အခန်း (၃)
ကိုဘမြိုင်သည် အိပ်ရာမှ စောစီးစွာ နိုးလျက်ရှိ၏။ သို့သော် အိပ်ရာမှ ချက်ချင်းမထေသေးဘဲ အိပ်ရာ ထဲ၌ပင် ခွေနေကာ သူတို့လို အင်းသားကလေးများ၏ ဆိုးဝါးလှသောဘ၀ကို ပြန်လည်သုံး သပ်နေ၏။ သူ့ဇနီးမတင်မေသည် သူ မြို့သို့လေလံအတွက် မသွားမီ သောက်သွားနိုင်ရန် ရေနွေးအိုး ထ တည်နေ လေ၏။
သူ ဆင်ကူးအင်းကလေးကို လုပ်ခဲ့သည်မှာ ၂ နှစ်ရှိပြီ။ တစ်နှစ်က ရှုံး၍ မနှစ်က မမြတ်ခဲ့။ တခုတော့ ရှိသည်၊ လုပ်ရင်းကိုင်ရင်း အင်းမှ စားသွားရသည်။ ငွေရှင်များကလည်း အင်းလက်ကိုင်ရှိ တော့ ယုံကြည် ကြသည်။ ဒါကြောင့်ပဲ ရှုံး၍ မမြတ်သော အင်းကို သူတို့ လက်မလွှတ်ခဲ့။ အင်းသာ လက်လွှတ်ခဲ့လျှင် ငွေရှင် များက ယုံကြည်တော့မည် မဟုတ်။ သူတို့လည်း ငတ်ရပေလိမ့်မည်။
သည်လို ရှုံး၍ မမြတ်သည်မှာ သူတို့ ညံ့ဖျင်းမှုကြောင့် မဟုတ်ပါ။
စပြီး အင်းဆွဲချိန်မှစ၍ အင်းပြီးသည်အထိ အမျိုးမျိုးသော ခေါင်းပုံဖြတ်မှုမျးကို ခံနေရ၍ ဖြစ်ပါသည်။ အင်းဆွဲ မည့် ကြံလျှင် ကြံချင်း ကိုယ်ပိုင်ငွေရင်းဟူ၍ မရှိသော သူတို့အဖို့ အင်းရလဆင် အင်းခါန် ၂၀ ရာခိုင်နှုန်း ဆောင်ထားရန် ရှိစုမဲ့စု ရွှေကလေးနှင့် ငှားရမ်းထားသော ရွှေကလေးကို အပေါင်ဆိုင်၌ လည်းကောင်း၊ ငွေရှင်များထံ၌ လည်းကောင်း အတိုးနှုန်းကြီးစွာဖြင့် ပေါင်ထားကြရသည်။ အင်းဆွဲ၍ ရပြန်သည့်အခါ၌လည်း မရှိဘဲနှင့် လိမ်ပြထားသော ခံဝန်ပစ္စည်းများအတွက် မြို့ပိုင်မင်း အား ငွေဆို့ရပြန်သ်။ နောက် အင်းစရိတ်အတွင် ငွေလိုပြန်၍ ကုန်သည်များထံ၌ အင်းပေါ် ငါးပေးဖြင့် ယူရပြန်သည်။ အပေါင်ပစ္စည်း မပေးဘဲ ငွေယူရသည်ဖြစ်၍ အခွင့်အရေးကိုလည်း အများဆုံး ပေးရတော့သည်။ ရှစ်ဆယ်ဈေးပေါက်သော ငါးကို လေးဆယ်ဈေးလောက်နှင့်သာ အရှင်းခံရသည်။ တစ်ဖန် ဗြူရိုကရက်အရာရှိများ စားပေါက်ထွင်ရန် လမ်းဖွင့် ထားသော အင်းဥပဒေ အမျိုးမျိုးကြောင့် အင်းအင်စပက်တော်အား အင်းပြီးသည်အထိ တပေး တည်း ပေးနေရပြန်သည်။ သူတို့မှ မဆင်းရဲလျှင် ဘယ်သူတွေ ဆင်းရဲတော့အံ့နည်း။
တကယ်လို့ သူတို့ကိုသာ သည်လို ခေါင်းပုံဖြတ်မှုများ မခံရပါက လူလို နေထိုင်နိုင်သော အဆင့် အတန်း၌ ရှိပါသည်။ ခုတော့ နေရာတကာ ခေါင်းပုံဖြတ်ခံနေရ၍၊ လူလူချင်း ဗိုလ်ကျခံရ၍ သူတို့ မှာသာ တစ်နှစ် တစ်နှစ် ဘယ်လိုမှ ထူးခြားမလာဘဲ တဖြည်းဖြည်းနှင့် လုံးပါး ပါးခဲ့ရပါသည်။ သို့သော် သူတို့ အပေါ် ခေါင်းပုံဖြတ်ရာ၌၊ ဗိုလ်ကျရာ၌ ထိပ်သီးဖြစ်သော အင်းအင်စပက်တော်မှာမူ ဓနုဖြူမြို့ပေါ်၌ ထည်ဝါ သပ်ရပ်လှသော ကျွန်းသစ်အိမ်ကြီးတစ်အိမ်ကို အဆောင်ဆောင် အခန်းခန်းဖြင့် ဆောက်လုပ် ထားနိုင်၍ မယားပေါင်း ၁၀ ယောက်ခန့်ကိုလည်း သူ့အဆောင်နှင့် သူထား၍ ပျော်ပါးနိုင်ခဲ့သည်။
ငွေတိုးကြီးစား ငွေရှင်များ၊ ပွဲစားများ၊ ကုန်သည်များလည်း တစ်နှစ်ထက် တစ်နှစ် စီးပွားဖြစ်၍ အခြေအနေ မြင့်တက်သွားကြ၏။ သူတို့မှာကား အင်းလုပ်တုန်းက ဖောဖောသီသီကလေး စားလိုက်ရ၍ အင်းပြီးသည်နှင့် တစ်ပြိုင်နက် လက်ထဲ၌ တစ်ပြားမှမကျန်ရစ်ဘဲ ကြွေးပတ်လည်ဝိုင်းလျက် ရှိခြင်းသာ အဖတ်တင်တော့၏။
သို့ဖြစ်၍ ဤမျှလောက် ကောင်းကျိုးမပေးသော အင်းကို ဘာကြောင့် လုဆွဲနေကြသနည်း။ မှန်၏ လုဆွဲကြရပေမည်။ အင်းထက် ပိုကောင်းသော လုပ်ငန်း မရှိ။ အင်းလုပ်ငန်းသာ အဓိကဖြစ်သော သူတို့ ရပ်ရွာအခြေအနေအရ အင်းမှ မလုပ်လျှင် ဘာသွားလုပ် ကြရမည်နည်း။ ဒါကြောင့်ပဲ အချိန်တန်လျှင် အင်းကို လုဆွဲကြရသည်။
ဒါကတော့ ဆင်းရဲနွမ်းပါး၍ အင်းငယ်ကလေးများကိုသာ ဆွဲဝယ်နိုင်ရှာသည့် အင်းသားကြီး ပေါက်စ ကလေး များ အဖို့ကိုသာ ဆိုလိုပါသည်။ သူကြီးမင်း ဆွေမျိုးအင်းအားစုနှင့် သူ့အတိုက်အခံ ဆွေမျိုး အင်အားစု လို အင်းကြီးအင်းကောင်းများ ဆွဲဝယ်နိုင်သူများကား ဤအထဲ၌ မပါပါ။ သူတို့ကား ငွေအားနိုင်၍ လည်းကောင်း၊ အင်းအရာရှိများနှင့် ပူးပေါင်း၍ ကလိမ်ကျနိုင်သောကြောင့် လည်းကောင်း၊ သူတို့၏ အခြေအနေ သည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသူများ ဖြစ်ကြ၍ သူတိုကကိုတော့ လုံးဝ အချယ် အလှယ်ခံ လူတန်းစားဖြစ်သော အင်းသားကလေးများနှင့် ရောထွေး၍ မဖြစ်နိုင်။ တစ်ဖက်မှ အထက်အရာ ရှိများ၏ အခြယ်အလှယ်ကို ခံရ၍၊ တစ်ဖက်မှ အင်းသားကလေးများအပေါ် ပြန်ခြယ်လှယ် သော လူတန်းစားအဖြစ် မှတ်ယူမှ သဘာဝ ကျနိုင်ပေမည်။
ဒီလို နစ်နာမှုတွေကို သိပေမဲ့ ကိုဘမြိုင်တို့ကတော့ အင်းကို လက်မလွှတ်နိုင်ခဲ့ပါ။ ကံကောင်းလို့ ဒီနှစ်မှာ ငါးပိုပြီးတက်လိုက်ရင်ဟူသော မျှော်လင့်ချက်ကလေးနှင့်သာ နောက်မဆုတ်နိုင်ဘဲ ဖြစ်နေ၇သည်။ သို့သော် ငါးများကား သူတို့ မျှော်လင့်သလို တစ်နှစ်ထက် တစ်နှစ် ပေါမလာဘဲ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ သူတို့ အခြေအနေမှာ ပိုလို့သာ ဆိုးရတော့၏။
မတင်မေ ရေနွေးအိုး လာချမှ သူအိပ်ရာက ထ၏။ ချက်ချင်း မျက်နှာသစ်၍ ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိပြီး လက်ဖက်ရည်အိုးဘေး ၀င်ထိုင်၏။ မတင်မေက လက်ဖက်ရည် ပန်းကန်ထဲသို့ အဆင်သင့် ငှဲ့ထား သဖြင့် အငွေ့ တထောင်းထောင်း ထနေသော လက်ဖက်ရည် ပန်းကန်ကို ဆွဲယူကာ တရှူးရှူး မှုတ်သောက် နေ၏။
'အင်းကိုတော့ ရအောင်ဆွဲပါ ကိုဘမြိုင်ရယ်၊ နို့မဟုတ်ရင် ဒီနှစ် တို့တော့ ငတ်ကြမှာ။ အင်း လက်ကိုင် ရှိတော့ ငွေရှင်တွေက ယုံတယ်၊ ဒီတော့ အင်းက ရှုံးဦး၊ ဒီငွေနဲ့ တစ်နည်းတစ်လမ်း ကြံနိုင်တယ်၊ လုပ်ငန်း မရှိရင် ဘယ်သူမှ ယုံမှာ မဟုတ်လို့ သက်သက် ထိုင်ရင် ငတ်နေကြမှာပဲ'
မတင်မေက လက်ဖက်ရည်ကို တ ရှူးရှူးမှုတ်သောက်နေသော သူ့ချစ်လင်အား စူးစူး စိုက်စိုက် ကြည့်ကာ ပြောဆိုလိုက်၏။ သူတို့နှစ်ဦးမှာ ငယ်ပေါင်း သူငယ်ချင်းဘ၀မှ ညားလာကြသူများဖြစ်၍ "ဘမြိုင်" "တင်မေ" "နင်" "ငါ"ဟူသော အသုံးအနှုန်းမှာ ပြင်မရဘဲ နှုတ်ကျိုးနေကြ၏။
'အေးပါဟာ၊ ငါရအောင် ဆွဲမှာပေါ့၊ ဒါပေမဲ့ ဒီနှစ်တော့ သူကြီး ယောက္ခမနဲ့ ပြိုင်ဆွဲရမှာမို့ ငါတော့ စိတ် ခပ်လေးလေး ပဲ၊ သြော် ဒါထက် နင့်ဆွဲကြိုးလေး ဘာလေး ရှိသေးတယ် မဟုတ်လား'
'အင်း လုပ်ပြီ သူကဖြင့်၊ ရှိတဲ့ ဆွဲကြိုးနဲ့ လက်ကောက်ကလေးဟာ မနှစ်က အင်းလေလံတုန်းက အပေါင်ဆိုင်မှာ ပေါင်ထားတာ ဘယ်မှာ ပြန်ရွေးနိုင်လို့လဲ၊ အင်းက စရိတ်ကျေရုံသာရှိလို့ အဆုံးခံလိုက်ရပါကောလား၊ ဒါပေမဲ့ အဖေဆီကနဲ့ အဒေါ်တို့ဆီက ခဏပေါင်ပါရစေလိုက ဆိုပြီး ယူလာတဲ့ ရွှေထည်လေးတော့ ရှိပါတယ်၊ အားလုံးပေါင်ရင် သုံးကျပ်သားလောက်တော့ ရှိတယ်'
သည်တော့မှ သူ သတိရမိ၏။ ဟုတ်သည်၊ သူတို့ လက်ထပ်စဉ်အခါက နှစ်ဖက်မိဘများ ခန်းဝင် ပစ္စည်း အဖြစ် ထည့်လိုက်သော ဆွဲကြိုးကလေး၊ လက်ကောက်လေးအစ ရွှေကလေး လေးကျပ်သားခန့်မှာ မနှစ်က အင်းလေလံ တွင် ပေါင်လိုက်ရသည်မဟုတ်လား။ နောက်ပြီး အင်းက စရိတ်ကျေရုံသာ ရှိလို့ ဘယ်မှာ ပြန်ရွေးနိုင် လို့လဲ။ ဒါကိုတောင် မေ့နေရအောင် ငါ့စိတ်တွေဟာ ဘယ်လောက် ကယောင်ချောက်ချား ဖြစ်နေ သလဲ။ သြော် ... ဒုက္ခ၊ ဒုက္ခ။
ဒါပေမဲ့ တော်ပါသေးသည်။ ကြည့်စမ်းပါ၊ လိမ္မာလှသော သူ့ဇနီး မတင်မေသည် သူ့ချစ်လင် အင်းဆွဲ သည့်အခါ အလွယ်တကူဖြစ်စေရန်၊ သူမ၏ ဖခင်နှင့် အဒေါ်ထံမှ ရွှေကလေးများကို အဆင်သင့် ချေးငှား ထား၏။ တော်လိုက်တဲ့မိန်းမ၊ လင့် အခက်အခဲကို သိတတ်တဲ့ မိန်းမ၊ တခြားမိန်းမတွေနဲ့ ဘယ်လောက် ကွာခြားသလဲ။
သူသည် သူ့ဇနီး၏ အပြုအမူကို အနူးအညွတ် ဂုဏ်ယူနေသည်။
'အေး... ဒါလောက်ဆိုရင် တော်ပြီ တင်မေရေ၊ စိတ်သာချ၊ ငါရအောင် ဆွဲခဲ့မယ်'
သူသည် သူ့ဇနီး စိတ်အေးအောင်သာ ပြောလိုက်ရသည်။ သူ့စိတ်ထဲမှာတော့ တထင့်ထင့်။ ဒါကြောင့်ပဲ နောက်ထပ် စကားမဆက်တော့ဘဲ လက်ဖက်ရည်ကိုသာ တစ်ခွက်ပြီး တစ်ခွက် ကျုံးသောက်နေ၏။
မတင်မေကလည်း စကားထပ်ဆက် မနေတော့ဘဲ သူ့ချစ်လင် လက်ဖက်ရည်ကြမ်းနှင့် သောက်သွားရန် မီးဖိုထဲ မှ မီးလက်စနှင့် ကြော်ပစ်ခဲ့သော ထမင်းကြမ်းကြော်ကို သွားကြည့်၏။ အလောတော် လောက်ရှိပြီဟု ထင်၍ ဆီအနည်းငယ် လောင်းထည့်လိုက်ကာ၊ ဆားအနည်းငယ် ဖြူးပြီး အတန်ကြာ ယောင်းမနှင့် မွှေနေ၏။ ပြီးလျှင် မီးဖိုပေါ်မှ ချ၍ ပန်းကန်ပြားတစ်ချပ် ဆေးပြီး ထည့်ယူလာခဲ့၏။
ထမင်းကြော်ပန်းကန်လည်း လက်ဖက်ရည်ကြမ်းဝိုင်းတွင် ချပြီးရော၊ ကိုအေးနှင့် ကိုဘမောင်တို့လည်း ရောက်လာ သဖြင့် လက်ဖက်ရည်ကြမ်းဝိုင်းမှာ စည်ကားသွား၏။
'ဘမြိုင်ကတော့ ဟန်ကျနေတာပေါ့ကွ၊ မိုးလင်းပြီဆိုရင် လက်ဖက်ရည်က အဆင်သင့်၊ ထမင်းကြော် အဆင်သင့် နဲ့ လုပ်ပေးမယ့်သူ ရှိနေတာကိုး။ ငါ့မိန်းမတော့ ငါ့ဒဏ် မခံနိုင်လို့ ပြန်ပြေးသွားကတည်းက ငါတစ်ယောက် တည်း ဖော်ကွာဝေးဖြစ်ပြီး အစားကောင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရနဲ့ အတော် ကသီလင်တ ဖြစ်နေတာ ကြာပြီကောကွာ။ မင်းကို မြင်ရပြန်တော့ ငါ့စိတ်ထဲ အားကျသလိုလိုနဲ့ နောက် တစ်ယောက် ထပ်ယူချင်တဲ့စိတ်တောင် ပေါ်နေတယ်၊ ဟဲ ... ဟဲ'
ကိုအေးက ထမင်းကြမ်းကြော်ကို ပလုတ်ပလောင်း စားသောက်ရင်း ရယ်မော ပြောဆိုလိုက်၏။ ကိုဘမြိုင်၊ မတင်မေ၊ ကိုမောင်ဘတို့ကတော့ ဘာမှ ပြန်မပြောဘဲ ပြုံးလို့သာ နေကြ၏။ သိခဲ့ပြီပဲကွယ်၊ ကိုအေးဟာ ဘယ်လို လူစားလဲဆိုတာကို။
သူကား မိန်းမလေးဆက်ရှိပြီး ဖြစ်၏။ ဘယ်သူနှင့်မှ အတည်မကျ။ သူ၏ မိုက်ဂုစ်ကို အကောင်း ထင်နေသော သူသည် အားနွဲ့သော မိန်းမသားများကိုပါ ညှာတာရမှန်း မသိဘဲ မိုက်စွမ်း ပြလှသော ကြောင့် တစ်ယောက်မှ ကြာရှည်မနေနိုင်၊ ပြေးရချည်းသာဖြစ်၏။ ဒါကိုပင် သူက မရှက် မကြောက် ဂုဏ်ယူ တတ်သေး ၏။
ယခု နောက်ဆုံး ပြန်ပြေးသွားသော မိန်းကလေးကား သုံးဆယ်မြို့မှ မီးရထားရုံပိုင်၏ သမီး ကုလားကပြား မလေးပင် ဖြစ်၏။ သူမ၏ မိဘများနှင့် ရန်ကုန်အလာ ကိုအေးနှင့် ဆုံမိ၍ လူကြီးများ အလစ်တွင် မိန်းကလေး သဘောမတူဘဲ အတင်းခိုးပြေးလာခဲ့ခြင်း ဖြစ်၏။ မူလကပင် မချစ်မနှစ်သက်ဘဲ ယူရပြန်၊ စရိုက်ချင်း ကလည်း မတူပြန်၊ အလွန်အမင်းလည်း ညှဉ်းဆဲလွန်းလှ ပြန်သောကြောင့် ရွာသို့ရောက်ပြီး တစ်လ လောက် အကြာတွင် ကိုအေး ကြက်ပွဲ၌ မဲနေတုန်း ထွက်ပြေးသွားခြင်းဖြစ်သည်။ သို့သော် ကိုအေး ကား အပြုံး မပျက်၊ ငကန်းသေ ငစွေ ပေါ်လိမ့်မယ် တဲ့။
သုံးယောက်သား စားရင်း သောက်ရင်းနှင့် သောင်းပြောင်းထွေလာ ပြောနေကြရာမှ လင်းကြက်အသော့တွင် ကိုဘမြိုင်က မတင်မေထံ ရွှေထည်နှင့် သူ့၌ အချမ်းသာဆုံ ငွေကလေး ငါးဆယ်ကို တောင်း ၍ ထွက်လာခဲ့ကြ၏။ ရွာလေးဘက်ကမ်းသို့ ရောက်သောအခါ ကိုမောင်ဘ၏ လှည်းနှင့် နွားကို တပ်ဆင် ၍ ဓနုဖြူသို့ ရှေးရှုမောင်းနှင်ခဲ့ကြ၏။
(၄)
နံနက် ၈ နာရီအချိန်တွင် ဓနုဖြူမြို့သို့ ရောက်၏။ ပထမဆုံး လုပ်ရန် အလုပ်မှာ ခံဝန်ပစ္စည်းစာရင်းကို ဖော်ပြ၍ အင်းဆွဲဝယ်ခွင့် ပြုပါရန် လျှောက်လွှာတစ်စောင်ကို လျှောက်လွှာစာရေးထံ၌ ငွေတစ်ကျပ်ပေး၍ ရေးခိုင်းရန် ဖြစ်ပါသည်။ အို ဒါထက်အရေးကြီးတဲ့ ပထမဆုံးလုပ်ရန် အလုပ်ရှိသေးသည်။ သွားရာ လာရာ၊ ပြောရာ ဆိုရာ၌ ဖျတ်ဖျတ်လတ်လတ်နှင့် ရဲရဲတင်းတင်းရှိရန် ခေါက်ဆွဲဆိုင်သွား၍ အရက်သောက်ရန်ပင် ဖြစ်ပါ သည်။
သူတို့ သုံးယောက်သည် မဲခွဲမနေဘဲ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ခေါက်ဆွဲဆိုင်သို့ မြန်းကြတော့၏။ ရောက်လျှင် စားပွဲတစ်လုံး၌ ၀င်ထိုင်ကြ၍ ကိုဘမြိုင်က အရက်တစ်ပုလင်းနှင့် ခေါက်ဆွဲကြော် တစ်ခွက်ကို မှာလိုက်၏။ ခေါက်ဆွဲကြော်နေစဉ် အရက်တစ်ပုလင်းနှင့် ဖန်ခွက်သုံးလုံးကို အရင် လာချပေးသဖြင့် ခေါက်ဆွဲကြော် ကို စောင့်မနေဘဲ တစ်ယောက် တစ်ခွက်စီ ငှဲ့သောက်လိုက်ကြ၏။ ဒါမှလည်း ခေါက်ဆွဲကြော် ကို စောင့်ရင်း စကားပြောရာ၌ ပြောလို့ ဆိုလို့ကောင်းမှာကိုး။
'ဟေ့ ဘမြိုင်ရဲ့၊ လက်မှတ်အတွက်ကိုတော့ ပူမနေပါနဲ့ကွ၊ တို့ ဗျင်းဘွဲ့သူကြီး လက်မှတ် မထိုးရင် ကြီးချောင်း သူကြီးရဲ့ လက်မှတ်ကိုတော့ ကျိန်းသေ ရပါတယ်ကွ၊ လက်မှတ်ရပြီးတဲ့နောက် လေလံမှာ ပြိုင်ဆွဲ လို့ မင်းမလိုက်နိုင်ရင်တော့ ငါလည်း မတတ်နိုင်ဘူးပေါ့ကွာ'
'အိုကွာ လက်မှတ်သာ ရပါစေ၊ သူကြီးယောက္ခမ ဘာမို့လဲကွ၊ ငါက အင်း တန်ဆာပလာတွေ လက်ကိုင် ရှိတဲ့ အင်းသားကြီးဟောင်းမို့ စရိတ် သိပ်ကုန်မှာ မဟုတ်ဘူး၊ သူက အသစ်ထူထောင်ရမယ့်လူမို့ အင်းရ သည့်တိုင် စရိတ်က အတော်ကုန်ဦးမှာ၊ ဒီတော့ သူပေးနိုင်ရင် ငါကဘာဖြစ်လို့ သူ့ထက် ပိုမပေးနိုင်ရမှာလဲ'
အရက်တစ်ခွက်သာ သောက်ရသေးသည်။ ကိုဘမြိုင်၏ စိုးရိမ်စိတ်၊ သံသယစိတ်ကလေး များ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်၍ အတော်ကလေး ရဲရင့်လာ၏။ သွက်လက်လာ၏။ သည်အမူအရာ ကို ကြည့်၏ သဘောကျသွားသလို ကိုမောင်ဘက ပြုံးလိုက်ကာ -
'မင်းက သိပ်ပြီး ဖင်ခေါင်းကျယ်မနေနဲ့ဦး၊ သူကြီး ယောက္ခမက ဒီနှစ်မှ စလုပ်ပေမဲ့ သူကြီးသားချင်း တစ်စုမှာ တန်ဆာပလာအဟောင်း တွေက လက်ကိုင်ရှိပြီးသားကွ၊ ဒီတော့ မင်းပေးနိုင်သလောက်တော့ လိုက်ပေး မှာပဲ'
'အိုကွာ ဘာဖြစ်ဖြစ် ငါ့အင်းကိုတော့ ငါလက်မလွှတ်ဘူး၊ နောက်မှ ရှုံးရုံမကလို့ လူပါ လိုက်ရ လိုက်ရ ရအောင် ဆွဲယူမယ်'
ကိုဘမြိုင်၏ ဒေါကလေးကို ကိုမောင်ဘရော ကိုအေးပါ သဘောကျသွားသဖြင့် တဟားဟားနှင့် ရယ်လိုက် ကြ၏။ ထိုအချိန်တွင် ခေါက်ဆွဲကြော် လာချပြီဖြစ်၍ အရက်ကို ထပ်ငှဲ့ကာ ခေါက်ဆွဲကြော်နှင့် မြည်းကြ ပြန်၏။
နောက်ထပ် ခေါက်ဆွဲကြော် တစ်ခွက်နှင့် အရက်တစ်ပိုင်း ကုန်ပြီးသည့် နောက်၌ကား သုံးယောက်စလုံးအဖို့ အတော်ကလေး ရေချိန်ကိုက်သွားကြပြီးဖြစ်၍ ကျသင့်ငွေကို ရှင်းပေးခဲ့ပြီး ထွက်လာ ခဲ့ကြ၏။ "တောင်ပိုင်းရပ် ကိုဇမန်း လျှောက်လွှာစာရေး" ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲ ထားသည့် အိမ်ထဲသို့ ၀င်သွားကာ ကိုဘမြိုင်အတွက် လျှောက်လွှာ တစ်စောင်ရေးထိုင်းနေ၏။
ပြီးသောအခါ တစ်စောင်လျှင် တစ်ကျပ်ကျဖြင့် နှစ်စောင်အတွက် ငွေနှစ်ကျပ်ကို အသီးသီး ထုတ်ပေးကာ သူကြီးမင်း တည်းခိုရာ ပွဲစားကြီး အိမ်သို့ ထွက်လာခဲ့ကြ၏။ ပွဲစားကြီး အိမ်အနီးသို့ ရောက်သောအခါ ကိုမောင်ဘ က ကိုဘမြိုင်တို့နှင့် လမ်းခွဲထွက်သွား၏။ တကယ်လို့ ကိုဘမြိုင်တို့နဲ့ အတူလိုက်သွားမိ၍ သူကြီးမင်း က သူတို့ပါ စိတ်ကွက်ပြီး လက်မှတ် မထိုးဘဲ နေပါက မခက်ပါလား။ ဒါကြောင့် သူသည် အားနာစွာ နှင့်ပင် ကိုဘမြိုင်တို့နှင့် ခွဲခွာရေး လုပ်ရခြင်းဖြစ်သည်။
အဆင်သင့်ပင် ပွဲစားကြီးအိမ်၌ သူကြီးမင်းကို ပွဲစားကြီးနှင့် အတူ တွေ့မြင်ရ၏။ သူကြီးမင်းက သူတို့ နှစ်ဦး ကို မြင်သောအခါ သဘောမကျသလို မျက်နှာတော် ညိုသွား၏။
'ဘာကိစ္စလဲဟေ့ ဘမြိုင်'
သူကြီးမင်းက လာရင်းကိစ္စကို သိလျက်နှင့်ပင် မသိဟန်ဆောင်ကာ မေးနေ၏။ သူကား ကိုဘမြိုင်နှင့်အတူ ကိုအေး ပါလာသည့်အတွက် အတော်ကြီးကို မနှစ်သက်ဟန် ပြနေ၏။ ကိုအေးက သည်အမူအရာကို ရိပ်မိ သော်လည်း ဂရုမစိုက်ဟန်ဖြင့် ကိုဘမြိုင်အစား ၀င်ဖြေလိုက်၏။
'ဆင်ကူးအင်း အတွက် သူကြီးလက်မှတ် လာယူတာပဲ'
'ဟေ့ ဘမြိုင် လျှောက်လွှာ ပေးလိုက်ကွာ'
'ငါ လက်မှတ် မထိုးနိုင်ဘူး'
'ဘာဖြစ်လို့ လက်မှတ် မထိုးနိုင်တာလဲ'
ကိုအေး၏ အသံကား ဒေါသကြောင့် တုန်နေ၏။ သူသည် စိတ်ကို အတော်ချုပ်တည်း ထားရဟန် ပေါ်နေ၏။ သူ့မျက်နှာကား ဒေါသကြောင့် နီနေ၏။
'မင်းတို့ လျှောက်လွှာထဲမှာ ရေးထားတဲ့ ခံဝန်ပစ္စည်းတွေဟာ မင်းတို့မှာ တကယ်ရှိတာမဟုတ်လို့ ငါလက်မှတ် မထိုးတာဘဲ'
သူကြီးမင်းကာ မထောက်မညှာ လုပ်နေလေပြီ၊ ခါတိုင်းနှစ်က သည်လိုပဲ မရှိတဲ့ ခံဝန်ပစ္စည်းတွေ ရေးထားပေမဲ့ သူလက်မှတ် ထိုးတယ် မဟုတ်လား။ ဒီနှစ်မှ သူ့ယောက္ခမ တစ်ဦးတည်း ဆွဲနိုင်ရန် ဆင်ခြေ များ နေသည်။ ကိုအေးကား ကိုပူ ဖြစ်လေပြီ။
'ကောင်းပြီ၊ ခင်ဗျား ယောက္ခမကိုတော့ ခင်ဗျား ဘာကြောင့် လက်မှတ်ထိုးသလဲ၊ သူ့ထံမှာ ခံဝန်ပြစရာ ပစ္စည်း ဆိုလို့ လူနေတဲ့ တဲစုတ်တစ်လုံးပဲ ရှိတာနဲ့ ခင်ဗျား လက်မှတ် ထိုးပေးတာက ခင်ဗျား ယောက္ခမ မို့လား'
ဒေါသထွက်ထွက်နှင့် ပြောလိုက်သော တိကျမှန်ကန်လွန်းလှသည့် စကားများကို သူကြီးမင်း တစ်ခွန်းမှ ပြန် မချေနိုင် တော့။ ဒါကြောင့်ပဲ သူသည် ဒီလိုလူစားတွေနှင့် ဖက်ပြီး စကားမပြောလိုဟူသော အမူအရာဖင့် ထိုင်ရာမှထ၍ အပေါ်သိုက အေးအေးဆေးဆေး တက်သွား၏။ ထိုအခါ သူကြီးမင်းသားချင်းများ၏ အင်းမှ ကုန် များကို သူ့ပွဲရုံသို့သာ အပ်သဖြင့် သူကြီးမင်းအပေါ် အထူးကျေးဇူးတင်နေသော ပွဲစားကြီးက ကိုအေး တို့အား ဒေါသဖြစ်ဖြစ်နှင့် ၀င်နှက်လိုက်၏။
'ဟေ့ စကားပြောတာ ကြည့်ပြီး ပြောပါကွ၊ ဒါ မင်းတို့ ဗျင်းဘွဲမဟုတ်ဘူး။ ဓနုဖြူကွ ... ဓနုဖြူ'
သည်လိုပြောလိုက်သော ပွဲစားကြီး၏ စကားသည် ကိုအေး၏ ဒေါသအား အထွတ်အထပ်သို့ ရောက်အောင် သရဖူ ဆောင်းပေးလိုက်၏။ ဒါကြောင့်ပဲ ကိုအေးသည် ထိုင်ရာမှ ၀ုန်းကနဲ ခုန်ထလိုက်၏။ ပွဲစားကြီး ပင် လန့်ဖျပ်၍ နောက်သို့ တွန့်သွား၏။
'ဒီမှာ ခင်ဗျားတို့ ဓနုဖြူကို မဆိုထားနဲ့၊ ရန်ကုန်တောင် ကျုပ်က ( × ) ထင်ခဲ့တဲ့ လူဗျ'
ကိုဘမြိုင်ကား ကြာကြာနေလျှင် အင်းမဆွဲရဘဲ ဂတ်တဲ၌သာ စံမြန်းရမည်ကို အတတ်သိ၍ ကိုအေးအား ချော့မော့ကာ အတင်းဆွဲချလာရ၏။ ကိုအေးလည်း ရုန်းရင်း ကန်ရင်းနှင့်ပင် ကိုဘမြိုင် ဆွဲခေါ်ရာသို့ ပါလာရ တော့၏။
(၅)
နောက်တစ်နေ့ နံနက် ၁၀ နာရီအချိန်ဖြစ်သည်။
ကိုဘမြိုင်သည် ခုမှပင် ပြုံးနိုင်တော့၏။ ကိုအေးနှင့်အတူ ဓနုဖြူမှ ရှစ်မိုင်ခန့်ဝေးသော ကြီးချောင်းရွာသို့ သူကြီး လက်မှတ် အတွက် လိုက်ခဲ့ရာ ရှောရှောရှူရှူနှင့်ပင် ကိစ္စပြီးစီးခဲ့၏။ ခုဆိုလျှင် လျှောက်လွှာကို မြို့ပိုင်ရုံးတင်၊ မြို့ပိုင်လက်မှတ်ရပြီး ဘီးလစ်စာရေးကြီးဆီသွား၊ သူတို့လျှောက်လွှာကို ဘီးလစ်ကြီးက တံဆိပ်ခေါင်းဖိုး အတွက်ဟု အကြောင်းပြသော ငွေသုံးကျပ် ကို ထုတ်ပေး၊ သူတို့လျှောက်လွှာ ယူထားပြီး အခြား သီးသန့် ထုတ်ပေးသော အင်းဆွဲဝယ်ခွင့် လက်မှတ်ကို ဘီးလစ်စာရေးကြီးထံမှ ရပြီးသည့် နောက်၌ ကား အင်းဆွဲဝယ်နိုင်သော အခွင့်အရေး ကို သူ ရပေတော့မည်။
သူနှင့် ကိုအေးသည် ရပ်နားခြင်း မရှိဘဲ ပြုဖွယ်ကိစ္စများကို တစ်ခုပြီး တစ်ခု ဆက်တိုက်ပြုလုပ်ခဲ့ရာ နေ့လည် တစ်နာရီခန့်တွင် အင်းဆွဲဝယ်ခွင့် လက်မှတ်ကို ဘီးလစ်စာရေးကြီးထံမှ ရရှိခဲ့တော့၏။ ကိုဘမြိုင် ကား ခုမှပင် စိတ်အေးရတော့သည်။ သို့သော် ကျွတ်ကျွတ်လွတ်လွတ် စိတ်မအေးနိုင်သေး။ လေလံမှာ ငါ အင်းမှ ရပါ့မလား၊ ရပြန်ရင်လည်း အင်းဖိုးများ သိပ်ကြီးနေမလားဟူသော စိုးရိမ်စိတ်က တစ်ဖက် မှ နှောင့်ယှက်နေသည်။
နောက်တစ်နေ့ ဆယ်နာရီဆိုလင် လေလံလွှတ်တော့မည် ဖြစ်၍ တောမှ အင်းသားကြီး၊ အင်းသားလတ်၊ အင်းသား ကလေးများ အားလုံး ဓနုဖြူသို့ ရောက်နေကြပေပြီ။
ခေါက်ဆွဲဆိုင်၌လည်း သူတို့ကို တွေ့ရသည်။ ကက်ဝိုင်း၊ ဖဲဝိုင်းများ၌လည်း မြင်ရသည်။ အပေါင်ဆိုင်၌လည်း ကြိတ်ကြိတ်တိုးနေသည်။ ဈေးရုံထဲ၌လည်း ရှောင်၍ မလွတ်။ သည်အထဲ၌ ကိုဘမြိုင်နှင့် ကိုအေးကို အပေါင်ဆိုင်၌ တွေ့နိုင်သည်။ ကိုဘမြိုင်ယူလာသော ရွှေသုံးကျပ်သားကို အပေါင်ဆိုင်တရုတ်က တစ်ဆယ်တိုးပဲဖြစ်ဖြစ် မပေါင်ဘဲတော့ မနေနိုင်။
အပေါ်လက်မှတ်တွင် ကိုဘမြိုင်၏ လက်မ ပုံစံကို နှိပ်ယူထား၏။ ဒါမှ သက်သေခံ ခိုင်လုံမည်။ ကိုဘမြိုင်၏ လက်ထဲမှ အပေါင်လက်မှတ် ဖြတ်ပိုင်းတွင်မူ ရန်သူမျိုးငါးပါး ဖျက်ဆီးလျှင် အပေါင်ဆိုင်မှ တာဝန်မခံတဲ့။ သြော် ....။
အပေါင်ဆိုင်မှ ထွက်လာပြီးသည့်နောက် သူတို့၌ ပြုဖွယ်ကိစ္စ မကျန်တော့ပေ။ သြ အရက်သောက်ဖို့ ကျန်ပါသေးသည်။ တစ်နေ့လုံးကို ကိုယ်ရော စိတ်ရော မအားအောင် ပင်ပန်းခဲ့ သည့် ဒဏ်ကို အရက်နှင့် ဖြေရပေဦးမည်။ သူတို့၏ ခြေထောက်များသည် သူတို့အား ခေါက်ဆွဲကြော် ဆိုင်ထဲသို့ သယ်ဆောင် သွားကြသည်။
'ဆရာကီး ဘာစားမီလဲ'
သူတို့နှစ်ဦးစားပွဲတွင် ထိုင်မိလျှင် တရုတ်တစ်ယောက်က လာမေး၏။ ဒီနေ့ ဒီရက်တွင် သူတို့ ၀င်လမ်း ဖြောင့် နေသဖြင့် သူ့အသံမှာ ရွှင်မြူးနေ၏။ သူ့ဟန်မှာ ဖျတ်လတ်နေ၏။ ခေါက်ဆွဲကြော်သည့် ဖိုမှာတော့ တရှဲရှဲနှင့် မအားအောင် ကြော်နေရ၏။ ဆိုင်ထဲမှ စားပွဲများတွင်မူ အရက်ပုလင်း ကိုယ်စီနှင့် အင်သား များ စီရရီ တွေ့မြင်ရ၏။
'ခေါက်ဆွဲကြော် နှစ်ခွက်၊ အရက်တစ်ပုလင်း'
အရက်တစ်ပုလင်းနှင့် ဖန်ခွက်နှစ်လုံးကတော့ ချက်ချင်းရောက်လာ၏။ မှာသူများ၍ ခေါက်ဆွဲကြော် ကိုတော့ အတော်ကြာကြာ စောင့်ရဦးမည်။ သူတို့ အလျင် ရောက်နေသည့် ကိုမောင်ဘနှင့် သူတို့နှင့် ရင်းနှီးသော အခြားအင်းသားကြီး အချို့ကပါ သူတို့စားပွဲ၌ လာပေါင်းကာ သောက်ရင်း စားရင်းနှင့် သောင်းပြောင်း ထွေလာ စကားတွေ ညံနေကြ၏။ ဖာအကြောင်းလည်း ပါ၏။ ဖဲအကြောင်းလည်းပါ၏။ အင်းလေလံ၊ အရက်၊ အို ... စုံတကာ့ကို စုံရော။
သည်အထဲမှာ စိတ်ဝင်စားဖွယ်သတင်းတစ်ခုကတော့ ကိုဘမြိုင်ကြားလိုက်ရသည်။ သူကြီးမင်း သားချင်း တစ်စုနှင့် အတိုက်အခံ အင်းအားစုတို့ အင်းကို လုမဆွဲစတမ်း စေ့စပ်ထားကြသည်ကို အင်း အင်စပက်တာ နှင့် လေလံလွှတ်ရန် ရောက်လာကြသော အရေးပိုင်၊ အင်း အခွန်ဝန် စသော ပုဂ္ဂိုလ်ကြီးများ သိရှိသွား၍၊ အင်း အင်စပက်တာကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ကာ ထိုနှစ်ဂိုဏ်းမှ အင်းသားကြီးများနှင့် အရေးဆိုခိုင်း၏။ ဘယ်လိုပင် အချင်းချင်း နားလည်မှုနှင့် လုမဆွဲကြစေကာမူ အင်းဖိုးနည်းလျှင် အရေးပိုင်က မလွှတ်ပဲ ပိတ်ထားလိမ့်မည်။ ဒါကြောင့် အင်းတစ်အင်းလျှင် ငွေငါးရာစီ ပေးပါက ပိတ်မထားဘဲ ဆွဲသူမရှိ၍ အဖိုး နည်းနည်းဖြင့် လွှတ်ပေးမည်ဆို၍ အင်းကြီးလေးအင်းအတွက် ငွေနှစ်ထောင် ပေးလိုက်ရကြောင်း ဟူသော သတင်းပင်ဖြစ်သည်။
သတင်းမှာ စိတ်ဝင်စားဖွယ် သတင်းဖြစ်သော်လည်း အမှန်ကတော့ ရိုးနေပါပြီ။ အင်းလေလံချိန် ရောက်တိုင်း ကြုံနေကျ ကြားနေကျ သတင်းပင် ဖြစ်ပါသည်။ အင်းသားကြီးများ အဖို့ ဆိုလျှင်လည်း အလွယ် တကူပင် ပေးနိုင်ကြပါသည်။ သည်လို အချင်းချင်းကလည်း လုမဆွဲ၊ အင်းအရာရှိများကိုလည်း ငွေကလေး ဆို့ထားက လေး ငါးထောင် တန်ဖိုးရှိသော အင်းကို နှစ်ထောင် သုံးထောင်မျှလောက်နှင့် ရနိုင်သည်ဖြစ်၍ ငွေငါးရာကိုတော့ အလွယ်တကူပင် ပေးနိုင်ကြပါသည်။
ဒီသတင်းကြားရသော ကိုဘမြိုင်သည် သူ့အင်းကလေးကိုတော့ ဒီနည်းမျိုး မဖြစ်နိုင်သည့်အတွက် အတော်ပင် စိတ်မချမ်းသာ ဖြစ်သွားသည်။ သူ့အင်းကလေးမှာ လုဆွဲမည့် သူကြီးယောက္ခမလည်း ရှိသည်။ ပြီးတော့ မနှစ်က တန်ဖိုးမှာ ခြောက်ရာရှိသော သူ့အင်းသိမ် အင်းငယ်ကလေးလို ဟာမျိုးကိုလည်း အရေးပိုင်မင်းက မူးစားပဲစားနှင့် နာမည်ပျက်ခံပြီး စားလိမ့်မည် မဟုတ်။ ဒါကြောင့်ပဲ သူသိပ်ကို စိတ်ပျက် သွားသည်။
သိပ်စိတ်ပျက်တော့ အရက်ကို သိပ်သောက်၏။ သိပ်သောက်တော့ သိပ်မူးပြီး သိပ်ရမ်း၏။ ခေါက်ဆွဲထည့်သော ပန်းကန်ကို ပေါက်ခွဲ၏။ အရက်ပုလင်းကို ရိုက်ခွဲပစ်၏။ ကုလားထိုင်ကို ရိုက်ချိုး၏။ သူ့နားရှိ မမူသေးသော ကိုအေးက လိုက်ဆွဲသော်လည်းမရ။ အရမ်းကို ကြမ်းနေ၏။ ကြာတော့ ကိုအေးလည်း မတတ်နိုင်။ တရုတ်ထ့မှ အရက်ကို ထပ်လောင်း၍ တစ်ခွက်ပြီး တစ်ခွက် ဆင့်တိုက်လိုက်မှ သတိလစ်၍ လဲတော့၏။ သူ့ကို သနားလည်းသနား၊ ချစ်လည်း ချစ်သော ကိုအေးက ကုန်ကျသမျှ အရက်ဖိုး နှင့် ခေါက်ဆွဲကြော်ဖိုးများပင်မက ပျက်စီးသွားသော ပစ္စည်းများ အတွက်ကိုပါ သူ့အိတ်ထဲမှ စိုက်ထုတ် ပေးခဲ့ပြီး တည်းအိမ်သို့ တွဲလာရတော့၏။
အခန်း (၆) ဆက်ရန်
.

2 comments:
ဘဝတွေ ဘဝတွေ. . .
ငါနော်. . .ကဗျာ ရေးမိဦးမယ်။ :P
စိတ်ညစ်တိုင်း အရက်သောက် သွေးဆိုး မူးပြီးရမ်းတာကျတော့ မသနားချင်ဘူး အစ်မရွှေစင်ရေ... အရက်သောက်တာ အပြစ်မပြောလိုပေမယ့် မူးပြီးရမ်းတာ လုံးဝကို မကြိုက်ချင်ဘူး သိလား....
Post a Comment