Monday, July 26, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၄၂)

အခန်း (၄၂) တစ္ဆေ

    ဦးလေးတွမ် ကွယ်လွန်ပြီးနောက် မကြာမီမှပင် လက်ဂရီးခြံအတွင်း၌ သရဲတစ္ဆေ အကြောင်းများသည် ဟိုမှ သည်မှ ပျံ့လွင့်ပေါ်ပေါက်လာခဲ့လေသည်။ အစေခံများအကြား၌ တွေ့ ကြရ မြင်ကြရသော အဖြစ် များသည် ပြောစရာဖြစ်လာ၏။

    ညညတွင် အထပ်ခိုးဆီမှ ဆင်းလာသော ခြေသံများ၊ အိမ်ပတ်ပတ်လည်တွင် ထိုခြေသံရှင် များ လှုပ်ရှား သွားလာ နေသောအဖြစ်၊ အ၀တ်ဖြူကိုဝတ်ထားသည့် အရပ်ရှည်ရှည်သဏ္ဌာန်သည် အထပ်ခိုးမှ ဆင်းလာလေ့ ရှိပြီး အမှောင်ထဲ၌ ပျောက်သွားချေ ပေါ်လာချေဖြင့် တညလုံးလှုပ်ရှားနေ တတ်ပုံ၊ သို့သော် နံနက်ခင်း ၌ အထပ်ခိုးတံခါးမှာ နကိုမူလအတိုင်း သော့ခတ်ပိတ်လျက်သား ရှိနေ ပုံတို့သည် အစေခံ များကြား မှတဆင့် တီးတိုးတီးတိုးဖြင့် ပျံ့လာသည်။

    လက်ဂရီးသည် ထိုစကားများကို မကြားဟန်ပြုထားသေး၏။ သို့သော် ကြားနေရ၏။ ထို့ ကြောင့် ပို၍ ထိတ်လန့်တုန်လှုပ်လာသည်။ သို့ဖြင့် ကြောက်စိတ်ကို ပြေစိမ့်သောငှာ သူသည် အရက်ကို ဖိသောက် သည်။ တနေ့လုံး ဆဲရေးကြိမ်းမောင်းသည်။ ညအခါ၌ အိပ်မက်ဆိုးများဖြင့် တုန်လှုပ်ရလေသည်။

    တနေ့တွင် လက်ဂရီးသည် အနီးမြို့တမြို့သို့ ခရီးထွက်ခဲ့သည်။ ညဥ့်နက်မှပင် အိမ်သို့ ပြန်ရောက် သည်။ သူ့အိပ်ခန်းသို့ဝင်သောအခါ အိပ်ခန်းတံခါးကို သော့အသေအချာခတ်သည်။ သော့ကို ယူထား သည်။ ပြီးမှ အိပ်ရာသို့ ၀င်ခဲ့သည်။

    သို့သော် သူ့စိတ်ထဲကမူ စိတ်မချနိုင်သေးပေ။ အလိုလိုပင် ချောက်လှန့်ခြင်း ခံနေရ သည်။ ထို့ကြောင့် သော့ခတ် ပြီး တံခါးကို အတွင်းကနေ၍ ကုလားထိုင်တလုံး ထပ်ခုထားလိုက်ပြန် သည်။ မီးအိမ်ကို ခေါင်းရင်း မှာ ထွန်းထားသည်။ အနားမှာ ခြောက်လုံးပူးကို ချထားသည်။ ပြီးလျှင် ပြတင်းတံခါးများကို လိုက်လံ စစ်ဆေးသည်။ အားလုံးကို စိတ်ချရမှပင် သူသည် အိပ်ရာသို့ ၀င်ခဲ့ လေသည်။
    ပင်ပန်းလာသဖြင့် သူသည် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျသွားလေသည်။

သို့သော် အိပ်ပျော်နေရင်းမှာပင် သူ့အမြင်အာရုံ၌ စိတ်နှလုံးတုန်လှုပ်ဖွယ်သော အရာဝတ္တုတခုသည် ထင် ယောင် လာသည်။ ထိုအရာကား သူ့မိခင်ကွယ်လွန်စဉ်က မိခင်၏ရုပ်အလောင်းကို ရစ်ပတ်သော အ၀တ်ပိုင်း ဟူ၍ သူထင်လာသည်။ ညည်းညူသံ၊ အော်ဟစ်သံများ ရောထွေးပေါ်ထွက်လာသည်။ အိပ်ရာ ထဲတွင် သူသည် ဂယောင်ချောက်ချား ဖြစ်လာသည်။ မနိုးတ၀က် နိုးတ၀က်ဖြစ်နေ၏။ သူ့ အခန်းတွင်းသို့ တဦး တယောက် ၀င်လာနေသည်ဟု ထင်လာသည်။ တံခါးကို လာဖွင့်သည်။ သို့ သော် ခြေလက် တစုံတရာကိုကား သူ မမြင်သာ။ သူသည် ထိတ်ထိတ်လန့်လန့် ဖြစ်လာသည်။ တံခါ ပွင့်လာသည်။ လက်တံတခု သည် မီးအိမ်ကို ငြိမ်းသတ်လိုက်သည်ဟု မြင်လိုက်ရသည်။

    တိမ်ဆိုင်း၍မြူမှိုင်းသော လသာညဖြစ်သောကြောင့် ညသည်မပီဝိုးတ၀ါးဖြစ်နေ၏။ အဖြူ သည် အရာဝတ္ထု တခုသည် အခန်းတွင်းသို့ရောက်လာသည်။ အ၀တ်စများ လှုပ်ခါသံကို ကြားနေရ ၏။ ထိုအရာသည် သူ့အိပ်ရာဘေး သို့ ရောက်လာသည်။ လက်အေးကြီးသည် သူ့ကို လာ၍ ထိတွေ့ သည်။ လေသံဖြင့် "လာလော့၊ လာလော့။ လာလော့" ဟူသော သုံးကြိမ် ထပ်ပြောသည့် စကားသံ ကို ကြားရသည်။ ဇောချွေး ပြန်လာ သည်။ ကြောက်လာသည်။ လက်ဂရီးသည် အိပ်ရာမှ ခုန်ထပြီး တံခါးကို ဆွဲဖွင့်လိုက်၏။ တံခါးသည် ပိတ်လျက်သား ရှိသည်။ လက်ဂရီးသည် နေရာမှာပင် လဲကျ ကာ သတိမေ့သွား၏။   

    ဤသို့ဖြင့် လက်ဂရီးသည် အိပ်ရာ၌ ဘုံးဘုံး လဲလေတော့သည်။
    လက်ဂရီး၏ အိပ်ရာဘေးသို့ ဖြူဖြူအရာဝတ္ထု ရောက်လာချောက်လှန့်သောည နောက်တနေ့နံနက်တွင် အိမ်တံခါးမ ကြီးသည် ပွင့်နေ၏။ နီးဂရိုးအချို့သည် လမ်းမကြီးအတိုင်း ရှေ့ရှုရွေ့လျားသော ဖြူဖြူ သဏ္ဍာန် နှစ်ခုကို မြင်လိုက်ကြရလေသည်။
    ထိုဖြူဖြူသဏ္ဍာန်နှစ်ခုကား ကက်ဆီနှင့် အမ်မလင်တို့ ဖြစ်လေသည်။

    သူတို့သည် တညလုံး လျှောက်ခဲ့ကြခြင်း ဖြစ်သည်။ နေထွက်လုနီးသောအခါ မြို့တမြို့ အနီး တောအုပ် တခုသို့ ရောက်လာကြ၏။ ထိုအခါ သူတို့သည် တောအုပ်တွင်းသို့ ၀င်၍ အ၀တ်များ လဲကြသည်။
    ကက်ဆီသည် တောင်အမေရိကတိုက်ဖက်တွင် နေထိုင်ကြသော နီးဂရိုးစပ် စပိန်အမျိုး သမီး သဏ္ဍာန် အ၀တ်နက် ကို ၀တ်ထားသည်။ ခေါင်း၌ ပ၀ါပါးအနက်ကို မျက်နှာတခြမ်း အုပ်လျက် ခြုံထား၏။ အမ်မလင် သည် သူ့အစေခံတယောက်သဖွယ် နောက်ကပါလာ၏။

    မြို့အ၀င်၌ ကက်ဆီသည် အဖိုးတန် သစ်တာတလုံးကို ၀ယ်လိုသည်။ ထိုအခါ သစ်တာ သယ်၍ ပို့သော လူငယ် တယောက် ပါ ပါလာ၏။ ဤသို့ဖြင့် ကက်ဆီသည် နောက်ပါအစေပါး နှစ်ယောက်ဖြင့် မြို့တွင်းသို့ ၀င်ခဲ့လေသည်။ ထို့နောက် ကက်ဆီသည် မြို့တွင်းရှိ စားသောက်ဆိုင် တဆိုင်သို့ ၀င်လာခဲ့သည်။ သူသည် လေးစား လောက်ဖွယ်သော အမျိုးသမီးတယောက်၏ အသွင် ကို ဆောင်ထား၏။

    ကက်ဆီသည် ဆိုင်တွင်းသို့ ရောက်ပြီး မကြာမီပင် ဂျော့ရှယ်လဗီကို တွေ့ရလေသည်။ ဂျော့ရှယ်လဗီ သည် ထိုနေရာတွင် သင်္ဘောစောင့်နေရခြင်း ဖြစ်သည်။
    ကက်ဆီသည် ဂျော့ရှယ်လဗီကို ကောင်းကောင်း မှတ်မိနေ၏။ ဂျော့ကို သူသည် လက်ဂရီး ၏ အိမ် အထပ်ခိုး ပေါက်ကနေ၍ မြင်ခဲ့ဖူးခြင်း ဖြစ်သည်။
    ကက်ဆီသည်လည်း ဤနေရာသို့ မြောက်ပိုင်းသွား သင်္ဘောကို စောင့်ရန် ရောက်လာခြင်း ဖြစ်သည်။ သူ၏ လေသံဟန်ပန်၊ အ၀တ်အစား၊ အသုံးအစွဲတို့ကြောင့် မည်သူသည်မျှ သူ့ကို ထွက်ပြေးလာသော ကျွန် တယောက် ဖြစ်တန်ရာသည်ဟု သံသယ မဖြစ်ကြပေ။

    ညနေပိုင်းတွင် သင်္ဘော ရောက်လာသည်။ သင်္ဘောအတက်၌ ဂျော့ရှယ်လဗီသည် ကက်ဆီအား လက်ကမ်း ကူညီခဲ့သည်။ ထို့ပြင် ကက်ဆီအတွက် အခန်းနေရာလည်း ယူပေးခဲ့၏။ မြစ်နီမှ မစ်စစ် စပီမြစ်သို့ ရောက်သော အခါ သူတို့သည် သင်္ဘောပြောင်းစီးကြရသည်။ ထိုအခါ သူတို့သည် တခရီးတည်းသွားအဖြစ် မိတ်ဆွေ ဖြစ်လာကြသည်။
    ပထမတွင် ဂျော့ရှယ်လဗီသ်ည ကက်ဆီအား သူသိကျွမ်းခဲ့ဖူးသူတယောက်နှင့် တူသလို အထင်ရှိကာ စတင် စိတ်ဝင်စားခဲ့သည်။ သည့်အတွက် ကက်ဆီအဖို့ မလုံမလဲ ဖြစ်ရသေးသည်။ မသင်္ကာ၍ ကြည့်သည်ဟု ထင်သည်။ အဆုံး၌ သူ့အကြောင်း အလုံးစုံပြောပြရန် ဆုံးဖြတ်လိုက် သည်။

    ဂျော့ရှယ်လဗီသည် လက်ဂရီးခြံက ထွက်ပြေးလာသူများအား ကူညီရန် အသင့်ရှိပြီးဖြစ် သည့်အလျောက် အကူအညီ ပေးမည်ဖြစ်ကြောင်းနှင့် ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ကတိပေးခဲ့လေသည်။
    ကက်ဆီနှင့် ကပ်လျက် အခန်းတွင်ကား ပြင်သစ်အမျိုးသမီးကြီးတဦးနှင့် ဆယ်နှစ်နှစ်ရွယ် သမီး ကလေး တဦးတို့ လိုက်ပါလာကြ၏။ ပြင်သစ်အမျိုးသမီးကြီးနှင့် ဂျော့ရှယ်လဗီတို့သည် စကား စပ်မိကြလေသည်။ အထူး သဖြင့် ပြင်သစ်အမျိုးသမီးကြီး မဒမ်ဒီသောင်းသည် ဂျော့ရှယ်လဗီအား လင်တတ်ကီကမှန်း သိသဖြင့် ပို၍ စိတ်ဝင်စားခြင်း ဖြစ်သည်။ သူသည် သူသိလိုသော ကင်တက် ကီက လူတချို့ အကြောင်းကို ဂျော့ရှယ်လဗီ ထံတွင် စုံစမ်းကြည့်လိုသည်။

    "ဒါထက် မောင်ရင်တို့ အိမ်နီးပါးချင်းတွေထဲမှာများ ဟဲရစ်ဆိုတဲ့ လူတယောက် မသိဘူး လားကွယ့်"
    "ကျနော့် အဖေ့ခြံနဲ့ မလှမ်းမကမ်းမှာတော့ ဟဲရစ်ဆိုတဲ့ အဖိုးကြီးတယောက် ရှိတာဘဲ။ ကျနော်တို့ကတော့ သိပ် အဆက်အဆံ မရှိပါဘူး"
    "အဲဒီလူက ကျွန်ပိုင်တယောက် ထင်ပါရဲ့"
    "ဟုတ်တယ်ခင်ဗျ" ဂျော့ရှယ်လဗီသည် အမျိုးသမီးကြီး၏ အမူအရာကို တအံ့တသြ ဖြစ်ရ လေသည်။
    "ဘယ်သူ့ဆီမှာများ ဂျော့ဆိုတဲ့ အသားဖြူစပ် နီးဂရိုးတစ်ယောက်ရှိတယ်လို့ မကြားမိဘူး လားကွယ့်"
    "ကြားဖူးပြီဘဲဗျာ။ ဂျော့ဟဲရစ်လေ။ သူ့ကို ကျနော်ကောင်းကောင်း သိတာပေါ့ခင်ဗျာ။ ကျနော့် အမေရဲ့ အိမ်ဖော်မ ကလေးနဲ့တောင် ညားသွားကြသေးတာ။ ဒါပေမယ့် ခုတော့ မရှိကြ တော့ဘူးခင်ဗျ။ သူတို့ ကနေဒါ ကို ထွက်ပြေးသွားကြပြီ"

    "ထွက်ပြေးသွားတယ်၊ ဟုတ်လား။ ဖုရားရေ"
    ဂျော့သည် ပြင်သစ်အမျိုးသမီးကြီးအား တအံ့တသြ စူးစိုက်ကြည့်နေမိ၏။ ဘာကိုမျှ မပြော။
    မဒမ်ဒီသောင်း သည် မျက်ရည်သွန်ချပြီး ငိုလေတော့သည်။
    "အဲဒါ ကျုပ် မောင်ပေါ့"
    "ခင်ဗျာ" ဂျော့သည် ပို၍ အံ့သြသွား၏။

    "ဟုတ်တယ်ကွယ့်" အမျိုးသမီးကြီးသည် မျက်ရည်ကို သုတ်ပြီး တုံ့ပြန်လိုက်သည်။ "ဟုတ်တယ် မစ္စတာ ရှယ်လဗီ။ ဂျော့ဟာ ကျုပ်မောင်ဘဲ"
    "ကျနော်တော့ အတော်ကြီးကို အံ့သြသွားပြီ ခင်ဗျာ"
    "သူငယ်ငယ်မှာပေါ့၊ ကျုပ်ကို တောင်ပိုင်းက လူတွေဆီ ရောင်းပစ်လိုက်ကြတယ်။ ကျုပ်ကို လူကောင်းတယောက် က ၀ယ်သွားတယ်။ နောက်တော့ အဲဒီလူဟာ ကျုပ်ကို အနောက်အိန္ဒိယ ကျွန်းစု ဖက်ဆီ ခေါ်သွားပြီး လွတ်လပ်ခွင့် ပေးလိုက်တယ်။ နောက်ပြီး သူဘဲ ကျုပ်ကို လက်ထပ် လိုက်မယ်။ နောက် မကြာပါဘူးကွယ်။ ကျုပ် ခင်ပွန်းဟာ ဆုံးသွားရှာတယ်။ ခုကျုပ် မောင်ကိုများ တွေ့မလားလို့ ကင်တတ်ကီကို လာခဲ့တာဘဲ မောင်ရင်"

    "ဟုတ်တယ်။ သူ့အမ အယ်မလီဆိုတာ အရောင်းခံလိုက်ရတယ်လို့ သူ ပြောပြဘူးတယ်"
    "အစစ်ပေါ့။ အဲဒါ ကျုပ်ပဲပေါ့ မောင်ရင်။ ဒါထက် ကျုပ်မောင်အကြောင်း"
    "လူကောင်း တယောက်ပါဘဲ။ တကယ်ကို စိတ်ကောင်းလဲရှိ တော်လဲတော်၊ ထက်လဲ ထက်တယ်။ စနစ်တကျလဲ ရှိတယ်။ ကျနော် သူ့ကို ကောင်းကောင်းသိတာပေါ့ဗျာ။ ကျနော်တို့ အိမ်က လူတယောက်နဲ့ လက်ထပ် သွားတဲ့ လူတယောက်ပဲဟာ"
    "မိန်းကလေးကကောကွယ့်"

    "မိန်းကလေး ကလဲ တကယ့်အဖိုးထိုက် အဖိုးတန်ဘဲ  ခင်ဗျာ့။ ရုပ်လဲ ချောတယ်။ ထက်ထက်မြက်မြက်လဲ ရှိတယ်။ ဖုရားတရားလဲ ကြည်ညိုတယ်။ ကျနော် အမေကဆို သူ့ကို သမီးတယောက်လို ပြုစု ကျွေးမွေး သွန်သင် လာခဲ့တာ။ စာရေးတတ် ဖတ်တတ်တယ်။ ဇာထိုး ပန်းထိုးလဲ တတ်တယ်။ အချုပ် အလုပ်လဲ တတ်တယ်။ သီချင်း အဆိုကျလဲတယ်ကောင်းတာဘဲ"

    "သူက မောင်ရင်တို့ အိမ်မှာဘဲ မွေးတာလား"
    "ဒီလိုတော့ မဟုတ်ဘူးခင်ဗျာ့။ ဖေဖေ နယူးအောလင်းသွားတုန်းက ၀ယ်လာတာ။ သူ အိမ်ရောက် လာတုန်းက ရှစ်နှစ်လောက်ရှိအုန်းမှာ။ ဖေဖေကတော့ မေမေ့ဖို့ လက်ဆောင်ဆိုပြီး ၀ယ်လာတာဘဲ။ ဒါပေမယ့် သူ့ကို ဘယ်ရွေ့ ဘယ်မျှ ပေးပြီး ၀ယ်လာတယ်ဆိုတာ ဖေဖေဟာ မေမေ့ကို ဘယ်တော့မှ မပြောခဲ့ဘူး။ တလောကမှ အဲဒီ မိန်းကလေးကို ဖေဖေ ၀ယ်လာတဲ့ စာရင်း တွေ သွားတွေ့တယ်။ ဖေဖေဟာ ဒီမိန်းခလေးကို အတော်ကို ကြေးကြီးပေးပြီး ၀ယ်လာခဲ့ရတာ ကလား။ ကျနော့် အထင်တော့ ဒီမိန်းခလေး ဟာ သူ မတူအောင် လှတဲ့အတွက် ဖေဖေ ဒီလောက် တောင် ကြေးကြီးပေးပြီး ၀ယ်လာတယ် ထင်ပါတယ်"

    ထိုအချိန်၌ ဂျော့တို့၏ နောက်ဖက်၌ ကက်ဆီရှိ၏။ ကက်ဆီသည် တချိန်လုံးပင် ပြင်သစ် အမျိုးသမီးကြီး နှင့် ဂျော့တို့ ပြောနေသော စကားကို နားစွင့်ထောင်နေ၏။ ဂျော့သည် ကက်ဆီ့ကို ကျောပေးထားသဖြင့် ကက်ဆီ့ အမူအရာကို မမြင်ရပေ။

    နောက်ဆုံးပြောနေသော ဂျော့ရှယ်လဗီ၏ စကားအဆုံးတွင် ကက်ဆီသည် ဂျော့၏ လက်မောင်းကို လှမ်းတို့လိုက်ပြီး
    "ဒါထက် အဲဒီ မိန်းကလေးကို ဘယ်သူ့ဆီက ၀ယ်ခဲ့တယ်ဆိုတာများ မင်း မသိဘူးလား" စိတ်ဝင်စားတကြီး ၀င်မေးလိုက်သည်။
    "ဆိုင်မွန် ဆို ထင်ပါရဲ့ဗျာ။ စာရင်းမှာ တွေ့ရတာဘဲလေ"

    "ဖုရားရေ" ကက်ဆီသည် ရုတ်ကနဲ မေ့လဲကျသွားလေသည်။ ဂျော့ရော မဒမ်ဒီသောင်းပါ လှုပ်လှုပ်ခါခါ ဖြစ်သွားကြသည်။ ဂျော့သည် မေ့လဲသွားသော ကက်ဆီကို သတိရအောင် လုပ်ရ သည်။ ၀ိုင်းအုံ လာသူများ ကိုလည်း ဖယ်ရှားစေရသည်။
    အတန်ကြာသောအခါ ကက်ဆီသည် ပြန်လည် သတိရလာ၏ သူသည် နံရံကို စူးစိုက် ကြည့်ရင်း မျက်ရည်များ တွေတွေစီးကျလာ၏။ ကလေးငယ်တယောက်လို ရှိုက်ငိုနေပြန်ချေသည်။
    သူ့စိတ်မှာမူ အမှန်ပင် ဖုရားသခင်၏ ကရုဏာတော်ဖြင့် မကြာမီပင် သမီးကို တွေ့ရတော့ မည်ဟု မျှော်လင့် အားတက် လာခဲ့လေသည်။

အခန်း (၄၃) ဆက်ရန်
.

2 comments:

လသာည said...

ဒီနေ့ အများကြီး ရိုက်တင်ပေးထားတာပဲ..။ ကျေးဇူးအများကြီးတင်ပါတယ်နော်..။

ဖတ်လို့ကောင်းတော့ ဒီပိုစ်ကတော့စွဲနေပြီး)))

Anonymous said...

အမ..နေခြည်လာတော့မယ်....

ဖတ်လို့ကောင်းသထက်ကောင်းလာပီ။

ကျေးဇူးးးးးးအများကြီးးးးး

မြတ်နိုး