Sunday, July 18, 2010

ပန်းသတင်း (ဂျူလိုင် ၁၈)

ကောက်ညှင်းပေါင်းနံ့လှိုင်လှိုင်ကြူ
ဆင်ဖြူကျွန်း အောင်သိန်း

' အဘိုးကြီးအို၊ ကနေ့ လယ်ပြင်သွားဦးမှာလား။ သွားမှာဆိုရင် ချဉ်ပေါင်ဟင်းအကျန်နဲ့ ထမင်းကြမ်းနဲ့ မွှေပြီး နွှေးလိုက်မယ်'
နွားတင်းကုပ်ထဲမှ ရီးကျီးဒန်၏ အသံဖြစ်သည်။ သူသည် ထန်းဖုံးဖတ် အတိုနှစ်ခုဖြင့် နွားချေးပုံများကို ကျုံးယူဖယ်ရှား နေရင်းက လှမ်းမေးခြင်းဖြစ်ရမည်ဟု ရီးဆေးရိုးလှည့်မကြည့်ဘဲ သိ၏။
' ကနေ့တော့ စောင်ရန်းတန်းတွေ ပြင်ရဦးမယ်ဟာ မသွားတော့ပါဘူး'

ရီးဆေးရိုးသည် ပြန်ဖြေရင်းက အိမ်ရှေ့သို့ကြည့်၏။ ' သန်း' သားတိုင်များစိုက်ကာ ' သန်းခက်' ချည်နှောင် ထားသည့် စောင်ရန်းတန်း။ သည်စောင်ရန်းတန်း အသစ်ဘ၀တုန်းက ခွေးသော်မျှ မတိုးနိုင်၊ ယခု နွားဝင် နိုင်ပြီ။ ကျိုးသည်က ကျိုး၊ လဲသည်က လဲ၊ ပြုတ်ကျသည့်တန်းက ပြုတ်ကျ။ ပြုတ်ကျသည့် တန်းများမှာ အစုံအစေ့ မရှိတော့ပါ။ နွားတစ်ကောင်၏အမြီးနှင့် ငြိပါသွားသော တန်းသည် မည်သို့လျှင် သည်စောင်ရန်း တန်းဘေး ၌ ရှိနိုင်ပါမည်နည်း။ လှည်းချင်းအရှောင်တွင် လှည်းတစ်စီးစီး၏ပုံတောင်းနှင့် ငြိပါသွားသည် အခြား နေရာမှာ ပျော်ပိုက်နေလိမ့်မည်။
ရီးဆေးရိုး ကြည့်နေဆဲ၌ စောင်ရန်းတန်းသည် မှုန်ဝါးလာ၏။

' ဟ ... သည်မျက်လုံးက စောစောစီးစီး ဘာဖြစ်ရတာတုံး '
ထန်းပင်ဖြစ်ခွံနှင့် ပြာမှုန်များ ပေကျံနေသော လက်ချောင်းသည် မျက်လုံးထောင့်များပေါ်သို့ ရောက်ရှိ သွားသည်။ သို့ရာတွင် ရီးဆေးရိုး၏ အမြင် လင်းကြည်မလာပါ။ သို့အတွက် ကျောဘက်ရှိ ချောင်းပြင်သို့ လှမ်းမျှော် ကြည့်ရသည်။ နှင်းမှုန်ပြာဝေနေသည့် စလင်းချောင်း။ တရိပ်ရိပ်တက်နေသည့် ရေငွေ့နွယ် တွန့်များ။ သည်ပေါ်မှာ အဖြူဆုပ် အဖြူပြန့်ကြီး ပြေးလွှားနေသည်။
' လက်စသတ်တော့ မှိုင်းကြီးဝေလာတာကို ငါ့မျက်စိ အလိုလိုနေရင်း မှုန်လာတယ်ထင်တာကိုး'

ထိုအတွေးဝင်လာတော့မှ ရီးဆေးရိုး စိတ်သက်သာရာရ၏။ တစ်ဆက်တည်း ဖိုခုံလောက်ပေါ်ရှိ အကြမ်းပန်းကန်ကို ကောက်မော့ရာက ကျန်လက်တစ်ဖက်က မီးဖိုအစပ် ပြာပူထဲတွင် ခေါင်းထိုးထား သည့် ' ထန်းပင်မြစ်' ကို ဆွဲထုတ်သည်။ ခေါင်းပိုင်းနှင့် အခွံများပါ ကျွမ်းနေသည့် ထန်းပင်မြစ်။ ထန်းစေ့မှုတ်နှင့် ထန်းပင်မြစ်တို့ ဆက်စပ်သည့်နေရာမှ ဖြူဖြူအဖုကလေးသာ အမြီးဖျား၌ မကျန်ခဲ့လျှင် ထန်းပင်မြစ်ဟု သိရန် မလွယ်ချေ။

ရီဆေးရိုးသည် ထန်းပင်မြစ်ကို အမြီးပိုင်းမှကိုင်ကာ သစ်တုံးပေါ်တွင် မှေးထောင်သည်။ ၀ါးနှီးစကလေးဖြင့် ခြစ်ချသည်။ ကမ္ဗလာနက်ထဲမှ ဆင်စွယ်နှစ် ထွက်လာဘိသို့ ၀င်းသစ်သော ထန်းပင် မြစ်အသား ပေါ်လာသည်။ သည်ထန်းပင်မြစ်ကို အမြီးမှပင် ထက်ခြမ်းဆွဲခွဲသည်။ ရှဲခနဲ မြည်သံနှင့်အတူ သင်းမြရနံ့ လွတ်ထွက်၏။ အခွံမခွာမီ မခြမ်းမီကပင် မွှေးနေသောရနံ့သည် ထက်ခြမ်းခွဲပြီးသောအခါ ရီးဆေးရိုး သွားရည်ယို လာတော့၏။

သွားရည် ကို လက်ဖြင့်သုတ်သည်။ ပါးစပ်ညာဘက်ထောင့်၌ အစင်းမည်းကြီး ထင်သွားပြီး ပါးစပ် ပေသော် လည်း ရီးဆေးရိုး မစားနိုင်သေးပါ။ အူတိုင်ထုတ်ရသေး၏။ အခြမ်းများကို သုံးချိုးလေးချိုး ချိုးဖဲ့ရသေး၊ အမျှင်ဖယ် ရသေး၏။ စားရန်အသင့်ဖြစ်ငြား ရီးဆေးရိုး မ၀ါးနိုင်သေး။ ထောင်းရဦးမည်။ ထောင်းရန် သံဆုံ အဘယ် မှာနည်း။ မန်ကျည်းပင် ခြေရင်းသို့ လှည့်မကြည့်ဘဲ ဘယ်ဘက်လက်ဖြင့် စမ်းသည် ယမ်းသည်။ မစမ်းမီ လှည့်ကြည့်သည်၊ မရှိပါ။

' ဟဲ့ ... သံဆုံကောဟ ကျီးဒန်ရ'
' တော့် မြေးတွေ ဆေးထောင်းဖို့ ငှားသွားပါကော'
' ပြီးပြီးချင်း ပြန်ပို့ကြ၊ သေသေချာချာ မှာလိုက်ရဲ့သားနဲ့'
မန်ကျည်းပင် ၏ တစ်ဖက်အရိပ်ရှိ ' ကောက်ရိုးချိုင့်' တွင် နှားနှစ်ကောင်ကို ချည်ရင်းက ' နေဦး နေဦး၊ ကျုပ် လိုက်ယူ ချေမယ်' ဆက်ပြောရာက ထဘီပြင်ဝတ်သည်။
' နေ နေ မသွားနဲ့၊ နင့်မလဲ ချက်ရပြုတ်ရဦးမှာနဲ့'

ရီးကျီးဒန်အကြောင်း ရီးဆေးရိုး ကောင်းစွာသိသည်။ သံဆုံသွားယူ၍ ငှားရမ်းသွားသူထံတွင် သံဆုံကို ချောမောစွာ တောင်းယူရရှိသည်ထားဦး၊ ဆဲဆိုငေါက်ငမ်းမည်။ အကယ်၍ သံဆုံကို ဆိုက်ဆိုက်မြိုက်မြိုက် မတွေ့ရဘဲ ဟိုလူ ငှားသွားသလိုလို သည်လူ ငှားသွားသလိုလို 'ဗယီးဗယား' ဖြစ်နေပါက ပွက်သေးကြမ်း တော့မည်။ နေမထွက်သေးမီ နံနက်စောစောကြီးတွင် အမယ်ကြီး ဒေါသမပွားပါစေနှင့်ဟူသည့် စေတနာဖြင့် တားမြစ်ရာ က ဖိုခုံလောက်အုတ်ခဲပေါ်တင် ထန်းပင်မြစ် အကျိုးအဆက်ကလေးကို အကြမ်းပန်းကန်ဖင်ဖြင့် ထုသည်။
' အဘိုး ဆေးရိုး၊ အဘွား ကျီးဒန်'

ဝိုင်းဝနှင်းမှောင်ထဲမှ အသံ။ ဘ မခေါ်၊ အမေကြီး မသုံးသည့်အတွက် မြေးတစ်ယောက်ယောက် မဟုတ်သည်ကား သေချာပြီ။
' ဟဲ့ ဘယ်သူတုံး၊ ငါ သည်မှာဟ'
ပြောသံမှ မဆုံးသေး၊ ငချိပ်ကောက်ညှင်းပေါင်းရနံ့သည် မီးဖိုဘေးသို့ ဦးစွာရောက်နှင့်ပြီ။
' ကျွန်တော်ပါ အဘိုး၊ အဖေက ကောက်ညှင်းပေါင်းအပို့ခိုင်းလို့ပါခင်ဗျာ'
ပြောသံ နှင့် အတူ မန်ကျည်းပင်ရိပ်သို့ ၀င်လာသူမှာ အောင်ဇော်ဦး၏သားဖြစ်သည်။

' အေးကွာ၊ သာဓု ... သာဓု'
' ဖျာပုံ' ဂျာကင်ကလေးဝတ်လျက်၊ အငွေ့တထောင်းထောင်းထနေသည့် ကောက်ညှင်းပေါင်းဇလုံကို လက်နှစ်ဖက် ဖြင့်ကိုင်ကာ ခြေစုံရပ်လာသည့် ကိုးနှစ်ရွယ်ကလေးငယ်ကိုမြင်ရရုံနှင့် ရီးဆေးရိုးပီတိဖြစ်၏။
' လူလေး က ဘယ်သူ့သားတုံး၊ လာ ... ထိုင်ကွာ၊ ကျီးဒန်ရေ'
' တောင်ပိုင်း က ဦးအောင်ဇော်ဦး၊ ဒေါ်ခင်သီတာထွန်းရဲ့သားပါ အဘိုးခင်ဗျာ'

' အပြောအဆိုကလည်း ယဉ်ကျေး၊ အနေအထိုင်ကလည်း သိမ်မွေ့ပါ့ကွာ၊ တယ်လည်း ကျက်သရေရှိကိုး။ အင်း ... ကျန်းမာ ချမ်းသာပါစေ၊ ဘုန်းကြီးပါစေ၊ ဒါထက် လူလေးနာမည်က'
' မောင်ဇော်ဦးထွန်း ပါခင်ဗျာ့'
' ဘယ်နှတန်းရောက်ပတုံးသားရဲ့'
' စတုတ္ထတန်းပါခင်ဗျာ့'

' အေးကွယ် ကောင်းကွယ်၊ ရမ်းဘိုကုန်းသား မှန်ရင် ပညာတတ်တွေဖြစ်ကုန်ပြီ အပြောခံရအောင် ကြိုးစား ဟေ့'
' ဟုတ်ကဲ့ခင်ဗျာ့'
သည်ကလေး၏ အပြောအဆို အနေအထိုင်ကြောင့် ရီးဆေးရိုး စိတ်ချမ်းသာ လှသည်။ သည်ကလေးနှင့် စကား ပြောရသည်မှာ စိတ်ကြည်နူးစရာကောင်းငြား၊ ' ဟဲ့ ကလေး၊ နင်ကျောင်းတက်ရဦးမှာ မဟုတ်လား၊ ရော့ ဇလုံ' ပြောပြောဆိုဆို ရီးကျီးဒန် ရောက်လာသဖြင့် ကလေး ထရပ် လက်အုပ်ချီသည်။
' သွားပါဦးမယ် အဘိုးခင်ဗျာ '

' အေး... အေး... သာဓုကွယ် ... သာဓု ... သာဓု၊ သက်ရှည်ဘုန်းကြီး၊ ဘုန်းကြီး သက်ရှည်ပြီး လူချစ် လူခင် ပေါပါ စေ'
ဆီထဲတွင် နစ်သော ဂွမ်းကဲ့သို့ နှလုံးသားမှာ ပီတိရွှမ်းအိရသည်ဆိုသည်မှာ ဤကဲ့သို့ပေလော တွေးရင်း က ရီးဆေးရိုး ခေါင်းတညိတ်ညိတ်ဖြင့် ဆုပေးနေမိတော့သည်။
သွားမရှိတော့သည့်အတွက် ပြုံးစေ့စေ့ ဖြစ်နေသော ပါးစပ်မှာ ကြည်နူးစရာ တွေ့လိုက်ရသည့်အတွက် အမှန်ပင် ပြုံးပြီး။

 ရီးဆေးရိုးသည် မျက်လွှာချပြီး ထုလက်စ ထန်းပင်မြစ်ကို ငုံ့ကြည့်သည်။ အုတ်ခဲပေါ်မှ ဖုန်များနှင့် ပန်းကန်ဖင် မှ ဖုန်များ လိမ်းထားသည့် ထန်းပင်မြစ်မှာ ကျေနေပြီ။ ထန်းပင်မြစ်ထက် ဖုန်မျှင်နှင့်သာ တူတော့ သည်။ ရီးဆေးရိုး ဖုန်မျှင်ကို လျှာပေါ်တင်သည်။ ဆိမ့်သော အရသာကို မတွေ့။ ခါးသည်။ ခါးသော်လည်း ထွေးမပစ်ရက်။ တကူးတက ထုထားရသည့် ပစ္စည်းမို့ ရှေ့သွားဖုံးဖြင့် ကြိတ်သည်။ သွားဖုံးက နာချင်ချင် ရှိသည်မို့ အံဘက်သို့ ပို့လိုက်ရသည်။
' အောင်ဇော်ဦး တို့က ကျောင်းတွေ လှူရုံမကဘူး၊ ရွာထဲမှာပါ လိုက်ဝေတာကိုးတော့်'

ရီးကျီးဒန်သည် ငချိပ်ပေါင်းပန်းကန် ကိုင်လျက် မီးဖိုဘေးသို့ ၀င်ထိုင်၏။ ပန်းကန်ကို ထင်းတုံးပေါ်တင်ရာက ဆီရွှဲသော လက်ဖြင့် ထန်းပင်မြစ်ကို လှမ်းယူသည်။
' ပေါ်ဦး ပေါ်ဖျားဆိုတော့ ဈေးကောင်းရတာပေါ့ဟာ။ အဲသည် ကောက်ဦးကို လှူတယ်ဆိုပြန်တော့ ကုသိုလ် လည်း ထူးပြီး ရနိုင်တာပေါ့'
ရီးဆေးရိုး သည် ကျေနပ်စကားဆိုရင်းက ကောက်ညှင်းပေါင်းကို ဆုပ်ယူပြီး ခွံ့သည်။ သွားဖုံးဖြင့် မြုံ့ကြည့်သည်။
' ပျော့ပျော့လေးဟ၊ ၀ါးလို့ရသဟ'

ဝမ်းသာစွာ ဆိုမိသည်။ ၀ါး၍ရသော ငချိပ်ပေါင်းကို စားရခဲဘိခြင်း။ အချို့ကောက်ညှင်းပေါင်းသည် အနံ့ ကလေး သင်းနေငြား အိမနေသည့်အတွက် သွားကောင်းပါးကောင်းနဲ့ ၀ါးလိုက်ရရင် ဟူ၍သာ မချင့်မရဲဖြင့် လက်မှိုင် ချရ၏။ သည်ကောက်ညှင်းပေါင်းမူ မွှေးသင်းရနံ့ဖြင့်မပြီး။ အိ၍လည်း နေသေး သည်။ သြော် ... စေတနာရှင် များ ချမ်းသာကြပါစေ။
' စားလေ ... စားလေ။ တော့်မြစ်တွေ ရောက်လာလို့ ၀ိုင်းပြီး သားရဲမင်းရဲ စီးကြမှဖြင့်'

ရီးကျီးဒန် သတိပေးမှ နောက်တစ်ဆုပ်။
' ဗယာကြော်လေး နဲ့များ စားလိုက်ရရင်'
' မဟုတ်တာ ပြောမနေစမ်းပါနဲ့တော်၊ ဗယာကြော်တစ်ခုလုံးမှာ တော်စားနိုင်တာဆိုလို့ အထဲက အသားပျော့ကလေး မဖြစ်စလောက်ပဲ ရှိပါကလား၊ ကျန်တဲ့ အပြင်သားတွေက'
' အပြင်သားတွေကို သည်တိုင်း မစားနိုင်ပေမဲ့ ငရုတ်သီးနဲ့ချက်တော့ စားနိုင်သားပဲဟ'

ရီးကျီးဒန် ဆက်မပြောပါ။ ပြောနေလျှင် ဗယာကြော် ထွက်ဝယ် နေရဦးမည်။ ထိုအခါ မြေးတွေ  တစ်လှေကြီး နှင့် မြစ်တွေ တစ်သီကြီးနှင့် လိုက်လာကြတော့မည်။ သို့အတွက် ' ကဲ ... စားစား၊ စောင်ရန်းတန်း လုပ်မှာဆို' ဟု သတိပေးသံဖြင့် စကားလွှဲသည်။

' ဘ၊ အမေကြီး'
' ပြောရင်းဆိုရင်း လာကြပါပြီကော'
ခင်မောင်ငြိမ်း ၏ သမီးနှစ်ယောက်၊ အကြီးက အငယ်ကို ကုန်းပိုးထားသည်။ မောင်ကိုကြီး၏ သမီးနှင့် သားကား လက်ချင်းတွဲလျက် ပြေးလာသည်။ ထိုသူလေးယောက်၏ နောက်မှ ငိုသံတညံညံဖြင့် ပါလာသူမှာ ခင်ခင်ကြီး ၏ သားဖြစ်သည်။
' ဟဲ့ ... အိမ်မှာ မကျန်ခဲ့တော့ဘူးလား၊ စောစောစီးစီး'

ရီးဆေးရိုးသည် ရေနွေးကြမ်းလက်ကျန်ဖြင့် လက်ဆေးနေရာက လှမ်းမေးအပြီးတွင် ထရပ်သည်။ ကလေး များသည် ဘေးမကြီး ပါးစပ်တလှုပ်လှုပ်နေသည်ကို သတိထားမိကြသည်။ ထို့ကြောင့် ' မေကြီး' တစ်ကြိမ် ထပ် အသံပေးကာ ၀ိုင်းအုံချဉ်းကပ်ကြ၏။ ရီးကျီးဒန်သည် မြစ်များ၏ အသံ မကြားရမီကသာ' တော့မြစ်တွေ သားရဲ မင်းရဲ' စသည် ပြောခဲ့ငြား အသံကြားရုံဖြင့် ငချိပ်ရောင် သွားဖုံးကြီးတွေ ပေါ်လာ သည်။ ငချိပ်ပေါင်း များကို ပဲစေ့နှင့် ကောက်ညှင်း သမအောင် နယ်လျက် အဆုပ်ကလေးတွေ လုပ်ထား ပြီးပြီ။

' ပေး ... နော့်ကိုပေး '
ခင်ခင်ကြီး၏ သားသည် အတင်းအော်ရင်း ရှေ့ကလူတွေကို ဖြတ်တက်ရန် ပြေးအလာတွင် ဘိုင်းခနဲ ပစ်လဲ လေ၏။ အင့်ခနဲ ရင်ဘတ်နှင့် မြေကြီးဆောင့်သံအဆုံး၌ ၀ါးခနဲ အလွန်ကျယ်လောင်သောအသံကြီး ပေါ်လာ လေ၏။
' အေး ... အေး ၊ ညည်းမြစ်တွေနဲ့ ညည်းနေခဲ့ပေတော့ဟေ့'

ရီးဆေးရိုးသည် ထန်းလျှော်အူတစ်စည်းကို တင်းကုပ်ထဲမှ ဆွဲထုတ်လာရင်း ခနဲ့ပစ်ခဲ့၏။ မြေးတွေ၏ ဒဏ်ကို ဘေးကြီး သင့်အောင် ခံခဲ့နိုင်ငြား မြစ်ဒဏ်ကို သူ မခံနိုင်ပြီ။ ရင်ခွင်ထဲက မြေး ကော့ထိုးကာ ငိုစဉ်က တဟဲဟဲ ရယ်ကာ မြှောက်ချီ ကစားနိုင်ငြား၊ ရင်ခွင်ထဲက မြစ် ကော့ထိုးသော အခါ ပက်လက်လန်လဲချင်ပြီ။ သို့ဖြစ်၍ စောင်ရန်းတန်းချည် ရမည့်နေရာသို့ သုတ်သုတ်လာခဲ့၏။
စောင်ရန်းတန်း တောင့်စေရန် တိုင်မာမာတစ်လုံးစိုက်ရဦးမည်။ လက်ထဲ၌ ' ရှားနှစ်' တိုင်အိုတစ်လုံး ပါလာ၏။ ထိုတိုင်အတွက် တွင်းတူးရမည့် နေရာပေါ်သို့ နေကွက်တစ်ကွက် ထိုးကျနေသည်။ ဟန်ကျ လေစွ။ အလုပ် လည်း ပြီး၊ နေစာလည်း လှုံရ။

' ကြီးတောင့်ကြီးမားနဲ့ ရွှေအိုးကို တူးမိနေမှဖြင့် ရီးဆေးရိုးရာ ဘယ်ထားရမှန်းမသိတာနဲ့ အိပ်ရေးပျက် နေပါဦးမယ်'
' မင့် ပေးလိုက်မှာပေါ့ကွာ '
ပြောသူ မည်သူမှန်းမသိဘဲ ချော်လဲရာ ရောထိုင်ပြီးမှ ရီးဆေးရိုး မော်ကြည့်မိသည်။ ပုရပိုက်တန်းမှ စိန်လှမောင်။ သို့ရာတွင် ရီးဆေးရိုးမျက်နှာရှုံ့ကြည့်ပြီးမှ ' စောစောစီးစီး ဘယ်ကလာသတုံး' မေးရသည်။
' အာလူးမျိုး နည်းနည်းလိုနေတာနဲ့ မြောက်ရွာကို သွားတာပါ'
ပြောပြော ဆိုဆို စောင်ရန်းတန်းဟိုဘက်တွင် မျက်နှာချင်းဆိုင်ထိုင်၏။

' မင့်လယ် ဘယ့်နှယ်လဲဟေ့'
' ကောင်းသဗျာ ... တစ်ဧက လေးငါးခြောက်ဆယ့် ရမယ်ထင်တယ်။ ဒါပေမဲ့ လှူရတန်းရအောင်၊ ကောက်ရိတ် သမား ကျွေးရအောင်ဆိုပြီး ကောက်ညှင်းတစ်ခွဲထည့်မိတာ ငါးပါးမှောက်တာပါပဲဗျာ'
ပြောရာက 'ပေးစမ်းပါ အရီးရာ' ဆိုကာ တူရွင်းကို ဆွဲယူပြီး တူးသည်။ မြေစာများကို လက်ဖြင့် နှိုက်ယူချိန် ကျမှ အသံပြန်ထွက်လာ၏။

' အဲဒီကောက်ညှင်းကို စာ မမောင်းရဘဲ လူမောင်းရတာက အလုပ်တစ်ခု'
ရီးဆေးရိုး ရယ်သံစွက်၍ ပြော၏။
' အဟဲ ... စာက နေ၀င်ရင် မမောင်းရတော့ဘူး၊ လူက နေ့ရော ညပါ မောင်းနေရတော့မှာပေါ့ကွာ'
' ဟုတ်ပါ့ဗျာ '
' အဲဒီလူတွေဟာ တောင်းရမှာကို အောက်ကျတယ်ထင်ပြီး ရှက်ပေမဲ့ ခိုးတာကျတော့ ရှက်ရမှန်း၊ မကောင်း မှုမှန်း မသိကြတော့ဘူးဟ'
' ဟုတ်ပေ့ဗျာ'

ထောက်ခံရာက စိန်လှမောင်သည် အရိပ်တစ်ခုကျလာသဖြင့် မော့ကြည့်၏။ သည်ရွာသား သန်းမြတ်စိုး။
' အဘရေ ... ကောက်ညှင်းပေါင်း ကျောင်းပေါင်းစုံ ရွာလုံးကျွတ် လှူပါတယ်'
' ကောင်းပေ့ကွာ၊ သာဓု ... သာဓု'

လှူဒါန်းနိုင်ရန်၊ ဝေငှနိုင်ရန် ကောက်ညှင်းစိုက်ရခြင်းသည် အဘယ်မျှ ဒုက္ခပိုရန်များပုံကို ပြောစဉ်တွင် ရောက်လာခြင်း ဖြစ်သဖြင့် သန်းမြတ်စိုး၏ အလှူမှာ ရီးဆေးရိုးအတွက် ပိုပြီးလေးနက်သည်။ ခေါ်သည့် သာဓုသံမှာလည်း ကြည်ညိုသဒ္ဒါစိတ်များ အိလျှံသည်။ သူတို့ပြောနေဆဲဝယ် ဟိုဘက်အိမ်ဝိုင်းတွင်း၌ ကောက်ညှင်းပေါင်း ဝေငှခဲ့သူများသည် အငွေ့တထောင်းထောင်း၊ ကောက်ညှင်းပေါင်းနံ့ တသင်းသင်း ထွက်နေသည့် တောင်းကြီးများကို ထမ်းလျက် ရောက်လာကြ၏။

' ဘတို့ သွားမရှိတဲ့ လူကြီးတွေကျတော့ မုန့်ပေါင်းခင်ဗျ'
ရောက်လာသော တောင်းထမ်းသမား၏ တောင်းထဲမှ အ၀တ်ပတ်ထားသည့် ငှက်ပျောဖက်ညိုညိုတွေကို သန်းမြတ်စိုး ထုတ်၏။ ဒူးထောက်ပြီးမှ လက်ထဲထည့်သည်။
' သာဓုကွာ ... သာဓု ... သာဓု၊ ဟ ... ခွက်ပေါင်းကြီးကို ဘယ်လိုလုပ်ပြီး ကုန်မှာတုံး၊ ဟေ့ ... ဘွားကြီးအို'
' အမေကြီးဖို့ တစ်ပေါင်း အဘရ၊ အခုဟာက ဘဖို့'
ရီးကျီးဒန်ကို လှမ်းခေါ်သဖြင့် သန်းမြတ်စိုးက ပြောပြောဆိုဆိုဖြင့် အိမ်ဝိုင်းထဲသို့ ပြေးဝင်သွားပြီ။

ရီးဆေးရိုး သည် ပေနေသော လက်ကို တင်ပါးတွင် တစ်ချက်ပွတ်ပြီးနောက် မုန့်ပေါင်းကို စတင်ဖဲ့သည်။ မောက်နေသော အလယ်သားမှ ဆီများ စိမ့်ဆင်းလာသည်။
' တစ်ထိုင်တည်း စားနိုင်အောင် တစ်လက်စတည်း ဆီဆမ်းလာတာပါကလား၊ ဟေ့ကောင် တခြမ်းစားပါဦး။ ဒါကြီးသာ ငါတစ်ယောက်တည်း စားရရင်တော့ ရင်ပြည့်ပြီး သေမှာပဲ'
စိန်လှမောင်သည် တိုင်စိုက် မြေဆောင့်နေရာက လှမ်းယူသည်။

' မူးပြီး လျှောက်ဆဲတဲ့အသံတွေ၊ လင်မယားရန်ဖြစ်သံတွေ ညံနေခဲ့တဲ့ တို့ရွာမှာတော့ လှူရတန်းရမှန်း သိတဲ့လူ တွေ ပေါ်လာပြီဟ'
' ကျုပ်တို့ရွာမှာလည်း ဒီလိုပါပဲဗျာ။ ဖဲရိုက်၊ ကြက်တိုက်၊ ထန်းရည်သောက်၊ ရန်ဖြစ်တဲ့လူတွေ မရှိတော့ဘဲ ပညာကြိုးစားတဲ့ကလေးတွေ ပေါလာသမဗျား'
' ကောင်းသဟိတ်၊ ကြားရတာ ၀မ်းသာသကွာ၊ ကဲ ... ကဲ မင်းလည်း သွားစရာ ရှိသေးထင်ပါ'
ရီးဆေးရိုးသည် မုန့်ပေါင်း တစ်စိတ်သာကုန်၏။ အကျန်ကို ဖက်ဖြင့်လုံးပြီး ခြံတိုင်ခွတွင် ညှပ်ထားလိုက်သည်။ စိန်လှမောင်လည်း ဖုန်ခါကာ ထရပ်လိုက်စဉ် တရှဲရှဲ အသံကြားရသဖြင့် လှည့် ကြည့်၏။ ငချိပ် ကောက်ညှင်း အလှိုင်းကြီးတစ်လှိုင်း တရွေ့ရွေ့ ချဉ်းကပ်လာသည်။ စပါးစေ့များသည် မြေကြီးနှင့်မလွတ်။ တရှဲရှဲ အသံပေး လျက်ကျော်လွန်သွားသည်။

' ရီးဆေးရိုးတို့ရွာက တယ်လည်း ကောက်ညှင်း 'ထည့်' ကြပါကလားဗျ'
စိန်လှမောင်၏ စကားမျှ မဆုံးသေး သူ့ကျောဘက်မှ ဗုန်းခနဲ ဗုန်းခနဲ အသံနှစ်သံ ပေါ်လာ၏။ တစ်ယောက်က မြက်ထုံးရွက်လာသူ၊ တစ်ယောက်က ကောက်ညှင်းလှိုင်း ရွက်လာသူ။
'နှင်းကွဲမောင်များ စောင့်ကြပါဦးတော့လား လူတို့ရွာ။ အခုတော့ လေးက လေးသနဲ့'
အပြောခံရသူများမှာ ကျော်ဇင်ညွန့်နှင့် ညွန့်ဦးတို့ ဖြစ်ကြ၏။

' အိမ်က ကလေးတွေက အတန်းကြီးနေပြီ ဘရ။ သူတို့ စာကြည့် စာကျက် ပျက်မှာစိုးလို့ နွားစားစဉ်းလောက်ပဲ ခိုင်းပြီး ကိုယ်တိုင် ရိတ်နေရတာ။ သည်တစ်ခေါက်နဲ့ မလောက်သေးဘူး။ နောက် တစ်ခေါက် ပြန်ရိတ်ရဦးမှာ'
သူကား ကျော်ဇင်ညွန့်။
' ၀မ်းသာသကွာ၊ ငါတို့ရွာသားတွေ ပညာတန်ဖိုးသိလာကြတာ ကျက်သရေရှိပါဘိကွာ။ ပိုက်ဆံငါးပြား ခြောက်ပြားရှိပြီး ဘာမှ မသိတဲ့ ကောင်တွေရဲ့ ခေါင်းပေါ်မှာ ရမ်းဘိုကုန်းရွာသားတွေ နေနိုင်အောင် ကြိုးစားကြဟေ့'

' ကျုပ်လည်း ကျော်ဇင်ညွန့်နဲ့ ဘာထူးတုံး ဘရ။ ရှစ်တန်း တစ်ယောက်စီ၊ ကိုးတန်း တစ်ယောက်စီနဲ့ ဆယ်တန်း တစ်ယောက်စီပဲဗျ။ သည်ကောက်ညှင်းလေးလောက်များ တစ်ယောက်ကို မနက်ပြန် ညပြန် သုံးခေါက်စီ အရိတ်ခိုင်းရင် ပြီးမှန်းသိပေမဲ့ မခိုင်းနှိုင်းဘူး။ ကျူရှင်လည်း မထားနိုင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့တာပဲ'
' အေးပေါ့၊ အေးပေါ့'

ရီးဆေးရိုးသည် မဖျင်မသင်ရသေးသည့် သန်းခက်များကို လိုက်လံစုဆောင်းကာ တန်းချည်ရင်းက သွားဖုံးကြီး တွေ တဖော်ဖော် ခေါင်းတညိတ်ညိတ်ဖြင့် ၀မ်းသာနေ၏။ စိန်လှမောင်လည်း မသွားနိုင်သေးဘဲ ညွန့်ဦး၊ ကျော်ဇင်ညွန့်တို့နှင့် ရောနှောကာ တန်းချည်ပေးနေ၏။ ခါးပုံစထဲတွင် ညှပ် ထားသည့် ထန်းလျှော်အူများ ကုန်သွားသဖြင့် ရီးဆေးရိုးထရပ်သည်။ အိမ်ဘက်သို့ ခြေလှမ်းပြင်ပြီးမှ ပြန်ရပ်သည်။
' ဝေးဝေးသွားပြီး ကျူရှင်ဟုတ်လား။ ကျူရှင်နော်။ အေး ... ကျူရှင်မတက်နိုင်ရင် သည်တစ်နှစ်ပေါ့ ညွန့်ဦးရာ။ ရှေ့နှစ်ဆိုရင် ရမ်းဘိုကုန်းသားထဲက ကျူရှင်ဆရာပေါ်ချင်ပေါ်လာမှာပါကွာ'
' ပုရပိုက်တန်းက အတန်းကြီး ကျောင်းသားတွေပါ နီးနီးနားနာ လာတက်နိုင်မှာပေါ့။ ကောင်းတယ် ကောင်းတယ်'

စိန်လှမောင်၏ ၀မ်းသာစကား။
အိမ်ဘက်မှ ခင်ခင်ကြီး၏ သား တအား ကုန်းဟစ်လိုက်သံ လွင့်လာ၏။
' သွားကြ သွားကြ'
ရီးကျီးဒန်၏ ဒေါသသံ။
' မြေးတွေနဲ့ ဘာဖြစ်တယ် မသိဘူး ဘရေ့'
' မြေးမဟုတ်ဘူးဟ၊ မြစ်ငါးကောင်'
စိန်လှမောင်ကို လှည့်ပြောရာက ရီးဆေးရိုးသည် ပြေးရင်းလွှားရင်း ပုဆိုးပြင်ဝတ်ကာ ကမန်ကျည်းပင်ရိပ်သို့ လှမ်းလာခဲ့သည်။ မန်ကျည်းပင်အောက်တွင်ကား တုတ်တစ်ချောင်းကိုင်လျက် ခါးထောက်ရပ်နေသည့် ရီးကျီးဒန်နှင့် မြစ်များ။

ခင်ခင်ကြီး၏သား ငဟစ်ကြီးသည် သံကုန်ဟစ်နေငြား ကျန်မြစ်ငါးယောက်မှာ ပြာလူးသော မျက်နှာ၊ ဖုန်ပေသော လက်ချောင်းများဖြင့် မျက်တောင် ပုတ်ခတ် 'ပေကလတ်ပေကလတ်' လုပ်နေကြ၏။
' ဘာဖြစ်တာ တုံးဟ၊ သည်မြေးအဘွားတစ်တွေ'

' ပြော မပြောချင်ပါတော်။ ကောက်ညှင်းပေါင်းနှစ်ပန်းကန်၊ မုန့်ပေါင်းတစ်ပေါင်း၊ စားရလို့ ၀ပြီ ထင်ပြီး စိတ်ချ လက်ချပေါ့။ ဟင်းအိုးကို မီးဖိုပေါ်တင်ထားပြီး အိမ်ပေါ်တက်သွားတုန်း ဟင်းအိုးထဲက ပုစွန်ခြောက် ထောင်း တွေ နှိုက်စားတာတော့်၊ တစ်ယောက်က ငရုတ်သီးစပ်ပြီး ငိုသတဲ့၊ တစ်ယောက်က အပူလောင်လို့ အော် သတဲ့၊ သေကြသေကြ'
ပြောအပြီး၌ ထပ်ရိုက်သေးလော မရိုက်သလော ရီးဆေးရိုး စောင့်မကြည့်နိုင်ပါ။ ကူသူဝိုင်းသူရှိခိုက် စောင်ရန်းတန်းပြီးအောင် အမြန်လုပ်ရမည်။ လိုနေသေးသည့် ထန်းလျှော်အူယူရန်အတွက် နွားတင်းကုပ် ထဲသို့ အသော့နှင်လှမ်းဝင်သွားလေ၏။
------------------------
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.

2 comments:

ကိုဇော် said...

ထန်းမြစ်ကို အလယ်အူတိုင်က ကျနော်တို့ ယပ်တောင် လုပ်တာလေးကို ကြိုက်တယ်ဗျ။ သူက ထန်းမြစ်ကို ခွဲလိုက်ရင် စစချင်း လက်နှစ်ဆစ်လောက်ထိ စားလို့ ရတယ်။ ပြောရင်းနဲ့ ထန်းမြစ်လည်း စားချင်လာပြီ။
( ထန်းမြစ်ပါ မြစ်ကျိုးအင်း မဟုတ် )

ကောက်ညှင်းပေါင်းလည်း မစားရတာ ကြာပြီ။

ဧပရယ်လ်ပူး@ပူးတေ said...

ရွာဓလေ့လေးက ချစ်ဖို့ကောင်းတယ်နော်... တယောက်တယောက် မအားလပ်တဲ့ ကြားက သက်ကြီး ရွယ်အိုတွေကို လာကူနေသေးတာ... အလှူအတန်းမှာ လက်မနှေးတာကလဲ တမျိုး ချစ်စရာနော် အစ်မရွှေစင်