ဖားပါလျှင် တစ်ကောင်ပေးပါ့
(၁)
ဘာတစ်ခုမှ တည်မြဲခြင်းမရှိသော သင်္ခါရ လောကကြီး၌ ညအမှောင်သည်လည်း တည်တံ့ခိုင်မြဲစွာ တည်နေလိမ့် မည်တော့ မဟုတ်ပါ။ ညအမှောင် ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် နံနက်မိုးသောက် အလင်း ရောက်ရမည်မှာ ဓမ္မတာပင် မဟုတ်လား။ ဒါပေမဲ့ အမှာင်မှ အလင်ကို ချက်ချင်း ကူးပြောင်း သည်လို့တော့ မဆိုလိုပါ။ ဤကာလနှစ်ခု စပ်ကူးမပ်ကူး ကြားကာလသည် ရှိနေပါသေးသည်။ အရုဏ်ဦး ရောင်နီ ...။
ဟုတ်ပါပေသည်။ ဆွေးမြည့် ဟောင်းနွမ်းနေပြီဖြစ်သော ညဥ့်ကာလ အမှောင်ထုသည် စည်းကမ်း သေ၀ပ်စွာ တရွေ့ရွေ့ ဆုတ်ခွာနေစဉ်မှာပင် အလင်း၏ ရှေ့တော်ပြေး တပ်ဦးအဖြစ် အရုဏ်ဦး ရောင်နီသည် လွန့်လူး ထွက်ပြူကာ အလင်းကို ကြိုဆိုစပြုနေပါပြီ။ တာဝန်ကို လေးစားသော ကြက်ဖကြီးများသည် တောင်ပံကို တဖျတ်ဖျတ် ရိုက်၍ တွန်လိုက်ကြ၏၊
သြော် ... ကြက်ဦးတောင် တွန်ပေါ့။
ကိုဒေါင်းစိန်သည် လုံချည်တစ်ထည်ဝတ်၊ တစ်ထည်ခြုံ၍ ကွေးနေရာမှ ထ ထိုင်၏။ သို့သော် သူသည် ပြုလုပ်ဖွယ်ရှိသော ဗာဟီရများကိုတော့ ချက်ချင်းထ၍ မပြုလုပ်လိုသေးပါ။ နည်းနည်း တော့ နှပ်နေ လိုက်ချင် ပါသေးသည်။ တကယ်လို့ စာဖတ်သူသည် မြို့ကြီးသားတစ်ယောက် ဖြစ်နေ ပါက "နှပ်နေ လိုက်ချင်သည်" ဟူသော သူတို့ရပ်ရွာသုံး ဝေါဟာရကို နားမလည်မှာ စိုးမိပါသည်။
အိပ်ရာနိုးနေပြီ ဖြစ်သော်လည်း ချက်ချင်းမထသေးဘဲ အိပ်လျက် ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မှိန်းနေသည် ဟူ၍ မဆိုဘဲ၊ ဘာကြောင့် နှပ်နေသည်ဟု ပြောဆိုသနည်း။
ဒါကိုတော့ သူတို့ တိတိ ကျကျ အဖြေမပေးတတ်ပါ။ ဒါပေမဲ့ စာဖတ်သူသည် သူတို့ လက်ဖက်ရည်ကြမ်းအိုး မီးထိုး နေသည့် နေရာကို သွားကြည့်လျှင်တော့ ဤနှပ်နေသည်ဟူသော ဝေါဟာရကို သဘောပေါက် နိုင်ပါလိမ့် မည်။ သူတို့သည် ရေဆူလျှင် လက်ဖက်ခြောက် ခပ်၍ ချက်ချင်း မသောက်သေးဘဲ၊ မီးခဲရဲရဲဖြင့် ပြန်၍ နှပ်ထားလိုက်ကြသေး၏။ ဒါကို တင်စား၍ အိပ်ရာမှ နိုးနေသော်လည်း ချက်ချင်း မထသေးဘဲ ပြန်၍ မှိန်းနေခြင်း ကို နှပ်နေသည်ဟု ခေါ်ကြောင်း သဘောရမိပါသည်။
ကိုဒေါင်းစိန်သည် ဖင်ချ၍ ဆောင့်ကြောင့်ထိုင်နေရာမှ ထောင်ထားသော ဒူးနှစ်လုံးကို လက်နှစ်ဖက် ဖြင့် သိမ်းဖက် လိုက်၍ ဒူးနှစ်လုံးကြားထဲသို့ ခေါင်းကို ငိုက်စိုက်ချကာ နှပ်နေ၏။ သူ့အနားမှ အသက် ကို မှန်မှန်ကြီး ရှူ၍ ဟောက်နေသော မယ်စိန်၏ ဟောက်သံကို ကြားသည့်အခါ ကြား၏။ မကြား သည့်အခါ မကြားလိုက်။ တစ်ချက် တစ်ချက်တွင် သိမေ့ သိမေ့နှင့် မျောက်မျဉ်း အိပ်ပျော်သလို ဖြစ်နေ၏။
"တုံ ... တုံ ... တုံ ... တုံ"
ဗျင်းဘွဲ ဘုန်းတော်ကြီးကျောင်းမှ (အချို့အရပ်များက အုန်းမောင်ဟု ခေါ်သည့်) ကလတက်ခေါက် သံသည် ချက် မှန်မှန် ထွက်ပေါ်လာ၏။ ကိုဒေါင်းစိန်သည် အိပ်မက်တိုင်းပြည်မှ ဖျတ်ခနဲ လန့်နိုးကာ ခေါင်းထောင်၍ ကလတက်ခေါက်သံကို နားစွင့်နေ၏။ ကလတက်ခေါက်သံသည် ချက်မှန်မှန် ထွက်ပေါ်လာရာမှ တဖြည်းဖြည်း မြန်လာ၏။ ပိုမြန်လာ၏။ အို ... ပိုမြန်လာ၏။ ဟောဗျာ တဖြည်းဖြည်း နှေးသွားပြန်၏။ ပိုနှေး သွား၏။ အို ... ပိုနှေးသွား၏။ ဟောဗျ ရပ်သွားပါပကော။
အရုဏ်လာပြီလေ။
ကိုဒေါင်းစိန် သည် ခြုံထားသော လုံချည်ကို ခေါင်းပေါ်အရောက် ဆွဲခြုံလိုက်ကာ ထိုင်ရာမှ ထလိုက် ၏။ ရေနွေး တည်သောက်မယ် ဆုံးဖြတ်ချက်နှင့်အတူ အိမ်ရှေ့သို့ ထွက်လာကာ၊ လက်ဖက်ရည် အိုးကို လိုက်စမ်း နေ၏။ သူသောက်နေကျ မြေအိုးကိုတော့ တွေ့ပါပြီ။ ဒါပေမဲ့ ဘယ်မှာလဲ မီးခြစ်။
မီးခြစ် ... မီးခြစ်၊ ဘယ်တုန်းကတော့ မီးခြစ်ကို ဆောင်ထားဖူးလို့လဲ။ သူသည် သူ့အိမ်၏ ပတ်ဝန်းကျင်ကို လှည့်လည် ၍ မျက်စိ ကစားနေ၏။ ဟော တွေ့ပြီလေ။ ကိုလေး ဖိုးကွန့်တို့အိမ်က မီးတထိန်ထိန်နဲ့ပါလား၊ ဧကန္တ ကိုလေးဖိုးကွန့်ရဲ့ မိန်းမ မပြားကြီး ရေနွေးအိုး တည်နေတာပဲ၊ ငါ့မိန်းမ မယ်စိန်ကတော့ ခုထိ အိပ်တုန်း။ ဟယ် ... တတ်နိုင်ပါဘူး၊ ငါ့ဘာသာပဲ မီးသွားကူးပြီး တည်သောက်လိုက်ပါ့မယ်။
သူသည် အိမ်အောက်သို့ ခုန်ဆင်းလိုက်ကာ မြေကြီးကို တွင်းတူ၍ မီးဖိုလုပ်ထားသော မီးဖိုဘေးမှ ၀ါးခြမ်း သုံးပြားကို ဆွဲ၍ ကိုဖိုးကွန့်တို့ အိမ်ဘက်လျှောက်လာ၏။ ကိုဖိုးကွန့်တို့ အိမ်ရှေ့အရောက် တွင် '၀ုတ်ခနဲ' ထိုးဟောင် လိုက်သော ခွေးဟောင်သံနှင့်အတူ 'ဟဲ့ ခွေး' ဟူသော မပြားကြီး၏ အသံ ထွက်ပေါ် လာကာ တစ်ဆက် တည်း 'ဘယ်သူလဲ' ဟူသော မေးခွန်းပါ နောက်ဆက်တွဲ ပါလာ၏။
"ကျုပ်ပါဗျ၊ ရေနွေးအိုး တည်မလို့ မီးကကူးချင်လို့ပါ"
သူသည် ပြောပြောဆိုဆိုနှင့်ပင် အိမ်ပေါ်သို့ လှမ်းတက်လိုက်ကာ မီးဖိုဆောင်ဘက်သို့ လျှောက် သွား၏။ သူတို့၏ ပတ်ဝန်းကျင်၌ ကိုဖိုးကွန့်တို့ မိသားစုတစ်စုကား တော်တော် ချောင်လည်၏။ အိမ် မှာ ၀ါးအိမ် သက်ငယ်မိုး ပင် ဖြစ်သော်လည်း အတန်ပင် ကျယ်ဝန်း၏။ တောင့်တင်း၏။ သပ်ရပ်၏။ မီးဖိုးဆောင် ကိုပင် သီးခြား ဆောက်လုပ်ထားနိုင်၏။
"ဟယ် နင့်နှယ် ဒုက္ခရှာပြီး တည်မနေပါနဲ့တော့။ ဒီမှာပဲ တို့နဲ့အတူတူ သောက်ပေါ့"
သူ မီးဖိုဆောင်ထဲ လှမ်းဝင်လိုက်ရာတွင် မပြားကြီးက မီးကူးရန် ယူလာသော သူ့လက်ထဲမှ ၀ါးခြမ်းများကို ကြည့်ရင်း ပြောဆိုလက်၏။ တဟုန်းဟုန်းနှင့် တောက်လျကရှိသော မီးဖိုပေါ်မှ ရေနွေးအိုးကား ဆူသံ ပေးနေ လေပြီ။ ဆွမ်းလောင်းရန် ရည်မှန်း၍ ချက်ထားသော ဆွမ်းအိုးကိုမူ မီးဖိုတစ်နေရာ၌ မီးခဲရဲရအပေါ်တွင် တင်နှပ် ထား၏။
"အင်းဗျာ၊ ဒါဖြင့် ဒီမှာပဲ သောက်တော့မယ်။ ကိုလေး ဖိုးကွန့်ကော မနိုးသေးဘူးလား"
"နိုးတော့ နိုးနေပါပြီ။ စောက်ပျင်းစထူတဲ့ လူဆိုတော့ နှပ်နေရသေးတယ်လေ"
"ဟဲ့ စောက်ကန်းမ၊ ဘာလဲ စောက်ပျင်းထူ တဲ့ လူဆိုတာက နင်က ငါအိပ်နေတယ် မှတ်လို့လား"
"ဟာဗျာ ခင်ဗျားတို့ကလည်း စောစောစီးစီး ရန်ဖြစ်နေကြပြန်ပြီ"
ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်းရှိ သစ်ပင်များပေါ်မှ ကျီးများကား တအာအာ အော်မြည်ကာ ပျံသန်းကြလေပြီ။ လင်းကြက်များလည်း သော့လေပြီ။ နွေဦး နံနက်ခင်းဝယ် ကျီးအာသံ၊ ကြက် တွန်သံများ နှင့်အတူ တံငါရွာကလေး၏ ကဗျာတစ်ပုဒ်ကို သည်လိုပဲ ကာရန်မညီစွာ ကြားကြရပေ မည်။
သြ ... တော်ပါသေးရဲ့။
ကိုဖိုးကွန့်တို့ အိမ်ရှေ့အိမ်မှ ဦးဖိုးဂေါင်း၏ ဘုရားရှိခိုးသံနှင့်အတူ သာယာလှသော ကြေးစည်သံ ကလေးက သည်လို အရုပ်ဆိုးလှသော တံငါရွာကလေး၏ မိုးသောက်ကဗျာတစ်ပုဒ်ကို ဖုံးလွှမ်းသွား ပါပြီ။
(၂)
ကိုဖိုးကွန့်တို့ မီးဖိုထဲ၌ရှိသော ကြက်အိပ်တန်းမှ ပြာမီးခိုးရောင် တိုက်ကြက်ကြီးတစ်ကောင်သည် မိးသောက်ကဗျာတစ်ပုဒ်ကို တွန်ကျူးလိုက်ပြီးနောက် အိပ်တန်းထက်မှ ခုန်ဆင်းလိုက်၏။ သူ့ အမူအရာမှာ တစ်ခါတုန်းက တစ်ကမ္ဘာလုံးကို လွှမ်းမိုးမည်ဟု ကြုံးဝါးခဲ့သော ဂျာမန်အာဏာရှင် ဟစ်တလာလောက်နီးနီး ကြွားကြွား နိုင်လှ၏။ ခွပ်လက် ရထားသဖြင့် သူ့လည်ပင်း၊ ရင်အုပ်နှင့် ပေါင်တံများသည် အမွေးများ ပြောင်နေကာ အခေါက်ထူကြီး ဖြစ်နေ၏။ ဤပြောင်နေသော နေရာ လပ်များသည် ဆေးဆိုးထားသော မြို့ကြီးသူ အပျိုမ၏ ပါးကလေးလို နီမြန်းနေ၏။
သူသည် ဘာကိုမှ ထီမထင်သော ဟန်ဖြင့် ခြေလှမ်းကို ဘယ်ညာမှန်မှန် နင်းလာပြီး နောက်၊ အိမ်ထက်မှ မြေပြင်သို့ ခုန်ဆင်းလိုက်၏။ မြေကြီးကို သူ့ခြေသည်းများဖြင့် ယက်လိုက်၍ ခေါင်းခါခါ လည်ခါခါနှင့် အစာကို ကောက်စားရန် ဟန်ပြုကာ၊ တော့ ... တော့ ... တော့ ဟူသော မယ်ဘွဲ့ကဗျာကို သီကျူးနေ၏။ ကြက်မတမ်းမကလေး သုံးကောင်သည် သူ့ကဗျာဝယ် ယစ်မူး ကာ သူ့အနီးသို့ ပြေးလာကြ၏။ သူသည် အတောင်နှစ်ဖက် ဖြန့်၍ ကိုယ်ကို စောင်းကာ ကြက်မကလေး သုံးကောင်အား ပတ်ချာလည့် ရစ်နေ၏။
တံငါရွာကလေး၏ မိုးသောက် ပန်းချီကားတစ်ချပ်။
ဒါကို လက်ဖက်ရည်ဝိုင်းမှ ကိုဒေါင်းစိန်သည် အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည် ကြမ်းအိုးပန်းကန်ကို လက်မှကိုင်ရင်း အငေးသား ကြည့်ရောမှ ကိုးဖိုးကွန့်ဘက်သို့ ဖျတ်ခနဲ လှည့် လိုက်ကာ
"ကိုလေးဖိုးကွန့်၊ ခင်ဗျား ပြာမီးခိုးကို ကညင်ကုန်းက ဖောင်းကလေးနဲ့ တိုက်ရအောင် ချိန်းထား တယ် မဟုတ်လား၊ ဒီလိုသာ ပေါက်ကရ လွှတ်ထားလို့ ကြက်မတွေကို လျှောက်လိုက်နေရင် ခွပ်ရာ မှာ အမောမလုံဘဲ နေမယ်"
"အေးကွာ၊ ငါလည်း အလုပ်ကတစ်ဖက်နဲ့မို့ သူ့ချည်းပဲလည်း ဂရုမစိုက်နိုင်ဘူး၊ မနက် မနက်ကို ရေမှန်မှန်တောင် မပေးနိုင်ဘူး။ ဒါပေမဲ့ ချိန်းရက်က ဝေးပါသေးတယ်ကွာ"
ကြက်ပေါင်တစ်ကောင်သည် စောစောက ထွက်ပြေးသွားသော ကြက်မနှစ်ကောင်အနက် တစ်ကောင်ကို အတင်းလိုက်လေရာု၊ ထို ကြက်မသည် ကိုဖိုးကွန့်၏ တိုက်ကြက်ကြီးရှိရာသို့ "ကတော် ... ကတော်" ဟု အော်ရင်း ပြေးလာ၏။ ကိုဖိုးကွန့်၏ တိုက်ကြက်ကြီးသည် ကြက်ပေါက် အား အတင်းလိုက်ခွပ်ရာ ကြက်ပေါက်ခမျာ ပြန်ပြေးရရှာလေပြီ။
ဒါကို ကိုဖိုးကွန့်က မြင်၍ "ဟဲ ... ဟဲ၊ ငါ့ကြက်က ဒီနားတစ်ဝိုက်မှာ ဗိုလ်ကွ" ဟု ကြွားလိုက်၏။ မပြားကြီးသည် ဆီမပါသော ငါးရံ့ခြောက်ဖုတ်ကို လက်ဖက်ရည်ဝိုင်းသို့ လာချ၏။ ကိုဒေါင်းစိန် သည် ငါးရံ့ခြောက်ဖုတ်ကို ဈေးဦးဖောက် ဖဲ့၍ စားလိုက်၏။
"ဒါ ခင်ဗျားတို့ တော်လွှတ် ဂရက်က ရတဲ့ ငါးခြောက်လား"
"အေးပေါ့ကွ"
"ဘယ့်နဲ့လဲ၊ ဟန်ပုံပေါ်ရဲ့လား"
"ဟန်လိမ့်မယ် မထင်ပါဘူးကွာ၊ ဒီဘေးမဲ့ ဂရက်ကလေးကို ပက်ရဖို့ အရေး အင်ဇဘက်ကို ၅၀ိ တောင် ပေးရတာကွ၊ ခနွှဲထိုးဖို့ လူးငှားခတို့ ဘာတို့နဲ့ ခု အိုင်ထဲမှာ ငါးလုံးပေါ်လို့ မြင်ရတဲ့ငါးနဲ့ တွက်ကြည့်လိုက်ရင် ပင်ပန်းတာ အဖတ်တင်မှာပဲ"
"ဒါပေမဲ့ဗျာ အမြတ်မကျန်ပေမဲ့ အလုပ်က လုပ်ရင်း စားသွားရတယ်ဆိုရင် တော်သေးတာပေါ့။ ကျွန်တော်တော့ ဒီည ဖားလိုက်ရှာပြီး ဗျင်းဘွဲကြီး အင်းချေင်းထဲ ဖားသွားဆွဲမယ်လို့ စိတ်ကူးတာပဲ"
"ကြည့်လည်း လုပ်ပါ ဒေါင်းစိန်ရာ၊ စံကပင် အင်းပိုက်နက်ထဲ ပိုက်သွားချလို့ ပိုက်သိမ်းခံရပြီး လူပါ အရိုက်ခံရသလို ဖြစ်နေပါဦးမယ်"
ကိုဒေါင်းစိန်သည် အတိတ်ကို ပြန်တွေးမိသလို ခပ်ငေးငေး ဖြစ်သွားရာမှ သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်ရင်း
"ဒီလို အရိုက်ခံရမှာ ကြောက်လို့ မစွန့်ဝံ့ရင်လည်း ငတ်မှာပဲဗျာ၊ ဘေးမဲ့ချောင်းရိုးကြီးထဲ လျှောက် မျှားလို့ တစ်နေ့ကို နှစ်ကောင်တောင် မရချင်ဘူး။ အင်းချောင်းထဲမှာဆိုရင် တစ်ညကို ငါးရံ့ အကောင် အစိတ် သုံးဆယ် တော့ ရသဗျ"
မိုးစင်စင် လင်းလေပြီ။ နှင်းမြူများကား ပို၍ လှလာ၏။ ပို၍ သိပ်သည်းလာ၏။ တံငါရွာကလေး၏ မိုးသောက်ပန်းချီကားချပ်သည် ထူခဲသိပ်သည်းသော နှင်းမြူများ အကြားဝယ် ပျောက်ကွယ်လေပြီ။
"ဆွမ်းတော် ... ဗျို့"
ဆွမ်းခံ ကြွလာကြောင်း အသံဖြင့်သာ သိရသည်။ ကိုယ်တော်လေးများကား နှင်းမြူများ အောက်ဝယ် ပျောက်နေကြ၏။ အရာအားလုံး ပျောက်ကွယ်တိမ်မြုပ်နေကာ၊ ဘယ်ကိုပဲ ကြည့်ကြည့် နှင်းမြူနှင့် နှင်းမြူများ ကို သာ တွေ့ရသည်။
"ရပ်တော်မူပါဦး ဘုရား"
မပြားကြီးသည် လုံချည်ဟောင်း တစ်ထည်ကို ပခုံးပေါ်တင်၍ ဆွမ်းခွက်ကို ယူကာ အိမ်ပေါ်မှ ဆင်းလိုက်၏။ တာလမ်းနားသို့ ချဉ်းကပ်မိမှ ဆွမ်းအတွက် ငံ့လင့်၍ ရပ်တော်မူနေသော ကိုရင် ကလေးသုံးပါးကို ဖူးမြင်ရ၏။ သူမသည် ဆွမ်းခွက်ထဲမှ ကြေးဇွန်းကြီးဖြင့် ဆွမ်းခပ်နေစဉ် ရှေ့ဆုံးမှ ကိုယ်တော်ကလေးကား သပိတ်ဖုံးကို ဖွင့်ပေးကာ ငံ့လင့်၏။ သူမသည် ကိုရင်ကလေး၏ သပိတ်ထဲ၌ ဆွမ်းတစ်စေ့မျှ မမြင်ရ၍ အတော် စိတ်မကောင်း ဖြစ်သွား၏။
သူမသည် ရှေ့ဆုံးမှ ကိုရင်ကလေး၏ သပိတ်ထဲသို့ ခပ်ထားသော ဆွမ်းကို လောင်းထည့်လိုက် သည်နှင့် တစ်ပြိုင်နက် ကိုယ်တော်ကလေးက သပိတ်ဖုံးကို ပြန်ဖုံးလိုက်ပြီး ရှေ့သို့ ဆက်လက် ကြွသွား၍၊ ဒုတိယ ကိုယ်တော် ကလေးက သပိတ်ကို ဖွင့်ကာ ငံ့လင့်ပြန်၏။ နောက် တတိယ ကိုယ်တော်လေး။
သူမသည် ဆွမ်းခွက်ထဲ ကျန်ရှိသမျှ ဆွမ်းများကို နောက်ဆုံး ကိုရင်လေး၏ သပိတ်ထဲသို့ အကုန် အစင် လောင်းထည့်လိုက်ပြီးနောက် အိမ်ဘက်သို့ ပြန်လျှောက်ခဲ့၏။ ဆွမ်းခွက်၌ ကပ်ကျန်ရစ် သော ဆွမ်းစေ့များကို မြေကြီးပေါ်သို့ ယက်ချလိုက်ရာ ကိုဖိုးကွန့်၏ တိုက်ကြက်ကြီးနှင့် ကြက်မတမ်းမကလေး သုံးကောင် ပြေးလာ၍ အလုအယက် ကောက်စားနေကြ၏။ ကိုဖိုးကွန့်၏ တိုက်ကြက်ကြီးကမူ အစာကို ဟုတ်တိပတ်တိ မစားဘဲ အစာကိုမဲ၍ စားနေသော ကြက်မများအား လျှောက်ရစ်နေ၏။
"ဒေါင်းစိန်တို့များ တစ်ခါမှ ဆွမ်းလောင်းတာ မတွေ့ဘူး။ ကိုယ်ရဲ့ အတိတ်ကံ မကောင်းလို့ ခုဘ၀ မှာ ဒီလို တံငါ အရပ်မှာ လူလာဖြစ်ရတာ မဟုတ်လား၊ နောက်ကို ဒီလိုဘ၀မျိုး ပြန်မရောက်ရ အောင် ဒါနမျိုးစေ့ချပြီး အကျိုး ဆက်ပေးဦးမှပေါ့"
စောစောက ကိုရင်ကလေး၏ သပိတ်ထဲတွင် ဆွမ်းလောင်သူ မရှိ၍ ဆွမ်းတစ်စေ့မျှ မမြင်ရသော ကြောင့် စိတ်မကောင်းဖြစ်လျက်ရှိသော မပြားကြီးသည် ဆွမ်းခွက်ကို ဆေးနေရာမှ နေ၍ လက်ဖက်ရည်ဝိုင်းမှ ကိုဒေါင်းစိန် အား လှမ်းပြောလိုက်ခြင်း ဖြစ်၏။
"သြော်ဗျာ၊ ကျွန်တော်တိုပ အဖြစ်ကို မပြားကြီးလည်း အသိသားနဲ့ဟာ။ ကျွန်တော်တို့တောင်မှ ထမင်းနပ်မှန် အောင် မစားရတာ ဘယ်လိုလုပ်ပြီး ဆွမ်းလောင်းနိုင်မလဲ၊ ခက်ပါတယ်ဗျာ။ ကျွန်တော် တို့လို ကပ်ပါး သမား တွေဟာ နေရေးလည်းခက်၊ သေရေးလည်း ခက်၊ နောက် တမလွန်ရေးလည်း ခက်၊ အကုန်လုံး ခက်တာပါပဲ"
"ခက်နေရုံနဲ့ မပြီးသေးဘူးကွ၊ ငါတော့ ဂရက်ထဲ ဆင်းလိုက်ဦးမယ်"
ကိုဖိုးကွန်င့်္က သူတို့စကား၌ စိတ်မ၀င်စားသလို နောက်ဆုံး ထိုင်ရာမှ ထလိုက်သဖြင့်၊ ကိုဒေါင်းစိန် ကလည်း "ကျွန်တော်လည်း ဖားရှာဖို့ ကိုလူမောင်နဲ့ သွားတိုင်ပင်ဦးမယ်ဗျ" ဟု ပြောကာ လက်ဖက် ရည်ကြမ်းဝိုင်းမှ ထ လာခဲ့၏။
(၃)
ကိုဒေါင်းစိန်သည် ကိုလူမောင် အိမ်ဘက်သို့ ထွက်ခဲ့ရာ နှင်းများကား ကျမြဲကျနေ၏။ အဆင်သင့် ပင် ကိုလူမောင်ကို သူ့အိမ်၌ လက်ဖက်ရည်ကြမ်း တစ်အိုးနှင့် တွေ့ရ၏။
"လာဟေ့ ဒေါင်းစိန်၊ ရွက်သစ် လက်ဖက်ခြောက်ကလေး ကောင်းလွန်းလို့ လာမြည်းစမ်းပါဦး၊ မနေ့က ရေလဲရွာက လာရောင်းတဲ့ ခေါင်းရွက်သည်တွေ ဆီက ၀ယ်ထားလိုက်တာကွ။ အရောင် ကလေးကိုက စိမ်းဖန့်ဖန့် နဲ့၊ နီလာစိမ်းရောင် ငှက်ခါးတောင်ဆိုတာ ဒါမျိုးပေါ့ကွ၊ သောက်လိုက်ရင် ပါးစပ်ထဲကို စီးသွား တာပဲ"
ကိုလူမောင်က လက်ဖက်ဆီ ကပ်နေသဖြင့် နီရဲနေသော လက်ဖက်ရည်ပန်းကန်တစ်လုံးထဲသို့ ကိုဒေါင်းစိန် အတွက် ရည်စူး၍ ငှဲ့ထည့်ပေးရင်း အားရပါးရ မြိန်မြိန်ရှက်ရှက်ကြီး ပြောလိုက်သဖြင့် ကိုဒေါင်းစိန် လည်း လက်ဖက်ရည်ဝိုင်း၌ ၀င်ထိုင်လိုက်၏။
"ကျွန်တော်လည်း ခုပဲ ကိုလေးဖိုးကွန့်တို့ အိမ်က သောက်ပြီး ထလာတာ၊ ညကို ဗျင်းဘွဲကြီး အင်းချောင်းထဲ ဖားသွားဆွဲရအောင်လို့ ခင်ဗျားကို အဖော် လာစပ်တာပဲ"
"မင်းက ခုမှလာပြီး အဖော်စပ်နေ၊ ငါက လက်နက် ကိရိယာတွေတောင် ပြင်ဆင်ပြီးပြီ။ ငါးစာ အတွက် ဖားရှာ ဖို့ပဲ လိုတော့တယ်"
ဟုတ်ပေသည်။ ကိုလူမောင်၏ အိမ်ခေါင်၌ အလျားလိုက် ကြိုးနှင့် ဆိုင်းထားသော ငါးမျှားတံကို မြင် နိုင်ပါသည်။ ငါးမျှားတံမှာ ထီးရိုးဝါးဖြစ်၍ အရှည်မှာ ၁၄တောင်ခန့် ရှိ၏။ ငါးမျှားကြိုးမှာမူ လေထီး ကြိုးကို ဖျက်၍ ပြန်ကျစ်ထားသော ကြိုးပင်ဖြစ်ကာ အဖျား၌ အမေရိကန်လုပ် (၈)နံပါတ် ငါးရဲ့မျှား သော ငါးမျှားကြီး တပ်ထား ၏။
"ကျွန်တော်လည်း အားလံး အဆင်သင့်ပါပဲ၊ ဖားရှာဖို့ တစ်ခုတည်း ကျန်ပါတော့တယ်။ အဲဒါ ဘယ်မှာ သွားရှာကြမလဲ"
ဖားပဲ ရှားရှားပါးပါး လုပ်လို့ဟု မထင်လိုက်ကြပါနဲ့ ခင်ဗျား။ အချိန်မှာ နွေရာသီကြီးဖြစ်၍ ရှားပါ သည်။ တကယ့် ကို ရှားပါသည်။ ပြီးတော့ သူတို့ အလိုရှိသည့် ဖားမှာ ဖားပြုတ်တို့၊ ဖားခုံညင်းတို့ မဟုတ်ဘဲ ခြေမခန့် ရှိ စားဖားအသေးစားကလေးများဖြစ်ရာ သာ၍ ရှာပါးသေးသည်။
"ဟ ကောင်ရ၊ ထုံးစံအတိုင်းပေါ့ကွ၊ ညကျ မီးအုပ်နဲ့ ကွင်းပြင်ထဲ ထွက်ပြီး တော်လွှတ် ဂရက်ထဲ လျှောက်ရှာတာပေါ့"
"ဟာဗျာ၊ ဒီလိုရှာလို့ တစ်ညကို လေးငါးကောင်ရဖို့ အရေး ရှာလိုက်ရတာ သေလုရော၊ ကျွန်တော် တို့အလုပ် က တစ်ညကို ဖားဆယ်ကောင်လောက်ကုန်မယ် မဟုတ်လား၊ နောက်ပြီး ဒီညမှ သွားရှာ ရင် ဒီည ဖားဆွဲဖို့ အချိန်ရမှာ မဟုတ်ဘူး။ ဖားရှာရတာနဲ့ အချိန်ကုန်မှာပဲ"
"နို့ မင်းက ဘယ်လိုများ လုပ်ဦးမလို့လဲ၊ ဘာလဲ၊ ကျုံပိုင်က ဖားကုန်သည်တွေဆီ အကောင်တစ်ရာ သုံးကျပ်နှုန်းနဲ့ သွားဝယ်မလို့များ ကြံနေလို့လား"
"ဒီလိုလည်း မဟုတ်ပါဘူး။ ဓနုဖြူမြို့မှာ ရေတွင်းတွေ ရှိတယ် မဟ်ုလား၊ အဲဒီ ရေတွင်းတွေဘေးမှာ ညဘက်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ စားဖား အသေးစားလေးတွေ အများကြီး ရှိတယ်ဗျ။ဲဒါ ကျွန်တော်တို့ရွာက မြို့ပေါ်ပြောင်းသွားတဲ့ အောင်ရင်ကို ရှာထားလိုက်စမ်းပါလို့ မှာလိုက်တာ။ အခု အကောင် ၂၀လောက် ရနေပြီ၊ လာယူလည့်ပါလို့ လူကြုံနဲ့မှာလိုက်လို့ ခင်ဗျားနဲ့ ကျွန်တော် သွားယူ ရအောင်လေ"
'အေး၊ ကောင်းသားပဲ၊ ဒီလက်ဖက်ရည်တစိုး ကုန်ရင် သွားကြတာပေါ့၊ ကိုင်း သောက်လိုက်အုံးဟေ့၊ အေးကုန်မယ်'
နေသည် နှင်းထုအား တိုက်စစ်ဆင်နေရာ နှင်းမြူတို့သည် တဖြည်းဖြည်းနှင့် ကစဥ့်ကရဲ ဆုတ်ခွာရလေပြီ။ ပရိယေသန ၀မ်းရေးအတွက် တာလမ်းပေါ်၌ လှုပ်ရှားသွားလာနေသော လူများသည် တဖြည်းဖြည်း များလာလေပြီ။ ငါးရံ့ခြောက် လှမ်းသောစင်ပေါ်၌ ငါးရံ့ခြောက် လှမ်းနေကြသူများ၊ ငါးပိ နင်းနေသူများ၊ ငံပြာရည် ချနေသူများဖြင့် ပြွမ်းတီးသော တံငါရွာကလေး၏ ပန်းချီကားချပ်သည်လည်း ပြတ်ပြတ်သားသား ပေါ်ထွက် နေလေပြီ။
လက်ဖက်ရည်တစ်အိုးလည်း ကုန်ရော၊ ကိုဒေါင်းစိန်သည်လည်း ကိုလူမောင် အိမ်မှ သူ့အိမ်စုတ်ကလေးသို့ ပြန်ခဲ့သည်။ မယ်စိန်ကား အိမ်ပေါ်၌ ထိုင်ကာ နံနက်စာအတွက် ဘယ်သူ့ ဆီမှ ဆန်သွားချေးလျှင် ရနိုင်ပါ့မလဲဟု စိတ်ကူးထုတ်နေ၏။
'မယ်စိန်ရေ၊ ငါနဲ့ ကိုလူမောင်နဲ့ ဒီည ဗျင်းဘွဲကြီးအင်းချောင်းထဲ ဖားသွားဆွဲမလို့ကွ၊ အခု ငါးစာအတွက် ငါမှာထားတဲ့ ဖားကို ဓနုဖြူမြို့မှာ သွားယူလိုက်ဦးမယ်။ အိမ်မှာ ချက်စရာ ဆန်မရှိရင် အရှောင့်ဆိုင်မှာ ငါးရံ့ခြောက်ပေးနဲ့ အကြွေးသွားယူပေါ့'
ကိုဒေါင်းစိန်သည် တစ်ပတ်နွမ်း ကာကီရှပ်လက်တိုကို ၀တ်ကာ ဖားထည့်ရန် ပလုံးကလေးကို ဆွဲယူ၍ ဆင်းလာခဲ့၏။ ကိုလူမောင်ကလည်း ပလုံးတစ်လုံးနှင့် အသင့်စောင့်နေ သဖြင့် နှစ်ယောက်သား ရွာလယ် တံတားမှ တစ်ဖက်ကမ်းသို့ ကူးကာ သူတို့ရွာမှ ၇ မိုင်ခန့် ဝေးသော ဓနုဖြူမြို့သို့ ရှေးရှုထွက်ခွာလာ၏။ စက်တပ်ဆင်ထားသလို လျင်မြန်သော သူတို့၏ ခြေထောက်များသည် ဤ ၇ မိုင်သော ခရီးကို နှစ်နာရီအတွင်း ပေါက်ရောက်စေ၏။ ဓနုဖြူသို့ ရောက်သောအခါ နံနက် ၁၀ နာရီထိုးလေပြီ။
သူတို့သည် ဓနုဖြူရှိ လူဆင်းရဲရပ်ကွက်ဖြစ်သော ဘောကွင်းမှ အောင်ရင်၏ အိမ်သို့ ရောက်သောအခါ အောင်ရင်က ခရီးရောက်မဆိုက် ဆိုသလို သူတို့နှစ်ဦးအား ဖားများ ထားရာ နေရာကို လိုက်ပြ၏။ ဖားများကို တွင်းတစ်တွင်းထဲတွင် ရေကလေးအနည်းငယ်နှင့် လှောင်ထားရာ မျက်လုံးကြောင် တောင်တောင် နှင့် ဖားကောင်များကား ရေကလေး စပ်စပ်တွင် ခုန်ဆွ ခုန်ဆွ လုပ်နေကြ၏။
ကိုဒေါင်းစိန်သည် ဖားများကိုကြည့်ရင်း နှစ်ခြိုက်စွာ ပြုံးလိုက်မိ၏။ ဒီဖားကို ရဖို့အတွက် ၇ မိုင်ခရီးကို အပြင်း လျှောက်ခဲ့ရသည်။ ပြီးတော့လည်း ဒီဖားများကို ယူပြီး ၇ မိုင်ခရီးကိုပင် ပြန်လျှောက် ရဦးမည်ဆိုသော် လျှောက်ပါရစေတော့၊ သူအလိုရှိသည့် ဖားများကို ရပြီးသည့်နောက် ဘယ်လောက်ပဲ လျှောက်ရ လျှောက်ရ သူ မမှုပါ။
အောင်ရင်ခမျာ အကောင်တစ်ရာ သုံးကျပ်နှင့် ရောင်းစားနေသော ဖားများကို သူတို့အား အလကား ပေးရုံမျှမက သူတို့နှစ်ဦးကိုလည်း အခမဲ့ထမင်းကျွေးလိုက်ရသေး၏။ ထမင်းစားပြီးသော အခါ လက်ဖက် ရည်ကြမ်းအိုး တစ်လုံးနှင့် အချိန်ဖြုန်းနေကြပြီး နေ့လည် တစ်နာရီခန့်တွင် ပြန်ရန် ပြင်ဆင်ကြ၏။ သူတို့ ယူဆောင်လာသော ပလုံးထဲသို့ ဖားများကို ဖမ်းထည့်၏။ ဖားများ၏ ကိုယ်မှ အနံ့ကား ညှီလှ၏။ သူတို့သည် လူတစ်ယောက်လျှင် အကောင်တစ်ရာစီ ခွဲဝေယူကြပြီးနောက် ပလုံးကိုယ်စီ ဆွဲ၍ နေပူကျဲကျဲ တွင် ပြန်ခဲ့ကြ၏။
တပေါင်းလ နေကား ပူပြင်းလှသည်။ အပူရှိန်ကျရောက်နေသော မြေကြီးပေါ်တွင် ဖိနပ်မပါဘဲ လျှောက် ရသည်မှာ မီးကင်ထားသော သံပြားပေါ်တွင် လျှောက်ရသလို ပူပြင်းလှသည်။ ဒါပေမဲ့ ကျင့်သားရနေသော သူတို့နှစ်ဦး ၏ ခြေဖ၀ါးများကိုမူကား ပူလောင်စေရန် တတ်စွမ်းနိုင် လိမ့်မည်မဟုတ်ပါ။
'ချီးတဲ့မှပဲ၊ နေကလည်း ပူလိုက်တာကွာ၊ ပလုံးထဲက ဖားတွေကလည်း ကျပ်တောင့်နေ၊ နေကလည်း ပူဆိုတော့ ဖားတွေသေကုန်မှာ စိုးရတယ်ကွ'
ကိုလူမောင်က နဖူးမှ ချွေးများကို လက်ဖြင့်သပ်ချရင်း ညည်းညည်းညူညူ ပြောလိုက်ရာ ကိုဒေါင်းစိန်က သူ့ပလုံး ကို မြှောက်ကြည်ရင်း -
'အိုဗျာ၊ မသကာသေလှ လေးငါးကောင်ပေါ့၊ သေတဲ့ဖားတွေကို ဒီညအတွက် ငါးစာလုပ်ပြီး ကျန်တဲ့ ဖားတွေကို လှောင်ထားတာပေါ့'
'ဟေ့ ဆယ်ရက်လောက်များ အနှောင့်အယှက်မရှိဘဲ ဆွဲလိုက်ရရင် တို့နှစ်ယောက်တော့ ပွ မှာပဲ'
'ဒါပေါ့ဗျာ၊ ဆယ်ရက်လောက်နဲ့ ငွေတစ်ရာကိုးဆယ် ဘက်ခနဲ ရလိုက်မှာ၊ တစ်လလောက် သာဆိုရင် တော့ ဘာပြောကောင်းမလဲ'
တဖြည်းဖြည်းနှင့် သူတို့သည် ၃ မိုင်ခန့် ခရီးပေါက်၍ ခင်မတွတ်ရွာနားရှိ သောက်ရေအိုးစင်သို့ ရောက်လာကြသည်။ ပြင်းထန်သော နေမင်း၏ အပူရှိန်သည် သူတို့၏ အည်းများအား ခြောက်သွေ့ စေသည်။
'လာဗျာ .... ရေအိုးစင်ထဲ ရေ၀င်သောက်ရင်း တစ်အောင်နားကြဦးစို့'
ကိုဒေါင်းစိန်က ပြောပြောဆိုဆိုနှင့်ပင် လှည်းလမ်းဘေး ကုက္ကိုပင်ရိပ်တွင် ဆောက်လုပ်ထားသော ရေအိုးစင်ကို ၀င်လိုက်ရာ ကိုလူမောင်လည်း ၀င်လိုက်လာ၏။ ရေအိုးစင်၌ "ခင်မတွတ်ရွာမှ ဒေါ်ရွှေမ ကောင်းမှု၊ ယဂွင်းဆက်ရွာမှာ ဦးသံချောင်း ကောင်းမှု၊ နတ်လူသာဓု ခေါ်စေသော်"စသည်ဖြင့် သက်ဆိုင်ရာ အလှူရှင် များ၏ နေရပ်နှင့်နာမည်တို့ကို ကမ္ပည်းရေးထိုးထား၏။
ရေအိုးဘေးပတ်လည်သည် တစ်လျှောက်၌ မြေကြီးကို ခပ်ပါးပါး ခင်း၍ စပါးများ စိုက်ထားသဖြင့် စိမ်းလန်း သော စါပးများ ပေါက်နေ၏။ သည်လိုစိမ်းလန်းသော စပါးပင်များ၏ အလယ်၌ ရေများ အပြင်သို့ စိမ့် ထွက်နေသော ရေအိုးများကို တွေ့မြင်ရခြင်းသည် နေပူထဲမှ ၀င်လာသူတိုင်း၏ စိတ်နှလုံးကို ရွှင်ပြုံး အေးမြစေ၏။
ကိုဒေါင်းစိန်နှင့် ကိုလူမောင်တို့သည် အုန်းမှုတ်ခွက်ကို လက်ကိုင်ရိုးတပ်ထားသော ရေမှုတ်ဖြင့် ရေကို ခပ်၍ တ၀စီသောက်ကြပြီးနောက် ခရီးသွားများ နားနေရန် ပြုလုပ်ထားသော ကွပ်ပစ်ပေါ်၌ ထိုင်လိုက်ကြ၏။
ဦးခေါင်းကို မော့၍ ကြော့ကြော့ကလေး ပြေးနေသော နွားပေါက်နှစ်ကောင် က သည့် လှည်းယဉ် ကလေး တစ်စီးသည် ရေအိုးစင်ဘေး လှည်းလမ်းပေါ်မှ ဖြတ်၍ မောင်းသွားရာ ဖုန်များသည် ရေအိုးစင် ထဲသို့ လှိမ့်ဝင်လာ၏။ အတော်ဝေးဝေးသို့ ရောက်သောအခါ လှည်းယဉ်ကလေးကို မမြင်ရ။ တစ်ထောင်း ထောင်းထ ကျန်ရစ်သော ဖုန်များကြား၌ လှည်းယဉ်ကလေးကား ပျောက်သွားလေပြီ။
နွေဦးမှ လေရူးကလေးတစ်ချက် ဝှေ့လိုက်ရာ ရေအိုးစင်ဘေးရှိ ကုက္ကိုပင်မှ ညောင်ရွက် များသည် ချာလည် ချာလည် နှင့်မြေသို့ ခရရှာလေပြီ။ ရမ်းကားသော လေပွေသည် ဖုန်များ၊ ကောက်ရိုး အစအန များနှင့် အတူ ညောင်ရွက်များကို ဝှေ့ယမ်းကစားပြီးနောက် အပြေးကလေး သယ်ဆောင်သွားရာ၊ ချာလည် ချာလည် နှင့် မြောက်တက် ပါသွားရရှာ ပြန်လေပြီ။
'ဟေ့ ဒေါင်းစိန်၊ ဒီနေ့ လဆုတ် ဘယ်နှရက်နေ့လဲကွ'
'ဒီနေ့ တပေါင်းလဆုတ် ၁၀ ရက်နေ့ လဗျာ'
'ဒါပေါ့ဗျ၊ ည ၈ နာရီလောက်ကစပြီး ကြက်ဦးတွန်အထိ ဆွဲလိုက်ရင် ငါးရံ့အကောင် အစိတ် သုံးဆယ် တော့ ဘယ်ပြေးမလဲ'
ကိုဒေါင်းစိန်တို့နှင့် ခဲတစ်ပစ်လောက်ဝေးသော ညောင်ပင်အောက်၌ လျောင်းစက် နေသော နွားအုပ်ကြီး ရှေ့မှ မိတ်နွားမတစ်ကောင်သည် အမြီးကလေးထောင်ကာ ဖြတ်ပြေးလေရာ၊ နွားအုပ်ထဲမှ နွားသိုးများနှင့် နွားပေါက် ကလေးများက ထ လိုက်ကြ၏။ အလိုက်ဦး၍ ရှေ့ဆုံးမှ ရောက်နေသော နွားပေါက်ကလေးသည် မိတ်နွားမ ကို မီကာနီးတွင် သူ့နောက်မှ ရောက်လာသော နွားသိုးက တအား ပြေးဆောင့်လိုက်သဖြင့်၊ နွားပေါက် ကလေးခမျာ ဘေးအောင့်၍ ကျန်ရစ်ရှာ၏။ သို့သော် ဇွဲကောင်းစွာနှင့် နောက်မှ ဆက်လိုက်ရာ တောစပ် အကွေ့ဝယ် ပျောက်ကွယ်သွားလေပြီ။
'ကိုင်းဟေ့၊ လျှောက်ကြဦးစို့၊ ကြာကြာနေရင် ဖားတွေ သေကုန်မှာ စိုးရတယ်ကွ'
နှစ်ယောက်သား ဆက်၍ လျှောက်ကြပြန်၏။ သူတို့၏ ရှ့ဝယ် တံလျှပ်များသည် တရိပ်ရိပ်တက်နေကြ၏။ ပူပြင်း ခြောက်သွေ့သော လဟာပြင်ဝယ် လှည်းလမ်းကြောင်း တစ်လျှောက် ဇွဲကောင်းစွာနှင့် လျှောက်ခဲ့ ကြရာ ညနေ ၄ နာရီခန့်တွင် ရွာဝင်တော့၏။
အခန်း (၄) ဆက်ရန်
.

9 comments:
မရွှေစင်ဦး ရေ စာလာဖတ်ပါတယ်။
ကျေးလက်သဘာဝ နဲ့ တံငါ သည်တို့ ရဲ့ ဘ၀ အသေးစိတ် ကို ခြယ်မှုန်းထား တဲ့ စာပန်းချီလေး
ဟာ စွဲမက်စရာပါပဲ။
ကျေးဇူးတင်ပါတယ်။
ခင်မင်သော
မောင်မောင်
ကြယ်နီ (ကိုတံငါ) လာဖတ်တယ် မရွှေစင်ရေ့...
အဲဒီစာအုပ် ရန်ကုန်အိမ်မှာရှိတယ်... အခုမှ ဖတ်နေရင်းနဲ့ အိမ်ကို ပြန်မှာဖို့ သတိရသွားတာ... လောလောဆယ်တော့ မရွှေစင်ရေးတာပဲ စောင့်ပြီး ဖတ်နေမယ်နော်....း))
ရွှေစင်ရေ---
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အကူအညီတောင်းချင်လို့ ပါဗျာ-
မှန်နန်းရာဇဝင် တွေကိုတင်ပေးနိုင်ရင်တင်ပေးပါလားဗျာ-
အင်တာနက်မှာဘယ်မှာမှရှာလို့ မတွေ့ ဘူး-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
၇ မိုင်ခရီးကို အသွားအပြန်လမ်းလျှောက်နိုင်တာ နည်းတဲ့ဇွဲ မဟုတ်ဘူးနော်။ အကောင်တရာမှ ၃ ကျပ်လောက်တန်တဲ့ ဖားကလေးတွေရဖို့ ဒီလောက် ခွန်အားစိုက်ထုတ်ရတယ်။ မလွယ်ပါလား။
မပြားကြီးနဲ့ ကိုဖိုးကွန့်တို့ တယောက်နဲ့တယောက် ဆဲပြောလေးတွေ ပြောနေကြတာ ပြုံးစရာ။ ဒါမျိုး တောစရိုက်လေးတွေကျတော့လဲ ဘယ်လိုရေးရေး ဒေါသသင့်တယ်လို့ မထင်ဘူး။ ဖတ်ရတာ အဆင်ပြေသား။ ဒိပြင်နေရာမှာဆိုရင်တော့ ဒါမျိုးရေးရင် နှာခေါင်းရှုံ့မိမှာပဲ။ အသုံးအနှုန်းဆိုတာလဲ မယဉ်ကျေးတဲ့ အသုံးတောင် သူ့နေရာနဲ့သူ ရေးတတ် ဖွဲ့တတ် သုံးတတ်ရင် ချစ်စရာ နာပျော်စရာဖြစ်သွားတတ်တာနော်။
ညီမလဲ ခုလို သဘာဝဆန်ဆန် ကျေးလက်အကြောင်းလေးတွေ မဖတ်ရတာကြာလို့ ခုလိုဖတ်ခွင့်ရတာ မရွှေစင်ကိုကျေးဇူးတင်မိတယ်..
စာအုပ်တွေနဲ့ဝေးနေချိန်မှာ စာအုပ်ကောင်းလေးတွေကို ပြန်ရိုက်ပြီး တင်ပေးတဲ့ စေတနာကို လေးစားပါတယ်. အစ်မရေ... ဘာသာပြန်တွေ တော်တော်များများ ကြိုက်တယ်..
ဒီဖားရမှ ဒီငါးကို မျှားရမှာ ဆိုတော့လည်း
ဒီဖားကို ရအောင် တစ်ကောင် သုံးရာနဲ့ မဝယ်နိုင်လို့
ဒီခရီး နီးသလား ဆိုပြီး အသော့နှင့်ရတာပေါ့လေ။
ရေးထားတာလေး ၊ တင်ပြထားတာလေး လှတယ်။
သနားစရာဘဝတွေနော်... ဂရက်ထဲဆင်းတယ်ဆိုတာ နားမလည်ဘူး... ဂရက်ဆိုတာ ဘာကိုပြောမှန်းမသိဘူးဖြစ်နေတယ်...ဖားသွားယူရတဲ့ အခန်းကို ရေးထားတာတော့ သနားပါတယ်နော်...
သူသည် ဘာကိုမှ ထီမထင်သော ဟန်ဖြင့် ခြေလှမ်းကို ဘယ်ညာမှန်မှန် နင်းလာပြီး နောက်၊ အိမ်ထက်မှ မြေပြင်သို့ ခုန်ဆင်းလိုက်၏။ မြေကြီးကို သူ့ခြေသည်းများဖြင့် ယက်လိုက်၍ ခေါင်းခါခါ လည်ခါခါနှင့် အစာကို ကောက်စားရန် ဟန်ပြုကာ၊ တော့ ... တော့ ... တော့ ဟူသော မယ်ဘွဲ့ကဗျာကို သီကျူးနေ၏။ ကြက်မတမ်းမကလေး သုံးကောင်သည် သူ့ကဗျာဝယ် ယစ်မူး ကာ သူ့အနီးသို့ ပြေးလာကြ၏။ သူသည် အတောင်နှစ်ဖက် ဖြန့်၍ ကိုယ်ကို စောင်းကာ ကြက်မကလေး သုံးကောင်အား ပတ်ချာလည့် ရစ်နေ၏။
တံငါရွာကလေး၏ မိုးသောက် ပန်းချီကားတစ်ချပ်။
ဒီလိုလေး ရေးထားတာကြိုက်တယ်....မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာတယ်... ကြက်ဖကြီးရဲ့ ကြက်မလေးတွေကို ရစ်နေပုံလေး....
ဘယ်အချိန်ပြန်ဖတ်ဖတ် ကောင်းတယ် အမရေ.. အဆက် ကလေးအမြန်လုပ်ပါဦး ဗျ။
တော်တော်ရေးနိုင်တယ်နော်..အားကျတယ်ဗျာ
Post a Comment