Thursday, July 15, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၃၁)

အခန်း (၃၁) လမ်းစ မမြင်

    ကိုယ်တောသည် သန့်ရှင်းသော မျက်စိ ရှိတော်မူ၏ အဓမ္မအမှုကို ကြည့်ရှု၍ နေတော် မမူတတ်ပါ။ သို့ဖြစ်၍ သစ္စာပျက်သော သူတို့ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသေနည်း။ အဓမ္မလူသည် မိမိထက်ဖြောင့်မတ်သော သူကို ကိုယ်စားသောအခါ အဘယ်ကြောင့် တိတ်ဆိတ် စွာ နေတော်မူသနည်း။

ဟဗ၊ ၁၊ ၁၃။
    ဦးလေးတွမ်သည် မြစ်နီမြစ်ကလေး၏ အောက်ပိုင်းတွင် လှော်ခတ်လာနေသော လှေပေါ်၌ လိုက်ပါ လာခဲ့ရလေသည်။ သူ့ခြေအစုံလက်အစုံမှာ သံကြိုးများဖြင့် တုပ်နှောင်ထား၏။ ထိုသံကြိုး အစုံတို့ထက်ပင် နှလုံးသားကို တုပ်နှောင်ထားသော သံကြိုးများကား ပို၍ လေးလံလှဘိသည်။ သူ့ မိုးကောင်းကင်၌ လလည်း ကွယ်၊ ကြယ်လည်း ပျောက်ဖြင့် အလုံးစုံ ဆုံးရှုံးရချေပြီ။ သူဖြတ်သန်း လာခဲ့သော ကမ်းပါး၊ သစ်ပင်တို့ဆီသို့ ပြန်ရန် လမ်းစ မမြင်။ မှန်သည်၊ ကင်တတ်ကီ အိမ်ကြီး၊ မယားဖြစ်သူ ချလို၊ သားသမီးများ၊ စိန့်ကလဲယား၏ အိမ်ကြီး၊ ရွှေရောင်ဆံစရှင် အီဗာ၊ ကြင်နာ တတ်သော စိန့်ကလဲယား။ အလုံးစုံတို့ကို သူခွဲခွာခဲ့ရလေပြီ။ ထိုသူများဆီသို့ ပြန်ရန်လမ်းစကို သူ မမြင်တော့။

    လက်ဂရီးသည် နယူးအောလင်းမြို့ ကျွန်ဈေးများတွင် လှည့်လည်၍ ကျွန်ရှစ်ယောက်ကို ၀ယ်ယူလာခဲ့သည်။ သူသည် ကျွန်များကို နှစ်ယောက်တတွဲ လက်ထိပ် ခတ်ပြီး လှေနှင့် တင်၍ သင်္ဘော ဆိုက်ကပ် ထားရာ တာရိုးဆီသို့ လာခဲ့ခြင်း ဖြစ်သည်။ ပြီးလျှင် သူတို့ဥည် မြစ်နီကိုဆန်၍ တက်ကြပေမည်။
    ကျွန်အားလုံး လှေပေါ်မှ သင်္ဘောပေါ်သို့ ရောက်ကြပြီးလျှင် လက်ဂရီးသည် ကျွန်များကို စေ့စေ့စပ်စပ် လှည့်လည်သည်။ ဦးလေးတွမ်သည် သေသပ်သော အ၀တ်နှင့် တောက်ပြောင်သော ဖိနပ်တို့ကို ၀တ်ဆင် ထားသည်။

    "ထစမ်းဟေ့"
    တွမ်သည် မတ်တတ်ရပ်လိုက်သည်။
    "မင်း လည်စည်း ဖြုတ်လိုက်စမ်" တွမ်သည် လက်က လက်ထိပ်ကြောင့် လည်စည်းကို ဖြုတ်ရာတွင် ခပ်ခက်ခက် ဖြစ်နေသည်။ လက်ဂရီးသည် တွမ်ဖြုတ်နေသည်ကိုပင် မစောင့်နိုင်ပဲ တွမ့်လည်စညမ်းကို လည်ပင်း မှ ခပ်ကြမ်းကြမ်း ဆွဲယူလိုက်ပြီး သူ့အိတ်တွင်းသို့ ထည့်လိုက်သည်။

    ထို့နောက် လက်ဂရီးသည် တွမ်၏ သစ်တာကို လှပ်ပြီး မွှေနှောက် ရှာဖွေပြန်သည်။ သစ်တာတွင်းမှ ဘောင်းဘီ အဟောင်းတထည်နှင့် အပေါ်အင်္ကျီအစုတ်အနွမ်း တထည်ကို ထုတ်ယူ သည်။ ပြီးလျှင် တွမ့်ခြေထောက်က ပြောင်လက်နေသော ဖိနပ်ကို အချွတ်ခိုင်းပြန်သည်။ တွမ်သည် သခင်သစ်၏ အမိန့် အတိုင်း လိုက်နာ လုပ်ဆောင်နေ၏။ ဖိနပ်အသစ်ကို ချွတ်ပေးပြီး သခင် ပေးလာ သော ဖိနပ် အဟောင်း အနွမ်း ကို ၀တ်သည်။ လက်ဂရီးသည် ထိုမျှနှင့် မကျေနပ်သေးပဲ တွမ်၏ အိတ်များအတွင်းသို့ လက်နှိုက်၍ ရှာဖွေ စစ်ဆေးပြန်သည်။ လက်ဂရီးသည် တွမ့်အိတ်တွင်းမှ ပိုးလက်ကိုယ်ပ၀ါကို နှိုက်ယူပြီး သူ့အိတ်တွင်းသို့ ထည့်လိုက် လေသည်။ ထို့နောက် လက်ဂရီးသည် တွမ့်အိတ်တွင်းမှ သမ္မာကျမ်းစာကို တွေ့လိုက်ရသဖြင့်
    "ဟေ၊ မင်းက ကျမ်းစာတွေ ဘာတွေနဲ့ပါလားကွ။ ဖုရားတရား သမားလား။ ဖုရားရှိခိုး ကျောင်းတွင် ဘာတွေ သွားတယ်ထင်ရဲ့"ဟု မေးလိုက်သည်။

    "ဟုတ်ပါတယ် သခင်"
    "အေး၊ ဒါဆိုရင်တော့ ဒီအကျင့်ကို ဖျောက်မှဘဲဟေ့။ ငါ့ဆီမှာတော့ ဘယ်နီးဂရိုးမှ ဖုရားရှိခိုး တာတွေ ဓမ္မသီချင်းဆိုတာတွေ မလိုချင်ဘူးကွ။ သိရဲ့လား" လက်ဂရီးသည် တွမ့်ကို စေ့စေ့ စိုက်ကြည့်လျှက် "မင်းမှတ်ထားရမှာက ငါဟာ မင်းအဖို့ ဘုရားရှိခိုးကျောင်းဘဲလို့ မှတ်ရမယ်။ နားလည်ရဲကလား။ မင်း ငါပြောတာ လုပ်၊ ဒါဘဲ" အမိန့်ပေး ပြောဆိုနေ၏။
    ဦးလေးတွမ်၏ စိတ်တွင်းကမူ လက်ဂရီး၏ စကားကို ငြင်းဆန်နေ၏။ သူ့စိတ်အာရုံ၌ အီဗာ မကြာမကြာ ဖတ်ပြခဲ့ဖူးသော ကျမ်းစာမှာ စာပိုဒ်အချို့ ပြန်လည်ထင်ဟပ် ကြားယောင် လာခဲ့ပြန် ချေသည်။ "မကြောက်လင့်"။ ကျွန်ုပ်သည် သင့်ကို စောင်မအံ့။ ကြည့်ရှုအံ့။ အသင်သည် ကျွန်ုပ်၏ တပည့်သားတည်း။"

    လက်ဂရီးသည် တွမ်၏စိတ်တွင်းက ငြင်းဆန်ချက်ကို၎င်း၊ တွမ်ကြားယောင်လာသော တရားစာကို၎င်း မကြားရနိုင်ပေ။ ထို့ကြောင့် သူသည် တွမ့်အား မနှစ်မျို့သော အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက် တွမ်၏ သစ်တာကိုဆွဲလျက် နေရာမှ ထွက်သွားလေတော့သည်။ ထို့နောက် လက်ဂရီးသည် တွမ်၏သစ်တာတွင်းမှ ပစ္စည်း အားလုံးကို ထုတ်ပြီး အခြား လူများအား လှည့်လည် ရောင်းချပစ်လိုက်သည်။

တွမ်သည် သူ့ပစ္စည်းများမှ ကြိုက်ရာတို့ကို ရွေးယူပြီး အကျန်ကို ရောင်းချ ပစ်နေသည့် အဖြစ်ကို ဘာမျှမပြောဘဲ စိုက်ကြည့် နေခဲ့လေသည်။ လက်ဂရီးသည် တွမ့်ပစ္စည်း အားလံးကုန်လျှင်ပင် တွမ့်ဖက်သို့ လှည့်၍
    "ဒါဘဲဟေ့ တွမ်။ အလုပ်လုပ်မဲ့လူဘဲကွာ။ တနှစ်မှာ ၀တ်စုံတစ်စုံရှိ တော်ရောပေါ့။ ကျန်တာ တွေ သယ်နေရင် ၀န်တောင်လေးပါသေးတယ်" ပြောသည် ပြီးလျှင် သူသည် အမ်မလင် ရှိရာသို့ လာခဲ့သည်။ အမ်မလင် ၏ မေးစေ့ကို လက်ဖြင့် ပင့်မလျက်
    "အလို၊ မျက်နှာကလဲ ညိုလှချည့်လား။ ပြုံးပြုံးရွှင်ရွှင် နေမှပေါ့ကွယ့်" ပြောပြန်သည်။

    အမ်မလင်သည် ကြောက်ကြောက်လန့်လန့် ဖြစ်နေသည်။ သူ၏ မျက်နှာကို ငုံ့ထားသည်။
    "အို၊ ဒါ ဘာဖြစ်ရတာလဲ။ ငါ စကားပြောရင် မျက်နှာ ရွှင်ရွှင်ပျပျ ထားရမယ်ဆိုတာ မသိဘူး လား။ ဟေ့၊ ဟေ့ ဟိုကောင်မရော။ ဒီလိုဘဲ မျက်နှာက အောက်သိုးသိုး လုပ်ရေသလား" လက်ဂရီး သည် အမ်မလင့်ကို ပြောရာမှ အမ်မလင်နှင့် အတူတွဲလျက် လက်ထိပ်ခတ်ထားသော မိန်းမကိုပါ လှမ်းပြောသည်။ ထို့နောက် နောက်ဖက် သို့ ခြေတလှမ်း နှစ်လှမ်း ဆုတ်လိုက်ပြီး
    "ဟေ့၊ ဟေ့ မင်းတို့အားလုံး ဒီမှာ ကြည့်စမ်း။ ငါ့ကို သေသေချာချာ ကြည့်စမ်း"
    အားလုံးပင် လက်ဂရီးတူရူသို့ မျက်နှာမူလိုက်ကြသည်။

    လက်ဂရီးသည် သူ၏ လက်သီးဆုပ်ကို မြှောက်ပြပြီး "ဟေ့ ဒီမှာ မြင်ကြရဲ့လား။ ဒါကို ကြည့်ထား။ ငါ့လက်သီးက လူမရွေးဘူးဆိုတာလဲ မှတ်ထား။ င့ါဆီမှာ အလုပ်သမားခေါင်းတွေ ဘာတွေ သီးခြား မထားဘူး။ အလုပ်အားလုံးကို ဟောဒီ လက်သီးနဲ့ ငါကိုယ်တိုင် အုပ်ချုပ်တာဘဲ။ အေး၊ ငါကတော့ ဘယ်သူ့ မှ ညှာလိမ့်မယ် မထင်နဲ့။ ငါပြောတာ နားထောင်။ ငါခိုင်းတာလုပ်။ ငါ့ကို  ဂလန်ဂဆန်လုပ်မယ် ကြံရင်တော့ မှတ်လောက် သားလောက် ဆုံးမ ပြီးသားသာ မှတ်ထား"
    အားလုံးပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြည်။ မျက်လွှာများ ချထားသည်။

    လက်ဂရီးသည် ကြိမ်းမောင်း ပြောဆိုပြီးနောက် သင်္ဘောပေါ်ရှိ အရက်ရောင်းသော နေရာ သို့ လာခဲ့သည်။ ထိုနေရာတွင် တွေ့ရသော လူတယောက်အား
    "ကျုပ်ကတော့ ဒါဘဲဗျ။ ဒီကောင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဒါမျိုးလုပ်ထားပေးမှ" လှမ်းပြောလိုက်သည်။
    "ဒါပေါ့လေ" ထိုလူသည် လက်ဂရီးကို အံ့အံ့သြသြ ဖြစ်နေပုံရသည်။

    "ကျုပ်ကတော့ တခြား ၀ါခင်း ပိုင်ရှင်တွေနဲ့ တယ်မတူဘူး။ တခြား ၀ါခင်းပိုင်ရှင်ဆိုတဲ့ လူတွေကကျ သူတို့အလုပ်ကို အလုပ်သမား ကောင်းတေ ဘာတွေ ခန့်ပြီး သူတို့ကကျ ကြော့ကြော့ ကလေးနေတာ မဟုတ်လား။ ကျုပ်ကတော့ ခပ်ကြမ်းကြမ်းဘဲ။ ဟောဒီလက်သီးသာ ကြည့်တော့။  ဒီကောင်တွေကို ထိုးရင်း ကြိတ်ရင်းနဲ့ဘဲ ကျုပ်လက်သီးဟာ ကျောက်ခဲလို ဖြစ်လာတာဘဲ"
    "အင်း၊ ဒီလိုနဲ့ဘဲ ခင်ဗျား အသဲနှလုံးလဲ ကျောက်ခဲလို မာလာတာဘဲ ထင်ပါရဲ့နော်"
    "အစစ်ပေါ့" လက်ဂရီးသည် ခပ်သောသော ကလေး ရယ်မောပြီး စကားတုံ့ပြန်သည်။

    "ခင်ဗျား လူတွေကတော့ ဟန်ပုံဘဲ"
    "အမှန်ဘဲဗျို့။ အဲဒီ တွမ်ဆိုတဲ့ အကောင်ကို သူတို့ အပြောတော့ တခြားကောင်တွေနဲ့ မတူ လောက်အောင်ကို တော်တယ်လို့ ဆိုတာဘဲ။ အင်း၊ ဟောဟိုဘက်က မိန်းမအသား ခပ်ဝါ၀ါ ကတော့ တယ်ကျန်းမာပုံ မရဘူး။ ဒါပေမယ့် ကိစ္စ မရှိပါဘူးလေ။ တနှစ် နှစ်နှစ် ခိုင်းရရင်ဘဲ တော်ပါ ပြီ။ ကျုပ်ကတော့ဗျို့ ကျွန်ဝယ်လာပြီးရင် သိမ်းထားတတ်တာမျိုး မဟုတ်ဖူးဗျ။ သုံးပစ်လိုက်တာဘဲ။ ခိုင်းပေါ့။ ခိုင်းလို့ တယောက် သေသွားရင် နောက်တယောက်ထပ်ဝယ်။ ဒါဘဲပေါ့" လက်ဂရီးသည် သူ့အရက်ခွက် ထဲက  အရက်ကို မော့သောက်လိုက်ပြန်သည်။

    "တယောက်တယောက်ကို ဘယ်လောက်လောက် ခိုင်းရသလဲဗျ" သူ့ဘေးကလူမှ ဆက် မေးသည်။
    "ဒါကတော့ ဒီကောင်တွေ အခြေအနေ ကြည်လို့ပါဘဲ။ ခပ်တောင့်တောင့် အကောင်မျိုးဆို ခြောက်နှစ် ခုနှစ်နှစ်ပေါ့။ အင်း ခပ်ပျော့ပျော့ဆိုရင်တော့ နှစ်နှစ်သုံးနှစ်ပဲဗျ။ တချို့ မမာတဲ့ အကောင်တွေရှိသေး။ တချို့က မမာမကျန်း ဖြစ်ရင် နွေးနွေးထွေးထွေး ဖြစ်အောင်ဆိုသလို စောင်ကလေး အ၀တ်ကလေးပေး၊ ဘာညာပေါ့။ ကျုပ်ကတော့ ဒါမျိုးနဲ့ ပိုက်ဆံ အကုန်မခံနိုင်ဘူး။ နေမကောင်းဘူးဆိုပြီး ဘာမှ မခိုင်းဘဲလဲ အလကား ကျွေးမထားနိုင်ဘူး။ နေကောင်းကောင်း မကောင်းကောင်း ခိုင်းဘဲ။ မသေမချင်းတော့ ခိုင်းရမှာဘဲ။ သေသွားတော့လဲ နောက်တယောက် ၀ယ်ရင် ရတာဘဲဟာ။ ဘာခဲယဉ်းတာ မှတ်လို့ဗျာ"

    လက်ဂရီးနှင့် စကားလက်ဆုံ ကျနေသူသည် လက်ဂရီးအပါးမှ ထွက်သွားပြီးနောက် မလှမ်း မကမ်းကနေ၍ သူတို့စကားပြောနေသည်ကို စိတ်ပျက်လက်ပျက်ဖြင့် နားထောင်နေသော လူတယောက် ဘေးတွင် ၀င်ထိုင်လိုက်သည်။
    "တောင်ပိုင်းက ၀ါခင်း ပိုင်ရှင်တွေဟာ ဒီလို လူချည်းဘဲလို့တော့ မထင်လိုက်ပါနဲ့ဗျာ" စောစောက လက်ဂရီး နှင့် စကားလက်ဆုံကျခဲ့သူက သူ့ဘေးကလူကို ပြောလိုက်သည်။
    "မထင်ပါဘူးလေ"

    "သူ့ကြည့်ရပုံကတော့ အောက်တန်းကျကျထဲကဘဲ ထင်ပါတယ်။ လူကတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းဘဲ။ ဒါပေါ့လေ၊ ခင်ဗျားတို့ ဥပဒေက ဒီလိုလုပ်ခွင့်ပြုထားဒါဘဲ။ ဒီလိုလူမျိုး ရှိနေတာ မဆန်းပါဘူး။ ဒီအတိုင်းဆိုတော့လဲ ဒီနေရာမှာ ဒီလို လူမျိုး သိပ်မများပါဘူး။ ပြောလို့တော့ လဲ မဖြစ်ဖူးပေါ့"
    "ဒါပေမယ့်လဲ ဒီဝါခင်းပိုင်ရှင်တွေထဲမှာ လူလို သူလိုလူတော်တော်များများလဲ ရှိပါသေး တယ်။

    "ဖြစ်နိုင်ပါတယ်လေ။ ဒါပေမယ့် ကျနော့်အထင် ပြောရရင်တော့ ဒီလို တိရစ္ဆာန်ဘာသာ လူမျိုးတွေ ရှိနေရတာကိုက ခင်ဗျားပြောတဲ့ လူလိုသူလိုလူတွေမှာာ တာဝန်ရှိတာပေါ့။ ဒီလူတွေကို ဒါကို ခွင့်ပြု ထားလို့ပေါ့ဗျာ။ အင်း၊ ဒီနေရာမျိုးမှာဘဲ အဲ သူ့လိုလူမျိုးကလွဲပြီး တခြားဝါခင်း ပိုင်ရှင်မျိုး မရှိဘူး ဆိုရင်တော့လဲ သွားပြီပေါ့ဗျာ။ ဘာပြောစရာလိုသေးသလဲ။ တကယ်တော့လဲ ခင်ဗျားတို့ရဲ့ လူလူချင်း လေးစားမှု၊ တန်ဖိုးထားမှုဆိုတာကိုကလဲ တကယ်တော့ အဲဒီလိုလူမျိုးရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ခွင့်ပြုပေးထား အကာအကွယ် ပေးထားပေတာကိုး" ထိုလူသည် လက်ဂရီး ကို လက်ညှိုးညွှန်ပြလိုက်၊ စကားကို ဆက်ပြောလိုက်နှင့် ရှိနေ၏။

    "အင်း၊ ခင်ဗျား အယူအဆဟာ မဆိုးလှပါဘူး။ ဒါပေမယ့်ဗျို့၊ ဒီနေရာမှာ ခင်ဗျား ခုပြောနေ တာမျိုးတော့ ကျယ်ကျယ်မပြောနဲ့ဗျာ။ ကျနော် ကသာ ခုလို ခင်ဗျားပြောတာကို နားထောင်ဘို့ ၀န်မလေးတာ။ ဒီနေရာမှာရှိတဲ့ တခြား ၀ါခင်း ပိုင်ရှင်တွေကတော့ဗျို့ ဒါမျိုး တယ်ကြားချင်ကြတာ မဟုတ်ဖူး"
    ထိုစကားကြောင့် ဒုတိယ လူငယ်သည် မျက်စိမျက်နှာ ပျက်သွား၏။ ထို့နောက် သူတို့သည် ပဆစ်ပွဲကို စကြလေသည်။

    တချိန်တည်းမှာပင် သင်္ဘောပဲ့ပိုင်းတွင် အမ်မလင်းသည် သူနှင့်အတူ လက်ထိပ်ခတ်ထား သော မိန်းမနှင့် စကားလက်ဆုံကျနေလေသည်။
    "ရှင့်ကို နကိုက ဘယ်သူပိုင်သလဲ" အမ်မလင်က မေးသည်။
    "လယ်ဗီလမ်းမပေါ်က မစ္စတာ အဲလစ်ဆိုတာ။ ရှင် ဒီအိမ်ကို မြင်ဖူးချင် မြင်ဖူးမှာပါ"
    "ဘယ့်နဲ့လဲ။ အဲဒီ ရှင့်သခင်က ကောင်းရဲ့လား"

    "တယ်မထူးပါဘူးရှင်။ ဖြစ်ပုံဘဲကြည့်။ သူနေမကောင်းဘူး။ တအိမ်လုံး ဘယ်သူမှ အနားမနေရဘူး။ ကျုပ်ဆိုတာ အိပ်ရတယ်ကို မရှိဘူး။ အဲဒါ တညသူ့ဘေးမှာ နေရင်း အိပ်မိပါ ယ်။ အဆိုးဆုံး  လူတယောက်ဆီမှာ ကျုပ်ကို ရောင်းပစ်မယ် ပြောဘဲ။ အဲ နောက်ပြီး သူသေရင်တော့ ကျုပ်ကို  လွတ်လပ်ခွင့် ပေးမယ်ဆိုတာကိုလဲ ပြောသေးတယ်အေ့"
    "ရှင်တယောက်ထဲဘဲလား"

    "ကျုပ်မှာ ယောက်ျား ရှိပါတယ်။ သူက ပန်းပဲဆရာပေါ့အေ။ ကျုပ်သခင်က သူ့ကို ပန်းပဲဖို တခုမှာ ငှားထားတယ်။ ခု ကျုပ်ကို ရောင်းလိုက်တော့ သူနဲ့တောင် မတွေ့ခဲ့ရဘူး။ ခလေးကလဲ လေးယောက် ရှိသေးတယ်။ အို၊ ကျုပ်ခလေးတွေ သတိရလိုက်တာ" အမျိုးသမီးသည် မျက်နှာကို လက်ဝါးအုပ်ပြီး ငိုရ ပြန်လေ သည်။

    ဤသို့ဖြင့် သင်္ဘောသည် ကြေကွဲဝမ်းနည်းဖွယ်သော ဖြစ်ရပ်တို့ကို သယ်ပိုးလျက် မြစ်နီ မြစ်အတိုင်း  ဆန်တက်လာခဲ့လေသည်။ အဆုံး၌ သင်္ဘောသည် မြို့ကလေးတမြို့တွင် ဆိုက်ကပ် လေသည်။ ထိုအခါ လက်ဂရီးသည် သူ့ကျွန်များကို ဆောင်ကြဉ်းလျက် သင်္ဘောမှ ဆင်းခဲ့သည်။

အခန်း (၃၂) ဆက်ရန်
.

2 comments:

ဧပရယ်လ်ပူး@ပူးတေ said...

ဦးလေးတွမ် သနားပါတယ်နော်...ကျွန်တွေကို မသေမချင်းခိုင်းတဲ့ ဒီလက်ဂရီးဆိုတဲ့ လူလက်ထဲကိုရောက်သွားတာ သမာကျမ်းစာတောင် မဖတ်ရတော့ဘူးတဲ့... မိုက်ရိုင်းတာနော်...

Anonymous said...

ဘာသာရေးကိစ္စတွေက အတင်းဆွဲထည့်ရေးသလို ဖြစ်နေသလိုပဲ။ ယုံကြည်မှုတစ်ခုထဲနဲ့ လူတွေကို ဇွတ် ယုံခိုင်းနေတာကျတော့လဲ တစ်မျိုးပဲ။

ကယ်တင်ရှင်ဆိုတဲ့ ဘုရားသခင်က ကျွန်တွေ ဒီလောက် ဒုက္ခရောက်နေတာ ဘာလို့ မကယ်တင်တာလဲ။ ကယ်ကယ်မကယ်ကယ် သူ့ကို ယုံရမယ်ဆိုလဲ ဟုတ်သေးဘူးလားလို့။ ဘယ်ဘာသာကိုမှ မစော်ကားဘူးနော်။ ဖတ်ပြီး တွေးမိတာ။