ဟု ပြောလိုက်သည်။
သည်တော့ မှ ဒန်နီရယ်သည် သဘောကျသွားပုံရလေသည်။

' အေး ... ကောင်းသားပဲ။ ကျုပ်လည်း အာခေါင်ခြောက်နေတာနဲ့ အတော်ပဲ။ ကိုင်း ကျုပ် ဒီရုံးခန်းကို ပိတ် လိုက်ဦးမယ်။ ပြီးတော့မှ ဆိုင်မှာ သွားသောက်ကြတာပေါ့ '
' ပုလင်းသွားဝယ်ပြီး ဒီမှာပဲ သောက်ကြရင်း မကောင်းဘူးလားဗျ။ ခင်ဗျားနဲ့ ကျုပ်အေးအေးဆေးဆေး စကားပြောရင်းပေါ့ '
ခရိတ် က ပြောလိုက်လျှင် ဒင်နီရယ်သည် အကြီးအကျယ် သဘောကျသွားလေသည်။

' ဟာ သိပ်ကောင်းတာပေါ့၊ ခင်ဗျား သွားဝယ်မယ်ဆိုရင် ဆိုင်မှာ ၀ီစကီအကောင်းစား ဂျွန်ဟိတ်ပုလင်းတွေ ရှိတယ်ဗျ။ အဲဒါသာ ဆွဲခဲ့ပါ။ သြော် နောက်ပြီး ခင်ဗျား သွားရင်း ရေခဲပါ ၀င်ဝယ်ခဲ့ပါ '
သို့နှင့်ပင် ခရိတ်နှင့် ဒင်နီရယ်တို့သည် နှစ်ယောက်သား ၀ီစကီအရက်သောက်ရင်း စကားပြောနေကြ လေသည်။
ဒင်နီရယ်သည် အရက်သောက်ရင်း စောစောကလို ခရိတ်အား ဝေဖန်ရေးစကားတွေ မပြောတော့ဘဲ ဖော်ဖော် ရွေရွေ ဖြစ်လာလေသည်။

' ကျုပ် ဒီတိုင်းပြည်က ဘယ်ကိုမှ ထွက်မသွားတာ ကျုပ်အနေနဲ့ သွားစရာနေရကို မရှိလို့ဗျ။ အင်္ဂလန်ကို သွားဖို့ဆိုတာကလည်း ကျုပ်က အင်္ဂလန်ပြည်နဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ။ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက်ပိုင်း အင်္ဂလန်ကိုလည်း တစ်ခေါက်မှ မရောက်တော့ဘူး။ တောင်အာဖရိကကို သွားဖို့ဆို တာ ကလည်း ဟိုမှာ အခြေအနေက တယ်ပြီး မကောင်းလှဘူး။ တစ်နေ့ကျရင် ဒီနိုင်ငံလိုပဲ ဖြစ်လာနိုင် တယ်။ နောက်တစ်ခု က ဒီတိုင်းပြည်က ထွက်သွားရင် ငွေအနေနဲ့ ဒေါ်လာနှစ်ရာပဲ ယူသွားခွင့်ပြုတယ်။ အသက် ခြောက်ဆယ် ကျော်နေတဲ့ လူတစ်ယောက်အဖို့ တိုင်းတစ်ပါးမှာ ဒေါ်လာနှစ်ရာနဲ့ ဘ၀သစ်ထူ ထောင်လို့ ဖြစ်နိုင် ပါ့မလား။ ဒါကြောင့် ကျုပ်က ဘယ်မှ မသွားဘဲ ဒီမှာ ဆက်နေခဲ့ခြင်းဖြစ်တယ် '

' ဟုတ်ပါပြီ၊ ဒါတွေ အသာထားလိုက်ပါတော့။ ဒီမှာနေရထိုင်ရတာ အခြေအနေ ဘယ်လိုရှိသလဲ '
ခရိတ်က မေးလိုက်ရာ ဒင်နီရယ်က ရယ်မောလိုက်ပြီးမှ ပြန်ပြောလေသည်။
' ဒီမှာ အခြေအနေ အခုထက် ပိုဆိုးမလာဘူးလို့ ယုံကြည်တဲ့လူတွေအဖို့တော့ စိတ်သက်သာရာ ရတယ်လို့ ဆိုရမယ်။ တကယ်တော့လည်း မဆိုးလှပါဘူး။ အရင်အစိုးရခေတ်ကလိုတော့ မမျှော်လင့်ဘဲ နှုတ်ပိတ်နေရင် နေရတာ သိပ်မဆိုးလှပါဘူး '
' စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြီးကျယ်ကျယ် လုပ်တဲ့လူတွေကတော့ ဘယ်လိုအခြေအနေ ရှိသလဲ'

' သူတို့ကတော့ ထိပ်တန်းအထက်တန်းလွှာ လူတန်းစားပါပဲ။ အစိုးရက အခုဆိုရင် အားလုံးပြည်သူပိုင် သိမ်းပစ် ရမယ်ဆိုတဲ့ မူဝါဒကို စွန့်လွှတ်လိုက်ပြီဗျ။ တိုင်းရင်းသားလူမည်းတွေ ထမင်းဝအောင် စားနိုင်ဖို့ အတွက် မျက်နှာဖြူလူမျိုး စိုက်ပျိုးမွေးမြူရေးသမားတွေရှိမှ ဖြစ်မယ်လို့ အစိုးရက သဘောပေါက်လာ တယ်။ အခု ဆိုရင် ဇင်ဘာဘွေအစိုးရက မျက်နှာဖြူတွေရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ဂုဏ်ယူနေပြီး နိုင်ငံခြားက အထူးဧည့်သည်တော် (ဥပမာ-တရုတ် သို့မဟုတ် လစ်ဗျား နိုင်ငံက ပုဂ္ဂဂိုလ်ကြီး) တွေ အလည် လာရင် အစိုးရက အဲဒီ ဧည့်သည်တွေကို မျက်နှာဖြူ စိုက်ပျိုးမွေးမြူရေးခြံ တွေတောင် လိုက်ပြလေ့ရှိတယ် '

' မြေယာ ဈေးနှုန်းတွေကတော့ ဘယ်လို အခြေအနေ ရှိသလဲ '
ခရိတ်က သူသိချင်သော အချက်ကို မေးကြည့်လေသည်။
' ပြည်တွင်းစစ် ပြီးဆုံးကာစ၊ တိုင်းရင်းသားလူမည်းတွေက မြေယာကို သိမ်းယူပြီး ပြည်သူ အများကို ဝေငှ ပေးမယ် လို့ ကြေးကြော်ခဲ့ချိန်တုန်းကတော့ မျက်နှာဖြူတွေအနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့မြေတွေကို ရောင်းခွင့်(သို့မဟုတ်) ပေးခွင့်မရှိဘူး။ ခင်ဗျားတို့ မိသားစုပိုင်တဲ့မြေယာနဲ့ စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီရဲ့ အဖြစ်ကိုပဲ ကြည့်တော့။ အဲဒီ ကုမ္ပဏီက ကင်းလင်းမွေးမြူရေး ခြံကြီးအပါအ၀င် မြေယာကွက်ကြီးသုံးခုကို ပိုင်ဆိုင်ခဲ့တယ် မဟုတ်လား။ ခင်ဗျားရဲ့ ဦးလေး မစ္စတာဒေါက်ကလပ်က အခြေအနေမဟန်တေ့တာနဲ့ ကုမ္ပဏီပိုင် မြေကွက် အားလုံး ကို ဒေါ်လာနှစ်သိန်းခွဲနဲ့ ရောင်းပစ်လိုက်တယ်။ တကယ်တော့ အဲဒီမြေကွက်တွေရဲ့ တန်ဖိုး ဟာ စစ်မဖြစ်ခင်ကဆိုရင် ဒေါ်လာ သိန်းတစ်ရာလောက် တန်တယ်'

' ဟင် ဒေါ်လာနှစ်သိန်းခွဲနဲ့လား၊ ဒါက အလကားပေးလိုက်တာနဲ့ ဘာထူးသလဲ '
ခရီတ်က အလွန်အံ့အားသင့်စွာ ပြန်ပြောလိုက်သည်။
' အဲဒီဈေးနဲ့ ရောင်းလိုက်တာဟာ မြေကွက်ချည်း မဟုတ်သေးဘူး။ ရှိနေတဲ့မွေးမြူရေး တိရစ္ဆာန်တွေ အားလုံးလည်းပါတယ်။ အလွန်မျိုးကောင်းတဲ့ အာဖရိကသားစပ်နွားထီးကြီးတွေ၊ နို့စားနွားမတွေ အကုန် အပါ အ၀င် ဖြစ်တယ်။ ခင်ဗျားရဲ့ ဦးလေးက တစ်ချိန်တုန်းက ၀န်ကြီးချုပ် မစ္စတာစမစ်ရဲ့ မျက်နှာဖြူ အစိုးရ၀န်ကြီး (ကက်ဘိနက်)အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးလေတော့ လာမယ့် အခြေအနေကို ကြိုတင် သုံးသပ် မိတယ်။

ပြည်တွင်းစစ် ပြီးသွားလို့ တိုင်းရင်းသား လူမည်းအစိုးရ တက်လာတာနဲ့ သူဟာ မစားသာတော့ဘူးဆိုတာ တထစ်ချ တွက်မိလို့ တိုင်းပြည်က အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ် ဆိုတာ တွက်မိတယ်။ သူရောင်းလိုက်တာ ဆွစ်ဇာလန်နဲ့ ဂျာမန်ဖက်စပ် ကုမ္ပဏီတစ်ခုကိုဗျ။ ဒါကြောင့် ငွေချေတော့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ငွေချေတယ်။ ခင်ဗျားရဲ့ အန်ကယ် ဒေါက်ကလပ်ဟာ သူ့ မိသားစုတွေနဲ့အတူ သြစတြေလျနိုင်ငံကို ထွက်သွားတယ်။ တစ်ခုရှိတာက သူဟာ စောစောပိုင်းကတည်းက သူ့ငွေအတော်များများ နိုင်ငံခြားမှာ ကြိုတင် ပို့ထားပြီးဖြစ်တဲ့အတွက် သြစတြေလျ နိုင်ငံကျတော့ မွေးမြူရေးလုပ်ငန်း ကောင်းကောင်း ၀ယ်ယူ လုပ်ကိုင် နိုင်တဲ့ အခြေအနေရှိတယ်။ သူ့အဖို့ မဆိုးလှဘူးဆိုရမယ်။ ကျုပ်တို့လို ငမွဲတွေတော့ ဘယ်မှ မသွားနိုင်ဘဲ ဒီမှာပဲ ကြံဖန်ကုတ်ကတ်ပြီး နေကြရတယ်'
' ကဲ ယမကာနောက်ထပ် သောက်ပါဦး '

ခရိတ်က ဒင်နီရယ်၏ ဖန်ခွက်ထဲတွင် ၀ီစကီအရက် ထပ်ဖြည့်ပေးလိုက်ပြီးမှ သူတို့မိသားစုပိုင် မြေယာ ကုမ္ပဏီ အကြောင်း ဆက်မေးလေသည်။
' ၀ယ်ယူလိုက်တဲ့ ကုမ္ပဏီက ဘာတွေ ဆက်လုပ်သလဲ '
' အဲဒီဂျာမန်နဲ့ ဆွစ်ဇာလန် ဖက်စပ်ကုမ္ပဏီက လူတွေက အလွန်ပါးနပ်တဲ့ လူတွေပဲ။ အစိုးရပိုင်က အရေးပါတဲ့ လူတစ်ယောက်နဲ့ လာဘ်ပေးနားလည်မှုယူပြီးပြည်ပကိုထုတ်ခွင့် ' ထုတ်ကုန်လိုင်စင် ' ရအောင် တောင်းယူ ပြီးတော့ ရှိသမျှမွေးမြူရေးတိရစ္ဆာန်တွေအားလုံးကို တောင်အာဖရိကနိုင်ငံကို ထုတ်ယူ သွားတယ်။ ဟိုနိုင်ငံရောက်တော့ မျိုးကောင်းမျိုးသန့်ဖြစ်တဲ့ နွားတွေရောင်းလိုက်တာချုည်း ဒေါ်လာ ဆယ့်ငါးသိန်း ရတယ်လို့ သတင်းကြားရတယ်။ နောက်ပြီး ရောင်းရတဲ့ငွေကို ရွှေတွေဝယ်ယူပြီး ပြန်ရောင်း တော့လည်း နောက်ထပ် ဒေါ်လာသိန်းနှစ်ဆယ်လောက် အမြတ်ရသွားသတဲ့ဗျ '
' မွေးမြူရေး ခြံတွေကိုတော့ ဘာမှမလုပ်ဘဲ ပစ်ထားလိုက်သလား '

ခရိတ်က မေးလိုက်ရာ ဒင်နီရယ်က ခေါင်းညိတ်ပြလေသည်။
' ဟုတ်တယ်၊ အခုတော့ သူတို့က ကုမ္ပဏီကို တစ်ဆင့်ပြန်ရောင်းဖို့ ကြိုးစားနေတယ်။ ရောင်းဖို့လည်း ကျုပ်တို့ ရဲ့ မြေယာရောင်းဝယ်ရေး ကုမ္ပဏီကိုပဲ အပ်ထားတယ်။ ဒါပေမဲ့ မွေးမြူရေးခြံတွေရဲ့ အခြေအနေက ပျက်စီး နေလို့ ၀ယ်သူက လုပ်ငန်းပြန်လည် လုပ်ချင်ရင် နောက်ထပ် ငွေရင်းအများကြီး လိုက်ရလိမ့်မြယ်။ ဒါကြောင့် ဘယ်သူကမှ ၀ယ်ဖို့ စိတ်မ၀င်စားကြဘူး '
' ရောင်းဖို့ခေါ်တဲ့ ဈေးက ဘယ်လောက်တဲ့လဲ '

ခရိတ်က မေးလိုက်ရာ ဒင်နီရယ်က အံ့အားသင့်သွားပုံ ရလေသည်။
' ခင်ဗျားအနေနဲ့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါထက် နေပါဦး၊ ခင်ဗျားစာအုပ်ရေးတာ စာမူခ ဒေါ်လာ ငွေဆယ်သိန်း ရတယ်ဆိုတ အဟုတ်ပဲလား '
ဒင်နီရယ်က ဤသို့မေးသည်ကို ခရိတ်က ပြန်မဖြေဘဲ၊
' သူတို့ ခေါ်တဲ့ ရောင်းဈေးက ဘယ်လောက်လဲ ' ဟု ထပ်မံ၍ မေးလိုက်သည်။

' ဒေါ်လာငွေ သိန်းနှစ်ဆယ်တဲ့ဗျ။ ဒါကြောင့် ကျုပ်က ၀ယ်သူစပ်နေတာ၊ ဘယ်သူကမှ စိတ်မ၀င်စားကြဘူး။ ဒါလောက်များ တဲ့ ငွေတွေကို ဘယ်သူက ဒီတိုင်းပြည်မှာလာပြီး မြှုပ်နှံချင်ပါ့မလဲ'
' တကယ်လို့ ငွေကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ပေးချေမယ်ဆိုရင်ကော အဲဒီဈေးနှုန်းက လျှော့ပေး မှာလား။ ငွေဘယ်လောက် ကွာလာနိုင်မလဲ '
' ဟာ၊ ခင်ဗျားကလည်း '
' ကျုပ်မေးတာသာ ဖြေစမ်းပါဗျ။ ဇူးရစ်မြို့မှာ ငွေချေမယ်ဆိုရင် ဈေးက ဘယ်လောက် ကွာနိုင်မလဲ '
ခရိတ်က ခပ်တည်တည်နှင့် ထပ်မံ၍ မေးတော့မှ ဒင်နီရယ်သည် ထိုမေးခန်းကို ပြန်ဖြေလေသည်။

' ဇူးရစ်မြို့မှာ ငွေချေမယ်ဆိုရင်တော့ သူတို့က ဒေါ်လာ ဆယ်သိန်းလောက်နဲ့ လက်ခံလိမ့်မယ် ထင်တယ်'
' နှစ်သိန်းခွဲ လောက်နဲ့ဆိုရင် မဖြစ်နိုင်ဘူးလား '
ခရိတ်က ဈေးဆစ်သလို ပြောလိုက်ရာ ဒင်နီရယ်က ခေါင်းခါပြလေသည်။
' ဒါတော့ ဘယ်နည်းနဲ့မှ ဖြစ်မှာမဟုတ်ဘူး '

' ဒါဖြင့် ခင်ဗျား သူတို့ဆီ တယ်လီဖုန်း လှမ်းဆက်စမ်းပါ။ ပြောရမှာက ဒီက မြေယာကွက်တွေမှာ ကျူးကျော်သူတွေ ပြည့်နေလို့၊ အဲဒါတွေကို ဖယ်ရှားပစ်ဖို့က နိုင်ငံရေးနည်းနဲပမှသာ ရနိုင်မယ်ဆိုတဲ့ အကြောင်း၊ အခု လောလောဆယ် စားကျက်တွေမှာ ဆိတ်အုပ်တွေ လွှတ်ထားလို့ နောက်တစ်နှစ် လောက်ကြာရင် စားကျက်မြေတွေ အားလုံး ပျစ်စီးသွားမှာသေချာတဲ့အကြောင်း၊ နောက်ပြီး ဒီတိုင်းပြည် က ဒီမှာမရှိတဲ့ နိုင်ငံခြားသားပိုင် မြေယာတွေကို သိမ်းယူမယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် သူတို့ပဲ နစ်နာ မှာ ဖြစ်တဲ့ အကြောင်း၊ အဲဒါတွေကို ဖုန်းဆက်ပြီး ပြောလိုက်ပါ '
' ခင်ဗျား ပြောတာတွေအားလုံးမှန်တယ်။ ဒါပေမဲ့ ဒေါ်လာနှစ်သိန်းခွဲနဲ့ ရဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူးဗျ '

' နိုင်ငံခြားကို လှမ်းဆက်ရမှာဆိုတော့ တယ်လီဖုန်းဆက်ခ ဘယ်သူက ပေးမှာလဲ '
' ကျုပ်က ပေးပါ့မယ် '
' ကောင်းပြီ၊ ဒါဖြင့် ကျုပ် ဆက်ကြည့်ပါ့မယ် '
' ဘယ်တော့ ဆက်မှာလဲ '
' ဒီနေ့က သောကြာနေ့ဖြစ်နေပြီ။ တနင်္လာနေ့မှ ဆက်ဖြစ်လိမ့်မယ် '
' ဟုတ်ပြီ၊ ဒါထက် လောလောဆယ် ကျုပ် ဓာတ်ဆီလိုချင်တယ်။ လေးငါးလောက် မရနိုင်ဘူးလား '

' နေပါဥး၊ ခင်ဗျားက ဓာတ်ဆီဘာလုပ်ဖို့လဲ '
' ကျုပ် ချီဇာရီအရပ်ကို သွားချင်တယ်။ ကျုပ် အဲဒီ မရောက်တာ ဆယ်နှစ်လောက်ရှိသွားပြီမို့ သွား ကြည့် ချင်တယ် '
' ဟာ၊ ခင်ဗျား အဲဒီကိုသွားဖို့ မသင့်ဘူး။ ဟိုမှာက ပြောက်ကျားသူပုန်တွေရှိတယ် '
' သူပုန် မဟုတ်ပါဘူးဗျ။ နိုင်ငံရေးအရ အယူအဆကွဲလွဲတဲ့ လူတွေပါ '

' သူတို့က မာတာဘယ်လီ တိုင်းရင်းသားတွေဗျ။ ခင်ဗျားကို မြင်တာနဲ့ အသေပစ်သတ်လိမ့်မယ် '
' ဒါတော့ ကျုပ်ဘာသာ ကျုပ် အန္တရာယ်ကို ကြည့်ရှောင်သွားမှာပေါ့။ ကဲပါ၊ ဓာတ်ဆီသာ ရအောင် ရှာ ပေးစမ်းပါ။ နောက်ပြီး ရှေ့အပတ်ကျတော့ ခင်ဗျား ဇူးရစ်မြို့ကို ဖုန်းဆက်လို့ရတဲ့ အဖြေကို သိချင်တယ်'
ထှိုမျှနှင့်ပင် ခရိတ်က စကားကို ဖြတ်လိုက်သည်။
--------------------
အခန်း (၅) ဆက်ရန်
.

3 comments:

လသာည said...

အစ်မရေ.. တင်ထားတာ တွေ့တာနဲ့ ခါတိုင်းလို မနက်ထိ မစောင့်ပဲနဲ့ တခါတည်း ဖတ်သွားပါတယ်..။ ဒီဝတ္တုလေး တော်တော် ကောင်းတယ်နော်။ ကျေးဇူး အများကြီး တင်ပါတယ်..

Anonymous said...

thanks.. ama..

I love to read.

Myatnoe

ဇော်သိင်္ခ said...

ဆရာမရေ.. တလက်စတည်း အရှိန်မသတ်နိုင်လို့ ပြီးအောင် ဖတ်သွားပြီဗျာ.. နောက်အပိုင်း (၅) ကိုလည်း မျှော်နေပါတယ်... တော်တော်လေးလည်း စိတ်ဝင်စား လာပါပြီ....