Monday, July 26, 2010

ကြယ်နီ အပိုင်း (၁၄)

မိုးနှောင်းကာလ

ညဥ့် ၆ နာရီ အချိန်တွင် ဖြစ်ပါသည်။
ကိုဒေါင်းစိန်သည် မှေးမှိန်စွာ တောက်လောင်လျက်ရှိသော ရေနံဆီ မီးခွက်၏ အလင်းရောင်ဖြင့် အသက်ကို ဖုတ်လှိုက် ဖုတ်လှိုက်နှင့် ခဲယဉ်းပင်ပန်းစွာ ရှူရိုက်နေသော သူ့ရင်သွေးကလေး နှစ်ဦး အား ငေးစိုက်ကြည့် နေမိ၏။ သူတို့ ဓနုဖြူသို့ တရားဆိုင်သွားသည့်အချိန်၌ မယ်စိန်သည် အရပ်ဆရာ ကိုတုတ်ပေါအားခေါ်၍ ၀မ်းသွား လျက်ရှိသော ရင်သွေးနှစ်ဦးအား ပြသ၏။ ကိုတုတ်ပေါ သည် ၀မ်းပိတ်ဆေးကို တိုက်ကျွေးရာ ၀မ်းမှာ ပိတ်သွားသော်လည်း ရင်ကို တက်ကိုင်ပြီး ရင်အင့်ကာ အသက်ရှူကျပ်လာသည်။ ကိုတုတ်ပေါမှာ ဖြေဆေး မပေးနိုင်ဘဲ ရှိသည့်အတွက် ကိုဒေါင်းစိန်တို့ မြိုကမှ ပြန်လာသည့်အခါတွင်မှ သူတို့ရှာနှင့် ၆ မိုင်ခန့် ဝေးသော ကံထောင်ရွာသို့ ကိုလူမောင်နှင့် အခြား လူငယ်တစ်ယောက်ကို စေလွှတ်ကာ ဆရာပုအား အပင့်ခိုင်း လိုက်ရ၏။ ယခု အထိ မရောက်လာကြသေး။ သို့သော် မကြာမီ ရောက်လာလိမ့်မည်ဟုကား မျှော်လင့်ရပါ၏။

ကိုဒေါင်းစိန်ကား အသက်ရှူကျပ်လျက်ရှိသော ရင်သွေးနှစ်ဦးအား ငေးစိုက်ကြည့်နေရ၏။ မယ်စိန်ကတော့ ရင်သွေးကလေး နှစ်ဦးအား ကိုယ်ဖိ ရင်ဖိ ပြုစုနေ၏။ ကိုယ်ဖိရင်ဖိ ပြုစုနေရခြင်း ကြောင့်လည်း ကိုဒေါင်းစိန် လို ဘာမှ အကူအညီ ပေးဖော်မရဘဲ အလကားနေရင်း စိတ်မောနေခြင်းမျိုး သူမ၌ မရှိ။ သို့သော် ကလေး နှစ်ယောက် တစ်စုံတစ်ခုများ ဖြစ်သွားမလား ဟူသော စိုးရိမ်စိတ်ကလေးကမူ သူမ၏ မျက်နှာပြင်၌ အရိပ်လို ထင်နေ၏။

ညဥ့် ၇ နာရီခန့်တွင် ဆရာခေါ်လွှတ်လိုက်သော ကိုလူမောင်တို့ ပြန်ရောက်လာပြီး ဆရာပု ပါ ပါလာ၏။ ကိုဒေါင်းစိန် က ဆရာအားကိုးဖြင့် လွန်စွာအားတက်လာကာ သွက်လက်ဖျပ်လတ်စွာပင် ဖျာတစ်ချပ်ကို အိပ်ခေါင်းရင်း ၌ ခင်း၍ ဆရာပုအား ဖိတ်ခေါ်နေရာချထားလိုက်ပြီး ဆရာ မရောက်မီ ကပင် အသင့်ရှာဖွေ ပြင်ဆင် ထားသော ကွမ်းအစ်ကို တည်ခင်းလိုက်၏။
ဆရာပု သည် ခင်းထားသော သင်ဖျာထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလေ၍ စကားတစ်ခွန်းမျှ မဆို မမိန့်သေးဘဲ ကွမ်းညှပ်ဖြင့် ကွမ်းသီးကို ညှပ်နေလေ၏။ သူ့အသက်ကား ၄၀ ကျော်ခန့်ရှိ၍ လူဟန် အတော်ကောင်းသူဖြစ်၏။ မည်မျှလောက် ဆိုးဝါးသော ရောဂါပင်ဖြစ်စေ၊ တစ်ခဏအတွင်း လက်နှင့် ယူပစ်သလို ပျောက်ကင်းစေရမည် ဟူသော အဓိပ္ပာယ်ကို သူ့ဟန်အမူအရာဖြင့် သရုပ်ဆောင် နိုင်သူ ဖြစ်သည်။

ကိုဒေါင်းစိန်ကား ဆရာပု၏ လူဟန်ကိုကြည့်ကာ အတော်ပင် အားရှိသွား၏။ ဘုရားလက်ထက် တော် အခါ က သမားကျော် ဇီဝကကို တွေ့လိုက်သလို သူ ၀မ်းမြောက်နေ၏။ ဤဆရာသာ ကုလိုက်ရရင်တော့ သူ့ရင်သွေး နှစ်ဦးအား ဖိစီးလျက်ရှိသော ရောဂါသည် ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ လျင်စွာ လျှောကျချမ်းသာရာ ရလိမ့်မည်ဟု ယုံကြည်ထား၏။
ဆရာပု သည် ကွမ်းတစ်ယာ စားပြီးသောအခါ လူနာကို ကြည့်ရှူရန် ကိုဒေါင်းစိန်၏ အိပ်ခန်းထဲသို့ ထလာခဲ့ရာ ကိုဒေါင်းစိန်က နောက်မှ မီးခွက်ဖြင့် လိုက်ပြရ၏။ အသက်ရှူကျပ်လျက် ရှိသော ကလေးငယ် နှစ်ဦး၏ ဘေးတွင် ဆရာပု ၀င်ထိုင်ကာ သေချာစွာ စူးစမ်းကြည့်ရှူနေ၏။

လက်ကို သွေးစမ်းကည့်၏။ အသက်ကိုရှိုက်၍ ရှိုက်၍ ရှူသဖြင့် ပိန်ချည်ဖောင်းချည် ဖြစ်နေသော ရင်အုပ်ပေါ် သို့ လက်ကို အသာအယာတင်ကာ စမ်းကြည့်နေ၏။ သူ့အလုပ်၌ လုံးဝ စိတ်ဝင်စားနေဟန်ဖြင့် မျက်ခုံး နှစ်ဖက်ကိုချီ၍ မျက်မှောင်ကို ကုတ်ထား၏။ တစ်ခါတစ်ရံလည်း လေးလေးနက်နက် စူးစိုက် ဆင်ခြင် နေဟန်ဖြင့် တစ်နေရာရာကို စူးစိုက်ကြည့်ရှူ နေတတ်၏။ နောက်ဆုံးတွင် လူနာ၏ ရောဂါ အခြေအနေကို ရိပ်မိသိရှိပြီ ဟူသော သဘောမျိုးဖြင့် ခေါင်းတညိတ်ညိတ်လုပ်ကာ အိမ်ရှေ့သို့ ပြန် ထွက်လာသဖြင့် ကိုဒေါင်းစိန် လည်း နောက်မှ လိုက်လာခဲ့ရ၏။

မူလနေရာတွင် ပြန်ထိုင်မိသောအခါ ဆရာပုသည် ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်၍ မီးညှိလိုက်ပြီး နောက် ပါးစောင်တွင် မာန်ပါပါခဲကာ ခါးကိုလည်း တည့်မတ်သွားအောင် ဆန့်လိုက်ရင်း ' ကဲ ဖြစ်ပုံ ကို ပြောကြ စမ်းပါဦး ' ဟု မေးလိုက်၏။

ကိုဒေါင်းစိန်၏ အနီး၌ ထိုင်နေသော မယ်စိန်က ကလေးနှစ်ယောက်တစ်ညလုံး ၀မ်းသွားပုံ၊ မိုးလင်း၍ အရပ် ဆရာ ကိုတုတ်ပေါကို ခေါ်၍ ကုရာ၌၀မ်းပိတ်သွားသော်လည်း ရင်ကို တက်ကိုင်ပြီး ဤကဲ့သို့ အသက်ရှူ ကျပ်နေရပုံ များကို ပြောပြလိုက်ရာ ဆရာပုကား ခေါင်းတညိတ်ညိတ်ဖြင့် နား ထောင်နေ၏။
' တေက် ... မင်းတို့ ဖြစ်ဖြစ်ချင် ငါ့မှ လာမခေါ်ဘဲကိုးကွ၊ ဆရာဆိုတိုင်း တွေ့ကရာ ဆရာကို ခေါ်လို့ ဖြစ်တာ မဟုတ်ဘူး၊ သမားဂုဏ်အင်္ဂါနဲ့ ကိုက်ညီသည် မကိုက်ညီဘူး ဆိုတာ ကြည့်ရှူစစ်ဆေးပြီး ခေါ်မှပေါ့ '

ဆရာပုသည် ကိုဒေါင်းစိန်တို့အား ဆရာခေါ် နောက်ကျသည့်အတွက် အပြစ်တင်စကား ပြောလိုက် ပြီးနောက် သူသာလျှင် သမားဂုဏ်နှင့် ပြည့်စုံသော ဆရာဖြစ်ကြောင်း ဖော်ပြသော ဟန်မူရာမျိုးဖြင့် ပခုံး၌ လွယ် ထားသော ဆေးလွယ်အိတ်ကို ဟန်ပါပါ ဖြုတ်ယူလိုက်ကာ သူ့ရှေ့၌ ချထားလိုက်ရင်း -

'ဆရာဆိုတာ သမားဂုဏ်နဲ့ ပြည့်စုံရမယ်လို့ ဆရာ ပြောပြသည့်အတွက် ကျွန်တော် ကျွန်မတို့ နား လည်ပါပြီ၊ အဲဒီ သမားဂုဏ်ဟာ ဘာတွေလဲလို့ မေး၊ ဆရာက မင်းတို့ နားလည်ထားအောင် ကျမ်းဂန် အကိုးအကားနဲ့ ရှင်းပြမယ်။ သမားကောင်းဆိုတာ ပဏ္ဍိတ၊ ဒက္ခ၊ အနလသဆိုတဲ့ ဂုဏ် သုံးပါးနဲ့ ပြည့်စုံရမယ်လို့ အင်္ဂုတ္ထုရ် ဋီကာမှာ အတိအလင်းဆိုထားတယ်။ အနာ၏ ဖြစ်ကြောင်းအစဉ် နိဒါန်းကိုလည်းကောင်း၊ ပြဋ္ဌာန်းသော ဓာတ်တို့၏ သမုဋ္ဌာန်ကိုလည်းကောင်း သိသော ပုဂ္ဂိုလ်ကို ပဏ္ဍိတလို့ခေါ်တယ်။ ကုစားနိုင်သော သတ္တိ၊ အနာ နှင့် သင့်မြတ်သည်ကို ပြုနိုင် ခြင်း သတ္တိဂုဏ်နှင့် ပြည့်စုံသော ဆရာကို ဒက္ခလို့ ခေါ်တယ်။ ထကြွ လုံ့လ ၀ီရိယ နှင့် ပြည့်စုံသော ဆရာကို အနာလသလို့ ခေါ်တယ်။ အဲဒီ ဂုဏ်သုံးပါးနှင့် ပြည့်စုံတဲ့ ဆရာကိုသာလျှင် သမားကောင်း လို့ဆိုရမယ် ကွ'
ဆရာပုသည် သူ့စကားကို တစ်ထောက်ရပ်နား၍ သူသည် သူ ဆိုခဲ့သော သမားဂုဏ် အင်္ဂါသုံးပါး နှင့် အကြွင်းမဲ့ပြည့်စုံခြင်း ရှိသည်ဟု ဖော်ပြသော မျက်နှာထားမျိုးဖြင့် ကိုဒေါင်းစိန်တို့အား ခပ်ကြွား ကြွားကြည့် နေ၏။ နောက် ပါးစပ်တွင် ကိုက်ခဲထားသော ဆေးပြင်းလိပ်ကို အားရပါးရ ဖွာရှိုက်လိုက် ပြီးနောက် ဆေးလိပ် ကို လက်ဝဲဘက်ပါးစောင်သို့ ပြောင်းရွှေ့ကိုက်ခဲကာ သူ့စကားကို ဆက်ပြန်၏။
' အင်္ဂုတ္ထိုရ်ဋီကာ အလိုအရ သမားဂုဏ်အင်္ဂါကို ပြဆိုပြီးတဲ့နောက် နရသုခိဆရာရဲ့ အဆိုကို ပြလိုက် ဦးမယ်။

' သက်ကြည့်ဗေဒင်၊ တတ်မြော်မြင်လျက်၊ ဆင်ခြင်ထောက်ရှု၊ ဆေးကုလိမ္မာ၊ ဆေးစာများ မြောင်၊ ကျမ်းစောင် စောင်ကို၊ တတ်ခေါင်တွင်ကျယ်၊ ချစ်ဖွယ်ရှိခြင်း၊ သီတင်းဖြူစင်၊ ကျင့်စုံလင်အံ့။ ဤအင်္ဂါငါး၊ မယွင်းပါးသည်၊ သမားပဏ္ဍိ၊ က၀ိနတ်စံ၊ ဂုဏ်လောက်ငံကို၊ ပသံသိတ၊ ထိုက်တန်လှဟု၊ ရာဇနီတိ၊ ကျမ်းထွက်ရှိ၏' တဲ့ကွ။ သမားကောင်းတစ်ယောက်ဟာ သက်ကြည့်ဗေဒစင်ကိုလည်း တတ်မြောက်ရမတဲ့၊ ဆေးကုလည်း လိမ္မရမတဲ့၊ ဆေးစာများမြောင် ကျမ်းစောင်စောင်ကိုလည်း တွင်ကျယ်ပေါက်ရောက် တတ်မြောက် ထားရမတဲ့၊ ချစ်ဖွယ်သော ဥပဓိ ရုပ်လည်း ရှိရမတဲ့၊ သီတင်းသီလ အကျင့်သိက္ခ အားဖြင့် လည်း ဖြူစင်ရမတဲ့၊ အဲဒီအင်္ဂါငါးပါး ပြည့်စုံမှသာလျှင် သမားပညာရှိလို့ ခေါ်ထိုက်တယ်တဲ့။ အခုတော့ ဒီလို မဟုတ်ပေါင်ကွာ၊ ဆေးမြီးတိုကလေး တစ်ခုလောက် နားလည်ရုံနဲ့လည်း သမားလုပ်ပြီး ကုနေကြတာပဲ။ ဒီတော့ မဖြစ် သင့်တာတွေ ဖြစ်ကုန်ပြီး မသေသင့်ဘဲနဲ့ သေကုန်ကြရတာပေါ့'

ကိုဒေါင်းစိန်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွား၏ု။ သူတို့ ဆရာအခေါ်မှာ သည့်အတွက် သူ့ရင်သွေး ကလေးများ မဖြစ်သင့်တာ ဖြစ်ရတာတော့ မှန်ပါသည်။ သို့သော် မသေသင့်ဘဲနဲ့ သေကုန်ကြရတာ ပေါ့ ဟူသော ဆရာပု၏ စကားသည် ဖြစ်တတ်သည့် သဘာဝကို ရည်ရွယ်၍ ဆိုလိုက်ခြင်းလား၊ သို့ မဟုတ် သူ့ရင်သွေး ကလေးနှစ်ဦး၏ ရောဂါအခြေအနေကို စမ်းသပ်ကြည့်ရှုရာမှ ထွက်ပေါ်လာသောအဖြေကို ထုတ်ဖော် ပြောကြားလိုက်ခြင်းလား၊ သူ မသိတတ်နိုင်ပါ။ ဆရာပု၏ စကားစကို ဖြတ်၍လည်း မမေးရဲပါ။ သူ့ရင်သွေးနှစ်ဦးကို ရည်ရွယ်၍ ဆိုလိုက်ခြင်း မဟုတ်ပါစေနဲ့ ဟုသာ ရင်တထိတ်ထိတ်ဖြင့် ဆုတောင်း နေမိသည်။

' အဲဒီ ဆေးမြီးတိုးအားကိုးနဲ့ သမားလုပ်နေတဲ့ သမားအတု သမားအယောင်တွေဟာ ရောဂါရဲ့ အမျိုးအမည်၊ ရာသီဥတု အခြေအနေစတဲ့ အချက်တေကို ဘာတစ်ခုမှ နားမလည်ဘဲ ဘာရောဂါမဆို သူသိထားတဲ့ ဆေးမြီးတိုကလေးနဲ့သာ ရမ်းကုလိုက်တာပဲ။ ဥပမာ-၀မ်းရောဂါ ဆိုပါတော့ကွယ်၊ ဘယ်အတွက် ၀မ်းရောဂါ ဖြစ်ပေါ်လာရသလဲ၊ ၀မ်းရောဂါ ဘယ်နှမျိုးရှိသလဲဆိုတာ ဘာမှ နားမလည်ဘဲ ဘာရောဂါမဆို သူ သိထားတဲ့ ဆေးမြီးတိုကလေးနဲ့သာ ရမ်းကုလိုက်တာပဲ။ ဥပမာ-၀မ်းရောဂါ ဆိုပါတော့ကွယ်၊ ဘယ်အတွက် ၀မ်းရောဂါ ဖြစ်ပေါ်လာရသလဲ၊ ၀မ်းရောဂါ ဘယ်နှမျိုး ရှိသလဲဆိုတာ ဘာမှ နားမလည်ဘဲ ၀မ်းရော ဂါဆိုရင် ၀မ်းပိတ်ဆေးကိုသာ တိုက်ချလိုက်တာပဲ။ ဒီတော့ ဘာဖြစ်သွားသလဲ၊ ၀မ်းတော့ ပိတ်သွား ပါရဲ့၊ ရင်ကို တက်ကိုင်ပြီး မရှူနိုင် မကယ်နိုင် ဖြစ်သွားရော မဟုတ်လား'
ဆရာပုသည် ပြောရင်း စိတ်ပါလာသလို ပါးစပ်မှ ဆေးလိပ်ချွတ်လိုက်၍ ကိုယ်ကို ဆန့်လိုက်ပြီး နောက် သူ့စကားကို ဆက်ပြန်၏။

' သည်နှစ်မှာ ဘာပြုလို့ ၀မ်းသွန် ၀မ်းကျ ပေါများရသလဲ၊ အဲဒီ အခြေခံ အကြောင်းရင်းကို ပထမဆုံး ပညာစက္ခုနဲ့ ကြည့်ရှူရမယ်။ မိုးဦး မိုးလယ် မိုးနှောင်းတို့တွင် မိုးကြိုးထစ်ခြင်း၊ ပစ်ခြင်း၊ လရာသီတိုင်း မိုးရွာတိုင်း မိုးသည် ခြိမ်းခြင်း၊ ချုန်းခြင်း၊ အဲဒီလိုရှိရင် ဒါ သီတနဲ့ ဥဏှ ဥတုနှစ်ပါး ပြိုင် တယ်လို့ မှတ်ရမယ်။ အဲဒီနှစ် အဲဒီကာလမှာ ၀မ်းပြည့်၊ ၀မ်းရောင်၊ ၀မ်းသွန်၊ ၀မ်းကျ နည်းပါးမယ်။ အဲ သို့ပေမဲ့ မိုးဦး မိုးလယ်မှ စပြီးတော့ သြကာသလောကမှာ မိုးခြိမ်းခြင်း၊ ချုန်းခြင်း မရှိခဲ့ရင်တော့ အဲဒါ သီတဥတု အုပ်ခြုံ နှောင်းဖွဲ့ မိတယ်လို့ ဆိုရမယ်၊ ဥဏှဥတုဟာလည်း တစ်ခါတည်း မတော် လှန်နိုင်တော့ဘူး။ အဲဒီလို နှစ်ကာလမျိုးမှာ ၀မ်းပြည့် ၀မ်းရောင် ပေါများတယ်။ သုံးဆောင်မှီဝဲသမျှ ကဗဠီကာရတို့ဟာလည်း မကျေမဘက်၊ ပါစကကို မရောက်တော့ဘူး။

အဲဒီလိုဆိုရင် စချင်ပြန်ခြင်း၊ ၀မ်းသွန် ၀မ်းကျ ပေါများ ဖောက်ပြန်တော့မယ်လို့ မှတ်ရမယ်။ အဲဒါက သြကာသလောကကို ပုံသက်သေပြုပြီးတော့ ပညာစက္ခုနဲ့ ကြည့်ရှုဆုံးဖြတ်ရတဲ့ အချက်ပဲ။ မင်းတို့ ဆေးမြီးတို ဆရာတွေ ကတော့ အဲဒီအချက်ကို နားမလည်ဘဲ၊ အဲဒီ အကြောင်းရင်းခံကို မသိဘဲ ရမ်းကုလိုက်တာပဲ မဟုတ်လား။ အကြောင်းနဲ့ အကျိုးဆိုတာက ဆက်စပ်နေတယ်ကွ၊ အကြောင်းတရားကိုမှ မသိရင် အကျိုး တရား ကိုတော့ ရရှိနိုင်ပါဦးမလားဟ၊ ဒေါင်းစိန်ရ'

ကိုဒေါင်းစိန်ကား ဆရာပု၏ စကားကို တစ်လုံးတစ်ပါဒမှ နားမလည်ဘဲနှင့် ရမ်းသန်းပြီး ခေါင်းလိုက် ညိတ်နေရသည်။ သူတို့ရွာ၌ ဘုန်းကြီးများကလည်း သူတို့ နားမလည်သော ဝေါဟာရများနှင့် ဘာသာတရားကို ဟောကြားသည်။ ဦးကုလားတို့လို အဘိဓမ္မာ ဆရာများကလည်း သူတို့ အသိ ခက်သော စကားလုံးများကို သုံးစွဲတတ်ကြသည်။ ခေတ်လူငယ်ကလေးများကလည်း သူတို့ ဥာဏ် မမီသော စကားကြီးများဖြင့် ပြောတတ်သည်။ ဟော ... ခု ဆေးဆရာကလည်း သူတို့ နားကလော နေသော စကား များဖြင့် ရှင်းပြနေပြန်သည်။ တတ်နိုင်ဘူးလေ၊ နားလည်သလိုလိုနဲ့ ခေါင်းလိုက်ညိတ် ပေးမှ ဆရာပု သဘောတော် ကျမှာကိုး။

' အဲ နောက်ပြီးတော့ တစ်မျိုးရှင်းပြဦးမယ်ဟေ့။ ' စိတ်ဖြာယူဆ၊ ဥာဏ်နှင့် ပြသား၊ မိုးလရောက်ခါ၊ ၀ဍ္ဎနာတွင်၊ ရက်ဒွါဒသ၊ ပထမကား၊ အာကာသဆောင်၊ ခိုက်ရောင်သည်းခြေ၊ တေဇော်လွန်ထ၊ တိဓာတ၏၊ မိဿကဖြစ်သော၊ ၀ါယောပုပ်ဓာတ်၊ ပင့်ဆော်လတ်၍၊ စားသောက်မကျေ၊ ဓာတ်မြေမကျ၊ ပါစက တေဇော၊ မရောက်သောကြောင့်၊ ၀မ်းဖောကျလျှင်း၊ အော့အန်ခြင်းနှင့်၊ ရင် တွင်းပြည့်အင်၊ ပူငုပ်ခြင်းကြောင့်၊ ငတ်လင့် ရေသာ၊ သောက်များစွာတည့်'။ အဲဒီလင်္ကာကို အကျယ်ချဲ့ပြီး ရှင်းပြရမယ်ဆိုရင် ဂိမ္မန္တ၊ ၀ဿန္တ၊ စေမန္တ ရယ်လို့ ဥတုသုံးပါးရှိတဲ့အနက် တစ်ဥတုကို အာဂန္တုကပဋိသန္ဓေ(၃၄)ရက်၊ ဓာတ်ဆောင် အာယုဝဍ္ဎန (၄၂)ရက်၊ ဓာတ်ကြေအာယုဟာနယ (၄၂)ရက်ရယ်လို့ ရက်ပေါင်း (၁၁၈)ရက်ရှိတယ်။

အဲဒီရက်ပေါင်း (၁၁၈)ရက်တို့တွင် မိုးရာသီ ဓာတ် ဆောင် ဓာတ်ခိုက် အာယုဝဍ္ဎန (၄၂)ရက် ရှိတဲ့အနက် အာဂန္တုက (၃၄)ရက်အလွန် ၀ါခေါင်လပြည့် ကျော် ၄ ရက်နေ့ ညဥ့် ၂ ချက်တီးကျော် သန်းလွဲအချိန်ကစပြီး တော်သလင်းလဆန်း ၂ ရက်နေ့ ညဥ့်သန်းခေါင်အထိ ပထမ(၁၂)ရက်ပိုင်းမှာ အာကာသဓာတ်ဆောင်၍ သည်းခြေမှာ ခိုက်သည်။ တေဇောဓာတ် လွန်သည်။ အဲဒီဓာတ်သုံးပါးနဲ့ မိဿကဖြစ်တဲ့ ၀ါယောဓာတ်၊ အာဟာရ အပုပ်ဓာတ်တို့ဟာ ပင့်ဆော်လှတယ်။

လူတို့သည်းခြေမမြဲ၊ ဆုတ်ခြေတက်ခြေ နေသည့်ကာလ သွေးသက်မှာ အနာရောက်တယ်။ မိုးဥတု ဖြစ်တဲ့အတွက် စားတဲ့အဟာရဟာ မကျေ၊ ပထ၀ီဓာတ်သို့ မရေက်၊ ပါစက တေဇောကိုသာ ရောက်ပြီး၊ ၀မ်းရောင် ၀မ်းဖော ၀မ်းကျ ၀မ်းသွန်နဲ့ မကင်းဘူး။ အော့ခြင်း၊ အန်ခြင်း၊ ရင်ပြည့်ခြင်း၊ ရင်အင့်ခြင်း ဖြစ်တတ်တယ်။ ၀မ်းတွင်း အပူဇာတ် ဆောင်ပြီး ငုပ်သည့်အတွက် ရေငတ်တယ်၊ ရေသေက်များတယ်။ ဟုတ်ရဲ့ လားဟေ့၊ အဲဒီလက္ခဏာ တွေနဲ့ ကိုက်ညီရဲ့လား '

မယ်စိန်က ၀င်၍ ကိုက်ညီပါတယ်၊ အဲဒီလက္ခဏာတွေနဲ့ ကိုက်ညီရဲ့လား' သောက်ပြီး၊ သောက်ပြီး သမျှ ရေကိုလည်း ပြန်အန်ပစ်ကြောင်း ပြောလိုက်ရတွင်၊ ဆရာပုသည် ကျေနပ်သော မျက်နှာထား ဖြင့် အိတ်တွင်းမှ ပ၀ါဖြူကို ထုတ်၍ မျက်နှာကို သုတ်လိုက်ပြီးနောက် -

' ကဲ လူနာရဲ့ ရောဂါလက္ခဏာနဲ့ ဆရာပြောတဲ့ ကျမ်းဂန် အကိုးအကားတွေဟာ ကိုက်ညီမနေပေဘူးလား။ မင်းတို့ရဲ့ ဆေးမြီးတို သမားတွေကတော့ အဲဒီ အကြောင်းရင်းခံတွေကို နားမလည်ဘဲ ရမ်းကုနေကြတာကွ။ နောက်ပြီး ရောဂါတစ်ခုကို သီတကြောင့်လား၊ ဥဏှကြောင့် လားလို့လည်း မခွဲခြားတတ်ဘူး။ ရောဂါ ဖြစ်ပွားတဲ့ရက်ဟာ အာဂန္တုက ရက်လား၊ ဓာတ်ဆောင် အာယုဝဍ္ဎနရက်လား၊ ဓာတ်ကြေအာဟာယန ရက်လားလို့လည်း ပိုင်းခြားခြင်းမရှိ၊ အသက်အရွယ် ကိုလည်း မသတ်မှတ်၊ အားလုံး တစ်မျိုးတည်း တစ်စားတည်းထား ကုနေတာပဲ၊ ဒါကြောင့်လည်း မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာပေါ့ကွ။ အဲဒီလို မဖြစ်စေ ရအောင် သီတနှင့် ဥဏှကို ခွဲခြားပြီး ဆေးပေးတတ်ရမယ်။

လူနာကုရမယ့်ရက်ကိုလည်း ပညာဥာဏ်နဲ့ ဆင်ခြင်ကြည့်ရှုပြီး ပိုင်းခြားကုသ တတ်ရမယ်။ ဥပမာကွာ အာဂန္တုက ရက်ဆိုရင် ဥတု ပဋိသန္ဓေဖြစ်တဲ့အတွက် နူးညံ့သိမ်မွေ့ခြင်း ကြောင့် ဆေးလွန်ဆေးမှားကို မခံနိုင်၊ အဲဒီရက်မှာ ဆေးကုဆင်ခြင်ရတယ်။ အာဟာရကလေးကို သာဆက်ပြီး ဖြည်းညင်းသာယာစွာ ကုရတယ်။ အဲဒီရက်မှာ ဆေးလွန်ပေမဲ့ လူတို့မှာ အသက် ၂၀ ရွယ်၊ ၃၀ ရွယ်တို့ကို ဓာတ်ရင့်မာတဲ့အတွက် ခံနိုင်ရည်ရှိတယ်။ နောက်ဆုံး ဓာတ်ကြေ အာယုဟာယန ၄၂ ရက်မှာဆိုရင် ဆေးဝါးမလိုဘူး၊ ဆေးဝါးအလွန်ဒဏ်ကို မခံနိုင်ဘူး။ လူတို့မှာ အသက် ၆၀ ရွယ်၊ ၇၀ ရွယ်ကဲ့သို့ ဓာတ်ယုတ်ညံ့တဲ့အတွက် ဆေးသက် မမြင်ဘူး၊ အာဟာရကိုသာ မြင်တယ်။ ဒါကြောင့် အဲ ဒီရက်မှာလည်း ဆေးကုဆင်ခြင်ရတယ်။

ပြီးတော့ အသက်အရွယ်ကိုလည်း နုနယ်ရင် နုနယ်သလို၊ ရင့်မာရင် ရင့်မာသလို၊ ဇရာပိုင်း ရောက်လို့ အား အင်ဆုတ်ယုတ်နေတဲ့ အရွယ်ဆိုလည်း အားအင်ဆုတ်ယုတ်တဲ့ အလိုက်၊ ပိုင်းခြားပြီး ကုသရတယ်။ အခုတော့ ဒီလို မဟုတ်ပေါင်ကွာ၊ အားလုံး တစ်မျိုးတည်း တစ်စားတည်းထားကုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့ကွ။ ဒါကြောင့် နရသုခိဆရာက 'ပျိုအိုမရွေး၊ ဆေးပေးသမား၊ ပြုသည်သည်များမှာ၊ အလားအလ၊ ပညာသတိ၊ ဥာဏ်မရှိက၊ မသိနိုင်ရှာ၊ ဆေးအရာ၌၊ လိမ္မာမဲ့မူ၊ ဆေးကုသူသည်၊ ပြီးထူအပြစ် ပေါယာယသောဝ်' လို့ ဆိုခဲ့တာ။ အဲဒီလူတွေအတွက် ဆိုခဲ့တာပဲကွ ဒေါင်းစိန်ရ'

ဆရာပုသည် သူ့စကားကို ရပ်နားလိုက်ပြန်၍ ကွမ်းအစ်ကို ဆွဲကာ ကွမ်းတစ်ယာ ယာပြီး ၀ါးနေပြန်၏။ စင်စစ် ဆရာပုသည်ူ ဘယ်လောက်တတ်သိကြောင်း ပညာစွမ်းပြနေဟန် တူပါသည်။ သို့သော် ကိုဒေါင်းစိန် အလိုရှိသည်မှာ ဆရာပုသည် သူ၏ ပညာစွမ်းကို အပြောနှင့် ပြနေခြင်းထက် လက်တွေ့ပြခြင်းကိုသာ လိုလားပါသည်။ ယခုလို အပြောနှင့် အချိန်ဖြုန်းနေမည့်အစား သူ့ရင်သွေး ငယ်နှစ်ဦးအား ဆေးတစ်ခွက် လောက် တိုက်လိုက်၍ သက်သာသွားမည်ဆိုပါက သူသည် ဆရာပု၏ ပညာစွမ်းကို အံ့သြချီးကျူးရန် အသင့်ပင် ရှိပါသည်။ သို့သော် ဆရာပု စိတ်ဆိုးသွားမည် ကို ကြောက်ရသေး၍ ဆရာပု၏ စကားကို ဖြတ်ပြီးလည်း သူ မတိုက်တွန်းရဲ။ ဆရာပု စကားမဆုံး သေးခင်မှာတော့ အောင့်အည်းပြီးသာ နားထောင် လိုက်ပေဦးတော့ ကိုဒေါင်းစိန်ရေ့။

' အဟမ်း၊ ထွီ ' ဆရာပုသည် စကားစရန် ချွဲကိုရှင်းလိုက်ရင်း ပါးစပ်ထဲမှ ကွမ်းဖက်များကိုပါ တစ်ပါ တည်း ထွေးပစ်လိုက်ပြီးနောက် ' ဆေးမြီးတိုသမားတွေရဲ့ လှေနံဓားထစ်အမှားကို ဆက်ပြီး ပြောရ ဦးမယ်။ ၀မ်းလားခြင်းမှာ ဆိုရင် တစ်မျိုးတည်းမှတ်ပြီး သူတို့ဟာ ဆေးတစ်မျိုး ဓာတ်တစ်မျိုးတည်းနဲ့ ကုနေကြတယ်၊ အဲဒါဟာ မဟာအမှားတော်ပုံကြီးပေါ့ကွ။ ၀မ်းလားခြင်းဆိုတာက ခြောက်မျိုးရှိတယ်၊ အဲဒီခြောက်မျိုးဟာ ဘာတွေလဲဆိုတော့ ' ၀မ်းလားခြင်းကား၊ ခြောက်သွယ်ပြား၏။ ခြောက်ပါးတို့တွင်၊ ကြောင်းအင်တကွ၊ သေမှယုတ္တာ၊ ၀မ်းလားမှာကား၊ ဖြူစွာဖွေးဖွေး၊ ကိုယ်ခပ်နွေးလျက်၊ ကိုက်၍သက်၏' တဲ့ကွ။ အဆင်းအရောင် ဖြူဖွေးနေပြီးတော့ ကိုယ်ကလေးကလည်း ခပ်နွေးနွေးနဲ့ ကိုက်ပြီး သက်တဲ့ဝမ်းကို သလိပ်နဲ့ ယှဉ်တဲ့ ၀မ်း(၀ါ)သလိပ်ဝမ်းလို့ခေါ်တယ်။ နောက်ပြီး ' လောဟိတယုတ္တာ၊ ၀မ်းလားမှာကား၊ နီစွာအဆင်း၊ ကိုက်ခဲ ပြင်း၏' တဲ့။ အကိုက်အခဲပြင်းပြီး အဆင်းနီရဲနေတဲ့ ၀မ်းကို သွေးဝမ်းလို့ခေါ်တယ်။                  

' ပိတ္တယုတ္တာ၊ ၀မ်းလားမှာကား၊ ကျရာစိမ်းမည်၊ ရင်အင့်သည်ကြောင့်' ဆိုတဲ့အတိုင်း ရင်ထဲက အိုးတိုးအင့်တင့်ဖြစ်ပြီး၊ သွားတဲ့ဝမ်းကလည်း စိမ်းနေရင် ဒါ သည်ခြေ၀မ်းလို့ ခေါ်တယ်။ ' ၀ါတယုတ္တာ၊ ၀မ်းလားမှာကား၊ ၀ါဝါသက်လျှော၊ ၀မ်းယောင်ဖော၏' ဆိုတာကတော့ ၀မ်းဖော ၀မ်းယောင်ဖြစ်ပြီး အဆင်းဝါ၀ါ လျှောသက်တဲ့ ၀မ်းကို လေ၀မ်းလို့ခေါ်ရမယ်တဲ့။ ' ပုတိယုတ္တာ၊ ၀မ်းလားမှာကား၊ နံစွာထန်ပြင်း၊ အဆင်းညိုညို၊ ကြိမ်ကြိမ်ယို၏' တဲ့။ ဟော အနံ့ကလည်းပြင်း၊ အဆင်းကလည်း ညိုညို၊ အကြိမ်ကြိမ် အခါခါလည်း ယိုရင် ပုပ်ဝမ်းလို့ခေါ်ရမယ်။

နောက်ဆုံး အဆိုးဆုံး ၀မ်းကတေ့ ' ဓာတ်ဆုံးဝမ်းမှာ၊ ပမာစေးရွံ့၊ ပွတ်နှမ်းအတူ၊ ၀မ်းဆင်းသူကို၊ ရှင်လူစာရင်း၊ ချမယွင်းသည်၊ ရှင်းရှင်ပစ်ပစ် ပယ်ပယ်သောဝ်' ဆိုတဲ့ ဓာတ်ဆုံးဝမ်းဘဲ။ ရွံ့စေးများလို၊ ဆီပွတ်ထား ပြီးတဲ့ ပွတ်နှမ်းများလို စေးထန်းချွဲကျိနေတဲ့ ၀မ်းပေါ့ကွာ၊ အဲဒီ ဓာတ်ဆုံးဝမ်းဆိုရင် ရှင်လူစာရင်းထဲ မသွင်းဘဲ တစ်ခါတည်း ပစ်ပယ်လိုက်ပေတော့တဲ့။ အဲ အခု ဆရာပြောခဲ့သို သလိပ်ဝမ်းတဲ့၊ သွေးဝမ်း တဲ့၊ သည်ခြေ၀မ်းတဲ့၊ လေ၀မ်းတဲ့၊ ပုပ်ဝမ်းတဲ့၊ ဓာတ်ဆုံးဝမ်းတဲ့။ အဲဒီလို ၀မ်းလားခြင်း အမျိုးမျိုးကို သူ့နေရာ နဲ့ သူ၊ သူ့ဝမ်းရောဂါနဲ့ သူ့ဆေးလျော်အာင်ပေးလို့ ဥာဏသမ္ပယုတ်နဲ့ ယှဉ်ပြီး ကြည့်ရှုကုသခြင်း မပြုဘဲ လှေနံဓားထစ် ကုလိုက်တော့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ရော မဟုတ်လားဟဲ့၊ ဒေါင်းစိန်ရဲ့ '

အလိုလေး၊ မဆုံးနိုင်သေးပါကလား။ အရပ်ဆရာ ကိုတုတ်ပေါရဲ့ အမှားတွေကိုသာ ထပ်တလဲလဲ ပြောဆို ညွှန်ပြရန် မဟုတ်ပါ။ ကိုတုတ်ပေါရဲ့ အမှားကြောင့် ခံစားနေရတဲ့ လူမမာရဲ့ ဝေဒနာကို မှန်ကန်သော ဆေးချက်ဖြင့် သက်သာပျောက်ကင်းသွားစေရန်အတွက် ဖြစ်သည်ကို ဆရာပုမရိပ်မိ လေရော့ သလား။ နောက်ဆုံးတွင် မယ်စိန်သည် အောင့်အည်းမျိုသိပ် မထားနိုင်တော့သလို ဆရာပု၏ စကားစ အပြတ်တွင် ၀င်ပြောလိုက်၏။

' ဟုတ်ကဲ့၊ ကျွန်မတို့ အသုံးမကျလို့ ဆရာ့ကို အရင်မပင့်မိဘဲ အရပ်ဆရာကိုတုတ်ပေါကို ခေါ်ကုမိတဲ့အတွက် ဒီလိုဖြစ်ရတာ မှန်ပါတယ်၊ အဲဒါ အခုဆရာ့ကိုပဲ ပြန်အပ်ပါရစေ၊ ဆရာ့ကိုသာ လုံးလုံး အားကိုးပါရစေ၊ ဆရာ တတ်နိုင် သလောက် ကြိုးစားကုသပေးပါနော်'
ဆရာပုသည် မယ်စိန်၏ တောင်းပန်ချက်ကို လက်ခံစဉ်းစားနေဟန်ဖြင့် အတန်ကြာ ငြိမ်သက်နေပြီး နောက် မှ ' ခလုတ်ထိမှ အမိတကြတာကိုး ' ဟု ဆိုလိုသော မျက်နှာထားမျိုးဖြင့် မယ်စိန်အား လှမ်း ကြည့်လိုက်ကာ -

' အေး နင်တို့ ဖြစ်ဖြစ်ချင်း ငါ့ကိုတော့ ခေါ်ဖို့ သတိမရကြဘူး မဟုတ်လား၊ သူတစ်ပါး ကုပြီးလို့ ဆေးလွန်း ၀ါးလွန်ဖြစ်ပြီး ရောဂါဖောက်ပြန်လာမှ ငါ့ဆီရောက်လာကြရော၊ ငါ့ကိုသာ အပူကပ်ကြရော၊ ဒါပေမဲ့ ' သူများ ကုရင်း၊ လက်စကြွင်းကို၊ ချက်ချင်းမကောက်၊ သုံးရက်မြောက် အောင်၊ ထောက်ထားသမှု၊ ဆေးမကုဘဲ၊ ရှုဆင်ခြင်တုံ၊ နေ့ပိုင်းကြုံလည်း၊ လွန်ရုံရက်ကြာ၊ ဆိုင်းလေ မှာသည်၊ ဆရာဘုန်းဟေ့ ဥာဏ်ကြွယ်သောဝ်' လို့ နရသုခိဆရာ က သတိပေးထားတဲ့ အတိုင်း သုံးရက်လောက်တော့ ဆေးမကုသေးဘဲ လူနာရဲ့အကဲကို စောင့်ကြည့် ဦးမယ်လေ။

ဒီလိုမှ မဟုတ်ဘဲ အခု ကောက်ကုလိုက်လို့ ငါ့လက်ထဲမှာ ပိုးစိုးပက်စက်ဖြစ်သွားရင် ဟိုဆရာရဲ့ အမှားဟာ ငါ့ အပေါ် လာပတ်နေမှာဟ၊ ငါက နာမည်တစ်လုံးနဲ့ နေတဲ့ ဆရာမို့ ကြားထဲက နာမည်အပျက် မခံ နိုင်ဘူး '
မယ်စိန် က လူနာကလေးနှစ်ဦး၏ ရောဂါ အခြေအနေမှာ သေရေး ရှင်ရေးတမျှ အရေးကြီးနေသည် ဖြစ်၍ ဆိုင်းငံ့ မထားဘဲ ယခုချက်ချင်း ကုသပါရန် တောင်းပန်သော်လည်း၊ ဆရာပုက ကျမ်းဂန်အဆို အတိုင်း သုံးရက် ဆိုင်း၍ အခြေအနေကို အကဲခတ် ကြည့်ရှုပြီးမှ ကုနိုင်မည်ဖြစ်ကြောင်း ခေါင်းမာစွာ ပြောကြားနေ၏။ နောက်ဆုံး ဆရာပုသည် ရွာထဲရှိ အသိအိမ် တစ်အိမ်၌ သွားအိပ်ရန် ဆေးလွယ်အိတ်ကို ဆွဲ၍ ဆင်းသွား တော့ရာ၊ ကိုဒေါင်းစိန်နှင့် မယ်စိန်တို့မှာ အားကိုးရာမဲ့ဖြစ်ပြီး ၀မ်းနည်းအားငယ်စွာ ကျန်ရစ်ခဲ့ကြ၏။

' ငါ သွားခေါ်ထဲက ဆရာပုက လိုက်ချင်ပုံ မရှိဘူး၊ ဆရာ လာခေါ်တဲ့ ငါ့နေ့ကို မေးပြီး တွက်ချက် ကြည့်တယ်၊ ပြီးတော့ မလိုက်ချင်ဘူးလို့ ငြင်းတော့တာပဲ။ ငါက အတင်း တောင်းပန်တိုးလျှိုးပြီး ခေါ်လာလို့သာ အားနာ ပါးနာ နဲ့ လိုက်လာတာ '
ကိုလူမောင်က စိတ်မကောင်းသော အသံဖြင့် ပြောပြနေ၏။ ကိုဒေါင်းစိန်နှင့် မမယ်စိန်တို့ကတော့ မျှော်လင့်ချက် ကင်းမဲ့နေသော မျက်နှာဖြင့် မလှုပ်မယှက် ငြိမ်သက်လျက်။

ဆက်ရန်
.

1 comment:

ဧပရယ်လ်ပူး@ပူးတေ said...

ကျေးလက်တွေမှာ တကယ်မလွယ်ပါလားနော်... ဒီလိုဆေးဆရာတွေလဲ ရှိသေးသကိုး..... အစထဲက မကုပေးဘူးမှန်းသိရင် သူပြောတဲ့ စကားတွေကို နားမထောင်ပဲ ချက်ချင်းမောင်းထုတ်လိုက်ပါတယ်... ၃ ရက်စောင့် ကြည့်ဦးမလို့တဲ့.. ဒုက္ခေါ....