(၅)
ယနေ့ကား မယ်စိန် ထဘီရင်ရှားကိုဖြုတ်၍ အင်္ကျီဝတ်ဆင်သော နေ့ပေတည်း။ မကသေး၊ ထူးထူး ခြားခြား သနပ်ခါး အဖွေးသားကလေးနှင့် ဖြစ်နေသော နေ့လည်းဖြစ်ပါသေးသည်။ သို့သော် ကျောက်ပြင်နှင့် သနပ်ခါးတုံး သူမ၏ အိမ်၌ရှိလို့ လိမ်းနိုင်ခြင်းတော့ မဟုတ်ပါ။ ကိုလေးဖိုးကွန့်ရဲ့ မိန်းမ မပြားကြီးအိမ်မှာ သွားလိမ်းရခြင်းဖြစ်ပါသည်။ ဟုတ်တယ်လေ၊ ဒီနေ့ဟာ ဦးဘမောင်ဆီမှာ စာရင်းသွားရှင်းရမယ့်နေ့ မဟုတ်လား။ ဦးဘမောင်လို သူကုံထံ ကုန်သည်ကြီးထံကို သွားရမှာ ဆိုတော့ သပ်သပ်ရပ်ရပ် ဖီးလိမ်း ၀တ်စား သွားမှာဖြစ်မှာပေါ့။
ကိုဒေါင်းစိန်သည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် တစ်မျိုးပင်ထည်ဝါနေသော သူ့ဇနီးသည်အား စူးစိုက်စွာ ကြည့်နေမိ၏။ အမြဲပင် ထဘီရင်ရှားနှင့် မြင်နေရ၍ ရိုးနေသော မယ်စိန် အား ခုလို ပိတ်အင်္ကျီ ကလေးဝတ်၍ သနပ်ခါးဘဲကျား ရိုက်ထားသည့် အပြောင်းအလဲနှင့် မြင်လိုက် ရသောအခါ သူ့စိတ်ကလေး မှာ ကြည်နူးလာ၏။ ရေပြန်ချုပ်မှ ငါးအတော်တက်လိုက်၍ အူမြူးနေရာ တွင် သည်လို ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနှင့် မယ်စိန်အား ကြည်နူးဖွယ်ရာ မြင်လိုက်ရပြန် သည့်ါခါ၌ကား သူ့စိတ်တွင်းမှ ပျော်သလိုလို ဘာလိုလို နှင့် မရိုးမရွ ဖြစ်လာ၏။ ထပဲ က လိုက်ချင် သလို၊ သီချင်းပဲ ဟစ်ဆိုလိုက်ရတော့မလိုလို။ သို့သော် မယ်စိန်ကား ပိတ်အင်္ကျီကို လုံးချင်းသာ ၀တ် ထားရ၍ အတွင်းမှ ချွေးခံအင်္ကျီပင် မပါရှာပါတကား။
' ဟဲ ဟဲ မယ်စိန်က ခုလို ဖြီးလိုက်လိမ်းလိုက်တော့ အတော်ထက်လာတယ်ဟေ့၊ ဟို ဇာတ်မင်းသမီး တောသူမ ခင်ကြည်လောက် နီးနီး ငယ်မူငယ်သွေးကလေး ပေါ်ထွက်လာတာပဲ။ ငါ့စိတ်ထဲမှာတော့ မရိုးမရွနဲ့ ဖိုးသာဝ တို့ခြံထဲက နွားသိုးကြီးလို လေးဖက်ထောက်ပြီးသာ တွန်လိုက်ချင်တော့တာပဲ၊ နေ့ ခင်း ကြောင်တောင် ကြီးမို့ လူသူလေးပါး မြင်သွားမှာစိုးလို့'
ကိုဒေါင်းစိန်က သူ့စိတ်အတွင်း၌ ရိုးတိုးရွတ ဖြစ်နေသည်များကို မျိုသိပ်မထားနိုင်ဘဲ ဖော်ထုတ်လိုက်၏။ ဒါကို မယ်စိန်က မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်ရင်း -
' ဟင်းနော်၊ သင်္ချိုင်းကုန်းကြီး၊ တော် နန့်ကြောဆွဲဖို့ ကျုပ် ဖြီးလိမ်းထားတာမဟုတ်ဘူး၊ ဦးဘမောင်ဆီ စာရင်း ရှင်း သွားရအောင်လို့ ဖြီးလိမ်းထားတာ ကိုင်း ... တော်လည်း အ၀တ်အစားလဲလေ'
' ဟဲ ဟဲ အ၀တ်အစား လဲလေတဲ့၊ လဲစရာ အ၀တ်အစားတွေက တစ်ပုံတစ်ခေါင်းကြီးကို '
' သြော် ... ရှိတဲ့ဟာပဲ ၀တ်လိုက်ပေါ့ '
' အိုကွာ ... ငါ မလိုက်ချင်ပါဘူး၊ မင်းပဲ သွားရှင်းပေါ့၊ မင်းရှင်းခဲ့လည်း ကိစ္စပြီးတာပဲဟာ'
ကိုဒေါင်းစိန်ကား အင်တင်တင် လုပ်နေ၏။ သူကား စိတ်အားပျော့သော ဂုဏ်ငယ်သော သူ တစ်ယောက်ပီပီ ငွေရှင် ကြေးရှင်များ၊ လူကုံထံများနှင့် မျက်နှာချင်းဆိုင်ရမည်ကို ကြောက်တတ်၏။ မလွဲမရှောင်သာလို့များ ရင်ဆိုင် ရ သည့်တိုင် သူ ရသင့် ရထိုက်သော အခွင့်အရေးများအတွက် ခုခံပြော ဆိုရဲသူ မဟုတ်ပေ။ ငွေရှင် ကြေးရှင်များ ရှင်းပေးလိုက်သလိုသာ ခေါင်းငုံ့ကျေနပ်ပြီး ပြန်လာတတ်သူ ဖြစ်သည်။ ထို့ကြောင့် ငွေရှင် ကြေးရှင် များနှင့် ဆက်သွယ်ရာတွင် ဆတ်ဆတ်ကြဲ မယ်စိန်ကချည်း တာဝန်ယူ ဆက်သွယ်ရသည်။
' အင်း ... နေရာတကာ ကျုပ်ကိုချည်းပဲ လွှတ်၊ တော်ကတော့ တစ်သက်လုံး အဲဒီလို လူတော မတိုးဝံ့ဘဲ နေသွား၊ ကျုပ်က မသွားချင်လို့ ကတ်တွက်နေတာ မဟုတ်ပါဘူး၊ အိမ်ဦးနတ်ဖြစ်တဲ့ ကိုယ့်လင်သားရယ်လို့ ဒီလို အလုပ်ကိစ္စတွေမှာ ရှေ့ကထားပြီး ဂုဏ်တင်ပေးချင်လို့ပါ။ ဟိုကျရင် တော် ဘာမှ မပြောချင်နေပါ၊ ကျုပ်တစ်ယောက် တည်း ပြောသွားပါ့မယ်၊ တော်ကဣနြေ္ဒရရနဲ့ ထိုင်နေရုံကလေးပါ'
မယ်စိန်ပြောတာလည်း ဟုတ်လှသည်။ ဟိုလူ့ဆီ ငွေထုတ်ပေးဖို့ သွားပြောလည်း မယ်စိန်၊ ဒီလူ့ဆီ စာရင်း သွားရှင်းလည်း မယ်စိန်၊ ငွေရှင်တွေက မတန်တဆ အခွင့်အရေးတွေကို ယူထားလို့ အော် ကျယ် ဟစ်ကျယ် ပြောလည်း မယ်စိန်။ သို့သော် သူမကား သူ့ချစ်လင်အား ငြူစူခြင်း မရှိခဲ့ဖူးပါ။ ကတ်တွက်ခြင်း မရှိခဲ့ဖူးပါ။ ဒီနေ့လို သူမတို့အဖို့ တကယ့်အလုပ်အကိုင်ကြီးဟု ခေါ်လောက်သည့် ရေပြန်ချုပ် ပြီးဆုံးလို့ စာရင်းရှင်းရမည့် အခါတွင် မှ သူမ၏ ချစ်လင်ကို ရှေ့ကထားပြီး ဂုဏ်တင်ပေး ချင်လွန်းလို့ မရအရ ခေါ်နေခြင်း သာဖြစ်ရှာ သည်။ ကိုဒေါင်းစိန်ကား ဆက်လက်ငြင်းဆန်ရန် မတတ် နိုင်တော့။
' အေးပါကွာ ... ဒီလိုဆိုရင်ုလည်း လိုက်ပါ့မယ်'
သူသည် ဒါပဲသာ ပြောပြီး သူ၏ မရိုးနိုင်သော တပတ်နွမ်း ကာကီရှပ်လက်တိုကို ယူဝတ်၍ မယ်စိန် နှင့်အတူ လိုက်ခဲ့၏။ လမ်းလျှောက်လာရင်း သူ အတွေးနယ်ချဲ့မိသဖြင့် မယ်စိန်အား စကားပင် မပြောမိ။ ငါးရစ်၏ ရှေ့တော်ပြေးဖြစ်သော ရေပြန်ချုပ်ကား ပြီးခဲ့လေပြီ။ ငါး အတော်လေး ရလိုက်ပါ၏။ ငါးခူနှင့် ငါးရံ့ခြောက်ကို ဦးဘမောင် သို့လည်းကောင်း၊ ငါးကျည်းများကို ငါးကျည်းကျပ် တိုက်သူများအားလည်းကောင်း အသီးသီး ချိန်ပေးလိုက် ရ၍ ဈေးကိုတော့ မဖြတ်ရသေး။ ဒါကြောင့် သူ့ရိုးမှ ရသည့် ငါးအချိန်ကိုသိပြီး ဖြစ်သော်လည်း ငွေ ဘယ်လောက် ရမည်ဟုကား မသိနိုင်သေး။ ဈေးဖြတ်ပြီး၍ စာရင်းများ ရှင်းပြီးသည့်အခါတွင်မှ ငွေ ဘယ်လောက် ရမည်ကို သူ သိရမည်။ သူကား အမြန်ဆုံး သိချင်လှပါပြီ။
' နေပါဦး၊ ဦးဘမောင်ကို တို့ ချိန်ပေးလိုက်တာ ငါးခူးက ဘယ်လောက်၊ ငါးရံ့ခြောက်က ဘယ်လောက်လဲ'
ကိုဒေါင်းစိန် က သူ့ဘေးနားမှ မယ်စိန်အား ရုတ်တရက် လှည့်၍ မေးလိုက်၏။ ကျောင်း၌ ဂဏန်းသင်္ချာ မသင်ဖူး ပါဘဲနှင့် မိန်းမတွက်(၀ါ) နှုတ်တွက်တွင် အလွန်လျင်မြန်၍ သတိကောင်းသော မယ်စိန်က နှုတ်ဆိုင်း နေခြင်း မရှိဘဲ ချက်ချင်းပင် ဖြေကြားလိုက်၏။
' ငါးခူက ခြောက်ဆယ့်လေးပိဿာ၊ ငါးရံ့ခြောက်က တစ်ဆယ့်လေးပိဿာ။ အခု ပေါက်ဈေးနဲ့ဆို ရင် ငါးခူက အချိန်တစ်ရာကို တစ်ရာ့နှစ်ဆယ်ဈေးဆိုတော့ အချိန်ငါးဆယ်ကို ငွေခြောက်ဆယ်၊ အချိန် တစ်ဆယ်က တစ်ဆယ့် နှစ်ကျပ်၊ ပေါင်း ခုနစ်ဆယ့်နှစ်ကျပ်။ ကျန်တဲ့ လေးပိဿာဖိုးက လေး ကျပ်ရယ်၊ သုံးမတ်ရယ်၊ ငါးကျပ် မတ်တင်း။ အားလုံးပေါင်း ခုနစ်ဆယ့် ခုနစ်ကျပ် မတ်တင်းရမယ်၊ ငါးခူ ခြောက်ဆယ့်လေး ပိဿာ ဖိုးငွေ ခုနစ်ဆယ့်ခုနစ်ကျပ် မတ်တင်းကို ခဏမှတ်ထားစမ်းပါ'
' အေး ငါးခူ ခြောက်ဆယ့်လေးပိဿာဖိုး ခုနစ်ဆယ့် ခုနစ်ကျပ် မတ်တင်း၊ ကဲ ... မှတ်ပြီးပြီ'
' ငါးရံ့ခြောက် ဆယ့်လေးပိဿာက အခုပေါက်ဈေး ခြောက်ရာဈေးဆိုတော့ တစ်ဆယ်က ခြောက် ဆယ်၊ လေးပိဿာက နှစ်ဆယ့် လေးကျပ်။ ပေါင်း ရှစ်ဆယ့်လေးကျပ်။ ခုန ငါးခူးဖိုးက ဘယ်လောက်လဲ'
ကိုဒေါင်းစိန် သည် မေ့သွား၍ ချက်ချင်း ပြန် မပြောနိုင်သေးဘဲ အတော်ကလေးကြာမှ သတိပြန် ရလာ ဟန်ဖြင့် ' ခုနစ်ဆယ့် ခုနစ်ကျပ် မတ်တင်း' ဟု ဖြေလိုက်၏။
' ရှစ်ဆယ့်လေးကျပ်ရယ်၊ ခုနစ်ဆယ်ရယ်ဆိုတော့ တစ်ရာငါးဆယ့်လေးကျပ်၊ ခုနစ်ကျပ်မတ်တင်း ပြန်ထည့်၊ အားလုံးပေါင်း တစ်ရာခြောက်ဆယ့်တစ်ကျပ် မတ်တင်း ရမယ်'
' ဒါကတော့ နင်က ခုပေါက်ဈေးနဲ့ တွက်နေတာကိုးဟ၊ ဦးဘမောင်က ငွေထုတ်ပေးထားရတဲ့သူမို့ ပေါက်ဈေး ဘယ်ပေး မလဲ၊ တကဲယုတ်ဈေးပဲ ချေမှာပေါ့'
(မှတ်ချက်။ ။ တကဲယုတ်ဈေး ဆိုသည်မှာ ဈေးနှုန်းတန်ဖိုး တစ်ရာလျှင် ငွေတစ်ဆယ် လျှော့၍ တွက်ခြင်း ဖြစ်သည်။ ဥပမာ ငါးရာဈေးရှိသော ကုန်ကို တစ်ရာ တစ်ဆယ်ကိန်းဖြင့်၊ ငါးရာကို ငါးဆယ်လျှော့၍ လေးရာ့ငါးဆယ် ဈေးသာ ရှင်းပေးခြင်းကို ဆိုလိုသည်။)
' သူ့ငွေ ယူထားတာက ငါးဆယ်ထဲကို၊ ငါးဆယ်အတွက်သာ တကဲယုတ်ဈေးနဲ့ အရှင်းခံနိုင်မှာပေါ့ တော်၊ အကုန်လုံး လိုက်ပြီး တကဲယုတ်ဈေးနဲ့ အရှင်းခံနိုင်ပါ့မလား။ နောက်ပြီး သူ့ငွေကိုယူတာ ရက် ကြာတာမှ မဟုတ်ဘဲ၊ ခြောက်ရက်လောက်ပဲ ကြာတာ၊ ဒါလောက်ဆို တော်ရောပေါ့'
' ဒါက တို့ဘက်ကသာ ကြည့်ပြီး ပြောတာကိုးဟ၊ သူ့ဘက်က ပြန်ကြည့်တော့လည်း ဒါလောက် အခွင့်အရေး လေးကို မြင်တာနဲ့ တို့လို ဘာပစ္စည်းတစ်ခုမှ အာမခံ မပေးနိုင်တဲ့ လူစားတွေကို ငွေငါး ဆယ် ရင့်မကြီး ထုတ်ပေး ပါ့မလား ဟ'
' တော်က ဒါလောက်ပဲ သိတာကိုး၊ သူက တကဲယုတ်ဈေးနဲ့ လျှော့ပေးရလို့ အခု လက်ငင်းလည်း မြတ်နေပြီ၊ နောက် ကုန်ပြန်ရောင်းတော့လည်း မြတ်ဦးမယ်၊ နှစ်ထပ်ကွမ်း မြတ်နေတာမို့ သူက ဘာ များ နာစရာ ရှိရမှာလဲ'
ပြောရင်း ဆိုရင်းနှင့်ပင် ဦးဘမောင် တည်းခိုသော အိမ်ရှေ့သို့ ရောက်လာခဲ့ကြသည်။ သူတို့သည် အိမ်တွင်း သို့ ၀င်လာရာ ဦးဘမောင်မှာ သူငွေပေးထားသော အင်းသားကြီးအချို့နှင့် စာရင်းရှင်းနေကြ ခိုက်ဖြစ်၍ သူတို့ နှစ်ဦးမှာ ဖိနပ်ချွတ်တွင် ကျုံ့ကျုံ့ယုံ့ ယုံ့ကလေးထိုင်စောင့်နေကြရသည်။
ကိုဒေါင်းစိန်သည် ဖိနပ်ချွတ်တွင် ထိုင်နေရာမှ အိမ်ရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ အိမ်ရှေ့၌ စီတန်းစိုက်ထူထားသော ရာဝင်အိုး အလုံးနှစ်ဆယ်ခန့်ကို တွေ့မြင်နေရသည်။ အိုးထဲ၌ ငါးခူ ငါး ပိကောင်၊ ငါးပတ် ငါးပိကောင်၊ ခေါင်းဖြတ် ငါးပိကောင်များကို သူ့အိုးနှင့်သူ ခွဲခြားထည့်သိုထားသည်။ အိုးများ ဘေး၌ ငှက်ပျောရွက် စိမ်းများနှင့် ငါးပိထည့်သော ပုတ်များကို မြင်ရခြင်းအားဖြင့်လည်း မကြာမီအတွင်း မြို့သို့ တင်ပို့ရန် စီစဉ်ထားကြောင်း သိနိုင်သည်။ နောက် သူသည် အိမ်တွင်းသို့ လှည့်၍ စူးစမ်းပြန်၏။ ငါးရံ့ခြောက်လိပ် များ၊ ငါးကျည်း ကျပ်တိုက်ခြောက်များ၊ ဘူးခြောက်အိတ်များကို အများအပြားတွေ့ရ၏။ ဒါတွေက ဦးဘမောင် အခြေအနေကို ဖော်ပြနေသည်။ တစ်နွေလုံး ဈေးနှုန်း သက်သာစွာဖြင့် ၀ယ်လှောင် ထားသော ကုန်များအား ယခု ရာသီရောက်၍ ဈေးအတက်တွင် ရန်ကုန်မှ သူ့ပွဲရုံသို့ တင်ပို့ကာ ဈေးကောင်း ကောင်း နှင့် ရောင်းပေတော့မည်။
' သြော် ... ဒေါင်းစိန်နဲ့ မယ်စိန်ပါလား၊ စာရင်း လာရှင်းကြတယ် ထင်ပါရဲ့'
အင်းသားကြီးများ စာရင်းရှင်း၍ ပြီးပြတ်သွားဟန်ဖြင့် ထ ပြန်သွားမှ ဦးဘမောင်က သူတို့အား စိတ် ၀င်စားကာ သူတို့နှစ်ဦး၏ လာခြင်းအကြောင်းရင်းကို စူးစမ်းလိုက်၏။ နှစ်ဦးသား ' ဟုတ်ကဲ့' ဟု သံပြိုင် အဖြေပေး လိုက်သည်နှင့် တစ်ပြိုင်နက် ဦးဘမောင်သည် သူ၏ စာရင်းစာအုပ်ကြီးကို လှန် လှော၍ ကိုဒေါင်းစိန် တို့ စာရင်းကို ရှာဖွေနေ၏။ နောက် တွေ့သွားသည့်ပုံဖြင့် စာမျက်နှာ တစ်နေရာ ဆီသို့ စူးစိုက် ကြည့်ကာ နှုတ်မှလည်း ထုတ်ဖော်ဖတ်ကြားနေ၏။
' ငါးခူက ခြောက်ဆယ့် လေးပိဿာ၊ ငါးရံ့ခြောက်က တစ်ဆယ့်လေးပိဿာ၊ နှစ်ရပ်ပေါင်း သင့်ငွေ က တစ်ရာ့ လေးဆယ့်တစ်ကျပ်။ မင်းတို့ ယူငွေက ငါးဆယ်ဆိုတော့ ငါးဆယ်နုတ်၊ ကျန်ငွေ ကိုး ဆယ့်တစ်ကျပ်။ မင်း တို့ကို ငါက ကိုးဆယ့်တစ်ကျပ် ထပ်ပေးရင်ပြီးရော ... '
မယ်စိန်နှင့် ကိုဒေါင်းစိန်ကား ငြိမ်သက်စွာပင် စဉ်းစားနေ၏။ ဦးဘမောင်သည် ဘယ်ဈေးနှုန်းထား၍ ရှင်းလင်းပေးသည်ဟု ဖော်မပြဘဲ သင့်ငွေကိုသာ ဖော်ပြ၍ လုံးထွေး ပြောလိုက်၏။ ပေါက်ဈေးဖြင့် သူတို့ တွက်ကြည့် စဉ်က သင့်ငွေမှာ တစ်ရာ့ခြောက်ဆယ့် တစ်ကျပ်ဖြစ်၍၊ ယခု ဦးဘမောင်က သင့်ငွေမှာ တစ်ရာ လေးဆယ့် တစ်ကျပ်ဖြစ်သည်ဟု ဆို၏။ ငွေနှစ်ဆယ်တောင် ကွာနေသည်။ သူ့ ငွေငါးဆယ်ကို ခြောက်ရက်လောက် ယူသုံးမိတာနဲ့ ငွေနှစ်ဆယ်အတိုးယူထားသော သဘောဖြစ် သည်။ ငါးကျပ်တစ်ဆယ် လောက်ဆိုရင်တော့ သူတို့ ဘာမှ မပြောလိုပါ။ သူ ငွေထုတ်ပေးလို့သာ သူတို့ ဒီလို အလုပ်လုပ်နိုင်တာ မဟုတ်လား။ ဒါပေမဲ့ နှစ်ဆယ်တောင် ကွာနေတော့ ငြိမ်ခံမနေနိုင်။
' နေပါဦး၊ ငါးပိက ဘယ်ဈေး၊ ငါးရံ့ခြောက်က ဘယ်ဈေးထားပြီး ရှင်းပေးလို့လဲ'
မယ်စိန်က အမေးတွင် ဦးဘမောင်သည် စာရင်းစာအုပ်ကို ပြန်ကြည့်ပြီး -
' ငါးပိက တစ်ရာဈေး၊ ငါးရံ့ခြောက်က ငါးရာ့ငါးဆယ်ဈေးလေ' ဟု ဖြေလိုက်၏။
' ငါးရံ့ခြောက်က ပေါက်ဈေး ခြောက်ရာဈေးဆိုတော့ တကဲယုတ်နဲ့ ဆိုရင် ငါးရာ့ငါးဆယ်ဈေးထားပြီး ရှင်းတာ ကတော့ ထားပါတော့၊ ငါးပိက ပေါက်ဈေး တစ်ရာ့နှစ်ဆယ်ဈေး ရှိတာမို့ တစ်ရာဈေးဆိုတော့ မနည်းလွန်း ဘူးလား၊ နောက်ပြီး ယူငွေက ငါးဆယ်ထဲမို့ ငါးဆယ် အတွက်သာ တကဲယုတ်ထားရှင်းရမယ် မဟုတ်လား၊ အခုလို ကုန်ဖိုးငွေအကုန်လုံး တကဲယုတ် ထားရှင်းလို့ ကျွန်မတို့ သိပ်နစ်နာမှာပေါ့'
' အေး နင်တို့က နစ်နာတယ်ဆိုရင် ငါ ဘယ့်နှယ်မှ မတတ်နိုင်ဘူး၊ နင်တို့လို ခြောက်ပြား တစ်ပဲ သမား တွေတင် မဟုတ်ဘူး၊ အင်းသားကြီးတွေလည်း ဒီလိုပဲ ရှင်းပေးလိုက်တာပဲ။ နင်တို့ ငွေယူစဉ် ကတော့ မျက်နှာ ကလေး ငယ်ငယ်နဲ့ ငါးရရင် ကြိုက်သလို ထားရှင်းပါ၊ ဘာညာနဲ့ပြောပြီး၊ နောက် ငါးလည်းရရော စကားများလာရော၊ ကိုယ်အလုပ် လုပ်နိုင်အောင် ငွေထုတ်ပေးထားရတဲ့ ကျေးဇူးကို ဘယ်တော့မှ မထောက်မျှော် တော့ဘူး'
ဦးဘမောင်ကား ခပ်ပြတ်ပြတ်ပင် ပြောနေလေပြီ။ သူ့ကိုပင် ပြန်၍ ကျေးဇူးတင်ရဦးတော့မလိုလို ပြောဆိုနေ၏။ ထပ်ပြော၍လည်း အကျိုးထူးတော့မည် မဟုတ်သည်ကို ကိုဒေါင်းစိန် ရိပ်မိ၏။ မထူးတော့ သည့် အတူတူတော့ အုမန်းအဖတ်တင်မခံဘဲ အေးအေးပင် ထ ပြန်သွားက နောင်အခါ ငွေလိုလျှင် အပြောရ လွယ်မည် မဟုတ်ပါလော။ သူသည် မယ်စိန်အား အကဲခတ်သလို ကြည့်လိုက် ၏။ မယ်စိန်ကတော့ ကျေနပ်ပုံ မရ။ သူမက အတိုက်အခံပြောရန် အားယူနေဟန်ရှိ၏။ သူမ၏ စကား ထွက်မလာခင် သူက ရှေ့မှ အုပ်အုပ် ဆိုင်းဆိုင်း ပြောပြီး အမြန် ထ ပြန်မှ ဖြစ်မည်။
' ဟုတ်ကဲ့၊ ဦး ငွေထုတ်ပေးလို့သာ ကျွန်တော်တို့ ဒီလို အလွယ်တကူ အလုပ် လုပ်နိုင်တာမို့ ကျေးဇူး တင်ပါတယ်၊ နောက်ကိုလည်း ငွေလေး ဘာလေး လိုရင်လည်း မစပါ ခင်ဗျာ၊ ယခု ရှင်းပေးလိုက်တဲ့ အတိုင်းပဲ ကျန်ငွေ ကိုးဆယ့်တစ်ကျပ်သာ ပေးပါခင်ဗျာ'
သူ သည်လို ပြောလိုက်သည့်အတွက် မယ်စိန် သူ့အား မျက်စောင်းထိုးလိုက်သည်ကို သူ သိလိုက် သော် လည်း မသိဟန် ဆောင်နေ၏။ ဦးဘမောင် ထုတ်ပေးသော ငွေကို မယ်စိန့်လက်သို့ အမြန် အပ်ကာ -
' ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်' ဟု ဦးဘမောင်အား ကတိုက်ကရိုက် နှုတ်ဆက်၍ ခပ်သုတ်သုတ် ထွက်ခဲ့သဖြင့် မယ်စိန်မှာ အောင့်သက်သက်နှင့် ထလိုက်ခဲ့ရ၏။
' နေပါဦး၊ တော်က တော့်ယောက်ဖမို့ ဒါလောက်တောင် အလျှော့ပေးနေရတာလား၊ သူ့ကို ဂုဏ်ပေး ချင်လို့ ခေါ်လာ မိတာ ငါးပါးမှောက်တဲ့ ဇာတ်ခင်းမိသလို ဖြစ်တာပဲ'
မယ်စိန်က ခပ်သွက်သွက် လျှောက်နေသော ကိုဒေါင်းစိန်အား အမီလိုက်လာကာ မကျေနိုင် မချမ်း နိုင်သော လေသံ ဖြင့် ပြောလိုက်၏။ ဒါကို ကိုဒေါင်းစိန်က သူ့ဝါဒအတိုင်း လေအေးကလေးဖြင့် ဖျောင်းဖျ ပြောဆို လိုက်၏။
' မဟုတ်ဘူး မယ်စိန်ရဲ့၊ အော်ကျယ်ကျယ် ပြောတိုင်းလည်း ကောင်းတာ မဟုတ်ဘူး၊ ရှေ့ရေးကို ကြည့်ရ သေးတယ်၊ အခု တို့ပြန်ပြီး ပြောနေလည်း အကြောင်းထူးမှာ မဟုတ်ဘူး၊ အကြောင်းမထူးမဲ့ အတူတော့ အမုန်း ခံပြီး ပြောနေလို့ ပိုနေမှာပေါ့၊ နောက်လုပ်ငန်းတစ်ခု လုပ်စရာရှိလို့ ငွေလိုတဲ့ခါ အပြောရ ခက်မနေ ဘူးလား၊ ဒါကြောင့် ငါက ဒီလို အုပ်အုပ်ဆိုင်းဆိုင်း လုပ်ပြီး ထ ပြန်လာတာပါ'
မယ်စိန် ကား အမှားကို ၀န်ခံနေသလို ဘာမှ ပြန်မပြောတော့ဘဲ ငြိမ်သက်နေ၏။ ဟုတ်သည်၊ ဦးဘမောင်လို အမြတ် နှင့် အမြတ်ကိုသာ အဓိကထားတဲ့ ကုန်သည်ပွဲစားကြီးတစ်ဦးအား ဈေးတိုးပေးဖို့ ပြောနေလို့ အကြောင်းထူး နိုင်ပါမည်လား။ သည်လို ရသင့်ရထိုက်တဲ့ ဈေးကို မပေးလို့ ကော သူတို့က ဘာတတ်နိုင် မှာတဲ့လဲ၊ ဘာမှ မတတ်နိုင်တဲ့ အတူတူတော့ အကြောင်းမထူးတဲ့ စကားကို ပြောမနေဘဲ သည်လို ငြိမ်သက်စွာ ပြန်လာခြင်းက ပို၍ကောင်းသည်မဟုတ်လား။ ဒါ ကြောင့် မယ်စိန်ကလည်း ငြိမ်နေ လိုက်ခြင်း ဖြစ်ပါသည်။
အိမ်သို့ ရောက်သောအခါ ကိုဒေါင်းစိန်သည် ငါးရစ်တဲကို သွားရန် ပြင်ဆင်ရင်း ' မယ်စိန်ရေ၊ ငါ ငါးရစ်တဲကို ဆင်းလိုက်ဦးမယ်ဟေ့၊ နောက်ဆိုရင် မိုးရွာတော့မှာမို့ နင်တို့မိသားတစ်စုလည်း ကိုလူ မောင်အိမ်ကို ခဏ ပြောင်း နေဦးနော်၊ ငါးရစ်ပြီးမှပဲ အိမ်ကို အသစ်ထပ်ဆောက်နိုင်မယ်'
ပြောအပြီးတွင် သူသည် ရွာနှင့် မိုင်ဝက်ခန့်ဝေးသော ငါးရစ်တဲရှိရာသို့ ထွက်ခဲ့တော့၏။ ဟုတ်သည်၊ ငါးရစ်၏ ရှေ့တော်ပြေး ရေပြန်ချုပ် ပြီးပြီဖြစ်လို့ ငါးရစ်ကို ဆက်လုပ်ရန် ပြင်ဆင်ရဦးမှာပါတကား။
(၆)
နေ့တို့သည် တစ်နေ့ပြီးတစ်နေ့၊ တစ်နေ့ပြီး တစ်နေ့ဖြင့် တရွေ့ရွေ့ ကုန်လွန်လာခဲ့ရာ ကဆုန် လဆန်းမှသည် ကဆုန်လပြည့်ကျော်ခဲ့ပြီး၊ ကဆုတ်လဆုတ်၏ နောက်ဆုံးရက်ဖြစ်သော ကဆုန်လ ကွယ်သို့ပင် ရောက်ခဲ့လေပြီ။
ကဆုန်လကွယ်၏ ညဥ့်ဦးမို့ အမှောင်သည် မင်းမူနေပါသည်။ တစ်ခဲနက် အုံ့မှိုင်းနေသော မိုးသားများက မင်းမူနေသော အမှောင်အား ပို၍ အားကောင်းစွာ မင်းမူနိုင်ရန် အားပေးအားမြှောက် ပြုနေပါသည်။ တစ်ချက်တစ်ချက်တွင် လျှပ်က ၀င်းခနဲ ၀င်းခနဲ ပြက်လိုက်၍ မိုးကြိုးက ဂျရိန်းခနဲ ဂျရောင်းခနဲ ပစ်လိုက် သည်။
ဖားများကား ' အုံ အမ်' ဟူသော မိုးဘွဲ့ ကဗျာကို သီကျူးကာ မိုးဦးကို ကြိုဆိုနေကြသည်။ ပုရစ် ကလေးများနှင့် ပိုးမွှား တိရစ္ဆာန်ကလေးများသည်လည်း အားကျမခံ ညဥ့်ဘွဲ့ ကဗျာများကို သံပြိုင် သီဆိုနေကြသည်။ မိုးချုန်းသံကြောင့် လန့်၍ ပျံသန်းလာဟန်ရှိသော တစ်တီတူးငှက် တစ်ကောင် က 'တစ်တီတူး တစ်တီတူး' ဟု အော်မြည်ကာ ညဥ့်ဘွဲ့ကဗျာကို ကာရန်ဖြည့်ပေးနေသည်။
တစ်ချက် တစ်ချက်တွင် စိတ်ချောက်ချားဖွယ်ရာ မြွေတွန်သံကလည်း စူးစူးဝါးဝါး ထွက်ပေါ်လာ တတ်သေးသည်။ ချောင်းမထဲ၌ မိုးသံကြား၍ အူမြူးနေဟန်ရှိသော ငါးများ၏ ထ ပွက်သံကိုလည်း အတိုင်းသား ကြားနိုင်သည်။
သည်လို မိုးဦးညဥ့်ကဗျာနှင့် ဂီတကို စိတ်ချောက်ချားဖွယ်ရာ ကြားနိုင်သော်လည်း မိုးဦးညဥ့်၏ ပန်းချီ ကားချပ် ကိုမူကား အမည်းရောင် စုတ်ချက်ဖြင့် တစ်ရောင်တည်း မှုန်းခြယ်ထားသောကြောင့် အမည်းနှင့် အမှောင် မှ တစ်ပါးအခြားဘာကိုမျှ မမြင်ရ။
လျှပ်တစ်ချက် ပြက်လိုက်လေသည်။ မိုးဦးညဥ့်၏ ပန်းချီကားချပ်ပေါ်တွင် တစ်ရောင်တည်း မင်းမူ နေသော အမည်းရောင် ကို သည်နည်းဖြင့် လျှပ်ရောင်က ချေဖိက်လိုက်ကာ မိုးဦးညဥ့်၏ ပန်းချီကား ချပ်ကို အခိုက်အတန့် မျှ သရုပ်ဖော်ကြည့်လိုက်သည်။ လျှပ်ရောင်အောက်တွင် ပေါ်ထွက်လာသော မိုးဦးညဥ့်၏ ပန်းချီ ကားချပ်ထဲမှာတော့ ခနော်ခနဲ့နှင့် ချည့်နဲ့စွာ ဆောက်လုပ်ထားသော ငါးရစ်တဲ ကလေးတစ်လုံး၊ ပြီးတော့ တဲအတွင်း၌ ကိုဒေါင်းစိန်နှင့် လူငှားတစ်ဦး၊ ဒါပဲ။
နောက် လျှပ်ရောင်က ကွယ်ပျောက်သွားရာ အမည်းနှင့် အမှောင်က ပြန်၍ မင်းမူလိုက်ပြန်သည်။ ကိုဒေါင်းစိန် နှင့် လူငှားတို့သည် မှောင်ထဲ၌ ငုတ်တုတ်ထိုင်နေရသည်။ တစ်ယောက်နှင့် တစ်ယောက် စကား မပြောဘဲ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေကြ၏။ ခြင်ကတော့ ပေါလွန်းလှလို့ လက်နှင့် သပ်ချရသည်။ ကိုဒေါင်းစိန် သည် မိုးရိပ်မိုးခြည်ကို အကဲခတ်နေ၏။ ယနေ့ညတော့ မိုးသည် မုချ ရွာပေလိမ့်မည်။ သူက မိုးကို စိတ်အား ထက်သန်စွာ စောင့်မျှော်နေသူဖြစ်၍ မိုးရွာမည် ကိုဝမ်းသာနေ၏။
အိမ်ခေါင် မမိုးရသေးသည့် အတွက်လည်း ပူစရာမလိုပါ။ မယ်စိန်နှင့် ကလေးများအား ကိုလူမောင် အိမ်သို့ ခေတ္တ ပြောင်းရွှေ့ပြန်စေခဲ့ပြီဖြစ်၍၊ မိုးရွာလျှင်လည်း သူ့မှာ နောက်ဆံတင်းစရာအကြောင်း မရှိတော့ပါ။ ရေပြန်ချုပ်မှ ငွေလေးရာခန့် ရလိုက်သည်ဖြစ်ရာ စရိတ်စက နုတ်ပြီး အသားတင် သုံးရာနီးပါးခန့် ရလိုက်သည်ဖြစ်၍၊ အိမ်ကို မိုးရုံမျှမက အသစ်ပြန်ဆောက်မည်ဆိုလျှင်လည်း ဆောက်နိုင်ပါပြီ။ သို့သော် ရေပြန်ချုပ် အပြီး မိုးလိုက်လာပြီဖြစ်၍ ငါးရစ် ဆက်လုပ်ရဦးမည်ဖြစ် သောကြောင့် နောင် ငါးရစ်ပြီးမှ အေးအေး ဆေးဆေး အသစ်ပြန်ဆောက်မည်ဟု ကြံရွယ်ကာ၊ မယ် စိန်တို့ မိသားတစ်စုအား လူမရှိသော ကိုလူမောင် အိမ်သို့ ခေတ္တ ပြောင်းရွှေ့ခိုင်းထားရခြင်း ဖြစ်သည်။
လေက ခပ်ကြမ်းကြမ်း တိုက်လာသည်။ လျှပ်တို့ကလည်း ပိုပြက်၍ တ၀ူးဝူး အော်မြည်က မြည်ကာ မြင်မြင် သမျှ အရာဝတ္ထုများအား ဝှေ့ယမ်းတိုက်ခတ်နေသည်။ ကိုဒေါင်းစိန်၏ ငါးရစ်တဲကလေး သည်ပင် ဒေါသဖြင့် ဟိန်းဟောက်နေသော လေမင်းအား ကြောက်ရွံ့သလို သိမ့်ခနဲ တုန်နေ၏။ အမှန်ကတော့ တဲကလေး မခိုင့်တခိုင်မှာ လေတိုးလို့ ယိုင်နေရှာခြင်းသာဖြစ်သည်။ ကိုဒေါင်းစိန်က တော့ ပြုံးနေ၏။ ဟုတ်သည်၊ လေသည် တောင်လေဖြစ်၍ သူလာလျှင် မိုးလည်း ပါလာရမည် မဟုတ်လား။
မမှားပါ။ မကြာမီအတွင်း တဖြန်းဖြန်းနှင့် ပတ်ကြမ်းတိုက် ရွာချလိုက်သော မိုးသံသည် ပတ်ဝန်းကျင် ကို လွှမ်းမိုး သွားတော့သည်။ လေသံမိုးသံနှင့် ဆူညံနေစဉ်မှာပင် သူသည် ခမောက်ကို ဆွဲဆောင်း၍ လူငှား ကိုခေါ်ကာ ငါးရစ်တဲပေါ်မှ ခုန်ဆင်းလိုက်ပြီး ငါးရစ်တည်ဘက် လျှောက်လာ၏။ ဟုတ်ပေ သည်၊ မိုးအရွာတွင် မိုးရေ နှင့်မြူးပြီး တက်လာမည်ဖြစ်သော ငါးများအား သူ့ငါးရစ်ဆည်တွင်းသို့ ၀င်ခွင့်ပြုရန် လမ်းပေးရဦးမည်။ ဤ၌ ငါးရစ်ဆည်၏ သဏ္ဍာန်ကို သရုပ်ဆောင်ရပေဦးမည်။
ရေပြန်ချုပ်အပြီးတွင် တမံကို ချိုးပစ်လိုက်၍ ရိုး၏ အ၀မှ ယင်းများဖြင့် ပိတ်ဆို့ထား၏။ ဒါကို ဆည် တားသည်ဟုခေါ်၏။ အောက်ဘက်မှလည်း ဆည်တစ်ခု တားထားရသေး၏။ အထက်ဆည်ကို 'ချုပ်ဆည်'ဟု ခေါ်၍ အောက်ဆည်ကိုမူ 'ခံဆည်'ဟုခေါ်၏။ ဤဆည်နှစ်တန်၏ အတွင်းရိုးကို 'ကတစ်'ဟု ခေါ်၏။ အထက်ဆည် (၀ါ)ချုပ်ဆည်တွင် ချောင်းမမှ တက်လာမည့် ငါးများကို 'ကတစ်' အတွင်းသို့ သွင်းရန် 'ရှော' ဟုခေါ်သော ငါးဝင်ပေါက်ကို အရှင်တပ်ဆင်ထားသည်။ ငါးသင်းခါနီး တွင် ထို 'ရှော'ကို နင်းမြုပ်လိုက်၍ ၀ါးလုံးနှင့် ထောက်ထားလျှင် 'ရှော'သည် မြုပ်နေလိမ့်မည်။ ချောင်းမကြီးမှ ငါးများသည် မြုပ်နေသော ထို 'ရှော'ပေါ်မှ ကျော်ဖြတ်၍ 'ကတစ်' အတွင်းသို့ ၀င် လိမ့်မည်။ အချိန်စေ့၍ ငါးအ၀င် တန့်သွားသောအခါ ထောက်ထားသော ၀ါးလုံးကို ဖြုတ်လိုက်လျှင်'ရှော' သည် ပြန်ပေါ်လာလိမ့်မည်။ ထိုအခါ 'ကတစ်' ထဲသို့ ၀င်ရောက်ပြီးသော ငါးများသည် ချောင်းမထဲသု့ ပြန်မထွက်နိုင်ဘဲ ဆည်နှစ်တန်အကြား 'ကတစ်' ထဲ၌ ချောင်ပိတ် မိနေ တော့၏။
ဆည်နှစ်တန်အကြား 'ကတစ်' ထဲကိုတော့ ငါးတွေ ရောက်လာပြီ။ သည်ငါးတွေကို ဘယ်လို ဖမ်းယူ မလဲ။ သည်ငါးတွေကို ဖမ်းယူရန် အောက်ဆည်(၀ါ) 'ခံဆည်'တွင် ထွက်ပေါက်ပေးထား၍ ဤထွက် ပေါက်နှင့် တပည့်တည့် အပြင်ဘက်မှ 'ရင်ကွဲ' များကို တပ်ဆင်ထား၏။ ' ရင်ကွဲ' ဆိုသည်မှာ မြုံးနှင့် တစ်သဘောတည်းဖြစ်သည်။ သို့သော် မြုံးက ငါးလတ်များနှင့် ငါးကြီးများကို ထောင်ဖမ်းရန်ဖြစ်၍ 'ရင်ကွဲ'က ငါးသံချိတ်၊ ငါးဘဲ၊ ငါးမြွေထိုး စသော ကောင်သေးငါးများကို ထောင်ဖမ်းရန် ဖြစ်သည်။ 'ကတစ်' အတွင်း၌ ထွက်ပေါက် ရှာမရဘဲ ၀ဲလည်နေသော ငါးများသည် 'ခံဆည်' ၌ ထွက်ပေါက် တွေ့၍ ထွက်လာပါက ထွက်ပေါက်၏ အ၀ ၌် တပ်ဆင်ထားသော 'ရင်ကွဲ' အတွင်းသို့ ရောက်သွား ပေလိမ့်မည်။ ထို 'ရင်ကွဲ'ကို ဖော်၍ ငါးများကို ယူရသည်။ ဒါကိုပင် ငါးရစ်လုပ်သည်ဟု ဆိုသည်။
ကိုဒေါင်းစိန်သည် ချောင်းမမှ ငါးများကို သွင်းရန် ချုပ်ဆည်မှ ရှောကို နင်းမြှုပ်၍ ၀ါးလုံးနှင့် ထောက် ထားလိုက်၏။ ချက်ချင်းပင် မိုးရွာ၍ မြူးနေသော ရှောပေါ်မှ ကတစ်တွင်းသို့ ခုန်ကာ ပျံကာနှင့် အငမ်းမရ ၀င်နေကြ၏။ သို့သော် ငါးကြီးများ မဟုတ်ဘဲ ငါးသံချိတ်၊ ငါးဘဲနှင့် ငါးမြွေထိုးများသာ ဖြစ်သည်။
ကိုဒေါင်းစိန်က အားမလို အားမရ ဖြစ်မိ၏။ ဒီနေရာမှာတော့ သူ့ကျုံပက်သည် ကိုလူမောင်၏ ရေသပြုချောင်းနှင့် ကွာခြားပေသည်။ ရေသပြုချောင်းကား ငါးပတ်ကြီးများ၊ ဥတွေနှင့် ဖောင်းနေသော ငါးဒိန်းလုံး များ၊ ကုန်သည်များက 'ချော'ဟု ခေါ်သော ငါးခုံးမ အကြီးစားများ စသည့် ငါးကြီးနှင့် ငါးလတ်တွေ အများ အပြား ရတတ်သည်။ လုပ်နည်းမှာလည်း သူ့ကျုံပက်နှင့်ကွာ သည်။
' ဟေ့ ၊ မင်း ဒီမှာ ငါးစောင့်သွင်းနေပေတော့၊ ငါ ကိုလူမောင်ရဲ့ ရေသပြု ချောင်းကို သွားလိုက်ဦးမယ်'
သူသည် လူငှားအား အမိန့်ချလိုက်ပြီးနောက် တဲပေါ်မှ ငါးဆောင်းသော ဆောင်းကိုယူ၍ လှော် တက်ကိုပါဆွဲပြီး လှေရှိရာ ကမ်းဆိပ်သို့ ဆင်းခဲ့၏။ မှောင်လွန်းလှ၍ မကြာခဏ ခလုတ်တိုက်မိသဖြင့် စမ်း၍ စမ်း၍ ဆင်းရ၏။ လှေပေါ်တွင် ဆောင်းကိုတင်၍ သူ့ကျုံပက်နှင့် နှစ်ဖာ လုံမျှ ဝေးသော ကိုလူမောင်၏ ရေသပြုချောင်း သို့ ရှေးရှုလှော်ယက်ခဲ့၏။
မိုးကား အားကောင်းစွာနှင့် ရွာလျက်ပင် ရှိလေသည်။ လေကတော့ ငြိမ်သွားပေပြီ။ သည်လောက် မိုးအားကောင်းပုံနှင့်ဆိုလျှင် ရေသပြုချောင်းရိုးထဲသို့ ငါးအရမ်းတက်ပေလိမ့်မည်။ ငါးပတ်ကြီးများသို့ တက်၍ အရွေ လိုက်နေစဉ် သူက ဆောင်းနှင့်အုပ်ဖမ်းမည်။ သည်လို ပျော်ချင်လှလို့ သူ့ကျုံပက်ကို လူငှားနှင့် ပစ်ထား ခဲ့ကာ ကိုလူမောင်၏ ရေသပြုချောင်းသို့ သူ လာခဲ့ခြင်းဖြစ်သည်။
ရေသပြုချောင်းသို့ သူ ရောက်သောအခါ ငါးရစ်တဲပေါ်၌ ကုတ်ချောင်းချောင်းကလေး ထိုင်နေသော ကိုလူမောင် အား လျှပ်အပြက်တွင် တွေ့မြင်လိုက်ရ၏။ သူ့ဘေးနား၌လည်း ငါးဆောင်းသမားများ သည်ဝိုင်းဖွဲ့ စောင့်ဆိုင်းနေသည်ကိုတွေ့ရသည်။ မည်သူမျှ စကားမပြောကြ။ ဟုတ်သည်၊ ရိုးထဲသို့ ငါးဝင် နေစဉ် စကားမပြောရ။ မီး မထွန်းရ။ ဆေးလိပ်ပင် မသောက်ရ။ ကိုက်နေသော ခြင်များကိုပင် ခပ်ကျယ်ကျယ် မပုတ်ရ။ ချောင်းမမှ ရိုးထဲသို့ မိုးရေဖြင့် အရမ်းတက်နေသော ငါးများ လန့်သွား၍ အတက် ရပ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ကိုဒေါင်းစိန်သည် ကိုလူမောင်၏ ဘေးနား၌ ၀င်ထိုင်ကာ ရိုးထဲသို့ ငါးဝင်နေပုံကိုသာ အာရုံစူးစိုက် နေ၏။ ကိုလူမောင် ၏ ရေသပြုချောင်းကား သူ့ကျုံပက်လို ယင်းများဖြင့် ဆည်တားထားခြင်းမပြုရ။ ရိုးတစ်လျှောက် လုံး အပိတ်အဆို့မရှိ၊ ဒလဟာကြီး ဖွင့်ထားရသော ချောင်းမမှ ငါးများအား ရိုးထဲသို့ အဆီးအတားမရှိ ၀င်ခွင့်ပြုရသည်။ တစ်ခါတစ်ရံ သန်းခေါင်လောက်၊ တစ်ခါတစ်ရံ အရုဏ် တက်လောက်တွင် ငါးအတက် တန့်သွား မှ ရိုးဝမှနေ၍ ယင်းများဖြင့် ပိတ်ဆို့ကာ ဆည်တားလိုက်ရ၏။ ထိုဆည်တွင် ထွက်ပေါက်ပေးထား၍ ထိုထွက်ပေါက် မှ မြုံးများကို တပ်ဆင် ထား၏။ နောက် ဆောင်းသမားများက ရိုးတစ်လျှောက် ဆောင်းများဖြင့် လိုက်ဆောင်း၍ မွှေနှောက် ခြောက်ထုတ်လိုက်သောအခါ ငါးများမှာ လန့်ဖျပ်ပြီး ချောင်းမသို့ ပြန်အထွက် တွင် မြုံးထဲ၌ မိနေတော့၏။ ငါးပတ်များမှာမူ ချောင်းမသို့ ပြန်အထွက် ဆည်နှင့်တိုက်ပြီး ထ အခုန်တွင် ဆည်၏ အပြင်ဘက်၌ ဂုန်နီနှင့် အသင့်လုပ်ထားသော ခုန်စင်ပေါ်သို့ကျကာ ဆက်လက် မခုန်နိုင်ဘဲ အမိခံရသည့်ဘ၀ ရောက်ရတော့၏။ ဒါက သူ့ကျုံပက်နှင့် ခြားနားသော ကိုလူမောင်၏ ရေသပြု ချောင်း ငါးရစ် လုပ်ပုံသရုပ်တည်း။
ခုနစ်စင်ကြယ်ပြောင် အမြီးထောင်က သန်းခေါင်ချိန်သို့ ရောက်သည်ဟု သူတို့ အမှတ်အသား ထား ရှိသော်လည်း၊ မိုးသားများ တစ်ခဲနက် ပိတ်ဆိုင်းနေသော ကောင်းကင်ပြင်တွင် ကြယ်တစ်ပွင့်ကိုမျှ မမြင်နိုင်၍ အချိန်ကို မခန့်မှန်းနိုင်ပေမဲ့ အဝေးမှ ကြက်တွန်သံသဲ့သဲ့က သန်းခေါင်ကြက်ဖြစ်ကြောင်း သူတို့ သိနိုင်ပါ သေးသည်။ သို့သော် မိုးကား ရွာဆဲ။ ငါးများလည်း အတက်မရပ်သေး။
ကိုဒေါင်းစိန်၊ ကိုလူမောင်နှင့် ဆောင်းသမားများကား ချမ်းလွန်း၍ ခိုက်ခိုက်တုန်နေ၏။ အံ့သြဖို့ ကောင်းတာက ဆောင်းသမားများဖြစ်သည်။ ရိုးထဲ၌ရသည်။ ခါတိုင်းနှစ်တွေကတော့ လောကဇာတ် ခုံတွင် ကိုဒေါင်းစိန် လည်း ဆောင်းသမား ဘ၀ဖြင့်သာ ပါဝင် ကပြခဲ့ရသည်။ ဒီနှစ်မှာမှ ဖားခိုဆွဲခဲ့ သည့်အတွက် ငွေကလေး အတော်အသင့် စုမိသောကြောင့် လည်းကောင်း၊ သူတို့ ကိုလေးဖိုးကွန့် ချောင်းမကြီးကို ခြုံ၍ ၀ယ်ယူ သော နှစ်ဖြစ်သောကြောင့်လည်းကောင်း၊ ကုန်သည်ကြီး ဦးဘမောင် နှင့် ဆက်သွယ်မိ သောကြောင့် လည်းကောင်း ဆောင်းသမားဘ၀မှ တစ်ဆင့် ငါးရစ်လုပ်နိုင်သူဖြစ် လာရသည်။
တဖြည်းဖြည်းနှင့် နောက်တစ်ကြိမ် ကြက်တွန်သံကို ကြားရပြန်ပြီ။ သြ ကြက်ဦးတွန်။ မိုးသည် တဖြည်းဖြည်း နှင့် စဲစပြု၍ ငါးများလည်း အတက်တန့်သွားချေပြီ။ တက်ပြီးသားငါးများ ချောင်းမသို့ ပြန်မဆင်းခင် ရိုးဝမှ နေ၍ ယင်းများဖြင့် ပိတ်ဆို့လိုက်ရန် အချိန်တော်ပြီ။ ကိုလူမောင်သည် လှုပ်ရှားစ ပြု၏။ ထိုနည်းတူ ကိုဒေါင်းစိန် နှင့် ဆောင်းသမားများလည်း လူးလွန့်စပြုလာကြ၏။
ကိုဒေါင်းစိန်နှင့် ဆောင်းသမားများ၏ အကူအညီဖြင့် ရိုးဝ၌ ယင်းများနှင့် ပိတ်ဆို့ပြီး၊ မြုံးများလည်း တပ်ဆင်ပြီးချေပြီ။ ခုန်စင်လည်းခံပြီးပြီ။ ခုဆိုလျှင် ရိုးထဲသို့ ဆန်တက်သွားသော ငါးများကို ချောင်းမသို့ တစ်ဖန် ပြန်၍ ခြောက်ထုတ်ရမည်။ 'ကိုင်း...ဆောင်းသမားများ ဆောင်းကြတော့ဟေ့' ကိုလူမောင်က ကြွေးကြော် လိုက်၏။ ချက်ချင်းပင် တိတ်ဆိတ်လျက်ရှိသော ပတ်ဝန်းကျင်သည် စကားပြောသံ၊ ရေထဲ၌ ပြေးလွှား လှုပ်ရှားသံများဖြင့် ဆူညံသွားတော့၏။
ကိုဒေါင်းစိန်ကား ရှေ့ဆုံးမှနေ၍ ဆောင်းဖြင့် တ၀ုန်းဝန်း လိုက်ဆောင်းနေသည်။ ရေစပ်စပ် တစ်နေ ရာတွင် ဖြူဖွေးဖွေး သဏ္ဍာန်များကို မှုန်ဝါးဝါးမြင်လိုက်ရသဖြင့် သူသည် ၀မ်းသာအားရ ဆောင်းနှင့် အုပ်ချလိုက်၏။ အရုဏ်ဦး ဖြစ်သော်လည်း မိုးအုံ့မှိုင်းနေသောကြောင့် ပတ်ဝန်းကျင်တွင် မှောင် မည်းမည်းဖြစ်နေသည်မှာ မှန်ပါ၏။ သို့သော် ပြင်းထန်အားကောင်းသောဇောဖြင့် စူးစိုက်လျက်ရှိ သောသူတို့၏ အာရုံဝယ် ပြေးလွှား လှုပ်ရှားလျက်ရှိသော ငါးများ၏သဏ္ဍာန်သည် အကောင်အထည်အားဖြင့် ရုပ်လုံးပေါ် မပေါ်သော်လည်း အရိပ်အယောင်အားဖြင့်မူကား ထင်မြင် လာနိုင်ရသည်။ ဒါကြောင့် ပတ်ဝန်းကျင်သည် မှောင်မည်းမည်း ဖြစ်နေပေမဲ့ နိုးကြားလျက်ရှိသော သူတို့၏ အာရုံဝယ် ပြေးလွှားလှုပ်ရှားလျက်ရှိသော ငါးများ၏ သဏ္ဍာန် သည် အကောင်အထည်အား ဖြင့် ရုပ်လုံးပေါ် မပေါ်သော်လည်း အရိပ်အယောင် အားဖြင့်မူကား ထင်မြင် လာနိုင်ရသည်။ ဒါကြောင့် ပတ်ဝန်းကျင်သည် မှောင်မည်းမည်းဖြစ်နေပေမဲ့ နိုးကြားလျက်ရှိသော သူတို့၏ အာရုံဝယ် ပြေးလွှားလှုပ်ရှားလျက်ရှိသော ငါးများ၏ သဏ္ဍာန်ကို ထင်မြင်နိုင်ပါသည်။ မှန်သည်၊ သူတို့၏ နား ကား ပါးလှသည်။ သူတို့၏ မျက်စိကား လျင်လှသည်။
ကိုဒေါင်းစိန်သည် သူ အုပ်ချထားသော ဆောင်းထဲသို့ လက်ထိုးမွှေလိုက်၏။ သူ့တွက်ကိန်း မလွဲပါ။ ဆောင်းထဲ ၌ ပက်လက်လန်လျက်ရှိသော ငါးပတ်မကြီးတစ်ကောင်အား ဘေးမှ ငါးပတ်ဖိုကလေး သုံးကောင် က ပါးစပ်ဖြင့် အတင်းကိုက်ကာ နသားပါးယားနေစဉ် အုပ်မိထားပါပြီ။ သူသည် ငါးပတ်မကြီး၏ ဇက်ကို ကိုင်ဖမ်း၍ သီတံနှင့် ထိုးသီလိုက်၏။ ငါးပတ်မကြီးကား ငါးပတ်ဖိုကလေးများ၏ နန့်ကြောဆွဲမှု ဒဏ်ကြောင့် ပန်းလျလျ ဖြစ်နေဟန်ဖြင့် လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ငြိမ်နေ၏။ နောက်မှ ငါးပတ်ဖိုကလေး သုံးကောင် ကို တစ်ကောင်ပြီး တစ်ကောင် ဖမ်း၍ သီတံနှင့် ထိုးသီလိုက်၏။
ကိုဒေါင်းစိန်နှင့် အလားတူ အခြားဆောင်းသမားများလည်း ရိုးတစ်လျှောက်တွင် တ၀ုန်းဝန်းဖြင့် လိုက်ဆောင်း နေကြသည်။ ရေသပြု ချောင်းရိုးသည် ကိုလူမောင် ၀ယ်ယူထားသော ချောင်းရိုး ဖြစ် သော်လည်း ဆောင်းသမားများသည် ကိုယ်ဆောင်း၍ရသော ငါးများကို ကိုယ် ယူနိုင်သည်။ သူတို့ သည်လို ဆောင်းပေး မှလည်း ငါးများသည် လန့်ဖျပ်၍ ချောင်းမသို့ ပြန်ထွက်မည်။ သည်လို ပြန်ထွက် မှလည်း ဆည် အပြင်ဘက် တွင် အဆင်သင့် တပ်ထားသော မြုံးထဲသို့ ၀င်နေမည်။ ဒါကြောင့် ကိုလူမောင်သည် သူတို့ကို လွတ်လပ်စွာ ဆောင်းခွင့်ပေးထားရသည်။
(၇)
မိုးသည် စဲသွားပြီဖြစ်၍ အရုဏ်ပြာမှ ရောင်ခြည်ဦးကလေးသည်လည်း လွန့်လူးထွက်ပြူလိုက်ကာ မိုးသောက်ရောင်ခြည် သို့ ကူးပြေင်းစ ပြုနေပါပြီ။ တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် တွန် ကျူး နေသော ကြက်တွန်သံများမှာလည်း ဟိုမှ သည်မှ ထွက်ပေါ်လာကြပါသည်။ မကြာမီ မိုးစင်စင် လင်း ပေတော့မည်။
ကိုလူမောင်၏ ငါးရစ်တဲကလေး၌ကား လူသံသူသံဖြင့် ဆူညံနေ၏။ မြို့ဈေးသို့ ငါးများကို တင်ပို့ ရောင်းချ မည့် ငါးစိမ်းသည်များ ရောက်လာကြပြီဖြစ်၍၊ သူတို့အချင်းချင်း တစ်ယောက်တစ်ပေါက် ပြောဆို ဆူညံ နေကြခြင်းဖြစ်သည်။ ကိုလူမောင်သည် မြုံးများကို ဖော်၍ မိသောငါးများကို ငါးစိမ်သည်များအား ချိန်ပေးရ သည်။
သူသည် ကိုဒေါင်းစိန်ကို အကူအညီခေါ်ကာ မြုံးများကို ဖော်၏။ မြုံးထဲ၌ ကား ဥများဖြင့် ဖောင်းနေ သော ငါးဒိန်လုံး၊ ငါးဖယ်အောင်၊ ငါးခုံးမများသည် တဖျတ်ဖျတ် ခုန်နေကြ၏။ သူတို့သည် မြုံး၏ ထိပ်ဝကို ဖွင့်ပြီးလျှင် မြုံးထဲမှ ငါးများကို လှေထဲသို့ လောင်းနေ၏။ လှေထဲမှ တစ်ဖန် ခြင်းတောင်းများဖြင့် ငါးရစ်တဲရှေ့ မြေကွက်လပ် တွင် ခင်းထားသော ယင်းတစ်ချပ်ပေါ်သို့ သယ်တင်၏။ ခုန်စင်ပေါ်ကလည်း ငါးပတ် တော်တော် များများ ရလိုက်သေးသည်။ ကိုလူမောင်ကား တပြုံးပြုံးနှင့်။ ဟုတ်သည်၊ ငါးရစ်အပြီးတွင် မုဆိုးမ မဖွားသက် ကို သူ တင့်တင့်တယ်တယ် ယူနိုင် တော့မည်။
' ဟေ့ ဒေါင်းစိန် ရဲ့၊ ဖွားသက်ကို ယူနိုင်ဖို့တော့ သေချာပြီကွ'
သူ၏ ဘ၀တူ မိတ်ဆွေတစ်ဦးထံမှ ၀မ်းမြောက်မှုကို ကိုဒေါင်းစိန်လည်း ခွဲေ၀၀မ်းသာကာ အလိုလို ပျော်နေ၏။ သူသည် သွက်လက်စွာဖြင့် ငါးစိမ်းသည်များအား ချိန်ပေးရန် ကိုလူမောင်၏ 'ရာဇူ' တိုင်မှ 'ရာဇူ'ကို ပြင်ဆင်နေ၏။ 'ရာဇူ' ဆိုသည်မှာ သစ်သားချိန်ခွင်ပင်ဖြစ်၏။ 'ရာဇူ' လျှာမှ အစ အားလုံးသစ်သားကြီးဖြစ်၏။ သူတို့ အင်းသူ အင်းသားများကား အရောင်းအ၀ယ်ချိန်တွယ်ရာ၌ ဤရာဇူကို အသုံးပြု၏။
သူသည် ရာဇူချိတ်နှစ်ခု၌ 'ဆိုင်း' နှစ်ခုကို ချိတ်လိုက်၏။ သည်ဆိုင်းနှစ်ခုကား ချိန်ခွင်ခွက် နှစ်ခုပင် ဖြစ်သည်။ သူသည် တစ်ဖက်သော ဆိုင်းကိုဖြဲ၍ ငါးထည့်ချိန်မည့် ခြင်းတောင်းကို တင်လိုက်ရာ ရာဇူလျှာမှာ တစ်ဖက်သို့ စောင်းထွက်လာ၏။ ထိုအခါ သူသည် ကျန်သည့်ဆိုင်းပေါ်သို့ ထင်းချောင်းများထည့်၍ မဲတင်းပေးရာ၊ ရာဇူလျှာ ညီမျှမှ ခြင်းတောင်းကိုချ၍ ငါးထည့်၏။ နောက် ငါးများဖြင့် ပြည့်နေသော ခြင်းတောင်းကို ကိုလူမောင်နှင့် နှစ်ယောက် ဤဆိုင်ထဲသို့ ပြန်ထည့်ကာ တစ်ဖက်တိုင်းထဲသို့ ဆွဲဝက်လေး ဟုခေါ်သော အချိန်ဆယ့်နှစ်ပိဿာ ငါးဆယ်ရှိသည့် ကျောက်ဖြူ အလေးကြီးကို တင်၍လက်လွှတ်လိုက်၏။ ချိန်နေကျဖြစ်၍ လက်မှန်းကောင်းလှသဖြင့် ချိန်ခွင်လျှာ မှာ အနည်းငယ်သာသည်ဟု ဆိုရရုံကလေးရှိ၏။ သူသည် သွက်လက်စွာပင် ' တစ်ဆွဲ 'ဟု အော် လိုက်ကာ ငါးခြင်းတောင်းကို ဆွဲချလိုက်၏။
' သာသာယာယာ ချိန်ပါတော့၊ ကတဲ ငါးချိန်တာကလည်း ရွှေချိန်တာကျနေတာပဲ'
' ဟုတ်သားပဲတော်၊ ချိန်ခွင်ပေါင်ကို ပိတ်လို့၊ လျှာတောင် မထွက်ဘူး'
ငါးစိမ်းသည် များက တစ်ယောက်တစ်ပေါက် ၀ိုင်းပွက်နေကြသဖြင့် ကိုလူမောင်က ငါး လေးငါးကောင် ထပ်ထည့် ပေးလိုက်ရ၏။ သည်လိုနှင့် တစ်ဆွဲပြီး တစ်ဆွဲ ချိန်လိုက်ရာ ဆယ်ဆွဲအပြီး ငါးစိမ်းသည်များ လူစေ့ သွားပြီဖြစ်၍ ပိုနေသော ငါးများအား ငါးပိကုန်သည်များကို ချိန်ပေးရန် ငါးရစတဲပေါ်သို့ တင်ထားလိုက်၏။
ကိုလူမောင်၏ ရိုးထဲ၌ ငါးဆောင်း၍လည်း ပြီးပြီ။ ကူညီစရာရှိသမျှကိုလည်း ကူညီ၍ ပြုလုပ်ပြီးခဲ့ပြီ။ ယခု သူ့ကျုံပက်သို့ပြန်၍ 'ရင်ကွဲ' များကို ဖော်ကာ ဖမ်းမိသော ငါးသံချိတ်၊ ငါးဘဲနှင့် ငါးမြွေထိုးများ အား အချို့ကို ငါးစိမ်းသည်များ သို့လည်းကောင်း၊ အချို့ကို ငါးပိကုန်သည်များသို့လည်းကောင်း ချိန် ရောင်းရဦးမည်။
' ကိုလူမောင်ရေ၊ ကျွန်တော် ပြန်လိုက်ဦးမယ်ဗျို့'
သူသည် ကိုလူမောင်အား နှုတ်ဆက်ပြီးနောက် သူ ဆောင်း၍ရသည့် ငါးပတ်၊ ငါးဒိန်းလုံး၊ ငါးဆယ်အောင် များကိုယူကာ လှေထဲသို့ ဆင်းခဲ့၏။ သူဆောင်း၍ ရသည့် ငါးများမှာ အချိန် တစ်ဆယ့်ငါးပိဿာခန့်ရှိ၏။ ဒီ ငါးများကို ငါးပိကောင် လုပ်ထား၍ မိုးတွင်းကျမှ ဇိမ်နှင့်စားမည်။
သူသည် လှော်တက်ကိုဆွဲ၍ ခပ်သွက်သွက် လှော်ထွက်ခဲ့၏။ မိုးလင်းပြီဖြစ်၍ ငါးစိမ်းသည်များသည် ငါးချိန်ရန် သူ့အား စောင့်နေကြတော့မည်။ သို့သော် သူ ရောက်သွားသည့် အခါ၌ကား သူ့တပည့် သည် ငါးစိမ်းသည် များ၏ အကူအညီဖြင့် ရင်ကွဲများကို ဖော်ပြီး ဖြစ်နေရုံမျှမက၊ ငါးစိမ်းသည်များကို ပင် ငါးချိန် ပေးပြီး ပေပြီ။
' ဘယ့်နှယ်လဲဟေ့၊ ငါး တော်တော် တက်ရဲ့လား'
သူသည် သူ့တပည့်အား ခရီးရောက်မဆိုက်ပင် ကောက်မေးလိုက်၏။ မေးလို့သာမေးရသည်။ ယင်း တစ်ချပ် ပေါ်တွင် ပုံထားသော ငါးများကို ကြည့်ခြင်းအားဖြင့် ငါးတက်မနည်းကြောင်း သူ သိပြီးပါပြီ။
' ဟုတ်ကဲ့၊ ငါးတော်တော်လေး တက်သားပဲ၊ ဒီည တစ်ညတည်း ငါးနှစ်ရာလောက် တက်လိုက်တယ်'
သူကား အတော်ပင် ကျေနပ်သွား၏။ သူ့ကျုံပက်သည် ငါးရစ် သိပ်မကောင်းဟု ဆိုသော်လည်း ခု အတိုင်း ဆိုရင်တော့ ငါးရစ်အပြီးတွင် အသားတင်တစ်ရာ့လေးငါးဆယ် တော့ ကျန်ရမည်။ ရေပြန် ချုပ်က သုံးရာ လောက် ရလိုက်တာနဲ့ဆိုရင်တော့ သည်ငါးရစ်တက်ချိန် တစ်ချိန်လုံး သူ့အဖို့ လေးငါး ရာလောက် ရမည်ဖြစ်၍ သူ ငါးရစ်လုပ်ရကျိုး နပ်ပေပြီ။ အပင်ပန်းခံရကျိုး နပ်ပေပြီ။ အဟောသုခံ ... သြော် ချမ်းသာစွ၊ သြော် ချမ်းသာစွ။
သူ့တစ်ကိုယ်လုံး ပီတိတွေဖုံး၍ သူ့မျက်နှာမှာလည်း ပြုံးပြုံးကြီး ဖြစ်နေသည်။ သို့သော် သူကား နုံးလှပါပြီ။ တစ်ညလုံး အိပ်ပျက်ခဲ့သောကြောင့်လည်းကောင်း၊ ခြင်ကိုက်ထဲတွင် ဒုက္ခစရိယာ ကျင့်ခဲ့ ရသောကြောင့် လည်းကောင်း သူသည် နွမ်းနယ်နေပါပြီ။ အခုနေခါမှာ အသနားယူ အိပ်စက်လိုက် ရန်အကောင်းဆုံး မဟုတ်ပါလော။
' ဟေ့ ... မင်းတော့ မယ်စိန် ထမင်းလာပို့မှပဲ အိပ်ပါတော့ကွာ၊ ငါတော့ ပင်ပန်းလွန်းလို့ ခုပဲ အိပ်ပါ ရစေတော့'
သူသည် သူ့တပည့်အား ဒါပဲသာပြောပြဋ္ဌီး ငါးရစ်တဲပေါ်သို့ တက်၍ လုံချည်အစိုကို အခြောက်နှင့် လဲလှယ်ဝတ်ဆင်ကာ တစ်ခါတည်း ထိုးလှဲလိုက်၏။ သို့သော် သူကား ချက်ချင်းအိပ်ပျော်၍မသွား၊ ၀ါးအိမ် ဓနိမိုး အိမ်သစ်ကလေး၊ သူတို့မိသားတစ်စု အတူအိပ်နိုင်မည့် သုံးမိုးခန့် ပိတ်ခြင်ထောင်ကြီး၊ ကုလားစောင်၊ ကုလားရက်လုံချည်၊ သူ့မျက်စိထဲ ဒါတွေ လာပေါ်နေသည်ဖြစ်၍ တော်တော်နှင့် အိပ်လို့မရ။ သို့သော် -
သို့သော် သူကား နွမ်းနယ်လှပါပြီ။ တဖြည်းဖြည်းနှင့် မျက်တောင်များသည် စင်း၍ စင်း၍ ကျလာ၏။ မျက်ခွံမှာလည်း လေး၍ လေး၍ လာကာ မျက်လုံးမှာလည်း မှေး၍ မှေး၍လိုက်လာ၏။ နောက်တော့ သူ့ အသက်ရှူသံ သည် လေးလေးနှင့် မှန်မှန်ကြီး ထွက်ပေါ်လာတော့သည်။
သြော် ကိုဒေါင်းစိန်ရယ်လေ၊ သာယာတဲ့ အနာဂတ်ကို တွေးရင်း ကြည်နူးစွာ အိပ်ပျော်သွားရှာပါပြီ ကော။
(၈)
ရက်တို့သည် တစ်ရက်ပြီးတစ်ရက်၊ တစ်ရက်ပြီး တစ်ရက်ဖြင့် ဟောင်းနွမ်းသော အတိတ်၌ တရိပ်ရိပ် ကျန်ရစ် ခဲ့ကြသလို၊ သစ်ဆန်းသော ရက်တို့ကလည်း တစ်ရက်ပြီး တစ်ရက်ဖြင့် သစ်လွင် သော အနာဂတ် ကာလမှ အစားထိုးပေါ်ပေါက်နေကြသည်။
ဝါဆို ၀ါခေါင် ရေဖောင်ဖောင်ဟု ဆိုရိုးစကားရှိသော်လည်း ၀ါဆိုလဆန်းစမို့ ရေဖောင်ဖောင် မဟုတ်၊ မဟုတ်သေးပေမင့် ကွင်းထဲမှာတော့ ရေဖွေးဖွေးဖြစ်နေပါပြီ။ နှစ်ရက်တိတိ ဆက်တိုက် ရွာ ချလိုက်သော မိုးသည် ရေပါလှသဖြင့် ကွင်းသည် စုံးစုံးမြုပ်၍ သွားပေပြီ။ ပတ်ဝန်းကျင် မြင်ကွင်း တစ်ရပ်လုံးကတော့ ရေနှင့် ရေသာပဲ ဖြစ်တော့သည်။
ကိုဒေါင်းစိန်သည် ကြက်ဦးတွန်လောက်ကပင် ထ၍ သူ့ ငါးရစ်တဲ ကလေးထဲ၌ ရေနွေးအိုးတည်နေ၏။ မီးဖိုနား၌ မီးထိုင်လှုံရင်း မီးစောင့်ထိုးပေးနေသည် ဖြစ်သောကြောင့် ရေနွေး အိုးမှာလည်း သိပ်မကြာဘဲ ဆူလာပေပြီ။ သူသည် လက်ဖက်ခြောက်ခတ်၍ ဖိုပေါ်၌ပင် နှပ်ထားသော နေရာမရွေ့ဘဲ မီးလှုံမြဲ လှုံနေ၏။ နောက် လက်ဖက်ရည်ပန်းကန်ကို ယူ၍ မီးဖိုနား၌ပင် မီးလှုံရင်း ထိုင်သောက်နေ၏။
ကွင်းမြုပ် သွားပြီ ဖြစ်သည်နှင့်အမျှ ငါးရစ်ချိန်မှာလည်း ကုန်ဆုံးပြီဖြစ်ရာ၊ ငါးရစ်လုပ်ငန်းမှာလည်း လက်စ သိမ်းပေပြီ။ လက်ဖက်ရည်တစ်အိုး ကုန်လျှင် အအိပ်ကြီးလှသော သူ့တပည့်ကို နှိုးကာ ငါးရစ် တဲနှင့် ငါးရစ်ဆည် ကို ဖျက်၍ လှေပေါ်တင်ပြီး အိမ်ပြန်ရပေတော့မည်။
သူ ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် ငါးရစ်မှ သားတင်ငွေ တစ်ရာ့ငါးဆယ်ခန့် ရလိုက်ပါပြီ။ ရေပြန်ချုပ်ပါဆိုလျှင် ငွေလေးရာကျော်ခန့် သူပိုက်မိပေပြီ။ မိုးတွင်းအတွက် ၀မ်းစာ ငါးပိကိုလည်း သိုမှီး ထားနိုင်ခဲ့ပေပြီ။ ၀မ်းစာ စပါးကိုတော့ မထားနိုင်။ စပါးသစ်ပေါ်ချိန်က ကွင်းမှာ စပါးဈေး တစ် ရာ့ငါးဆယ်ဈေးသာရှိပေမင့် လက်ထဲမှာ ငွေမရှိလို့ ၀ယ်မထားနိုင်။ ဟော အခုလို လက်ထဲမှာ ငွေ ရှိပြန်တော့လည်း စပါးဈေးက သုံးရာဈေးဖြစ်နေလို့ မ၀ယ်နိုင်။ ရှိတဲ့ငွေက အိမ်လည်း ဆောက်ရဦး မည်။ ခြင်ထောင် ကလေး၊ စောင်ကလေးလည်း ၀ယ်ရဦးမည်။ နောက်ပြီး တံငါလုပ်ငန်းနှင့်သက် ဆိုင်ရာ ကိရိယာ တန်ဆာ ပလာများကိုလည်း ၀ယ်ရဦးမည်။ အို ... ၀ယ်စရာတွေပြည့်လို့။
ဝမ်းစာစပါး မရှိလည်း အရေးမကြီးပါ။ လက်ထဲမှာ ငွေရှိရင် ချည်လုံးဝယ်၍ ပိုက်ထိုးကာ၊ ပိုက်ချရင်း နှင့် ဆန် ကိုတော့ အလျဉ်မီအောင် ၀ယ်စားသွားနိုင်မည်။ ၀မ်းစာစပါးလည်း မထားနိုင်၊ လက်ထဲမှာ လည်း ငွေပို ငွေလျှံ မရှိမှသာ မိုးတွင်းမှာ ဒုက္ခရောက်နိုင်သည်။ ကုန်ခဲ့သည့်နှစ်က သည်လို အခြေ အနေမျိုးကို ရင်ဆိုင် တိုးခဲ့ရ၍ အတော် ဒုက္ခ ရောက်ခဲ့သည်။ သည်နှစ်တော့ ၀မ်းစာ စပါးမထားနိုင် ပေမဲ့ မနှစ်ကလို အခြေ မဆိုးနိုင်တော့။ သူတို့ လက်ထဲမှာ ငွေရှိနေပြီ။
သူသည် ၀ိဒေဟရာဇ် ပုတ်သင်လို မာနလျှမ်းသည့် အပြုံးမျိုးဖြင့် ပြုံးလိုက်ကာ လက်ဖက်ရည်ကို '
ရှရူးခနဲ ရှရူးခနဲ'နှင့် အသံမြည်အောင် မှုတ်သောက်လေ၏။ သို့ တက်ကြွစိတ်ဖြင့် ကြည်နူးနေစဉ် ဗြုန်းခနဲ ကိုလူမောင်ကို အမှတ်ရလာ၏။ ဟုတ်သည်၊ သူနှင့်ဘ၀တူ မိတ်ဆွေ ကိုလူမောင်။
ကိုလူမောင်လည်း အတော်ကလေး ဟန်လိုက်ပါ၏။ သူ့ ရေသပြုချောင်းမှာလည်း ငွေလေးရာကျော် လောက် တက်လိုက် ၍ အသားတင် သုံးရာလောက်ကျန်၏။ သူနှင့် မဖွားသက်ကား ၀ါမ၀င်ခင် ကိစ္စ ပြီးဖို့ သေချာ ပေပြီ။ သူကား သူကိုယ်တိုင်၏ ၀မ်းသာမှုအပြင် သူ့မိတ်ဆွေ၏ ၀မ်းသာမှုကိုပင် ခွဲဝေ ခံစားလိုက်ရခြင်း ကြောင့် သူ့ ၀မ်းသာခြင်းမှာ အထွတ်အထိပ်သို့ ရောက်သွားတော့၏။ လက်ဖက် ရည်တစ်အိုး ကုန်သောအခါ သူ့တပည့်ကိုနှိုး၍ ပထမဆုံး ငါးရစ်ဆည်ကိုဖျက်၏။ ဖျက်၍ရသော အတိုအထွာများနှင့် ယင်း များကို အသင့်ငှားထားသော လှေကြီးပေါ်၌ တင်၏။ ငါးရစ်ဆည်ကို ဖျက် ပြီးမှ ငါးရစ်တဲကို ဖျက်၏။ တစ်ခဏအတွင်းမှာပင် ကိုဒေါင်းစိန်၏ ငါးရစ်တဲနှင့် ငါးရစ်ဆည်ကလေး မှာ ပျောက်ကွယ်သွား၍ ရေဖွေးဖွေး ကွင်းပြင်ကြီး သာလျှင် ဟာလာဟင်းလင်း ကျန်ရစ်တော့၏။ နေ ရစ်တော့ ကွင်းပြင်ကြီးရေ ...။
ဝါးလုံးအတိုအထွာများမှ အစ အားလုံးသော ပစ္စည်းများကို လှေပေါ်၌ကျကျနန နေရာချပြီးသည် နှင့် တစ်ပြိုင်နက် ကိုဒေါင်းစိန်က လှေဦးမှ၊ သူ့တပည့်က လှေပဲ့မှ နေရာယူကာ ရွာဘက်သို့ ဦးတည် ၍လှော်ထွက်ခဲ့၏။ ကိုဒေါင်းစိန်သည် သူ လူမှန်းသိသည့် အရွယ်ကစ၍ ရင်းနှီးစွာ ပေါင်းဖော်လာခဲ့ သောသူ၏ ငယ်ပေါင်း မိတ်ဆွေ ကွင်းပြင်ကြီးအား ခွဲခွာခဲ့သည့်အတွက် လွမ်းသလိုလို ဖြစ်နေမိ၏။ သူသည် နောက်ပြန်လှည့်၍ ကွင်းပြင်ကြီးအား စူးစူးစိုက်စိုက် ကြည့်ကာ ဒုတိယမ္ပိ နှစ်ကြိမ်မြောက် လည်း ထပ်မံ နှုတ်ဆက် လိုက်ပြန်၏။ နေရစ်တော့ သူငယ်ချင်းရေ...။
ရေသပြုချောင်းသို့ ရောက်သောအခါ ရေသပြုချောင်း ငါးရစ်ဆည်နှင့် ငါးရစ်တဲကို ဖျက်ပြီး၍ လှေ တစ်စင်း နှင့် အသင့် စောင့်ဆိုင်းနေသော ကိုလူမောင်နှင့် ပေါင်းမိသွား၏။
' ဖွားသက်ကလေး ကိုကွယ်... မောင်က ခိုးမယ်လို့... လူဆိုးတွေနဲ့ မောင်တိုင်ပင်။ မန်းမြို့တောင် ညောင်ပင်ကြီးမှာကွယ်... မြင်း...ကိုယ်စီပြင်။ လထွက်ကလေးရယ်တဲ့မှ မြင်းပေါ်တင်၊ လ ၀င်လျှင် မန်းတောင် ရောက်အောင်ကွယ် ... မြင်း ငေါက်လို့မောင်း ... '
ကိုလူမောင်က သူတို့ကို မြင်လျှင် မြင်ချင်း၊ သီချင်းဆို၍ သူတို့ကို နှုတ်ဆက်လိုက်၏။ နဂိုကမှ အူမြူး လျက်ရှိသော ကိုဒေါင်းစိန်မှာ သည်လို ကိုလူမောင်၏ ရွှင်မြူးလှသည့်ဟန်ကို မြင်လိုက်ရသည့် အခါ၌ကား မရိုးမရွ နှင့် ထ ကချင်သလိုပင်ဖြစ်၏။
' ဟေ့ ဒေါင်းစိန်ရေ၊ မုဆိုးဖိုမျက်နှာကို ၀ အောင်သာကြည့်ထားလိုက်တော့ကွယ်၊ မင်းလူတော့ မကြာခင် တစ်ဖြစ်လဲပြီး ချစ်ပွဲဝင်ရတော့မယ်ကွယ်'
ကိုလူမောင် က ဇာတ်မင်းသား စတိုင်မျိုးဖြင့် လှမ်းရွတ်နေ၏။ ဒါကို သူကလည်း အားကျမခံပြန်ဟစ် လိုက်၏။
' ဟုတ်ကဲ့ ကိုလူမောင်ရေ၊ တဲစုတ်ပိုင်ရှင် ဒါင်းစိန်ရဲ့ မျက်နှာကိုလည်း ၀ အောင်သာ ကြည့်ထား လိုက်တော့ဗျ၊ မကြာခင် တစ်ဖြစ်လဲပြီး အသစ်တဲနဲ့ နေရတော့မယ်ဗျာ'
ပြောရင်း နောက်ရင်း၊ ပျော်ရင်း ရွှတ်ရင်းနှင့်ပင် လှေနှစ်စင်းသည် ရွာထဲသို့ ၀င်လာပေပြီ။ ကိုလူမောင်၏ မျက်စိထဲ၌ ၀ါမ၀င်ခင် မဖွားသက်နှင့် တူစုံတွဲ၍ နွှဲပျော်ရမည်ကို မြင်ယောင်နေသလို၊ ကိုဒေါင်းစိန်၏ မျက်စိထဲ၌လည်း ၀ါးဓနိမိုး အိမ်သစ်ကလေး၌ သုံးမိုးခန့် ပိတ်ခြင်ထောင်ကြီးကို ထောင်ကာ ကုလားစေင် ကိုယ်စီခြုံ၍ မိသားတစ်ခု ကျကျနန အိပ်စက်ရမည်ကို မြင်ယောင်ကာ ပျော်မြူးနေ၏။
လှေသည် အိမ်ဆိပ်နှင့် တည့်တည့်သို့ ရောက်လာပေပြီ။ မယ်စိန်ကား ကမ်းထိပ်၌ရပ်ကာ သူ့ချစ် လင်အား ပြုံးရွှင်သော မျက်နှာနှင့်ကြိုဆိုနေပါသည်။ ကိုဒေါင်းစိန်သည် သူ့ဇနီးသည်ကို စိုက်ကြည့် နေ၏။ မည်းညစ် နေသော ထဘီကို ရင်ရှားထားသည့် မယ်စိန်အား ကြည့်ရင်း မယ်စိန်၏ ရုပ်ပုံလွှာ သည်ရုပ်ရှင်ထဲမှာလို ဟုတ်ခနဲ ပြောင်းလဲသွား၏။ သရက်ထည် လုံချည်အသစ်ကလေးနှင့် အညာ ရက်ဖျင် အင်္ကျီရင်ဖုံး ကလေးဝတ်ကာ သနပ်ခါးအဖွေးသားနှင့် မယ်စိန်သာ သူ့ကို ကြိုဆိုနေသည် ဟုထင်လိုက်၏။
စိတ်ကူးယဉ်လှချည့် ကိုဒေါင်းစိန်လေး ... ။
ငါးရစ်တက်ချိန်ကား ကုန်ဆုံးလေပြီ။ ငါးရစ်လုပ်ငန်းလည်း လက်စသိမ်းပေပြီ။ ငါးရစ်တက်ချိန် တစ်ချိန်လုံး ပင်ပန်းခဲ့ရသည့် အကျိုးအမြတ်ကိုလည်း သူ ခံစားရပေတော့မည်။ ဟိ သင့်စွ ... သင့်စွ၊ အဟောဝတ ... သြော် ... ကောင်းလေစွ တကား။
--------------------------
ပြီးပါပြီ
.
1 comment:
ဒါမျိုးလေးဇာတ်သိမ်းတော့လဲ သူတို့နဲ့အတူ ကိုယ်ပါရောပြီး ဝမ်းသာသွားတယ်....:)
Post a Comment