Wednesday, July 28, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၂)

မမလေးရဲ့ အိပ်ချိန်တန်

"လတန်ခူးပေမို့ xxx အလှထူးပါဘိ xxx မြမြဖူးရယ်တဲ့
ခိုင်ရွှေဝါ xxx တကယ်တန်းသာဖြင့် xxx ဘယ်ပန်းသော်
စံမတူဘု xxx နန္ဒမူဖန်ဂူရိပ်မှာလ xxx ပစ္စေကာ
ချွေးတော်သိပ်ရတယ် xxx အေးရိပ်ဆာယာ"
 
(စုံနံ့သာမြိုင်ဦးကြော့)

ရောက်ပြန်ပြီလေ တန်ခူးလ။ "ဂျာနယ်ကျော်ပြပွဲ"ကို မနှစ်က ကျင်းပခဲ့သည့်မှာလည်း တန်ခူးလ။ သြော် ... တစ်နှစ် တောင် လည်ခဲ့ပြီပေါ့။ တိုက်ဆိုင်လွန်းသည်ကို ဆိုရပေမလား။ ဤတန်ခူးလ သည် မိခင် ဂျာနယ်ကျော် မမလေး ကွယ်လွန်ခြင်း ၂၁နှစ် ပြည့်မြောက်လ။
ဤလ မှာပဲ မိခင်၏ နိဂုံးကမွတ် အဆုံးသတ်အပိုင်းကို ရေးရတော့မှာပါလား။

ရှေ့ပိုင်းမှာ မိခင်နဲ့ပတ်သက်၍ "ကောက်ကြောင်းကိုကျော်ကာ" "သွေးဆိုသည့်သွေး"၊ "သွေးစေတမန်" "မနားသော ရဟတ်" စသည့် စာပေမီးရှူးတန်ဆောင်နှင့် ဘ၀တည်ထောင်မှု အပိုင်းတွေ ရေးခဲ့ပါပြီ။ ယခုလ အဖို့ "မမလေးရဲ့ အိပ်ချိန်တန်"နှင့် မိခင်ကို ကန်တော့ပန်းဆင်ရန် သာ ကျန်ပါတော့သည် "မမလေး" လို့ တွင်သည့် မွေးမေမေးကို စာပေမြေမှာ တဖန်ပြန်ပြီး မြှုပ်ရ တော့မှာပေါ့။
ဤဆောင်းပါး ကို အထက် ဖော်ပြထားသည့် ကဗျာဆိုလည်းဟုတ်၊ တေးချိုဆိုလည်းမှန်သော နိဒါန်း ဖြင့် အစ ချီရသည်မှာ အကြောင်း ရှိပါသည်။ ကလေးဘ၀ငယ်စဉ်ကပင် တန်ခူးလကို ကျွန်တော် မုန်းခဲ့သည်။ တကယ်ဆို ကလေးတစ်ယောက်အဖို့ ပျော်စရာအကောင်းဆုံးသောလ ဖြစ်သင့်ပါ သည်။ အတာသင်္ကြန်မှာ ရေပက်ခံ ထွက်၊ ကိုယ်ကလည်းရေပက်၊ နှစ်သစ်ကူးတဲ့အခါ ကုသိုလ် မင်္ဂလာအဖြာဖြာနှင့် စိတ်လွတ် ကိုယ်လွတ် နေနိုင်သည့်လပါ။

သို့သော် ကလေးဘ၀တုန်းကပင် အိမ်ရှေ့မှာ တစ်ရက်နှစ်ရက်လောက်သာ ရေတစ်ခါနှစ်ခါထွက်ပြီး ပက်ရုံ ကလွဲလို့ အိမ်ထဲမှာပဲ ကုပ် နေသည်သာ။ အရွယ်ရောက်တော့ ပိုလို့တောင် ဝေးသွားပါသေး။ ပိန်းပိတောက် သည် မွှေးပါ၏။ အတာရေသည် အေးပါ၏။ ဤအခါတွင် (ဖြစ်နိုင်လျှင်) တစ်ရပ်တစ်ကျေးသို့ မောင်မိုးဟိန်း ပြေးပါ၏။

ဘာကြောင့် တန်ခူးလကို ကျွန်တော်မုန်းမိပါသနည်း။ တပေါင်းလမှာ ကြည်နူးချမ်းမြေ့သလောက် တန်ခူး ရောက်သော် စိတ်တွေထံထိုင်းမှုန်မှိုင်းသွားပါ၏။ ငယ်စဉ်မှ ယခုထိ။ တစ်ခုသောအကြောင်း မှာ တန်ခူးလ သည် မိခင်ဖခင်နှစ်ပါးစလုံးကို ခြွေသွားလို့လား။ ဧပြီလ ၃ရက်တွင် ဖခင်ဆုံးခဲ့သလို ဧပြီလ ၆ရက်တွင် မိခင် ဆုံးခဲ့ပါသည်။ နောင်တော် ကိုသိန်းတန်ပင် ဖေဖော်ဝါရီလအတွင်း အတော် မကျန်းမမာဖြစ်စဉ် တန်ခူးလ၏ တန်ခူးလေ က လာခြွေအုံးမှာလားလို့ ကျွန်တော် ပူပင်မိပါသည်။ မိခင်က ဧပြီလမှာ မွေးခဲ့ပြီး ဧပြီလမှာပဲ ဆုံးခဲ့ သလို နောင်တော်ကိုသိန်းတန်က ဖေဖော်ဝါရီလမှာ မွေးပြီး ဖေဖော်ဝါရီလမှာပဲ ဆုံးပါသည်။

မိဘနှစ်ပါးကို အကြောင်းပြုပြီး "ဂျာနယ်ကျော်ပြပွဲ"ကို တန်ခူးလမှာပင် ပြခဲ့ပါသည်။ ဖခင်၏ နိဂုံး ကဏ္ဍကို စုံစုံ လင်လင် ဖော်ပြနိုင်ပေမယ့် မိခင်၏ အဆုံးကဏ္ဍကိုတော့ ဈာပနာဓာတ်ပုံ အချို့ဖြင့် သာ ပြခဲ့ပါ၏။ "ပြုံး" စာပေ မှ ထုတ်ဝေသည့် "ကမာကလူမှကလောင်တစ်ချောင်း" စာအုပ်ကတော့ မိခင်၏ နိဂုံးမှတ်တမ်းလို့ ဆိုနိုင် ပါရဲ့။ အနှစ်၂၀လောက်အောင်းခဲ့ရသော အကြောင်းအရာများ သည် "ဂျာနယ်ကျော်ပြပွဲ"ကျမှ နိုးကြား လာတော့သည်။ ယခင် ကျွန်တော် တင်ပြခဲ့သလို အချို့ ကိစ္စတွေမှာ စတိအဖြစ်သာ ပြသနိုင်ပြီး နှုတ်ဖြင့် စာဖြင့် ပြောကြားရေးသားမှသာ အကြောင်းအရာ စုံလင်နိုင်မည်။ မိခင်ကွယ်လွန်ခြင်းနှင့် ပတ်သက် ၍ ဆွေမျိုးနှင့် မိတ်ဆွေအချို့သာ ကွယ်လွန်သွား ရသည့်အကြောင်းနှင့် ကွယ်လွန်ပုံတို့ကို သိပါသည်။ အရင်း အကျဆုံး သိတာကတော့ ကျွန်တော်တို့ မိသားစုတွေပါ။ "သွေး" ရုပ်ရှင်နှင့်ပတ်သက်ပြီး တဖွဖွ ပြောကြ၊ မေးကြပေမယ့် "သွေး" ရုပ်သေနှင့် ပတ်သက်၍ ခပ်အုပ်လုပ်ကလေးမေးကြ ပြောကြ သည်များ ရှိခဲ့ပါ၏။

မသိခြင်းနှင့် အားနာခြင်းတို့ကြောင့် ဖြစ်ပါမည်။ မိခင်၏ ရှေ့ပိုင်းဘ၀ဇာတ်ခုံကို စာပေစင်မြင့်မှ အတော်စုံလင်စွာ မြင်ခဲ့ကြပေမယ့် မိခင်၏ ဇာတ်သိမ်းကန့်လန့်ကာအချမှာ မြန်လွန်းသွားသည်မို့ မသိလိုက် မမီလိုက်ခြင်း ဖြစ်ကောင်းပါ့။

ကျွန်တော်တို့ မိဘတွေနှင့် နောင်တော့်အကြောင်းရေးဖို့ တိုက်တွန်းခဲ့သူမှာ ဆရာကိုမြတ်ခိုင် ဖြစ် သည်။ ရေးဖြစ်အောင် ရေးပါလို့ နိုးဆော်ခဲ့သူ။ မလွှဲသာမရှောင်သာလွန်းလို့ ၁၉၉၉ခုနှစ် ဇန်န၀ါရီလ တွင် အုတ်ဖို မြို့မှ ထုတ်ဝေခဲ့သည့် "ရတနာမြေ" မဂ္ဂဇင်းမှာ "ပို၍ ပို၍ သိလာရသော အုတ်ဖိုသား တစ်ယောက် အကြောင်း" ခေါင်းစဉ်တပ်ပြီး ဖခင်အကြောင်း ရေးခဲ့ပါသည်။ မိခင်အကြောင်းကိုမူ ဖော်ပြခဲ့သည့်အတိုင်း The International မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ ရေးလို့သာ ရေးရတာ ချည်း။ ဆရာကိုမြတ်ခိုင် တိုက်တွန်း လွန်းလို့ တစ်ခါတော့ စဉ်းစားမိပါ၏။

မိခင်အကြောင်း ထူးထူး ခြားခြား ၃ပုဒ်လောက် တင်ပြရကောင်းမလား။ ကျွန်တော်နှင့် တိုက်ရိုက် ပတ်သက်သော အကြောင်းအရာပေါ်မူတည်ပြီး ရေးလိုခြင်းပါ။ မေ့မရသော အဖြစ် အပျက်များ အနက် မေ့မရဆုံး အဖြစ်အပျက်တွေပါ။ နောင်ကြုံသော် ရေးပါမည်။ ယခုတော့ "ဂျာနယ်ကျော်ပြပွဲ" မှာ တင်ဆက်ခဲ့ သည့် အကြောင်းအရာကိုသာ အခြေခံပြီး မိခင်၏နောက်ဆုံးအပိုင်းကိုသာ ဖော်ပြသွားမှာပါ။ "မမလေး ရဲ့အိပ်ချိန်တန်" ခေါင်းစဉ်ကို ရွေးရသည်မှာ အကြောင်းအရာနှင့် ကိုက်ညီလှပါသဖြင့် တစ်ကြောင်း၊ မိခင်ဆုံး ဖို့ နီးလာသည့်နှစ်မှာ ထင်ရှားသော ဆရာတော်ကြီး တစ်ပါးက အိမ်ကို ကြွလာစဉ် "မမလေးရဲ့ အိပ်ချိန်တန်၊ ဗျိုင်းရှေ့ကပျံ" လင်္ကာကို မှတ်မှတ်သားသား ရွတ်ပြလေ့ရှိ သည်က တစ်ကြောင်း ... ဤခေါင်းစဉ်ကို ရွေးလိုက် ပါသည်။
... မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ တစ်ပွင့်ကို လွင့်ကြွေအောင် တန်ခူးလေ ခြွေလိုက်ပုံကတော့ ...။

(၂)

"မမြစိန် နင်ပဲ လူနာတွေ ကြည့်လိုက်တော့"
မကြာဖူးသော စကားပါလား။ ခရီးသွားစဉ်နှင့် ရုံးပိတ်ရက်မှအပ ဘယ်တော့မဆို ကိုယ်တိုင် လူနာတွေကို ကြည့်ရှု မှာကြား ကုသပေးသည့် မိခင်သည် ယခုတော့ ထိုစကားကို ဆိုလာပါကော။ ဒီမတိုငမီ တစ်လလောက် တုန်းက ဆေးခန်းကို ပုံမှန်လာပြီး လူနာတွေကို ကုပေးသေး၊ ဘေးမှ စာလိုက် ရေးပေးရသည့် မမစိန် သို့မဟုတ် ကျွန်တော်က မိခင်၏ အခြေအနေကို မပြတ်အကဲခတ် နေပါသည်။ နေမကောင်း သည့်ကြားမှ အပျက်မခံလိုသဖြင့် ဆေးခန်းကို လာနေခြင်း။

အားလုံးက အနားယူဖို့ ပြောပါသည်။ မရ။ "မဖြစ်ဘူး၊ မဖြစ်ဘူး" ပြောပြီး မြို့ထဲထွက်ဖို့ ကားပေါ်တက်ပါတော့ ၏။ မိခင်သည် မသိမဟုတ်၊ သိပါ၏။ ဆေးဆရာမို့ ပိုသိပါ၏။ ရှေ့ရေးကို ပူတတ်လွန်းသူ တစ်ယောက် အနေဖြင့် ပိုလို့တောင် သိပါမည်။  အထင်ရှားဆုံးမှာ "တပေါင်းလပြည့် ဆေးလှူပွဲ"။ ပဲခူးရွှေမောဓော ဘုရား တွင် နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ပြုလုပ်နေကျ ဆေးအလှုပွဲကို မိခင် ဘယ်တုန်းကမှ မပျက်ကွဲခဲ့။ ကိုယ်တိုင် ဦးဆောင်ပြီး လှူနေကျ။ ဆုံးမည့်နှစ်မှာတော့ ထုတ်ပြန် လိုက်သည့်အမိန့်မှာ "မိုးဟိန်းပဲ လိုက်သွား၊ ကျန်တဲ့လူတွေ အိမ်မှာ နေရစ်ခဲ့"
ဤစကား သည် ကြီးစွာသော စိတ်မချမ်းသာခြင်းကို ဖြစ်စေမည့် ဗွေဆော်ဦးစကား။ နှစ်တိုင်း ကျွန်တော်တို့ မိသားစု အားလုံး တပျော်တပါးကြီး ဆေးလှူပွဲသွားကြသည်။

တစ်ခါတစ်လေ အဖိတ် နေ့ကို ကြိုသွားလိုက်သေး။ ယခု မမစိန်က ဦးဆောင်ပြီး ကျွန်တော်က နောက်လိုက် အဖြစ် သွားရ မည်။ ဆေးလှူသည့်နေ့တွင် မြင်နေကျ အလှူရှင်ကို မတွေ့ရသည့်အတွက် အလှူခံနှင့် မိတ်ဆွေ များကို ကျွန်တော်ဖြေလိုက်ရပုံမှာ

"ဆရာမကြီး အနားယူနေလို့ပါ" ဟု ဘယ်တုန်းကမှ ဆေးလှူပွဲတွင် အနားမယူခဲ့သည့် ဆရာမကြီး သည် ဤနှစ်တွင် အနားယူပြီ။ ခြောက်ကပ်ကပ်ဆေးလှူပွဲမှာ ကျွန်တော်တို့ စိတ်မသက်မသာစွာနှင့်  ပြန်လာခဲ့ ရပါသည်။ ညနေဘက် အိမ်ပြန်ရောက်တော့ အမေ့မျက်နှာကို ကြည့်လိုက်ရာ နွမ်းလျလျ။ "မသွားလိုက် ရခြင်း" ဝေဒနာကို အမေထပ်ဆင့်ပြီး ခံစားနေရပါကလား။ ပဲခူးကိုသာ မသွားလိုက်ပေ မယ့် နောက်ရက် တွင် ဆေးခန်းကိုတော့ ဖြစ်မြောက်အောင် မိခင် သွားခဲ့ပါသည်။

လူနာ ရှေ့တွင်ထိုင်၍ ညွှန်ကြားချက်များပေးနေသော ဆရာ လူမမာကို လူနာတွေ ရိပ်မိဖို့ဝေးစွ။ စိတ်ရှည် လက်ရှည် စစ်ဆေးပြီး လိုအပ်တာတွေ မကျန်အောင် မှာကြားနေသော ဆရာကို အဘယ် လူနာသည် သိနိုင် ပါမည်နည်း။ တစ်ခါတစ်ခါ လူနာရှင်းတုန်း နေရာမှထ၍ ရှောက်ရည်နှင့်ဆေး သို့မဟုတ် ကြံရည်ကို မိခင် သောက်သည်။ နှစ်ပေါင်းများစွာ လူနာထောင်ချီပြီး ရောဂါများ ပျောက်ကင်းသက်သာအောင် မနားတမ်း ကုသ ပေးခဲ့သော ဆရာသည် ယခုမောဟိုက်လာသည့် ကြားမှ မနားဘဲ လူနာ့အကျိုးသယ်ပိုးနေပါလား။

မြင်ရသူ (ထိုထက်ပြောရလျှင်  အဖြစ်မှန်သိသူ များ)အဖို့ ဘယ်သို့နေမည်နည်း။ ဦးလေး ဦးအောင်ဇေယ မှအစ အိမ်သားတွေအားလုံးက အနားယူ ဖို့ ပြောနေရပါသည်။ တွင်တွင်ခါပြလိုက်သော ခေါင်းသည် အခါနှေးသွားပါ၏။ သို့သော် သွားဆဲ။ အခါရပ် သွားပါ၏။ သို့သော် ကြိတ်မှိတ်ပြီး သွားဆဲ။ နောက်ဆုံးကျ လူနာ တွေကို တူမဖြစ်သူ ဒေါ်မြစိန်လက်ဝယ်သို့ အပ်လိုက်ပါပြီ။ ထိုအချိန် မှစပြီး မိခင်တစ်ယောက် ဘောက်ထော် အမှတ် ၈ ပြည်သာယာ လမ်းအိမ်မှ မထွက်ဘဲ အနားယူပါတော့၏။ ပရံပရက ဆရာဇီဝက၏ အနီးကပ် အမျိုး အနွယ် တော်စပ်ဟန်ရှိခဲ့ဖူးသည့် မြန်မာသမားောတ်သည် နှစ်ပေါင်းများစွာ သမားတို့ထုံး နှလုံးပြု ကာ သမားလမ်းကြောင်းပေါ် လျှောက်ခဲ့ရာ နောက်ဆုံးအချိန်ကျမှပဲ မိမိကိုယ်မိမိ အနားပေးပါတော့ ၏။ သည်တော့မှ ကျွန်တော်တို့ မိသားစုအားလုံး "ဟင်း"ခနဲ သက်ပြင်းချနိုင်ပါပကော။

ထုံးစံအတိုင်း ဓာတ်စာစား၊ ဆေးသောက်၊ လမ်းလျှောက်နှင့် မိခင်သက်သာသလို ရှိလာပါသည်။ ညနေတိုင်း အလုပ်တိုက် မှ ပြန်လာသူ ဦးလေး ဦးအောင်ဇေယျကို တိုက်ကိစ္စများမေးသလို ဆေးကိစ္စနှင့် လူနာ ကိစ္စတွေပါ မကျန်အောင်မေးပါသည်။ ဦးလေးက အကုန်ပြောပြပါ၏။ စာရေး ဆရာတွေက မေးနေ ကြကြောင်း။

"ဆရာမကြီး ဒါလောက် အပင်ပန်းခံ ဆေးကုလာတာ၊ နားဖို့ လိုအပ်ပါတယ်၊ ကောင်းပါတယ်" ဟု လူနာ အချို့၏ စကားကို ပြန်ပြောပြသောအခါ အမေ့မျက်နှာ ငြိမ်သက်သွားပြီး နှုတ်ခမ်းတွေ စေ့ သွားသည်။ မဟုတ်မှ လွဲရော၊ ရင်ထဲတွင် အနည်းငယ်တော့ ဒုတ်ဒုတ် ဒုတ်ဒုတ်လို့ ခုန်သွားမည် ထင်ပါ၏။ တစ်ခါတစ်ခါ လိုအပ် တာတွေ မှာလိုက်သေး။ တစ်နေ့တွင် အိမ်က ဖုန်းမှတစ်ဆင့် ကြား နေရသည်။ နောင်တွင် ထိုလူနာ လာ ကန်တော့ ပါ၏။ ယခု လုံးလုံး အနားယူနေပြီမို့ မိခင်အတွက် စိတ်အေးမိပါ၏။ "အေး" ဆိုပေမယ့် ခဏပါ။ ခန္ဓာမျက်လှည့်ဆရာက ဝေဒနာကို ဘယ်ပုံ ထုတ်ပြ ဦးမည်မသိ။

(၃)
ပထမဆုံး သတင်းလာမေးသူတွေကတော့ ဆွေမျိုးတွေပါ။ လူနာသတင်းမေး ပုံစံမျိုးမဟုတ်ဘဲ ကြုံသလို ၀င်လာ သည့်ပုံ။ နောက်တွင် မိတ်ဆွေအနည်းငယ် တချို့လာကြသည်။ မြို့ထဲမလာတာ ကြာ၊ မမြင်တာ ကြာမို့ လာတွေ့သည့်ပုံ။ အာလာပ သလ္လာပပြော၊ ရှောင်ကွင်းထားသည့် စကားရပ် ကတော့ မိခင်၏ ကျန်းမာရေး အခြေအနေပါ။ ပါးစပ်ဖြင့် မမေးဘဲ မျက်စိဖြင့်သာ အကဲခတ်ကြ သည်။ နား အထူးစွင့်ထားပြီး ဘာပြော မလဲ နားထောင်ကြသည်။ မိခင်ကတော့ အေးအေး ဆေးဆေးပုံပန်းနှင့် အလိုက်အထိုက် ပြော ပါ၏။ စကားဆက်တွေကတော့ ဝေးသည်။

အစပိုင်းက ဧည့်သည်တွေကို အောက်ထပ်မှာ လက်ခံတွေ့ဆုံပြီး နောက်ပိုင်းတွင် အိမ်ပေါ်ထပ်မှာပဲ အနေများ ပါသည်။ ဧည့်သည်လည်း အလာနည်းသွား၏ နံနက်မိုးလင်းသည်မှအစ မိုးချုပ်သည့် အဆုံး မိခင် တစ်ယောက် ဓာတ်စာဆေးဝါးအတိုင်း စားသောက် နေထိုင်ပါသည်။ နဂိုကမှ ဓာတ်စာ အတိုင်းစားသူမို့ အကြောင်း မထူး။ အနေအထိုင်ကတော့ အပြောင်းလွဲကြီး ပြောင်းလွဲသွားပေါ့။ အိမ်မှာပဲ နေနေပြီမို့ ရေအကြိမ်ကြိမ် ချိုး၊ ဆေးလိမ်း၊ ဆေးသောက်၊ မှိုင်းရှူ၊ ဒန်းစီး (ဒန်းကို ထိုင်ခုံ ရှည်ဖြင့် ပြုလုပ်ထားပါသည်)၊ လမ်းလျှောက်၊ ဘုရားဝတ်တက်စသည်ဖြင့် စက်ရဟတ်လို လည်ပတ်နေသည်။ အိမ်တွင်ရှိသူများက တစ်ခုပြီး တစ်ခု ပြီးစီးသွားရန် အဆင်သင့် အနေအထား ရှိကြပါသည်။

 ဦးလေးက နေ့စဉ် အလုပ်တိုက်ကိုသွားရ၊ အစ်မဖြစ်သူ ဒေါ်ခင်လေးမြင့်က ပြင်သစ် နိုင်ငံရောက်နေ၊ အစ်ကို ဖြစ်သူ ကိုသိန်းတန်ကို ၀င်ချီထွက်ချီမို့ တစ်နေ့တစ်ခေါက် မိခင်အိမ်ကို လာနေသော ကျွန်တော်က မိခင် ကို ပိုပြီး ကြည့်ရှုနိုင်ရန် မိမိနေအိမ်မှ ပြောင်း၍ လာနေပေးပါသည်။ ကလေးဘ၀တုန်းက မိခင်နှင့်အတူ ဘောက်တော် မင်္ဂလာလမ်းနေအိမ်တွင် နေခဲ့ရသလို ယခု ပြည်သာယာလမ်းအိမ်တွင် ပြန်နေရပါပြီကော။ မိခင် နှင့် ပြန်လည် အနီးကပ်နေရပြီမို့ ၀မ်းသာရ မလိုလို ဖြစ်သော်လည်း တကယ်တော့ ၀မ်းနည်းစရာပါ။ ဇာတ်သိမ်းပိုင်း ကို အမီကြည့်ရန် ရောက်နေသလိုပါလား။

ဘယ်လောက်ပဲ အလုပ်များများ၊ စာရေးချိန်တန်စာရေး၊ စာဖတ်ချိန်တန် စာဖတ်ခဲ့သော သူမှာ ယခုတော့ ရေးဖို့ဝေးစွ၊ စာပင် မဖတ်နိုင်တော့။ စာပေနယ်တွင် နှစ်ပေါင်းများစွာ ကလောင်ထမ်းခဲ့ သော ထိုလက်သည် ယခု ကလောင်ကို ကိုင်နိုင်စွမ်း မရှိတော့။ စာလုံးပေါင်းများစွာကို ဖတ်ရှု စစ်ဆေးခဲ့ရသော မျက်လုံးများသည် ယခု စာလုံးတွင် မျက်လုံးမအပ်နိုင်တော့ မှတ်မှတ်ရရ မိခင် နေမကောင်းစဉ် ကမ္မဋ္ဌာန်းနှင့် ပတ်သက်ပြီး ပြောကြရာမှ ဝေဠုဝန် ဆရာတော်ဘုရားကြီးရေးခဲ့ သော ကမ္မဋ္ဌာန်းကျမ်းမှ ကောက်နုတ်ချက်အချို့ကို မိခင် အား ကျွန်တော် ဖတ်ပြခဲ့ရပါသည်။

သာမန်ကိစ္စများ ပြောသည်ကလွဲ၍ ဓမ္မစကားပြောဖြစ်ကြသည်က များပါ၏။ "သွေး" ၀တ္ထုကို အကြောင်းပြုပြီး ဂျပန် သွားရာမှ အပြန်တွင် မိခင်သည် အစ်မအရင်းဖြစ်သူ ဒေါ်လှခင်နှင့်အတူ ရတနာမာန်အောင် ဆရာတော် ဘုရားကြီး၏ တရားပွဲများသို့ အတူသွားခဲ့ကြသည်။ အစ်မနှင့်မ ဟုတ် လျှင် ပုဇွန်တောင်ရှိ ဂန္ဓမာလာမုန့်တိုက်မှ ဒေါ်အေး ဒေါ်မြတို့နှင့်တူ သွားခဲ့ပါသည်။ ရတနာ မာန်အောင်ဆရာတော် ဘုရားကြီး (ရွှေဗျိုင်းနားဆရာတော်) နှင့် ပတ်သက်ပြီး "တစ်ဇွန်းဆန်" ဆောင်းပါးကို ရေးကာ လက်ကမ်းစာအုပ် ကလေးအဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။ ထိုစာမှာ မိခင် နောက်ဆုံးရေးခဲ့သည့် စာဖြစ်၏။ သုံးခေါက်မျှ အိမ်ကို ကြွလာ၍ ဆရာတော်ဘုရားကြီး တရားချီးမြှင့် ပေးပါ၏။

ထို့ကြောင့် ဖော်ပြခဲ့သလို မိခင်နောက်ပိုင်း ပြောသောစကားများမှာ တရားဓမ္မနှင့် အများဆုံးဆိုင်သော စကား များဖြစ်သည်။ ယခုလို အေးအေးလူလူ မိခင်အနားယူတုန်း တရားစ ကားပြောဖြစ်သည်ကို ကျွန်တော် အလွန် ကြည်နူးခဲ့ရပါ့။ စာဆို၏ နှောင်းပိုင်းကာလကို ဓမ္မမိုးရိပ်များ လွှမ်းထားသည်မို့ ခန္ဓာနွမ်းလျ ပါသော်လည်း စိတ္တကတော့ အေးမြနေမှာပါ။ မိခင်အိမ်မှာသွား နေစဉ်ကျွန်တော့်အဖို့ ဆရာနန္ဒာသိန်းဇံ၏ "ခရောင်းလမ်း ကို ဖြတ်ကျော်ခြင်း" စာအုပ်ကို အင်္ဂလိပ်  လိုဘာသာပြန် ဖြစ်ပါသည်။

စာအုပ်ထဲမှ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း အကြောင်းကို ဖတ်ရင်း ရေးရင်း၊ စာအုပ်အပြင်မှ မိခင်၏ ခရောင်းလမ်းကို ဖြတ်နေရပုံကို ကြည့်ကာ ရင်တမမဖြတ်ရပါ ကော။ "မေမေ ဝေဒနာခရောင်းလမ်းကို ဖြတ်ကျော် နိုင်ပါ့မလား"လို့ စိတ်ထဲတွင် တထင့်ထင့်။

အစားအသောက် ပုံမှန် စားရာမှ တဖြည်းဖြည်းလျော့လာသည်။ လှုပ်ရှားမှုများ နှေးကွေးလာသည်။ စကားပြော နည်းလာသည်။ ဆေးရုံမှာလို လူနာ၏ အခြေအနေကိုသိရန် ဇယားတွေ မှတ်စုတွေဖြင့် ချိတ်ပြ ထားခြင်း မရှိမို့ မျက်စိနှင့် နားများကို အထူးလူနာကို အကဲခတ်နေပါသည်။ ဦးလေး အလုပ် တိုက်မှ ပြန်လာလျှင် "ဒီနေ့ဘယ်လိုလဲ"ဟု တန်းမေးပါသည်။ အစားအသောက် အနေအထိုင် အခြေအနေကို အိမ်က လူတွေက ပြန်ပြောပြစမြဲ။

အနားယူခါစက အိမ်အောက်ထပ်အိပ်ခန်းတွင် မိခင်နေပါသည်။ ဧည့်ခန်းနှင့်နီး၊ ထမင်းစားခန်းနှင့် နီး လမ်းလျှောက် လို့လဲရမို့ အဆင်ပြေပါသည်။ အပေါ်မှာပဲရေချိုး။ အပေါ်မှာပဲ ထမင်းစား။ တစ်ခါ တွင် အမှတ် မထင် စကားတစ်ခွန်းကို ပြောပါလေကော။ "ငါနေရာရွှေ့ချင်တယ်၊ ဟိုလက်အိမ်က အခန်းတစ်ခန်း မှာ ပြောင်းရင်ကောင်းမယ်" လို့။

ကျွန်တော် တို့က မပြောင်းပါနဲ့ အမေရယ်၊ ဒီမှာ တင်နေပါ။ ပြည့်စုံနေမှာပဲ" ဟု ၀ိုင်းပြောကြလို့ မပြောင်း ဖြစ်တာပါ။ အပေါ်ခန်းရောက်ပြီးနောက် အစားအသောက်နည်းလာပြီး ဧည့်သည်တွေလာလျှင် မှိန်းနေ ပါသည်။ နောက်ပိုင်းတွင် ဧည့်သည် တွေကို လုံးဝအတွေ့မခံတော့ပါ။ ဧည့်သည်တွေကသတင်းမေးပြီး အောက် ကပဲ လှည့်ပြန်ကြပါ သည်။ ဧည့်သည်မျက်လုံးများသည် စူးစမ်းနေကြသလို နှုတ်ခမ်းများကလည်း တလှုပ်လှုပ် နှင့် "ကိုင်း ဘာဆက်လုပ်ကြမလဲ" မပြောရုံတစ်မယ်သာ။

"ဒေါ်သန်းခင် ကော ရောက်သလား"လို့ မေးကြပါသည်။ ကြီးကြီးဒေါ်သန်းခင်မှာ အမေ့ဆရာ အဘဆရာလှိုင် ကြီး၏ သမီးဖြစ်ပါသည်။ ညီအစ်မအရင်းနှင့် မခြားပါ။ မြန်မာ့ဆေးပညာကို မိခင်အား သင်ပြ ပေးသူမှာ အဘဆရာလှိုင်။ မိခင်နေမကောင်းစဉ် စောဦးပိုင်းက ကြီးကြီးခင် ပုံမှန်လာပါ သည်။ နှစ်ယောက် သား တိုင်ပင်ပြောဆိုနေကြ။

နောက်ပိုင်းတွင် ကြီးကြီးခင်အလာနည်းရန် အကြောင်းပေါ်လာပါကော။ မောင်အရင်းဖြစ်သူ ဦးကျော်ရင် မဆိုင်းမတွ မကျန်းမမာ ဖြစ်လာပြီး ရောဂါဆိုးဝါးကာ မစားနိုင်မသောက်နိုင်သည့် အခြေအနေ ရောက်သွားပါ၏။ မိခင်ကမှအစာအနည်း ငယ်ဝင်သေး။ ကြီးကြီးခင်မှာ မောင်၏အခြေအနေကို အချိန်ပြည့် စောင့်ကြည့် ဂရုစိုက်နေရသည်မို့ ကျွန်တော်တို့ဘက်အရောက်နည်းလာခြင်းပါ။ သတင်းတော့ မပြတ် မေးနေပါ၏။ မောင်နှင့် ညီမကြား စိတ်သောက ဗျာများခဲ့ရသူပါ။ ဦးကျော်ရင်မှာ မကြာခင်ဆုံးသွားပါသည်။

မိခင်သည် ဆေးဝါးဓာတ်စာအတိုင်း အပြောင်းအလဲမရှိ အတိအကျစားပါသည်။ ဆရာတစ်ယောက် အနေဖြင့် လူနာတွေကို ညွှန်ကြားခဲ့သလို မိမိကိုယ်တိုင် လိုက်နာ၏။ အတိအကျလိုက်နာပါသည်။ လိုက်နာ သည့်ကြားမှပင် အခြေအနေတွေ ဆုတ်ယုတ်လာပါ၏။ ဖျားနာခြင်း၊ ၀မ်းကိုက်ခြင်း၊ အစာအိမ်ဒုက္ခပေးခြင်း လက္ခဏာ တို့ ရှေ့ဆင့်နောက်ဆင့် ၀င်လာကြပါပြီ။ လူမမာကတော့ သံပတ် ရုပ်တစ်လို ဆေးသောက် ဆေးလိမ်း၊ ရေစိမ်၊ ဒန်းစီး၊ မှိုင်းရှူ၊ ရောဂါတစ်ခု သက်သာသလိုရှိရာမှ နောက်ရောဂါတစ်ခုကဖိစီး။ ထိုရောဂါ ကို ခုခံတိုက်ဖျက်နေတုန်း နောက်တစ်ခုက ထပ်ဖိဖြင့် လုံးချာ လိုက်လာသည်။ အိမ်ကလူတွေ လက်မလည် တော့ပါ။

(၄)

မိခင်စတင်နေထိုင်မကောင်းစဉ်တုန်းက ပြင်သစ်ရောက်နေသူ အစ်မဒေါ်ခင်လေးမြင့်ဆီမှ ဖုန်းလာ ရာ စိတ်ပူစရာ ဖြစ်မှာမို့ ရိုးရိုးနေမကောင်း ဖြစ်ကြောင်းသာ ပြန်ပြောခိုင်းပါ၏။ ယခုအခြေအနေ သည် ထိုသို့ မဟုတ်။ ရန်ကင်းမှ မိခင်၏ တူမဖြစ်သူ ဒေါ်ခင်စောမြင့်နှင့် ခင်ပွန်းဦးကျော်ဇော် (အငြိမ်းစားညွှန်မှူး) တို့အိမ်ကို မပြတ်လာကြသည်။ အစ်ကိုကြီး ဦးကျော်ဇောက ဆေးပြောင်းကု ချင်ကြောင်း ပြောပါ တော့သည်။ သားဖြစ်သူ မောင်မြင့်ခိုင်က ဆရာဝန်။ မိခင်၏ တူဖြစ်သူ ကိုကို လှမြင့်ဦး (လယ်ယာစိုက်ပျိုး ရေးရုံးမန်နေဂျာ)က အနောက်တိုင်းဆေးပညာဖြင့် ပြောင်းလဲကုသ လိုသောဆန္ဒရှိသည်။ အမေရိကန် ရောက်နေသော ဦးလှမြင့်ဦး၏ ညီမအရင်း ဒေါ်ခင်မလေးက "အဒေါ်ကြီးဆီလာပြီး ဆးကုပေးချင်တယ်"ဟု ဖုန်းဆက် ပြောခဲ့၏။

ခင်မလေးမှာ အမေရိကန်ဆေး ရုံကြီးတစ်ခုမှ သမားတော်တစ်ယောက်။ တစ်ယောက်နှစ်ယောက် သာဓက ပါ။ အနောက်နည်းဖြင့် ဆေးပြောင်းကုဖို့ တိုက်တွန်းကြပြီ။ သို့သော် မည်သူမှမိခင်ကို မပြောရဲ။ ဆွေမျိုး တွေတိုင်ပင် ကြသည်။ ဆေးခန်းသို့ နေ့စဉ်းသွားနေသော မမစိန်တစ်ယောက် ဆေးခန်းသို့မသွားတော့ဘဲ မိခင် နားမှာ နေပါတော့သည်။ တစ်ရပ်ကွက်တည်းမှာ ရှိတာမို့ ကျွန်တော့်မိသားစု အားလုံးလိုပင် ပြည်သာယာ အိမ်ကို ပြောင်းလာကြပါသည်။

ကျွန်တော့်သဘောအရ ပြောရပါလျှင် မိခင်ရောဂါပျောက် ကင်းဖို့သာ လိုရင်းပဓါန။ ဘာနည်းဖြင့် ကုကု။ ထောင်ပေါင်း များစွာ လောလူနာတွေကို ပျောက်ကင်းသက်သာအောင် ကုသပေးခဲ့သော မိခင်၏ သမားတော် သမိုင်းကို ကျွန်တော်သိပါ၏။ ပျောက်ကင်းခဲ့သည်များ မျက်မြင်ဒိဌတွေ့ခဲ့ပါ။ မယုံစရာမရှိ။ သို့ ပေတည့် ဤလိုမရခဲ့သော ထိုလိုများ ရလေမလားလို့ စိတ်ဝယ်ဖြစ်လာမိတာ အမှန်။ ဓားနှင့်ခွဲရမည့် ကိစ္စကိုဆားစည်းပြီး ပျောက်စေခဲ့သလို အောက်စိဂျင်အစား နနွင်း၊ အုန်းဆံ၊ တောင်တန်ကတိုးမှုင်းရှူစေပြီး ပျောက်ကင်း ခဲ့သည်များကို သိခဲ့မြင်ခဲ့ပါ့။

တစ်ခုမဟုတ်လျှင် တစ်ခုနှင့် တည့်သွားမလားလို့တွေးရင်း "ကြိုက်တဲ့နည်းကိုသာ လုပ်ပါ။ ပျောက်ဖို့သာ ပဓါန"ဟု ပြောမိပါ၏။ ကိုသိန်းတန်ကတော့ ယခုအတိုင်းဆက်လုပ်ဖို့ တိုက်တွန်းပါသည်။ ဘာပဲပြောပြော မိခင် ၏ ရပ်တည်ချက်ကိုတော့ အားလုံးသိကြပြီးသားပါ။  ဦးလေးဦးအောင်ဇေယျနှင့် အိမ်ထောင် ကျစဉ်က မိခင် ပြောခဲ့သော စကားများမှာ "ဘုရားပြီးရင်တော့ ဓါတ်ပဲ" ထိုစကားကို ဦးလေးအား အခါခါ ပြောဖူးရုံမက ဦးလေး ကိုပါ ဓာတ်စာအတိုင်း စားခိုင်းခဲ့ပါသည်။

"ဘုရားပြီးလျှင် ဓာတ်ပဲ"ဟု ခံယူရုံမက တစ်သက်လုံး ဓာတ်ပညာအတိုင်း ကျင့်သုံးရပ်တည် ခဲသော မိခင် သည် ဘယ်တော့မှ ပြောင်းမည်မဟုတ်ကြောင်း သိပါ၏။ အသည်းအသန်ဖြစ်နေစဉ် တောင်မှာ တိုက်သော နို့အား "ကျွဲနို့စစ်ရဲ့လား"ဟု စစ်မေးခဲ့သူ။ တစ်ချက် ကလေးမှ အတိမ်းအစောင်းမခံ။ ရှိသမျှဆွေမျိုး၊ သိသမျှ မိတ်ဆွေ တွေ ၀ိုင်းပြောတောင်မှ တုတ်တုတ်လှုပ်မည်မဟုတ်သော၊ ရပ်တည်ချက်ကို စွန့်မည်မဟုတ်သော ပုဂ္ဂိုလ် မျိုးပါ။ ကျွန်တော်တို့ ဆွေမျိုးတွေကသာ ယူကြုံးမရ ဆောက်တည်ရာမရ ဖြစ်နေပါသည်။

ဆုံးခါနီး တစ်ပတ်၁၀ ရက်လောက်အလိုတွင် ဦးလေးကို မိခင်က သော့တွဲတွေအပ်ပါသည်။ ဦးလေး ကမယူပါ။ သော့တွဲတွေ အပ်လိုက်ပြီဆိုကတည်းက မိခင်အိမ်ကိစ္စကို ခေါင်းထဲမထားချင်တော့ အခြေအနေ အရ ပြောဖို့လိုအပ်လာပြီမို့ ကျွန်တော်က မိခင်ကို-
"မမလေး ကို အကြောင်းကြားရမလား အမေ"ဟု မေးလိုက်ရာမိခင်က "ဒီနေ့ဘယ်နှစ်ရက် လဲ"ဟုမေးရင်း မျက်စိ မှိတ်ရင်း ရက်တွေတွက်နေပါ၏။ အတန်ကြာမှ ဖြည်းဆေးသော အသံဖြင့် "ခေါ်လိုက်တော့"ဟု ပြောပါသည်။ ညနေဘက် ပြင်သစ်နှင့် ဖုန်းဆက်သွယ်ရသောအခါ အစ်မထံ သို့ အမြန်ပြန်လာဖို့ အကြောင်း ကြားလိုက်သည်။

အိမ်အောက်ထပ်တွင် ဆွေမျိုးတွေ စုနေကြပြီး အပေါ်ထပ်အခန်းမှာသာ နှစ်ယောက်လောက် မိခင်နှင့်နေသည်။ ဘယ်ဆေးကိုယူခဲ့၊ ဘာကိုလုပ်လိုက်ဟု ပြောသည့်အခါ ပြောပါ၏။ များသော အားဖြင့် မျက်စီမှေးနေပြီး ၀င်လေထွက်လေမှတ်နေသည်။ ဆွေမျိုးတွေကတော့ မိခင်ပြန်ကောင်း လာဖို့အားလျှော့လိုက်ပါပြီ။ အများဆုံးလုပ်နေကြသည့် အလုပ်ကတော့ ဗေဒင်မေးခြင်း၊ ယတြာချေ ခြင်းတို့ဖြစ်၏။ တတ်နိုင်သည့်ဘက်က မလစ်ဟင်းအောင် လုပ်ဆောင်ပေးနေကြပါ လား။ တစ်ယေက်သောသူ ငြိမ်သက်နေသလောက် အများက ပျားပန်းခတ်နေသည်။ ဤအခြေအ နေတွေကို တစ်ဆင့်ကြားရ လို့ထင်ပါ့။ အရပ်ထဲက အသိမိတ်ဆွေတွေပါ မျက်စိနှင့် နားစွင့် နေကြ ပြီ။ နေ့လား၊ ညလား။

မှတ်မှတ်ရရ မိခင်ကျွန်တော့်ကို မခိုင်းစဖူး နောက်ဆုံးခိုင်းခဲ့သော အရာမှာ တပေါင်းဆေးလှူပွဲမှ အပြန် တစ်နေ့ တွင် ဖြစ်သည်။ အင်အားဆုတ်လိုက် တက်လိုက်ဖြစ်နေသော အချိန်။
"သားလေး........မေမေ့ကို မန်ကျည်းရွက်ခူးပေးပါလား ခေါင်းအုံးထဲက မှို့တွေထုတ်ပြီး ထည့်ဖို့"

အရွယ်ရလာသည့် အချိန်မှစ၍ အမည်အတိုင်း မိုးဟိန်းသော်လည်းကောင်း၊ ရှေ့က 'မောင်' တပ်၍ သော် လည်းကောင်း အခေါ်ခံခဲ့ရသော ကျွန်တော့်မှာ ထိုအခေါ်ကြောင့် ရင်ထဲတွင် နင့်ခနဲ ကြည်မွေ့ သွားပါ၏။ ခြံထဲ ရှိ မန်ကျည်းပင်ကြီးဆီသွားကာ မန်ကျည်းရွက်တွေခူးရင်း "တစ်ရွက် မကျန်တစ်ပင်လုံးသာ ခြွေချ လိုက်ချင်ပါ့ မေမေရာ"ဟု ရင်ထဲပြောမိပါ၏။ အိပ်နေကျ ခေါင်းအုံးထဲမှ မှို့ကိုထုတ်ပြီး မန်ကျည်းရွက်တွေ ဖြည့်ခဲ့ ရပါ။

သားကြီးဖြစ်သူ ကိုသိန်းတန်တစ်ယောက် ယတြာကိစ္စများဖြင့် ဒေါင်းတောက်နေသည်။ အိမ်ပေါ် တက်ပြီး မိခင်ကို လာကြည့်လိုက်၊ ဆင်းသွားလိုက်၊ ဆေးကိစ္စများအတွက် လုပ်လိုက်နှင့် သူ့မျက်နှာ တွင် မျှော်လင့်ချက် ကို မစွန့်ဘဲ အားခဲထားသည့်ပုံ။ သို့သော်မိခင်၏ ဆုတ်ယုတ်လာသော အခြေ အနေကြောင့် မျက်နှာ မှုန်မှေးလာပါ၏။ တစ်ခုခုပြောင်းလုပ်မလားဟု စောင့်မေးနေသူကတော့ ဒေါက်တာမြင့်ခိုင်။ လူကြီး တွေ၏ အပြောကို စောင့်နေဟန်။ ၀မ်းစစ်ဖို့ ဓာတ်ဆားရည်တိုက်ဖို့ တိုက်တွန်းသည်။

ဦးလေး၊ မမစိန်နှင့် ကိုကိုလှမြင့်ဦးတို့ကတော့ ခေါင်းချင်းဆိုင် တိုင်ပင်နေကြ။ ပြည်သာယာအိမ်ကို ရောက်နေသော ကျွန်တော်၏ ဇနီးကြည်ကြည်က ဆွေမျိုးအဖွဲ့နှင့်အတူ ပြောဆိုလုပ်ကိုင်နေပေမယ့် အများ နည်းတူ "ရပါ့မလား"ဟု စိတ်မကောင်းဖြစ်နေသည်။ မိခင်က အစောကတည်းကပဲ လာနေဖို့ခေါ်ထားသည်။

အမေဆိုလည်းဟုတ်၊ အဘွားဆိုလည်းဟုတ်သော မြေးကြီး မောင်သိန်းစိုးအဖို့ ဘွားအေအဖြစ်ကို မရှု့ရက်သည် ကတစ်ကြောင်း၊ လူငယ်ဖြစ်နေ သည်က တစ်ကြောင်း ချောင်တစ်ချောင်တွင် ကုပ်နေသည်။ သူ့ကို ဖူးဖူးဖွဖွ ယုယုယယ ပြုစုခဲ့သော ဘွားအေသည် လဲရှာပြီမို့ သည်ကလေး၏ စိတ်မှာညှိုးရှာနေပါပြီ။ ကျွန်တော် ၏ ကလေးများဖြစ် သောမောင်မိုးသန့်နှင့် မဟိန်းဟိန်းမြတ်တို့က "ဘွားဘွား ဘယ်လိုနေသလဲ" မေးတတ်ရာမှ လူကြီးတွေ၏ အရိပ်အခြေကိုကြည့်ကာ မမေးတော့ပါ။ ဘွားအေ၏ အဖြစ်ကို မြင်သိ နေရပြီလေ။

အားသည့်အချိန်တွင် ပါးစပ်မှ တတွတ်တွတ်ရွတ်ဖတ်နေသူကတော့ ဦးလေးပါ။ ဤမိသားစုကြီး၏ တာဝန်ကို ၂၃နှစ်တိုင် မိခင်နှင့်တွဲ၍ ထမ်းဆောင်လာသူအဖို့ အဖော်မဲ့ရတော့်မည့်မို့ ဦးလေးရင်ထဲ ဘယ်လိုရှိမည်ကို ကျွန်တော် တို့ ခံစားမိပါသည်။ ရှေ့အခြေအနေကို သိနေသည့်အတွက် ရင်ထဲမှာ ပူလောင်နေသလောက် ခေါင်းအေးအေး ထားပြီး လုပ်စရာပြောစရားများကို လုပ်သွား ပြောသွား သည်။ "မင်းတို့ မေမေနေရာမှာ ငါသာ ရှိလိုက်ချင်ပါ့ကွာ၊ ကျန်ချင်းကျန် သူကျန်တာ ပိုကောင်းပါ တယ်"တဲ့။

(၅)
နောက်ဆုံးညသို့ ရောက်ခဲ့ပြီ။
ညဦးပိုင်းတွင် ကျွန်တော်အလုပ်လုပ်သော သံရုံးမှ မိတ်ဆွေနှစ်ဦး သတင်းလာမေးရင်း သတင်းတစ် ခု လာပေးပါသည်။ ထိုသတင်းအား မိခင်ကိုပြောပြဖို့ အတန်တန် တိုက်တွန်းကြသည်။ ကျွန်တော်သည် ချိန်ဆ နေရင်းမှ "ပြောလိုက်ပါ့မယ်"ဟု ဖြေပြီး အိမ်အပေါ်ထပ်သို့ တက်သွား သည်။ မိခင်သည် ဒန်းပေါ်မှ အထ နှင့်ဆုံသည်။

"မေမေ ကျွန်တော့သံရုံးကလူတွေ အခုပဲလာသွားပါတယ်။ ဂျပန်သံရုံးကတစ်ဆင့် သိရတာက တော ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာနကဦးဆောင်ပြီး "သွေး" ၀တ္ထုရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတယ် လို့ လာပြော ပါတယ်"
မိခင်သည် ငြိမ်နေရာမှ မျက်စိကို မှိတ်ထားရင်း ဖြည်းလေးစွာ ပြောလိုက်ပုံက-
"မေမေ ဒါတွေကို စိတ်အာရုံမရှိတော့ဘူး၊ ကိုယ့်တရားသာ ကိုယ်မှတ်နေတယ်"
ထိုစကား ကို ခဏရပ်ပြီးမှ ဆက်ပြောသည်မှာ.........
"အင်္ဂပူဆရာတော် ဘုရားကြီးပြောသလို အားလုံးဟာ အသာရကဋ္ဌေနပဲ"

ကျွန်တော်ကြားခဲ့ရသော မိခင်၏ နောက်ဆုံးစားပါ။ ဖခင်ဆုံးစဉ်က All are miserable (အားလုံးဟာ ဒုက္ခပါလား) လို့ ပြောသွားခဲ့ကြောင်း သိရပါသည်။ ယခုမိခင်က "အသာရကဋ္ဌေန"တဲ့ ဘ၀ဖြင့် လည်ပတ် နေရာ မှ ဓမ္မဖြင့် အဆုံးသတ်ပါကလား။ တာထွက်မောသလောက် တာဝင်တွင် ငြိမ်းပါဘိ။

ညလယ်ပိုင်းတွင် အမေမောလာပါသည်။ ပန်းသီးတစ်စိတ် ပါးပါးလေးစားကာ ငြိမ်သွားသလိုရှိ၏။ ကျွန်တော် တို့က တောင်တန်းကတိုး၊ ထင်းရှူး၊ အုန်းဆံကို မီးခဲထဲထည့်ပြီး မှိုင်းကို ခပ်ဝေးဝေးက ခပ်ငွေ့ငွေ့ လေးပေးသည်။ အတန်ကြာမှ လက်မောင်းနှင့် ရင်တွေကို ဖျော်ထားသော တောင်တန် ကတိုး ဖြင့် သာသာလေးလိမ်းပေးပြီး ဒေါနပန်းတွေ ရံထားပါသည်။ မိခင်သည် အသက်မှန်မှန်ရှူ ရင်းအိပ်ပျော် သွား၏။ ကျွန်တော်တို့ ဘယ်သူမှ ဆက်မအိပ်ကြပါ။ တစ်ခါတစ်ခါ အခန်းထဲသို့ ၀င်ကြည့်သည်။ မိခင်၏ အသက် ရှူသံ ကို မှန်မှန်ကြားရ၏။

နံနက်၅နာ၇ီလောက်တွင် မိခင်နိုးလာပြီး အသက်မှန်မှန်ရှူနေရာမှ ချွဲသံတွေကြားရသည်။ ဆေးထပ်လိမ်း၊ ငြိမ်သွားလိုက် နှင့် တစ်ပြန်စီဖြစ်နေသည်။ ဦးလေးက အခန်းထဲဝင်ကာ ပါးစပ်မှ ဖွဖွရွက်ပြီး မိခင်၏ခေါင်းမှ လက်မောင်း တဆုံး အသာကလေး သပ်ပေးပါသည်။ အားလုံးကို ထိန်းထိန်းသိမ်းသိမ်းရှိဖို့ မှာထားပြီးသား။ အသက် မှန်မှန်ရှူနေသောပုံမှာ ဖြည်းဖြည်းညင်းညင်း ရှိပေမယ့် စည်းချက်ညီသလိုရှိသည်။ အသားအရောင် ဖျော့လိုက် လာပြီ။ လက်တွေ့အေးစပြုပြီ။

ကျွန်တော်သည် မိခင်ကို မျက်နှာမှုကာ လက်အုပ်ချီပြီး သရဏဂုံကို အားစိုက်၍ တိုးတိုးကလေး ရွတ်နေပါသည်။ ရင်ထဲမှာတော့ ပေါက်ကွဲမတတ်။ ပြိုကျတော့မည့်တာကို မနည်းကြိတ်မှိတ်ပြီး ဆည်ထား ရပါ၏။ မိခင်သည် ညာနံစောင်းသို့ လှဲနေရာမှပင် အသက်မျှင်းမျှင်းလေးရှူကာ နောက်ဆုံးတွင် မေးတစ်ချက် တွန့်ပြီး အသက်ရှူရပ်သွားပါပြီ။ ဧပြီ၆ ရက် နံနက် ၆နာရီ ၄၅မိနစ် တွင်တန်းခူးလေသည် အိပ်ချိန်တန် နေပြီဖြစ်သူအား အသာကလေး ခြွေသွားပါပကော.........။

(၆)
ဓမ္မအလိုအရ ဤခန္ဓာသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ် မှီနေရပါ၏။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့၏ ပြုပြင်မှု ရှင်သန်နေရပါကော။ မိခင်ကွယ်လွန်ခြင်းကို ပြန်တွေးလိုက်သောအခါ စိတ်ပိုင်းဆိုင် ရာတွင် ခိုင်မာစွာ တစ်သမတ်တည်းရပ်တည်သော စိတ်၊ မိမိယုံကြည်လိုက်စား ရပ်တည်ခဲ့သော ဆေးပညာမှ တစ်ဖ၀ါးမျှ နောက်မဆုတ်။ ဥတုပိုင်းဆိုင်ရာတွင် လျော်ကန်သင့်မြတ်သော ဥတုအနေအထားကို ဖန်တီး ထားသူ။ အာဟာရပိုင်းတွင် ကိုယ်နှင့်သင့်မည့် ဓာတ်စာကိုသာ မှီဝဲလျက်။ သို့သော်လယ်လောက်ပဲ စိတ်၊ ဥတု၊ အာဟာရတို့ကို မိမိအလိုကျ ပြုပြင်စီရင်နိုင်ပေ မယ့် "ကံ"သည်ကား အလွန်ထူးခြား အင်အား ကြီးမားသော အပိုင်း ဖြစ်၏။ ပစ္စုပ္ပန်နှင့်သာ ဆိုင်သည် မဟုတ်။ အတိတ်နှင့်လည်းဆိုင်၏။ စိတ်၊ ဥတု၊ အာဟာရ တို့ကတော့ ပစ္စုပ္ပန် ပစ္စည်းများ။

"ရှင်သေမင်းက အတင်းလာလျှင် မငြင်းသာပါရချေလိမ့်လေး" ဆိုသည့်လယ်တီဆရာတော် ဘုရားကြီး၏ နိဗ္ဗိတေးထပ် ပါစကားသည် "ကံ"၏ စွမ်းအားကို မိန့်သောစကားပါလား။ "ကံ"က အပိုင်တစ်ချက် ဆွဲလိုက်ပြီ ဆိုလျှင် ဟိုမှာဘက်တွင် ရှိသော စိတ်၊ ဥတု၊ အာဟာရတို့က "ကံ" ဆွဲရာသို့ လိုက်ပါပြီး လွန်ဆွဲပွဲကို သိမ်းရ ပါတော့သည်။ ထို့ကြောင့် တပ်ချင်သည့် ရောဂါကြိုက်သလို အမည်တပ်ပါ။ မရဏက သိမ်းချိန်တန်လျှင် သိမ်းသွားပါမည်။ စိတ်၊ ဥတု၊ အာဟာရတို့ပေါ်မှာ ကြံ့ကြံ့ခံ ရပ်တည်ရင်းမှ မိခင်သည် မလွှဲမသွေသော "ကံ" လေ နောက်သို့ အေးငြိမ်းစွာ ပါသွားခြင်းဖြစ်၏။
အေးရိပ်ဆာယာ သို့ စာဆိုတစ်ဦး၊ သမားတော်တစ်ဦးသည် ဦးလည်မသုန်သွားပုံကိုကြည့်ရင်း......

ကျွန်တော် သည် စုံနံ့သာမြိုင် ဦးကြော့ ၏ ကဗျာလေးကို ရွတ်ကာ မိခင်၏ ၂၁နှစ်မြောက် ကွယ်လွန် ခြင်းအထိမ်းအမှတ် အဖြစ် ဤဆောင်းပါဖြင့် ကန်တော့ပန်းဆင်လိုက်ပါတော့သည်။

စာရေးသူ - မိုးဟိန်း (သား - ဂျာနယ်ကျော်)
ပန်းတောက်ပွင်သစ် ဂျူလိုင် ၂၀၁၀
.

4 comments:

ညိမ်းနိုင် said...

ဖတ်သွားတယ်...မရွေစင်ဦးရေ...
ဖတ်ပြီး မောကျန်ခဲ့တယ်...။

mashwemi said...

"သားလေး........မေမေ့ကို မန်ကျည်းရွက်ခူးပေးပါလား ခေါင်းအုံးထဲက မှို့တွေထုတ်ပြီး ထည့်ဖို့"
အဲဒီကစာပိုဒ်ကနေစပြီးမျက်ရည်ဝဲ၀ဲနဲ့ ဖတ်လာတာ အဆုံးထိပဲ။ သုံးခေါက်ပြန်ဖတ်သွားတယ်..မမရေ။ ဒီဆောင်းပါးကိုတခါဖတ်ဖူးပေမယ့် မမှတ်မိတော့ဘူး။ အခုလိုပြန်ဖတ်ရတာ ကျေးဇူးအများကြီးတင်ပါတယ်နော်။
မြသန်းတင့်ရေးတာထက် သားအရင်းကိုယ်တိုင်ကရေးတော့ ဖတ်ရတာသရုပ်ပါလိုက်တာ။ မျက်စိထဲတောင်မြင်ယောင်လာမိတယ်။ သေတဲ့ထိ သူယုံကြည်တဲ့ဆေးပညာပေါ်သစ္စာရှိသွားတဲ့သူ လို့ ဆရာမြသန်းတင့်ကတော့ ရေးထားတယ်။

ဇော်သိင်္ခ said...

ဆရာမရေ.. ကျွန်တော်လည်း ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ နောက်ဆုံးအခြေအနေတွေကို ဖတ်နေရင်းနဲ့.. ကျွန်တော့် ဖေဖေရဲ့ နောက်ဆုံး.. ခံစားနေရတဲ့ရောဂါအခြေအနေတွေနဲ့.. မိသားစု ခံစားနေရတဲ့ အချိန်တွေကို ပြန်လည်မြင်ယောင် သတိရပြီး မျက်ရည်ဝဲမိပါတယ်ဗျာ

Rita said...

ဗမာဆေးနဲ့ပဲ ကုသွားတယ်ဆိုတော့ ပြောင်းပြန်ဖြစ်နေပေမယ့် ဝေဝေကို သတိရမိတယ်။