နယူးယောက်
သြဂုတ်လ ၃-ရက်နေ့တွင် ပြင်သစ်ပြည် ပဲရစ်မြို့မှနေ၍ အမေရိကန်ပြည် နယူးရောက်မြို့သို့သွား ရန် အစီအစဉ်ပြုလုပ်ထားပြီးဖြစ်သည့်အတိုင်း သြဂုတ်လ ၃-ရက်နေ့ နေ့ ၂-နာရီတွင် လေယာဉ် ထွက်မည်ဖြစ်ရာ၊ မြို့ပေါ်မှာဖြင့် လယ်ပတ်စရာ ကုန်သလောက် ရှိသွားသောကြောင့် နံက်ပိုင်း၌ ဟော်တယ် မှာပင် အနားယူတော့မည်ကြံရာ၊ ဘာမပြော ညာမပြောနှင့် မစ္စတာစပီးဘတ်တို့ ဇနီး မောင်နှံ ပေါက်ထဲ့ လာပြန်သည်။
သူတို့နှစ်ယောက်သည် နေ့ ၁-နာရီလောက်မှ ပီ-အေ-အေလေကြောင်းအလုပ်ရုံကို လိုက်ပို့ရန် လာရမည် ဖြစ်သော်လည်း ယခုစောစောကြီးလာခြင်းမှာ သူတို့အိမ်တွင် စကားပြောရင်း စာရင်း သောက်ရင်း အချိန်ဖြုံးရန် တမင်လာခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် သေတ္တာများကို သူ့ကားနောက် မြီးမှာ အားလုံး ထည့်၍ သူတို့အိမ်ကနေပြီး လေယာဉ်အလုပ်ရုံသို့ တိုက်ရိုက်ဆင်းရန်ပြောသဖြင့် အရေးပေါ် စီမံကိန်း အတိုင်း သူတို့နေအိမ်သို့ လိုက်သွားရပါသည်။
သူတို့နေအိမ်ကြီးကလည်း ကောင်းပါဘိသည်။ ကောင်းဒါကိုတော့ ပြောစရာမရှိပါပေ၊ ပိုက်ဆံပေါတဲ့ အမေရိကန် သံရုံးအဖွဲ့က ငှားရမ်းထားသော ၀ယ်ထားသော အဆောက်အဦးကြီးတွေဟာ ပဲရစ်မြို့မှ ခမ်းနား ထည်ဝါသော အဆောက်အဦးကြီးများအနက်တွင် စာရင်းအပါအ၀င်များပင် ဖြစ်နေတဲ့အတွက် ရှင်ဘုရင့် ပုဆိုး ပိုးနှင့်ယက်ထားသည်ကို ထူးဆန်းအံ့သြ စရာမဟုတ်တော့ပါ။ မစ္စစ်စပီးဘက်မှာ ဗမာပြည်သူ ဖြစ်၍ သူ့အိမ်ဧည့်ခန်းမှာ ဗမာပြည်လက်မှုပညာ ပစ္စည်းကလေးတွေနှင့် အမြတ်တနိုး ပြင်ဆင် ခင်းကျင်း ထားသည် ကို တွေ့ရပါသည်။
စာအုပ်စင်မှာဆိုရင်လည်း ဗမာပြည်နှင့် ဗမာလူမျိုးတု့ အကြောင်းရေးထားသော အင်္ဂလိပ်ဘာသာ စာအုပ် တွေကို အများအပြားတွေ့ရပါသည်၊ အလှဆွဲချိပ်ထားသော ပန်းချီကားများမှာလည်း ဗမာ ပြည်၏ ရှူမျှော်ခင်း၊ ဗမာပြည်၏ ရှေးဟောင်းအဆောက်အဦးနှင့် စေတီပုထိုးဘုရားဂူကျောင်းပုံများ ဖြစ်နေပါသည်။
သူတို့အိမ်မှာ အကြာကြီးထိုင်စကားတွေပြော၊ စားစရာတွေစား၊ ဓာတ်ပုံတွေရိုက်နှင့် အချိန်ကုန်မှန်း မသိ ကုန်သွားပါပြီ၊ သို့နှင့် နောက်ဆုံးလေကြောင်းအလုပ်ဌာနသို့ ထွက်လာကြပြီး၊ ခရီးသည်တို့ ပစ္စည်းအပ်ရာ တွင် ပါလာသော လက်ဆွဲသေတ္တာတွေထိုးအပ်လျက် လေယာဉ်ပျံကွင်းသို့ ကားထွက်မည့်အချိန်ကို ကြည့် လိုက်သော အခါ ၂-နာရီလိုသေးကြောင်း သိရပါသည်။
၂-နာရီကြီးတောင် အလကားထိုင်စောင့်နေမဲ့အတူတူဖြင့် အဲဒီ ၂-နာရီကို မြို့ထဲကားနဲ့ လျှောက်လယ် ကြည့်ကြသေးဒါပေါ့ဟု မစ္စတာစပီးဘတ်က အဘိထာစကား ပြုပြန်သောကြောင့် ပေါ့ပေါ့ပါးပါးပင် ထသွား လိုက်မိ ပါသည်။ တနာရီ မိုင် ၄-၅ ဆယ်နှုံးနှင့် ပဲရစ်ကို မြို့လုံးပတ် လည်လိုက်သည်မှာ လမ်းကျယ်ကြီး များနှင့် လမ်းသေးလမ်းမွှာ ဟူသမျှ တို့ကို ကားဘီယာ မချမိသည်မရှိသလောက် ဖြစ်တော့သည်။
ဤအတွင်း ကားပေါ်တွင် လက်ကိုင်အိတ်ကို ဖွင့်မိသည်တွင် သုံး၍မကုန် ကျန်နေသေးသော ပြင်သစ် ငွေစက္ကူများ တထပ်ကြီးရှိနေသည်ကိုစမ်းမိ၍ သတိရလာသည်၊ ထောင်နှင့် သောင်းနှင့်ချီ သုံးရတဲ့ ငွေစက္ကူ တွေမှာ ပြန်မည့်နေ့ဟော်တယ်ခတွေရှင်း၊ အခန်းစေ သူငယ်နှင့်သူငယ်မများကို မုန့်ဘိုးပေးပေါ့ပေါ့ပါးပါး လက်ဆောင်ပေးစရာ ရေမွှေးပုလင်းကလေးတွေဝယ်နှင့်ပင် မကုန်နိုင်သေး ပေ၊ ဒီငွေစက္ကူတွေ အမေရိကန် ကိုပါလာရင်လည်း အပိုဘဲ၊ လဲပေးလိုက်စမ်းပါဦး၊ ဦးစပိးဘက်ရယ် ဟု ပြောသဖြင့် သူ့အတွက်ကျ ဒေါ်လာ ၅၀-သာ တန်သော ချက်တခုရခဲ့ပါသည်။ ဤချက်ငွေလွှဲ လက်မှတ်ကလေးကို အမှတ်မထင် လဲလှယ် ယူခဲ့မိသော်လည်း နောက်တနာရီအတွင်း၌ တွေ့ကြုံ ရသော အခက်အခဲ တခုကို လွန်မြောက်စေနိုင်မည့် အထောက် အပံ့ ဖြစ်နေပါသည်။
ပဲရစ်မြို့၏ နာမည်ကြီး အစည်ကားဆုံး လမ်းဖြစ်သော ချမ္မအလီဇေလမ်းကိုမူ ထိုနာရီအတွင်း ၃-၄ ကြိမ် ထက်မနည်း ဖြတ်နေပါသည်။ ရေဆာလိုက်သည်ကလည်း တဒုက္ခပင် ဘယ်ဆိုင်ဝင်ဝင် ရေမတွေ့ ဘီယာ သာ တွေ့ရမည့်အတူဖြစ်လို့ မ၀င်တော့ပါ။ နောက်ဆုံး လေယာဉ် အလုပ်ရုံသို့ ရောက်လာမှ လိမ္မော်ရည် တခွက် သောက်၍ ရေငတ်ဖြေလိုက်ရပါသည်။
စပီးဘက်မောင်နှံတို့လည်း လေကြောင်းဌာနအလုပ်ရုံသို့ပို့ခဲ့ပြီး နှုတ်ဆက်၍ ပြန်ကြရပါသည်။
လေယာဉ်ပျံကွင်းသို့ ကားထွက်သည်အထိ သူတို့စောင့်ပို့နေရန် အချိန်မရှိပါ။ ၂-နာရီခွဲလျှင် သူတို့မှာလည်း ပဲရစ်မြို့၏ ဟော်လီးဒေးအပျော်ထွက်ရမည့် အစီအစဉ် ပြုပြီးသားဖြစ်သဖြင့် သူတို့ အိမ်သို့ပင် မပြန်တော့ဘဲ လေကြောင်း အလုပ်ရုံက ဒေါက်လျှောက် တန်းသွားကြရပါသည်။
လေယာဉ်ပျံကွင်းသို့ ကားထွက်သည်အထိ သူတို့စောင့်ပို့နေရန် အချိန်မရှိပါ၊ ၂-နာရီခွဲလျှင် သူတို့ မှာလည်း ပဲရစ်မြို့ ၏ ဟောလီးဒေးအပျော်ထွက်ရမည့် အစီအစဉ် ပြုပြီးသားဖြစ်သဖြင့် သူတို့ အိမ်သို့ပင် မပြန် တော့ဘဲ၊ လေကြောင်း အလုပ်ရုံက ဒေါက်လျှောက်တန်းသွားကြရပါသည်။
ဦးဇော်ဝင်းနှင့် ဒေါ်ဝင်းနီတို့ အိမ်သာတစုမူကား မနေ့ကတည်းက ပဲရစ်မှ မိုင် ၁၀၀-ခန့်ကွာဝေးသော မြို့တမြို့သို့ ထွက်သွားကြပြီးဖြစ်ရာ၊ စပီးဘက်တို့ အ၀င်သေတ္တာကလေးများပင် ဦးဇော်ဝင်းတို့နှင့် ကြိုတင် ပေးလိုက် ပြီးသားဟန်တူပါသည်။
လေယာဉ်လူပို့ကားကြီး ထွက်ချိန်နီးကပ်လာပြီ၊ အဆောက်အဦးကြီးတခုလုံးလူတွေ ခရီးသွားတွေ တရုံးရုံး ဖြစ်နေပြီ၊ ထိုနေ့မှာ ဟော်လီးဒေမထွက်ရလျှင် သေမလိုဖြစ်ကြဟန်တူသည်၊ လှည်းနေ လှေ အောင်းမြင်းဇောင်း နဲ့ ကားရုံမကျန် ခံတမာဝါလား၊ ဒိုဘီဝါလား၊ ဘိနပ်ဆေးတိုက်သမားကအစ၊ အလူးအလဲ ဆန်းမား ဟော်လီးဒေး နာထနေကြသောကြောင့် မီးရထားဆိပ်၊ သင်္ဘောဆိပ်၊ လေယာဉ်ပျံဆိပ်တွေမှာ ခရီးသွားမည့် လူတွေ ရှုပ်လို့သာပွေတော့သည်။
လေကြောင်းဌာနရုံးခန်းအဆောက်အဦးကြီးကကျယ်လို့သာ ဒါတောင်မှ လေဆိပ်နှင့် မြို့တွင်းရုံးသို့ သယ်ယူ ပို့ဆောင်သော လူစီး ၀န်တင်ကားကြီးတွေဟာ အလုပ်ရုံကြီးရဲ့ အောက်ထပ် မြေနိမ့်ဘက်မှာ ထားပေးလို့ တော်သေးသည်။ ပစ္စည်းသေတ္တာ တွေဝန်စည်စလည်တွေကို ချိန်တွယ် လက်ခံရသောနေရာတွေက လည်း အများ အပြား သူ့အခန်းနှင့်သူ သူ့လူနှင့်သူ ကောင်တာပေါ်မှာ စာကပ်ထားသည်။ ဥပမာ လန်ဒန် သွားမည့်လူ၊ နယူးရောက်သွားမည့်လူ၊ အိန္ဒိယ ဘက်သွားမည့်လူ၊ စသဖြင့် လေယာဉ်ပျံတွေပလူလို။ ခဏ ခဏ ပျံထွက် ရှုပ်ရှက်ခပ်နေသလောက် စာကပ်ထားတဲ့ ပစ္စည်းချိန်တွယ်လက်ခံရာ ပေါက်တွေကလည်း များလှ ပါဘိတောင်း။
ထိုဝန်စည် ပစ္စည်းသေတ္တာများကို လေကြောင်း ဌာနအလုပ်သမားများက အလေးချိန်ရာသို့ လေး လေးလံလံ ထမ်းယူ သယ်ပိုးသွားဘို့မလို သူ့အပုံလိုက် ချထားရာမှကတ္တားကဲ့သို့ ချိန်တွယ်ရာ အပေါက်သို့ အထိ သံလုံး နှင့် လှိမ့်ယူသော စက်ပေါ် တင်ပေးလိုက်လျှင် အလိုလို ပါသွားလေ သည်။ ထို့နောက် ချိန်ပြီး၊ မှတ်ပြီး အမည် နံပါတ် ကပ်ပြား ကလေးများတပ်ပြီး အောက်ထပ်သို့ လျှပ် စစ်လှေခါးနှင့်ပင် ပို့ချလိုက်ရာ ကုန်တင်ကားနိမ့် ကလေး ပေါ်ရောက်သွားပြီး၊ လူတယောက် မတ်တပ်ရပ်မောင်းယူသွားသည်။
ထိုမှတဆင့် လေကြောင်းသယ်ယူပို့ဆောင်ရေး ကားကြီး၏ ခေါင်မိုးပေါ်သို့ အထစ်နှင့်လယ်နေသော ၀န်တင်ကရိယာလေးနှင့် တင်ပို့လိုက်သောအခါ ကားအမိုးပေါ်က အစောင့် တယောက်သာလျှင် မလိုလို တက်လာသော သေတ္တာများကို နေသာတကျ ရှိအောင် ပြုပြင်ပေးလိုက်ရုံပင် တာဝန်ရှိတော့သည်။ လူအပင်ပန်း မခံရဘဲနှင့် ကိစ္စပြီးနိုင်သောကြောင့် တနည်းအားဖြင့် သက်သာ လွယ်ကူပါပေသည်။
ဤနည်းနှင့်ပစ္စည်းချိန်တွယ်လက်ခံရာသို့ စာရေးသူ၏ သေတ္တာတွေ၊ အထုပ်အပိုးတွေ ရောက်သော အလှည့်ကျ လာလေပြီး၊ လန်ဒန်မှ၎င်း၊ ပဲရစ်မှ၎င်း၊ ဗမာပြည် ရွှေဂုန်မြို့တော်ကြီးမှ၎င်း၊ မိတ်ဆွေတွေက အမေရိကန်သို့ လူကြုံကောင်းသည်ဆိုကာ ပးလိုက်ကြတဲ့ လက်ဆောင်တွေ အိုးဘုတ်၊ ဂျိုးရုပ်၊ စာအုပ်၊ ငါးပိကြော်၊ ပုသိမ်ထီးထုပ်ကြီးစုံလို့ သာစေ့တော့သည်။ အဲဒါတွေက စုလိုက်တော့ ယူခွင့်ပြုသည့် အလေးချိန် ထက် အတော်ပိုနေပါပြီ သည်အထဲမှာ ဘာစာအုပ်မှန်းမသိ တထပ်ကြီးပေးလိုက်တဲ့ စာအုပ် အထုပ်ကြီး ကသာလို့ ဆိုးပါတော့သည်။
ကိစ္စမရှိပါ ပို့ရင်လည်း ပို့ပါစေတော့ ကျသင့်တဲ့ အခကို မညီးမငြူပေးပါမည်။ ဘာနဲ့ပေးရလည်းဆို တော့ ဒေါ်လာနဲ့ပေးမှ လက်ခံမည်တဲ့။ ကောင်းပြီ ဒေါ်လာနဲ့ ပေးရမယ်ဆိုလျှင် ဒေါ်လာ ၅၀-တန် ချက်ကို အမ်းပီး ယူပေတော့လို့ ပေးလိုက်ရပါသည်။ ဒါပေတဲ့ ပစ္စည်းချိန်တဲ့ ကိုယ်တော်ချောကချက် ကို မယူဘူးတဲ့ ဒေါ်လာစက္ကူ လက်ငင်းပေးရတဲ့ ခက်သားဘဲ ဗမာပြည် အစိုးရက အခွင့်ပြုလို့ ရလာတဲ့ ဒေါ်လာဆိုတဲ့ ဥစ္စာ ကလည်း ဒေါ်လာစက္ကူ မဟုတ်သေး အမေရိကန်ကို ရောက်မှ လဲပြီး သုံးနိုင်ခွင့်ရှိတဲ့ ခရီးသွား ငွေလွှဲ ချက်လက်မှတ်ဖြစ်နေရာ တော်တော် စောစောက အမှတ်မထင်လဲယူ လာမိခဲ့ပေသော အဲသည်ဒေါ်လာ ၅-တန် ချက်စာရွက် ကလေး တခုဘဲ အားထားစရာ ရှိပါတော့ သည်။
ဦးစပီးဘက်နှင့် ဒေါ်စပီးဘက်တို့ကလည်း ပြန်သွားကြပြီ ပြင်သစ် ကောင်ငယ်ကလေးကလည်း အင်္ဂလိပ်လို ရေရေလည်လည် မပြောတတ်။ ဒီချက်ကိုလဲး၍ မယူလျှင် ဒို့မှာ ပေးစရာမပါတော့ဘူး။ အဲဒီတော့ အလေးချိန် ပိုနေတဲ့ စာအုပ်ထုပ်ကြီးကို ဒီမှာထားခဲ့မယ် ဒို့မိတ်ဆွေကို စာရေးမှာပစ်ခဲ့ပြီး တင်ပို့စေမယ် ဒါကြောင့် ဒီနောက် မှ အထုပ် တခုဖယ်ပြီး ချိန်ပါလို့ပြောတော့ အဲဒီလိုလဲ မလုပ်နိုင် ဘူး၊ ဒေါ်လာဘဲပေးရမယ် ဆိုပြန်တယ်၊ ဒေါ်လာမရှိဘူး ဒီချက်ကို ယူဆိုတော့လည်းမယူချင်ဘူးတဲ့ ကပ်သီးကပ်သပ်လုပ်နေပြန်၏။
ကိုင်ဒါဖြင့်နေဟာ ဒီနေ့လေယာဉ်ပျံနဲ့ မလိုက်ဘူး ပစ္စည်းတွေ ပြန်ထုပ်ပေတော့လို့ သူ့လိုဘဲ ကပ်သီး ကပ်သပ်ပြန်လုပ်ပြန်တယ်။ ဒါတောင် ကိုယ်တော်မြတ်က ဟင့်အင်း ဒီလိုမဖြစ်နိုင်ဘူး လိုက်မှဖြစ် မယ် ဆိုပြန်တော့ လိုက်ရမှာဖြင့် ချက်ကိုလည်းယူ မယူချင် အချိန်ပိုတဲ့ ပစ္စည်းထုပ်ထာခဲ့၊ ဒို့တာဝန်ဘဲ တတ်နိုင်တယ် သူကချက်ကိုလည်း မယူနိုင်၊ ပစ္စည်းထုပ်လည်းနှုတ်ပြီး မထားခဲ့နဲ့ လူဘဲလိုက် ကဲ ... ဒါဖြင့် အချိန် ပိုတဲ့ အထုပ်လည်း ပြန်မနှုတ်နဲ့၊ ချက်လည်းမအမ်းနဲ့၊ လူလည်းလိုက်မယ်၊ အလေးချိန်ပိုထွက်ခကို နယူးယောက် လေယာဉ်ပျံကွင်းရောက်မှ ဒို့ကို လာကြိုတဲ့ လူတွေဆီက ဒေါ်လာနဲ့ ပေးမယ်ပြောတော့ကော နားမလယ် လို့လား ဘာလားတော့မသိ အူတူတူကြောင်တောင်တောင် လုပ်နေပြန်ပါသည်။
အမေးအဖြေ ပြဿနာကြောင့် မိနစ်အတော်ကြာ နေရာနောက်မှ ခရီးသည်တွေ ပစ္စည်းတွေ တသီ စောင့်ကာ ထောင့်ကာ ကျန်နေကြသည်။ ခါတ၀က်ကျိုးတွင် တန်းလန်းကြီးတစ်နေသဖြင့် ခရီးသည် လူကြီး လူကောင်း နှစ်ဦးသုံးဦးက အနီးချဉ်းကပ်ခါ ဖြစ်ကြောင်းကုန်စင်ကို စပ်စုလာကြ သည်တွင် ကတ္တရေ၊ ကတ္တရာ ကောင်ငယ်၏ မရှင်းမရှင်းကိစ္စကို သိရသောအခါ အမေရိကန် ခရီး သည်တဦးက ကြားဝင်ပြီး ဒေါ်လာ ၅၀-တန် ချက်လက်မှတ်ကို လဲလှယ်လိုက်သဖြင့် ဒေါ်လာ နှစ် ဆယ်နီးပါးခန့် အချိန်ပိုအခ ပေးလိုက်ခြင်းဖြင့် ကိစ္စပြီး ပြေသွားပြီးနောက် ရုံးခန်း၏အောက် ခရီးသည် သယ်ယူပို့ဆောင်ရေးဌာနသို့ ရောက်ခဲ့ ကြပါတော့သည်။
မြေအောက်အထပ် သယ်ယူပို့ဆောင်ရေး ကားဆိပ်သို့ ရောက်သောအခါ လက်ပြောင် တောက်ပနေသော လူစီးဘတ်(စ်)ကားကြီးများပေါ်သို့ အသီးသီးသော ခရီးသွားများ တက်ထိုင်နေ နှင့်ကြလေပြီး။ အမေရိကန် ဘက်သို့ လိုက်မည့် ခရီးသည်များစီးသောကား၊ အင်္ဂလန်ဘက်သို့ လိုက် မည့်ခရီးသည်များ အိန္ဒိယမှ အစ ဂျပန် စသော အရှေ့သို့ လိုက်မည့် ခရီးသည်များ၊ သူ့ကားနှင့် ကြိုဆိုခေါ်ယူနေသော လေကြောင်း ဘက် ဆိုင်ရာ အလုပ်တာဝန်ခံတွေကလည်း လှပခန့်ညားတဲ့ သူတို့ရဲ့ ယူနီဖေါင်းဝတ်စုံတွေကို ၀တ်လျှက် အောက်ထပ် ရောက်လာတဲ့ခရီးသွားများကို နေသား တကျ ရှိအောင် ကြိုယူနေရာညွှန်ပြလျှက်ရှိကြပါသည်။
သို့ရာတွင် ဟိုသူငယ်၏ ထစ်ငေါ့နေမှုကြောင့် နောက်ဆက်တွဲခရီးသည်တစု၊ တစ်လစ်ဖြစ်ခဲ့ရ၍ အချိန် အနည်းငယ် ထင့်ကာ ဘတ်(စ်)ကားခေါင်မိုးပေါ်သယ်တင်ကြသည်။
ပစ္စည်းတင်သော အထစ်လယ်စက်ကရိယာပေါ်သို့ သေတ္တာကလေးတွေ တခုပြီး တခုလိုက်လိုက် သွားကြ သည်။ ဘတ်စ်ကားခေါင်မိုးပေါ်ကလူကလည်းဆီးပြီး တခုစီဆွဲယူနေရာချထားလျက်ရှိသည်။ စာရေးသူ၏ သေတ္တာအလှည့်သို့ရောက်လေပြီ။ ရိုးကုမ္ပဏီ တိုက်ထွက် သံဖြူဖြင့်ပြီးသော လက်ဆွဲ ခရီးဆောင် သေတ္တာ အဖြူ တလုံး အပြာတလုံး တရွေ့ရွေ့မြင့် တက်ပါလာသည်။
သေတ္တာအဖြူရောင်မှာ ၀န်တင်ကရိယာ၏ အထစ်ပေါ်တင်လွှတ်လိုက်စဉ်ကပင် တည့်တည့်မတ်မတ် မရှိ သေတ္တာ ၏ လေးဆယ့်ငါးဒီဂရီလောက်မှာ လေထဲတွင်ရှိင ကျန်အပိုင်းကလေးသာ အထစ်ပေါ်တွင် ချိပ်မိ နေသည်။ လူထမ်းကူလီဆိုလျှင်လည်း နဲနဲနောက် ရွှေ့ကိုင်လိုက်ဟု လှမ်းပြောနိုင်သေးသည်။ ယခုတော့ အသက မရှိရှာတဲ့ စက်ကရိယာဆိုတော့ ပြောလို့မရ။ တင်လွှတလိုက်သူကလည်း မြင်ပေမယ့် တက်လှမ်း မမှီတဲ့ နေရာရောက်ခါမှ ပြန်မပြင် လိုက်နိုင် သေတ္တာကလေးမှာမူကား လှုပ်လှုပ်-လှုပ်လှုပ် ဖြစ်ရင်းက စက္ကန့်ပိုင်း အတွင်း မှာပင် မြေပေါ်သို့ ဒိုင်ဗင်ထိုးချလိုက်လေတော့သတည်း။
ကျလာ လိုက်ပုံ ကလည်း ယဉ်ယဉ်ပါဘဲ။ သေတ္တာအလျားလိုက် ထိုးစိုက်ကျလာပြီး သမံတလင်းကို ထိပ်တိုက် ၀င်ဆောင့်လိုက်ရာ ဘာဂျာတွန့်ကဲ့သို့ ၂ တွန့် ၃-တွန့် ခေါက်သွားလေ၏။ သို့သော် သော့ချက် မပျက် ပစ္စည်းတွေလည်း ပွင့်အံထွက်မလာသောကြောင့် ဘာဂျာတွန့်အတိုင်းပင်ပြန်ကောက်ပြီး တင်လွှတ် လိုက်ကြ ပြန်သည်။
အထဲကပစ္စည်းတွေကျတော့ ဘယ်အဖြစ်မျိုးရောက်နေရှာလေသည်မသိ ငါးပိကြော်ပုလင်းလည်းပါ သည်။ လုံချည် အင်္ကျီ အနွေးထည်စုံလို့၊ လူကြုံပါးငပိကြော်ပုလင်းကို အ၀တ်တွေထဲ ထည့်ယူလာ မိတဲ့အတွက် ပုလင်းကွဲ မီးဖိတ်ယို ကုန်လျှင် အ၀တ်တွေဆီစိုတော့မည်ဟု သတိရသော်လည်း ဖွင့်နေရန် အချိန် မရတော့ပေ။
ဗိုလ်သိန်းဆွေအိမ်ကပေးလိုက်တဲ့ ပုသိမ်ထီးသုံးစင်းအထုပ်ရှည်ကြီးကလည်း သေတ္တာထဲမှာ ထည့်လို့ မဆန့်၍ တန်းလန်း တန်းလန်း သယ်ယူလာခဲ့ရသော တာဝန်က တဘက်သို့နှင့် နောက် ဆုံးဘတ်စ်ကားကြီး ထွက်ရာ၊ လေယာဉ်ပျံကွင်းသို့ ရောက်၍ ထွက်ရန်အသင့်ရှိနေသော လေယာဉ် ကြီးပေါ်တက်ထိုင်မိမှပင် အမောပြေသွားပေတော့သည်။
ဥရောပနှင့် အမေရိကန်သို့ ကူးသန်းသွားလာနေသော ပင်လယ်ကူး သင်္ဘောကြီးများသည် အကြီး အကျယ်အခမ်းအနားနှင့် အပြုအစုကို အပြိုင်ကြဲနေသလို ဥရောပနှင့် အမေရိကန်သို့ ဝေဟင် လမ်းခရီးမှ လေယာဉ်ခရီးသည်တို့အဘို့ လေကြောင်းကုမ္ပဏီတွေကလည်း အကြီးနှင့် အကျယ်အပြုအစု ယုယမှုတွေ လေကွတ်မှုတွေ အပြိုင် ကြိတ်နေကြရာ လေယာဉ်၏ အပြုအစု သည် အာရှနှင့် ဥရောပ အကူး နှင့်လည်း မတူ။ ပစိဖိတ် သမုဒ္ဒရာဖြတ်ကူးရာနှင့်လည်းမတူ။ အတ္တာ လန်တိတ်သမုဒ္ဒရာ ဖြတ်ကျော် ကူးသန်းရာ ဖြစ်သော လေကြောင်းစီး ဆရာတို့က အသာဆုံး ဇိမ်အတွေ့ဆုံးဟူ၍ လေကြောင်းခရီးသွားတိုင်းက၎င်း၊ ပင်လယ် ရေကြောင်း ခရီးသွားက၎င်း၊ ထင်မြင်ချက်ပေးကြမည်မှာ မလွဲနိုင်ပါပေ။
လေယာဉ်ထွက်အံ့ဆဲဆဲ၌ ထုံးစံအတိုင်း ကော်ဖီသကြားလုံးများလိုက်ပေးနေပြီ၊ မကြာမှီ ကောင်းကင်သို့ ရောက်ခါ တပါတ်မျှ ၀ဲလိုက်သည်တွင် စိန်းမြစ်ကြီးကို အလယ်လမ်းကြောင်းပြုကာ ခြေရာခြင်း ထပ်မလောက် လယ်ပတ်ခဲ့ရသော ပဲရစ်မြို့ကြီးကို ငုံ့ကြည့်လိုက်ရင်း နောက်တကြိမ် ဒုတိယ အခေါက် အဖြစ် ဆက်ဆက် ရောက်အောင် လာခဲ့ဦးမည်ဟု တမြို့လုံးခြုံလျှက် ကြိတ်၍ နှုတ် ဆက်လိုက် မိသေး တော့သည်။ သို့နှင့် လေယာဉ်သည် အနောက်မြောက်စူးစူးသို့ ဦးတည်ပျံ သန်းလျက်ရှိချေပြီ။
လေယာဉ်မယ်ကလေးလည်း စီးကရက် အမျိုးမျိုးပါဝင်သည် လင်ဗန်းလေးကို ပိုက်ခါ ခရီးသည်တို့ အားဆေးလိပ်တည်ရန် ရောက်လာသည်။ စီးကရက်တွေကလည်း အမျိုးမျိုး၊ အင်္ဂလန်ဖြစ်၊ ပြင်သစ် ဖြစ်၊ အမေရိကန် ဖြစ် ကြိုက်နှစ်သက်ရာ သောက်နိုင်ပါသည်။
တနာရီတခါကျ လေယာဉ်ဘယ်နှစ်ပေ အမြင့်သို့ ရောက်နေပါပြီ။ အပူအအေး ဒီဂရီဘယ်မျှ၊ လေဘယ် ဘက်က တိုက်သည်၊ ဘယ်အချိန်ဘယ်နေရာ ရောက်မည်။ နာရီက ဘယ်ချိန်ပြောင်းပါ၊ ဘာသာညာညာ စုံတကာ စေ့အောင် စရင်းချပြသောလေကြောင်း ကပ္ပတိန်၏ အစီရင်ခံစာ ' ဘူလက်တင်' ကလည်း ခဏခဏ ရောက်လာလျက်ရှိပါသည်။
အပြင်းပြေ လေယာဉ်၏ အောက်ထပ်သို့ လှေခါးငယ်နှင့်ဆင်း၍ ရှုမျှော်ခင်းများကို ကြည့်ရန် ထိုင်ခုံကြီးများ တပ်ဆင်ထားသော ဧည့်ခန်းနှင့် အဖျော်ယမကာ သုံးသောက်လိုရာ ၀ယ်ယူရနိုင်တဲ့ 'ဘား' လည်းရှိပါ သေးသည်။
ပဲရစ်က အမေရိကန်သို့ အတ္တာလန်တိတ်သမုဒ္ဒရာကို ဖြတ်၍ ပျံသန်းသော ထိုပီ-အေ-အေ လေယာဉ်ကြီးသည် ပဲရစ်မှ နယူးယောက်အထိ ခရီးသည်အဆင်းအတက်မရှိ အိုင်ယာလန်ကျွန်းအဖျား ရှနန်း လေဆိပ် တွင် ခေတ္တဓါတ်ဆီ ၀င်ထည့်ရန်ုမှတပါး အတ္တာလန်တိတ် သမုဒ္ဒရာကြီးပေါ်မှ ဖြတ်ကျော်ကာ တညဥ့်လုံး အမေရိကန် ကမ်းခြေဆီသို့ ဒေါက်လျှောက် ပျံသန်း ပါသည်။
သို့ကြောင့် ခရီးသည်တို့အဘို့ ထိုင်ခုံ၏ အပေါ်ထပ်မှာ အိပ်ရာခင်းတခုစီ ထားပေးသည်။ ထိုအိပ်ရာခင်း အတွက်မူ သီးသန့်ပိုက်ဆံပေး၍ ကြိုတင်ဝယ်ယူထားရသည်။
ကြိုတင်ဝယ်ယူမထားသူများမှာ အိပ်ရာမရဘဲ ထိုင်လာသည့် ဆိုဖာကုလားထိုင်မှာပင် အိပ်ရပါ သည်။
ဒီကုလားထိုင်ကလည်း မခေပါ အိပ်ရာကဲ့သို့ပင်နောက်မှီကို ခလုတ်ကို နှိပ်ခါ လှန်လှဲ ခြေတင်ခုံကို ဆွဲထုတ်လိုက်သောအခါ အိစက်ညက်ညောသော ပကတိအိပ်ယာနှင့် မခြားနားပါ။ ခြုံစရာ သက္ကလပ်စောင်၊ ငှက်မေးခေါင်းအုံးများထားပေးလျက်ကြောင့် တကယ့်အိပ်ယာနှင့် သိပ်မထူးလှပါ။
ညနေ ၃-နာရီလောက်တွင် လဘက်ရည်၊ မုန့်မျုးစုံလာပို့ ၄-နာရီလောက်မှာ ' ကောက်တေး ' အရက်မျိုးစုံ အဖျော် မျိုးစုံနှင့် ဖွယ်ရာလှပစွာ ပြုပြင်ထားတဲ့မြီးစရာ ချိုချဉ်-အီဆိပ်ရသာ မျိုးစုံကို ငွေလင်ဗန်းငယ်နှင့် လေယာဉ်မယ်၊ လေယာဉ်မောင်တို့က ထပ်တလဲလဲအပြန်ပြန် အထပ်ထပ် လိုသမျှ သုံးသောက်ရန် ပို့လာ ကြရာ စာရေးသူမှာ လိမ္မော်ရည်နှင့်သာ နေလိုက်ရပါတော့သည်။
လေယာဉ်ခရီးသည်တို့သည် 'ကောက်တေး' လောက၌ အဘယ်မျှ ဇိမ်ခံနေကြသည်မသိ။ လေယာဉ် အတွင်း မှာ ဓာတ်မီးရောင်တွေ လင်းလာပြီး၊ အပြင်အာကာသကြီးမှာ မဲမှောင်လျက် ညဘက်သို့ ရောက်နေပါပြီ၊ လေယာဉ် မောင်မယ်တို့လည်း ကောက်တေးကို စခန်းသိမ်းလျှက် 'ဒင်းနား' ညစာအတွက် သတ္ထု ခြေထောက်တပ် ခေါက်စားပွဲအရှင်ကလေးများကို ခရီးသည်တိုင်း၏ ကုလားထိုင်ရှေ့တွင် တပ်ဆင် ပေးနေကြပါသည်။ မီနုခေါ်စားစရာ စာရင်းကတ်ပြား လှလှကလေးများလည်း ချသွားကြလေပြီ။
ကျွေးမွေးသော ညစာမှာလည်း သည်ခရီးနဲ့ သည့်ပြင် ခရီးမတူသူက ထူးလွန်းများလွန်း ကောင်းလွန်း၊ စုံလွန်း ပိုလွန်းသည်ဟု ယူဆမိပါသည်။ စာရေးသူကဲ့သို့ အစအိမ်ကျဉ်း၍ များများ မစားနိုင်သူအဘို့ အပို ဖြစ်နေစေကာမူ လူကောင်ကြီးကြီး ၀မ်းခေါင်းကျယ်ကျယ်ကြီးတွေ ဖြစ်တဲ့ အမေရိကန်ကြီးတွေ၊ ပြင်သစ်ကြီး တွေ၊ အင်္ဂလိပ်ကြီးတွေမှာ လာချသမျှ ဟင်းမယ်တွေကို ပြောင် သလင်းခါအောင် ထုတ်နိုင်သည်။
နောက်ပိတ်ဆုံး အစာသိပ်တိုက်ကျွေးတဲ့ ကာဖီကိုပင် ပုဂံငယ်တခုသာမသောက်၊ ခရားလုံးပြောင် အောင် သောက်၍ နောက်ထပ်လဘက်ပွဲချသလို ဘီစကွတ်မုန့်နှင့် 'ချိစ်'ဒိန်ခဲကိုလည်း အလကားရလို့ဘဲ ရေကို အသေ သောက်ကြလေသလားထင့်လောက်အောင် တကျွတ်ကျွတ် တမြုံ မြုံ ကိုက်-၀ါးစား နေလိုက်ကြ ပါသေးသည်။
မိန်းမငယ်ငယ်ရွယ်ရွယ်တွေကတော့ ကိုယ်လုံးအလှပျက်မှာစိုးလို့ သိပ်မစားပါ ကောင်ငယ် ကလေး တွေ ကျတော့ ချလိုက်ရင် မြိုက်ကနဲ ပြောင်သွားပါသည်။ စားနိုင်ဒါကိုလည်း အပြစ်ဆို၍ ဖြစ်မည်မထင်ပါ သူတို့ လူမျိုး ဟာက ကိုယ်လက်ကြံ့ခိုင်ထွားကြိုင်းသူတွေဖြစ်၍ သူ့အင်အားနှင့်မျှ တအောင့် စားနိုင်ကြခြင်း သာဖြစ်ပါသည်။
ဆယ့် ၄-၅နှစ်သား ကောင်ငယ်ကလေး တယောက်၏ အလုံးအထည်မှာပင် အရှေ့နိုင်ငံက လူဝကြီး တယောက်စာလောက်ရှိမည်။ သူတို့လူကြီးပိုင်းက အဘိုးကြီး အဘွားကြီးများကျတော့ ၀မ်းခေါင်ကြီးတွေ ကျယ်သလို အစာအိမ်ကလည်း ကျယ်သဖြင့် အနင့်သားစားနိုင်ကြပါတော့သည်။
စားတဲ့ ကိစ္စပြီးစီးတဲ့နောက် တအောင့်တနား စာဘတ်သူဘတ် သတင်းစာကြည့်သူကြည့်ရာက အိပ် ချင်သူ တွေ များလာပြီး သည်အချိန်မှာ လေယာဉ်သည်၊ အိုင်ယာလန် ဒဗ္ဗလင်မြို့နှင့် ကို့ဗ်မြို့အကြား မှ ဖြတ်ကျော် သွားနေပါသည်။ ညိုမောင်းသောကတ္တီပါစပေါ်တွင် စိမ်းဖြူနီပြာရောင် ၀ါမျိုးစုံတောက်ပ နေသော ရတနာအစုအပုံကို ပါးလွှားသော ၀ါဂွမ်းစကလေးနှင့် မလုံမခြုံဖုံးထားသလို မဲနက်သော ညဥ့် ကမ္ဗလာကြီး အတွင်း ပြိုးပြိုးပြက်ပြက်ရောင်စုံမီးရောင်တို့ ပြွတ်သိပ်ကြပ်ခဲနေသော ဒဗ္ဗလင်မြို့ နှင့်ကို့ဗ်တို့ကို တိမ်လွှာပါး တို့ကြားမှ လှမ်း၍မြင်နေရပါသည်။
ထိုအခိုက်တွင် ဒေါ်လာ ၂၀-တန်အိပ်ရာတခု ၀ယ်မရခဲ့တဲ့အတွက် စိတ်ပျက်ညည်းညူနေသော အမေရိကန် ခရီးသည်ကြီးတဦးကို လှမ်းကြည့်မိသည်။ သူကား အခြားမဟုတ် စာရေးသူအား ၅၀-မျှ သော ဒေါ်လာငွေကို ချက် မှ ငွေစက္ကူအဖြစ် လဲလှယ်ကူညီလိုက်သူပင်၊ ထို့ကြောင့်သူ့ကိုတဖန်ပြန်၍ ကူညီ ရတော့သည်။ အိပ်ရာ ၂-ခု ကြိုတင်ဝယ်လာခဲ့တဲ့အနက် အခမဲ့ သူ့ကို တခုခွဲပေးလိုက်သည်။ သူကား အင်မတန် မှ ၀မ်းသာ သွားရှာသည် ကျေးဇူးလည်း သိပ်တင် သွားရှာသည်။
သို့လျှင် အိပ်ရာခင်းတခုအခမဲ့ ခွဲပေးသောကြောင့် အားရ၀မ်းသာ ကျေးဇူးတင်နေရာမှ စာရေးသူမှာ မူလ ကထဲက အပေါ်ထပ်သို့တက်၍ မအိပ်လို၍ အောက်ထပ်ရှိ နေ့လယ်က ထိုင်လာသော နေရာမှာပင်၊ ခြေတင်ခုံ ကို ဆွဲထုတ်နောက်မှီခလုပ်နှိပ်၍လှဲချ၊ လေယာဉ်မယ် လာခြုံပေးသော သိုးမွှေးစောင်၊ ငှက်မွှေး ခေါင်းအုံး တို့ဖြင့် အိပ်တော့မည်ပြင်ဆင်လိုက်သည်။
စောစောက ကျေနပ်ဝမ်းမြောက်စွာ အိပ်စင်သို့တက်အိပ်နေသော ဆရာကြီးမှာ ပြူးကလူးပြာကလာ ဖြစ်လာပြီး၊ ဟာ ဒီလိုဆိုရင် ကျွန်တော် မတရားဘူး ထင်တယ်ဟု အရင်းမရှိ အဖျားမပါ ပြောပါလေ တော့ သတည်း။
' လာလဲ ဘာဖြစ်လို့လဲ' ဟုသူ့ကိုမေးကြည့်သောအခါ သူတို့မှာ တမျိုးသမီးတဦးကို ငဲ့ညှာရမဲ့ဝတ္တရား ကိုယ်စီ ရှိကြသည်၊ မိန်းမတဦးက၀ယ်ယူထားသောအိပ်ရာကို ပိုင်ရှင်ကခွင့်ပြုစေ ကာမူ၊ သူတို့၌ လက်ခံရန် များစွာ ၀န်လေး သွား ဟန်တူသည်။
ဤအတွက် မကြောင့်ကြပါနှင့် အိပ်ရာ သီးသန့် ၀ယ်ယူလာခဲ့ပေမယ့် မူလကပင် အသုံးမပြုလို၍ ပို နေသဖြင့် ပေးပါ သည်ဟု နှစ်သိမ့်စေသည်။ သို့ရာတွင် သူ့မှာ စိတ်မလုံသလို၊ မျက်နှာပူသလို တာဝန်ဝတ္တရား ပျက်ကွက် သလို ရှိနေကာ ဗမာလိုဆိုရင် အိုဗျာ ... အားနာစရာကြီးဖြစ်နေပါပြီ ဟူ သော အပြောမျိုးနှင့် လှဲမအိပ်ဘဲ၊ ထ ထိုင်နေပြန်သည်။
သို့ကြောင့် စိတ်ချလက်ချဖြစ်သွားပါစေတော့လို့ အကြံရကာ ဆရာကြီး စိတ်မကောင်း မဖြစ်ပါနဲ့၊ ကျွန်မတို့ ဗမာ မှာ ယောက်ျားတွေခေါင်းပေါ်က မိန်းမများတက်ရောက်နေထိုင်မှုကို ဆင်ခြင်နိုင်သမျှ ဆင်ခြင်ကြတယ်၊ ဒါဟာ ဘာသာရေး အယူအဆတမျိုးလို့လည်းခေါ်နိုင်တယ်၊ ဒါကြောင့် ဗမာ မိန်းမများဟာ ကိုယ့်ထက် ငယ်တဲ့ ယောက်ျားကလေးများကိုပင် ကျော်လွှားသွားလေ့မရှိဘူး။ ဒါကြောင့် ကျွန်မလည်း ယောက်ျားတွေ ရဲ့ အပေါ်ထပ် မှာ ရှိတဲ့အိပ်စင်ကို ကျော်လွှားတက်ပီး မအိပ်ဘဲ နေခြင်းကြောင့် အိပ်စင်အား နေလို့ ရှင့်ကို ပေးခြင်း ဖြစ်ပါသည်လို့ပြောရသည်။
သည်တော့မှ နည်းနည်းစိတ်အေးသွားပုံရသည်။ ဒါနဲ့တောင် သိပ်မယုံကြည်သေး။ ဟုတ်ကဲ့လား ဒီအတိုင်း ဘဲလားတဲ့...။ ဟုတ်ပါတယ် စိတ်ချ လက်ချသာ အိပ်ပါတော့ဟု ပြောမှ ဤကိစ္စဖြေရှင်း၍ မိုးလင်းသည်အထိ တခေါခေါ ဟောက်ကာ အိပ်နေပါသည်။
သို့နှင့် တဖြေးဖြေး ညဥ့်နက်သည်ထက် နက်လာသည်။ ရှနန် လေဆိပ်ကထွက်ခွာ ပျံသန်းလာပြီး သည့် နောက်တွင် ကားကုန်မြေကို မမြင်ရတော့ဘဲ အတ္တာလန်တိတ် သမုဒ္ဒရာ ရေပြင်ကျယ်ကြီး၏ အထက် အာကာသ မှ ပျံသန်းခဲ့ရတော့သည်။
တိမ်ဂွမ်းဆိုင်ကြီးအောက်မှ ညဥ့်မှောင်ကြောင့် မဲမဲနက်နက် ရေပြင်ကြီးကို ပျောက်ကြားတွေ့မြင် ပါသေးသည်။ အထက် လေဟာပြင်ကို မျှော်ကြည့်ပါမူ ပြာလဲ့ ကြည်လင်သော အာကာသ လောကကြီးနှင့် စိန်မှုန် စိန်ပွင့်တွေ ဖြန့်ကြထားသည်နှင့်တူသော နက္ခတ်တာရာ ပေါင်းစုံကိုပြိုးပြိုး ပြက်ပြက် တွေ့မြင် နေရပါသည်။
ကောင်းကင် ဝေဟင်ယံ၌ သဘာဝ လောကကြီး၏ သာယာမှုကို အာရုံပြု၍ နေရသည်ပင်ဖြစ်လင့် ကစား နာရီပေါင်း ၇-နာရီတိတိ မရပ်မနား၊ ပျံသန်းခဲ့ခြင်း၊ ရာသီဥတု၏ ကောင်းမွန် သာယာခြင်းတို့ ကြောင့် အိမ်ပေါ် တွင် ငြိမ်သက်စွာ ထိုင်နေကျသည်နှင့်မခြား လေယာဉ်မှာ ငြိမ်သက်လွန်းလှသည် ဖြစ်ရာ အချိန် ၇-နာရီခွဲ ဆိုသည်မှာ အိပ်မပျော်လျှင် ပျင်းရိစရာပင် ကောင်းပေလိမ့်မည်။
ဆက်ရန်
.

No comments:
Post a Comment