အခန်း (၃၃) ကက်ဆီ
တဖန်တုံနေအောက်မှာ ပြုသမျှသောညှဉ်းဆဲခြင်းတို့ကို ငါ ထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း ချမ်းသာပေးနိုင်သောသူမရှိ၊ ညှဉ်းဆဲ တတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ဒေ၊ ၄-၁။
ရက်များမကြာမီအတွင်းမှာပင် မိမိ၏ လောကသစ်နှင့်ပတ်သက်၍ နားလည်သဘောပေါက်လာခဲ့ ရလေ တော့သည်။ သူသည်မူအားဖြင့်ရော၊ ၀ါသနာအားဖြင့်ပါ အလုပ်ကို ဂရုတစိုက်သေသေသပ် သပ်လုပ်ကိုင် လိုသူဖြစ်သည်။ ကျွမ်းကျင်သည်။ ပေါ့ပါးသည်။ သစ္စာရှိသည်။ သူ့အခြေအနေကို သူ မကျေနပ်စေကာမူ နှုတ်ပိတ် ရေငုံ နေခဲ့သည်သာဖြစ်၏။ သူ့မျက်စိရှေ့တွင် မြင်ရသော စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာများအတွက် စိတ်ပင်ပန်း ရသည်ကား အမှန်ပင်။ သို့သော် ဘာသာတရား၏အဆုံး အမဖြင့် သည်းခံတရားကို သူ နှလုံး ပိုက်ထားသည်။ တနေ့တွင် အမှန်တရားသည် ဤဒုက္ခအပေါင်း မှလွတ်ငြိမ်းစေလိမ့်မည်ဟုလည်း သူ မျှော်လင့် ထားသည်။
လက်ဂရီးသည် တွမ်၏ လုပ်ရည်ကိုင်ရည်ကို သဘောကျလာသည်။ ထို့ကြောင့် သူ့လက်ရုံးတဆူ အားထား ရမည်ဟုပင် စိတ်မှာ မှတ်ထားခဲ့သည်။ သို့တိုင်အောင် သူ့စိတ်၌ တွမ်နှင့်ပတ်သက်၍ သဘော မကျချင် လှပေ။ အဆိုးတွေကြားမှာ အကောင်းကို တွေ့နေရခြင်းကိုပင် သူ တယ်ပြီး သဘောမကျချင်။ အထူးသဖြင့် ကျွန်တွေအပေါ် သူ ရက်ရက်စက်စက် ဂရုပြုနေတတ်ခြင်းမျိုးကို လည်းသူသဘောမကျ။ သခင့်အလုပ်မှာ ကျွန်တယောက် ၀င်၍ စွက်ဖက်လိုသည့်သဘောမျိုးဟု သူ့ စိတ်က ထင်သည်။ သူ့အညှဉ်းဆဲ အနှိပ်စက် ခံရသူတိုင်း အပေါ် တွမ်ဂရုတစိုက် ဖေးဖေးမမ ပြုပြုစုစု လုပ်တတ်ခြင်းမျိုးကိုလည်း လက်ဂရီးသည် နည်းနည်း ကလေးမျှ မနှစ်မြို့။
စင်စစ် လက်ဂရီးသည် တွမ့်ကို ၀ယ်ယူစဉ်ကပင် သူ့ကျွန်ယုံတယောက်အဖြစ် အာထားရမည့် လူ တစ်ယောက်အဖြစ် အားထားရမည့် လူတစ်ယောက်ဖြစ်တန်ကောင်းသည်ဟူသော မျှော်လင့်ချက်မျိုးဖြင့် ၀ယ်ယူ လာခဲ့ခြင်းဖြစ်သည်။ ယခုမူ တွမ်မှာ လူယုံတယောက်ဖြစ်နိုင်သည့် အခြား အရည်အခြင်းများ ရှိပါလျက် တွမ့်စိတ်နေသဘောထားကိုကား သူဘယ်လိုမျှ သဘောကျ၍ မရပေ။ ထို့ကြောင့် သူ့အဖို့ တွမ့်ကို လူယုံ တယောက် အနေထားနိုင်ရန် တွမ်၏ စိတ်သဘောထား ကောင်းကိုဦးစွာ ချိုးနှိမ်ပစ်ရမည်ဟု မှတ်ယူလာသည်။ မှတ်ယူလာသည့်အတိုင်းလည်း တွမ့်စိတ်ထားကို ချိုးနှိမ်မှဖြစ်တော့မည်ဟု သူ ဆုံးဖြတ် ထားလိုက်၏။
လုပ်ငန်းခွင်သို့ဝင်ရောက်ချိန် နံနက်ခင်းတွင်ဖြစ်သည်။ တွမ်သည် လုပ်ငန်းခွင်သို့ အသစ်ရောက်လာသော အမျိုးသမီး တယောက်နှင့်ပတ်သက်၍ တအံ့တသြဖြစ်နေရသည်။ အားလုံး ကြားတွင် ထူးခြားနေသော အမျိုးသမီး၏ သွင်ပြင်အနေအထားဟန်ပန်မူရာကအစ သူ စိတ်ဝင်စား ရလေသည်။
ထိုအမျိုးသမီးသည် မျက်နှာသွင်ပြင်ကို ကြည့်ရခြင်းအားဖြင့် အသက်အရွယ် သုံးဆယ့်ငါး၊ လေး ဆယ်ကြား တွင်ရှိမည်ဟု ခန့်မှန်းရလေသည်။ သူ့သွင်ပြင်မှာ သွယ်သည်။ အရပ်မြင့်သည်။ အမူအရာ သိမ်မွေ့နူးညံ့သည်။ ၀တ်စားဆင်ယင်ပုံ သန့်ပြန့်သည်။ သူ့မျက်နှာမျိုးသည် တကြိမ်တခါ မြင်ရရုံမျှနှင့် မေ့ပျောက်မ ရနိုင်ဖွယ်သော မျက်နှာမျိုးဖြစ်သည်။ မျက်နှာပြင်ကို ဖြတ်ကနဲသိနိုင်စရာရှိ၏။ နဖူးကျယ်ကျယ်၊ မျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါး စသည့် မျက်နှာသွင်ပြင်သည် နုစဉ်က အလှအပဖြင့် ထင်ရှား ပေါ်လွင်ခဲ့သော သဘောကို ဖော်ပြနေ၏။ သို့သော် ထိုမျက်နှာပြင်၌ပင် မာနနှင့် ခံပြင်းသော အသွင် သည်လည်း ထင်းထင်းပေါ် နေ၏။ အသားအရေမှာ ၀ါရော်ရော်ဖြစ်နေ၏။ ကျန်းမာရေး ချို့တဲ့ နေပုံရသည်။ သို့သော် သွက်လက် ဖြတ်လတ်သည်။ အထူးသဖြင့်ကား သူ့မျက်လုံးများတည်း။ မည်းနက်သော မျက်ဆံ၊ ပြူးကျယ်သောမျက်လုံး၊ သို့သော် စိတ်ပျက်နာကျည်းသော အသွင်ကို ဆောင် ထားသည့် အခြေအနေ။ သူ့မျက်နှာတပြင်လုံးသည် ခက်ထန်သောမာန်နှင့် ဆတ်ဆတ်ကြဲစိတ်ထားကို ဖော်ပြ နေ၏။
တွမ်သည် ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်သည်၊ ဘယ်ကရောက်လာသည်ကို မသိ။ ပထမဆုံးအကြိမ် ထိုအမျိုးသမီး ကို တွမ်တွေ့ရသည်မှာ ထိုနံနက်ခင်း အလုပ်ဆင်းချိန်မှာဖြစ်သည်။ တွမ်ကသာ ထိုအမျိုးသမီး ကို မသိသည်။ ဤနေရာတွင် ရှိနေပြီးဖြစ်သော ကျွန် အားလုံးပင် သူ့ကို သိကျွမ်းကြပြီး ဖြစ်ဟန်ရှိသည်။ သူ့ကို တွေ့ကြရသောအခါ အားလုံးပင် သူ့ဘေးမှာ ၀ိုင်းဝိုင်းလည် ကြလေသည်။
' အဆုံးကျ ဒီဘ၀ရောက်ရတာဘဲပေါ့။ ဒို့တော့ ၀မ်းတာတဟေ့' တယောက်က ပြောသည်။
' ဟဲ၊ ဟဲ။ ဘာပြောပြော ဒါက ကောင်းပါတယ်။ မဟုတ်ဖူးလား မိန်းခလေးရဲ့' တယောက်ကပြောသည်။
' ဒို့တော့ တူအလုပ်လုပ်တာ တွေ့ရတော့မယ်ဟေ့'
' ကြည့်တေး တာပေါ့၊ ဒင်းဒို့လို ခံနိုင်ရည်ရှိမလားဆိုတာ'
' ဒို့တော့ဟေ့၊ ဒင်းအရိုက်ခံရမှာ မြင်ရတော့မှာမို့ ၀မ်းတာတာဟေ့'
လှောင်ပြောင် ပြောဆိုသံများဖြစ်သည်။ အမျိုးသမီးသည် ထိုစကားတွေကို ဂရုမစိုက်။ သူ့မှာ ဘာကိုမျှ မကြားဟန် ရှိသည်။ မျက်နှာအမူအရာမှာ မကျေမချမ်းဖြစ်လာဟန်ရှိသည်။ ဤလို အမျိုးသမီးမျိုးသည် မည်သို့သော အမျိုးသမီးဖြစ်နိုင်သည်ကို အတွေ့အကြုံအားဖြင့် ခန့်မှန်းနိုင်ပြီး ဖြစ်သည်။ တချိန်က သူ့လို အမျိုးသမီး မျိုးသည် အထက်လွှာတွေကြားမှာ နေခဲ့ဖူးမည်အမှန်ပင်။ မည်သည့်အခြေအနေများ ဖြစ်ရပ် များက သူ့အား ဤအခြေအနေသို့ တွန်းပို့လိုက်သည်ဆိုခြင်းကိုမူ တွမ်မသိနိုင်။ အမျိုးသမီးသည် တလမ်းလုံး တွမ့် ဘေးက ကပ်လျက် လိုက်ပါလာသည့်တိုင်အောင် စကားတခွန်းမျှ မပြော။ တွမ့်အားလည်း တချက် ကလေး မျှ လှည့်မကြည့်။
အလုပ်ခွင်သို့ ရောက်လျှင် တွမ် အလုပ်၌အာရုံစိုက်ရလေသည်။ အမျိုးသမီးသည် သူနှင့် မလှမ်း မကမ်းတွင် ၀ါကောက် နေသည်။ တွမ်သည် မကြာမကြာဆိုသလို အမျိုးသမီး ၀ါကောက်နေသည်ကို လှမ်းကြည့်မိသည်။ အမျိုးသမီး သည် သူ့အလုပ်၌ သူ အတော် ကျင်လည်ပုံ ရသည်။
ထိုနေ့က အလုပ်ခွင်တွင် တွမ့်အနီး၌ ၀ါကောက်နေသူ တဦးကား တွမ်တို့နှင့်အတူပါလာသော လူစီ ဖြစ်သည်။ လူစီသည် အလုပ် လုပ်နေရသည့်တိုင်အောင် သူ့အဖြစ်ကို သူအတော်ကြီးခံစားနေရဟန် ရှိ၏။ အလုပ် လုပ်ရင်း ဖုရားကို တမ်းတနေသည်။ သူ့ခန္ဓာကိုယ်မှာလည်း ဒယီးဒယိုင် ဖြစ်နေ၏။ တွမ်သည် လူစီ့ အပါးသို့ တိတ်တဆိတ်ချဉ်းကပ်သွားပြီးနောက် သူ့အိတ်ထဲက သူကောက်ပြီးသား ၀ါဂွမ်းများကို လူစီ့ အိတ်ထဲ သို့ လှမ်းထည့်ပေးလိုက်သည်။
' အို၊ အို၊ ဒီလို မလုပ်နဲ့လေ။ ရှင် ဒုက္ခတွေ့သွားမှာပေါ့' လူစီက တအံ့တသြပြောသည်။
ထိုအခိုက်မှာပင် ဆမ်ဗို ရောက်လာသည်။ ဆမ်ဗိုသည် လူစီနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေပြီးသား ဖြစ်၏။ ထို့ကြောင့် သူ့ကြာပွတ်ကို ၀င့်လိုက်ပြီး
' ဟဲ့ ကောင်မ။ ဒါက ဘာလုပ်တာလဲ' ပြောပြောဆိုဆို လူစီ့ကို ကန်ကျောက်ပစ်လိုက်သည်။ တွမ့် မျက်နှာ ကိုလည်း ကြာပွတ်ဖြင့် ရိုက်ချလိုက်၏။
တွမ်သည် ဘာမျှ နှုတ်တုံ့မပြန်ပဲ အလုပ်ခွင်သို့ ပြန်လာသည်။ လူစီသည်မူ နေရာတွင် လဲကျမေ့မျော ကျန်ရစ် ၏။
' အောင်မာ ကောင်မက၊ ငါ နှာနပ် ပေးအုံးမှထင်တယ်'
ဆမ်ဗိုသည် ပြောပြောဆိုဆို သူ့အင်္ကျီလက်ဖျားက ပင်အပ်ကို ထုတ်ပြီး လူစီ့ခေါင်းကို ပင်းအပ်ဖြင့် ထိုးစိုက်ချလိုက်သည်။ လူစီသည် အော်ဟစ်ညည်းတွားရင်း နေရာမှ ထသည်။ ' ထစမ်း တလိတ်ဆန်မ။ တွား၊ အလုပ် လုပ်။ မလုပ်ဖူးလား။ ငါ ထပ်ချလိုက်ရလို့'
လူစီ သည် အလုပ်ခွင်သို့ ပြန်ဝင်ရလေတော့သည်။
' အေး၊ ဒါဘဲ။ ကောင်းကောင်းလုပ်။ မလုပ်ရင်တော့လား နင့်ကို ငါ ဒီည အတတ်ပဲ' ဆမ်ဗိုသည် အခဲ မကျေနိုင်သေး။
' ခုတောင် သေချင်သေးတယ်။ သေစမ်းပါတော်။ မြန်မြန် သေစမ်းပါ' လူစီ့ တုံ့ပြန်သံကို တွမ် ကြား လိုက်ရ၏။
ဆမ်ဗို သည် နေရာမှ ထွက်သွားလေသည်။
တွမ်သည် မခံမရပ်နိုင် ဖြစ်လာကာ လူစီ့ရှေ့သို့ ရောက်လာပြီး သူ့အိတ်ထဲမှ ၀ါဂွမ်းအားလုံးကို နှိုက်၍ လူစီ့ အိတ်ထဲသို့ ထည့်ပေးလိုက်သည်။
' အို၊ ရှင် မလုပ်နဲ့လေ။ သူတို့ ရှင့်ကို နှိပ်စက်လိမ့်မယ်'
' ကိစ္စမရှိဘူး။ သူတို့နှိပ်စက်တာကို ကျုပ်မင်းထက် ခံနိုင်တယ်'
ထို့နောက် တွမ်သည် သူ့နေရာသို့ သူ ပြန်သွားသည်။
ထိုအချိန်တွင် တွမ်နှင့် မလှမ်းမကမ်းသို့ ရောက်လာနေသည့် တွမ် စိတ်ဝင်စားနေသော အမျိုးသမီးသည် တွမ့် စကားသံကို ကြားလိုက်သဖြင့် တွမ့်ကို လှမ်းကြည့်လိုက်သည်။ ခဏကြာ စိုက်ကြည့်နေပြီးနောက် သူသည် တွမ်ရှိရာသို့ ရောက်လာသည်။ ထို့နောက် သူ့တောင်းထဲက ၀ါဂွမ်းများကို နှိုက်ပြီး တွမ့်အိတ်ထဲ သို့ ထည့်ပေးလိုက်သည်။
' ရှင် ဒီနေရာက အကြောင်းကို မသိဘူး။ သိရင်လည်း ရှင် ဒီလိုလုပ်မှာ မဟုတ်ဖူး။ ဒီမှာ တလလောက် နေမိရင် တော့လည်း သူများကိုကူညီဘို့ထက် ရှင့်ကိုယ်ရှင် မခံရအောင် ဂရုစိုက်ရဘို့က အရေးကြီး တယ် ဆိုတာ ရှင်သိလာမှာပါဘဲ'
' ဒီအလုပ်မျိုးကို ဖုရားကိုယ်တော်မြတ်ကတောင် တားမြစ်ထားတာဘဲ'
' ဒီနေရာမျိုးကို ဘယ်က ဖုရားမှ မလာပါဘူးရှင့် ' အမျိုးသမီးသည် ခါးခါးသည်းသည်း ပြောလိုက် ပြီးနောက် သူ့အလုပ်သူ ဆက်လုပ်နေ၏။ ခပ်မဲ့မဲ့လည်း ပြုံးလိုက်သေးသည်။
ထိုအဖြစ်အပျက် အလုံးစုံကို ခပ်လှမ်းလှမ်းက ဆမ်ဗိုသည် မြင်လိုက်ရ၏။ ထို့ကြောင့် ကြာပွတ်ကို ၀င့်လျက် အမျိုးသမီး ရှိရာသို့ ရောက်လာသည်။
' ဟေ့၊ ဟေ့။ ဒါကဘာလုပ်တာလဲ။ ခင်ဗျားနော် ကိုယ့်အလုပ်ကိုယ်လုပ်ပါလား။ ခု ခင်ဗျား ငါ့လက် အောက် ရောက်လာဘီဆိုတာ တတိထားနော်။ ဟင်း ခင်ဗျားအဆော်ခံထိချင်ဘီထင်တယ်'
အမျိုးသမီး သည် ဆမ်ဗို့ကို ဖြတ်ကနဲ မော့်ကြည့်သည်။ နှုတ်ခမ်းများသည် တဖြတ်ဖြတ် တုန်နေ၏။
' ခွေးကောင်၊ နင် ငါ့ကို ထိကြည့်ရဲရင် ထိစမ်းပါလား။ နင့်လိုအကောင်ကို ခွေးစာကျွေး အရှင်လတ်လတ် မီးရှို့ပြီး တတိ တတိနဲ့ သတ်ပစ်နိုင်တဲ့ အစွမ်းအစမျိုး ငါ့မှာ ရှိသေးတယ်ဆိုတာ နင် မသိဘူးလား'
' ခင်ဗျားဒီမယ် ဘာလို့လာလုပ်ရတာလဲ။ ဒီမယ် ဒီလိုဘဲ လုပ်ကြရတယ် မဟုတ်လား' ဆမ်ဗိုသည် နောက်ဖက် သို့ ခပ်ယို့ယို့ ဆုတ်သွားရင်းပြောသည်။
' သွားစမ်း၊ နင် ဝေးဝေးသွားနေစမ်း'
ဆမ်ဗို သည် ကွင်းစပ်သို့ လှမ်းကြည့်လိုက်သည်။ သူ့အတွက် အကူအညီရနိုးအောက်မေ့သည်။ ထို့နောက် နေရာ မှ ရုတ်ကနဲထွက်သွား၏။
အမျိုးသမီးသည် သူ့အလုပ်ဆီသို့ ပြန်လာသည်။ အလုပ်ကို ဆက်လုပ်သည်။ တွမ်သည် အမျိုးသမီး ၀ါကောက်နေပုံကိုကြည့်ရင်း အံ့သြလာသည်။ အမျိုးသမီး အလုပ်လုပ်နေပုံမှာ လျင်မြန်လှသည်။ တနေ့ မကျုးခင် ပင် သူ့တောင်းမှာ အပြည့်အလျှံ ဖြစ်နေပေပြီ။ မကြာ မကြာလည်း အမျိုးသမီးသည် သူ့တောင်း ထဲက ၀ါဂွမ်းကို တွမ့်အိတ်ထဲသို့ လှမ်းထည့်ပေးသည်။
အမှောင် ပျိုးလျှင်ပင် လုပ်ငန်းသိမ်းလေသည်။ ထိုအခါ အလုပ်သမားအားလုံးသည် တောင်းကိုယ်စီ အိတ်ကိုယ်စီဖြင့် ၀ါဂွမ်းများသိုလှောင်ရာသို့ လာခဲ့ကြသည်။ ထိုနေရာ၌ သူတို့တနေ့တာ ကောက်သိမ်း ခဲ့သော ၀ါဂွမ်းများကို ချိန်တွယ်ရမည်ဖြစ်သည်။
လက်ဂရီးသည် သူ့ကျွန်ထိန်း နှစ်ယောက်နှင့် စကားပြောနေ၏။
' တွမ်ဆိုတဲ့ အကောင်ကြီးကတော့ ကောင်းကောင်း ဒုက္ခပေးတော့မယ်တခင်။ လူစီ့ကို တူကောက်ပီးတား ၀ါဂွမ်းတေ တွားထည့်ပေးတယ်။ အဲဒါ တခင် ကြည့်ဆုံးမအုံး' ဆမ်ဗိုက ပြောသည်။
' အလို၊ ဒီအမဲကောင်ကလား။ ဒါဆိုရင် ဒီကောင်ကို ဆုံးမမှဘဲ'
' နောက်ပီး ဟိုကေင်မ လူစီ့ကိုလဲ တီးမှဘဲ' ဆမ်ဗိုက ဆက်ပြောသည်။
' ဒါတော့ ဂရုစိုက်ဟေ့ ဆမ်ဗို။ မင်းကလဲ လူစီ့ကိုကျ အခဲကို မကျေဘူး'
' ဒါတော့ တခင်လဲ တိတားဘဲ။ ကောင်မကလဲ ဟိုကောင်ကြီးအားကိုးပီး ကျုပ်ကို အာခံနေတာ'
' အေးလေ၊ ကောင်မကိုလဲ ငါရိုက်ပါ့မယ်။ ဒါပေမယ့် ကောင်မက ပိန်တယ် မဟုတ်လား။ ဒီတော့ သူ့ အလုပ် နဲ့ က သိပ်မကိုက်ဖူးကွ'
' ဟုတ်ပါဘီ၊ လူစီဆိုတဲ့ ကောင်မကလဲ အပျင်းမ။ အဲဒါ ဟိုကောင်ကြီးက ကောင်မကို ကူပီး ခူးပေးနေတာ'
' သူကလား။ အေးလေ၊ ဒါဆိုလဲ ဒို့ဒီလိုလုပ်မကွာ။ ကောင်မကို တွမ့်အရိုက်ခိုင်းမယ်။ ဒါမှ ဒီကောင်လဲ သူများရိုက်တာနှက်တာကျင့်သားရသွားမှာ'
ထိုစကားကို သဘောကျသွားသဖြင့် ဆမ်ဗိုနှင့် ကွင်ဗိုနှစ်ယောက်စလုံးသည် ဟားတိုက် ရယ်လိုက် ကြလေ သည်။
' နောက်ပီး မမကက်ဆီကလဲ တမျိုးဘဲ။ တွမ့်ကို ၀ါဂွမ်းကူကောက်ပေးတယ်။ တူတို့နှစ်ယောက်စလုံးဘဲ ဟိုကောင်မ ကို ကူတာ။ အဲဒါ တူဟို့ဝါဂွမ်းကို တခင်ချိန်ကြည့်ပါ'
' ချိန်ကြည့်ရမှာပေါ့ကွာ'
ကျွန်ထိန်းနှစ်ယောက်စလုံး အားရပါးရ ရယ်ကြပြန်သည်။
' ဒါထက် ကက်ဆီက အလုပ်ဝင်လုပ်နေသလား' လက်ဂရီးက ဆက်ပြောသည်။
' ဟုတ်တယ်တခင်။ တူအလုပ်လုပ်တာကတော့ တကယ့်အံ့စရာဘဲ'
*
နီးဂရိုးကျွန်များသည် သူတို့ ကောက်သိမ်းလာသော ၀ါဂွမ်းနှင့်အတူ ရောက်လာကြ၏။ ထို့နောက် ၀ါဂွမ်း များ ကို ချိန်တွယ်ကြသည်။
လက်ဂရီးသည် အမည်စာရင်းနှင့် ၀ါဂွမ်းရဲ့ စာရင်းကို ကျေက်သင်ပန်းပေါ်တွင် ရေးမှတ်နေ၏။
ဦးလေးတွမ်၏ ၀ါဂွမ်းတောင်းကို ချိန်ကြသည်။ ဦးလေးတွမ်သည် လူစီအား စိုးရိမ်မကင်း လှမ်းကြည့် မိသေး၏။ ဦးလေးတွမ်ပြီးလျှင် လူစီ့ အလှည့်ဖြစ်သည်။
လူစီသည် ဒယီးဒယိုင်ဖြင့် ရှေ့တိုးလာသည်။ သူ့တောင်းကို ထိုးပေးသည်။ ချိန်သည်။ အချိန်ပြည့်၏။ သို့သော် လက်ဂရီးသည်
' ဟေ့ ဘယ်လိုလဲ ငပျင်းမ။ နင့်ဟာ ရော့နေပြန်ပါပေါ့လား။ သွား၊ သွား။ ဘေးထွက် ရပ်နေစမ်း။ ပီးမှ နင့်ကို တီးအုံး မှ' ဒေါသဖြင့် ကြိမ်းသည်။
လူစီ သည် ညည်းတွားရင်းဘေးသို့ ထွက်ထိုင်နေ၏။
ကက်ဆီ အမည်ရှိ အမျိုးသမီးသည် ရှေ့သို့ တိုးလာသည်။ သူသည် ဘာကိုမျှ ဂရုမစိုက်သည့် ဟန်ပန်ဖြင့် တောင်းကို ထိုးပေးလိုက်သည်။ လက်ဂရီးသည် ကက်ဆီ့ မခိုးခန့် အကြည့်ကို မျက်လုံးချင်း ဆိုင်လိုက်သည်။ ကက်ဆီသည် မျက်လုံးကို စူးစိုက်ထား၏။ နှုတ်ခမ်းကို ရွံ့လိုက်ပြီး ပြင်သစ်လို စကားတခွန်းပြောလိုက်သည်။ ထိုစကားကို ဘေးလူများ နားမလည်လိုက်ပေ။ သို့သော် လက်ဂရီး မျက်နှာပြင်သည် ဒေါသဟူးဟူး ဖြစ်လာကာ ရိုက်မည့် ကဲကဲဟန်ဖြင့် လက်ကို မြှောက် လိုက်သည်။ ကက်ဆီသည် ဘာမှ ဂရုမပြုဟန်ဖြင့် နေရာ မှ ထွက်သွားလေသည်။
' ဟေ့ တွမ်။ မင်းဒီကိုလာအုံး။ ဒီမယ် ငါမင်းကို ပြောခဲ့တယ်မဟုတ်လား။ ငါမင်းကို ၀ယ်ခဲ့တာ ခုလို သာမန်အလုပ်တေ လုပ်ဖို့မဟုတ်ဖူးဆိုတာ။ မင်းကို ငါကျွန်ထိန်းအဖြစ် တိုးခန့်မယ် ပြောခဲ့တယ် မဟုတ်လား။ အေး။ ဒီညဘဲ မင်းအလုပ်စပေတော့။ အလုပ်စတဲ့ အနေနဲ့ ဟိုကောင်မကို ခေါ်ပီး ရိုက်စမ်း။ မင်းရိုက်တာ ကြည့်ရအောင်' လက်ဂရီးသည် တွမ်အားခေါ်ပြီး လူစီ့ကို အရိုက်ခိုင်းလေ သည်။
' ကျုပ်တောင်းပန်ပါတယ် သခင်။ ကျုပ် ဒါမျိုးလုပ်လေ့လုပ်ထလဲ မရှိပါဘူး။ မလုပ်ပါရစေနဲ့သခင်'
' မင်းမလုပ်ဖူးတာဖြင့်လဲ မင်းကို ငါကဘဲ ပြရတာပေါ့ကွာ' လက်ဂရီးသည် ပြောပြောဆိုဆို တွမ့်ကို ပိတ်ကန်သည်။ မျက်နှာကိုလည်း လက်သီးဖြင့်ထိုးသည်။ ထို့နောက် ထပ်၍ ထပ်၍ ထိုးချ လိုက်သည်။
' ကဲ၊ မင်း မလုပ်ဖူးလို့ ငါ့ကို ပြောအုံးမလား' လက်ဂရီးသည် အထိုးအကြိတ်ကို ခဏရပ်ပြီး မေးပြန် သည်။
' ကျုပ်ပြောပါရစေသခင်' တွမ်သည် မျက်နှာပြင်တွင် စီးကျလာသော သွေးများကို သုတ်ချရင်း ' ကျုပ် အသက်ရှင် နေသမျှ နေ့ရောညရော လုပ်စရာရှိတာ လုပ်ပါ့မယ်။ ဒါပေမယ့် ဒါမျိုးလုပ်ဖို့ကျ တော့ မှန်တယ် မထင်ပါဘူး သခင်။ ဒါ့ကြောင့် ကျုပ် မလုပ်ပါရစေနဲ့။ ဘယ်တော့မှ မလုပ်ပါရစေနဲ့' ဟု ဆက်ပြော၏။
တွမ်သည် လေးလေးစားစား သိမ်သိမ်မွေ့မွေ့ ပြောလိုက်ခြင်းဖြစ်၏။ သူ့စကားကြောင့် အားလုံးပင် အံ့သြသွားကြသည်။ လူစီသည် ယောင်ယောင်ရမ်းရမ်း ဖုရားတလိုက်မိသေး၏။ အားလုံးသည် သူတို့သခင် ဒေါသအိုး ပေါက်ကဲတော့မည်ကိုသိကြပြီး ဖြစ်သည့်အတိုင်း တယောက်မျက်နှာ တယောက် လှမ်းကြည့်နေမိကြသေးသည်။
' ဘာ၊ မင်းဘာပြောတယ်။ ဒါမမှန်ဘူး၊ ဟုတ်လား။ ငါ လုပ်တာကို မှားတယ်၊ မတရားဘူး ပြောတာပေါ့လေ။ မှန်တယ်မှားတယ်ကို မင်းလို နွားကောင်က ဘာဆိုင်လိုပ တွေးရတာလဲ။ကောင်းဘီလေ။ အကြောင်းပြ ရသေးတာပေါ့။ မင်းက မင်းကိုယ်မင်း ဘာများ ထင်နေသလဲ၊ ဟင်။ မင်းကိုယ်မင်း လူကြီးလူကောင်းကြီးပေါ့။ ဟုတ်လား သခင်တွမ်။ မင်းက သခင်ပေါ့လေ။ မင်းက မင်းသခင်လုပ်တာကို အမှားအမှန်ခွဲခြားသပေါ့လေ'
' မဟုတ်ပါဘူးသခင်။ ကျုပ် ဒီလိုဘဲ သဘောရလို့ ပြောတာပါ။ ဟိုမိန်းမဟာ နေလဲမကောင်းပါဘူး။ အားလဲ နဲနေပါတယ်။ ဒါဟာ ရက်စက်ရာကျပါတယ် သခင်။ ဒါကို ကျုပ်မလုပ်ပါရစေနဲ့။သခင် မကျေနပ်ရင် ကျုပ်ကို သတ်ပါ၊ သတ်ပါ။ ကျုပ်လက်နဲ့တောင်မရွယ်ဘူး။ ဒါမျိုးလုပ်ရမယ်ဆို ကျုပ်အသေခံမှာပဲ'
တွမ်သည် ငြင်ငြင်သာသာပြောနေ၏။ သို့သော် သူ မမှားဟုဆုံးဖြတ်ခံယူထားပြီးဖြစ်သည်။ လက်ဂရီးသည် ဒေါသဟုန်းဟုန်းထွက်နေပြီးဖြစ်သည်။ မျက်လုံးသည် အရောင်တောက်လာ၏။
' အေး၊ ကောင်းဘီ။ မင်းက ငါ့ကို အပြစ်ရှိတယ် ပြောတာဘဲ။ မင်းက လူ သူတော်ကောင်းကြီး၊ လူကြီး လူကောင်းကြီးပေါ့လေ။ ဟေ့ကောင်၊ မင်း သမ္မာကျမ်းစာထဲမှာ ရေးထားတဲ့ ' ကျေးကျွန်တို့၊ သင်တို့သည် သခင့်သြဇာ ကို နာခံကြလော့' ဆိုတဲ့ စာပိုဒ်ကို မကြားဘူးဘူးလား။ ငါဟာ မင့်သခင် မဟုတ်ဖူးလား။
မင်းလိုကောင်ကို ငါ ငွေထောင့်နှစ်ရာပေးဝယ်ခဲ့ရတယ်ဆိုတာ မင်း မသိဘူးလား။ ခု အချိန်မှာ ငါ မင်းရဲ့ ခန္ဓာကိုယ်ကိုရော၊ ၀ိညာဉ်ကိုရော ပိုင်တယ် မဟုတ်လား' ပြောပြောဆိုဆိုပင် လက်ဂရီး သည် တွမ့်ကို တချက် ကန် လိုက်သည်။ ' ပြောလေကွာ '
တွမ်သည် ကိုယ်ကို ဆန့်ရပ်လိုက်သည်။ မျက်နှာကိုကောင်းကင်သို့မော့ထား၏။ သွေးနှင့်မျက်ရည် များ သွယ်စီး ကျနေသည်။
' မဟုတ်ဖူး၊ မဟုတ်ဖူး၊ ကျုပ် ၀ိညာဉ်ကို သခင်မပိုင်ဘူး။ သခင်ကျုပ်ကို ၀ယ်နိုင်တာ မှန်တယ်။ ဒါပေမယ့် ကျုပ် ၀ိညာဉ်ကိုတော့ သခင် ၀ယ်လို့မရဘူး။ ကျုပ်ဝိညာဉ်ကို ဖုရားသခင်ထံမှာ ကျုပ်အပ် ထားပြီးဖြစ်တယ် သခင်။ ကိစ္စရှိပါဘူးသခင်။ သခင်ကျုပ်ကို ဒုက္ခမပေးနိုင်ပါဘူး'
' ငါဒုက္ခမပေးနိုင်ဘူး၊ ဟုတ်လား။ ကောင်းဘီလေ။ ကြည့်ကြသေးတာပေါ့။ ဟေ့ ဆမ်ဗိုနဲ့ ကွင်ဗို။ ဒီခွေးကောင်ကြီး ကို ဒီတလလုံး မထနိုင်အောင် ဆုံးမလိုက်စမ်းကွာ'
နီဂရိုးကြး နှစ်ကောင်သည် တွမ့်ကို ဒရွတ်တိုက် ဆွဲခေါ်သွားကြလေတော့သည်။ လူစီသည် အော် ဟစ် ကျန်ရစ်၏။
အခန်း (၃၄)
.
2 comments:
အတော်ရက်စက်တာပဲနော်..
ကြောက်စရာကောင်းတယ်
မြတ်နိုး
ကြောက်စရာကြီး..
လူဖြစ်ရဲ့နဲ့ တိရစ္ဆာန်ထက် အဖြစ်ဆိုး နှိပ်စက်ခံရတဲ့ ဘ၀ပဲနော်။
Post a Comment