အသားတံဆိပ်မပါတဲ့သူ
ဒီကိစ္စ သူ့ဆီရောက်လာတော့မယ်ဆိုတာ သူကြိုသိပြီးသား။ ပြောရရင် သူ့ဆီမရောက် ရောက်အောင် လုပ်ခဲ့တာ ဆို ပိုမှန်လေမလားပဲ။ ဒါကလည်း သူ့အတွေ့အကြုံ သူဖြတ်သန်းခဲ့တဲ့ အခြေအနေက သူ့ကို တတ်မြောက် အောင် သင်ပေးခဲ့တာဖြစ်လေ ဒီလိုအတွေ့အကြုံ ဒီလိုအခြေအနေမျိုးရောက်ဖို့ ကုန်ခဲ့ရတဲ့ နှစ်တွေ၊ သင်ခဲ့ရတဲ့ပညာတွေနည်းလို့လား..... ဘာပဲပြောပြော ခုတော့ ကိစ္စတစ်ခုလုံး သူ့လက်ထဲ ရောက်လာပြီ၊ သွန်သွန်မှောက်မှောက် သူ့ကြိုက်သလို ချယ်လှယ်ခွင့်ရပြီ။ ဒါကြောင့် သူတို့လောကမှာတော့ သူ့ နာမည် က ခပ်ကြီုးကြီး၊ သာမန်လူမပြောနဲ့ သူတို့လောကထဲမှာတောင် သူ့ထက်သမ္ဘာရော ၀ါရောကြီးတဲ့ ပုဂ္ဂိုလ်တွေ ကအစ တော်ပါပေတယ် ကိုခင်မောင်အေးရယ်လို့ ပါးစပ်က ထုတ်မပြောပေမယ့် သူတို့ မျက်လုံး တွေက ၀န်ခံပြီးသား။ သူတို့လောကမှာ လမ်းဘေးမှ လမ်းလျှောက်နေရတဲ့သူတွေ တပုံတပင် သူကတော့ ခြံနဲ့ဝင်းနဲ့ ကားနဲ့ ဖုန်းနဲ့...ဒါကိုကြည့်ရင် သူ့အရည်အချင်းကို တွက်လို့ရပြီ။
ဒီအမှုသူ့ကို လာအပ်ကတည်းက အမှုသွားအမှုလာကို သေချာလေ့လာပြီးသား၊ ဒီအမှုက သူလိုက်ရတဲ့ ဘက်က နိုင်မှာ လုံးဝသေချာနေပြီ၊ တရားခံဘက်ကနေ လိုက်ရပေမဲ့ ဒီအမှုက လုပ်ကြံ စွပ်စွဲ ထားတယ်ဆိုတာ အထင်အရှားကြီး၊ သူ့တရားခံ အချုပ်က လွတ်တာနဲ့ တစ်ဖက်က အလိုလို အချုပ်ထဲ ပြန်ရောက်မယ့် အမှု့မျိုး၊ တစ်ဖက်က မတရားလုပ်တယ်သာဆိုတာ ရုံးတွေစခန်းတွေ ရောက်ဖူးတာ မဟုတ်ဘူး၊ ခုသူတို့ဘက် ပြန်လှည့်မယ်ဆိုတာလည်း သိရော တတ်မလို ချက်မလိုနဲ့ ကုန်ချင်သလောက် ကုန်ပါစေ၊ သူတို့သားဘာမှမဖြစ်ရင် ပြီးရောဆိုတာမျိုး၊ အကွက်ကသိပ်ကိုလှနေပြီ၊ ဒါက သူအလိုလို ဖြစ်လာတဲ့ ခွင်ကျ၊ သူ့ဘက်က နည်းနည်းလေး ဟလိုက်တာနဲ့ အားလုံးအိုကေ၊ သူအစီအစဉ်ကို စနစ်တကျ ဆွဲ ဖို့ပဲ လိုတယ်။ ဘာခက်တာမှတ်လို့၊ ဒါမျိုးက သူလုပ်နေကျ။
ပြောကြကြေးဆို ပထမဦးဆုံး တရားရှံး ရက်ချိန်းရက်မှာတွင် အခြေအနေအားလုံး သူ့ဘက်ကို ရောက်လာ ပြီးသား၊ တရားလိုကို သူစမေးခွင့်ရကတည်းက သူ့အစွမ်းအစကို အားကုန ထုတ်သုံးလိုက်သည်။ သူ့နှုတ်ဖျား မှ မရပ်မနားတရစပ် ပစ်လွှတ်လိုက်သော စကားလုံးမြားများက တဘက်အမှုသည်၏ ဆောက်တည်ရာကို ပျက်ပြား သွားစေခဲ့တယ်။ ချွေးသီးချွေးပေါက်ကျလာပြီး ဖြူဖတ်ဖြူရော် ဖြစ်လာသော မျက်နှာ၊ တဆတ်ဆတ် တုန်လာသော နှုတ်ခမ်း၊ ညှိုးကျသွားသော မျက်လုံးရောင်နှင့် ကယောင်ချောက်ချား ဖြစ်သွားသော ကတုန် ကယင် ကိုယ်ခန္ဓာအနေအထားကို မြင်ရရုံနှင့် ပွဲပြီးသွားပြီဟု သူသိလိုက်သည်။ တရားရုံးအခန်းတွင်းနှင့် အခန်းဝ တို့တွင် ရှိသော သူ့မေးခွန်းတွေ အဆုံးမှာ သူ့အမှုသည်များ၏ အပြုံးနှင့် တစ်ဖက်အမှုသည်၏ အရုံးကို လူများ၏ အပ်ကျသံပင် ကြားရလောက်အောင်ဆိတ်ငြိမ်မှုကလည်း သူ့မေးခွန်းတွေရဲ့ အောင်မြင်မှု ကို သက်သေထူနေခဲ့သည်။ ကွဲကွဲပြားပြား တွေ့နေကြရပြီ။
သူ့နှုတ်ခမ်းတစ်ချက်တွန်ရုံလေး ပြုံးလိုက်သည်။ ခင်မောင်အေးပဲ ဒီလောက်တော့ ရှိမှာပေါ့။ နောက်တရားရုံး ရုံးချိန်း ဒုတိယအပတ် မရောက်ခင်မှာပင် အမှုပွဲစားတွေက တစ်ဆင့်သူ့ဆီကို တစ်ဖက်အမှုသည် ရောက်လာ ခဲ့သည်။ ကြားအမှူပွဲစားပါလာပြီဆိုတာ သိကတည်းက သူခါးခါးသီးသီး ငြင်းရတော့မည်ဆိုတာ သူ့ အတွေ့အကြုံ က သင်ပေးထားပြီး ဖြစ်သည်။ ဒီပွဲစားဆိုတာ လူတွေက တရားရုံးမှာ ဂျင်ခြေလည်နေတဲ့ အကောင် တွေ၊ ပိုက်ဆံယူပြီး နှုတ်လုံတာမဟုတ်။ တစ်ဖက်ရှေ့နေကို အပိုင်ဝယ်တဲ့စကားက ဒီကောင်တွေ ပါးစပ် က ထွက်လာတဲ့စကား။ သူတို့ပြောတာ အဆင်မပြေရင် အမှုသည်ကို မြှောက်ပေးပြီး ဟိုတိုင်ဒီတိုင် လုပ်ခိုင်းမည်။ အမနာပပြောမည်။
ဒါသူတို့အလုပ်။ တစ်ဘက်အမှုသည်များကို သူစကားပြောရန် ငြင်းဆိုပြီး နှစ်ရက်အကြာညပိုင်းတွင် သူ့အိမ်သို့ တစ်ဖက်အမှုသည်က တွေ့ခွင့်ရရန် တယ်လီဖုန်းဖြင့် ဆက်သွယ်လာခဲ့သည်။ ဒါကို သူပထမ ငြင်းဆို ခဲ့သည်။ နောက်မှလူမှုရေးအရ အကူအညီပေးမည်ဟူသော စကားဖြင့် တစ်ဖက်အမှုသည်ကို သူ့ပိုက်ကွန် ထဲသို့ အမိအရသွင်းယူခဲ့သည်။ သူနှင့် တစ်ဖက်အမှုသည်တို့ တွေ့ဆုံချိန်တွင် ရှုပ်ထွေးသော အခြေအနေ တို့ကို ချဲ့ကားပြောဆိုခြင်းဖြင့် အမှုရဲ့ အခက်အခဲဆုံး အပိုင်းပို မသိမသာလှစ်ပြပြီး ငါးစာကြီးကြီး တပ်ခဲ့လေသည်။ နောက်ဆုံးသူ့အိမ်မှ အမှုသည် ပြန်ထွက်သွားချိန်မှာ ပြုံးယောင်သန်း နေမည် ကိုတော့ သူလိုက်မကြည့်ရဘဲ သိနှင့်နေလေသည်။
သူ့အမှုသည်ကို အာမခံရအောင် သူကြိုးစားပေးခဲ့သည်။ အာမခံရပြီး အချုပ်မှ လွတ်တုန်းကဆိုလျှင် သူ့အမှုသည် များက သူ့ကိုထိုင်မကန်တော့ရုံတမယ်။ တကယ်တော့ သူကသာမန်ရုံးလုပ်ရိုးလုပ်စဉ်ကိုသာ လုပ်ပေး ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ သူတို့က ဥပဒေနှင့် ပတ်သက်သော ဗဟုသုတ အနည်းငယ်မျှပင် မရှိခဲ့ကြ ၍ မြင်မြင်သမျှသည် သူတို့အတွက် အားကိုးရာ။ သူကတော့ အမှုသည် ကျွေးမွေးသော စားသောက် ဖွယ်ရာ များကို သုံးဆောင်ခံစားလိုက်။
အမှုသည် ငှားပေးထားသော တက္ကစီကားကို ဇိမ်ကျကျစီးရင်းနှင့် အမှုတစ်ပတ်ပြီး တစ်ပတ် ကုန်ဆုံး ခဲ့လေသည်။ ထိုအမှု ရက်ချိန်းပတ်တို့အတွင်း ပြောင်းလဲသွားသော သူ့မေးဟန် သူ့လျှောက်လဲချက်များကို ဘယ်သူ သိနိုင်ပါမလဲ။ အထူးသဖြင့် သူ့ကိုယုံကြည်စွာဖြင့် အပ်နှံငှားရမ်းထားသော သူ့အမှုသည်များက သိဖို့ ဝေးစွ စိုးစဉ်မျှပင် မရိပ်မိခဲ့ချေ။ တဖက်ရှေ့နေကတော့ ခပ်ပြုံးပြုံး။ ဒါလည်းသူ့ပညာပဲ မဟုတ်လား။ ဒီနေ့တော့ အမှုကိစ္စ စောစောပြီးလို့ အိမ်စောစောပြန် ရေမိုးချိုးပြီး ပက်လက်ကုလားထိုင်လေးကို ခရေပင် အောက်မှာ ခင်းလိုက်သည်။ ပြီးမှ စာအုပ်တစ်အုပ်ကို စိတ်အေးလက်အေး ထိုင်ဖတ်နေလိုက်သည်။ သားနှင့် သမီးက ဧည့်ခန်းထဲမှာ ရုပ်ရှင်ကားတစ်ကား ထိုင်ကြည့်နေကြသည်။ ဇနီးသည်ကတော့ သူသောက်ဖို့ ကော်ဖီ တစ်ခွက် မီးဖိုထဲမှာ သွားဖျော်ပေး နေသည်။ ရုပ်ရှင်ကြည့်ရင်း သားနှင့်သမီးဆီက စကားသံတချို့ သူ့ထံ သို့ လွင့်လာခဲ့သည်။
'မမအဲဒီ လူကြီးတွေကို ဘာလုပ်တာလဲဟင်'
'သူတို့ကို ဖမ်းထားတာ မောင်လေးရဲ့'
'ဘာဖြစ်လို့ ဖမ်းထားရလဲ'
'သူတို့ကို ပြန်ရောင်းစားမလို့'
'ဟင် လူတွေကို ရောင်းစားလို့ရလား'
'အဲဒီခေတ်က ရတယ်၊ သူတို့ကို ကျွန်တွေလို့ ခေါ်တယ်၊ သူတို့ကို ဖမ်းပြီးတော့ အဲဒီလို သံကြိုးကြီး တွေနဲ့ ချည်ထားပြီးရင် ဈေးလိုဟာမျိုးမှာရောင်းတာ။ သန်သန်မာမာတွေဆိုရင် ဈေးပိုရတာပေါ့။ သူတို့ကို ငွေဝယ်ကျွန် တွေလို့ ခေါ်တယ်။ ဈေးပိုပေးတဲ့လူတွေကို ရောင်းတာပေါ့'
'ဟော မမသူတို့ကို ဘာလုပ်တာလဲဟင်၊ ဘာလုပ်တာလဲ'
'သြော်သူတို့ ၀ယ်ထားတဲ့ ကျွန်တွေကို သူတို့ကျွန်မှန်း သိအောင်လုပ်တာလေ၊ တံဆိပ်တွင်းထားတဲ့ သံတုံးကို မီးဖုတ်ပြီး အသားကို ကပ်လိုက်တော့ အသားမှာ အဲဒီတံဆိပ်က ဖျက်လို့မရတော့ဘူးပေါ့'
'ဟာ ကြောက်စရာကြီး သားသားမကြည့်ချင်တော့ဘူး'
သားငယ် ရဲ့အသံ မရှေးမနှောင်းမှာပဲ သူရှိရာ ရောက်လာခဲ့သည်။ ပြီးတော့ သူ့အနားကို ကပ်ပြီးသံကြိုးတွေ ချည်ထားတဲ့ ကျွန်တွေအကြောင်း ဟိုမေးဒီမေးနဲ့ သားပုံစံက စိတ်မကောင်းနေတဲ့ပုံ။ နောက်တော့ သူ့ ဘယ်ဘက်လက်မောင်းမှာ ငယ်ငယ်က ကာကွယ်ဆေးတွေ ထိုးထားလို့ ဖြစ်နေတဲ့ အမာရွက်ကို တွေ့သွားပြီး တအံ့တသြနဲ့ ကိုင်ကြည့်နေတယ် ပြီးတော့ သူ့ကို 'ဖေဖေ လက်မောင်းမှာလည်း ဟိုလူကြီး တွေလို တံဆိပ်ပဲလား ဟင်' တဲ့ သူ့နှလုံးသားထဲ ရုတ်တရက် ထင့်ခနဲ ရှက်စိတ်နဲ့ နာကျင်သွားတယ်။ သားလေး ခေါင်းကို သူပွတ်လိုက်ပြီး -
'မဟုတ်ပါဘူး သားရယ်၊ ဖေဖေငယ်ငယ်က ဆေးထိုးထားတဲ့အမာရွတ်ပါ'လို့ခပ်တိုတို ရှင်းပြလိုက်တယ်။
နေကအပြင်မှာ ကျွတ်ကျွတ်ဆူအောင် ပူလျက် ရှိသည်။ တရားရုံးပတ်လည်တွင် သစ်ကြီးဝါးကြီး သိပ်မရှိလှ၍ အပူ ပို၍ ပြင်းနေသလား ထင်ရသည်။ တရားရုံး အဆောက်အဦးကလည်း တစ်ထပ် ခပ်နိမ့်နိမ့်ဆိုတော့ လေ၀င် လေထွက် သိပ်မရှိလှ၊ ဒီလိုအချိန်မျိုးမှာမူ အမှုစစ်ဆေးသည့် ရုံးခန်း အပေါက်ဝမှာ တရားခွင်ကို လာကြည့် တဲ့ လူတွေကလည်း ကြိတ်ကြိတ်တိုး ... တရားခွင်မှာ ရောက် နေကြတဲ့ လူတွေအားလုံးရဲ့ ပုံစံ ဒီအမှုကို စိတ်ဝင်စားနေသည့်ဟန်၊ ဦးခင်မောင်အေး သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ လည်ကတုံး ကော်လာ တစ်လျှောက်မှာ ချွေးတွေနဲ့ ယားကျိကျိ ဖြစ်နေပြီး ဆောင်းထားသော မောင့်ကျက်သရေ ခေါင်းပေါင်းစကိုလည်း ခဏလောက် ချွတ်ပစ်ချင် လှပြီ။
ဝတ်ထားသော တိုက်ပုံအင်္ကျီအနက်ကိုလည်း ခဏလောက် ခေါက်ထားလိုက်ချင်သည်။ ဘောပင် ကိုင်ထားသောလက်နှင့် စာရွက်ကိုင်ထားသော လက်တွေက ချွေးတို့ဖြင့် စိုရွှဲ နေလေပြီ။ အပြင် ရာသီဥတု ကြောင့် သက်သက်တော့ မဟုတ်။ သူ့ခေါင်းထဲမှာ အထပ်ထပ်အခါခါ စဉ်းစား အကွက်ချခဲ့သော ကိစ္စနှစ်ခု၏ အားပြိုင်မှု က သူ့ကို ပင်ပန်းနွမ်းနယ်စေသည်။ ခါတိုင်း သူလုပ်နေကျ အလုပ်ပဲ။ ဒီတစ်ခါမှ ဘာဖြစ်လို့ ပင်ပန်း သွားစေတာလဲ၊ ချည့်နဲ့သွားစေတာလဲ။

သူ့မျက်လုံးထဲမှာ လည်း အပေါ်အင်္ကျီဗလာကျင်း၊ အောက်က နံငယ်ပိုင်းနှင့် ဆံပင်ရှည်ရှည် ညှင်းသိုးသိုး အသား ညိုညို ငွေဝယ်ကျွန်တို့၏ ပုံရိပ်၊ မီးဖုတ်ထား၍ ရဲနေသော သံတံဆိပ်တုံး၊ နောက် 'ဈေးပိုပေးတဲ့ သူကို ရောင်းတာပေါ့'ဆိုတဲ့ သမီးအကြီးအသံ၊ 'ဖေဖေ့လက်မောင်းက ဟိုလူကြီး တွေလို တံဆိပ်ပဲ လား'ဆိုသည့် သားအသံ၊ သူ ကယောင်ကတမ်း သူ့လက်မောင်းကို စမ်းကြည့် လိုက်သည်။ သူ့အတွေးတွေ တရစပ် စီးဆင်းနေဆဲမှာပင် 'တရားခံရှေ့နေကြီး ဘာများ လျှောက်လဲ လို ပါသလဲ' ဆိုသည့် တရားသူကြီး၏ မေးခွန်းသံ ထွက်လာမှ သူ ဆတ်ခနဲ လန့်သွားသည်။
ပြီးတော့ ကယောင် ကတမ်း တရားလိုရှေ့နေနှင့် တရားခွင်မှာ ရှိသမျှ လူတွေရဲ့ မျက်စိက သူ့ဆီသို့ ရောက်လာ ခဲ့သည်။ သူ မတ်တပ်ထရပ်ပြီးမှ ဘာလျှောက်လဲချက်ကို ပေးရမလဲ ရေရေ ရာရာ စဉ်းစား ရသေးပုံ မပေါ်သေး၊ သူ သက်ပြင်းတွေ အခါခါချနေတာကို မျက်လုံးတွေ အားလုံးက ၀ိုင်းကြည့်နေကြပြီ၊ ဦးခင်မောင်အေး သူ့အမှုသည်ကောင်လေးကို လှမ်းကြည့်လိုက်တော့ ရိုးသားစွာ သူ့ကို အားကိုးနေသော မျက်ဝန်း တစ်စုံ ...
သူခေါင်းကို ဖြည်းညင်းစွာ ရမ်းလိုက်သည်။ သူ့လက်ထဲမှာ ကိုင်ထားသော စာရွက်ကို ဖိုင်တစ်ခုထဲ ပြန်ထိုး ထည့်လိုက်ပြီး ဖိုင်ထဲမှ နောက်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ပြီးမှ တရားသူကြီး ရှိရာသို့ မျက်နှာမူ လိုက်ပြီး ...
"တရားသူကြီးမင်း ခင်ဗျား ကျွန်တော့်ရဲ့အမှုသည်ကို စွဲဆိုထားတဲ့ ... "
သူ စကားစလိုက်တော့ ပါးစပ်က ထက်ကျလာတဲ့ စကားလုံးတို့က ချောချောမွေ့မွေ့ မရှိလှ၊ စကား က အဆီအငေါ် မတည့်သလို အထစ်ထစ် အငေါ့ငေါ့။ နိုင်ငံတော်အလံရဲ့ အောက်တည့်တည်ံမှာ ထိုင်နေတဲ့ တရားသူကြီး ကတောင် သူ့ကို တအံ့တသြ မျက်လုံးတို့ဖြင့် မျက်မှန်ပေါ်က ကျော်ပြီး စိုက်ကြည့်နေသည်။ ဒါ ဦးခင်မောင်အေး ရဲ့ လျှောက်လဲချက်တဲ့လား၊ မိမိကိုယ်ကို ရဲရဲဝံ့ဝံ့ ယုံကြည် မှု အပြည့်ရှိနေတတ်သော အသားခပ်ညိုညို။ အရပ်ခပ်မြင့်မြင့် ဦးခင်မောင်အေးရဲ့ ပုံမှန်အသားကျ နေတဲ့ဟန် ပျော်ကနေသည်ကို ရိပ်စားမိသည့်ပုံ၊ တရားစီရင်ရေး၊ ပိုက်ဆံ၊ နှလုံးသားလှလှ၊ မတရား မှု၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ လူပီသမှု ... သူ့ဦးနှောက်ထဲမှာ အားလုံး ရှုပ်ရှုပ်ထွေးထွေး။ နော်ကတော့ သူ့နှလုံးသားက ဦးနှောက်ကို သိသိသာသာ ဖုံးလွှမ်းပစ် လိုက်သည်။ ဦးခင်မောင်အေး ရဲ့ ဟန်၊ ဦးခင်မောင်အေးရဲ့ မာန်တွေက သူ့ကိုယ်ထဲ ပြန်ပူးကပ် သွားပြီး တရားခွင်တစ်ခုလုံးမှာ သူ့ရဲ့ အဖြတ်အတောက် အနိမ့်အမြင့်တွေနဲ့ အသံတွေက ပြန်လည် အသက်ဝင် လာခဲ့သည်။
တဖက် တရားလိုရှေ့နေကြီး၏ မျက်လုံးက ပြိုင်ဘက်ရဲ့ လက်မှန်ကို ပြန်တွေ့လိုက်ရတဲ့ လက်ဝှေ့ သမား တစ်ယောက် လို မျက်လုံးအရောင်နက်နက် ချက်ချင်း မှိန်ကျသွားသည်။ သူ့ကို ဆက်သွယ် လာသော တရားလို ၏ မျက်နှာရိပ်တို့ အံ့သြတုန်လှုပ်သွားသည့်ပုံ၊ သူ့တရားခံ၏ မျက်နှာကတော့ အပြုံးတွေနဲ့ဝင်းလို့၊ သူ့ လျှောက်လဲချက် ပေးအပြီး ခုံပေါ်ကို ပြန်ထိုင်ချလိုက်ချိန်မှာပဲ တရားခွင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်မှု ကနေ ခေတ္တပြန်လည်နိုးထသွားသည်။ လူတွေအားလုံး လှုပ်လှုပ် ရွရွ၊ အမှန်တရားကို မြတ်နိုး တတ်သော လူသား၏ ပကတိနှလုံးသားဆီက ကြည်နူး ၀မ်းမြောက်မှု ကို ဦးနှောက်က တွက်ခဲ့သော အမြတ်အစွန်း က ပျက်ရယ်မပြုနိုင်တော့ ...။ ခုမှပဲ သူ့ခြေတောက် တွေ လက်တွေမှာ ချည်နှောင်ထားသော သံကြိုးကွင်း တွေ လွတ်မြောက်သွားပြီ။
သူပေါ့ပါး လွတ်လပ်သွားပြီဟု ခံစားရသည်။ ဘာပဲပြောပြော အဲဒီသံကြိုးကွင်းတွေကို ငွေဖြင့် ပြုလုပ်ထား သည်ကို သိလျက်နှင့် သူ မနှောမြောမိတော့၊ အိမ်ပြန်ရောက်ရင်တော့ လူသားတစ်ယောက်ရဲ့ လွတ်လပ်မှု၊ ကပတိ ရိုးသားမှုနှင့် တရားမျှတခြင်းကို ချစ်သောစိတ်ကို တုပ်နှောင်ထားလျှင်ဖြင့် ရွှေကြိုးဖြစ်ဖြစ်၊ ငွေကြိုး ဖြစ်ဖြစ် ငွေဝယ်ကျွန်တစ်ယောက်ရဲ့ ၀ိညာဉ်တွေ ပူးကပ်နေတဲ့ သံကြိုး ကွင်းတွေနဲ့ တန်ဖိုးချင်း အတူတူ ပဲဆိုသည့် အကြောင်းနှင့် အသားတံဆိပ်မပါတဲ့ လူတွေအကြောင်း သားကို ပြောပြဦးမည်။
နီဟိန်းမော်
၃၁-၃-၀၇
၂၀၀၉၊ ဇန်န၀ါရီ၊ ချယ်ရီ

1 comment:
သူ့လို အချိန်မီ အမြင်မှန်ရသူမျိုး များများပေါ်ပေါက်နိုင်ပါစေလို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်။
Post a Comment