Tuesday, July 20, 2010

ပန်းသတင်း (ဂျူလိုင် ၂၀)

ပေါင်သားလှီးသူ
ဆင်ဖြူကျွန်း အောင်သိန်း

"ဟေ့ ... သာဒွန်းအောင်"
ရမ်းဘိုကုန်းရွာလယ်ရှိ ၀တ်ကျောင်းငယ် အရှေ့ဘက်မှ တဲကလေးတစ်လုံး၏ ရှေ့တွင် ခေါင်းပေါင်း ဖိုသီဖတ်သီနှင့် လူတစ်ယောက်မှာ ယောင်ချာချာ ရပ်နေသည်။ မွန်းလွဲ နှစ်နာရီခန့် ရှိနေပြီဖြစ်သဖြင့် အညာရပ်၏ ခက်ထန်သောနေက ပိုလို့ ပူပြင်းတောက်လောင်နေ၏။ ဖုန်နှင့် လူးသော ရွက်ခြောက်တို့သည် ပြေးလွှား နေ၏။ ချောင်းရိုးတစ်လျှောက်မှ ဆိုးဝါးလှသည့် လေပူ တို့သည် နွားခလောက်သံနှင့် ရောဖွဲ့ကာ ၀င်ရောက် လာသည်။

"ဟေ ... သာဒွန်းအောင်၊ ဟေး သာဒွန်းအောင်"
တဲကလေးရှေ့တွင် နေပူထဲ၌ ယောင်ချာချာရပ်နေသူက တဲ၏ အတွင်းဘက်သို့ ငုံ့ကြည့် ပြန်၏။
"ဟေး သာဒွန်းအေင်တို့၊ မိထွေးတို့"
ထပ်မံ၍ ခေါ်လိုက်ပြန်သော်လည်း တုံ့ပြန်သော အသံက ထွက်ပေါ်မလာသောကြောင့်
"ဟာ ... ဒီကောင်ဟာ ဘယ်များသွားနေပါလိမ့်၊ ဟေး ... မိထွေး"
တဲရှင် ဖြစ်သော သာဒွန်းအောင်၏ မယားအမည်ကို ဟစ်ခေါ်လိုက်ပြန်သည်။

"တော်" ... အတန်ကြာမှ ထူးသံထွက်လာကာ ထဘီရင်ရှားနှင့် အသက်အစိတ်ခန့်ရှိ မိန်းမငယ် တစ်ယောက် သည် တဲတွင်းမှ ပေါ်လာပြီး
"သြော် ကိုဆေးရိုးလား၊ လာလေ အထဲကို"
မိန်းမငယ်က ပွေလိမ်ကျနေသော ဆံပင်နီကြန့်ကြန့် ကြေးနီရောင် အစုကလေးကို ပြီးစလွယ် ထုံးဖွဲ့ ရင်းက ကိုဆေးရိုးအား တဲအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
"နေပါစေဟာ မ၀င်တော့ပါဘူး။ နို့နေပါဦးဟ၊ နင်တို့ဟာက နေ့ခင်းကြောင်တောင်ကြီးမှာ ဘာလုပ် နေကြတုံးဟ။ ခေါ်လိုက်ရတာလည်း လည်ချောင်း ပဒေါင်း (ပုံတောင်း) လိုက်နေပြီ။ ပြီးတော့ ထွက်လာ တော့လည်း ကိုးရိုးကားရားနဲ့ပါကလား"

ကိုဆေးရိုးက မိထွေးကို သေချာပတ်နပ်အောင် စူးစိုက်ကြည့်ပြီးမှ မိထွေး၏ မျက်နှာကို မော့ကြည့် နေ၏။
"တော့် ၀ါသနာကို တော် လျှောက်တွေးနေတာကိုးတော့်။ နောက်ဖေးက ကင်ပွန်းခါးပင်ရိပ်မှာ သက်ကယ်ပျစ် နေတာပါ။
"သြော် ... အင်း ...၊ သာဒွန်းအောင်ကကော"

"ဒီ အော့နာဝမ်းကျကို ပြောပဲ မပြောချင်ပါဘူးတော်။ တစ်နေ့လာလည်း သုံးပုံ၊ တစ်နေ့လာလည်း သုံးပုံ၊ သုံးပုံဝိုင်း မှာ ထမင်းစားခဲ့ပါလား။ နွားစာတောင်မှ ကလေးတစ်ဖက်နဲ့ ကျုပ်ကျွေးလို့ နွားတွေ စားနေရတာ။ လှည်းတိုက် ကလေး ဘာလေး လိုက်ပါဆိုတာတောင်မှ ဘာလေး ညာလေးနဲ့ "ဂျီရိပတ်တ" များနေတာပဲ။ ကြာတော့ ကျုပ်ကလည်း စိတ်မရှည်တော့ဘူးတော့်။ မြွေပွေကြီး ထွန်တုံးလောက်ကိုက်ပြီး သေပါစေ ဆုတောင်း မိတယ်။ မသေဘူးတော် ... မသေဘူး"

"ဟယ် ... နင်ကလဲ"
မိထွေး၏ ဘွင်းဘွင်းကျစကားကို ကိုဆေးရိုးက ဟန့်တားလိုက်၏။
"နင်ပြောတာတွေ ဟုတ်တယ်ဟ။ ဟုတ်ပေမဲ့လည်း ဒီလင်နဲ့ ဒီမယားဆိုတာကလည်း ပြတ်နိုင်တာ တွေ မဟုတ်တော့ အကြာင်းမသိရင် နင့်ကိုသာ အဆိုးဆိုကြမှာ"
"အို ... ဆိုကြပေါ့၊ မိထွေးအကြောင်းသိချင်ရင် ၀င်ပြီးစွက်ပေါ့"
မိထွေးမှာ စိတ်ဆိုးမာန်ဆိုးနှင့် ဒူးတလန်ပေါင်တလန် ဖြစ်လာကာ လက်သီးလက်မောင်းကို တန်းလာ လေသည်။

"ငါ့လခွေးမှပဲ၊ နင့်မှာ ဒါတွေကြောင့် ခက်နေတာပဲ၊ ဆိုလေ ကဲလေ မန်းလေ ပြဲလေလ
"အခံရခက်လွန်းလို့ပါ ကိုဆေးရိုးရာ၊ လင်မယား ရန်ဖြစ်ပလား၊ ရန်ဖြစ်ရင် ဒီကောင်မ အဆိုးချည်းပဲ။ ဒီကောင်မ မှာဖြင့် နေအေးတုန်းမှာ ၀က်လာပင်တွေကို ရိတ်ထားပြီး ငှားသူရှိရင် သူများဆီမှာ အိုးကို အငှားဖုတ် လို့၊ ငှားမယ့်လူ မရှိရင် သက်ကယ်ပျစ်ပြီး မ၀တစ်လုတ် ၀တစ်လုတ် စားနေရာတာကို တော့ မသိကြတဲ့ အတိုင်းပဲ။ ဒီတော့ ကျုပ်ဆိုးသလားတော့် ကဲ"
"အေးပါဟာ၊ တို့ကတော့ နင်မဆိုးမှန်း သိတာပေါ့ဟ"

ကိုဆေးရိုးက မိထွေး၏ စကားကို အလိုက်သင့် ထောက်ခံလိုက်ခြင်းဖြင့် သူ၏ ခံပြင်းသော ဝေဒနာ လျော့ပါး သွားစေသည်။
"ငါလည်း ပြောပါတယ်ဟ၊ ကနေ့ဆိုရင် ကျွန်းညိုကို လှည်းလိုက်ဖို့ကိုတောင် ငါပြောထားလို့ လိုက် မယ်ပြော ထားတယ်။ အဲဒါကို အခုသွားတော့မလို့ လာပြီး သတိပေးတာ"
"အင်း အင်း တော့်မှသာ သတိပေးနေ၊ သူကဖြင့် သူ့သုံးပုံဖဲဝိုင်းကတောင် ထဦးမှာ မဟုတ်ဘူး"

"ကဲပါဟာ သွားခေါ်ချေပါ။ ငါလည်း သွားပြီး နွားစာကလေးဘာလေး ထပ်ကျွေးလို့ တစ်အောင့် လောက်ကြာ ရင် လှည်းတပ်ပြီး လာခဲ့မယ်။ မြန်မြန်လည်း လုပ်ဟေ့"
ကိုဆေးရိုးက နေပူအောက်မှာရပ်လျက် ပြောဆိုပြီးသည့်နောက်တွင် လှည့်ထွက်ခဲ့လေသည်။ သာဒွန်းအောင် တို့ အိမ်ဝိုင်းထဲမှ ထွက်လာပြီး လှည်းလမ်းမှ မန်ကျည်းပင်ရိပ်အောက်သို့ အရောက် တွင် ခပ်သဲ့သဲ့ မျှသော သုံးပုံဖဲရိုက်သံကို ကြားလိုက်ရသည်။ စကားပြောသံ၏ အဆုံးတွင် ဝေါခနဲ ၀ိုင်းရယ်မော လိုက်ကြသော အသံကိုပါ ကြားရသဖြင့် ကိုဆေးရိုးမှာ ပြုံးမိလေသည်။

ဖဲ့တကာ့ ဖဲတို့တွင် သုံးပုံဖဲသည် တသသနှင့် လွမ်းလို့ အကောင်းဆုံးသော ဖဲမျိုး ဖြစ်သည်။ တစ်အိမ် ကျယ်၍ တစ်လှည့်ပြီး သွားတိုင်း မိမိတို့၏ အထေမှားပုံ အတွေးမှာပုံများကို အသီးသီး ပြောကြကာ ၀ါးခနဲ ၀ါးခနဲ ရယ်မော ကြလေ့ရှိ၏။ ပြီးခဲ့သော အမှားကို တမြည့်မြည့်သော နောင်တဖြင့် လွမ်းဆွတ်ရသော လူမိုက်ကျင့် ကို သုံးပုံဖဲကများ မျိုးစေ့ ချပေးလေရော့သလား။
သာဒွန်းအောင် နေ့စဉ်စွဲမြဲ သဲမဲလျက်ရှိသော သုံးပုံဝိုင်းမှာ သာဒွန်းအောင်တို့အိမ်၏ တောင်ဘက် ငါအိမ်ကျော် တွင် ရှိလေသည်။ ရွာကလည်း မျက်နှာချင်းဆိုင် အိမ်များမရှိဘဲ ဘေးတိုက်ယှဉ်တန်း ထားသော ရွာတံခွန်ကြီးဖြစ်သဖြင့် အလှမ်းတော့ဝေးသည်။ လေသင့်ပါမှ ဖဲဝိုင်းမှ အသံသဲ့သဲ့ကြားရ ၏။

"တောက်"
သာဒွန်းအောင်မှာ အကြံရခက်နေ၏။ သူ့တွင် ဖဲနှစ်ဖူရနေပြီး ကျန်နှစ်ယောက်မှာ တစ်ဖူစိသာရကြ သေးသည်။
"တောက်၊ မထောင်လည်း ခက်၊ ထောင်လည်းခက်နဲ့၊ တွယ်သမျှတွေကလည်း ရှမ်းချည့်ပါကလား"
"ထောင်နော်၊ မထောင်ရင် မင်္ဂလာပဲဟေ့"
လက် တွင် ထုံးခွေကြီးများ ပြည့်ထပ်နေသော ဖိုးစိန်တုတ်ဆိုသူက လှန့်လိုက်လေသည်။
"ဟဲ ဟဲ ထောင်တော့ မထောင်နိုင်ဘူးဗျ"

ဖိုးစိန်တုတ်၏ လှန့်လုံးကို သာဒွန်းအောင်က ဒူးတနှံ့နှံ့နှင့် ပြန်ပြီး ထည့်လိုက်သည်။ ဖိုးစိန်တုန်၏ ဖြီးလုံးကို သိသော ကြောင့်သာ ဖြစ်၏။
သာဒွန်းအောင်၏ လက်ထဲတွင် မင်္ဂလာမဆောင်နိုင်တော့သဖြင့် ပျက်သွားရသည့် ခြောက်အိုးနှင့် ချွန်းရှိနေပြီး မိုးကြိုးလုပ်နိုင်ရန် စီတင်းအကောက်တစ်ပြားနှင့် ထင်တစ်ချပ်ရှိနေပြီဖြစ်ရာ ဖိုးစိန်တုတ် ၏ စကား ကို မည်သို့လျှင် လန့်ပါမည်နည်း။

"ကဲဗျာ ... ရှောတိုးလားမလားလို့ စောင့်နေရတဲ့ မိုးကြိုးဗျ"
ပါးစပ်ကလည်း ဖေးကူ၍ စစ်ဆင်ရသည်။
"ဟဲ ... ဟဲ ဖူလုံပဲ ကြိတ်ရတော့တာကိုးဗျ။ ကဲ ... ဒီတစ်ပြားလည်း ထောင်လိုက်ဦးမယ်ဗျာ"
ဖုံးခနဲ မြည်ကာ ထင်တစ်ချပ်က ကြမ်းပေါ်ကျလာသည်နှင့်တစ်ပြိုင်နက်
"အင်း ... ကျွတ် ကျွတ် ကျွတ် အကျိုးနည်းပြီဟေ့"

ကျန်ရိုက်ဖော် တစ်ဦးဖြစ်သူ ကိုပိတ်စက သူ၏ အထေမှား အတွေးမှားမူကို နောင်တရပြီး ညည်းညူ လိုက်ရှာ သည်။
"မင်းမှ မှားတာမဟုတ်ဘူး၊ ငါလည်း သွားပြီ။ ကဲ သာဒွန်းအောင်၊ ကျယ်ပေတော့ဟ၊ ငါထင်တာက မင်းဟာ မိုးကြိုးချ ပြီးရင် ဗမာစုံတစ်ခုခု တိုက်မှာပဲဆိုပြီး ထေလိုက်တာ သွက်သွက်လည်ပြီဟေ့"
ဘကြီး ဖိုးစိန်တုတ်က အဖူကို သာဒွန်းအောင်ဘက်သို့ ရွှေ့ပေးရင်း ပြောလိုက်ရာ

"မကျယ်နိုင်ဘူးဗျ၊ ကိုပိတ်စ ဘာဆွဲထားသလဲ"
"နှစ်ဖက်ကျန် တာပဲကွ၊ ဒါပေမဲ့ ကြည့်လိုက်တော့ ရှမ်းတေချည့် ထွက်နေတာနဲ့ ထင်ပဲဆွဲတယ် ဟေ့... "
"ဟောဗျာ ... ဖိုးစိန်တုတ်ကကော"
"ငါလည်း ယင်းစုံကို ဖဲ့ထေလိုက်ရတာပေါ့ကွ"
"အမယ်လေး ... ကျယ်ပြီဗျ ကျယ်ပြီ"

သာဒွန်းအောင် ချွန်ကလေးကို နှီးချောဖျာပေါ်သို့ ဖုန်းခနဲ ရိုက်ချလိုက်ပြီး ထ၍ ခုန်လေတော့သည်။ "ချွန်းတဲ့ကွ ... ချွန်း ... ချွန်း" ဟူ၍လည်း အော်နေလိုက်သေး၏။
"ထင်တော့ ထင်သားပဲကွ၊ ရှမ်းတစ်ပြားတလေ ရှိနေတတ်တယ်ဆိုတာကို ထင်တော့ ထင်သားပဲ။ ဒါပေမဲ့ ရှမ်းတေထွက်နေတာက ကုန်သလောက်ရှိနေပြီကွ"
ကိုပိတ်စက သူ၏အမှားကို တရားဝင်အောင် စကားပြေထိုးလိုက်သည်။ သူ့စကားအဆုံးတွင် အုံးခနဲ ရယ်သံက လွှမ်းချဲ့ကျယ်ပြန့်သွားပေ၏။
"ကဲ ဘကြီး ဖိုးစိန်တုတ်က ကျွန်တော့်ဘက်မှာ လက်ကောက်တစ်ရန်နဲ့ တစ်ဖက်ဆင်လိုက်ပါဦး"

"ကျုပ်ဘက်က ပစ္စည်းတွေကိုလည်း အတွက်ကျ ရွှေ့လိုက်ပါ"
"တယ် ငါလခွမ်းတဲ့မှပဲ၊ ငါက ပွဲစားဖြစ်နေမှကိုး"
ဖိုးစိန်တုတ်က သူ၏လက်တွင် ထုံးမှတ်များ တို့နေရင်းက အသံတုန်ကြီးဖြင့် မကျေမနပ် ညည်း လိုက်ရာ အုံးခနဲရယ်သံက လွင့်သွားပြန်သည်။
"သာဒွန်းအောင်"
သည်တစ်ခါ ခေါ်သံက ဖဲဝိုင်း၏ အပမှဖြစ်သောကြောင့် သာဒွန်းအောင်က နောက်ဘက်လှည့်ကြည့် လိုက်၏။

"ဟဲ့ ... ဘာလဲဟ"
"ကိုဆေးရိုးက ပြောသွားတယ်၊ သွားရအောင်တဲ့"
"မသိဘူး၊ ငါ့လာမပြောနဲ့"

သာဒွန်းအောင်က ကလေးဆိုကြီးလို ခေါင်းကို ချာခနဲလှည့်ပစ်လိုက်ကာ ဖဲကို ဆက်ပြီး မွှေနေလေ သည်။ မေ့နေသော လှည်းတိုက်သွားရမည့်ကိစ္စက အခုမှ ခေါင်းထဲဝင်လာ၏။ သို့ပေမဲ့ သူ့ရင်ထဲ တွင် အမည်မသိသော မကျေနပ်ခြင်းတစ်ခုက ၀င်ရောက်လာသဖြင့် လာပြီး ပြောရှာသောမယားကို ကန့်လန့်ပြောပစ်လိုက်ခြင်း ဖြစ်သည်။ မိထွေးကလည်း သာဒွန်းအောင်၏ ပြုမှုပုံကြောင့် ရင်ထဲက အောင့်သွာ၏။ သာဒွန်းအောင်ကလည်း သူ၏ ပျော်ရွှင်ကြည်နူးနေခြင်းကို လာရောက် ဖျက်ဆီးရ မည်လားဟူ၍ မကျေမနပ် ဖြစ်နေသည်။ သို့သော်လည်း သာဒွန်းအောင်မှာ ကြာမြင့်အောင် ကျောခိုင်းမနေနိုင်ပါ။

"မလိုက်ဘူးဟေ့ ... သွား"
"ဟဲ့ ... ဒါနဲ့ နင်လိုက်မယ်ဆိုဟဲ့"
"သွား ... နင့်မျက်နှာကို ကြာကြာမကြည့်ချင်ဘူး၊ ငါ့ကို ထပ်ပြီး ပြောမနေနဲ့"
"တောက် ဟင်း တယ်လေ"
အဘယ်မျှ ရက်စက်လိုကသော စကားများပါနည်း။ အသက်ပေး၍ ကြင်ချစ်၇သော လင်သား၏ထံမှ ထွက်ပေါ်လာသော ဤစကားသည် မယား၏ အသည်းကို ကိုင်ယမ်းနင်းခြေလိုက်ခြင်းမျှသာ ဖြစ် ၏။ သို့ကြောင့်ပင် မိထွေးက သူ၏ ဒေါသနှင့် ရင်၏နာကျင်ရခြင်းကို ကျိတ်မှိတ်မျိုသိပ်ကာ လှည့် ထွက်သွားလေသည်။

"တစ်ခါတည်း ဖြစ်နေလိုက်တဲ့ ရုပ်ကြီးက"
သာဒွန်းအောင် ဖဲဝိုင်းမှထလာရင်း မကျေမနပ်နှင့် ရေရွတ်လာ၏။
"ဖြစ်နေလိုက်တဲ့ ရုပ်ကြီးက သူ့အမေ သေသလိုပဲ"
နေရိပ်များမှာ နည်းပါးလှသည်။ ရွာ၏ တောင်ဘက်ရှိ တောတန်းမှာလည်း ငြိမ်သက် သွေ့ဆိတ် လွန်းလှသည်။ နေရောင်အောက်ဝယ် ပိုဆိုးကိုမျှ ခေါင်းမြီးခြုံဖို့ သတိမရ။ သာဒွန်းအောင်က ပုဆိုး စုတ်ကို ပခုံးပေါ်တင်ပြီး နေပူကျဲကျဲထဲဝယ် အသက်မဲ့လှစွာဖြင့် လမ်းလျှောက်လာနေသည်။

သေဆုံးခဲ့ရပြီကော။ သာဒွန်းအောင်၏ ဘ၀က အများနည်းတူ ကြေပျက်ဆုံးပါးခဲ့သည်မှာ ကြာပါ လေပြီ။ တကယ်တော့မူ အသက်မပျောက်လေသေးသောကြောင့် လှုပ်ရှားနေ၏။ အသက်မဲ့သော လှုပ်ရှားခြင်း အဘယ်မှာ သန်စွန်းနိုင်ပါမည်နည်း။
လယ်သမားကြီး ဖိုးရွှေသီနှင့် လယ်သူမကြီး မယ်မင်းဘုံတို့မှာ လယ်သမားကလေး သာဒွန်းအောင် ၏ မိဘနှစ်ပါး ဖြစ်သည်။ အဖေတို့၏ လယ်သမားဘ၀ကို သာဒွန်းအောင်က သွေ့ရိုင်းသော မြက် ခြောက်တောပမာမြင်ခဲ့ရ၏။

"ငါတို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေသွားကြရတော့မှာလား
အဖေလယ်သမား၊ သားလယ်သမား။ အဖေလည်းင် သားလည်းငတ်၏။ လွမ်းပုံဟောင်းကို ထပ်လောင်း ရွတ်ဆိုရပါလျှင် ဖိုးရွှေသီးတို့၏ ဓားမဦးချ လယ်ကလေးတွေပြုတ်ပြီး ကြွေးနှောင်း အထပ်ထပ်တို့ ရစ်ပတ်ခြင်းးခံရမှုမှာ စတီးဘုရားသား စသော မြန်မာ့ဆန်စပါးဈေး ချုပ်ကိုင်နေသူ များ၏ စပါးဈေး နှိမ့်ချမှုကြောင့်ပင် ဖြစ်သည်။ ဒီနှစ် သာဒွန်းအောင် လယ်ကို စွန့်ပစ်လိုက်တာ ကလည်း စပါးဈေး နိမ့်ကျလွန်းသောကြောင့်ပင် ဖြစ်၏။ မိုးသုံနှစ်ဆက်ခေါင်၍ မျိုးသာသာမျှသာရ သော လယ်ထွက်စပါးက ၂၈၅ကျပ်သော စပါးဈေးအောက်ဝယ် ပက်လက်မျောရတော့သည်။ လင်မယားနှစ်ယောင်လုံး၏ ကူလီခက ဘယ်မှာလဲ။ နွားနှစ်ကောင်အတွက် ကူလီခကကော ဘယ်ရောက်သွားပြီနည်း။ တစ်မိုးလုံး၊ တစ်နွေလုံးနှင့် ကောက်မရိတ်မချင်း စားခဲ့ရသော ထမင်းဖိုး ကလည်း ရှုံးလိုက်ပြန်သေးသည်။
"ငါတို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေသွားကြရတော့မှာလား"

ဟုတ်ကဲ့၊ ဒီလိုနဲ့ပဲ သေသွားကြရတော့လေ။ ဒီဝဋ်မှ လွတ်စေကျွတ်စေရန်အတွက် မြေကြီးဆုံး အောင်ပဲ ပြေးသွားပါဦးတော့၊ ဒီလိုနဲ့ပဲ သေရမည်။
မှန်သည်၊ ထူးခြားချက်ကကော ရှိနေပါသေးသလား။ စိတ်ဓာတ်၏ ကျဆင်းမှုနှင့်အတူ လူသားတိုင်း ၏ ဆုတ်နစ်သော လုပ်အားများကလည်း လူ့လောက၏ တစ်ခုသော အစွန်သို့ ပြေးထွက်ကုန်ကြရ ပေပြီ။ ဒါကိုတော့ သာဒွန်းအောင်ကိုပင် လက်ညှိုးညွှန်ရပေမည်။

လယ်ပြင်သို့ ရောက်တိုင်းရောက်တိုင်းပင် သာဒွန်းအောင်အတွက် အ မင်္ဂလာနှင့် ကြုံဆုံရသည်။ ညောင်ပင် ခြေရင်းဝယ် ပစ်လှဲလို့သာ ထိုင်ချလိုက်မိသည်။ ဟစ်၍ ဟစ်၍ ငိုလိုက်ချင်ပါ၏။ မျက်ရည် က မယိုစိမ့် လာနိုင်။ ရင်တွင်းဝယ် ကြမ်းသော လက်ကြီးအစုံဖြင့် ဆုပ်ကိုင်မွှေ့ယမ်းခံရသလို နာကျင်ဆို့နင့်နေရသည်။ ခြေသလုံး တစ်ပတ်စ် မြှုပ်အောင် ထွန်ယက်ခဲ့ရသော သမန်းပြင်က သာဒွန်းအောင်၏ အသည်းစိုင်ကို ရွှင်လန်းအောင် ဖန်တီးမပေးနိုင်။ သွေ့ခြောက်နေသော အသွင်၊ ၀ါကြင်နေသာ အဆင်း၊ လိမ်ကွေးနေသော ရုပ်ပြဖြင့် ၀မ်းနည်းသူကိုမှ ငိုချင်အောင် ပြောင်စနေ သော ကောက်ပင်တောက ကြည့်လိုက်တိုင်းလျှင် ရင်ဝယ် ဆို့နစ်သွားစေလေ၏။ ဒါကို မက်မော ခင်တွယ်နေလို့လည်း သုညတွင်းမှ အရေအတွက် ထုတ်ယူ မရနိုင်သောကြောင့် မိမိ၏ ချောင်လည် ရေးကို ရှာကြံရတော့သည်။ စင်စစ်တော့ လူပေါ် လူကြော့အလုပ်ဟူ၍ ခေါ်ဆိုလိုက်လည်း ခေါ်ဆို နိုင်ပါသေး၏။ ထို့ပြင် ခေါင်းပုံဖြတ် လှီးစားဖြတ်စား။

သာဒွန်းအောင်မှာ လှည်းတစ်စီးဖြင့် နီးဝေးနှံ့စပ် လှည့်ပတ်သွားလာနေသည်။ အပေါင်းအသင်းများ ရှိရာ ကိုင်းထဲ ကျွန်းထဲသို့သွားရင် ကိုယ့်နွားကို ကြိုက်လည်းမကြိုက်၊ ငွေများများ စားစားပေးပြီး လည်း အစား မ၀ယ်နိုင်သော သူများထံမှ အလိုက်ငွေပိုကလေး အသင့်အတင့်ရလျှင် သာဒွန်းအောင်က သူ့နွားနှင့် လဲလှယ်လိုက်၏။ နွားကောင်လုံးလည်း မပျောက်၊ ငွေလည်းပိုသော အလုပ်မို့ တစ်ဖက်တစ်နည်း ချောင်လည် စေသော နည်းပင် ဖြစ်သည်။ ဤသည်ပင် "ပေါင်းသားလှီးခြင်း" ဟု ခေါ်ဆိုကြပေ၏။

"သာဒွန်းအောင်ရာ ... မစားရလည်း နေပါစေဟာ၊ ဒီနွားတွေကိုတော့ မလဲပါနဲ့တော့"
မိထွေးက နွားတင်းကုတ်တွင်းရှိ ဖီးဖီးကြော့ကြော့ နွားထီးကြီးနှစ်ကောင်ကို ကြည့်ပြီး သာဒွန်းအောင်ကို တောင်းပန် လိုက်သည်။
"အံမာ ... နွားခိုက်လို့ မွဲမှာ သေမှာကိုများ ကြောက်သေးသလားဟ၊ ဒါထက်ကော မွဲနိုင်သေးလား၊ သေသွားတော့ကော ဒီအငတ်အမွဲဘ၀ကို မက်နေသေလားဟ၊ စောစောသေရင် စောစော ၀ဋ်ကျွတ်တာပေါ့ဟာ"

အံကို ကြိတ် လက်သီးကို ဆုပ်ပြီး "ဟဲ့ ... လောကဓံ၊ နင်ဟာ ဒါထက်မွဲအောင် တတ်နိုင်သေးရဲ့ လား" ဟု အထေမဲ့ဝှန် ကြိမ်းဝါးလိုက်သံမှာ ငိုသံစွက်သော သံတုန်ဆွေးကြီး ရင်တွင်းဝယ် အဘယ်မျှ နာကြည်း နေကြောင်း ကို ဖော်လှစ်နေပေသည်။
"ကြောက်တာပေါ့ဟာ ... နင် တညောင်ရွာက ငါးဆယ်အလိုက်ရလို့ လဲလာတဲ့ နွားကြီးတုန်းကများ ငါဖြင့် အစာ တောင် မကျွေးဝံ့ဘူး။ သူ့ကို ဘယ်တော့ကြည့်လိုက်ကြည့်လိုက် ဆောင့်ဆောင့်ကြီး ထိုင်နေတာပဲ"

ခြင်္သေ့ထိုင် ထိုင်သော နွားကို နွားဘီလူး၊ သခင်သေတတ်သည်ဟု ပြောစမှတ်ပြုကြသော်လည်း သာဒွန်းအောင်တို့ လင်မယာမှာ သေလည်း မသေ၊ နာလည်း မနာခဲ့။ ဂြိုဟ်ဆိုး ကံဆိုးတွေ ထူထဲ စွာ ၀န်းဆို့နေသည့်အထဲသို့ အသေးအဖွဲကိစ္စကလေးက တိုးနိုင်ဟန်မတူ။

အိမ်သို့ သာဒွန်းအောင် တစ်ခေါက်ပြန်လာတိုင်း မိထွေးမှာ ရင်ကို မ၊ ဘုရားကို တရသည်။ ဟုတ်သည် မ ရ ပေမည်။ တစ်ခါပြန်လာလျှင် နွား၏အမြီးကြီးမှာ မြေကို ဒရွတ်တိုက်လျက်သား ပါလာသည်။ မွဲပင် မွဲသော် လည်း မိထွေးက မွဲဆိုသော စကားလုံးကိုတော့ ကြောက်ရွံ့လှသည်။ နွားတံမြက်လှည်း၊ အိမ်တံမြက်လှည်း ချွတ်ခြုံ ကျအောင် မွဲဆိုမဟုတ်လား။

    ရင်ပုံကြား၊ လက်ကြား၊ မျက်ကြားဘဲ နံနိမ့်စသည်ဖြင့် သူတစ်ပါး ရှောင်သမျှ နွားတို့သည် သာဒွန်းအောင် ၏ နွားတင်းကုတ်တွင်းသို့ ၀င်လိုက် ထွက်လိုက်နှင့်။ ကြာတော့လည်း မိထွေးမှာ ရိုးသွားတော့သည်။ ရိုးသွားရုံသာ မဟုတ်၊ ကိုယ့်လက်ထဲ နွားကို အခြားလဲလှယ်လိုသူ၏ အမြင် တွင် စိုပြည်ဝဖြိုးနေပါမှ အလိုက်များများရမည်ဟူသော အသိက မိထွေးအား ရောက်လာသမျှ နွားများကို အရိပ်တကြည့်ကြည့် ကျွေးမွေး နေအောင် စေ့ဆော်ပေးလေ၏။ တစ်နေ့ ...။

"သာဒွန်းအောင် ... သာဒွန်းအောင် ... ဟဲ့ ... ဟဲ့"
မိထွေးက နွားတင်းကုတ်ထဲမှနေပြီး အလန့်တကြားအော်သောကြောင့်
"ဟ ... ဘာတုံး၊ ဘာတုံး၊ ဘာဖြစ်တာလဲဟ"
သာဒွန်းအောင်မှာ တဲထဲမှ ပြေးထွက်လာ၏။ မိထွေးကို ကြည့်လိုက်တော့ ပါးစပ်အဟောင်းသား၊ မျက်လုံးအ၀ိုင်းသားနှင့် ထိတ်ရွံ့ အံ့သြနေသည်။

"မိထွေး ဘာလဲဟင်"
"နင်လဲလာတဲ့ နွားကို သေချာကြည့်ပါဦး"
"ဘာဖြစ်လို့လဲ"
သာဒွန်းအောင် က သေချာပတ်နပ်စွာကြည့်ပြီးမှ လဲခဲ့သော နွားဝါကို တစ်ဖန်ပြန်ကြည့်လိုက်ရပြန် သည်။
"ငါလည်း နွားပိုက်ပဲအောက်မေ့ပြီး အစာကျွေးနေတာဟ၊ အဲ ငါ အစာကျွေးနေတုန်း သေးပေါက် တော့ ငါလည်း ထိတ်ပြီးအော်မိတာဟ၊ သေးပေါက်တာက ဗိုက်အောက်က မဟုတ်ဘူးဟ၊ အမြီးကို မပြီး နောက်က ပေါက်တာ"

"ဟေ"
သာဒွန်းအောင်ပါ ပါးစပ်ပြဲရတော့သည်။
"ဟင် ... ကြည့်စမ်း"
မိထွေးက အမြီးကို ဆွဲလှန်ပြလိုက်သည်။ နွားမကို နွားမအစစ်။ သို့သော်လည်း ထူးဆန်းသော နွားပါတကား။ အမြီးကိုသာ လှန်မကြည့်လျှင် ဘယ်နွားဝိဇ္ဇာပဲဖြစ်ဖြစ် နွားမဟု မပြောနိုင်။ ချိုကား ကြီးနှင့် စွင့်နေအောင် သရုပ်ဆောင်ထားသည်။ အလျားကောင်း၏။ ကဲလား ကောင်းသည်။ ခွာကျ တာကအစ နွားဝိုက်(နွားထီး)ပင် ဖြစ်၏။ ဗိုက်အောင်မှာလည်း နွားထီး၏ ကျင်ချောင်းပါသည်။ သို့သော် ဤပစ္စည်းမှာ အတု ဖြစ်သည်။ အရေအခွံ အတန်းကလေးနှင့် ရှုံ့တွတွ အရေခွံ ဖုဖု ကလေးများမှာ နွားထီးအသွင်ကို ဖန်ဆင်းထားသည်။ တကယ်တမ်း ကျင်ငယ်စွန့်ခါမှ ဘွားဘွားပေါ် ရခြင်း ဖြစ်၏။
"အသာနေ၊ အသာနေ၊ လူကြားသွားမယ်"

သာဒွန်းအောင် မျက်ကလဲဆန်ပျာနှင့် လက်ခါခါ ခြေခါခါ ပိတ်ထားလိုက်သည်။ သို့တစေလည်း အခါတိုင်းကိုမူ ကိုယ်က အလိုက်ရနေကျ။ သာဒွန်းအောင်မှာ ဒီတစ်ချီတော့ ငွေအစိတ်လိုက်ပြီး မြောက်ခွင်သားတစ်ယောက်၏ လက်သို့ ထည့်လိုက်ရသည်။

လွန်ခဲ့သော တစ်လခန့်က နောက်ဆုံးရောက်လာသော နွားကြီးတစ်ရှဉ်းကို မိထွေး မြင်ရသောအခါ  "သာဒွန်းအောင် ရာ၊ ဒီနွားကြီးတစ်ရှသ်းကိုတော့ မလဲလိုက်ပါနဲ့ဟာ" ဟူ၍ ဆိုလာတော့သည်။ အသွေးညီ အမွေးညီ နှင့် နွားပြာညိုကြီးတစ်ရှဉ်းမှာ ၀မ်းဗိုက်ကားကား လည်မော့မော့နှင့် ကြော့ကြော့ရှင်းရှင်း ခံ့ခံ့ သန့်လှ ပေရာ မိထွေး မလဲစေချင်တော့ပေ။ အစားကလည်း ကောင်းလှသမို့ ဒီနှစ်ကောင်ကိုသာ လဲမယ် ဆိုရင်တော့ ရှုံးမှာပဲဟု ယူဆကာ ကန့်ကွက်ခြင်း ဖြစ်၏။

"ကိုင်း ... ဒါဖြင့်လည်း လှည်းငှားကလေး ဘာကလေး လိုက်ရှာပေတော့ဟာ"
လှည်းတိုက်မှာ လိုက်ရတစ်ချက် မလိုက်ရတစ်ချက်နှင့် အားလပ်ချိန်က များလာသောအခါ ကိုငွေ ကိုင့်အိမ်မှ သုံးပုံ ဖဲဝိုင်းကို သွားကြည့်မိတော့သည်။ သူများ ရယ်မောလို့လည်း ဘာ့ကြောင့်ရယ်မှန်း မသိ၊ အငေးသားနှင့် ထိုင်နေရာက ရှမ်း ဗမာ ခွဲတတ်လာသည်။ တဖြည်းဖြည်း ထေတက် တွေးတတ်သောအခါ ၀င်၍ ကစားမိ ပေ၏။ ဖဲမှာ တစ်ထုပ်တည်း ရှိသည်။ ကစားချင်သူက အများ ကြီးမို့ တစ်ယောက်ထနိုး တစ်ယောက်ထနိုးနှင့် တစ်နေကုန် လို့ တစ်ခါမှ မကစားရဘဲ ပြန်လာရ သောအခါများတွင် ရင်ထဲမှာ မအီမသာကြီး ဖြစ်နေရသည်။ တစ်နေ့လုံး ဖဲကောင်းသဖြင့် အရှုံးနှင့် ပြန်လာရသောကာများဝယ် ငိုချင်သလို ဆဲချင်သလိုနှင့် ဖြစ်လာရကာ မိထွေးကပါ ဆီးကြိုဆူပူ လိုက်ပါမူ မီးတောက်ကြလေသည်။

ဖဲဆိုတာမျိုးကလည်း ကြီးမားသော ညှို့ဓာတ်ပြင်းထန်လှပေ၏။ မယားဆိုတာမျိုးကလည်း ပါးစပ် ကသာ "မောင့်ကို ဓားနဲ့မမိုးရင် ခါးထိုးလို့ ခံပါ့မယ်" ဆိုသော်လည်း မလုပ်မကိုင် သုံးပုံဖဲဝိုင်း၌ ယစ်မူးဖန် များသော အခါ ငြူစူဆောင့်အောင့်လာစမြဲပင်။ လူသားတစ်ယောက်၏ အကျင့်စာရိတ္တ ပျက်ကွယ်းမှုမှအစ တိုင်းပြည် တစ်ပြည် ဆုံးပါးစေရေးအထိ ချုပ်နှောင်ဖမ်းစားထားနေသော ငွေ ဆက်ဆံရေးလောက၀ယ် ငွေကြေး ကျပ်တည်းကျဉ်းမြောင်းခြင်းက သာဒွန်းအောင်တို့ အိမ်ထောင် အတွက် ပွေလိမ်ရှုပ်ထွေးသော ဆူးငြောင့် များ ဖြစ်လာရ၏။

စီးပွားရေးကျပ်တည်းလျှင် မယား၏ ပီယ၀ါစာသည်လည်း လင့်အတွက် မိုးကြိုးသံ ဖြစ်၏။ လင်၏ ယုပိုက်ဖြားမှုသည်လည်း မယားတွင် ရိုက်ပုတ်ကန်ကျောက်ခြင်း ဖြစ်စေ၏။
ဤသို့သော ကားချပ်ကို ခံထားသော သာဒွန်းအောင်တို့၏ ရုပ်စင်ဝယ် သာဒွန်းအောင်၏ တဒဂီ ပီတိဖြစ်မှုကို လာရောက်ဖျက်ဆီးသော မိထွေး၏မျက်နှာကို မကြည့်ချင်ဘူးဆိုသည်မှာ မှန်ကန်လှ ပါပေသည်။

"တို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေကြရတော့မှာလား"
သာဒွန်းအောင်မှာ ပူပြင်းလှသော နေအရှိန်ကိုမှ အမှတ်ထားမိပါစ၊ ကျိုးနေသော ဇက်နှင့် ခြေက တစ်လှမ်းချင်း လှမ်းလာနေပါ၏။ တကယ်တော့မူ သေဆုံးကြေပြုန်းခဲ့ရသည်မှာ ကြာလေပြီကော။ စီးပွားပျက် ခြင်း သည် တရားလမ်း ကျနခြင်း ကင်းမဲ့စွာ ဖိစီးလာသော ကာလ၀ယ် လူသားတို့၏ တန်ခိုး အင်အား သည် ကျဆင်းကုန်ခမ်းရကာ တက်ကြွခြင်း ကင်းလာရ၏။ အမှောင်မည်းမည်းတွင် ၀ယ် ဒါသည်ပင် သေခြင်း မည်ပေ၏။

"ဟေ့ ... သာဒွန်းအောင် လုပ်လကွာ"
တဲရှေ့သို့ ကိုဆေးရိုး၏ လှည်းက ထိုးရပ်လိုက်သည်။ ကိုဆေးရိုး၏ လောတိုက်သံကပါ ညံလာ၏။ ကိုဆေးရိုး က သူ့လှည်းပေါ်တွင် တင်ပျဉ်ခွေပြီး ဆေးလိပ်မီးညှိနေစဉ်တွင် သာဒွန်းအောင်က နွားပြာ ညိုကြီး နှစ်ကောင် ကို ရှေ့မှ တစ်ကောင်မောင်းပြီး နောက်မှ တစ်ကောင်ဆွဲယူလာရာ ဘို့ခပ် ထွားထွားနှင့် နွားကြီးမှာ သူ့အလိုအလျောက် သူ့အတိုင်ဘက်သို့ သူဝင်သွားတော့သည်။
အလှည့်ဘက် မှ ချိုကားကြီးကလည်း လှည်းထဲသို့ ထည့်အောင်ပင် မ၀င်၊ ထမ်းပိုးအောက်သို့သာ အတင်း ခေါင်းလျှိုလိုက်၏။ သာဒွန်းအောင်က ထမ်းပိုးကြိုးကိုပတ်၊ လှည်းဒေါက်ကိုဖြုတ်၊ ကန်ကြိုး နှစ်စကို လှည်းပေါ်သို့ ပစ်တင်ပြီး နတံ (နှင်တံ)ကို ၀င့်လျက် မောင်းလိုက်သောအခါ နွားကြီးနှစ်ကောင်မှာ လှုပ်ရုံမျှပင် မလှုပ်။

"ဟဲ့ ... အောင်မယ်၊ မကြားဘူးလား ဟ"
သာဒွန်းအောင်က အလှည့်ဘက်မှ နွားကြီးကို ဖတ်ခနဲ နှင်တံဖြင့် တို့လိုက်ရာ လှည်းထမ်းပိုးမှာ ညာဘက်သို့ စောင်းသွားတော့သည်။
"ဟ ... ဒီနွားကြီးကကော သေချင်ပြီလား"
တစ်ဖန် အတိုင်ဘက်မှ နွားကြီးကို အသာကလေးတို့လိုက်ပြန်သည်။ နွားကြီးက မလှုပ်။ စားမြုံ့ပြန် ပင် မပျက်။

"ဟဲ့... " နောက်တစ်ချက် ခပ်ပြင်းပြင်းကလေးချလိုက်ပြန်သော်လည်း ဘို့ထွားကြီးမှာ  လှုပ်လည်း မလှုပ်၊ အမြီးကလေးသော်မှ မခတ်ဘဲ လေးဖက်ခွာစုံကား ခံနေသဖြင့် အဆဲမျိုးစုံနှင့် ရိုက်သံတို့ သည် ဆက်ကာ ဆက်ကာ ထွက်ပေါ်လာ၏။ နှင်တံတစ်ချောင်းလုံးမှာ သေးသေးမျှင်မျှင်ကလေး တွေ ဖြစ်သွားသည်အထိ ကွဲကြေ ကုန်သည်နှင့်အညီ ဘို့ထွားကြီး၏ ကျောတစ်ပြင်လုံးမှာလည်း ကြိမ်ရာတို့သည် အမြှောင်းမြှောင်း အစင်းလိုက် အစင်းလိုက် ထပ်စီနေလေသည်။

"ကိုင်းဟာ ... ကိုင်းဟာ"
နှင်တံကို အဖျားမှကိုင်ပြီး အရင်းပိုင်းဖြင့် ဆက်ကာဆက်ကာ တအားရိုက်ပြန်သော်လည်း စဉ်းငယ် မျှမရွေ့၊ အရင်း ပိုင်းသာ ကွဲမှုန်ကြွေမွသွားလေသည်။
"ကိုင်း ... သိကြရောပေါ့ကွာ၊ နင်ကပဲ ရွတ်သလား၊ ငါကပဲ ရွတ်သလား စမ်းကြတာပေါ့"

သာဒွန်းအောင်က ခြင်မီးထည့်ဖို့ရှာထားသော ထန်းရွက်တစ်ချပ်ကို ဆွဲယူလာပြီး မီးရှို့ကာ ဘို့ထွားကြီး၏ ဗိုက်အောက် သို့ ထိုးသွင်းလိုက်၏။ ၀မ်းဗိုက်ရှိ အမွေးများကို အရှိန်ပြင်းစွာ မျိုဝါး သွားရုံမျှမက အရေခွံ တစ်ခုလုံး မှာ မည်းခြစ်သွားလေပြီ။ သာဒွန်းအောင်က ဘို့ထွားကြီးကို မော့ကြည့်ပြီး
"ကိုင်း ...  ငါမှန်း သိပလား"
ကြိမ်းလို့သာ ကြိမ်းရသော်လည်း ဘို့ထွားကြီးမှာ နေရာမျှပင်မရွေ့။ ကိုဆေးရိုးမှာမူ လူမိုက်နှင့် နွားမိုက်တို့၏ အစွမ်း ပြိုင်ပွဲ ကို အံ့သြထိတ်လန့်စွာ ငေးကြည့်နေရှာပေ၏။

စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.

3 comments:

:P said...

မရွှေစင်ရေ..
ဒီတစ်ပုဒ်ကို ဖတ်ပြီး စိတ်မကောင်းသလိုကြီးပဲ..။

ငယ်ငယ်ထဲက နွားကြီးတွေကို ကြိမ်လုံးနဲ့ ရိုက်နေတာ မြင်တိုင်း စိတ်ထဲ တမျိုးကြီးရယ်။
နောက်ရှိသေးတယ်၊ လမ်းပေါ်ဖြတ်သွားတဲ့ ကျောကုန်းမှာ တံဆိပ်တုံးရိုက်ထားတဲ့ နွားအုပ်ကြီးထဲက နွားတစ်ကောင် မျက်ရည်ကျတာ မြင်ဖူးတယ်။

ကိုဇော် said...

ငရွတ်လေ............:P
အနော့်လိုကောင်ပေါ့....အဟီး

ဧပရယ်လ်ပူး@ပူးတေ said...

အဆိုးတွေချည်းပဲ ကြုံနေရတော့ခဲ ဒီထက်ဆိုးတာတွေ လာမှာကို မကြောက်တော့ပဲ လူတွေက တေလေကုန်တာထင်တယ်နော်... စိတ်ညစ်စရာကြီး... နွားကိုလုပ်တာလဲ ကြောက်စရာကြီးနော်