အင်းလေလံ
(၁)
ကိုဘမြိုင်သည် ဟစ်လို့သာ ငိုချင်နေ၏။
ဟုတ်သည်။ တကယ်ဆိုတော့လည်း သူ့အဖို့ ဟစ်လို့သာ ငိုဖို့ကောင်းတော့သည်။ ကြည့်စမ်းပါဦးတော့။ သူ နှစ်နှစ် တိတိ လုပ်ခဲ့သော "ဆင်ကူး"အင်းကလေးကို သည်နှစ် အင်းလေလံတွင် သူကြီးမင်းက သူ့ ယောက္ခမကို ဆွဲခိုင်းမလို့တဲ့။ အရပ်ထဲမှာ သတင်းပြေးနေပါ သည်။ ဒါကြောင့်ပဲ သူသည် ဟစ်လို့သာ ငိုချင် နေ၏။
သူ့အင်းကို လုဆွဲမည့်သူသည် သာမာန်လူတစ်ယောက်သာ ဖြစ်ပါက သူမမှုပါ။ အခုတော့ သူကြီး ရင့်မကြီး တစ်ယောက်လုံးဖြစ်နေ၍ သူ ငိုချင်နေပါသည်။ သူကြီး၊ သူကြီး၊ သူကြီးဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်။ အင်းအင်စပက်တာနှင့်လည်း ကျွမ်းသည်။ မြို့ပိုင်နှင့်လည်း ရင်းနှီးသည်။ ၀န်ထာက်နှင့်လည်း ခင်မင်သည်။ အရေးပိုင်အထိပင် ၀င်ဆံ့သည်။ သည်လို သည်လို ပုဂ္ဂိုလ်ကြီးတွေသည် အရေးကြုံလျှင် သူ့ဘက် မှာ အမြဲတမ်းရှိရန် ငွေကို ရေလိုသုံး၍ ပေါင်းထားသည့် သူကြီးမင်း ဖြစ်သည်။ ဒါကြောင့်လည်း အင်းကြီး အင်းကောင်း မှန်သမျှ သူ့ဆွေမျိုး ညာတိ တစ်စု၏ လက်ထဲမှာသာ ရှိသည်။
အတိုက်အခံဂိုဏ်းကား ပေါ်လေပြီ။ ဤအတိုက်အခံ ဂိုဏ်သားများကလည်း အင်အားမသေးလှပါ။ ဆွေမျိုး အင်အား တောင့်တင်းသည်။ ငွေအားလိုက်နိုင်သည်။ သူကြီးမင်းကဲ့ သို့ပင် အရာရှိကြီးများကို ငွေထိုး၍ ပေါင်းနိုင်သည့် လူလယ်များလည်း ပါဝင်သည်။ သူကြီးမင်း ကိုယ်တိုင် လန့်နေရသော သတ္တိခဲဓားပြ လူဆိုး တစ်ယောက်ပင် ပါဝင်သေးသည်။ သူကြီးဆွေမျိုး အင်အားစုကို အပြုတ်ဖြုတ်နိုင်ရေးအတွက် သူတို့ ဆွေမျိုး သားချင်းများကို စုစည်းကာ တပ်ပေါင်းစု တည်ဆောက်ထားခြင်း ဖြစ်သည်။
သူတို့လည်း ခေသူများမဟုတ်။ မျိုးနှင့်ရိုးနှင့် နာမည်ကြီးသူများဖြစ်သည်။ တရားရုံး၌ ရှုပ်နိုင် ပွေနိုင်သည့်ဘက်တွင် မျိုးနှင့်ရိုးနှင့် နာမည်ကြီး၏။ ဓားပြတိုက်၊ သူသတ်ရာ၌ မျိုးနှင့်ရိုးနှင့် နာမည်ကြီးသည်။ ဒါတွင်မက လှေပြိုင်ပွဲ၊ နွားပြိုင်ပွဲ၊ ကြက်တိုက်ပွဲ စသော ပြိုင်ပွဲအမျိုးမျိုးတွင် နည်းအမျိုးမျိုးနှင့် ရှုပ်နိုင် ပွေနိုင် သည့် ဘက်တွင်လည်း မျိုးနှင့်ရိုးနှင့် နာမည်ကြီးသေးသည်။
ဒါကြောင့်လည်း ဤအတိုက်အခံ ဘက်သားများသည် မနှစ်က အင်းလေလံ၌ သူကြီးဆွေမျိုး အင်အားစု လက်ထဲမှ "ယင်မောင်သေ"ဆိုသော အင်းကြီးကို ရအောင် ဆွဲဝယ်နိုင် ခဲ့သည်။ ဒါတွင်မျှမက သူကြီးမင်း၏ ဆွေမျိုး သားချင်းတစ်ဦးလုပ်သော "အစွန်" အင်းငယ်ကလေးကိုလည်း မနှစ်က အင်းလေလံတွင်ပင် လုဝယ်နိုင်ခဲ့သည် မကသေး။ သူကြီးမင်းများ လုပ်သော အခြားအင်းများကိုလည်း အင်းဖိုး မတန်မဆ ကြီးအောင် အဖျက်လုပ်ငန်း သဘောနှင့် လိုက်၍ လုဆွဲလိုက်သေးသည်။
အတိုက်အခံ ဘက်သားများ ပြုံးနိုင်ကြသလောက် သူကြီးဆွေမျိုးသားချင်းများ၏ အသည်းတွင် ကျွဲခတ် သလို အခံရခက်တော့သည်။ သို့သော် လူလိမ္မာအမျက် အပြင်မထွက်ဆိုသလို တစ်ဖက်ကို မုန်းတီးသည့် စိတ်ကို ၀မ်းထဲတွင်သာ မျိုသိပ်ထာကာ သည်နှစ် အင်းလေလံတွင်မူ မချစ်သော်လည်း အောင့်နမ်းကြ ရတော့သည်။ တစ်ဖက်နှင့်တစ်ဖက် စေ့စပ်ရေး လုပ်ကြသည်။ တစ်ဖက်မှ အင်းကို တစ်ဖက်က လိုက်၍ လုမဆွဲ စတမ်း။ သူကြီးသားချင်းများ လုပ်သည့်အင်းများကို အတိုက်အခံ ဘက်သားများက လိုက်မရှုပ်ရ။ အတိုက်အခံ ဘက်သားများ၏ အင်းများကိုလည်း သူကြီးသားချင်းတစ်စုက ၀င်ရှုပ်၊ တစ်ဖက်မှ အင်းကို တစ်ဖက် က လိုက်ရှုပ်၍ အပြိုင်အဆိုင် လုဆွဲရလျှင် နှစ်ဖက်စလုံးမှ အင်းဖိုးများ ကြီးကုန်၍ မည်သူမှ သက်သာ လိမ့်မည် မဟုတ် ဟူသော သဘောတရားကို နှစ်ဖက်စလုံးမှ လိမ္မာပါးနပ်စွာ ကျင့်သုံးကြ တော့သည်။
သူတို့ နှစ်ဖက် နားလည်မှုရသည့်တိုင် အခြားသူတစ်ဦး ၀င်ရှုပ်မည်ကို မကြောက်ရဘူးလားဟု မေးစရာ ရှိပါသည်။ ကြောက်ရန် မလိုပါ။ ကြားနေ့အင်းသားကြီးများမှ အင်းငယ်ကလေးများကိုသာ ဆွဲဝယ် နိုင်သည့် အင်းသားကြီး ပေါက်စများသာဖြစ်၍ သူတို့ကို တုမပြိုင်နိုင်။ တကယ်လို့ တုပြိုင်နိုင်သည့်တိုင် မတုပြိုင်ရဲကြ။ တစ်ဖက်မှ သူကြီးမင်း အာဏာစက် ကို ကြောက်ရ၍၊ အခြားတစ်ဖက်မှ လူသတ်ဝံ့သော မိုက်ဂုစ်ကို လန့်နေကြ ရသည်။
ဤအင်းသားကြီး ပေါက်စကလေးများမှာ သူတို့ အင်းသားနှစ်ုကို တုပြိုင်ဖို့ မဆိုထားဘိ။ ဤအင်းအားစု နှစ်စုမှ သူများက သူတို့၏ အင်းငယ်ကလေးများကို လာရောက် ထိပါးမည်ကိုပင် လန့်နေကြရရှာသူများ ဖြစ်ပါသည်။ ဤအင်အားစု နှစ်စုသည် တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင် လုမဆွဲစတမ်းဟူ၍ စေ့စပ် ကျေအေး ထားကြသောကြောင့် ၄င်းတိုက အင်အားစု နှစ်စု၏ မြားဦးသည် သူတို့လို ဆင်းရဲနွမ်းပါးရှာသော အင်းသားကြီး ပေါက်စများပိုင် အင်ငယ်များဘက်သို့ လှည့်လာမည်ကို အချိန်နှင့်အမျှ တွေးတော ပူပန် နေရရှာ သူများ ဖြစ်ပါသည်။
ဟုတ်သည်။ ယခု ဆင်ကူးအင်းသားကြီးဆိုသော ကိုဘမြိုင်မှာလည်း ဆင်းရဲနွမ်းပါးသော ကြားနေ အင်သားကြီး ပေါက်စကလေးဖြစ်၍ သူတို့အင်းအားစု နှစ်ခု၏ စေ့စပ်ကျေအေးခြင်း သတင်းကို ကြားရသည် နှင့် တစ်ပြိုင်နက် နေမထိ ထိုင်မသာ ပူမီးတွေ ဝေဖြာလျက်ရှိစဉ်၊ သူကြီးမင်းက သူ့ယောက္ခမအား ဆင်ကူးအင်း ကို ဆွဲဝယ်ခိုင်းလိမ့်မည်ဟူသော သတင်းကို ထပ်မံကြားသိရပြန်ရာ သူ့ခမျာ ဟစ်လို့သာ ငိုလိုက်ချင် အောင် စိတ်သောကရောက်ရတော့၏။
အင်းလေလံဆွဲဝယ်ရာ၌ အင်းဖိုးငွေ၏ ၂၀ ရာခိုင်နှုန်းကို အင်းဆွဲ၍ ရသည်နှင့် တစ်ပြိုင်နက် ပေးဆောင်ထားရ၍ ကျန်သည့်ငွေကို လှေ၊ လှည်း၊ နွား၊ အိမ်၊ လယ် စသော ပစ္စည်းများကို တန်ဖိုးထား၍ အာမခံ ပစ္စည်းအဖြစ် ခံဝန်ပေးထားရသည်။ အင်းမဆွဲခင်ကပင် မိမိဆွဲမည့် အင်းတန်ဖိုးအလိုက် ခံဝန် ပစ္စည်းများကို ဖော်ပြ၍ အင်းဆွဲဝယ်ခွင့်ပြုပါရန် လျှောက်လွှာ တစ်စောင် ရေးရသည်။ ပထမ သူကြီးမင်း က ထိုခံဝန်ပြထားသော ပစ္စည်းများမှာ အင်းဆွဲဝယ်မည့် သူပိုင်ပစ္စည်းမှန် ဖြစ်ကြောင်းကို လျှောက်လွှာတွင် လက်မှတ်ရေးထိုးရသည်။ နောက်မြို့ပိုင်က တစ်ဖန် လက်မှတ်ရေးထိုးသည်။ ဤလက်မှတ်များ ရမှ အင်းဆွဲဝယ်နိုင်မည်။
ထို့ကြောင့် အင်းလေလံဆွဲရာ၌ သူကြီးသည် ပထမဆုံး အရေးပါသူဖြစ်သည်။ သူနှင့် မတည့်သူ များကိုဖြစ်စေ၊ သူ့သားချင်းများ ဆွဲဝယ်မည့်အင်ကို ဆွဲဝယ်ရန် ကြံသူများဖြစ်စေ ဘယ်လောက်ပင် ခံဝန် ပစ္စည်း တင်ပြနိုင်စေကာမူ သူသည် လက်မှတ် မရေးထိုး၊ မခိုင်လုံသည့် အကြောင်းများကို ပြကာ ညစ်ပတ် ထားလေ့ရှိသည်။ သို့သော် သူ့ကို ဖော်လံဖားသူများနှင့် သူ့သားချင်းများကိုမူ ဘာပစ္စည်းမျှမရှိဘဲ မဟုတ် တရုတ် တွေ လျှောက်ရေးစေကာမူ သူလက်မှတ် ထိုးသည်။
ယခုလည်း သူလုပ်နေသည့် ဆင်ကူးအင်းကို သူကြီးမင်းသည် သူ့ယောက္ခမအား ဆွဲဝယ်ခိုင်းမည်ဟု ကြံစည်နေရာ မုချသူ့အား လက်မှတ်ထိုးပေးလိမ့မည်မဟုတ်။ ခါတိုင်းနှစ်ကတော့ သူပြထားသော ခံဝန် ပစ္စည်းများ မလုံလောက်စေကာမူ သူကြီးမင်းသည် ဘာမှ အနှောင့်အယှက်မပေးဘဲ လက်မှတ်ထိုးပေးသည်။ နောက် မြို့ပိုင်မင်းက ၀န်ခံပြထားသော ပစ္စည်း မှန်မမှန် ကွင်းဆင်း၍ စစ်ဆေးသည့်အခါမှ မဟုတ်မမှန် လုပ်ကြံ ၍ ပြထားသော ခံဝန်ပစ္စည်း များအတွက် မြို့ပိုင်မင်းအား အင်းခွန် ငွေတစ်ရာလျှင် တစ်ဆယ်နှုန်းကျ ငွေထိုး လိုက်လျှင် ကိစ္စပြီး နိုင်သည်။ ဒါကတော့ သူတို့လို ခံဝန်ပစ္စည်းအဖြစ် မပြည့်စုံ၍ (၀ါ) မရှိ၍ မဟုတ်မမှန် လုပ်ကြံကာ ခံဝန်ပစ္စည်းအဖြစ် ပြထားသော သူများသာ ပေးရသည်မဟုတ်၊ ခံဝန်ပစ္စည်း အလုံအလောက် ပြနိုင်သည့် သူများလည်း အင်းခွန် ငွေတစ်ရာလျှင် တစ်ဆယ်နှုန်းကျ ပေးရမြဲ ဖြစ်သည်။
သည်လိုမှ မပေးလျှင် မြို့ပိုင်မင်းသည် ခံဝန်ပြထားသော ပစ္စည်းကို အမွေဆိုင်မို့ ဥပဒေနှင့် မညီညွတ်ဟူ၍လည်းကောင်း၊ ပစ္စည်းတန်ဖိုးကို အလွန်အမင်း လျှောက်တွက်၍ အင်းဖိုးနှင့် ခံဝန် ပေးထားသည့်ပစ္စည်း မမျှလို့ ခံဝန်ပစ္စည်းထပ်ပေးပါဦးဟူ၍ လည်းကာင်း အမျိုးမျိုး နှောင့်ယှက်လေ့ ရှိသည်။ ဒါကြောင့် ခံဝန်ပစ္စည်း ပေးစရာမရှိ၍ မဟုတ်မမှန် လုပ်ကြံကာ ခံဝန်ပြထားသူပဲဖြစ်ဖြစ်၊ ခံဝန် ပစ္စည်း အလုံအလောက် ပြနိုင်သူပဲဖြစ်ဖြစ် မြို့ပိုင်မင်းကိုတော့ အင်းခွန်တစ်ရာလျှင် တစ်ဆယ်နှုန်းကျ ပေးရမြဲဖြစ်သည်။ ဒီနည်းနဲ့ မြို့ပိုင်မင်းအဖို့ တစ်နှစ် တစ်နှစ်လျှင် အင်းဖိုးငွေ လေးငါးသောင်း တန်ဖိုး ရှိသော သူတို့နယ်မှ ငွေလေးငါးထောင် သပိတ်ဝင် အိတ်ဝင်ဖြစ်သွားသည်။
ထို့ကြောင့် ခံဝန်ပစ္စည်း တကယ်မရှိ မရှိက အကြောင်းမဟုတ်၊ သူကြီးမင်း လက်မှတ်ထိုးလျှင် ကိစ္စ အရပ်ရပ် ပြီးနိုင်သည်ဖြစ်ရာ၊ သူကြီးမင်း၏ လက်မှတ်သာလျှင် အဓိကဖြစ်သည်။ ယခုလို သူလုပ်နေသည့် ဆင်ကူးအင်းကို သူကြီးမင်းက သူ့ယောက္ခမ တစ်ဦးတည်း အေးအေးဆေးဆေး အဖိုးနည်းနည်းနှင့် ဆွဲဝယ်ရန်အတွက် သူ့အား လက်မှတ်ထိုးပေးလိမ့်မည်မဟုတ်၊ ဒါကြောင့်ပဲ သူသည် ဟစ်လို့သာ ငိုချင် နေ၏။
သြော်... သို့ပေမဲ့ နည်းလမ်းတော့ ရှိပါသေးသည်။ တခြားတိုက်နယ်မှ သူကြီး တစ်ဦးဦးကို ခင်အောင် ပေါင်း၍ လက်မှတ်ထိုးခိုင်းလိုက်လျှင်လည်း ကိစ္စပြီးနိုင်ပါသည်။ သူကြီးမင်း၏ အတိုက်အခံ အင်အားစု များလည်း သည်နည်းကိုပဲ အသုံးပြုကြပါသည်။ ဒါပေမဲ့ ရွာသူကြီးမင်းက တိုက်နယ်မှ သူကြီးက လက်မှတ်ထိုး ကြောင်းကို ဖော်ပြ ကန့်ကွက်နိုင်ပါသေးသည်။ ဒါကိုလည်း ကြိုတင် ကာကွယ်နိုင်ပါသည်။ သူ့ကို လက်မှတ်ထိုးပေးမည့် တိုက်နယ်မှ သူကြီးနှင့် နားလည်မှု ယု၍ ထိုသူကြီး၏ တိုက်နယ်မှ လူတစ်ယောက် ကို အင်းဂရန်တွင် တွဲထည့်ထားခြင်းအားဖြင့် သည်အရေးကို ကြိုတင်၍ ကာကွယ် နိုင်ပါ သည်။
ဒါပေမဲ့ ဒီလိုဖြစ်ဖို့ သိပ်မလွယ်လှပါ။ သူ့လို ဆင်းရဲနွမ်းပါးသော မျက်နှာငယ်တစ်ယောက် အတွက် သူ့ကို လက်မှတ်ထိုး ပေးမည့် သူကြီးသည် သူတို့ရွာမှ သူကြီး၏ အမုန်းကိုခံ၍ လက်မှတ်ထိုးပါမည်လော၊ ဒါကလည်း တွေးပူစရာပင် ဖြစ်ချေသည်။ ဒါကြောင့်ပဲ သူသည် ဟစ်လို့သာငိုချင်နေ၏။
(၂)
ကိုဘမြိုင်သည် ဖော့ဦးထုပ် အဟောင်းကို ဆွဲဆောင်း၍ ရွာလယ်သို့ ရောက်ခဲ့၏။ သူမဖြေရှင်းနိုင်သော ပြဿနာ ရပ်များအတွက် ဆွေးနွေးတိုင်ပင်ရန် သူ့လိုပင် ကြားနေအင်းသားကြီး ပေါက်စဖြစ်သော "ကျုံပက်" အင်းသားကြီး ကိုမောင်ဘအိမ်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
အဆင်သင့်ပင် ကိုမောင်ဘအား သူ့အိမ်၌ လက်ဖက်ရည်ကြမ်းအိုးတစ်အိုးနှင့် တွေ့ရ၏။ ကိုအေး ဆိုသူ ကိုလည်း ထိုလက်ဖက်ရည်ကြမ်းဝိုင်း၌ပင် တွေ့မြင်ရ၏။ သည်ကိုအေးဆိုသူများ နာမည်သာ ကိုအေး ဖြစ်သော်လည်း မဟုတ်မခံ မိုက်သတ္တိ ရှိသူဖြစ်ကာ၊ ရန်ကုန်သို့ပင် တက်၍ မိုက်ကြေးခွဲစားနရာမှ ရပ်ရွာသို့ ပြန်ရောက်သည်မှာ မကြာသေးပေ။ သူတို့နှင့် အလွန်ချစ်ခင်သော ငယ်ပေါင်း သူငယ်ချင်းလည်း ဖြစ်၏။
"လာဟေ့ ဘမြိုင်၊ ရေနွေးနည်းနည်းတော့ ကျန်သေးတယ်"
ကိုမောင်ဘက သူ့ကို မြင်လျှင်မြင်ချင်းပင် လှမ်း၍ ဖိတ်ခေါ်လိုက်၏။ ကိုအေးကတော့ သူ့ကို ခပ်ပြုံးပြုံးပဲ ကြည့်နေ၏။ သူသည် လက်ဖက်ရည်ကြမ်းဝိုင်း၌ ဖြည်းညင်းစွာ ၀င်လိုက်၏။
'လေလံကို ဘယ်တော့သွားကြမလဲ'
ခပ်ပြုံးပြုံးလုပ်နေသော ကိုအေးက သူတို့နှစ်ဦးကိုမကြည့်ဘဲ လမ်းမကို ငေးကာ မေးလိုက်ရာ၊ ကိုမောင်ဘ မဖြေခင် ကိုဘမြိုင်က ဦးအောင်ဖြေလိုက်သည်။
'လေလံကို သွားဖို့ထက် သူကြီးလက်မှတ်ရဖို့က အရေးကြီးနေတယ်ကွ။ အဲဒီအတွက် ငါလည်း စိတ်ညစ်ညစ်ရှိတာနဲ့ ဒီကိုထွက်လာခဲ့တာပဲ'
'အောင်မလေးကွာ၊ သူကြီးလက်မှတ်ပဲ ဆန်းတာလိုက်လို့၊ နေပါဦးကွ၊ မင်းတို့ရွာက သူကြီးက မင်းအတွက် လက်မှတ်ထိုးမပေးဘူး ဆိုလို့လား၊ ခါတိုင်းနှစ်ကတော့ မင်းအတွက် သူလက်မှတ်ထိုး တယ် မဟုတ်လား'
'ခါတိုင်းနှစ်ကတော့ ငါ့အင်းစုတ်လိုဟာမျိုးကို သူတို့ဆွဲဖို့မှ မကြံဘဲကိုးကွ၊ ဒီနှစ်တော့ သူ့ယောက္ခမကို ငါလုပ်နေတဲ့ ဆင်ကူးအင်းကလေးကို အဆွဲခိုင်းမလို့တဲ့ကွ၊ ဒီတော့ ခါတိုင်းနှစ်လို ငါ့ကို လက်မှတ်ထိုးပေးပါဦးတော့မလား'
'ဘာဖြစ်လို့ မထိုးပေးရမှာလဲကွ၊ သူ့ယောက္ခမပဲ ဆွဲဆွဲ၊ ဘယ်သူပဲဆွဲဆွဲ မင်းလို အင်းခွန်နဲ့ ပတ်သက်ပြး နာမည်မျက်မရှိတဲ့ လက်ရှင်အင်းသားကြီးဟောင်းကို ဘာကြောင့် လက်မှတ်မထိုးဘဲ နေရမှာလဲ၊ ဘာပစ္စည်းတစ်ခုမှ မည်မည်ရရမပြနိုင်အောင် ဆင်းရဲတဲ့ သူ့ယောက္ခမကို လက်မှတ်ထိုးနိုင်ရင် မင်းလိုလှေကလေး၊ နွားကလေးရှိတဲ့သူကို ဘာကြောင့် ထိုးမပေးနိုင်ရမှာလည်း'
'ဘာကြောင့် ထိုးမပေးနိုင်ရမှာလဲဆိုတော့ ငါ့ကို လက်မှတ်ထိုးပေးလိုက်လို့ သူ့ယောက္ခမနဲ့ ပြိုင်ဆွဲရင် သူ့ယောက္ခမ အင်းဖိုးကြီးသွားမှာ စိုးလို့ပေါ့ကွ၊ သူ့ယောက္ခမက လွဲရင် ဘယ်သူ့မှ လက်မှတ်ထိုးမပေးရင် အင်းလေလံမှာ သူ့ယောက္ခမတစ်ဦးတည်း ဆွဲရတော့ အင်းဖိုးနည်းနည်းနဲ့ ရမယ်မဟုတ်လား။ မင်းကလည်းကွာ၊ ဒါတွေ သိသားနဲ့'
ဤတွင်ကိုအေးသည် ပြင်ထန်စွာ တောက်တစ်ချက် ခေါက်လိုက်၍ အတန်ကြာအောင်ပင် စကားမပြောနိုင်ဘဲ အတန်ကြာအောင်ပင် စကားမပြောနိုင်ဘဲ တွေနေပြီး၊ နောက်မှ -
'သူကြီးက ခုထက်ထိ ဒီစောက်ကျင့်တွေကို မဖျောက်သေးဘဲကိုးကွ၊ ဘာမှမပူပါနဲ့ကွာ၊ မင်းအတွက် ငါပါ လုက်ပြောပေးပါ့မယ်၊ ဒါနဲ့မှ လက်မှတ်ထိုးမပေးရင် ကြီးချောင်းသူကြီးအပိုင်က လူတစ်ယောက်နဲ့ ဂရန်တွဲပြီး ကြီးချောင်းသူကြီးရဲ့ လက်မှတ်နဲ့ဆိုရင်လည်း ကိစ္စပြီးနိုင်ပါတယ် ကွာ၊ ငါနဲ့ကြီးချောင်း သူကြီး နဲ့က မနိုင်ရင်ကန်လူတွေပါ၊ မင်းစိတ်အေးအေးသာနေ၊ ငါတစ်နည်းနည်းနဲ့ ဖြစ်အောင် လုပ်ပေးပါ့မယ်'
ကိုဘမြိုင်ကား ခုမှပင် စိတ်အေးသွားရှာ၏။ ကိုအေးလို လူရည်လည်၍ နှံ့စပ်သော သူတစ်ယောက်က သူအခဲယဉ်းဆုံးဟု ယူဆထာသော သူကြီး လက်မှတ်အတွက် လုံးဝ တာဝန်ယူလိုက်သဖြင့် ပြောမပြ နိုင်အောင်ပင် အားရှိ သွား၏။ ငအေး၊ ငအေး၊ ဘုန်းကြီးလို့ အသက်ရှည်မည့် ငအေး၊ သူငယ်ချင်းရဲ့ အခက်အခဲ ကို တတ်နိုင်သလောက် ကူညီဖော်ရသော ငအေးတစ်ယောက် ရှေ့လျှောက်ပြီး ကြီးပွား ပါစေဗျာ။
အတန်ကြာအောင်ပင် အတွေးကိုယ်စီနှင့် ဆိတ်ငြိမ်နကြ၏။ ထိုအချိန်အထိ စကားတစ်ခွန်းမှ ၀င်မပြောဘဲ သူတို့ပြောနေသည်ကိုသာ ငေးမောနားထောင်နေသော ကိုမောင်ဘက ကိုဘမြိုင်၏ ပေါင်ကို ဖျတ်ခနဲ လှမ်းပုတ်လိုက်ကာ -
'ဟေ့ မင်းတစ်ယောက်တည်း စိတ်ညစ်နေတယ်လို့ မထင်လိုက်ပါနဲ့၊ ငါ့ကျုံပက်အင်းကလေးကိုလည်း သူကြီးမင်း ရဲ့ ရန်သူတော်အဖွဲ့က လုဆွဲမလို့တဲ့ကွ။ ဒါပေမဲ့ ငါက မင်းလို လက်မှတ်အတွက်တော့ မပူရ ဘူးပေါ့ကွာ၊ သူကြီးက သူ့ရန်သူနဲ့ ငါနဲ့ ပြိုင်ဆွဲရမျာမို့ ငါကိုတော့ အားပေးမှာပါပဲ။ ဒါပေမဲ့ ဒီကောင်တွေက ငွေအား တောင့်တော့ သူကြီးရဲ့ဆွေမျိုးတွေရဲ့ လက်ထဲက အင်းကြီးတွေကိုတောင် ရအောင် ဆွဲနိုင်ခဲ့ သေးတာ၊ ငါ့အင်းကလေးကိုတော့ သူတို့ ဘာဂရုစိုက်လိမ့်မလဲကွာ၊ ငါတော့ ဒီနှစ် အင်းလက်လွတ် ဖြစ်မှာ ပါပဲ'
'အေးကွာ၊ သူတို့နှစ်ဖွဲ့ကလည်း အင်းကြီးအင်းကောင်း မှန်သမျှ သူတု့ လက်ထဲမှာချည်း ရှိတာတောင် မကျေနပ်သေးဘဲ တို့လို ဆင်းရဲသားတွေ လုပ်စားတဲ့ အင်းငယ်ကလေး တွေကိုတောင် လိုက်ရှုပ် နေသေး တယ်၊ သူတို့ လောဘချည်းပဲ'
စကားအဆုံးတွင် နှစ်ယောက်သား ပြိုင်တူ 'ဟင်း'ဟူ၍ လေရှည်ကြီးဆွဲကာ သက်မကြီးများ ချလိုက်ကြ၏။ သူတို့ ၏ မသက်သာလှသော အမူအရာကို ကိုအေးက ခပ်ပြုံးပြုံးနှင့်ပင် ကြည့်နေပြီး၊ အတန်ကြာမှ -
'ကဲဟေ့၊ မဖြစ်ခင်က တွေးပူနေတာ အပိုပဲ၊ လေလံကို ဘယ်တော့သွားဆွဲကြမလဲ ဆိုတာသာ ပြော၊ ငါလည်း လိုက်မယ်'
'နက်ဖြန်သွားမယ်ကွ၊ သူကြီးသားချင်းတစ်စုနဲ့ သူကြီးရန်သူတော် တစ်စုတော့ ဒီနေ့ပဲ သွားကုန်ကြပြီ၊ တို့လည်း နက်ဖြန်ကို ဆက်ဆက်သွားမှ ဖြစ်မယ်၊ လေလံရက်က တစ်ခူးလပြည့်ကျော် ၇ ရက် ဆိုတော့ ကြား သုံးရက်ပဲ လိုတော့တာကွ။ လက်မှတ်အတွက် လိုက်ရမှာနဲ့၊ အင်းဆွဲဆိုက ရွှေပေါင်ရမှာနဲ့၊ တခြား ကိစ္စ၀ိစ္စ တွေ အတွက်ပါ အဆင်သင့်ဖြစ်အောင် နက်ဖြန်ကာ ကြိုပြီးသွားမှ အဆင်ပြေမယ်'
ကိုဘမြိုင်၏ အဆိုကို အားလုံးကပင် အတည်ပြုကာ သဘောတူညီကြသဖြင့် သုံးယောက်သား လူချင်း ခွဲခဲ့ ကြတော့၏။
အခန်း (၃) ဆက်ရန်
.
2 comments:
တပွဲတလမ်း တွေ့ကြပြီပေါ့ကွာ ငအေးတဲ့ကွ။
ဆက်ရန်ကို မျှော်လျက်....
သိပ္ပံမောင်ဝရေးတဲ့ အင်းလေလံဆွဲတဲ့အကြောင်း ဖတ်ဖူးတယ်။
ခေါင်းစဉ်တော့ မေ့တေ့တေ့ ဖြစ်နေပြီ။
ဒီအင်းလေလံက အစမို့လားတော့မသိဘူး ငါးဖမ်းတာတွေလောက် စိတ်ဝင်စားဖို့ သိပ်မကောင်းသေးဘူး။
အိပ်ရာကနိုးတာနဲ့ မရွှေစင်ဘလော့နဲ့ မျက်နှာလာသစ်တာ။ :)
Post a Comment