Friday, July 2, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၈)

အခန်း (၁၈) အော်ဖီလီယာ၏ အထင်နှင့်အမြင်

စင်စစ် စိန့်ကလဲယားသည် ခပ်ပေါ့ပေါ့ သမားဖြစ်သည်။ အလုပ်အကိုင်ကြီးတခု လုပ်နေလင့်ကစား ဘာကိုမျှ အလေးအနက် ထား၍ လုပ်ကိုင်လိုပုံ မပေါ်ပေ။ ငွေရေးကြေးရေး ကိစ္စများ၌လည်း သူသည် ပေါ့ပေါ့ တန်တန် နိုင်လှသည်။ သို့ဖြင့် သူသည်သူ့လုပ်ငန်းတခုလုံးကို သူ၏လူယုံတော် အဖြစ်အမှတ် ထားခြင်းခံရသော ကျွန်ရင်း အဒေါ့ကို တာဝန်ပေးထားသည်။ အဒေါ့သည်လည်း သူသခင်စိန့်ကလဲယားနှင့် ဘာမျှ မခြားနား လှပေ။ သူသည်လည်းဘာကိုမျှ ဂရုမစိုက် အလေးအနက် မထား။

အရောင်းအ၀ယ်ကိစ္စများကို သူတာဝန်ယူ လုပ်ကိုင်နေရစေကာမူ ငွေးရေးကြေးရေး ကိစ္စများ၌ စည်းမဲ့ ကမ်းမဲ့ နိုင်သူ ဖြစ်သည်။ သည့်အတွက် စိန့်ကလဲယားသည် သူ့တပည့်အဒေါ့ကို ဘာမျှအပြစ်မပြော။ သူသည် အဒေါ့ကို အတိုင်းအဆအကန့်အသတ်မရှိ ယုံကြည်ထားလိုက်သည်။ အဒေါ့က ငွေစာရင်း တခု ပေးလာလျှင် သူအလွယ်တကူပင် အိတ်ထဲသို့ ထိုးထည့်လိုက်သည်။ လုပ်ငန်းကငွေကို အဒေါ့လာပေးလျှင် သူဘယ်အခါ မျှ ရေတွက်ကြည့်သည်ဟုပင် မရှိခဲ့။

ဦးလေးတွမ် သည် သူ့သခင်ဟောင်းထံတွင် သခင်မျက်နှာလွှဲလောက်အောင် လုပ်ကိုင်လာခဲ့သူ ဖြစ်သည်။ သူ့သခင်က သူ့ကို စည်းကြီးကမ်းကြီးနှင့် ချုပ်ချယ်ထားသည် မဟုတ်စေကာမူ ဦးလေးတွမ်သည် ခရစ်ယန် တယောက် အဖြစ် ရှိရမည့်ကျင့်ဝတ်များကို သူ့စည်းကမ်းသဖွယ် သူမှတ်ယူထား၏။ ယခုဤအိမ်သို့ ရောက်လာ ခဲ့ရာတွင် သူ့အဖို့ ကျေနပ်နှစ်သိမ့်နိုင်စရာ ရှိသည်ဟု နားလည်သဘောပေါက်ပြီး ဖြစ်သည်။ ထို့ကြောင့် သူ ဤအိမ်တွင် ပျော်လာသည်။ သို့သော်သူ့ သခင်စိန့်ကလဲယား လုပ်ပုံကိုင်ပုံတွေကို မြင်ရသော အခါ သူနားမလည်နိုင်။ သူ့သခင်ရော အဒေါ့ ပါစည်းမဲ့ကမ်းမဲ့ လုပ်နေကြသည်ကို သူသဘောမကျ။ ထိုအခါ သူသည် သူ့သခင်၏ လုပ်ငန်းများတွင် တွေ့ရသော လစ်ဟာချက်များကို ထောက်ပြလာတတ်၏။

ဤသို့ဖြင့် စိန့်ကလဲယားသည် ဦးလေးတွမ်အပေါ် မိုပိုသက်ဝင်ယုံကြည်လာသည်။ အားထားသည်။ ထိုကြောင့် ဦးလေးတွမ်ဤအိမ်သို့ရောက်လာပြီး မကြာမီမှာပင် စိန့်ကလဲယားသည် အဒေါ့တာဝန် ယူ ထမ်းဆောင် နေသော အရောင်းအ၀ယ်လုပ်ငန်းအားလုံးကို ဦးလေးတွမ်အား လွှဲပေးလိုက်သည်။

ဦးလေးတွမ်သည် မိမိသခင် စိန့်ကလဲယား၏ လုပ်ငန်းကိုင်ငန်း လုပ်နည်းလုပ်ဟန်ကိုသာ နားမလည် နိုင်သည် မဟုတ်ပေ။ မိမိသခင်၏ အနေအထိုင် အပြုအမူတွေကိုလည်း သူနားမလည် သမ္မာကျမ်းစာ ကို လည်း မဖတ်။ တရားကျောင်းသို့လည်း မသွား။ ပါတီတက်ကာ ကပွဲသွားကာနှင့်သာ အချိန်ဖြုန်းနေသော သူ့သခင် ကို ခရစ်ယန်တယောက် အဖြစ်မှတ်ယူဖို့ရာပင် အဘောမပေါက်နိုင်ဘဲ ဖြစ်ခဲ့၏။ ထို့ကြောင့်ပင် တခါတွင် တွမ်သည်သူ့သခင်၏ အနေအထိုင် အဆက်အဆံ အပြုအမူကို ထောက်ပြဝေဖန်ခဲ့လေ၏။

စိန့်ကလဲယားသည် ဦးလေးတွမ်ကို တနေ့တခြား နားလည်သဘောပေါက်လာခဲ့သည်။
ဤသို့ ဦးလေးတွမ်အဖို့ လောကသစ်က အတွေ့အကြုံသစ်များကို ရင်ဆိုင်လာရသလိုပင် အော်ဖီလီယာ သည်လည်း ဤတောင်ပိုင်းက အိမ်တအိမ်၏ အိမ်ရှင်မတာဝန်များကို ထမ်းယူခဲ့သည် မှစ၍ အတွေ့အကြုံ သစ်များကို ရင်ဆိုင်လာခဲ့ရ လေသည်။

မှန်သည်။ သူသည်စည်းနှင့်ကမ်းနှင့် နေထိုင်ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ဤအိမ်၏ အိမ်ကြီးရှင် မေရီကား ဤသို့မဟုတ်ပေ။ မေရီကိုယ်တိုင် မိမိအိမ်တွင်းရေးကို လှည့်မကြည့်ပဲ ပစ္စယလက္ခ လုပ်ထားသည်ဖြစ်ရာ တအိမ်လုံး ရှိ ကျွန်များမှာလည်း ထင်ရာစိုင်းနေကြသည်မှာ မဆန်းလှပေ။
ထိုမိန်းမကျွန်များတွင် ဒင်နာသည် အကြီးအကဲဖြစ်သည်။ သူသည်စဖိုမှူးလည်း ဖြစ်သည်။ အချက်အပြုတ် တော်သည်။ သူသည် မေရီ၏ မိခင်ထံမှာကတည်းက မေရီတို့အိမ်တွင် စဖိုမှူး ဖြစ်ခဲ့သည်။ မေရီအား ထိုစဉ် ကပင် မစ္စမေရီဟုသာ ခေါ်ခဲ့သည်။ ယခုလည်းဤအသုံးအနှုန်းအတိုင်း ပင်ခေါ်ဝေါ်သည်။ သူ၌ အကြောင်း အကျိုး အဆင်ခြင်မရှိ။ သူလုပ်သမျှ မှန်သည်ဟုသာ ယူဆသည်။ သူ့အပေါ်ကျရောက်မည့် အပြစ်တခု အတွက် သူ့တွင်ဆင်ခြေ အမြဲရှိပြီး ဖြစ်လေသည်။

ဒင်နာသည်ဤအိမ်ကြီးကို မြောက်ပိုင်းက ရောက်လာသော အော်ဖီလီယာ ကြီးစိုးကွတ်ကဲလိမ့်မည် ဟူသော သတင်း ကိုကြားပြီး ဖြစ်၏။ သို့အတွက် အမှုထားပုံမပေါ်။ အော်ဖီလီယာနှင့် ပြဿနာ ပေါ်လျှင် မည်သို့ ရင်ဆိုင်မည် ဆိုသည်ကအစ သူစဉ်းစားထားပြီး ဖြစ်သည်။

အော်ဖီလီယာသည် ဖြစ်ချင်တိုင်း ဖရိုဖရဲ ဖြစ်နေသော အိမ်တွင်းအ၀တ်ဘီဒို၊ အိမ်ခန်းများ အခြေအနေတို့ကို မြင်ရပြီး ကတည်းကပင် ဤအိမ်ရှင် သခင်မနှင်တကွ ကျွန်များအခြေအနေကို အတန်အသင့် ခန့်မှန်းနိုင်ခဲ့ပြီး ဖြစ်၏။ အော်ဖီလီယာသည် မီးဖိုတွင်းသို့ ၀င်လာသည်။ ဒင်နာသည် အော်ဖီလီယာဝင်လာသည်ကို ဂရုမထား ဟန်ဖြင့် ဆေးလိပ်ကို ဖွာလျက် မှိန်းနေသည်။ အော်ဖီလီယာသည် ဖွင့်လျက်အတိုင်း ဖြစ်နေသော အံဆွဲ ဆီသို့ ရှေ့ရှုလာခဲ့ပြီး "လိုချင်စရာရှိရင် လွယ်လွယ်ကူကူ ယူလို့ရအောင် ဖွင့်ထားတာဘဲ တခင်မ"
အော်ဖီလီယာသည် အံဆွဲတွင်းက ဇာပန်းထိုး စပွဲခင်းတခုကို လှမ်းဆွဲယူလိုက်သည်။ စပွဲခင်းမှာ သွေးများ စွန်းနေ၏။ သားစိမ်းငါးစိမ်းများ ထုပ်ထားသည့် လက္ခဏာရှိ၏။

    "ဒါကဘာလဲဒင်နာ မင်းတို့ဟာ သခင်မရဲ့အကောင်းဆုံးစပွဲခင်းတွေနဲ့ ခုလို သားစိမ်းငါးစိမ်း တွေ ထုပ်ဖို့မကောင်းဘူးထင်တယ်။
    "အိုမဟုတ်ပါဘူးတခင်မရယ်။ ခါတိုင်းထုပ်နေကျ အ၀တ်ပိုင်းပျောက်နေလို့ ကျုပ်ယူပီး ထုပ်လိုက်တာပါ။ အဲဒါ ခုဘဲကျုပ် ရှော်မလို့ထဲ့ထားတာ"
    "အင်း၊ အလကား အကြံတုံးဉာဏ်တုံးတွေ" ပြောပြောဆိုဆိုပင် သူ့မျက်လုံးအစုံသည် စပွဲပေါ်၌ ပြန့်ကြဲ ဖြစ်နေသော တိုလီမိုလီတွေဆီသို့ ရောက်သွားလေသည်။ စပွဲပေါ်တွင်ကား ပစ္စည်းမျိုးစုံပင် ဖရိုဖရဲ ပြန့်နှံ့ ရောထွေး နေ၏။ ဇာဒိဖ္ဖိုလ်သီးလည်း ရှိသည်။ ၀တ်တက်စာအုပ်လည်းရှိသည်။ ပေရေသော လက်သုတ် ပ၀ါများ၊ ချည်စနှင့် ချည်ထိုးအပ်၊ ဆေးတံသောက်ဆေးနှင့် ဆေးတံ၊ ရွှေရေးပန်းကန်ထဲက ဆီမွှေး၊ ဖိနပ်စုတ်၊ အ၀တ်စုတ်၊ ပြီးကြက်သွန်ဖြူတချို့၊ မည်သို့မျှ ဆက်စပ်မရသော ပစ္စည်းမျိုးစုံ။

    "မင်းတို့ဇာဒိဖ္ဖိုလ်သီးတွေက ဘယ်မှာထားတာလဲ ဒင်နာ" အော်ဖီလီယာသည် ဒေါသကို ချုပ်ပြီး မေးသည်။
    "ဒီလိုဘဲတခင်မ။ တင့်တလို ကြည့်ထားရတာဘဲ။ တချို့လဲဟောဟိုနားက ပန်းကန်ကွဲထဲမှာ၊ တချို့လဲ ဘီဒို ပေါ်မှာ"
    "ဒီမှာတော့ကောကွယ့်"
    "ဟောတော့၊ ဟုတ်ပါရဲ့။ အဲဒါကျုပ်မနက်ကမှ ထားတာ။ အလွယ်ရအောင်လို့" ဒင်နာသည် ဘေးတွင် ရပ်နေသော အခြားကျွန်မတယောက်အား လှမ်း၍ "ဟေ့ဂျိတ်၊ ညည်းကဘာလုပ်နေတာ လဲအေ့။ ဒါတွေ သိမ်းလိုက်ပါလား" အမိန့်ပေးလိုက်ပြန်သည်။

    "ဒါတွေကကော" အော်ဖီလီယာသည် ခေါင်းလိမ်းဆီမွှေးထည့်ထားသော ရွှေရေးပန်းကန်ကို ယူ၍ပြရင်း မေးပြန်သည်။
    "ဟောတော့။ ကျုပ်ခေါင်းလိမ်းဆီပါ။ လွယ်လွယ်ရအောင်လို့ ထဲ့ထားတာ"
    "ညည်းတို့ ဒီလိုဘဲ လက်ဖက်ရည်ပန်းကန်ထဲ ခေါင်းလိမ်းဆီထဲ့ သလား"
    "ဟောတော့။ အမယ်လေး၊ ကျုပ်လဲရေးကြီးတုတ်ပျာနဲ့မို့ ထဲ့မိတာပါတော်။ နောက်ပီးလဲ ကျုပ်လှယ်ပစ် တာပါဘဲ"
    "ဟောဒီက ပန်းထိုးလက်သုတ်ပ၀ါတွေကရော" ဖွပ်ဖို့ ထားတာပါ"

    "ဖွပ်စရာအ၀တ်ကလဲ ဒီမှာဘဲ ထားရသလား။ ကြည့်စမ်းမဆေးရသေးတဲ့ ပန်းကန်တွေရော၊ မဖွပ်ရ သေးတဲ့ အ၀တ်တွေရော လုံးထွေးနေတာ အမြင်တော်ရဲ့လား။ ပန်းကန်တွေယူဆေးပစ်စမ်း"
    "ပန်းကန်တွေ ဆေးရမယ်၊ ဟုတ်လား" ဒင်နာသည်ခပ်ကျယ်ကျယ် ပြောရင်း မတ်မတ် ရပ်လိုက်သည်။ "ဒါတွေဟာ ကျုပ်ဆေးနေကျဘဲ၊ တခင်ကလဲယား ထမင်းစားချိန်မှာ ကျုပ်ဆေးတာဘဲ၊ ဒါမျိုးကျုပ်ကို ပြောစရာ မလိုပါဘူး။ ကျုပ်လုပ်မှာပေါ"

    "ကောင်းပြီ၊ ဒီကြက်သွန်တွေကတော့ကော"
    "ဟောတော့၊ အဲဒါတော့ ကျုပ်ဘယ်တုန်းက တင်ထားမှန်းတောင်မတိတော့ဘူး" အော်ဖီလီယာသည် စပွဲ ပေါ်က ပစ္စည်းများကို ကိုယ်တိုင်ဝင်ရောက် သိမ်းဆည်းရှင်းလင်း ရလေ တော့သည်။
    သို့ဖြင့် အော်ဖီလီယာသည် အိမ်တအိမ်လုံး ဒေါင့်တိုင်းစေ့ဝင်ရောက်ကာ ကိုယ်တိုင်သိမ်းသိမ်း ဆည်းဆည်း လုပ်သည့်တိုင်အောင် အရာရာမှာ စိတ်တိုင်းကျ ဖြစ်၍ မလာသေးပေ။ ထို့ကြေင့်လည်း စိတ်ပျက် လက်ပျက်ဖြစ်လာကာ တနေ့တွင် စိန့်ကလဲယားအား
    "ဒီအိမ်မှာလောက် စည်းမဲ့ကမ်းမဲ့ ဖြစ်တာမျိုး ငါဖြင့်မတွေ့ဘူးဘူးဟေ့" ပြောမိလေ တော့သည်။

     "အမှန်ဘဲမမ"
    "ဒီလောက်ဖြစ်ကတတ်စမ်း ရှုပ်ရှုပ်ပွေပွေ ဖြစ်နေတာမျိုး၊ သွန်ပစ်သလို လုပ်နေတာမျိုးတော့ ငါမကြုံဘူး သေးဘူး"
    "ဒါလဲ ဟုတ်ပါတယ်မမ"
    "မင်သာ အိမ်ရှင်မ တယောက်ဖြစ်ရင် ဒါတွေကို မင်းဒီလိုဘဲ ကြည့်နေနိုင်မလား ငါ့မောင်"
    "ဘဲ့နဲ့ တတ်နိုင်မလဲမမ။ ဒီလိုမှမဟုတ်ရင် ဒင်းတို့ကို ရက်ရက်စက်စက် နှိပ်ကွပ်ရမှာဘဲ။ ဟုတ်ပါတယ်။ တချို့ လည်လည်ဝယ်ဝယ်လူတွေကတော့ စနစ်တကျ စီမံခန့်ခွဲနိုင်တယ်။ ဒါပေမယ့် အများအားဖြင့်တော့ ဒီလို ချည်းဘဲ။ ကျနော်တော့ ဆုံးဖြတ်ထားပြီးသားဘဲမမ။ သူတို့လဲ သူတို့ကြိုက်သလို လုပ်ပစေပေါ့။ ဒင်နာ ဘဲကြည့်။ ဘာပြောပြော ကျနော်တို့အတွက် အကောင်းဆုံး ညစာ၊အရသာအရှိဆုံး ကာဖီ၊ ဘာညာပေါ့ဗျာ။ လိုလေသေး မရှိအောင် သူလုပ်ပေးတယ်။ ကျန်တာတော့ သူ့သဘောနဲ့သူပေါ့။ ဒီမှာ ဘယ်လိုဖြစ် နေတယ်ဆိုတာ ကျနော်လဲသိတာဘဲ။ ဒါပေမဲ့ အကောင်းနဲ့အဆိုး ချေရတာဘဲမမ"

    "ဒါပေမဲ့အရာမထင်ဘဲ သုံးဖြုန်းပစ်သလို ဖြစ်နေတာကျတော့ လွန်းလွန်းတယ် ငါ့မောင်"
    "ဒါတော့ မမလက်ထဲ သော့အပ်ထားပြီဘဲ။ မမကြည့်စီစဉ်ပေါ့"
    "ဒါပေမဲ့ ခက်တယ်ငါ့မောင်။ မင့်အိမ်က လူတွေဟာ စိတ်ချရတယ်လို့ မင်းဆိုနိုင်ပါမလား။ ရိုးရိုးသားသား စိတ်ထား ရှိတယ်လို့ကော ဆိုနိုင်မလား"
    "ဒါကတော့ ရှင်းပါတယ်မမ။ ဘယ်နည်းနဲ့မှ မရိုးနိုင်ဘူး။ ဘယ်နည်းနဲ့မှလဲ စိတ်ချရမှာမဟုတ်ဖူး"
    "ဒါမင်း သွန်သင်ဆုံးမရမှာဘဲ"
    "သွန်သင်ရမယ်၊ ကျနော်က သွန်သင်ရမယ် ဟုတ်လား။ ဒါကျနော့်အလုပ်လားမမ။ ဒါကိုမှကျနော် လိုက်လုပ် ရမယ်ဆိုလဲ ၀ါခင်းလုပ်ငန်းတခုလုံး မေရီ့လက်ဝကွက်အပ်လိုက်ရှံပဲ ရှိတော့တာပေါ့ မမရယ်"

    "ခက်ပါတယ်ကွယ်။ ဒီလူတွေ လူ့လောကထဲ ရောက်လာတာကိုဘဲ မမစဥ်းစားကြည့်ပါ။ သူတို့ဘ၀ကိုက ရိုးရိုး သားသား အသက်ရှင်လို့ကောရကြသလား။ ကျွန်တယောက်ဟာဘယ်လို အဖြစ်နဲ့မွေးလာရသလဲ။ အမှီခိုခံ ဘ၀နဲ့ မွေးလာရတယ်။ ဘယ်မလဲ သူတို့ပိုင်ဆိုင်ခွင့်။ သူတို့လုပ်ကိုင်နေရတယ်ဆိုတဲ့ သူ့သခင် ပစ္စည်းက အစ သူဆိုင်သလား။ ဒီတော့ ကျနော့်အနေနဲ့ ပြောရရင်တော့ ဒီလူတွေ ရိုးသားဘို့ဆိုတာ ကျနော်ဖြင့်မြင်ကိုမမြင်ဘူး။ အေးလေ၊ တွမ့်လိုလူမျိုးကျ တော့လဲတကယ့်ကို အံ့သြလောက်အောင် စိတ်ထား ကောင်းနေ ပြန်ရော"

    "ဒီလိုဆို ဒီလူတွေ ဘယ်ဘ၀ရောက်ကြမလဲ ငါ့မောင်"
    "ဒါကျနော့်အလုပ်မဟုတ်ဖူး မမ။ ခုကျနော်ပြောတာကျနော်တွေ့နေရတဲ့အဖြစ်ကို ပြောတာ။ ခုဥစ္စာ က ရှင်းနေတာဘဲ။ ကျနော်တို့အကျိုးကျေးဇူးအတွက် ဒီလူတွေ ဒုက္ခလာခံကြ ရတာဘဲ မဟုတ်လား"
    "မင်းတို့်ကိုယ် မင်းတို့ရှက်ဖို့ကောင်းတာ အမှန်ဘဲ"

    "ဒါလဲကျနော်မသိဘူး။ တကယ်တော့လ မမရယ်၊ ဒါဟာဒီနေရာ ကွက်ကွက်ကလေးမှာမှ လာဖြစ်တာ မဟုတ်ဖဲ။ တကမ္ဘာလုံးမှာ ဒီလိုချည်းပဲ မဟုတ်လား။ အောက်ကလူနဲ့ အပေါ်ကလူ။ အောက်တန်းလွှာက လူတွေ ဟာ သူတို့ရဲ့ အသက်န္ဓာစိတ်နေစိတ်ထားတွေ အားလုံး အပျက်သုဉ်းခံ ပြီး အထက်တန်းလွှာတွေကို အလုပ် အကျွေး ပြုနေကြရတာပဲ မဟုတ်လား"
    "ဒါပေမယ့် ဒို့ဆီမှာတော့ ဒီလို မဟုတ်ဖူး"
    " မမတို့ဆီမှာ ကျနော်တို့ဆိထက် နဲနဲသက်သာချင် သက်သာမယ်။ ဒါပေမယ့် အခြေအနေကတော့ အတူတူပဲပေါ့ မမရယ်။ ကဲပါလေ၊ ဒါတွေထားကြပါစို့"
သို့ဖြင့် အော်ဖီလီယာသည် ထိုညနေစောင်းမှာပင် နောက်ထပ် စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်ကို ကြုံရ ပြန်လေသည်။ ထိုညနေတွင် သူသည် မီးဖိုထဲသို့ ရောက်လာသည်။ ထိုအချိန်တွင် ပရူးရောက်လာခဲ့ခြင်း ဖြစ်လေ သည်။

    "ဟေး၊ ပရူး။ ညည်းလာပြန်ပီလားအေ့" ဒင်နာက ဆီး၍ နှုတ်ဆက်သည်။
အရပ်ရှည်ရှည် အရိုးပေါ် အရေတင် ခန္ဓာကိုယ်ဖြင့် မုန့်တောင်းကို ခေါင်းပေါင်းရွက် ပရူးသည် မီးဖိုတွင်းသို့ ၀င်လာခြင်းဖြစ်သည်။ သူသည်ခေါင်းပေါင်းက မုန့်တောင်းကို စိတ်ပျက်လက်ပျက် ပစ်ချကာ ဆောင့်ကြောင့် ထိုင်သည်။ ဒူးပေါ်တွင်တန်တောင်ဆစ်ကို တင်လျက်
    "ငါတော့တေတာ တေလိုက်ချင်တော့တာဘဲ" ညည်းလိုက်သည်။
    "ရှင်ကဘာလို့ သေချင်ရတာလဲ" အော်ဖီလီယာက ၀င်မေးသည်။

    "ဒါမှဒီဒုက္ခက အေးမှာပါ"
    "ဘာဖြစ်လို့ အရက်က သောက်ရပြန်တာလဲ ပရူးရယ်" အိမ်စေကျွန်မတယောက်က ၀င်မေးပြန်သည်။
    ပရူး အမည်ရှိ မိန်းမကြီးသည် မေးလာသူအား စူးစူးဝါးဝါးလှမ်းကြည့်ရင်း
    "အေး၊ နင်ကမတောက်ဖူးတေူးဘဲကိုးအေ့။ နင်တောက်ရင် နင်စိတ်ညစ်နေတာအားလုံး ပျောက်တွား မှာပဲ" ပြောချလိုက်သည်။
    "ကဲ၊ ပရူး။ ညည်းမုန့်ခြောက်တွေ ပြစမ်းပါအုံး။ ဟောဒီမှာတခင်မ ရှိတုန်း"
အော်ဖီလီယာသည် မုန့်ခြောက် အချို့ကို နှိုက်ယူလိုက်သည်။ ဒင်နာက ဂျိတ်အား လှမ်း၍
    "ဟေးဂျိန်ရေ။ ဟောဟိုစင်ပေါ်က အိုးကွဲထဲမှာ လက်မှတ်တွေရှိပါတယ်။ ညည်းတက်ယူလိုက်စမ်း" ပြောလိုက်သည်။

    "လက်မှတ်၊ ဘာလက်မှတ်လဲ" အော်ဖီလီယာသည် ဒင်နာ၏ စကားကို နားမလည်။
    "ကျုပ်တို့ တူ့ဆိက မုန့်ဝယ်ရင် လက်မှတ်နဲ့ ၀ယ်ရတယ်တော့"
    "ဟုတ်ပါတယ်။ ကျုပ်ပိုက်ဆံမကိုင်ရဘူးပေါ့။ အဲ။မတော်လို့ ပိုက်ဆုံနဲ့များ ရောင်းခဲ့မိရင် အိမ်ရောက်တာနဲ့ ကျုပ်တော့တေပီဘဲ" ပရူးက သူ့အခြေအနေကို ရှင်းပြသည်။
    "တော်ကလဲ ပိုက်ဆံနဲ့တာ ရောင်းရရင် အရက်တောက်ပစ်မှာပဲ မဟုတ်လား" တယောက်က ၀င်ပြော ပြန်သည်။
    "ဒါပဲပေါ့။ ကျုပ်ဖို့တခြား ဘာလုပ်စရာရှိတာ မှတ်လို့။ တောက်၊ မူး။ ဒါမှဒုက္ခဟူသမျှမေ့။ ပီးရောပေါ့"
    "ရှင်အဲလို လုပ်နေတာ ဘယ်ကောင်းမလဲ" အော်ဖီလီယာက ၀င်ပြောသည်။

    "လုပ်ရမှာဘဲတခင်မ၊ လုပ်ရမှဘဲ။ ဒါမှလဲ ကိုယ့်ဒုက္ခကိုယ်မေ့လို့ရမှာ။ ဒါကြောင့်ကျုပ် တေချင်တယ်လို့ ပြောတာပေါ့"
ထိုနောက်ပရူးသည် ထိုနေရာမှ ထွက်သွားလေသည်။
    "အလားကား တလိတ်ဆန်မကြီး။ ငါတာတူ့တခင်ဆို တက်ပစ်တာကြာဘီ" စိန့်ကလဲယား မုတ်ဆိတ် ရိတ်ရန် ရေယူလာသော အဒေါ့က ၀င်ပြောသည်။
    "ဟဲ့ကောင့်၊ နင်ဒီလိုမပြောနဲ့။ နင်ကြည့်စမ်း၊ တူကျောတပြင်လုံး ရစရာရှိတလား။ အရိုက်ခံ ထားရတာ။ အကျီ တောင်မကပ်နိုင်ဘူး"
ဦးလေးတွမ် သည် ခပ်စောစောကပင် မီးဖိုထဲသို့ ရောက်နေခဲ့သဖြင့် အလုံးစုံ ဖြစ်ရပ်များကို မြင်ရကြားရပြီး ဖြစ်သည်။ ထို့ကြောင့် ပရူးထွက်သွားလျှင်ပင် သူသည်ပရူးနောက်သို့ လိုက်သွားသည်။
    "ကဲ၊ ပေး၊ပေး။ မင်းတောင်းကို ငါကူပြီး သယ်ပေးမယ်" ကရုဏာဖြင့် ပြောသည်။

    "အို၊ ဘာဆိုင်လို့ တော်ကတယ်ရမှာလဲ။ မလိုပါဘူး"
    "မဟုတ်ဖူး။ မင်းကြည့်ရတာ နေမကောင်းနေသလိုဘဲ"
    "ကျုပ်နေကောင်းပါတယ်"
    "ပေးပါ။ ငါကူပါ့မယ်။ မင်းခုလို အရက်သောက်တာကို ငါမကြိုက်ဖူး။ အရက်သောက်တာ မကောင်းဘူး ဆိုတာ မင်းမသိဘူးလား"
    "တိတားဘဲ၊ ဘာဖြစ်လဲ။ ဒါတော်ပြောစရာ မဟုတ်ပါဘူး။ ကျုပ်ဟာယုတ်မာတယ်၊ ပျက်စီးတယ်။ ဘာဖြစ်လဲ။ ဒီလိုဘဲနေတွားလိုက်မယ်။ ပီးရောပေါ့"
    "ဘုရား၊ ဘုရား။ ဒီမယ်ပရူး။ မင်းယေရှုခရစ်တော်ကို ကြားဘူးရဲ့လားဟင်"
    "ယေရှုခရစ်၊ ဘဒူလဲ"
    "ဒါဖြင့်ဒိုလို လူဆင်းရဲတွေအပေါ်မှာ ကရုဏာထားတဲ့ ဒို့လိုလူဆင်းရဲတွေအတွက်အသက်
သေသွားရတဲ့ ယေရှုသခင်ကို မင်းမကြားဘူးဘူးလား"

"မကြားဘူးပေါင်။ ကျုပ်အဖိုးကြီး တေတွားကတဲက ကျုပ်အပေါ်မှာ မေတ္တာကရုဏာ ထားတဲ့တူလဲ တယောက် မှ မရှိပေါင်"
    "အင်း၊ သနားစရာဘဲ။ ယေရှုသခင်ဟာ မင်းတို့လို လူတွေအပေါ်မှာ မေတ္တာထားပါတယ်။ ဒါကို မင်းမသိ ဘူးလား။ ယေရှုသခင်ဟာ မင်းကို ကယ်တင်မယ်၊ မင်းကိုကောင်းကင်ဘုံမှာ ငြိမ်းငြိမ်း ချမ်းချမ်းနေစေ့မယ်လို့ ဘသူ ကမှမင်းကိုမပြောကြားဘူးလား"
    "ကျုပ်ကောင်းကင်ဘုံ တွားရမယ်၊ ဟုတ်လား။ တော်စမ်းပါတော်။ အဲဒီနေရာဟာ လူဖြူတေ တွားတဲ့နေရာ မဟုတ်လားတော်ရဲ့။ အင်း၊ တူတို့မှ အဲဒီနေရာရှိနေရင်တော့ ဟိုကျလဲ ကျုပ်လိုဘဲ ဒုက္ခတေရောက်၊ ခုလိုဘဲ စိတ်ချဉ်ပေါက်ပီး ထင်ရာလုပ်နေမိအုံးမှာဘဲ"

အခန်း (၁၉) ဆက်ရန်
.

No comments: