Friday, July 30, 2010

ကြယ်နီ အပိုင်း (၁၈)

ငါးနောက်သွား
(၁)

ကျွန်တော့ကို လူတွေက "ငါးနောက်သွား"ဟု ခေါ်ကြပါသည်။ အမှန်စင်စစ် ကျွန်တော်အမည်မှာလည်း ငါးနောက်သွား ပင် ဖြစ်ပါသည်။ ကျွန်တော် ရေးကူးရာတွင် အခြားငါးမျိုးများကဲ့သို့ မှောက်လျက်မကူးဘဲ ပက်လက် ကူးပါသည်။ ဤကား အလွန်ပင် ဆန်းနေပါသည်။ အဘယ်သိုကသော ၀ဋ်ကြွေးကြောင့်များ ကျွန်တော် တို့တစ်တွေသည် အခြားသော ငါးမျိုးများလို မဟုတ်ဘဲ ပက်လက်ကူးခတ်နေရပါသနည်း။ ကျွန်တော် သိချင်လှပါသည်။ ပြီးတော့ ကျွန်တော်အား အဘယ့်ကြောင့် ငါးနောက်သွားဟု လုံးဝ ကဗျာ မဆန် လှသော အမည်ဆိုးကြီးဖြင့် မှည့်ခေါ်ကြပါသလဲဆိုတာကိုလည်း ကျွန်တော်သိ လိုပါသည်။

    ကျွန်တော် အရွယ်ရောက်၍ ငါးလားမြောက်သည့် အချိန်မှစပြီး ကျွန်တော်သိလို သော အကြောင်း အချက် များကို မနေမနား လိုက်လံ စုံစမ်းခဲ့ပါသည်။ အခြားသော ငါးမျိုးများ ထ့ပါးသို့ ချဉ်းကပ်ကာ မေးမြန်း ပါသော်လည်း သူတို့တစ်တွေသည် ကျွန်တော့အား လှောင်သလို ပြောင်သလိုလုပ်ကာ အဖက်မတန်သလို အဖြေ မပေးကြပါ။ သူတို့၏ လှောင်သလို ပြောင်သလို အမူအရာများကြောင့် ကျွန်တော်လည်း နောက်ထပ် မမေးရဲ တော့ပါ။ ငါးသတ္တ၀ါချင်း ဖြစ်ပါလျက် အသွင်ကွဲပြား တစ်မူခြားနေသည့် အတွက်ကြောင့် ကျွန်တော့မှာ စိတ်ဝမ်းများ ငယ်မိပါတော့သည်။

    နောက်ဆုံးတွင် ကျွန်တော်သည် ရှေ့မီနောက်မီ သက်ကြီးရွယ်ကြီး ငါးနောက်သွား အဘိုးအိုထံမှ ကျွန်တော် သိလိုသမျှ အကြောင်းအချက်များကို တစ်စမကျန် သိရှိခဲ့ရပါသည်။ သူသည် ကျွန်တော် သိလိုသမျှ အကြောင်းအချက်များကို ပြောပြရာ၌ ကိုယ့်အမျိုးအတွက် ဂုဏ်တက်နေသော မျက်နှာမျိုးဖြင့် ပြောပြခြင်း မဟုတ်ဘဲ၊ သိမ်ငယ်လှ သော ကျွန်တော်တို့ မျိုးရိုးအတွက် အချိတင်ကဲ ၀မ်းပန်းတနည်း အမူအရာ ဖြင့်သာ ပြောပြရှာပါသည်။ သူပြောသမျှ ကြားရသည့် ကျွန်တော့မှာလည်း နားမချမ်းသာတော့။ သြော်... ကြားရ ကြားရ နားဝမှာ မသက်သာပါကလား။

    ကျွန်တော် ဤအကြောင်းကို ပြန်ပြောရမှာ ရှက်လှပါသည်။ သို့ပေမဲ့ မပြောဘဲလည်းမနေနိုင်ပါ။ ရင်တွင်း ၌ မသက်မသာ ခံစားနေရသော ဝေဒနာကို အပြင်သို့ ဖွင့်ထုတ်လိုက်မှ သက်သာရာ ရမည်ထင့်။ ဒါကြောင့်မို့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်စေမည့် ကျွန်တော်တို့ အဖြစ်ဆိုးကိုပင် မရှက် မကြောက် ဖွင့်ထုတ်ဖော်ပြ ရပါမည်။

(၂)

ကျွန်တော်တို့ ငါးနောက်သွားမျိုးကို သင်တို့ မြင်ဖူးကြပါရဲ့လား။ ရှားပါးလှသော ငါးမျိုးဖြစ်၍ မြင်ဖူးသူ နည်းလိမ့်မည် ထင်ပါသည်။ ကျွန်တော်ပေါ်လွင်သော ဝေါဟာရများနှင့် သရုပ်ဖော်ပြပါမည်။ ကျွန်တော် တို့ကိုယ်၌ ငါးကြေးခွံ မရှိပါ။ ကြာမရှိသော ရေအိုင်သည် မတင့်တယ်သကဲ့သို့ ငါးကြေးခွံ ကင်းမဲ့သော ကျွနတော်တို့ ကိုယ်ကာယမှာလည်း တင့်တယ်ခြင်း မရှိလှပါ။ ကျွန်တော်တို့ အသွေးအရောင်မှာ ပြာနှမ်းနှမ်း မည်းကြုတ်ကြုတ်နှင့် ဘိန်းစားရုပ်ပေါက်နေပါသည်။ ချစ်စရာ ပုပုဝိုင်းဝိုင်းကလေး မဟုတ်ဘဲ ရှည်မြောင်းမြောင်း ကိုယ်ခန္ဓာကြောင့် အန်ချင်စရာ ငါ့ပုံကပဲ ဆိုးရော့သလားဟု ဟစ်ဆိုလောက်ပါသည်။ သည်ကြားထဲ ရှည်လျားသော နှုတ်ခမ်းမွေးများ ရှိနေပြန်ရာ၊ မလှရသည့်အထဲ ဖြဲပြသလိုဆိုသော စကားလို ဖြစ်နေ ပါသည်။ "နတ်ပန်းချီမောင်၊ ရေးကြံဆောင်၊ တူပေါင် ခေါင်းကုတ် ညည်းလေသည်" ဆိုတာ ကျွန်တာ် တို့ ရုပ်ပုံမျိုးကို ဆိုလိုတာထင့်။ လှလွန်း ချောလွန်းလို့ မဟုတ်ဘဲ အရုပ်ဆိုး အကျည်းတန်လွန်းလို့ ဖြစ်ပါသည်။

    အဲ... ကျွန်တော်တို့ ငါးနောက်သွား ရုပ်ဆင်းအင်္ဂါနဲက ဆန့်ကျင်ဘက်ကျအောင် ချောလွန်း လှလွန်း တာကတော့ ငါးသိုင်းမယ်ကလေးပါ့ ခင်ဗျာ။ ဖြူဖြူဖွေးဖွေး ရေဆေး ငါးလို အသားတော်ကလေးနှင့် တစ်တစ်ရစ်ရစ် ချစ်ချင်စရာ ကိုယ်ခန္ဓာပိုင်ရှင် ဖြစ်ပါသည်။ နီတျာတျာ မျက်လုံးတော်ကလေးကလည်း ၀ိုင်းစက်ကြည်လင်နေပါသည်။ ရေကူးတဲ့ ဟန်ကလေးကိုက ကြော့ကြော့ကလေးနှင့် သွက်လက် ဖျတ်လတ်ပြီး တင့်တယ်လှပါသည်။ တင့်လှပေဟန်၊ ဘက်မရံတည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကများ လာသလား လို့ စိတ်မှာ မှတ်ထင်ရပါသည်။

    အဲဒီလောက်တော့ အရုပ်ဆိုးတဲ့ ကျွန်တော်တို့ ငါးနောက်သွား ဘိုးဘေးဘီဘင်များဟာ အဲဒီလောက် ချောလွန်း လှလွန်းတဲ့ လှထွတ်ခေါင် ငါးသိုင်းမယ် ကလေးကိုမှ ရွေးပြီး ချစ်မိပါသတဲ့။ စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ၀ိဇာယတိ... စက္ခုနဲ့ ရူပါရုံ တွေ့ဆုံပေါင်းဖက်မိတဲ့ အခါမှာ ရာဂဆိုတဲ့ သားကလေးကို ဖွားမြင့်တတ်မြဲ ဓမ္မတာမို့၊ တင့်လှပေသော ငါးသိုင်းမယ်ကလေးနဲ့ ရူပါရုံနဲ့ ကျွန်တော်တို့ ငါးနောက်သွား ဘိုးဘေး ဘီဘင်များရဲ့ ရင်တွင်းမှာ ချစ်ခြင်းစိတ်ဓာတ် တဖျတ်ဖျတ် ဖြစ်ပေါ်လာတာဟာဖြင့် အဆန်း မဟုတ်ပါဘူးနော်။ အပြစ်မတင်ထိုက်ပါဘူးနော်။

    ဒါပေမဲ့ လှသလောက် မာနကြီးလှတဲ့၊ အလှဂုဏ်မောက်လှတဲ့ ငါးသိုင်းမယ်ကလေးက တူသလား တန်သလား၊ ကိုယ့်ရုပ်ကိုယ်မှ အားမနာ၊ ရာရာသသ ချစ်စကား ကြိုက်စကား ပြောမှ ပြောရပလေ၊ အုန်းမှုတ် လို အနေအစားက ရွှေဖလားကို တက်လှမ်းလို့ ဖြစ်နိုင်ပါ့မလား၊ ဘော်ငွေနှင့် ခဲမဖြူ၊ ဒါယူနှင့်ကညင်ဆီ၊ ကြေးနီနှင့် မိုးကြိုး၊ ကတိုးနှင့်ကြောင်သို၊ ရှိန်းခိုးနှင့် ဥသျှစ်၊ မြစစ်နှင့် ဖန်စိမ်း၊ တိန်းညက်နှင့် ပိန္နဲ၊ ပုလဲနှင့် ဂေါ်မုဒါ၊ ခပ်ပြာနှင့် ရွှေဝါ၊ ဒုတ္ထာနှင့်နီလာ ၊ မဟူရာနှင့်မီးသွေး၊ ချင်းရွှေနှင့် ပတ္တမြား၊ ယောက်သွားနှင့် ခရုသင်း၊ တွင်းထွက်နှင့် မန္ဒာလီ၊ သီရီမြင်သူ၊ သွင်တူယိုးခိုး၊ ဘုန်းကြီးနဲ့ ဘီကမှ နီးချင်နီးဦးမယ်။ ငါသိုင်းနဲ့ ငါးနောက်သွား နီးဖို့ကတော့ ဖြစ်နိုင်ဖို့ဝေးစွ၊ စိတ်တောင်မှ မကူးဘူးလို့ ကက်ကက်လန် ရန်တွေ့ပြီး ပစ်ပစ်ခါခါ ဆိုလိုက်တော့ ကျွန်တ်ာတို့ ငါးနောက်သွား ဘိုးဘေးဘီဘင်များဟာ ရှက်ရှက်နဲ့ ပက်လက်လှန် ကူးခတ်ပြီး နောက်ဆုတ်ပြန်ခဲ့ရတဲ့အတွက် ငါးနောက်သွားလို့ အမည်တွင် ပါသတဲ့။ အဲဒီအချိန်ကစပြီး အခုထိ ကျွန်တော်တို့တစ်တွေဟာလည်း ပက်လက်သာ ကူးခတ်နေရပါ သတဲ့။

    ဘယ်လောက်ဆိုးတဲ့ အဖြစ်လဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။ ကျွန်တော်တော့ ရင်ထဲမှာ မသက်မသာ နာလွန်းလို့ အော်ဟစ်ပြီးသာ ငိုလိုက်ချင်တော့...။

(၃)

ဟယ် ... သို့သော်လည်း ယောက်ျားဘသား ဘာအားငယ်ရမှာလဲ၊ ချောသလောက် အလှဂုဏ်မောက်နေတဲ့ မယ်ပပဟာ နောက်ဆုံးကျတော့ အရုပ်ဆိုးတဲ့ ကုသရဲ့ ခြေရင်းမှာ ပြားပြားဝပ် ခ စားရတာပဲ မဟုတ်လား၊ ဘုရားလောင်း သူဖုန်းစား မာတင်္ဂကို မတူမတန်သလို 'ထွီ ... ထွမ်'နဲ့ တံတွေး ထွေးရက်တဲ့ သူဌေးသမီး ဒိဋ္ဌမင်္ဂလိကဟာ နောက်ဆုံးတစ်နေ့မှာ 'ထတော်မူပါ မောင်တော်'လို့ ဆိုပြီး ယုယုယယ ပွေ့ထူ ပေးခဲ့ရတာပဲ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ ငါးနောက်သွား ဘိုးဘေးဘီဘင်များရဲ့ ကောင်းမှုကြောင့် ကျွန်တော်တို့အပေါ် တင်ရှိနေတဲ့ ရာဇ၀င်ကြွေးကို ကုသနဲ့ မာတင်္ဂရဲ့ နှလုံးမူပြီး အပြေပေးဆပ်နိုင်အောင် ကျွန်တော်ကြိုးစား မယ်လေ။ တောင်ကြီးဖ၀ါးအောက်၊ လှိုင်းကြီးလှေအောက်တဲ့၊ အလှဂုဏ်မောက်နေတဲ့ ငါးသိုင်းမယ်လေးဟာလည်း တစ်နေ့ကျရင် ကျွန်တော် ငါးနောက်သွား အောက်ကို ရောက်ရစေမပေါ့။

    ကျွန်တော်လည်း အားငယ်တဲ့စိတ်၊ နိမ့်ကျတဲ့စိတ်တွေကို ပယ်ဖျောက်ပစ်လိုက်ပြီး ငါးသိုင်းမယ်ကလေးများ ပျော်မြူးရာ ဌာနကိုသာ မနေမနား လိုက်လံ စုံစမ်းခဲ့တယ်။ သူကလေးတို့ ကျက်စား တတ်တဲ့ နေရာကတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဒိုက်ပင်များ ပေါများရာ ကွင်းပြင်ထဲမှာလို့ စုံစမ်း သိရှိရလေတော့ ကျွန်တော်လည်း ကိုယ်နဲ့နီးစပ်ရာ ကွင်းပြင်ထဲမျာသာ တ၀ဲလည်လည် ရှာဖွေ ခဲ့တယ်။

    ရှာရကျိုးနပ်ပါပြီ။ တစ်နေ့မှာ ဒိုက်ပင်ကလေးတွေကို ၀ိုင်းကိုက်နေတဲ့ ငါးသိုင်းအုပ်ကို ကျွန်တော် တွေ့ခဲ့ရပြီလေ။ ကျွန်တော်လည်းမနီးမဝေးနေရာက ကိုယ်ရောင်ဖျောက်ပြီး တစေ့တစောင်း ချောင်းကြည့်နေခဲ့တယ်။ အချိန်ကတော့ နေမွန်းတည့်အချိန်မို့ တောက်ပတဲ့ နေရောင်အောက်မှာ ကွင်းရေဟာဖြင့် တ၀င်းဝင်း တလက်လက်နဲ့ အရောင်လျှပ်လို့ပေါ့လေ။ ဒါကြောင့်မို့ ဖြူဖြူဖွေးဖွေး ရေဆေးငါး ကိုယ်ကာယပိုင်ရှင် ငါးသိုင်းမယ်ကလေးတွေဟာလည်း နေရောင်ဟပ်ပြီး ၀င်းဝင်းပပနဲ့ အလှကြီး လှနေကြတာပေါ့။ ကျွန်တော်ဖြင့် ကြည့်မ၀ရှုမ၀နဲ့ ရင်ထဲ အသည်းထဲမှာ အေးခနဲ စိမ့်ခနဲ နေအောင် အချစ်နတ် ဖမ်းစားခြင်းကို ခံလိုက်ရတယ်လေ။

    သူကလေးတို့ ငါးသိုင်းအုပ်ဟာ ဒိုက်ပင်တစ်ပင်မှ တစ်ပင်သို့ ကူးလိုက်သန်းလိုက်နဲ့ ဖျတ်ဖျတ် လတ်လတ် သွားလာလှုပ်ရှား နေပုံကလေးဟာ ရင်သပ်ရှုမော အံ့သြလောက်အောင်ကိုပဲ တင့်တယ် လှပါပေတယ်။ ကူးရင်းသန်းရင်းနဲ့ ငါးသိုင်းမယ်ကလေး တစ်ကောင်ဟာ အုပ်ကွဲပြီး ကျွန်တော့်အနီး ရောက်လာပြီလေ။ ဒါဟာ ကျွန်တော့အဖို့ အခွင့်ကောင်းပေါ့။ စောစောက မိုးလား ကဲလား ကြုံးဝါးထားတဲ့ ကျွန်တော်လည်း တကယ်တန်း စွန့်စားရမယ့်အခါကျတော့ ရင်တွေခုန်ပြီး ကြောက်ရွံ့ နောက်တွန့် နေခဲ့တယ်။

    ဒီလိုသာ ကြောက်ရွံ့ပြီး နောက်တွန့်နေမယ်ဆိုရင် ကြုံလာတဲ့ အခွင့်ကောင်းဟာ လက်လွတ် သွားတော့ မှာမို့ ကျွန်တော်လည်း ရဲဆေးတင်ပြီး ပုန်းကွယ်နေရာမှာ လွပ်လပ်မြူးထူးစွာ ရေကစားနေရှာတဲ့ ပပ၀တီ မင်းသမီး ကလေးဟာ ကြာရွက် ကြားထဲက ဘွားခနဲ ထွက်ပေါ်လာတဲ့ မင်းကုသကို မြင်လိုက်တော့ အလန့်ကြီး လန့်သွားသလို သူကလေးဟာလည်း အသွင်တစ်မျိုးနဲ့ အမြင်ဆိုးလှတဲ့ ကျွန်တော့ကို မမျှော်လင့် ဘဲ တွေ့လိုက်ရတော့ လန့်ဖျပ်ပြီး ကူးပြေးမယ်အကြံ၊ ကျွန်တော်က ကြိုတင်ပြီး သူ့ရှေ့မှ ကာဆီး ထားလိုက်တယ်။ သူကလေးဟာ အပျိုစင် အပျိုရိုင်းကလေးမို့ထင့်၊ ရှက်သွေးရောင်ဖြန်းပြီး ကတုန်ကယင်ကလေး ဖြစ်နေရှာတယ်။ အတော်ကလေး ကြာတော့မှ ဒေါသသံကလေးနဲ့ 'ဘာလာပြီး နှောင့်ယှက် တာလဲ'လို့ ခပ်ထန်ထန်ကလေး မေးလိုက်တယ်။

    'နှောင့်ယှက်တယ်လို့ မထင်လိုက်ပါနဲ့ နှမလေးရယ်၊ မောင်တို့အဖို့ အင်မတန်အရေးကြီးတဲ့ စကားကို ပြောကြားဖို့ စွန့်စားပြီး လာခဲ့ရပါတယ်။ တစ်ဆိတ်ကလေး ပါးဟက်နဲ့မနာ အမြီးဖျားနဲ့ နာတော်မူပါ၊ နှမကလေးများရဲ့ ရက်စက်စွာ ငြင်းပယ်မှုကြောင့် ပက်လက်ကူးခတ်နေရတဲ့ မောင်တို့ရဲ့ အဖြစ်ကို သနားသောအားဖြင့် မောင့်အချစ်ကို လက်ခံပါလား နှမလေးရယ်၊ နှမကလေးကပါ ဆက်လက်ပြီး ငြင်းပယ်မယ်ဆိုရင် ငါးနောက်သွားဆိုတဲ့ အမည်ဆိုးကြီးနဲ့ ပက်လက်ကူးခတ်နေရတဲ့ မောင်တို့ရဲ့ဝဋ်ဟာ ဘယ်တော့ မှ ကျွတ်လွတ်နိုင်မယ် မဟုတ်လို့ သနားချစ်ကလေးတော့ ပြန်ပြီး ချစ်သင့်ပါတယ်'လို့ ကျွန်တော် က အသနားခံလိုက်တယ်။

    သူကလေးဟာ ပိုပြီး ဒေါသထွက်လာသလို ပါးဟက်ကလေးကို ဟ၊ နှုတ်ခမ်းတော်ကလေးကိုလည်း ရှေ့သို့ယွန်းထွက်လာအောင် စူပစ်လိုက်ပြီး 'ဟဲ့ ခွေးကျွေးလို့မှ ၀က်မစားတဲ့ နင့်ရုပ်ကိုလည်း နင်ပြန်ကြည့်ပါဦး၊ အမဲရိုးနယ် ဟင်းအိုးမှ အားမနာ၊ ရာရာသသ ငါကဲ့သို့ သူဇာပျို လှယမင်းကို နင့်လို တာတေလံ အရုပ်ဆိုးတဲ့ သရဲသဘက်ရုပ်မျိုးနဲ့ ဟိုဘ၀ ဒီဘ၀ နောင်ဘ၀ ဘယ်ဘ၀မှ ရနိုင်မှာ မဟုတ်လို့ တော်တန်တိတ် ထပ်လို့ဖြင့် မဆက်နဲ့၊ နားခါးပါတယ်'လို့ ရင့်သိးစွာ ဆိုလိုက်တယ်။

    အရှက် ဆိုတာ ကျွန်တော့်မှာလည်း ရှိပါတယ်။ သည်လို ရင့်ရင့်သီးသီး အဆိုခံရတော့ ကျွန်တော်လည်း ရှက်နာကြီး ဖြစ်မိပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ရှက်ရမ်း ရမ်းတော့မယ်လေ။ အနုနဲ့ မရရင် အကြမ်း ဖက်ပြီး ကြံရမှာပေါ့၊ ပြောနေ ကြာရော့မယ်၊ မာနကြီးလှတဲ့ မိငါးသိုင်းကို ခုမဆိုင်း အရကြံမှာမို့၊ ရွာစား ... ပတ်ကြမ်း တိုက်လို့ ပို့တော်မူစမ်း။
    ကျွန်တောလည်း စိတ်လိုက်မာန်ပါ ငါးသိုင်းမယ်ကလေးနဲ့ ကိုယ်လုံးချင်း ပူးကပ်သွား သည့်တိုင် ချဉ်းကပ်တော့မည်အလုပ်၊ ရုတ်တရက် ငါးသိုင်းအုပ်နဲ့ ငါးကြင်း အုပ်ဟာ ကျွန်တော်တို့ အနီးကို ၀န်းရံပြီး ရောက်လာတယ်။ လှပတင့်တယ်တဲ့ ဥဒေါင်းများ ရဲ့အလယ် မဖွယ်မရာ ရောက်ရှိနေတဲ့ ကျိးသူငယ်လို ကျွန်တော့်မှာလည်း ငါးကြင်း ငါးသိုင်းများရဲ့ အလယ်မှာ မျက်စိသူငယ်နှင့် ရှက်ကြောက် အားငယ် နေမိတာပေါ့။

    အခုန ငါးသိုင်းမယ် မချောကလေးဟာလည်း ထည်ဝါခံ့ညားစွာ ကြည့်နေကြတဲ့ ငါးကြင်းအုပ်ထဲ ၀င်ရောက်ပြီး ကျွန်တော်အကြောင်းကို တိုင်တန်း ပြောဆိုလိုက်တယ်။ ဒီတော့ ငါးကြင်းတစ်ကောင်က ကျွန်တော့ အနားကို ဆောင့်ကြွားကြွားလာရောက်ပြီး 'ဟေ့ကောင်... ငါးသိုင်းမယ်ဟာ ငါးကြင်းမောင်ရဲ့ မူပိုင်လုပ်ပြီး အချစ်ဆိုတာ မသိဘူးလား၊ ငါးကြင်းနဲ့ ငါးသိုင်းဟာ နေနဲ့လ ရွှေနဲ့မြလို ရှေ့သွား နောက်လိုက် ညီတဲ့ မောင်နှံစုံ ဖြစ်တယ်ဆိုတာ မင်းမြဲမြဲကြီး မှတ်ထား ပြီး ခု ထါက်သါားလိုက်ပါ၊ ခွေးမသား ဘိန်းစားရုပ် ... နောင်တစ်ခါ ၀င်ရှုပ်ရင် နားရင်းအုပ် ခံရမယ်'လို့ တည်တည်ခံ့ခံ့ ဘာကိုမျှ ပမာမခန့်တဲ့ အမူအရာမျိုးနဲ့ ကြိမ်းဝါး လိုက်တယ်။

    ကျွန်တော် တော့ သေပစ်ချင်လောက်အောင် ရှက်လည်းရှက်၊ ၀မ်းလည်းနည်းလှ တာနှင့် နောင်တော့် နောင်တော် ငါးနောက်သွားများလိုပဲ ပက်လက်ကလေး ကူးခတ်ပြီး နောက်ဆုတ်ပြန်ခဲ့ရပြီလေ။
    သြော် ... စိမ်းရက်ပေ့ ငါးသိုင်းမေရယ်၊ မောင့်ကို သေစေ... ညွှန်း ... ညွှန်း ... ညွှန်းရော့... သလား။

(၄)

ကျွန်တော့်မှာ မျှော်လင့်ချက် လုံးဝ ကင်းမဲ့ခဲ့ပြီ။ ငါးပြည်မျာ အသက်ရှင်နေလို့လည်း မကောင်းတော့ပါ။ သည်မျှလောက် အောက်တန်းကျလှတဲ့ ငါးနောက်သွားဘ၀ကို ဇာတ်သိမ်းပစ်လိုက်ဖို့ ကောင်းနေပါပြီ။ ဒါပေမဲ့  သေကံမရောက်သေးတော့ ကျွန်တော်တို့ အသက်ဟာလည်း မပျောက်သေးပါ။

    အခုတော့ ကျွန်တော်တို့ရဲ့ အရှက်တကွဲ အကျိုးနည်း ဇာတ်လမ်းကို လူတွေတောင် သိကုန်ပါပြီ။ စာဆိုတော်ကြီတွေကလည်း မနေနိုင် မထိုင်နိုင်၊ အားတိုင်း ယားတိုင်း လက်ကမြင်းပြိး ကျွန်တော်တို့ကို လှောင်ပြောင်သရော်ခဲ့ကြပါတယ်။ မယုံမရှိကြပါနှင့်၊ ဘကြီးတော် သို့မဟုတ် ရွှေဘိုမင်းလက်ထက်မှာ ရေးတဲ့ စာဆိုတော် ဦးလွမ်းပြေရဲ့ "တောင်သမန်အင်းဘွဲ့ လှိုင်းကြက်ခွပ်ကြိုး"ကိုသာ အောက်မှာ တစ်ဆိတ် ကလေး ဖတ်ကြည့်ကြပါတော့။

    "မင်းလွင်မင်းလွင် မှိုင်းအုံ့၊ လေပြေလေညင်း သုံ့ပါလို့လေး၊ ကဆုန်နယုန့် သည်ချိန်ခါ၊ ပြည်ကြီးညာလက်ျာ၊ သောင်းယူဇနာကျယ်ဝန်း၊ တောင်သမန်တည့် အင်း၊ မြစ်ချင်းမြစ်ချင်း ငါးဟင်းငန်၊ လှိုင်းတဲ့လှိုင်းသောင်လျှံ၊ ငါးတန် ငါးတန်၊ ငါးခုံးမ၊ ငါးလူးသမီး၊ ငါးလဲကြီးငယ်ကို၊ ဇနီးမတော်ရတည့်လေး၊ မှင်စ ငယ်လေ များလျား၊ ငါးနောက် ငါနောက်သွား၊ ကမ်းနားခိုမျှ ပြိုကြလေ၊ ထမြူလေ မုန်တိုင်း၊ တံပိုးပင်လယ်လှိုင်း၊ အပြိုင်ပြိုင်၊ ဂလိုင်ညီညွတ်၊ လှိုင်းပင် လှိုင်းကြက်ခွပ်ကယ်နှင့်လေး၊ လေနတ်ကယ် ရွှင်ပျော်မြူးလို့လေ၊ ခွေညွတ်ကယ် မြင်သူမူးမျှလေ ... ထူးထွေလာလေတည့် ထူးထွေလာ"

    ကဲ ... ကောင်းနိုင်ကြသေးရဲ့လား ဗျာတို့။ "ငါးလူးသမီး၊ ငါးလဲကြီးငယ်ကို၊ ဇနီးမတော်ရတည့်လေး၊ မှင်စငယ်လေ များလျား၊ ငါးနောက် ငါးနောက်သွား"တဲ့။ ဒါဟာ ကျွန်တော်တို့ကို တိုက်ရိုက်လှောင်လိုက်တဲ့ အပိုဒ်ပေါ့ ခင်ဗျ။ ငါးလူးငါးလဲ ဆိုတာ အထက်အညာသုံးဝေါဟာရပါပဲ။ အောက်အရပ်မှာတာ့ ငါးလူးကို ငါးကြင်းစောက်လို့ ခေါ်ပါတယ်။ ငါးလဲကို ငါးသိုင်းပေါက်လို့ ခေါ်ပါတယ်။ ဒီတော့ "ငါးလူးသမီး၊ ငါးလဲကြီးငယ်ကို၊ ဇနီးမတော်ရတည့်လေး၊ မှင်စငယ်လေ များလျား၊ ငါးနောက် ငါးနောက်သွားရဲ့"ဆိုတာ ငါးသိုင်းမယ် ကလေးကို ဇနီးမတော်လိုကရတဲ့ ကျွန်တော်တို့ ငါးနောက်သွားရဲ့ အဖြစ်ဆိုးကို လှောင်ပြောင် ထားတဲ့ စာပိုဒ်ဖြစ်ကြောင်း ထင်ရှားမနေပေဘူလား။ သြော် ... လှောင်ရက်ပေ့ ဦးလွမ်းပြေရယ်။
    "ငါးလူးသမီး၊ ငါးလဲကြီးငယ်ကို၊ ဇနီးမတော်ရတည့်လေး၊ မှင်စငယ်လေများလျား၊ ငါးနောက် ငါးနောက်သွား"တဲ့။

ပြီးပါပြီ
.

No comments: